ငွေရောင်မင်းသမီးလေး
Vol. 8 Ch. bonus 1
"ဒီပန်းခြံမှာ လူတွေအများကြီး ရှိနေလိမ့်မယ်လို့ တကယ်ထင်မထားမိဘူးပဲ။ ရိုးရိုးနှစ်ပတ်လည် ပွဲတော်ပဲမဟုတ်ဘူးလား။"
သာမန်ဝတ်စုံလေးဝတ်ထားတဲ့ မက်ဒါနာက အေမီနဲ့အတူ ပွဲကျင်းပနေတဲ့ ပန်းခြံလေးတစ်ခုထဲ ဝင်လိုက်ကြတယ်။ ပန်းခြံအဝင်ဝက ဆိုင်းဘုတ်ကိုကြည့်လိုက်တော့
ဗစ်တိုးရီးယားပန်းခြံ နှစ်တစ်ရာတစ်နှစ်ပြည့် ပွဲတော်ဖြစ်နေတာ တွေ့လိုက်ရတယ်။ အေမီကတော့ လူတွေပြည့်ကျပ်နေတာကြောင့် လမ်းလျှောက်ရအဆင်ပြေစေဖို့ သခင်မလေးရဲ့ရှေ့ကနေ လမ်းရှင်းပေးနေရင်းကနေ ပန်းခြံရဲ့အကြောင်းကို ရှင်းပြနေလေရဲ့။
"ဗစ်တိုးရီးယားပန်းခြံကို ၁၈၄၂ ခုနစ်မှာ တည်ဆောက်ခဲ့တာပါ သခင်မလေး။ လန်ဒန်မြို့အရှေ့ဘက်မှာ အကြီးဆုံးဖြစ်ပြီး ၂၁၃ ဧကကျယ်ပါတယ်။ အဓိကရေကန်သုံးခုနဲ့ တရုတ်ဘုံကျောင်းလည်းတစ်ခုလည်း ပါပါသေးတယ်။"
သူတို့လမ်းအတိုင်းတည့်တည့်သွားနေရင်းကနေ ပန်းခြံအဝင်ဝရှေ့ဆုံးက ပထမဆုံးအဆောက်အဦးဖြစ်တဲ့ သောက်ရေပန်းကို အရင်ဆုံးစမြင်ရတယ်။ ဒါပေမဲ့ လူတွေနဲ့ပြည့်ကျပ်နေတာကြောင့် မက်ဒါနာက အခုလိုပြောလိုက်ပါတယ်။
"မွန်းကျပ်လိုက်တာ။ အေမီရေ၊ နည်းနည်းလူရှင်းတဲ့ တစ်နေရာရာဆီ ခေါ်သွားပေးပါလား။" မက်ဒါနာဆီကနေ တောင်းဆိုတဲ့စကားသံကိုကြားရတော့ ချစ်စရာ အိမ်စေဝတ်စုံလေးဝတ်ထားတဲ့ အေမီက လှည့်ကြည့်ပြီး ပြုံးပြတယ်။ နောက်တော့ ခေါင်းညိတ်ပြလိုက်ပြီး သူ့လက်ကလေးကို မက်ဒါနာဆီ နန်းဆန်ဆန် ကမ်းပေးလိုက်တယ်။ မက်ဒါနာက အေမီရဲ့လက်ကို ဖမ်းဆုပ်လိုက်ပြီး လူအုပ်ကြားထဲမှာ လူစုမကွဲအောင်လို့ အတူဆက်သွားကြတယ်။
ပန်းခြံရဲ့ပထမဆုံးလမ်းဆုံကိုရောက်တော့ လူတွေအများကြီး စုနေတဲ့နေရာတစ်ခုကို ဖြတ်ရတယ်။ အတွင်းထဲကို မမြင်နိုင်လောက်အောင်ဖြစ်နေပေမဲ့ အတော်လေးနားထောင်ကောင်းတဲ့ ရော့ခ်သီချင်းသံကို ကြားနေရတယ်။ အေမီကတော့ မက်ဒါနာနားလည်စေဖို့ အခုလိုရှင်းပြလာပါတော့တယ်။
"ပန်းခြံမှာရှိတဲ့ တေးဂီတအဖွဲ့တွေဖျော်ဖြေဖို့ ပြုလုပ်ပေးထားတဲ့ စတိတ်ဆင်အသေးစားလေးဖြစ်ပါတယ်ရှင့်။ ဖျော်ဖြေနေတဲ့ သီချင်းကတော့ ၁၉၆၀ နဲ့ ၁၉၇၀ ခုနစ်တွေမှာနာမည်ကြီးခဲ့တဲ့ The beatlesရဲ့ All You need is Loveပါ။"
မက်ဒါနာက အေမီကို အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြပြီး ရှေ့ဆက်သွားကြတယ်။ စင်ကိုကျော်လာပြီး လမ်းအတိုင်းဆက်လျှောက်လာတော့ လူပါးလာပြီဖြစ်ပေမဲ့ သီချင်းသံကိုတော့ ကြားနေရတုန်းပဲ။
"Love, love, love, There's nothing you can do that can't be done. Nothing you can sing that can't be sung. Nothing you can say, but you can learn how to play the game. It's easy"
ပန်းခြံထဲက လူတွေကတော့ အိမ်စေမလေးနဲ့သခင်မလေး တစ်ယောက်လက်ကိုတစ်ယောက်ဆွဲပြီး ပန်းခြံထဲမှာ သွားနေတာကို အထူးအဆန်းနဲ့ ကြည့်နေတော့တာပေါ့။ ဒါပေါ့လေ၊ လူတိုင်းဒီလိုလှပပြီး ရိုမန့်တစ်ဆန်တဲ့ မြင်ကွင်းကို မြင်ရဖို့ခက်ခဲတယ်မဟုတ်လား။
လမ်းတွေအများကြီးကို ဖြတ်သန်းလာပြီးတဲ့နောက်မှာတော့ သူတို့ ရေကန်ကြီးတစ်ကန်ရှေ့ကို ရောက်လာကြတယ်။ ရေကန်ရဲ့အလယ်မှာ ကျွန်းလေးသုံးခုရှိနေပြီး အကြီးဆုံးကျွန်းပေါ်မှာတော့ တရုတ်ဘုံကျောင်းလေးတစ်ခုကို မြင်နေရပါတယ်။ ဒီနေရာမှာ လူသိပ်မရှိဘူး။ အေမီက မက်ဒါနာကို ခုံတန်းလေးတစ်ခုဆီခေါ်သွားပြီးနောက် အတူထိုင်ချလိုက်ကြတယ်။
"သခင်မလေးရှင့်၊ ရှေ့ဆက်သွားလို့လည်း ရသေးပေမဲ့
ဘုံကျောင်းနားမှာ စုံတွဲတွေအများကြီးရှိနေမယ်လို့ မျှော်လင့်ရတဲ့အတွက် ဒီမှာပဲနားတာကောင်းပါတယ်။"
မက်ဒါနာလည်း ခေါင်းညိတ်လိုက်ပါတယ်။ ခုနက တွေ့ခဲ့ရသလောက် ပန်းခြံရဲ့အဓိကကျတဲ့ အထိမ်းအမှတ်နေရာတွေတိုင်းမှာ လူများမယ့်ပုံပဲ။ ဒီတော့ အေမီခန့်မှန်းတာ မှန်လောက်တဲ့အတွက်ကြောင့် နာခံစွာနဲ့ထိုင်လိုက်တာပါ။
"ဘယ်လောက်တောင် ကြာခဲ့ပြီလဲမသိဘူးနော်၊ သခင်မလေးနဲ့ အခုလိုမျိုး အတူတူမထိုင်ရတာ။"
အေမီက စိတ်ကူးယဥ်နေတဲ့ ပုံစံလေးနဲ့ ညကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်။ "ကျွန်မ စုံစမ်းမိတဲ့အတိုင်းဆိုရင် သူတို့ဒီည မီးရှုးမီးပန်းဖောက်ဦးမှာတဲ့၊ ကျွန်မတို့အတူကြည့်ကြမလား။"
အေမီက အခုလိုပြောလိုက်ပေမဲ့ မက်ဒါနာကတော့ သူ့စကားအပေါ် အာရုံမရောက်ဘူး။ အဲဒီအစား သူတို့နဲ့ပါလာတဲ့ ပစ္စည်းတွေကို လိုက်ရှာကြည့်ရင်း သက်ပြင်းချလိုက်လေရဲ့။ "ကြည့်ရတာ ရေမပါလာဘူးနဲ့တူတယ်။ အေမီရေ၊ သောက်စရာတစ်ခုခု ဝယ်ပေးလို့ရမလား။"
"ဟုတ်ကဲ့၊ အနီးဆုံးကဖေးဆိုင်က ဒီရေကန်နားမှာပဲမလို့ မိနစ်အနည်းငယ်အတွင်း ပြန်လာပါမယ်ရှင့်။" အေမီက ပြောပြောဆိုဆိုနဲ့ ထိုင်ခုံကနေ ထသွားလိုက်ပြီး ဆိုင်ရှိမယ်လို့ ယူဆရာဘက်ကို ပြေးထွက်သွားပါတယ်။ မက်ဒါနာတစ်ယောက်သာ လှုပ်ရှားနေတဲ့ ရေကန်မျက်နှာပြင်ကြီးကို စိုက်ကြည့်ရင်း သက်ပြင်းချလိုက်လေရဲ့။
"အင်း၊ ငါလည်း အခုလိုတစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ် မနေရတာ ဘယ်လောက်တောင်ကြာပြီလဲမသိဘူး။ တစ်ခါတလေတော့ အထီးကျန်ရတဲ့ အခိုက်အတန့်တွေကို သတိရမိသား။"
ဒါပေမဲ့ နောက်ထပ် ဆယ့်ငါးမိနစ်လောက် ကြာတဲ့အထိ အေမီပြန်မလာတော့ မက်ဒါနာတစ်ယောက် ခါးသက်စွာနဲ့ ခြောက်သွေ့လုနီးပါး တံထွေးတွေကို မျိုချလိုက်မိပါတယ်။ "ကြည့်ရတာ ဆိုင်နီးပေမဲ့ လူအုပ်ကြီးနဲ့ ပြိုင်ပြီးတိုးနေရပြီနဲ့တူတယ်။"
ပန်းခြံထဲမှာ ပွဲတော်ကြောင့် လူတအားများနေတာကို သတိထားမိတဲ့အတွက် မက်ဒါနာသက်ပြင်းချလိုက်မိပါတယ်။ တစ်ညနေလုံး ရေမသောက်ရသေးတဲ့အတွက် ရေငတ်တဲ့ဒဏ်က အတော်ဆိုးနေပြီဖြစ်ပြီး ဖြစ်နိုင်ရင် ရှေ့ကရေကန်ထဲ ဆင်းသောက်ချင်နေတာ။ ဒါပေမဲ့ ဝမ်းဗိုက်ရောဂါပိုးကြောက်တာနဲ့ မလုပ်ဖြစ်ဘူးလေ။
ကလင်... ကလင်....
အဲဒီအချိန်မှာပဲ ရေခဲမုန့်ပုံအကြီးကြီးကပ်ထားတဲ့ စျေးအရောင်းကားလေး ကားလမ်းပေါ်က ဖြတ်သွားတယ်။ 'ပွဲတော်အတွက် ရေခဲမုန့်အခမဲ့ဝေပေးနေသည်' ဆိုတဲ့ ဆိုင်းဘုတ်ကြီးလဲ ချိတ်ထားသေးတယ်။ ရေငတ်နေပြီဖြစ်တဲ့အတွက် မက်ဒါနာလည်း ဘာမှစဥ်းစားမနေတော့ဘဲ နောက်ကနေ ပြေးလိုက်တယ်။
"ရေခဲမုန့်၊ ဝေး။ ရေခဲမုန့်သည်ကြီး၊ ခနနေပါဦး။" လရောင်အောက်က ရေကန်ဘေးလမ်းမလေးပေါ်မှာ ငွေရောင်ဆံပင်နဲ့ အလှလေးက ရေခဲမုန့်ကားကြီးကို ပြေးလိုက်နေတဲ့ မြင်ကွင်းလေးက အနည်းနဲ့အများတော့ ကဗျာဆန်သားရယ်။
ကျွီ...
သိပ်မကြာခင်မှာပဲ ရေခဲမုန့်ကားလည်း မက်ဒါနာကို သတိထားမိသွားပြီး ကားကိုထိုးရပ်လိုက်တယ်။ မက်ဒါနာလည်း ရေခဲမုန့်ကားနောက်က ကောင်တာရှေ့မှာသွားရပ်လိုက်ပြီး ဝန်ထမ်းကိုမော့ကြည့်လိုက်တယ်။ ဘာကြောင့်မှန်းမသိပေမဲ့ ရေခဲမုန့်ကားပေါ်က ဝန်ထမ်းအမျိုးသမီးရဲ့ဆံပင်က နီကြောင်ကြောင်ဖြစ်နေပြီး ကျစ်ဆံမြီးကျစ်ထားတာပါ။ အမျိုးသမီးက ဗင်နီလာ ရေခဲမုန့်တစ်ခွက်ကို မက်ဒါနာရှေ့ထိုးပေးလိုက်ရင်း မေးလိုက်ပါတယ်။
"စကားမစပ်၊ နင့်ရဲ့ဆံပင်အရောင်က ထူးဆန်းတယ်နော်။ ဆေးဆိုးထားတာလား၊ မွေးရာပါလား။"
ရေငတ်နေလို့ မက်ဒါနာလည်း ရေခဲမုန့်ကို တစ်ဝကြီးကိုက်ပစ်ချင်ပေမဲ့ မေးခွန်းက နည်းနည်းထူးဆန်းနေတဲ့အတွက် ခနလောက်စဥ်းစားလိုက်ပြီး ဆံပင်ကိုကိုင်ကြည့်လိုက်ရင်း အခုလိုပြောလိုက်ပါလေရော။
"အင်း၊ ဒီအတိုင်းပဲ ပြောင်းသွားတာလေ။"
ဒီတော့ ကျစ်ဆံမြီးနဲ့အမျိုးသမီးက ရယ်လိုက်ပြီး သူ့လက်ကိုမြှောက်လိုက်တယ်။ "ဒီလောက်ဆို လုံလောက်ပြီ။ နင်ငါတို့နဲ့ လိုက်ခဲ့ရမယ်။"
"အိုင်စပန်ဇင်စပဲဆီးယပ်။" အမျိုးသမီးက မက်ဒါနာ နားမလည်နိုင်တဲ့ စကားတစ်ခွန်းကို ရေရွတ်လိုက်ပြီး မက်ဒါနာကို လက်ညိုးညွန်လိုက်တယ်။ သူ့လက်ညိုးကနေ သံချိန်းကြိုးကြီးတစ်ခု ထွက်လာပြီးနောက် မက်ဒါနာကို ဖမ်းချုပ်လိုက်တယ်။ အော်ဟစ်ဖို့ ကြိုးစားလိုက်ပေမဲ့
နောက်ကျသွားပြီဖြစ်ပြီး မက်ဒါနာရဲ့ခန္ဓာကိုယ်က ရေခဲမုန့်ဘင်ကားထဲ ရောက်နေပြီ။ နောက်တော့ ရေခဲမုန့်ဘန်ကားရဲ့ကောင်တာတံခါးပိတ်သွားပြီး အထဲမှာဘာဖြစ်နေလဲ မသိရတော့ဘူး။ ကားစထွက်ချိန်မှာတော့ မက်ဒါနာရဲ့ဖိနပ်တစ်ဖက်သာ လမ်းပေါ်မှာ ကျန်နေရစ်ပါတယ်။
...
"ဟယ်၊ သခင်မလေး ဘယ်ရောက်သွားတာလဲ။" ချောကလက်မစ်ရှိုတ်ဘူးကြီးကြီးတစ်ဘူးဝယ်လာတဲ့ အေမီက မက်ဒါနာထိုင်နေခဲ့တဲ့ ခုံတန်းနားကိုရောက်တော့ တစ်ခုခုထူးဆန်းနေတာကို သတိထားမိသွားတယ်။ ခုံတန်းပေါ်မှာထိုင်ပြီး စောင့်နေသင့်တဲ့ သခင်မလေးက အခုနေရာမှာ ရှိမနေတော့ပါဘူး။ အေမီတစ်ယောက် ပျာပျာယာယာဖြစ်သွားပြီး ဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘူး။
"သခင်မလေးဘယ်ရောက်သွားတာလဲ၊ သခင်မလေးရေ။" မကြာခင်မှာပဲ အေမီက ပတ်ဝန်းကျင်တစ်ခုလုံးအနှံ ရှာဖွေရေးစတယ်။ အစပိုင်း အနားက တောအုပ်တွေထဲ လိုက်ရှာပေမဲ့ ရေကန်ကြီးကို ပြန်ကြည့်မိတော့ ခေါင်းနားပန်းကြီးသွားတယ်။
"မဟုတ်မှလွဲရော သခင်မလေး ရေထဲပြုတ်ကျသွားတာများလား။" အဲဒီအတွေးနဲ့အတူ အေမီက ရေကန်ထဲကို ချက်ချင်းဒိုက်ထိုးပြီး ခုန်ချသွားတယ်။ ဒီမြင်ကွင်းကို ကြည့်နေတဲ့ လူတစ်ယောက်လည်း ရှိနေခဲ့ပါတယ်။
အဲဒီလူက ဘောင်းဘီအိတ်ထဲ လက်နှိုက်ရင်း လမ်းမအတိုင်းလျှောက်လာတယ်။ နောက်တော့ လမ်းမပေါ်မှာ တင်ကျန်နေရစ်တဲ့ မက်ဒါနာ့ဖိနပ်ကို ကောက်ယူလိုက်ပြီး သူထိုင်နေခဲ့တဲ့ ခုံတန်းမှာ ဝင်ထိုင်စောင့်နေတယ်။
ဗွမ်း....
ရေကန်ထဲက ရေတွေကမ်းပေါ်ကို လာစင်ပြီး ရေစိုနေတဲ့
အဝတ်အစားတွေနဲ့အေမီက ကမ်းပေါ်ပြန်တက်လာပါတယ်။ "မမလေး ရေကန်ထဲမှာလည်း မရှိပါလား။" နောက်တော့ သူ့အကြည့်က ခုံတန်းပေါ်က လူဆီကိုရောက်သွားတယ်။ လူက လူရည်သန့်ဖြစ်ပြီး အနက်ရောင်ဆံပင်ကို ဆီရွဲအောင်လိမ်းထားတယ်။ လက်ထဲမှာတော့ မက်ဒါနာနဲ့ဖိနပ်ကိုကိုင်ထားပြီး အေမီမြင်အောင်လို့ မြှောက်ပြထားတယ်။
"တစ်ယောက်ယောက်ကို ရှာနေတာလား၊ အတူရှာကြရအောင်။"
"ရှင်က ဘယ်သူလဲ...."
....
မက်ဒါနာသတိဝင်လာတော့ ကားပေါ်မှာရောက်နေပြီဖြစ်ပြီး တစ်ကိုယ်လုံးကို သံကွင်းဆက်ကြိုးတွေက ချည်ထားတယ်။ ရုန်းဖို့ကြိုးစားပေမဲ့ သံကွင်းဆက်ကြိုးတွေက သက်ဝင်လှုပ်ရှားနေပြီး ပိုပြီးတင်းကျပ်လာပါတယ်။
"ကောင်မလေး၊ ရုန်းဖို့ကြိုးစားမနေနဲ့။ အဲဒါက ငါတို့နွယ်နီရိုင်းမျိုးနွယ်ရဲ့အထူးမှော်ဂါထာ မလွတ်မြောက်နိုင်တဲ့ ထောင်ချောက်ဂါထာပဲ။ ရူးချင်ယောင်ဆောင်မနေဘဲ အဲဒီနင့်ရဲ့စာအုပ်ကိုသာ ငါတို့လက်ထဲအပ်လိုက်စမ်းပါ။"
"ဘာစာအုပ်..."
မက်ဒါနာက နားမလည်တဲ့ပုံစံမျိုးနဲ့ ကျစ်ဆံမြီးနဲ့တစ်ယောက်ကို ကြည့်လိုက်တယ်။ ကျစ်ဆံမြီးနဲ့မိန်းကလေးကလည်း လက်ပိုက်လိုက်ပြီး မက်ဒါနာရဲ့ဝမ်းဗိုက်ကို ဆောင့်ကန်လိုက်လေရဲ့။
"အောင့်... "
"ငါက နင်တွေ့ဖူးတဲ့သူတွေလိုမျိုး စိတ်ရှည်တာမဟုတ်
ဘူးနော်။ မြန်မြန်ထုတ်ပေးရင်ထုတ်ပေး၊ မဟုတ်ရင် နင့်ကို ကြိုးတုပ်လျက်သားနဲ့ လန်ဒန်တံတားပေါ်ကနေ ပစ်ချမှာ။"
"ဒါပေမဲ့ နင်တောင်းနေတဲ့ပစ္စည်းကို ငါမှမသိတာလို့။"
"အပိုလုပ်မနေနဲ့၊ အဲဒီပစ္စည်းကို ငါတို့လက်ထဲကနေ နင်ပဲလုသွားပြီး အဲဒီထူးဆန်းတဲ့ဂါထာကို သုံးသွားတာလေ။"
'ဂါထာ၊ ငါက မှော်ပညာသုံးတတ်တယ်လို့ ဆိုလိုတာလား။ သူဘာတွေပြောနေတာလဲ။' ဒီကမ္ဘာပေါ်မှာ မှော်လက်နက်တွေရှိနေတာ မက်ဒါနာသိပေမဲ့ မှော်ဂါထာတို့ဘာတို့လို စိတ်ကူးယဥ်အရာတွေ ရှိမနေဘူးဆိုတာကိုတော့ မက်ဒါနာကောင်းကောင်းသိတယ်။ ဒါပေမဲ့ ဒီတစ်ယောက်က သူ့ကိုမှော်ဂါထာသုံးနိုင်တယ်လို့ ပြောနေတဲအတွက် ဒေါသထွက်လာတယ်။ ဒါသိပ္ပံပညာရှင်တစ်ယောက်ကို စုန်းရူးရူးနေတဲ့ အယူသည်းသမားလို့စွပ်စွဲနေတာနဲ့ အတူတူပဲ။
"အရူးမ၊ ငါက နည်းပညာဟီးရိုးဟဲ့။ နင်ပြောနေတာတွေ ငါနားမလည်ဘူး ဟုတ်ပြီလား။"
ကျစ်ဆံမြီးမလည်း ဒေါသထွက်လာပြီး မက်ဒါနာကို ထပ်ဆောင့်ကန်ပြီးမေးပေမဲ့ ကြာတော့မောလာဟန်နဲ့ ကားခေါင်းခန်းထဲက ဒါရိုက်ဘာကို အင်တာကွန်းကနေတစ်ဆင့် လှမ်းပြောလိုက်လေရဲ့။
"ဂေါ်ရွန်၊ ဒီဟာမက ရူးချင်ယောင်ဆောင်နေတယ်ဟ။ ငါတို့သိမ်းထားတဲ့စခန်းကိုအရင်သွားပြီး အဲဒီကျမှ နှိပ်စက်မေးရအောင်။"
"ဟုတ်ကဲ့မမလေး။" တစ်ဖက်ကနေ အက်ကွဲနေတဲ့ စကားသံထွက်ပေါ်လာတယ်။ နောက်ခန်းပြတင်းပေါက်က လှမ်းကြည့်လိုက်တော့ ခေါင်းကနေ ချိုထွက်နေတဲ့ ကျွဲခေါင်းနဲ့လူကို မြင်လိုက်ရလို့ လန့်သေမလိုတောင်ဖြစ်သွားတယ်။
"လူလုပ်မြူတန့်လား၊ အဲဒါကြောင့် ဒါရိုက်ဘာလူကိုယ်တိုင်ထွက်လာတာ မမြင်ရတာကိုး။"
....
အေမီနဲ့ထူးဆန်းတဲ့လူငယ်ကတော့ ပန်းခြံထဲမှာ မက်ဒါ
နာကို လိုက်ရှာနေဆဲပါ။ အေမီက စိတ်မရှည်တဲ့လေသံနဲ့ ပြောလိုက်ပါပြီ။
"ဟိုလူကြီး၊ ရှင်ပြောတော့ ဘာအစွမ်းမှမသုံးဘဲရှာရင် မြန်မြန်တွေ့နိုင်တယ်ဆို။ အခုကျတော့ ဘာမှမထူးခြားသလိုပါပဲလား။"
သူတို့ပန်းခြံကို သုံးပတ်လောက်ပတ်ပြီးပြီဖြစ်ပေမဲ့ မက်ဒါနာနဲ့ပတ်သက်တဲ့ သတင်းအစအနလေးတောင်မရပါဘူး။ အကုန်လုံးက ငွေရောင်ဆံပင်နဲ့ကောင်မလေးကို ညိုချောအိမ်စေမလေးနဲ့အတူရှိနေတာ မြင်လိုက်တယ်ပြောကြပေမဲ့ သီးခြားတော့မတွေ့ရဘူးဆိုတယ်။ ဒီတော့
မက်ဒါနာက တစ်ယောက်တည်းလျှောက်လည်နေတာမဟုတ်ဘူး။ ဖိနပ်တစ်ဖက်လည်းရထားတာမလို့ တစ်ယောက်တည်းရှိနေတုန်း ပြန်ပေးဆွဲခံလိုက်ရတယ်ဆိုတာ သေချာနေပြီ။ ဖြစ်နိုင်ရင် အေမီက သူ့အင်္ကျီအိတ်ထဲဝှက်ယူလာတဲ့ ဝတ်စုံကိုဝတ်ပြီး ပန်းခြံတစ်ခုလုံးမြေလှန်ရှာချင်နေတာ။ ရှပ်အပြာနဲ့လူငယ်တားထားလို့ပေါ့။
"ဟိုလူကြီးမဟုတ်ပါဘူးနော်၊ ကျွန်တော့်မှာနာမည်ရှိပါတယ်။ လူအများစုကတော့ မာရာဒင် ဝါ့ခ်လို့ခေါ်ကြ
တယ်။"
"ဝေလနယ်သားလား။"
"သွေးနှောဆိုပါတော့၊ အဖေက ဝေလပြည်နယ်အထက်အမတ်လေ။ အမေကတော့ အာရှတိုင်းပြည်တစ်ပြည်ကနေ ပညာသင်လာရင်း အဖေနဲ့လက်ထပ်ဖြစ်သွားတာ။ ခင်ဗျားကရော။"
အေမီက သူ့မျက်လုံးတွေကို မှေးလိုက်ပြီး ဝါ့ခ်မျက်နှာကို သေချာမှတ်လိုက်တယ်။ အဲဒီနောက် "ရှင့်နာမည်နဲ့မျက်နှာကို ဝရမ်းပြေးစာရင်းမှာမတွေ့ဘူးဆိုတော့ လူကောင်းဖြစ်ပုံပဲ။ ကျွန်မနာမည်က အေမီပါ။ မျိုးရိုးနာမည်တော့မရှိဘူး။"
တစ်နေရာရောက်တော့ ဝါ့ခ်က လမ်းလျှောက်နေတာ ရပ်လိုက်ပြီး ငှက်သိုက်မုန့်ရောင်းနေတဲ့ အသည်နားရပ်ကာ အကြွေစေ့တချို့ကို ထုတ်ပေးလိုက်တယ်။ "စတော်ဘယ်ရီအရသာ နှစ်ခုပေးပါ။"
ဒါပေမဲ့ စျေးသည်က လူငယ်လေးပေးတဲ့ ဒင်္ဂါးပြားတွေကို ပြန်ပေးလိုက်ပြီး "တခြားနိုင်ငံက ပိုက်ဆံကိုကျွန်မတို့
လက်မခံပါဘူး။ ရှင့်မှာ စတာလင်ပေါင်ပါလား။"
ဝါ့ဇ်က အေမီကို အားနာနာနဲ့ကြည့်လိုက်ပြီး အခုလိုပြောလိုက်ပါတယ်။ "အားနာပါတယ်၊ ကျွန်တော်က ခင်ဗျားကို ချစ်စရာကောင်းလို့ မုန့်ဝယ်ကျွေးချင်ပေမဲ့ ငွေမလဲလိုက်မိဘူးဗျ။"
ဒီလိုနဲ့အေမီက မုန့်နှစ်ခုစာရှင်းလိုက်ရတယ်။ စျေးသည်အစ်မကြီးကတော့ ဝါ့ဇ်ကို အူကြောင်ကြောင်နဲ့ကြည့်နေရင်း ကျန်ခဲ့လေရဲ့။
သူတို့လမ်းအတူဆက်လျှောက်ရင်း ဝါ့ဇ်က လက်ထဲကမုန့်ကိုအကုန်စားပြီးပေမဲ့ အေမီတစ်ယောက် ငှက်သိုက်မုန့်ကို မထိရသေးတာတွေ့တော့ မေးလိုက်တယ်။ "ခင်ဗျားက ငှက်သိုက်မုန့်မကြိုက်ဘူးလား။"
"အဲဒီလို မဟုတ်ပါဘူး၊ ကျွန်မက Android မလို့စားလို့မရတာပါ။" အေမီက သူ့မျက်ဝန်းတွေကို တမင်အလင်းထွက်လာအောင် လုပ်ပြရင်းသက်သေပြလိုက်တယ်။
"ဒီလိုလား၊ ဒါဆိုရင်ခင်ဗျားက ယန္တရားရုပ်တွေနဲ့တူတာပေါ့နော်။ ဆောရီးပါ။ ကျွန်တော်ပဲစားလိုက်တော့မယ်။
အား၊ စတော်ဘယ်ရီအရသာလေး။"
အေမီလည်း ရေစိုနေတဲ့အဝတ်တွေရယ်၊ သခင်မလေးပျောက်နေတဲ့ ကိစ္စရယ်ကို ခနမေ့သွားပြီး ပြုံးလိုက်မိပါတယ်။ "ရှင့်ကြည့်ရတာ စတော်ဘယ်ရီကြိုက်ပုံပဲနော်။"
"အင်း၊ ခင်ဗျားရှာနေတဲ့သူကလည်း ချောကလက်ကြိုက်ပုံပဲနော်။ သူ့အတွက် တကူးတက ချောကလက်မစ်ရှိုတ်မရချင်း တန်းစီပေးခဲ့တာဆိုတော့။"
"အာ့၊ ကျွန်မတန်းစီနေခဲ့တာကို ရှင်ဘယ်လိုသိလဲမသိပေမဲ့ သခင်မလေးက တကယ်ပဲ ချောကလက်အရသာကို နှစ်ခြိုက်ပါတယ်ရှင့်။ ဟင်းပွဲတွေကိုတော့ ကျွန်မဘာချက်ကျွေးကျွေးစားပေမဲ့ သရေစာဆိုရင် ချောကလက်မှ သဘောကျတာမျိုးလေ။"
တစ်နေရာရောက်တော့ ကောင်လေးက လက်ညိုးညွန်လိုက်တယ်။ "အဟား၊ ကျုပ်ပြောသားပဲ။ ရှာတွေ့မှာပါလို့။"
အေမီလည်း သူလက်ညိုးညွန်ပြတဲ့နေရာကို ကြည့်လိုက်တယ်။ လန်ဒန်ရဲအရာရှိတစ်ယောက်က ရေခဲမုန့်ဆိုင်
ဝန်ထမ်းတစ်ယောက်ဆီကနေ စစ်ချက်ယူနေတာကို သူတို့တွေ့လိုက်ရတယ်။ ဝါ့ဇ်က အဲဒီကိုပြေးသွားလိုက်ပြီး ရဲအရာရှိလက်ထဲက မှတ်စုကို ခိုးကြည့်ကာ ရဲအရာရှိကို မေးလိုက်တယ်။
"အရာရှိကြီး၊ တစ်ခုခုဆိုးဝါးတာများ ဖြစ်နေလို့လားခင်ဗျာ။"
"ရေခဲမုန့်ဗန်ကားကို တစ်ယောက်ယောက်ခိုးသွားရုံပါပဲ၊ အများပြည်သူအန္တရာယ်မဖြစ်စေနိုင်တာမလို့ စိတ်တော့မပူပါနဲ့။ ကျွန်တော်တို့ရဲတပ်ဖွဲ့က တရားခံဖမ်းမိဖို့ ကြိုးစားနေပါတယ်။"
အေမီက ဝါ့ဇ်ကို မယုံနိုင်တဲ့ပုံစံမျိုးနဲ့ ကြည့်နေတယ်။ ရဲအရှိကလည်း အေမီအဝတ်တွေစိုနေတာကို သတိထားမိသွားပြီး မေးလိုက်တယ်။ "ဒါနဲ့ဒီကမစ်က ဘယ်လိုဖြစ်တာလဲ။"
"ကျွန်တော့်ကောင်မလေးက ရေကန်ထဲ မတော်တဆပြုတ်ကျသွားရုံပဲ။ ဒီနားမှာ အဝတ်အစားရောင်းတဲ့ တစ်နေရာရာများ ရှိလားမသိဘူး။"
ဒီလိုနဲ့အေမီနဲ့ဝါ့ဇ်တို့နှစ်ယောက် ပန်းခြံရဲ့အပြင်ဘက်က အဝတ်အစားဆိုင်တစ်ခုဆီရောက်လာတယ်။ ဝါ့ဇ်က အေမီအတွက် အတော်လေးကြည့်ကောင်းတဲ့ အသားရောင်ဘောင်းဘီနဲ့ဘရောက်စ်အင်္ကျီကို ရွေးပေးလိုက်တယ်။
"အိမ်စေဝတ်စုံနဲ့တုန်းကလောက်တော့ ကြည့်မကောင်းပေမဲ့ အခုလိုလည်းမဆိုးပါဘူး။ စိုနေတဲ့ အဝတ်အစားနဲ့ မြို့ထဲသွားနေလို့မကောင်းဘူးလေ။"
ဒါပေမဲ့ အေမီကတော့ အဝတ်အစားကိစ္စကို သိပ်ပြီး အာရုံရောက်မနေပါဘူး။ "ရှင်ခုနက တစ်ခုခုတွေ့ပြီဆို၊ သခင်မလေးနဲ့ပတ်သက်တာ တစ်ခုခုများသိလိုက်ရလို့လား။"
"ဒါပေါ့၊ ကားခိုးခံရတဲ့ကိစ္စလေ။ သီးခြားကိစ္စတစ်ခုလို့ထင်ရပေမဲ့ တစ်နေရာထဲမှာဖြစ်တဲ့ အမှုအခင်းတွေက ဆက်စပ်နေတာမျိုးများတယ်။ ဒီမှာကြည့်...."
ဝါ့ဇ်က မက်ဒါနာရဲ့ဖိနပ်ကို မြှောက်ပြလိုက်တယ်။ ဖိနပ်ရဲ့တစ်နေရာမှာ ဗင်နီလာရေခဲမုန့်က တင်ကျန်နေတဲ့ အစွန်းကွက်သေးသေးတစ်ခုရှိနေပြီး အရောင်တင်ဆေး
မပါတာကြောင့် မသိသာပေမဲ့ အစိုဓာတ်နဲ့ဗင်နီလာနံကိုရနေဆဲပါ။
"ခင်ဗျားသခင်မလေးက အဖမ်းမခံရခင် ရေခဲမုန့်စားနေခဲ့တယ်။ ရေခဲမုန့်ကားကို ခိုးသွားတဲ့သူတွေက သူ့ကိုလှည့်စားပြီး ခေါ်သွားတာမျိုးဖြစ်နေရင်ရော။"
အေမီက ခေါင်းကိုစောင်းပြီး မက်ဒါနာနဲ့ဖိနပ်ကိုကြည့်လိုက်တယ်။ ဝါ့ဇ်က အံ့မခန်းစုံထောက်ကြီးလို ပြောနေပေမဲ့ ဟာကွက်တွေအများကြီးနဲ့ပါ။ အေမီကလည်း တစ်ခုချင်းစီ ထောက်ပြလိုက်တယ်။
"ဒါပေမဲ့ ဘာအတွက်ကြောင့်လဲ၊ ကျွန်မသခင်မလေးက
နာမည်ကြီးတဲ့သူတစ်ယောက်မလို့ ဖမ်းခေါ်သွားတာ ဖြစ်နိုင်ပေမဲ့ တကယ်ပဲမတန်ဘူးလေ။"
ဟုတ်တယ်၊ တစ်ယောက်ယောက် မက်ဒါနာကိုပြန်ပေးဆွဲမယ်ဆိုရင်တောင် သူ့နောက်မှာရှိနေတဲ့ လူအုပ်ကြီးရဲ့အင်အားကိုပါ ထည့်စဥ်းစားရဦးမှာပါ။ ပြီးတော့ မက်ဒါနာကိုယ်တိုင်က အကာအကွယ်မဲ့နေတဲ့ အခြေအနေမျိုးမှာ အမြဲရှိနေတာမဟုတ်ဘူး။ အေမီသူ့အနားက ထွက်သွားလို့သာမဟုတ်ရင် အဖမ်းခံရမှာမှမဟုတ်တာ။
တခြားအချိန်တွေမှာဆိုရင်လည်း အနားမှာ ဝတ်စုံ ဒါမှမဟုတ် တခြားတစ်ယောက်ယောက် ရှိနေတာမျိုးပါ။
"ပုံမှန်ဆိုရင် ကျွန်မသခင်မလေးက ဝတ်စုံကိုဆင့်ခေါ်ပြီး အဲဒီကောင်တွေကို သမပစ်မှာပဲ။"
"ဘာတွေပြောနေမှန်းမသိပေမဲ့ အဲဒါက လက်နက်တစ်မျိုးလား။"
"ဆိုပါတော့၊ ဒါပေမဲ့ပြဿနာက အဲဒီဝတ်စုံကို သခင်မလေးက ထပ်အဆင့်မြှင့်မယ်ဆိုပြီး တစ်စစီဖြုတ်ထားရင်း တန်းလန်းကနေ ဒီထွက်လာတာပဲ။"
"....." ဒီတော့ ရှားရှားပါးပါး အကာအကွယ်မဲ့သွားတဲ့ စစ်သည်တော်မင်းသမီးလေးပေါ့။
"ဒါဆိုရင်လည်း ရေခဲမုန့်ကားကို ခြေရာခံကြရအောင်။ ငါရေခဲမုန့်ကားနံပါတ်ကို ရဲမှတ်တမ်းကနေ မှတ်လာတယ်။ နံပါတ်က.... ပဲ။"
"ကျွန်မမှာနည်းလမ်းရှိတယ်။" အေမီက ပြောပြောဆိုဆိုနဲ့ မျက်လုံးမှိတ်လိုက်တယ်။ သူ့စိတ်က လန်ဒန်မြို့မှာရှိ
နေသမျှ CCTV တွေနဲ့ချိတ်သွားပြီး ပုံရိပ်တွေကို စက္ကန့်ပိုင်းအတွင်းမှာပဲ စီစစ်လိုက်တယ်။ ခနနေတော့ ပြုံးလိုက်ပြီး မျက်လုံးဖွင့်လိုက်တယ်။ "ပန်းခြံထဲက ထွက်လာတဲ့ ရေခဲမုန့် သူတို့ဘယ်သွားလဲ ကျွန်မသိပြီ။"
နောက်တော့ အေမီက ပိုက်ဆံကိုခုံတစ်ခုံပေါ်တင်ပေးထားလိုက်ပြီး ဆိုင်ထဲကနေ ချက်ချင်းပြေးထွက်တယ်။ ဝါ့ဇ်လည်း နောက်ကနေ လိုက်ရတော့တာပေါ့။
...
"ဒီမယ်၊ မက်ဒါနာ။ နင့်ဘာသာနင် အစွမ်းအထက်ဆုံး မှော်ဆရာမဖြစ်ရင်ဖြစ်မယ်။ ဒါပေမဲ့ ငါတို့ရဲ့မိစ္ဆာနတ်ဘုရားအဖွဲ့ရဲ့အစီအစဥ်တွေကို ဝင်နှောင့်ယှက်ချင်တိုင်း နှောင့်ယှက်လို့မရဘူးဟဲ့။ အခုချက်ချင်း ကျမ်းစာအုပ်ကို ထုတ်ပေးရင်ထုတ်ပေး၊ ဒီလိုမှမဟုတ်ရင် နင့်ကိုသတ်ရလိမ့်မယ်။"
မက်ဒါနာကို လူစိမ်းနှစ်ယောက်က ထိုင်ခုံမှာကြိုးနဲ့တွဲချည်ထားပြီး လက်ရှိအခြေအနေက အေမီ လင်ဒါကိုကြိုးနဲ့ချည်ထားတဲ့ အခြေအနေနဲ့သွားတူနေတယ်လို့တောင် မက်ဒါနာတွေးလိုက်မိတယ်။ မက်ဒါနာက
ကျစ်ဆံမြီးနဲ့မိန်းကလေးကို ကြည့်လိုက်ပြီး မေးလိုက်လေရဲ့။
"နင်တို့ငါ့နာမည်ကို ဘယ်လိုသိတယ်တော့မသိဘူး၊ အနည်းဆုံးတော့ နင်တို့ကိုယ်နင်တို့ မိတ်ဆက်သင့်တယ်မဟုတ်လား။ ဒါမှနင်တို့ငါ့ဆီက ဘာတောင်းနေလဲ သိမှာလေ။"
ကျစ်ဆံမြီးမိန်းကလေးက သက်ပြင်းအရှည်ကြီးချလိုက်ပြီး ကျွဲခေါင်းနဲ့လူကြီးကို ကြည့်လိုက်ပါတယ်။ "ဂေါ်ရွန်၊ ဒီဟာမတော့ မှော်ပညာတွေလေ့လာလွန်းလို့ အတိတ်ပါမေ့သွားပြီလားဘူး။ ဘယ်လိုလုပ်ကြမလဲ။"
ဂေါ်ရွန်က ရှူးခနဲနှာခေါင်းကနေ လေမှုတ်လိုက်ပြီး ရှေ့တက်လာကာ သူ့ကြွက်သားတွေကို ထုတ်ကြွားပြတယ်။
နောက်တော့ သူ့ကိုယ်သူမိတ်ဆက်တယ်။
"ငါ့နာမည်က ဂေါ်ရွန်၊ မမလေး ပက်ထရစ်ရှာရဲ့အစေခံ
ယန္တရားရုပ်ပဲ။"
"ယန္တရားရုပ်၊ Androidလိုဟာမျိုးလား။" မက်ဒါနာက ဂေါ်ရွန်ကို စိတ်ဝင်တစားနဲ့ကြည့်နေတယ်။ ဒါပေမဲ့ ဘယ်
နေရာကမှ စက်ရုပ်တစ်ရုပ်နဲ့မတူဘဲ လူလုပ်မြူတန့်နဲ့ပဲတူနေတယ်။ ပက်ထရစ်ရှာလို့အခေါ်ခံရတဲ့ ကျစ်ဆံမြီးနဲ့ဆံနီမိန်းကလေးကတော့ ရှေ့တက်လာပြီး သူ့ကိုယ်သူထပ်မိတ်ဆက်လိုက်တယ်။
"ငါက ပက်ထရစ်ရှာ ဂါးဝှက်ခ်၊ မိစ္ဆာနတ်ဘုရားအဖွဲ့ရဲ့ကောင်စီဝင် အမှတ်သုံးပဲ။"
"ကြားရတာ ဘာသာရေးအစွန်းရောက် ဗီလိန်အဖွဲ့လိုလိုဘာလိုလိုနဲ့။ နင်တို့ကို တစ်ခါမှမကြားဖူးဘူး။"
"ဘာ၊ နင်နဲ့ငါတို့နဲ့ ဒီနှစ်နှစ်လုံးလုံး တိုက်ခိုက်နေတာကို မကြားဖူးစရာလားဟဲ့။"
"....."
....
"ဒီနေရာပဲ။" အေမီက သိုလှောင်ရုံကြီးတစ်ခုရှေ့မှာ ရပ်လိုက်ပြီး အိတ်ထဲမှာထည့်လာတဲ့ ငွေရောင်ပိုက်ဆံအိတ်လေးကို ထုတ်လိုက်တယ်။ နောက်တော့ ဝါ့ဇ်ရှေ့မှာပဲ ပုံစံပြောင်းလိုက်ပါတယ်။
"Suit up..." ဝါ့ဇ်ရှေ့မှာပဲ အေမီက ငွေရောင်နတ်သမီးလေးအဖြစ်ကို ပြောင်းသွားတဲ့အတွက် ဝါ့ဇ်မျက်ခုံးပင့်လိုက်တယ်။
"ဝိုး၊ ဒီမှာလည်း မှော်စစ်သည်တော်တွေရှိတာလား။"
"ရှင်ဘာပြောနေမှန်းမသိပေမဲ့ မတိုက်ခိုက်နိုင်ဘူးမဟုတ်လား။ တစ်နေရာရာမှာ သွားပုန်းနေတော့ ကျွန်မ မမလေးရှိနေတာကို ခံစားမိတယ်။"
"ဟုတ်..." ဝါ့ဇ်က ချက်ချင်းပဲ နေရာကနေ ပြေးထွက်သွားတယ်။ အေမီကတော့ ဘရိတ်ဓားနှစ်လက်ကို ဖြန့်ထုတ်လိုက်ပြီး အဆောက်အဦးဆီကို ပြေးသွားကာ နံရံကို ဆောင့်ကန်ပြီးဖြိုချလိုက်တယ်။
ဘုန်း....
"ဘယ်သူလဲကွ။" ဂေါ်ရွန်က ချက်ချင်း သတိထားမိသွားပြီး အေမီရှေ့မှာပိတ်ရပ်လိုက်တယ်။ အေမီက ကျွဲခေါင်းနဲ့လူကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။
"နင်တို့က မမလေးကိုပြန်ပေးဆွဲဖို့လုပ်တဲ့ ဗီလိန်တွေလား။ သေပေတော့ "
အေမီက ဓားနှစ်လက်ကို ဟန်ချက်ညီညီထိန်းချုပ်ရင်း ဂေါ်ရွန်ကိုတိုက်တယ်။ ဂေါ်ရွန်ကလည်း သူ့ရဲ့ကြီးမားတဲ့ ခန္ဓာကိုယ်ကြီးနဲ့မှမလိုက် သာသာလေးလှုပ်ရှားရင်းပြန်ခုခံတယ်။ ဒါကြောင့် အေမီရင်ထိတ်သွားတယ်။
"ရန်သူ့အင်အားက မသေးဘူး၊ အသံမြန်နှုန်းကိုချိုးဖောက်ပြီး တိုက်ခိုက်လို့ရပေမဲ့ မမလေးကို ထိခိုက်မှာစိုးရိမ်ရတယ်။" အေမီက ထိုင်ခုံမှာအချည်ခံထားရတဲ့ မက်ဒါနာကိုကြည့်ပြီး အာရုံပြန့်သွားတယ်။ ပက်ထရစ်ရှာကလည်း ဂေါ်ရွန်ကိုကူတဲ့အနေနဲ့ သံကွင်းဆက်ကြိုးတွေကို ဖန်တီးပြီး အေမီကိုဖမ်းဆီးဖို့ကြိုးစားတဲ့အတွက်
အေမီလည်း လှိမ့်ရှောင်လိုက်ရတယ်။ နှစ်ယောက်တစ်ယောက်ဖြစ်နေပြီး ရန်သူတွေက သန်မာလွန်းတာကြောင့်
အေမီအနေနဲ့ ရင်ဆိုင်ရစပြီး အခက်တွေ့နေပါပြီ။
....
ဝါ့ဇ်က လမ်းကြားတစ်ခုထဲ ဝင်လိုက်ပြီး ဘောင်းဘီအိတ်ထဲ ထိုးထည့်ထားတဲ့ ငွေရောင်မိတ်ကပ်ဘူးလေး
ကို ဆွဲထုတ်လိုက်တယ်။
"အချိန်ကျပြီ။" သူက မိတ်ကပ်ဘူးကို မျက်နှာနားမြှောက် ဆွဲဖွင့်ပြီးချိန်မှာပဲ ပါးစပ်ကိုဟကာ အခုလိုအော်ဟစ်လိုက်တယ်။
"Luna Prism Power, Make up!" နောက်တော့ ငွေရောင်အလင်းတန်းကြီးတစ်ခုက နောက်ဖေးလမ်းကြားတစ်ခုလုံးကို ဖုံးလွှမ်းသွားပါတော့တယ်။
....
"ဒီနေရာက မှော်စစ်သည်တွေက အားနည်းလိုက်တာ။ နည်းနည်းလေးတိုက်ရုံနဲ့တင် ရှုံးတော့မှာလား။"
ပက်ထရစ်ရှာက အေမီရဲ့လက်တစ်ဖက်ကို သံကြိုးနဲ့တုပ်နိုင်သွားတယ်။ အေမီက ဓားနဲ့ဖြတ်လိုက်နိုင်ပေမဲ့ ဂေါ်ရွန်ရဲ့လက်သီးချက်က သူ့အပေါ်ကို ကျဆင်းလုနီးနီးအထိ ကပ်လာနိုင်တာကြောင့် အတောင်ဖြန့်ပြီး ရှောင်လိုက်ရတယ်။ ပက်ထရစ်ရှာက ဒါကြောင့်အထင်သေးစွာပြောလိုက်တာ။ အေမီအသင့်မဖြစ်သေးခင် ထပ်ပြီး သံကြိုးတွေလွှတ်ဖို့ကြိုးစားပေမဲ့ ရုတ်တရက်ဆိုသလိုပဲ
သိုလှောင်ရုံထဲမှာ ငွေရောင်အလင်းတန်းတွေနဲ့ပြည့်သွားပြီး ငွေရောင်လမင်းသဏ္ဍာန်စကြာတွေက သူတို့နှစ်ယောက်ဆီ ပြေးဝင်လာတာကြောင့် ရှောင်လိုက်ရပါပြီ။
ထန်း... ထန်း... ထန်း....
ငွေရောင်စကြာတွေက ကြမ်းပြင်ကိုထိပြီး ပေါက်ကွဲကုန်တာကြောင့် ချိုင့်တွေဖြစ်ကုန်တယ်။ မက်ဒါနာနဲ့ အေမီလည်း လခြမ်းတွေလာရာကို ကြည့်လိုက်တော့ အေမီဝင်လာတဲ့ နံရံအပေါက်ကြီးရှေ့မှာ ချစ်စရာသင်္ဘောသားကျောင်းသူစကပ်လေးဝတ်ထားတဲ့ ငွေရောင်ဆံပင်နဲ့ ကောင်မလေးရှိနေတယ်။ ဆံပင်ဂုတ်ဝဲလေးနဲ့ဖြစ်ပြီး လက်ထဲမှာတော့ လခြမ်းကွေးသဏ္ဍာန်စကြာကိုကိုင်ထားပြီး ဟန်လုပ်ရပ်နေပါတယ်။
"မှော်စစ်သည်မလေး မက်ဒါနာ ရောက်ရှိ။ လမင်းရဲ့နာမတော်နဲ့အတူ မကောင်းမှုပြုသူအားလုံးကို ရှင်းလင်းပစ်မယ်။"
"...." ကြိုးနဲ့အတုပ်ခံထားရတဲ့ မက်ဒါနာ။
"....." တိုက်နေရင်းကနေ အသစ်ဝင်လာသူကို ရပ်ကြည့်
နေတဲ့ အေမီ။
"....." ဂေါ်ရွန်နဲ့ပက်ထရစ်ရှာ။
မက်ဒါနာတို့သတိပြန်ဝင်လာတော့ မှော်စစ်သည်မလေး မက်ဒါနာနဲ့ ပက်ထရစ်ရှာတို့က တိုက်ခိုက်နေကြပါပြီ။ မှော်စစ်သည်မလေးက တိုက်ခိုက်နေရင်းကနေ အေမီကို သတိပေးလိုက်တယ်။
"နင့်သူငယ်ချင်းကို မြန်မြန်သွားကယ်လေ။" အေမီလည်း ချက်ချင်းဆိုသလို အတောင်ဖွင့်ပြီး မက်ဒါနာရှေ့ကို အရောက်သွားတယ်။ ဂေါ်ရွန်နဲ့ပက်ထရစ်ရှာက တားချင်ပေမဲ့ မှော်စစ်သည်မလေးတားတာခံလိုက်ရတယ်။ အေမီက မက်ဒါနာကိုယ်မှာတုပ်ထားတဲ့ ဓားတွေကို ကြိုးနဲ့ဖြတ်ပစ်လိုက်ပြီး သိုလှောင်ရုံထဲကနေ ခေါ်ထုတ်သွားပေးပါတယ်။
"အား...." မက်ဒါနာနဲ့အေမီတို့ တိုက်ပွဲကို အပြင်ကနေကြည့်နေတုန်း လခြမ်းတစ်ခုက ပက်ထရစ်ရှာခေါင်းကို မှန်သွားပြီး ပက်ထရစ်ရှာ ကြမ်းပြင်ပေါ်ကို ပုံလဲကျသွားတယ်။ မသေပေမဲ့ တော်တော်နာမယ့်ပုံပဲ။ ပြန်ထမလာပုံထောက်တော့ သတိမေ့သွားပြီးနဲ့တူတယ်။
"မမလေး။" ဂေါ်ရွန်က ပက်ထရစ်ရှာကြောင့် အာရုံပြန့်သွားချိန်မှာပဲ လခြမ်းဆယ်ခုလောက် သူ့ကိုမှန်သွားပြီး
ဘုန်း....
ဂေါ်ရွန်ရဲ့တစ်ကိုယ်လုံး ပေါက်ကွဲထွက်သွားပါတော့တယ်။ မှော်စစ်သည်မလေး မက်ဒါနာကတော့ သတိလစ်နေတဲ့ ပက်ထရစ်ရှာကို ဂုတ်ကနေဆွဲပြီး စာအုပ်လေးတစ်အုပ်ကို ဘာမှမရှိတဲ့ လေထုထဲကနေပဲ ဆွဲထုတ်လိုက်တယ်။ နောက်တော့ မက်ဒါနာတို့ကိုလှည့်ကြည့်ပြီး ခုလိုပြောလိုက်လေရဲ့။
"ဟေး၊ မက်ဒါနာ။ နင်အပြိုင်စကြဝဠာတွေရှိတယ်လို့ ယုံကြည်ကြလား။" အဲဒီနောက်တော့ စာအုပ်ကို သူလက်နဲ့ထောက်လိုက်ပြီး ငွေရောင်ပေါ်တယ်တစ်ခုကို ဖွင့်လိုက်ပါတယ်။ ဂေါ်ရွန်ရဲ့အကြွင်းအကျန်တွေကို ပေါ်တယ်က စုပ်ယူသွားပြီး မကြာခင်မှာပဲ မှော်စစ်သည်မလေးမက်ဒါနာကလည်း ပက်ထရစ်ရှာကိုသယ်ပြီး တစ်ဖက်ကိုကူးသွားကာ ပေါ်တယ်ပိတ်သွားတော့တယ်။
...
"မမလေး၊ မမလေး။ ကျွန်မခုနတုန်းက အတော်လေး သဘောကောင်းတဲ့ ကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့တယ်သိလား။ မမလေးနဲ့သာဆိုရင် တအားလိုက်မှာပဲ။ ဖူးစာဖက်တွေဖြစ်ရင်ဖြစ်နေမှာ။"
မက်ဒါနာလည်း ပေါက်ကရတွေပြောနေတဲ့ အေမီကို စိတ်မရှည်တော့ဘဲ ခေါင်းကိုအသာလေးခေါက်လိုက်တယ်။
"နာတယ်၊ မမလေးရဲ့။"
"ကောင်မစုတ်လေး၊ အိမ်ပြန်ကြရအောင်။ နင်အဲဒီအင်္ကျီကြီးနဲ့ ကြည့်မကောင်းဘူးဟဲ့။"
"ဟုတ်ကဲ့၊ မမလေး။ ဒါနဲ့ခုနက မမလေးကရော မမလေးပဲလား။ ကျွန်မမသိအောင် ကလုန်းနည်းပညာ စမ်းနေတာတော့မဟုတ်ပါဘူးနော်။"
"တော်တိတ်၊ ငါလည်းဘာမှမသိဘူးဟဲ့။"