← Chapters

အခက်အခဲမရှိ ကျော်ဖြတ်ခြင်း

Vol. 34 Ch. 453

အခက်အခဲမရှိ ကျော်ဖြတ်ခြင်း

Vol. 34 Ch. 453

လီဖူချန်းက တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကို  ပြန်ရောက်လာပြီး နောက်ပိုင်းမှာ ဘာမှ အုတ်အော်သောင်းတင်း ဖြစ်အောင် မလုပ်ဘဲ သိုသိုသိပ်သိပ်သာ နေထိုင်ခဲ့ပါတယ်။ သိုင်းတက္ကသိုလ် ၂၄ခုရဲ့ အဆင့်သတ်မှတ်ပြိုင်ပွဲ စဖို့ကလည်း တစ်နှစ်လောက် လိုနေသေးတဲ့ အတွက် သူက သူ့ရဲ့ အစွမ်းတွေကို ထုတ်မပြချင်သေးပါဘူး။

အစွမ်းတွေကို ဖုံးကွယ်ထားတဲ့ အတွင်းစည်း တက္ကသိုလ် ကျောင်းသား တော်တော်များများ ကတော့ ပေါ်ပေါက်လာခဲ့ပါပြီ။ အဲဒီအတွက် တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ စွမ်းအင် သတ်မှတ်ချက် ဇယားဟာ လတိုင်းလိုလို ပြောင်းလဲ နေပါတော့တယ်။ ဒါပေမဲ့လည်း အဲဒီ စွမ်းအင် သတ်မှတ်ချက် ဇယားမှာတော့ လီဖူချန်းရဲ့ နာမည်ဟာ လုံးဝ ပါမလာခဲ့ပါဘူး။

ကျောင်းအုပ်ကြီးကတော့ လီဖူချန်းဆီကို မကြာခဏ လာပြီး လီဖူချန်းရဲ့  တိုးတက်မှု အခြေအနေတွေကို အကဲခတ်လေ့ ရှိသလို သိုင်းတက္ကသိုလ် ၂၄ခု ပြိုင်ပွဲအတွက် ကြိုးစား ပြင်ဆင်ဖို့ သတိပေးလေ့ ရှိပါတယ်။

လီဖူချန်းကတော့ အဲဒီကိစ္စကို သိပ်ပြီး ရေးကြီးခွင်ကျယ် လုပ်မနေပါဘူး။ သူ့အနေနဲ့ ဒီတစ်နှစ် အတွင်းမှာ မလေ့ကျင့်ဘဲ အိပ်လိုက်၊ စားလိုက် လုပ်နေရင်တောင်မှ စွမ်းအင် သတ်မှတ်ချက် ဇယားမှာ အဆင့်ကောင်းကောင်း ရဖို့အတွက် ယုံကြည်မှု ရှိပါတယ်။

ဒါပေမဲ့လည်း အဲဒါက လီဖူချန်းအနေနဲ့  ကြိုးကြိုးစားစား မလေ့ကျင့်တော့ဘူး ဆိုတဲ့ အဓိပ္ပာယ်ကို ဆိုလိုတာတော့ မဟုတ်ပါဘူး။

သိုင်းတာအိုရဲ့ လမ်းစဉ်က ရှည်လျား လွန်းလှပါတယ်။ သူ့အနေနဲ့ ပန်းတိုင်ကို မရောက်သေး သရွေ့တော့ အပျင်းခိုလို့ မဖြစ်ပါဘူး။

***

တစ်နေ့မှာတော့ လီဖူချန်းဟာ အတွင်းစည်း သိုင်းတက္ကသိုလ်ရဲ့ တာဝန် ခန်းမကို ရောက်လာခဲ့ပါတယ်။

သူက နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ရဲ့ အဆင့်၂၅ကို လေ့ကျင့်ခဲ့ ပြီးပါပြီ။ အဲဒီအတွက် သူ့အနေနဲ့ နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ရဲ့ အဆင့်၂၆နဲ့ အဆင့်၂၇ကို လေ့ကျင့်ဖို့အတွက် ထောက်ပံ့ရေး ရမှတ်တွေ လိုပါတယ်။ အခု လောလော ဆယ်မှာတော့  ထောက်ပံ့ရေး ရမှတ်တွေ ရဖို့ဆိုတာက တာဝန်တွေကို အောင်မြင်အောင် လုပ်ဆောင်ရမယ့် နည်းလမ်း တစ်ခုသာ ရှိတာပါ။ သိုင်းတက္ကသိုလ် ၂၄ခု ပြိုင်ပွဲမှာ အဆင့်ကောင်းကောင်း ရရင်လည်း ထောက်ပံ့ရေး ရမှတ်တွေ ရမှာ ဖြစ်ပေမဲ့  ပြိုင်ပွဲကျင်းပဖို့က တစ်နှစ်တောင် လိုပါသေးတယ်။ လီဖူချန်း အနေနဲ့ တစ်နှစ်ဆိုတဲ့ အချိန်ကြီးကိုတော့ စောင့်မနေနိုင်ပါဘူး။

တာဝန် ခန်းမမှာတော့ လူတွေ အများကြီး ရှိနေပါတယ်။ လီဖူချန်းနဲ့ သူတို့နဲ့ ကြားက ကွာခြားချက်ကတော့ သူတို့က မြေကမ္ဘာ အလယ်အလတ်အဆင့် ကျင့်စဉ် ဒါမှမဟုတ် သိုင်းပညာကို လေ့ကျင့်ဖို့ လိုအပ်တဲ့ ထောက်ပံ့ရေး ရမှတ်ကို လာရှာကြတာပါ။ လီဖူချန်းကတော့ ကျောင်းအုပ်ကြီးရဲ့ သီးသန့်ကျောင်းသား ဖြစ်တဲ့အတွက် နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ရဲ့ အဆင့်၂၅ အထိကို ထောက်ပံ့ရေးရမှတ်တွေ ပေးစရာ မလိုဘဲ လေ့ကျင့်ခွင့် ရခဲ့ပါတယ်။

"အဆင့်၅ အဆင့်မြင့် မိစ္ဆာသားရဲရဲ့ မိစ္ဆာအမြုတေကို ယူလာပေးနိုင်ရင်  ထောက်ပံ့ရေး ရမှတ် ၅၀၀ ရမယ်"

"ထောက်ပံ့ရေးရမှတ် ၅၀၀ တည်းလား"

လီဖူချန်းက စိတ်ပျက်လက်ပျက်နဲ့  ခေါင်းကို ခါယမ်း လိုက်ပါတယ်။

နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ်ရဲ့ အဆင့်၂၆ကို ရယူဖို့ အတွက်ဆိုရင် ထောက်ပံ့ရေးရမှတ် ၂၀၀၀၀ လိုအပ်ပြီး အဆင့်၂၇ကို ရယူဖို့အတွက် ဆိုရင်တော့ ထောက်ပံ့ရေးရမှတ် ၅၀၀၀၀ လိုအပ်ပါတယ်။ ထောက်ပံ့ရေးရမှတ် ၅၀၀ ဆိုတာက လီဖူချန်းအတွက် ဘာမှ အသုံးမဝင်ပါဘူး။

အဲဒီအတွက် လီဖူချန်းက နောက်ထပ် တာဝန်တွေကို ဆက်ရှာဖွေ ပါတော့တယ်။

သိပ်မကြာခင်မှာတော့ လီဖူချန်းဟာ သူနဲ့ သင့်တော်တဲ့ တာဝန်တစ်ခုကို တွေ့သွားခဲ့ပါပြီ။ သူက အဲဒီတာဝန်ကို သူကိုယ်တိုင် ရှာဖွေ တွေ့ရှိတာတော့ မဟုတ်ပါဘူး။ သူက တခြား ကျောင်းသားတွေ ပြောနေတာကို နားစွန်နားဖျား ကြားလိုက်ရတာ ဖြစ်ပါတယ်။

"ဟေ့ကောင်တွေ … မဟူရာဘုရင် လျှို့ဝှက်နယ်မြေကို သွားပြီး မဟူရာရေစင်ကို ယူလာပေးနိုင်ရင် ထောက်ပံ့ရေး ရမှတ်တွေ အများကြီး ရမှာတဲ့။ ရေစင် ၅၀၀ဂရမ် တိုင်းကို ထောက်ပံ့ရေးရမှတ် ၅၀၀တောင် ရမှာကွ။ သွားကြမလား"

မဟူရာဘုရင် လျှို့ဝှက်နယ်မြေ …

ဟိုးရှေးရှေးတုန်းကတော့ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကို ဘုရင်အဆင့် အဖွဲ့အစည်း ၇ခုက အုပ်ချုပ်ခဲ့တာ မဟုတ်ပါဘူး။ အဲဒီတုန်းကဆိုရင် အစွမ်းထက်လှတဲ့  ဂိုဏ်းပေါင်း တစ်ရာက  ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးကို ခွဲဝေ အုပ်ချုပ်ခဲ့ ကြတာပါ။

မဟူရာဘုရင် လျှို့ဝှက် နယ်မြေကတော့ အဲဒီခေတ်တုန်းက ဂိုဏ်းတစ်ဂိုဏ်း ဖြစ်တဲ့ မဟူရာဘုရင်ဂိုဏ်းနဲ့ သက်ဆိုင်ပါတယ်။ အဲဒါကြောင့်လည်း မဟူရာဘုရင် လျှို့ဝှက်နယ်မြေလို့ နာမည်တွင် နေခဲ့တာပါ။

မဟူရာဘုရင် လျှို့ဝှက်နယ်မြေဟာ  ကန့်သတ်ချက်တွေ ရှိပြီး တိုက်ပွဲ ဝိညာဉ်နယ်ပယ် အောက်မှာရှိတဲ့  အသက်၄၀အောက်  ပါရမီရှင် လူငယ်တွေကိုသာ ဝင်ခွင့်ရှိတဲ့ နေရာတစ်ခု ဆိုရင်လည်း မမှားပါဘူး။

မဟူရာဘုရင် လျှို့ဝှက် နယ်မြေထဲမှာဆိုရင် အလိုအလျောက် မြေကြီးထဲကနေ စိမ့်ထွက်လာတဲ့ အနက်ရောင်ရေတွေ ရှိပါတယ်။ အဲဒီရေတွေက တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင်တွေကို ကျင့်ကြံရာမှာ အကျိုးရှိစေတဲ့ အတွက် တောင်ပိုင်းတောအုပ် တက္ကသိုလ်က တာဝန်တစ်ခု အဖြစ် သတ်မှတ် ထားတာပါ။

ဒါပေမဲ့လည်း မဟူရာရေစင်ကို စုဆောင်းရတာက လွယ်ကူတဲ့အရာ တစ်ခုတော့ မဟုတ်ပါဘူး။ မဟူရာရေစင်ရှိတဲ့ နေရာတွေနားမှာ အခြားသော သိုင်းတက္ကသိုလ်က ကျောင်းသားတွေနဲ့  ထိပ်တိုက် တိုက်ခိုက်ရတဲ့ အပိုင်းကို အသာထားပါဦး။ ထိပ်တိုက် တိုက်ခိုက်မှုတွေ မရှိဘူး ဆိုရင်တောင်မှ မဟူရာရေစင်ကို ခပ်ယူဖို့အတွက် မလွယ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီမဟူရာ ရေစင်တွေက အရာဝတ္ထုတွေကို ဆွေးမြည့် တိုက်စားတတ်တဲ့ သဘောသဘာဝ ရှိနေလို့ပါပဲ။ သတိလေး တစ်ချက် မမူမိလိုက်တာနဲ့ မဟူရာရေစင်ဟာ ပြန်လည်ဝင်စားခြင်း ပညာရှင် တစ်ယောက်ကို လောကကြီးထဲကနေ ပျောက်ကွယ်သွားစေ နိုင်ပါတယ်။

"၅၀၀ ဂရမ်ကို အမှတ်၅၀၀၊ ၅၀၀၀ ဂရမ်ဆိုရင် အမှတ် ၅၀၀၀။ မဆိုးဘူးဟ။ ဒါပေမဲ့ ဒီထက် ပိုကောင်းတဲ့ တခြား တာဝန်လေးတွေများ ရှိလိုရှိငြား လိုက်ကြည့်လိုက်ဦးမယ်"

လီဖူချန်းက  မဟူရာဘုရင် လျှို့ဝှက်နယ်မြေ တာဝန်ကို ကြိုက်နှစ်သက်ပေမဲ့လည်း တခြား တာဝန်တွေများ ရှိဦးမလားဆိုပြီး လိုက်ရှာကြည့်လိုက် ပါသေးတယ်။ ဒါပေမဲ့လည်း သူ့စိတ်ကြိုက် တာဝန်တစ်ခုမှ ရှာမတွေ့ခဲ့ပါဘူး။

ထောက်ပံ့ရေးရမှတ် တစ်ထောင်ကျော် ပေးထားတဲ့ တာဝန်အချို့ ရှိပေမဲ့လည်း အဲဒီ တာဝန်တွေက အောင်မြင်ဖို့အတွက် ခဲယဉ်းလွန်း လှပါတယ်။ လီဖူချန်းက အဲဒီ တာဝန်တွေကို ရွေးလိုက်ရင် ရူးမိုက်ရာ ကျသွားပါလိမ့်မယ်။

"လီဖူချန်း … ငါက မဟူရာဘုရင် လျှို့ဝှက်နယ်မြေကို သွားဖို့ လူစုနေတာ။ နင်ကော စိတ်မဝင်စားဘူးလား"

အသံနဲ့အတူ အန်ရှင်း မိန်တစ်ယောက် လီဖူချန်းအနားကို ရောက်လာခဲ့ပါတယ်။

တာဝန်သင်ပုန်းပြား ပေါ်မှာတော့  တာဝန်တွေကို နှစ်အလိုက် သီးသန့် ခွဲခြားပေးထားလေ့ မရှိပါဘူး။ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ နှစ်အလိုက် ကျောင်းသားတိုင်းဟာ ဒီတာဝန် ခန်းမမှာပဲ တာဝန်တွေကို ရွေးယူရတာပါ။ အဲဒါကြောင့်လည်း အန်ရှင်းမိန်က လီဖူချန်းကို တွေ့မြင်သွားခဲ့တာ ဖြစ်ပါတယ်။

ငါလား … စိတ်ဝင်စားတယ်လေ။ အခုတောင် ငါက  မဟူရာဘုရင် လျှို့ဝှက်နယ်မြေကို သွားဖို့  စဉ်းစားနေတာ"

လီဖူချန်းက ပြန်ဖြေ လိုက်ပါတယ်။

"ဟုတ်လား။ ဒါဆိုရင် ငါနဲ့အတူ သွားရအောင်လေ။ ငါက မဟူရာဘုရင် လျှို့ဝှက်နယ်မြေကို အကြိမ်ရေ အများကြီး ရောက်ခဲ့ပြီးပြီ။ စိမကောင်းစရာက လျှို့ဝှက်နယ်မြေထဲမှာ ပြိုင်ဆိုင်မှု အရမ်းပြင်းထန်ပြီး မဟူရာရေစင်ကို ခပ်ယူဖို့ အတွက် အရမ်း ခက်ခဲတာပဲ။ ငါတောင်မှ အခုအချိန်အထိ  မဟူရာရေစင် စုစုပေါင်း  ၁၅၀၀ ဂရမ်ပဲ စုဆောင်းလို့ ရသေးတယ်"

သိုင်းတက္ကသိုလ် ၂၄ခုရဲ့ အဆင့် သတ်မှတ်ချက် ပြိုင်ပွဲက တစ်နှစ်လောက်ပဲ လိုတော့တာပါ။ ဒါပေမဲ့လည်း အန်ရှင်းမိန်က သူလေ့ကျင့်နေတဲ့ မြေကမ္ဘာအဆင့် သိုင်းပညာရဲ့ ဒုတိယ အပိုင်းကို ရယူဖို့အတွက် ထောက်ပံ့ရေး ရမှတ်တွေ လိုအပ် နေဆဲပါပဲ။ ဒုတိယပိုင်းကို မလေ့ကျင့် နိုင်ရင်တော့ အန်ရှင်းမိန်ရဲ့ အစွမ်းတွေဟာ တိုးတက် လာတော့မှာ မဟုတ်ပါဘူး။

ဥပမာ ပြောရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ အထက်ကောင်းကင်ဘုံ ဓားသိုင်းပေါ့။ တကယ်လို့ လီဖူချန်းက အထက် ကောင်းကင်ဘုံ ဓားသိုင်းကို ၄ကွက်လုံး လေ့ကျင့်ခွင့်မရဘဲ ၂ကွက်သာ လေ့ကျင့်ခွင့် ရခဲ့တယ် ဆိုကြပါစို့။  အဲဒီလို ဆိုရင်တော့ လီဖူချန်းဟာ အထက် ကောင်းကင်ဘုံ ဓားသိုင်းရဲ့ တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ကို ဘယ်လိုမှ ရောက်မှာ မဟုတ်ပါဘူး။

"အိုး … မဟူရာရေစင်ကို ရဖို့က အဲလောက်ထိ ခက်တာလား"

လီဖူချန်းက မေးလိုက်ပါတယ်။

အန်ရှင်းမိန်က ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၄ကို ရောက်နေပါပြီ။ ဒါပေမဲ့လည်း သူ့ရဲ့ လေသံအရ ဆိုရင်တော့ သူက မဟူရာဘုရင် လျှို့ဝှက်နယ်မြေကို တစ်ခေါက် သွားတိုင်းမှာ မဟူရာရေစင် ၅၀၀ဂရမ်ပြည့်အောင်  မစုဆောင်း နိုင်ခဲ့ပုံပါပဲ။

အန်ရှင်းမိန်က လီဖူချန်းကို ရှင်းပြပါတယ်။

"မဟူရာဘုရင် လျှို့ဝှက် နယ်မြေထဲမှာ ရေပန်းတွေ အများကြီး ရှိတယ်။ မဟူရာရေစင်က ရေပန်း အလယ်ကနေပဲ ထွက်တာ။ ဒါပေမဲ့ အဲဒါကို ခပ်ယူဖို့က အရမ်း ခက်ခဲတယ်။ သိုင်းတက္ကသိုလ်၂၄ခုရဲ့ အတွင်းစည်း ကျောင်းသားတွေက မဟူရာဘုရင် လျှို့ဝှက် နယ်မြေထဲကို အချိန်တိုင်းလိုလို လာနေကြတာ။ ပြီးတော့ အဓိက သိုင်းတက္ကသိုလ်ကြီး နှစ်ခုက အတွင်းစည်း ကျောင်းသား တွေကလည်း တစ်ခါတရံ လာကြသေးတယ်။ အဲဒီတော့ မဟူရာဘုရင် လျှို့ဝှက်နယ်မြေထဲမှာ ရှိတဲ့ ရေပန်းနဲ့ ကျောင်းသားတွေရဲ့ အရေအတွက်က မမျှဘူး။ ရေပန်း တစ်ခုကနေ မဟူရာရေစင် ထွက်ပြီဆိုတာနဲ့ ကျောင်းသားတွေက ချက်ချင်း ရောက်လာကြတာပဲ။ ကံကောင်းတာက မဟူရာရေစင်က ဆွေးမြည့် တိုက်စားမှု အရမ်း အားကောင်းလို့ ဘယ်သူမှ မဟူရာရေစင်ကို တစ်ကြိမ်တည်းမှာ အကုန်အစင် မခပ်ယူနိုင်ဘူး။ အဲဒါကြောင့် ငါက ရေစင်အနည်းငယ်ကို လုယူနိုင်ခဲ့တာ။ မဟုတ်လို့ကတော့ ငါလည်း ဘာမှ ရမှာ မဟုတ်ဘူး"

"အိုး … လုလို့ ရတာလား။ ဒါဆို ပျော်စရာကြီးပေါ့"

လီဖူချန်းက သူ့ရဲ့ မေးစေ့ကို ပွတ်ရင်းနဲ့ ပြောလိုက်ပါတယ်။ သူ့ကို ကြည့်ရတာက မဟူရာရေစင်တွေကို မရှာဘဲ လုဖို့သာ စဉ်းစားနေပုံပါပဲ။

အန်ရှင်းမိန်းက လီဖူချန်းကို မျက်လုံးရွှဲကြီးနဲ့ ကြည့်လိုက်ပြီး …

"လီဖူချန်း … နင်သူများတွေကို အထင်မသေးနဲ့နော်။ မဟူရာဘုရင် လျှို့ဝှက် နယ်မြေထဲကို လာတဲ့သူတွေက တစ်ယောက်မှ မခေဘူး။ နင်က ငါတို့တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ် စွမ်းအင် သတ်မှတ်ချက် ဇယားရဲ့ ထိပ်ဆုံး၅နေရာထဲကို ဝင်ချင်ဝင်လိမ့်မယ်။ ဒါပေမဲ့ နင်တစ်ခု သိထားရမှာက တောင်ပိုင်းတောအုပ်သိုင်းတက္ကသိုလ်က သိုင်းတက္ကသိုလ်၂၄ခုထဲမှာ သာမန်သိုင်း တက္ကသိုလ် တစ်ခုပဲ။ သိုင်းတက္ကသိုလ်၂၄ခုရဲ့ အထက်မှာဆိုရင် ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ်နဲ့ ကြယ်တာရာ သိုင်းတက္ကသိုလ် ရှိသေးတယ်။ အဲဒီ သိုင်းတက္ကသိုလ် နှစ်ခုက အတွင်းစည်း ကျောင်းသားတွေက ဟာသ မဟုတ်ဘူးနော်။ အဲဒီသိုင်းတက္ကသိုလ် နှစ်ခုရဲ့ စွမ်းအင် သတ်မှတ်ချက် ဇယား အောက်ပိုင်းက ကျောင်းသားတွေတောင်မှ အစ်ကိုစီးတုသောင်းကို ယှဉ်နိုင်လု နီးပါးပဲ"

အန်ရှင်းမိန်က လီဖူချန်း တစ်ယောက် မဟူရာဘုရင် လျှို့ဝှက် နယ်မြေထဲမှာ ဆောင့်ကြွားကြွား သွားလုပ်မှာကို စိုးရိမ်နေပါတယ်။ တကယ်လို့သာ လီဖူချန်းက မဟူရာဘုရင် လျှို့ဝှက် နယ်မြေထဲမှာ ဆောင့်ကြွားကြွား သွားလုပ်နေရင် တခြား သိုင်းတက္ကသိုလ် တွေက ကျောင်းသားတွေက သူ့ကို ညှာနေမှာ မဟုတ်ပါဘူး။ သေချာပေါက် သင်ခန်းစာ ပေးကြမှာပါပဲ။

လီဖူချန်းက လက်ကာပြ လိုက်ပါတယ်။

"စိတ်မပူစမ်းပါနဲ့။ ငါက ငါ့ရဲ့ ကန့်သတ်ချက်ကို သိပါတယ်"

တကယ်လို့ မဟူရာရေစင်ကို ရှာရတာက ကံကြမ္မာအပေါ်မှာ မူတည်ရင်တော့ သူ့အနေနဲ့ မဟူရာရေစင် အများအပြားကို စုဆောင်းနိုင်ချင်မှ နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ လုယူခွင့် ရှိနေမှတော့ သူ့အနေနဲ့ မဟူရာရေစင် မရမှာကို  စိုးရိမ်နေစရာ မလိုတော့ပါဘူး။ သူက မဟူရာ ရေစင်ထွက်တဲ့ နေရာတွေကို သွားပြီး လုယူရုံပါပဲ။

***

"ရှင်းမိန် … နင်ကော မဟူရာဘုရင် လျှို့ဝှက်နယ်မြေကို သွားမလို့လား"

တောင်ပိုင်း တောအုပ်သိုင်း တက္ကသိုလ်ရဲ့ အတွင်းစည်း သိုင်းတက္ကသိုလ် ထဲမှာတော့ မဟူရာဘုရင် လျှို့ဝှက်နယ်မြေထဲကို ပို့ဆောင်ပေးတဲ့  တည်နေရာရွှေ့ပြောင်း စင်တစ်ခု ရှိပါတယ်။ မဟူရာဘုရင် လျှို့ဝှက် နယ်မြေထဲကို  ဝင်ဖို့ လီဖူချန်း တစ်ယောက် ပြင်နေစဉ်မှာပဲ လူရိပ်တစ်ရိပ်ဟာ အနားကို ရောက်လာခဲ့ပါတယ်။

အန်ရှင်းမိန်က ဒေါသထွက်စွာနဲ့

"လျူကျင်း … ငါမဟူရာဘုရင် လျှို့ဝှက်နယ်မြေထဲကို သွားတာ၊ မသွားတာက နင်နဲ့ ဘာဆိုင်လို့လဲ”

ရောက်လာ သူကတော့ ပါးစပ်ထောင့်နားမှာ မှဲ့ရှင်တစ်လုံး ပေါက်နေတဲ့ ခပ်ချောချော လူငယ် တစ်ယောက်ပါပဲ။

လျူကျင်း …

လျူကျင်း ဆိုတာကတော့ တစ်ချိန်တုန်းက ကျိုးဟန်နဲ့အတူ စွမ်းအင် သတ်မှတ်ချက် ဇယား အဆင့်၅မှာ ပူးတွဲ ရပ်တည်ခဲ့သူပါ။ ဒါပေမဲ့ ဝမ်ဟိုင်လုံ ပေါ်လာခဲ့ အပြီးမှာတော့ သူနဲ့ကျိုးဟန်ဟာ စွမ်းအင် သတ်မှတ်ချက်ဇယား အဆင့်၆ကို ရောက်သွားခဲ့ပါပြီ။

အစောပိုင်းတုန်းကတော့ အန်ရှင်းမိန်ဟာ လျူကျင်းကို အလိုက်အထိုက် ဆက်ဆံ ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း နောက်ပိုင်းမှာတော့ သူဟာ လျူကျင်းကို ဘယ်လိုမှ ဒီးမခံနိုင်တော့ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ လျူကျင်းက စိတ်ညစ်စရာ ကောင်းလောက်အောင် လိုက်ကပ် နေလွန်းလို့ပါပဲ။

လျုကျင်းကတော့ အန်ရှင်းမိန် ဒေါသထွက်နေတာကို မသိချင်ယောင် ဆောင်ပြီး ရယ်ပြနေပါတယ်။ ပြီးမှ သူက လီဖူချန်းဘက်ကို လှည့်လိုက်ပြီး …

"မင်းက လီဖူချန်းဆိုတာလား …။ မင်းရဲ့ ဝါစဉ်ကြီး အစ်ကိုကို တွေ့နေတာတောင်မှ အရိုအသေ မပေးဘူးလား။ မင်းက တော်တော် ရိုင်းတာပဲ"

လီဖူချန်းက ရယ်ချင်စိတ်ကို ထိန်းမရတော့ပါဘူး။ ဒီလျူကျင်းဆိုတဲ့ ကောင်က အန်ရှင်းမိန်ကို မနိုင်တာနဲ့ပဲ သူ့ကို လာမဲနေပါတယ်။

"မင်းနဲ့ငါ သိလို့လား”

“သိသိ မသိသိကွာ။ နောက်တစ်ခါ ငါ့ကို တွေ့ရင် အရိုအသေပေး။ ဒါမှမဟုတ်ရင် တခြားလမ်းကသွား”

လျူကျင်းက ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၃က လီဖူချန်းကို လုံးဝ အထင်မကြီးပါဘူး။

လီဖူချန်းက ပြန်ပြောဖို့ ပြင်လိုက်စဉ်မှာပဲ တည်နေရာရွှေ့ပြောင်းတဲ့ စင်ဟာ အရောင်တွေ တောက်ပလာခဲ့ပါတယ်။

ချွမ် …

အဲဒီနောက်မှာတော့ အတွင်းစည်း ကျောင်းသား တစ်အုပ်လုံးဟာ အတွင်းစည်း တက္ကသိုလ်ထဲကနေ ပျောက်ကွယ် သွားပါတော့တယ်။

ပြန်ပေါ်လာတဲ့ အချိန်မှာတော့ သူတို့ဟာ မရင်းနှီးတဲ့ နယ်မြေတစ်ခုကို ရောက်ရှိနေခဲ့ပါပြီ။

“ဒါက မဟူရာဘုရင် လျှို့ဝှက်နယ်မြေလား”

လီဖူချန်းရဲ့ တစ်မူ ထူးခြားလှတဲ့ အသိစိတ်အာရုံက မဟူရာဘုရင် လျှို့ဝှက်နယ်မြေရဲ့ ကောင်းကင်နဲ့မြေကြီး ချီစွမ်းအင်တွေဟာ အပြင်လောကထက် ပိုသိပ်ဒီးတာကို ခံစားလိုက် ရပါတယ်။ ဒါပေမဲ့ ဒီချီစွမ်းအင်တွေက ကျင့်ကြံဖို့အတွက် မသင့်တော်တာကိုလည်း သူအာရုံခံလိုက် မိပါတယ်။

“လီဖူချန်း”

အန်ရှင်းမိန်ကလည်း လီဖူချန်းနဲ့ မလှမ်းမကမ်းမှာ ပေါ်လာခဲ့ပါပြီ။ သူက တည်နေရာ ရွှေ့ပြောင်း စင်မြင့်ပေါ်ကနေ ခုန်ဆင်းလိုက်ပြီး လီဖူချန်းကို ပြောလိုက်ပါတယ်။

“မဟူရာဘုရင် လျှို့ဝှက်နယ်မြေက ကျင့်ကြံဖို့ အတွက် မသင့်တော်ဘူး။  ဒီနယ်မြေထဲမှာ နင်နေတာ အချိန်ကြာလာလေလေ နင့်ရဲ့ သွေးနဲ့ ချီတွေက ပျစ်ခဲလာပြီး မသန့်စင်မှုတွေ ပိုများ လာလိမ့်မယ်။  အချိန်ရှိတုန်း ရေပန်းတွေ အမြန်ရှာပြီး မဟူရာရေစင်တွေ စုဆောင်းရအောင်”

“ရှင်းမိန်  … ငါနဲ့လိုက်ခဲ့။ နင်ဒီတစ်ခါ မဟူရာရေစင် ၅၀၀ဂရမ် ရစေရမယ်လို့ ငါကတိပေးတယ်”

လျူကျင်းက အန်ရှင်းမိန်ကို ခေါ်လိုက်ပါတယ်။

အန်ရှင်းမိန်က လုံးဝ မလိုက်ပါဘူး။

“နင့်ဟာနင် သွားလိုက်။ ငါက လီဖူချန်းနဲ့ သွားမှာ”

လျုကျင်းကတော့ ဒေါသ ထွက်သွားခဲ့ပါပြီ။ ဒါပေမဲ့ သူက သူ့ရဲ့ ဒေါသတွေကို အန်ရှင်းမိန် အပေါ်မှာ ပုံမချရဲပါဘူး။ သူက လီဖူချန်း ဆီကိုသာ သူ့ရဲ့ ဒေါသတွေ ပုံချပါတော့တယ်။

“လီဖူချန်း … ငါမင်းကို အခွင့်အရေး တစ်ခု ပေးလိုက်မယ်။ အခုချက်ချင်း ငါ့ရဲ့ မျက်စိရှေ့အောက် ထွက်သွားစမ်း”

“မင်းကိုယ်မင်း ဘာထင်နေတာလဲ”

လီဖူချန်းက သူ့ရဲ့ နေရာကနေ ခြေတစ်လှမ်းတောင်မှ မရွေ့ပါဘူး။ သူက လျူကျင်းကို လုံးဝ ဂရုမစိုက်တာ အသိသာကြီးပါပဲ။

“ဒါက ဝါစဉ်ကြီးအစ်ကို တစ်ယောက်ကို ပြန်ပြောရမယ့် လေသံလား။ လီဖူချန်း … မင်းက အတော် မိုက်ရိုင်းတာပဲ။ မင်းက ကျောင်းအုပ်ကြီးရဲ့ သီးသန့် ကျောင်းသား ဖြစ်နေလို့  မင်းကို ဘယ်သူမှ မထိရဲတော့ဘူး ထင်နေတာလား။ အခုချက်ချင်း ဒူးထောက်ပြီး တောင်းပန်စမ်း”

စကားအဆုံးမှာတော့ လျူကျင်းက  သူ့ရဲ့ ချီအရှိန်အဝါ တွေကို ထုတ်ပြီး လီဖူချန်းကို ဖိနှိပ် လိုက်ပါတယ်။

လီဖူချန်းကတော့ အေးအေးဆေးဆေး ရပ်နေဆဲပါပဲ။

လျူကျင်းရဲ့ ချီအရှိန်အဝါ တွေက လီဖူချန်းကို ဖိနှိပ်ဖို့ မပြောနဲ့။ လီဖူချန်းရဲ့ အင်္ကျီ လက်နားစကို တောင်မှ မလှုပ်ခတ် စေခဲ့ပါဘူး။

“တော်ပြီလား”

လီဖူချန်းက လျူကျင်းကို လှောင်ပြုံးတောင်  ပြုံးနေလိုက် ပါသေးတယ်။

“ဘဝင်မြင့်နေတဲ့ ခွေးမသား။ ငါမင်းကို ဒီနေ့ ကောင်းကောင်း ဆုံးမပြမယ်”

လီဖူချန်းရဲ့ လှောင်ပြုံးကို မြင်လိုက်ရတဲ့ အချိန်မှာတော့ လျူကျင်းဟာ ဘယ်လိုမှ စိတ်မထိန်း နိုင်တော့ပါဘူး။ သူက လီဖူချန်းဆီကို ခုန်ဝင်သွားပြီး လက်သီးနဲ့ ထိုးလိုက်ပါတယ်။

“အတော် သောက်စကား များတဲ့ကောင်ကွာ။ သွားစမ်း”

လီဖူချန်းက လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ ဘယ်ကနေ ဘယ်လို ပေါ်လာမှန်း မသိတဲ့ လက်ဝါးရိပ်ကြီးဟာ လျူကျင်းကို  ရိုက်ချပစ် လိုက်ပါတော့တယ်။

ဘန်း …

လျူကျင်းကတော့ မြေကြီးထဲကို မီတာအနည်းငယ် စိုက်ဝင် သွားခဲ့ပါပြီ။

“ဘာ … ဘာကြီးလဲဟ”

အန်ရှင်းမိန် အပါအဝင် အခြားသော တောင်ပိုင်းတက္ကသိုလ် အတွင်းစည်း ကျောင်းသား တွေကတော့ ပါးစပ် အဟောင်းသားနဲ့ပါပဲ။

လီဖူချန်းက အဆင့် သတ်မှတ်ချက် ဇယားက နံပါတ်၆ လျူကျင်းကို လက်ဝါးရိုက်ချက် တစ်ချက်တည်းနဲ့ပဲ ဖိနှိပ်ပစ် လိုက်ပါတယ်။ လီဖူချန်းဆိုတဲ့ ကောင်က  ဘယ်အချိန် ကတည်းကနေ ဒီလောက်အထိ အစွမ်းထက်နေတယ် မသိပါဘူး။

“လီဖူချန်း … ကြည့်ရတာ ငါက နင့်ကို အထင်သေးလိုက် မိတာပဲ။  နင့်ရဲ့ လက်ရှိ အစွမ်းက အဆင့်၂ ကုဟန်နဲ့တောင်မှ ယှဉ်လို့ရနေပြီ”

အန်ရှင်းမိန်က လေးစားအားကျစွာနဲ့  ပြောလိုက်ပါတယ်။

ကုဟန်က စီးတုသောင်းလိုပဲ နတ်ဘုရားစွမ်းရည်ရဲ့ အစကနဦး အဆင့်ကို ရောက်နေခဲ့ပါပြီ။ နောက်ပိုင်း ကျရင်တော့ သူဟာ  အစစ်အမှန် နတ်ဘုရား စွမ်းရည်ကိုတောင်မှ နိုးထ နိုင်လောက် ပါသေးတယ်။

“ခွေးမသား … မျိုးမစစ်ကလေး”

လျူကျင်းက လူပုံသဏ္ဌာန် တွင်းထဲကနေ ပြန်တက်လာခဲ့ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ် ပေါ်မှာတော့ ဖှုန်မှုန့် အမှိုက်သရိုက်တွေ အပြည့်ပါပဲ။  သူက ပါးစပ်ထဲက မြေကြီးတွေကို ထွေးထုတ်လိုက်ပြီး ကြိမ်းမောင်း လိုက်ပါတယ်။

“ထွီ … လီဖူချန်း … မင်းနဲ့ငါ့ရဲ့ ကိစ္စက မပြီးပြတ်သေးဘူးကွ။ သေပေတော့”

စကားအဆုံးမှာတော့ သန့်စင်ပြီး အားကောင်းလှတဲ့ ချီစွမ်းအင်တွေဟာ လျူကျင်းရဲ့ ခန္ဓာကိုယ်ထဲကနေ တိုးထွက် လာခဲ့ပါပြီ။ မီတာ တစ်ရာ ပတ်ဝန်းကျင် တစ်ခုလုံးဟာလည်း ရေလှိုင်းတွေ အောက်ကို ရောက်သွားသလိုပါပဲ။ လျုကျင်းထက် အဆင့်နိမ့်တဲ့ သူတွေကတော့ ဒီဖိအားကို တောင့်မခံနိုင် ကြတော့ပါဘူး။

ဒေါသအကြီးအကျယ် ထွက်သွားတဲ့ လျုကျင်းဟာ သူ့ရဲ့ ရေစေး စွမ်းအားကို ထုတ်လိုက်ပုံ ရပါတယ်။

“ဟူး … လောကကြီးမှာလည်း အရူးတွေ တော်တော်ပေါတာပဲ”

လီဖူချန်းက စိတ်ပျက်လက်ပျက်နဲ့ ညည်းတွား လိုက်မိပါတယ်။ အဲဒီ နောက်မှာတော့ သူက ညာလက်ကို မြှောက်ပြီး ဖိချ လိုက်ပါတော့တယ်။

“သွားစမ်း”

အဆုံးအစမရှိတဲ့ အပူဓာတ်တွေ ခိုဝင် ကိန်းအောင်းနေတဲ့ နေမင်းဇောအဟုန် နေဝန်းဟာ ကောင်းကင်ယံကနေ ဆင်းသက် လာခဲ့ပါပြီ။ အဲဒါက ဥက္ကာခဲတစ်လုံး ကျဆင်း လာသလိုပါပဲ။

ဘန်း …

လျူကျင်း နေမင်းဇောအဟုန် နေဝန်းရဲ့ ဖိအားကို လုံးဝ တောင့်မခံ နိုင်ခဲ့ပါဘူး။ သူက  မြေကြီးထဲကို နောက်ထပ်တစ်ကြိမ် စိုက်ဝင် သွားခဲ့ပြန်ပါပြီ။

မြေပြင်ပေါ်မှာတော့ လက်ဝါးရာကြီး တစ်ခုနဲ့ ဆယ်ပေကျော်နက်တဲ့ တွင်းကြီး တစ်ခု ဖြစ်ပေါ်လာပါတယ်။ ကြည့်ရတာတော့ လျူကျင်းက တွင်းအောက်ခြေမှာ ရှိနေတဲ့ ပုံပါပဲ။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့  လျူကျင်းဟာ တွင်းထဲကနေ ပြန်တက် မလာတော့ပါဘူး။

“လီ … လီဖူချန်း … နင်သူ့ကို သတ်လိုက်တာတော့ မဟုတ်ပါဘူးနော်”

အန်ရှင်းမိန်က မဝံ့မရဲနဲ့ လီဖူချန်းကို မေးလိုက်ပါတယ်။

သိုင်းတက္ကသိုလ် တစ်ခုရဲ့ ကျောင်းသား တစ်ယောက်ကို သတ်လိုက်တယ် ဆိုတာက ကြီးမားလှတဲ့ အပြစ်ကြီး တစ်ခုပါပဲ။ လီဖူချန်းက ကျောင်းအုပ်ကြီးရဲ့ ကျောင်းသား ဖြစ်နေရင်တောင်မှ ပြစ်ဒဏ်ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

လီဖူချန်းက ပြုံးပြီး ပြန်ဖြေလိုက်ပါတယ်။

“မစိုးရိမ်ပါနဲ့ အန်ရှင်းမိန်ရ။ ငါက အားတောင် သိပ်မထုတ်ဘဲ ဒီအတိုင်းလေး လုပ်လိုက်တာပါ။ သေစရာ အကြောင်း မရှိပါဘူး။ ကြည့်ရတာ အဲကောင်က သတိမေ့နေတာလားမှ မသိတာ”

လီဖူချန်းကလည်း ကျောင်းသား တစ်ယောက်ကို သတ်ရင် ဘာဖြစ်မလဲ ဆိုတာကို မသိစရာ အကြောင်း မရှိပါဘူး။

ခရမ်းရောင်ပန်း နိုင်ငံတော်မှာက တစ်ကျောင်းတည်းသားချင်းကို သတ်တာ မပြောနဲ့။ တခြားကျောင်းက ကျောင်းသား တစ်ယောက်ကို သတ်မိရင်တောင်မှ ကြီးလေးတဲ့ အပြစ်ဒဏ်ကို ခံရပါတယ်။

***

All Chapters