အချစ်ရေးမှာ အောင်မြင်နေသူ
Vol. 28 Ch. 419
ဆွေးနွေးပွဲကျင်းပသည့် နေရာမှ ထွက်လာခဲ့ပြီးနောက် လျန်ရူရွှယ် သူမ ရုံးခန်းဆီသို့ ပြန်လာခဲ့သည်။
လင်းရီ ပေါ်ပေါက်လာပြီးနောက် သူမ၏ သိပ်သည်းလေးလံနေသည့် နှလုံးသားလေးမှာ အများကြီး ပေါ့ပါးသွားခဲ့လေသည်။
သူမရှေ့တွင် တောင်လိုပုံနေသည့် စာရွက်စာတမ်းများ ရှိနေတာကိုတောင်မှ လျန်ရူရွှယ် ဖိအား တစ်စက်ကလေးမျှ ခံစားရခြင်းမရှိချေ။
လက်ထဲရှိ ကိစ္စများကို ဖြေရှင်းပြီးနောက် နေ့လည်ပိုင်းတွင် အစည်းအဝေးတစ်ခု ကျင်းပလိုက်ပြီး ကိစ္စများအားလုံးကို ထပ်မံ ဖြေရှင်းထားလိုက်၏။
ကိစ္စများအားလုံးကို ဖြေရှင်းပြီးသွားသော်လည်း ယခုပြဿနာမှာ မပြီးဆုံးသေးချေ။ ထိုအကြောင်း ကို စဉ်းစားရင်း လျန်ရူရွှယ် သူမအဘိုးထံ ဖုန်းခေါ်လိုက်၏။
"အယ်....အဘိုးကို ဖုန်းဆက်ဖို့ ဘယ်လိုလုပ် သတိရလာခဲ့တာ.... အဘိုးမြေးလေးက အလုပ်များနေတာ မဟုတ်ဘူးလား..."
"ဟွန့် ကိုယ့်မြေးမလေး ဖုန်းဆက်လာခဲ့တာကို ဘယ်လိုတွေ ပြောနေတာလဲ... သမီးက ခေါ်ချင်တဲ့အချိန် ခေါ်လို့မရဘူးလား..."
“ အဘိုးမြေးက အချစ်ရေးနဲ့ အလုပ်မှာ အောင်မြင်နေတယ်ဆိုတော့ ဒီလို အဘိုးကြီးနဲ့ စကားပြောဖို့ ဘယ်လိုလုပ် အချိန်ရှိမှာလဲ ဟုတ်တယ်မလား…” လျန်ရူရွှယ်၏ အဘိုးမှ အူတိုနေသည့် လေသံဖြင့် ပြောလိုက်သည်။ သူ အလိုလိုက်နေရသည့် သူ၏မြေးမလေးမှာ တခြားသူလက်ထဲ ကျရောက်ရချေတော့မည်။
“ သမီးက ဒီရောက်တာတောင် တစ်လမပြည့်သေးတာကို ဘယ်လိုလုပ်ပြီး အဲ့ဒီ ကလေးကလားအချစ်တွေကို ဂရုစိုက်ဖို့ အချိန်ရှိမှာလဲလို့….”
လျန်ရူရွှယ်ပင် သတိမမူမိလိုက်ပဲ သူမ၏ ယခုကိစ္စအပေါ်သဘောထားတို့မှာ ပြောင်းလဲသွားခဲ့ချေပြီ။ ယခင်ကဆိုလျှင် သူမ အချစ်ဟူသည့် အသံကြားသည်နှင့် ချက်ချင်းဖုန်းချပစ်လေ့ရှိ၏။ သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ သူမ မချပစ်ခဲ့ချေ။
“ ငြင်းမနေစမ်းနဲ့… ညည်းလေသံကြားတာနဲ့ ဒီအဘိုးကြီးက ပြောနိုင်ပြီးသား…”
“ အိုက်ယား…. ဟုတ်ပါပြီ ဟုတ်ပါပြီ ဘိုးဘိုးကြီးပြောသာတာ အမှန်ပါ…. အသက်ကဖြင့် ဒီလောက်ကြီးနေပြီကို ကလေးကျနေတာပဲ .. အလျော့လည်း မပေးတတ်ဘူး…..”
လျန်ရူရွှယ် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဘိုးဘိုး သမီး ဘိုးဘိုးကို မေးစရာတစ်ခုရှိလို့…”
“ မေးလေ… ဘာလဲမေးမှာ…”
“ ဆေးဈေးနှုန်း တိုးမြင့်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ သမီးကို တစ်ခုလောက် ကူညီပါလားလို့… အန်ကယ်ချိန်က ဘိုးဘိုးရဲ့ ချစ်တပည့်ကြီးပဲလေ… ဆိုတော့ သမီးကို ကူညီပေးပါလားလို့နော်…..”
“ ဟမ့် အဲ့ကောင်အကြောင်းတော့ မပြောစမ်းနဲ့…”
အန်ကယ်ချိန်ဟူသည့် စကားကိုကြားတော့ လျန်ရူရွှယ်၏ အဘိုးမှာ ရုတ်ချည်း ယမ်းပုံမီးကျ ဖြစ်သွားခဲ့ပြီး
“ ဒီနေ့ နင့်ရဲ့အန်ကယ်ချိန် အဘိုးဆီလာပြီး အဲဒီကိစ္စကို ပြောပြသွားတယ်… တစ်ဖက်ရဲ့ သဘောထားက ဘယ်လိုမှ ပြောင်းလို့မရတော့ဘူး…နောက်ဆုတ်ဖို့ အခန်းကဏ္ဍမရှိတော့ဘူးတဲ့…” အဘိုးကြီးရန်မှ စိတ်တိုစွာ အော်ဟစ်နေပြီး
“ သေစမ်း… ဆယ်နှစ်မဟုတ်ဘူး… နောက်ငါးနှစ်လောက်ပဲ ပြန်ငယ်လိုက်….. အဲ့ကောင်ကို ငါ့တံခါးရှေ့ ခြေမချရဲတော့လောက်တဲ့အထိ ရိုက်လွှတ်ပေးလိုက်တယ်…”
“ ရပ်တော့ ရပ်တော့… ဘိုးဘိုးကလည်း ထစ်ကနဲရှိ စိတ်တိုဖို့လောက်ပဲ… အချိန်ရှိရင်လည်း ဘိုးဘိုးရဲ့ မိတ်ဆွေတွေကို အိမ်ခေါ်ပြီး ချက်ခ်ကစားလိုက်ဦး … ဘာလို့ ဒေါသလောက်ပဲ ထွက်နေတာ…”
“ ဒေါသထွက်စရာ ကောင်းလွန်းလို့လေ….”
“ မပူနဲ့ ဒီကိစ္စကို သမီး ဘိုးဘိုးကြီး ကိုယ်စား ဖြေရှင်းပေးမယ်…. သမီအထင်တော့ မကြာခင် တိကျသေချာတဲ့ အဖြေတစ်ခုရတော့မယ်လို့ ထင်တာပဲ…”
“ ဘာပြောလိုက်တယ်… မြေးက ဒီပြဿနာကို ဖြေရှင်းနေတယ်…”
လျန်ရူရွှယ် ခေါင်းညိမ့်လိုက်ပြီး “ အရင်တုန်းက အန်ကယ်ချိန် သမီးကို Ibuprofen တင်သွင်းဖို့ အခွင့်အရေးပေးခဲ့တယ်… ဒါပေမယ့် ပြဿနာတွေက စရှုပ်သွားလိုက်တာ အဓိက ဆေးဝါးဖြန့်ဖြူးရေး ကုမ္ပဏီကြီး ခြောက်ခုက စုပေါင်းပြီး ဆေးဈေးနှုန်းတွေ မြင့်လောက်တဲ့အထိပဲ…”
“ ငတုံးမလေး …. အဘိုးကို ဖြည်းဖြည်းရှင်းပြစမ်းပါဟ… ဘာတွေလည်း ဖြစ်နေတာ……”
နောက်ထပ် နာရီဝက်လောက်အထိ လျန်ရူရွှယ် ဖြစ်ကြောင်းကုန်စင်ကို သူမအဘိုးထံ ရှင်းပြလိုက်လေသည်။ သို့သော်လည်း လင်းရီ၏ အမည်ကို ထုတ်မပြောခဲ့သောကြောင့် ရန်အဘိုးကြီးမှာ လင်းရီနှင့်ပတ်သက်၍ လျို့ဝှက်ဆန်းကြယ်မှုကို ခံစားနေရဆဲပင်။
“ ညာနေတာတော့ မဟုတ်ဘူးမလား…. အဲ့ကောင်စုတ်လေးက တကယ်ကြီး ibuprofen ကို အစားထိုးနိုင်တဲ့ ဟွာရှန့်တိုင်းရင်းဆေးကို တီထွင်လိုက်တယ်ပေါ့…”
“ အွန်း … အခု ဓာတ်ခွဲခန်း စမ်းသပ်မှုကိုတော့ ကျော်ဖြတ်ပြီးသွားပြီ… နောက်တစ်ဆင့်ကကျတော့ ဆေးပညာရှုထောင့်ကနေ စမ်းသပ်တာပဲ… ဆေးအာနိသင်က ဘယ်လိုတွေရှိလဲဆိုတာသမီးတော့ သိချင်နေပြီ… တကယ်လို့ ဆေးကသာ သူပြောတဲ့ အတိုင်း အကျိုးသက်ရောက်မှုရှိလို့ကတော့ ပြည်ပဆေးဝါးတွေကို အားကိုးနေစရာမလိုတော့ဘူး….”
“ဒီလိုသာဆိုရင် အဲ့ဒီ သောက်ကလေးက ဥာဏ်ကြီးရှင်ပဲဟ…”
“ ဟုတ်တယ်… သူက လုံးဝကို ဂျီးနီးရပ်စ်ပဲ…”
“ အန်ကယ်ချိန်ကို ပြောလိုက်… သူတို့ ဒီပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုရင် သမီးရဲ့သတင်းကိုပဲ စောင့်နေလိုက်လို့…”
"အိုကေ အိုကေ.... အဘိုး သူ့ကို ဖုန်းဆက်ပြီး ပြောဘိုက်မယ်.....အဘိုးဘက်ကကော ဘာတွေ လုပ်ပေးရဦးမလဲ... အလွန်အကြူးကြီး မဖြစ်ရင်တော့ ဘာပဲဖြစ်ဖြစ် တောင်းဆိုလို့ရတယ်...."
"မလိုပါဘူး...သူ့မှာ ဖြေရှင်းချက် ရှိထားပြီးသား.... သမီးတို့က ကိုယ်ပိုင်အရည်အချင်းပေါ်မှာ မှီခိုရမယ်လေ....ဘယ်လိုလူမျိုးက သူတို့ မိသားစုကို မှီခိုနေလို့လဲ....."
"ငတုံးမလေး.... ညည်းဒီနေရာ ရထားတယ်ဆိုတာကလည်း အဘိုးကြောင့်ဆိုတာ မမေ့နဲ့ဦး... ဒီအဘိုးကြီးရှေ့မှာ ကြီးကြီးကျယ်ကျယ်တွေ လာပြောနေတယ်ပေါ့လေ...."
"အဲ့တာတော့ ဟုတ်ပါတယ်... ဒါပေမယ့် ဒီရဲ့ ကိစ္စ အောင်မြင်သွားပြီးတော့ ဖိုတိုလီတိုဂရပ်ဖီ ပရောဂျက်လည်း အတိုင်းအတာတစ်ခုထိ ပေါက်မြောက်လာမယ်ဆိုရင် သမီးရဲ့ ကိုယ်ပိုင်အရည်အချင်းတွေနဲ့ ရာထူးတိုးသွားတော့မှာလေ...."
လျန်ရူရွှယ် ဂုဏ်ယူစွာ ပြောလိုက်ပြီး "ဒါတွေက မိသားစုကြောင့် မဟုတ်ဘူး... သမီးရဲ့ အောင်မြင်မှုတွေကြောင့်ပဲ..."
"ဟုတ်ပါပြီကွာ... ငါ့မြေးသာ ဒီကိစ္စကို ဖြေရှင်းနိုင်တယ်ဆိုရင်ပဲ အောင်မြင်မှုကြီးဖြစ်နေပါပြီ...."
"ဟီးဟီး.... သမီးရဲ့ သတင်းကောင်းကို စောင့်နေလိုက်တော့နော်...."လျန်ရူရွှယ်ပြောလိုက်ပြီး
"ဒါပေမယ့် အန်ကယ်ချိန်ဘက်မှာ သတင်းအသစ်တွေ ရှိလာခဲ့ရင် သမီးကို အရင်ဆုံး အသိပေးဖို့လည်း မမေ့နဲ့ဦး...."
"မပူပါနဲ့...."လျန်ရူရွှယ် အဘိုးမှ အပြုံးလေးဖြင့် ပြောလိုက်ပြီး "အားလုံးက အဲ့ဒီကောင်စုတ်လေးကို ကျေးဖူးတင်ရမှာပဲ..... ဒါနဲ့ ငါ့မြေးတို့နှစ်ယောက်က ဘာ တိုးတက်မှုမှ မရှိဘူးလား...ဒီအဘိုးကြီးက မေးချီချင်သေးတယ်နော်.... ဟိုကောင်စုတ်လေးက လက်နှေးနေရင် သူ့ဘက်က စတင်လာမှာကို စောင့်မနေနဲ့.. ခေတ်တွေက ပြောင်းလဲသွားပြီ.....ပြီးတော့ မိန်းကလေးနဲ့ ယောက်ျားလေးကြားမှာ တန်းတူညီမျှ ဆိုတာ ရှိလာပြီလေ....."
"အဓိပ္ပာယ်မရှိတာ...."
တူ တူ တူ ....
လျန်ရူရွှယ် ဖုန်းချလိုက်ပြီး စားပွဲပေါ်တွင် တင်ကာ သူမ၏ မျက်လုံးလှလှလေးများထဲတွင်တော့ အတွေးတို့ဖြင့် ပြည့်နှက်နေလေသည်။
"လင်းရီက ငါ့ကို အများကြီး ကူညီပေးထားတယ်ဆိုတော့ သူ့ကို ထမင်းတစ်နပ်လောက်တော့ လိုက်ကျွေးဦးမှထင်တယ်...."
လျန်ရူရွှယ် သူမဖုန်းကို ကောက်ယူလိုက်ပြီး ဝီချက်ခ်မှတစ်ဆင့် လင်းရီထံ မက်ဆေ့ခ်ျပို့လိုက်၏။
သိူ့သော်လည်း သူမစာပို့ပြီးသည့် တိုင်အောင် တစ်ဖက်မှ ပြန်စာမလာခဲ့ချေ။
ထို့နောက် လျန်ရူရွှယ် ဖုန်းခေါ်ကြည့်လိုက်သည်။
သို့တိုင်အောင် မည်သူမျှ ဖုန်းမဖြေလာပေ။
သူမ တစ်ခုခု မူမှန်သလို ခံစားလာခဲ့ရ၏။ အတွေးအမျိုးမျိုးတို့က သူမ၏ စိတ်ပုံရိပ်ထဲသို့ ၀င်ရောက်လာလေသည်။
သူမ နောက်ထပ် လင်းရီကို လေးငါးဆယ်ကြိမ်လောက် ဖုန်းဆက်လိုက်၏။
သို့သော်လည်း မည်သူမျှ ဖုန်းမဖြေချေ။
"တစ်ခုခု ဖြစ်နေလို့များလား....."
ဖြစ်နိုင်ချေများကို စဉ်းစားမိသည့် အချိန်တွင် လျန်ရူရွှယ် သူမ၏ တည်ငြိမ်မှုတို့ ပျောက်ဆုံးသွားခဲ့ရပြီး အိတ်ကိုလွယ်ကာ ရုံးခန်းထဲမှ လေအလျင်နှင့် ပြေးထွက်လာခဲ့တော့၏။
.......
သူမ ကားမောင်းနေစဉ် မီးနီ တွေ့လျင်တောင် မရပ်တန့်ခဲ့ပေ။ သူမ၏ ID ကတ်ကို ပြလိုက်သည်နှင့် အရာအားလုံးက အဆင်ပြေပြေပင်။ မည်သူကမျှ သူမကို မရပ်တန့်ဝံ့ကြချေ။
ကျိုးကျုံးဗီလာသို့ ရောက်သည့် အချိန်တွင်တော့ လျန်ရူရွှယ် ချက်ချင်း ပြေးမ၀င်သွားပဲ ဆင်ခြင်ဉာဏ်ရှိစွာဖြင့် လုံခြုံရေးအစောင့်ကို အရင် မေးမြန်းလိုက်သည်။
"မစ္စတာလင်း နေ့လည်တုန်းက ဒီကို ပြန်လာခဲ့တယ်ဗျ... ဒါပေမယ့် ပြန်ထွက်လာတာကိုတော့ မမြင်မိသေးဘူး...."
ထိုသတင်းကို ကြားတော့ လျန်ရူရွှယ် အများကြီး စိတ်သက်သာရာ ရသွားခဲ့သည်။
လင်းရီ အဆင်ပြေနေ၍ သူမ ၀မ်းသာလေသည်။ သို့သော်လည်း ထိုအကောင်က အဘယ်ကြောင့် သူမဖုန်းကို ပြန်မဖြေရသနည်း။
လျန်ရူရွှယ် ဗီလာနံပါတ်တစ်၏ အ၀င်ပေါက်၀သို့ မောင်းနှင်လာခဲ့လိုက်သည်။
ထိုအခါ လင်းရီမှာ ပြတင်းပေါက်ဘေးရှိ ဆိုဖာပေါ်တွင် အိပ်မောကျနေကြောင်း မြင်တွေ့လိုက်ရ၏။
လျန်ရူရွှယ် ပြုံးမိသွားသည်။
လင်းရီမှာ အိပ်ပျော်နေသောကြောင့် သူမ၏ မက်ဆေ့ခ်ျကို မပြန်လာသည်မှာ သဘာ၀ပင်။ သူမအဘယ်ကြောင့် စိုးရိမ်တကြီး ဖြစ်သွားခဲ့ရလဲဆိုတာ မတွေးတတ်တော့ချေ။
သူမ တံခါး၀သို့ လမ်းလျှောက်လာခဲ့ပြီး ၀င်တော့မည့် အချိန်တွင် တံခါးမှာ လက်ဗွေရာမပါဘဲနှင့် ဖွင့်၍ မရကြောင်း သတိထားမိသွား၏။
ထိုအချိန်တွင် လျန်ရူရွှယ် ဂိုဒေါင်တံခါးမှာ ပွင့်ဟနေပြီး သူမ ထိုအထဲသို့ တိတ်တိတ်ကလေး လမ်းလျှောက်သွားခဲ့လိုက်သည်။ ဂိုဒေါင်ထဲတွင် ဗီလာနှင့် ချိတ်ဆက်ထားသည့် တံခါးတစ်ချပ်ရှိနေကြောင်း မြင်တွေ့လိုက်ရ၏။ တံခါးမှာ ဟလျက် အနေအထားပင်။
သူမ ဒေါက်မြင့်ဖိနပ်ကို ချွတ်လိုက်ပြီး လင်းရီရှေ့သိူ့ ညင်ညင်သာသာနှင့် လမ်းလျှောက်လာခဲ့လိုက်၏။ ထိုအခါ လင်းရီ၏ ကော်ဖီစားပွဲပေါ်တွင် စာရွက်များစွာတို့ ပျံ့ကျဲနေကြောင်း သတိပြုမိသွားသည်။
သိချင်စိတ်ပြင်းပြစွာဖြင့် လျန်ရူရွှယ် စာရွက်တစ်ရွက်ကို ကောက်ကာငင်ကာဖြင့် ဖတ်ရှုကြည့်လိုက်သောအခါ စာရွက်ထဲတွင် ဟွာရှန့် တိုင်းရင်းဆေးအမည်များမှာ အပြည့် ဖြစ်နေပြီး အနည်းဆုံးတော့ အမျိုးပေါင်း လေးဆယ်ကျော်လောက် ရှိလေသည်။
"သူက လိုက်လျောညီထွေရှိတဲ့ ဟွာရှန့်ဆေးညွှန်းတွေ အကုန်လုံးကို လေ့လာမလို့တော့ မဟုတ်ဘူးမလား...."
လျန်ရူရွှယ် ရင်ထဲ နွေးထွေးသွားရပြီး တစ်ချိန်တည်းတွင် ရှင်းပြ၍ မရနိုင်သည့် ခံစားချက်တို့ကြောင့် သူမ နှလုံးသားလေးမှာ နာကျင်လာခဲ့လေသည်။
လင်းရီမှာ မြို့ထဲမှ ပြန်ရောက်လာစဉ်ကတည်းက ယခုဆေးညွှန်းများကို လေ့လာနေခြင်းဖြစ်လောက်၏။ နောက်ဆုံးတွင် ပင်ပန်းသွားပြီး ဆိူဖာပေါ်တွင် မှေးခနဲ အိပ်ပျော်သွားခြင်း ဖြစ်ပေရမည်။
ဂျီးနီးယပ်စ်ဆိုတာ မရှိဘူး... ကြိုးစားလို့ ထူးချွန်လာတဲ့သူတွေပဲ ရှိတယ်....
အခြားသူများ၏ အမြင်တွင်တော့ လင်းရီ၏ အောင်မြင်မှုတို့မှာ ပါရမီပါလာသောကြောင့်ဟု မြင်မိကြလိမ့်မယ်။ သိူ့သော်လည်း လက်တွေ့တွင်တော့ လင်းရီ မည်မျှ ကြိုးစား အားထုတ်ခဲ့သည်ကို မည်သူကမျှ မမြင်တွေ့ကြချေ။
သူမ စောင်တစ်ထည်ကို တွေ့သွားခဲ့ပြီး လင်းရီအပေါ်မှ လွှမ်းခြုံထားပေးခဲ့လိုက်၏။
" နင် ပင်ပန်းသွားပြီ “