စစ်မှန်တဲ့ နှလုံးသားအတွက်
Vol. 28 Ch. 420
အိမ်ထဲမှ အိုးခွက်ပန်းကန်သံများ ကြားနေရသည့် အချိန်တွင်တော့ လင်းရီမှာ အိပ်တစ်၀က်နှိုးတစ်၀က် အနေအထားနှင့် ရှိနေလေသည်။
ထိုအသံများကို ကြားတော့ သူ့စိတ်ထဲ ပထမဆုံး၀င်ရောက်လာသည့် အတွေးမှာ ကျီချင်းရန် အိမ်သို့ ရောက်လာခဲ့ခြင်းပင်။
သို့သော်လည်း သူထိုအတွေးကို အလျင်အမြန် ပယ်ချလိုက်၏။
ထိုကောင်မလေးမှာ သူ့ဘက်မှ မဖိတ်ခေါ်ပဲနှင့်တော့ အိမ်သို့ အလည်လာလိမ့်မည် မဟုတ်သည့် မာနခဲလေးဖြစ်၏။
ထို့ကြောင့် ကျီချင်းရန်တော့ မဖြစ်နိုင်ချေ။
အဲ့တာဆို ဘယ်သူဖြစ်မလဲ...
လင်းရီ ဝှစ်ခနဲ ဆိုဖာပေါ်သို့ ထထိုင်လိုက်၏။
မကြာမီ မီးဖိုချောင်ထဲ၌ အေပရွန်နှင့် လှပသွယ်လျသည့် အမျိုးသမီးတစ်ဦး ချက်ပြုတ်နေသည်ကို မြင့်တွေ့လိုက်ရလေသည်။
လျန်ရူရွှယ်....
"မြို့တော်၀န်လျန်ပါလား.... အိမ်ကို ဘာလာလုပ်တာ..."လင်းရီ နားမလည်စွာဖြင့် မေးမြန်းလိုက်သည်။
"ငါနင့်ကို ညစာဖိတ်ကျွေးမလို့ စာပို့လိုက်တယ်လေ... ဒါပေမယ့် နင်က စာလည်း မပြန်လာဘူး.
..... ငါဖုန်းဆက်တော့လည်း မကိုင်ဘူးပြန်ဆိုတော့ နင်တစ်ခုခု ဖြစ်နေပြီထင်လို့ စိတ်ပူပြီး လိုက်လာခဲ့တာ....နင်အိပ်ပျော်နေလိမ့်မယ်လို့တော့ ထင်မထားဘူး..."လျန်ရူရွှယ်မှ ပြောလိုက်၏။
သူမထိုသိူ့ ပြောနေရင်း မီးဖိုချောင်ထဲမှ ခရမ်းချဉ်သီးနှင့် ရောနှောထားသည့် ကြက်ဥမွှေကြော်ပန်းကန်ကို စားပွဲဆီသိူ့ သယ်ဆောင်လာခဲ့သည်။
" စာရွက်တွေကော...."
"နင့်ကိုယ်စား ကော်ဖီစားပွဲအောက်က အံဆွဲထဲမှာ သိမ်းထားပေးတယ်...."
မကြာမီ ဟင်းနှစ်ပွဲနှင့် စွပ်ပြုတ်တစ်ခွက်မှာ စားပွဲပေါ်သို့ ရောက်ရှိလာခဲ့၏။ လျန်ရူရွှယ် သူမ၏ အေပရွန်ကို ချွတ်လိုက်ပြီး "ငါ အစကနင့်ကို ဆိုင်ကောင်းကောင်းလေး တစ်ခုမှာ ထမင်းလိုက်ကျွေးမလို့ပဲ...ဒါပေမယ့် နင်က အိပ်ပျော်နေတာဆိုတော့ နင့်အိမ်မှာပဲ ချက်ပြုတ်လိုက်တော့တာ.... "
"မင်းက ချက်ပြုတ်တတ်တယ်ပေါ့... တကယ် မထင်ရဘူးနော်..."
"ငါလည်း ကျိုးဟိုင်ရောက်ပြီးတော့မှ သင်ထားတာလေ..."လျန်ရူရွှယ် ပြောလိုက်ပြီး "ငါ့ရဲ့ ရာထူးက သတိထားရမှာဆိုတော့ နေ့တိုင်း စားသောက်ဆိုင်မှာပဲ စားနေလို့ ဘယ်ဖြစ်မှာ.... တစ်လုတ်လောက် အရင် မြည်းကြည့်လိုက်ဦး..."
လင်းရီ ပျင်းရိစွာ အကြောဆန့်လိုက်ပြီး ကြက်ဥ တစ်ဖဲ့ကို တူဖြင့်ညှပ်လျက် ကိုက်ဝါးကြည့်လိုက်၏။ "အင်း မဆိုးပါဘူး... စားနိုင်ရုံလောက်လေးပေါ့.... "
"သူများက နင့်အတွက်ဆိုပြီး ကြိုးစားချက်ပြုတ်ပေးထားရတာကို နင်က အဲ့လိုကြီး ပြောလိုက်တယ်ပေါ့...."လျန်ရူရွှယ် မကျေမနပ်ဖြစ်နေခဲ့ပြီး
"ဒါပေမယ့် နင့်ရဲ့ ရေခဲသေတ္တာထဲမှာ ဟင်းသီးဟင်းရွက်တွေကော အသားတွေကော အရမ်းစုံနေတာပဲနော်... ယောက်ျားလေးဖြစ်ပြီး တစ်ယောက်တည်း နေတော့ နင် ဖြစ်သလို စားမယ်လို့ ထင်နေတာ..."
"အဲ့တာတွေ အားလူံက သူများ ၀ယ်ပေးထားတာ...."
လျန်ရူရွှယ်မှ သိပါတယ်ဟူသော အထာဖြင့် ကြည့်လိုက်ပြီး "အဲ့တာတွေ အကုန်လုံးကို အမျိုးသမီးတစ်ယောက်ယောက်က ၀ယ်ပေထားတာ ... ဟုတ်တယ်မလား...."
"ဒါပေါ့ကွ ... ဘယ်ယောက်ျားလေးက ဒီလိုဟာတွေ လိုက်၀ယ်နေမှာ..."
လင်းရီ မငြင်းပယ်ခဲ့ပဲ စတင် စားသောက်တော့၏။
"နင် စာရွက်ပေါ်မှာ ရေးထားတဲ့ဟာတွေက ဆေး ၂၅ မျိုးအတွက် ဆေးညွှန်းတွေလား..."
လင်းရီ ခေါင်းညိမ့်လိုက်ပြီး "အင်း .. ငါ ပိုကောင်းတဲ့ ဆေးညွှန်းကို ဖန်တီးမလို့ လမ်းစရှာနေတာ... Pfizerနဲ့ ကုမ္ပဏီ ခြောက်ခုက သူတို့ရဲ့ ခြေလှမ်းတွေကို စရွေ့တော့မယ်လို့ ခန့်မှန်းထားတယ်....ဆိုတော့ ငါ့ဘက်ကလည်း ဖြေရှင်းဖို့ နည်းလမ်း ရှာထားရမယ်လေ..."
ကလင် ကလင် ကလင်
လျန်ရူရွှယ် ဘာမျှ မပြောရသေးခင် သူမ အိတ်ထဲရှိ ဖုန်းမှာ အသံမြည်လာခဲ့သည်။
"သေချာလို့လား..."
"နားလည်ပြီ... တစ်ဖက်ကို သေချာလေး စောင့်ကြည့်ထား...."
"ကောင်းပြီ... ဒါပဲ ဖုန်းချလိုက်တော့မယ်...."
ခေါ်ဆိုမှုမှာ ရိုးရှင်းပြီး လိုအပ်သည်ကို တန်းသွားထားသည်။ လျန်ရူရွှယ် လင်းရီကို စူးစိုက်ကြည့်လိုက်ပြီး သူမ၏ မျက်လုံးထဲတွင် လင်းရီမှာ စကြာ၀ဠာသခင်တစ်ဦး ဖြစ်နေသည့် အလားပင်။
"ဘာလို့ အဲ့လိုကြီး စိုက်ကြည့်နေတာ... ငါ့ကို ကြိတ်ကြွေနေတာလား..."
"နင် ဘာလို့ အဲ့လောက် ချောမောနေလဲ ဆိုတာ သိချင်လို့..."လျန်ရူရွှယ် အရွဲ့တိုက်ပြောလိုက်၏။
"ရုပ်ချောတယ်ဆိုတာက မျိုးရိုးလိုက်တာလေ...ငါလည်း သောက်ရမ်းချောနေတဲ့ကောင်ကြီး မဖြစ်ချင်ပါဘူးကွာ..."လင်းရီ ပြောလိုက်ပြီး "ငါနေ့တိုင်း မှန်ကြည့်တယ်.. မှန်ကြည့်လိုက်တဲ့ အချိန်တိုင်းလည်း ပိုပိုပြီး ချောမောခန့်ညားလာလွန်းလို့ ကိုယ့်ကိုယ်ကိုတောင် ပြန်ကြိုက်လုမတတ်ပဲ...ဟူး... ငါက အဲ့လောက် ချောနေမှတော့ ငါ့ဘေးနားမှာ ရှင်သန်နေတဲ့ ယောက်ျားလေးတွေအတွက် ဘယ်တရားတော့မှာလဲ ဟုတ်တယ်မလား..."
"နင်က လိပ်မျိုးပဲ..."လျန်ရူရွှယ် သူမ၏ ဗာဒံစေ့ကဲ့သို့ မျက်လုံးများဖြင့် မျက်စောင်းထိုးလိုက်ပြီး "နင်ပြောတဲ့အတိုင်းပဲ... အဓိကကုမ္ပဏီကြီး ခြောက်ခုနဲ့ Pfizer က သူတိူ့ရဲ့ ခြေလှမ်းတွေကို ရွေ့လာခဲ့ပြီ...."
"သူတို့ ပစ္စည်းတွေကို ပို့တော့မယ်တဲ့လား..."
"နင်ဘယ်လိုလုပ်ပြီးသိတာ..."
"ဒါက လွယ်ပါတယ်... "လင်းရီ ပြောလိုက်ပြီး
"ငါတို့က ibuprofen ကို မတင်သွင်းတော့ဘူး... ပြီးတော့ ညှိနှိုင်းဆွေးနွေးတဲ့ နေ့တုန်းကလည်း ဟွာရှက ဆေး ၂၅ မျိုးနေရာမှာ ကိုယ်ပိုင် ဟွာရှန့်ဆေးဝါးကို အစားထိုးမယ်လို့ ကြေညာထားပြီးသား... ibuprofenကို အစားထိုးဖို့တောင်မှ သုံးရက်တည်းကြာတယ် ဆိုတော့ သူတိူ့ရဲ့ ဉာဏ်ရည်ကတော့ အသင့်အတင့် ရှိနေသရွေ့ ငါတို့ဘက်က ဆေး၂၅ မျိုးကို ဖန်တီးဖို့ အချိန်သိပ်မလိုဘူးဆိုတာ နားလည်မှာပဲလေ.. သူတို့ ခုလို မလုပ်လာမှပဲ ထူးဆန်းနေမှာ...."
"ပြီးတော့ ငါတို့ဘက်က သူတိူ့ ဈေးမြင့်ထားတဲ့အတိုင်း အော်ဒါတွေကို အများကြီး တောင်းဆိုထားတယ်... အနာဂတ်မှာကြိုမမြင်နိုင်တဲ့ ဖြစ်နိုင်ခြေတွေကို ရှောင်ရှားဖို့ဆိုရင် သူတို့ဘက်က ကုန်တွေကို အမြန်ပို့ပြီးတော့ ပိုက်ဆံတွေကို အိတ်ကပ်ထဲ ထည့်မှာပဲ..."
လင်းရီ ရေတစ်ငုံလောက် သောက်လိုက်ပြီး ဆက်ပြော၏။
"မြောက်အမေရိကနဲ့ ဥရောပလို နေရာမျိုးကနေ ပင်လယ်ကူးသင်္ဘောတွေနဲ့ တင်ပို့မယ်ဆိုလို့ကတော့ အနည်းဆုံး တစ်လလောက်တော့ ကြာမှာပဲ...ဒီတော့ အလျင်လိုနေတဲ့ သူတိူ့က ပိုပြီး ချောမွေ့မြန်ဆန်တဲ့ လေကြောင်းလိုင်းကနေ ပို့လာမှာ အသေအချာပဲလေ...လေဆိပ်က အခွန်စစ်တဲ့ ဌာနကို သေချာလေးစောင့်ကြည့်ထားဖို့ ပြောလိုက်.... "
"ငါ ပြောထားပြီးပြီ..."လျန်ရူရွှယ် ပြောလိုက်ပြီး "သူတိူ့ ပစ္စည်းတွေ မြေပြင်ရောက်တော့မှ သံသယ ရှိတယ်ဆိုပြီး တစ်ခါတည်း ဖမ်းဆီးပစ်လိုက်မယ်..."
"အင်း..."လင်းရီ ပြောလိုက်ပြီး "မင်း အဲ့လိုလုပ်ရင် ငါ့ကိုလည်း အသိပေးဦး..."
လျန်ရူရွှယ် ခေါင်းညိမ့်လိုက်ပြီး "တကယ်တော့ ငါတို့ရဲ့ အခြေအနေက ဒီအထိတောင် ရောက်လာပြီဆိုတော့ အောင်မြင်တယ်လို့ ပြောလို့ရပြီ.. Pfizer က သူတို့ရဲ့ ibuprofenကို 9.99 ယွမ်အထိ လျှော့ချမလားဆိုတာ မပြောတတ်ပေမယ့် အနာဂတ်ကျရင် တင်သွင်းလာတဲ့ ဆေးဝါးတွေကတော့ သေချာပေါက် ဈေးလျော့ရတော့မှာပဲ...ငါတို့ရဲ့ တန်ပြန်တိုက်ခိုက်မှုက အရမ်းကို အောင်မြင်တယ်....."
"ငါတို့ကို လာစမ်းမှတော့ ပြန်မတုံ့ပြန်ရင် ရာဇ၀င်တွေရိုင်းကုန်မှာပေါ့...ဟွာရှက သူတိူ့ရဲ့ ဧည့်သည်တွေအပေါ် ဘယ်လို ဆက်ဆံလဲဆိုတာ ပြသရမယ်လေ... "
"ငါကတော့ ခုရလဒ်ကိုပဲ အရမ်းကျေနပ်နေပြီ...."လျန်ရူရွှယ်ပြောလိုက်ပြီး "ဒါနဲ့ နင် လိုချင်တာ မရှိဘူးလား.. မူဝါဒ ၊ အတိုးမပါဘဲချေးငွေ ကြိုက်တာပြောလိုက်.. ငါခွင့်ပြုပေးမယ်...နင့်ဆီမှာ ရေကူးကန်လည်း ရှိတယ်ဆိုတော့ နင်စိတ်၀င်၀င်စားရင် ငါ ရေကူး၀တ်စုံ ၀တ်ပြလို့်ရတယ်နော်....ရေကူးကန်ထဲ တစ်ပတ်နှစ်ပတ်လောက် ကူးရင်းနဲ့ပေါ့...."
လင်းရီ သူ့လက်ချောင်းများကို ပွတ်သပ်လိုက်၏။ ကျီချင်းရန်ကသာလျှင် လင်းရီ စဉ်းစားသည့်အချိန်၌ ထိုသို့လုပ်လေ့ရှိကြောင်း နားလည်ပေသည်။
"ငါ ဂိမ်းအကြီးကြီး ကစားချင်တယ်..."လင်းရီ ပြောလိုက်ပြီး "တကယ်လို့ မင်းသာ ကျေးဇူးတင်ချင်တယ်ဆိုရင် ငါနဲ့အတူ ဆော့ပေး..."
(TN- နိုင်ငံနဲ့ယှဉ်ပြီး ကစားတဲ့ဂိမ်းတွေပါ (◔‿◔))
လင်းရီ ပခုံးတွန့်လိုက်ပြီး "ငါတို့ အောင်မြင်ပြီးရင်တော့ မင်းငါကို ရေကူး၀တ်စုံရှိုး ၀တ်ပြပေါ့...."
လျန်ရူရွှယ် လင်းရီကို လေးနက်စွာ ကြည့်လိုက်ပြီး "နင် ဘာတွေလုပ်ဖို့ ကြိုးစားနေတာလဲ...."
"မပူပါနဲ့...."လင်းရီ ပြောလိုက်ပြီး "အရင်ဆုံး စားကြစို့....."
လင်းရီမှ ထိုသို့ ပြောလာသည်တွင် လျန်ရူရွှယ်၏ မသိစိတ်မှ တစ်ခုခု ကြီးကြီးမားမား ဖြစ်လာတော့မည်ဟု ပြောပြနေလေသည်။
ညစာစားပြီးနောက် လင်းရီ သူ၏ ရေကူး၀တ်စုံ ဘောင်းဘီကို ၀တ်ဆင်ကာ ရေကန်အနားရှိ ပက်လက်ကုလားထိုင်ပေါ်တွင် လဲလျောင်းနေပြီး
လျန်ရူရွှယ် သူမလက်ထဲတွင် ဝိုင်နီကို ကိုင်လျက် လင်းရီထံသို့ လျှောက်လာခဲ့၏။
"နင် အဲ့ဒီဆေး ၂၅ မျိုးကို တီထွင်နိုင်မယ်လို့ ယုံကြည်ချက်ရှိလား....."
"ငါ့အတွက် ဖန်တီးဖို့ ဆိုတာက ထမင်းစားရေသောက်ပဲ.... ဒါပေမယ့် ဆေးအာနိသင်ပြဖို့က အချိန်ကြာတာကို ငါသဘောမတွေ့ဘူး ဖြစ်နေတာ.... ဒါကလည်း ဟွာရှန့် တိုင်းရင်းဆေးတွေရဲ့ အားနည်းချက် ဖြစ်နေပြီးတော့မှ အနောက်တိုင်း ဆေးတွေနဲ့ ယှဉ်လို့မရတာပဲလေ....."
လင်းရီ ပြောလိုက်၏။
"မလောနဲ့... နင်ဖြည်းဖြည်းလေ့လာလို့ ရပါတယ်...."
လင်းရီ ခေါင်းညိမ့်လိုက်သည်။ စနစ်မှ သူ့ကို မဟာဆေးကျမ်း ချီးမြင့်ထားသောကြောင့် လင်းရီတွင် ဟွာရှန့်တိုင်းရင်းဆေးအားလုံးကို သင်ယူနားလည်နိုင်သည့် စွမ်းရည်ရှိ၏။
သူ၏ အမြင်တွင်တော့ ဟွာရှန့်တိုင်းရင်းဆေးနှင့် အနောက်တိုင်းဆေးတို့၏ အကျိုးသက်ရောက်မှုမှာ သာတူညီမျှ အကျိုးအာနိသင်ရှိသည်။ မတူကွဲပြားသည်ကတော့ အနောက်တိုင်းဆေးမှာ ရောဂါကို ကုသရာတွင် ကောင်းမွန်ပြီး ဟွာရှန့်တိုင်းရင်းဆေးတို့ကတော့ လူနာကို ကုသရာတွင် ထိရောက် ကောင်းမွန်လေသည်။
တစ်ခုမှာ ရောဂါ ပျောက်ကင်းဖို့ကိုသာ အာရုံစိုက်ထားပြီး အခြားတစ်ခုကတော့ လူ၏ ဇီ၀ဖြစ်စဉ်နှင့် ပြန်လည်သက်သာမှုကို အလေးပေးထားလေသည်။
ဟွာရှန့်တိုင်းရင်းဆေးတို့မှာ သုံးစွဲသည့်သူအပေါ် ဘေးထွက်ဆိုးကျိုး နည်းပါးသော်လည်း အာနိသင်ပြရန် ကြာညောင်းလှပြီး အနောက်တိုင်း ဆေးဝါးတွင်တော့ အာနိသင်ပြသည်မှာ လျင်မြန်စွာနှင့် အကျိုးသက်ရောက်မှုရှိလေသည်။
ထို့ကြောင့် ထိုအပိုင်းတွင်တော့ ဟွာရှန့်တိုင်းရင်းဆေးတို့မှာ အနောက်တိုင်း ဆေးဝါးတို့နှင့် မယှဉ်သာချေ။
"တကယ်တော့ ibuprofen ရဲ့ ဈေးနှုန်းကို 9.99 ယွမ်အထိ လျော့ချအောင် ဖိအားပေးဖို့ ရည်ရွယ်ချက်မရှိဘူး...ဈေးကသာ လက်ခံနိုင်တဲ့ အနေအထားရှိနေသရွေ့ အဆင်ပြေတယ်....ဘာပဲဆိုဆို ဟွာရှန့်တိုင်းရင်းဆေးရဲ့ ဖြည့်ဖက်ဖြစ်တာပေါ့....ဒါက အကောင်းဆုံး အစီအစဉ်ပဲ... ခုငါတို့ အာရုံစိုက်သင့်တာက ငါတို့ လည်ပင်းကို လာညစ်ထားတဲ့ လက်တစ်စုံကို ဖယ်ရှားဖို့ပဲ....."လျန်ရူရွှယ် ပြောလိုက်ပြီး
"ဒီ အဖြစ်အပျက်ကြီးပြီးရင်တော့ နိုင်ငံခြားက ဆေးဝါးဖြန့်ဖြူးတဲ့ ကုမ္ပဏီတွေက ငါတို့ကို သတိထားလာလောက်တယ်....ဆိုတော့ ဒီလိုမျိုး နောက်ထပ် ဖြစ်လာဖို့ဆိုတာ စိုးရိမ်စရာတော့ မရှိလောက်တော့ဘူး.... အနာဂတ်ကျရင် ငါတို့ရဲ့ ဟွာရှန့်ဆေးတွေကို နိုင်ငံခြားဆီ တင်ပို့နိုင်လောက်တဲ့ အထိတောင် ဖြစ်လာနိုင်တယ်.... "
"ဖြစ်လာမှာပါ....."လင်းရီ သူ့လက်တစ်ဖက်ဖြင့် ခေါင်းအုံးလျက် ပြန်ဖြေလိုက်ပြီး လှိုင်းထနေသည့် ရေမျက်နှာပြင်ကို ကြည့်ကာ တည်ငြိမ်သည့်လေသံဖြင့် "ဒါပေမယ့် ဒါက နယ်ပယ်တစ်ခုတည်း ရှိသေးတယ်....နောက်လာမယ့် လမ်းက အရှည်ကြီးပဲ.... ငါတို့ ကြိုးစားပြီး အမှီလိုက်ရမယ့် နယ်ပယ်တွေက အများကြီး ကျန်နေသေးတယ်.... "
လျန်ရူရွှယ်ခေါင်းညိမ့်လိုက်ပြီး "နင်ဘာကို ဆိုလိုချင်နေလဲဆိုတာ ငါနားလည်တယ်...ဒီကိစ္စကတော့ နင်ပင်ပန်းသွားပြီ...."
"ဒီလမ်းကို ကိုယ်တိုင်ဖောက်ပြီး လျှောက်လှမ်းဖို့ဆိုတာကတော့ တကယ်မလွယ်ဘူး...."
"ငါနင့်ကို အဖော်ပြုပေးမှာပေါ့...." လျန်ရူရွှယ် သူမ၏ ဝိုင်ခွက်ကို ပင့်မြှောက်လိုက်ပြီး "နင့်ရဲ့ စစ်မှန်တဲ့ နှလုံးသားအတွက်...."
"သောက်ပြီး မောင်းတာက ဥပဒေနဲ့ မညီညွှတ်ဘူးနော်...."
"အဲ့တာဆိုလည်း မပြန်ရုံပေါ့...."