ရန်ချင်းဟူရဲ့ ထွက်ခွာမှု
Vol. 34 Ch. 454
နယ်မြေထဲကနေ ထွက်ခွာမယ့်ပုံ မရှိပါဘူး။ အဲဒီအစား သူက မဟူရာဘုရင် လျှို့ဝှက်နယ်မြေရဲ့ ဘယ်ဘက်ခြမ်းကို ဦးတည် ထွက်သွား ပါတော့တယ်။
မဟူရာဘုရင် လျှို့ဝှက်နယ်မြေဟာ ကြီးမား ကျယ်ပြန့်လှတဲ့ နယ်မြေ တစ်ခုပါပဲ။ ပြီးတော့ တိမ်ကော သွားပြီးဖြစ်တဲ့ မြစ်ကျိုးအင်းတွေလည်း အများကြီး ရှိပါတယ်။ များသော အားဖြင့်တော့ အဲဒီ မြစ်ကျိုးအင်းတွေရဲ့ အလယ်မှာပဲ မဟူရာ ရေစင်တွေ ထွက်လေ့ရှိတဲ့ ရေပန်းတွေ ရှိတတ်တာပါ။
တိမ်ကောနေပြီဖြစ့်တဲ့ မြစ်ကျိုးအင်း တစ်ခုရဲ့ ရေပန်းတစ်ခု အနီးမှာတော့ ဒါဇင်နဲ့ချီတဲ့ လူငယ်တွေဟာ တင်ပျဉ်ခွေ ထိုင်ပြီး ရှိနေကြပါတယ်။ ဝတ်စုံတွေအရ ဆိုရင်တော့ သူတိုတွေဟာ တူညီတဲ့ သိုင်းတက္ကသိုလ် တစ်ခုထဲက ကျောင်းသားတွေ မဟုတ်ကြပါဘူး။ သူတို့ကို ကြည့်ရတာက မဟူရာရေစင် ပန်းထွက်လာမယ့် အချိန်ကို စောင့်နေကြပုံပါပဲ။
မြစ်ကျိုးအင်း အစပ်ကို အရောက်မှာတော့ အန်ရှင်းမိန်က အကြံတစ်ခု ပေးလိုက်ပါတယ်။
“ငါတို့အားလုံး ရေပန်း တစ်ခုတည်းမှာ စောင့်နေကြတာက ကောင်းတဲ့ အစီအစဉ်လို့ ငါမထင်ဘူး။ မဟူရာဘုရင် လျှို့ဝှက် နယ်မြေထဲမှာရှိတဲ့ ရေပန်းတွေက တစ်ခါ ပွင့်ဖို့ အတွက် တစ်လကျော်လောက် စောင့်ရတတ်တယ်။ အဲဒီတော့ ဒီလို လုပ်ကြရအောင်။ ငါတို့အားလုံး တည်နေရာပြ တံဆိပ်တော်တွေကို ယူသွားပြီး နေရာ ဖြန့်လိုက်ကြမယ်။ မဟူရာရေစင် ထွက်နေတဲ့ ရေပန်းကို တွေ့တဲ့သူက တံဆိပ်တော်ကို အသက်သွင်းလိုက်။ တံဆိပ်တော် အသက်ဝင်ပြီ ဆိုတာနဲ့ ကျန်တဲ့သူတွေက အဲဒီနေရာကို အမြန်ဆုံး လာခဲ့ကြ”
“ကျွန်တော်က အစ်မအန်းရဲ့ အကြံကို သဘောတူပါတယ်။ ဒါပေမဲ့ မဟူရာရေစင်ကို ကျတော့ ဘယ်လို ခွဲယူကြမှာလဲ”
တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ အတွင်းစည်း ကျောင်းသား တစ်ယောက်က မေးလိုက်ပါတယ်။ အဲဒီ ကျောင်းသားကတော့ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၃မှာသာ ရှိနေသေးတဲ့ ကောလုံပါပဲ။
အန်ရှင်းမိန်က လီဖူချန်းကို တစ်ချက် ကြည့်လိုက်ပြီး အဖြေ ပေးလိုက်ပါတယ်။
“လီဖူချန်းက အရမ်း အစွမ်းထက်တယ်။ ငါတို့အဖွဲ့ထဲမှာ သူပါလာမှတော့ မဟူရာ ရေစင်တွေကို အရင်အကြိမ်တွေကထက် အများကြီး စုဆောင်းနိုင်မှာ အသေအချာပဲ။ အဲဒီအတွက် ရလာတဲ့ မဟူရာ ရေစင်တွေထဲက ၄၀ ရာခိုင်နှုန်းကို လီဖူချန်းကို ပေးပြီး ကျန်တာကို ငါတို့ ခွဲဝေ ယူကြမယ်”
“အစ်မအန် … တကယ်လို့ ကျွန်တော်တို့က မဟူရာရေစင် အများကြီး မစုဆောင်းနိုင်ရင် ဘယ်လိုလုပ်မလဲ။ အစ်မရဲ့ ခွဲတမ်းချတာက သိပ်အဓိပ္ပာယ် မရှိဘူးလို့ ကျွန်တော် ခံစားရတယ်”
အခြား ကျောင်းသား တစ်ယောက်က အန်ရှင်းမိန်ရဲ့ ခွဲတမ်းချမှုကို သဘောမတူပါဘူး။ သူကတော့ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၃က ချန်ချင်းပါပဲ။
ချန်ချင်းက လီဖူချန်းဟာ အရမ်း အစွမ်းထက်တယ် ဆိုတာကို သိပြီး မဟူရာ ရေစင်ကို ရယူရမှာလည်း ကောင်းကောင်းကြီး အသုံးဝင်မယ် ဆိုတာကို သိပါတယ်။ ဒါပေမဲ့ သူကလည်း မဟူရာရေစင်ကို လိုချင်လို့ မဟူရာဘုရင် လျှို့ဝှက် နယ်မြေထဲကို ဝင်လာခဲ့တာပါ။ သူက ဒီမဟူရာဘုရင် လျှို့ဝှက်နယ်မြေထဲကို ရောက်လာပြီးမှတော့ လုံလောက်တဲ့ မဟူရာရေစဉ် မရဘဲနဲ့ မပြန်သွားချင်ပါဘူး။
လီဖူချန်းကလည်း တခြား ကျောင်းသားတွေရဲ့ ခံစားချက်ကို နားလည်ပါတယ်။ အဖွဲ့က သဘောမတူဘဲနဲ့တော့ သူ့အနေနဲ့ မျက်နှာင်ပြောင် တိုက်ပြီး ဝေစုရဲ့ လေးဆယ်ရာခိုင်နှုန်းကို မယူချင်ပါဘူး။
“အန်ရှင်းမိန် … ငါလည်း အဲဒါက သူတို့အတွက် မမျှတဘူးလို့ ခံစားရတယ်”
“ဘာ”
လီဖူချန်းရဲ့ စကားကို ကြားအပြီးမှာတော့ အန်ရှင်းမိန်ဟာ ထူးဆန်းတဲ့ အကြည့်တွေနဲ့ လီဖူချန်းကို စိုက်ကြည့် လာခဲ့ပါပြီ။
လီဖူချန်းက လူတွေ အားလုံးကို မေးလိုက်ပါတယ်။
“မင်းတို့တွေ အားလုံးက ဒီနယ်မြေထဲကို အကြိမ်ကြိမ် ရောက်ပြီးခဲ့ကြပြီ။ အဲဒီအကြိမ်တွေတုန်းက မဟူရာ ရေစင်တွေကို ပျမ်းမျှ ဘယ်လောက်အထိ စုဆောင်းမိလဲ”
အန်ရှင်းမိန်က ပထမဆုံး ဖြေလာပါတယ်။
“ငါအများဆုံး စုဆောင်း မိတာကတော့ ၄၀၀ ဂရမ်။ ကျန်တဲ့အကြိမ် တွေမှာတော့ ၂၅၀ ဂရမ်ကနေ ၃၀၀ ဂရမ်လောက်ပဲ စုဆောင်းမိတယ်”
“ငါကတော့ ၃၅၀ ဂရမ်က အများဆုံးပဲ။ ကျန်တဲ့အကြိမ် တွေကတော့ ၂၀၀ ဂရမ်ကနေ ၂၅၀ ဂရမ်ကြားပဲ စုဆောင်းမိတယ်”
“ငါကတော့ ၃၀၀ ဂရမ်”
“ငါကတော့ ၂၇၀ ဂရမ်”
လူတွေ အားလုံးက သူတို့ စုဆောင်းမိခဲ့တဲ့ မဟူရာရေစင် အလေးချိန်ကို ဖြေလာကြပါပြီ။
လီဖူချန်းက ပြုံးလိုက်ပြီး
“မင်းတို့ရဲ့ လေသံအရ ဆိုရင်တော့ မင်းတို့ထဲက ဘယ်သူကမှ ခရီးတစ်ခေါက် ထွက်တိုင်းမှာ မဟူရာရေစင် ၅၀၀ ဂရမ်ပြည့်အောင် မစုဆောင်း နိုင်ခဲ့ဘူးပေါ့”
လူငယ်အားလုံးက ခေါင်းညိတ် လိုက်ကြပါတယ်။
“ဟုတ်ပြီ။ ဒါဆိုရင် အခုငါတို့အဖွဲ့မှာ အဖွဲ့ဝင် စုစုပေါင်း ၅ယောက် ရှိတယ်။ တကယ်လို့ ငါတို့အဖွဲ့က မဟူရာရေစင် ၂၅၀၀ ဂရမ်ထက်ပိုအောင် မစုဆောင်းနိုင်ဘူး ဆိုရင် အဲဒါကို ငါတို့အားလုံး အညီအမျှ ခွဲယူကြမယ်။ ငါက မဟူရာရေစင် နည်းနည်းလေးကို စိတ်မဝင်စားဘူး”
“တကယ်လို့ မဟူရာရေစင် ၂၅၀၀ ဂရမ်ထက် ကျော်ခဲ့ရင်ကော”
ဒီမေးခွန်းကို မေးလိုက် သူကတော့ အတွင်းစည်း သိုင်းတက္ကသိုလ် ကျောင်းသူဖြစ်တဲ့ ဟုလင်းပါပဲ။
လီဖူချန်းက အဖြေ ပြန်ပေး လိုက်ပါတယ်။
“တကယ်လို့ မဟူရာရေစင် ၂၅၀၀ ဂရမ်ထက် ကျော်အောင် စုဆောင်းနိုင်ခဲ့မယ် ဆိုရင် ငါက ၃၀ရာခိုင်နှုန်း ယူမယ်။ တကယ်လို့ ၃၅၀၀ ဂရမ်ထက် ကျော်မယ် ဆိုရင်တော့ ၄၀ရာခိုင်နှုန်း ယူမယ်။ ၅၀၀၀ဂရမ်ထက် ကျော်မယ် ဆိုရင်တော့ ၅၀ရာခိုင်နှုန်း ယူမယ်။ ၁၀၀၀၀ ဂရမ်ထက် ကျော်မယ် ဆိုရင်တော့ ၆၀ရာခိုင်နှုန်း ယူမယ်။ ၁၅၀၀၀ ဂရမ်ထက် ကျော်ရင်တော့ ၇၀ရာခိုင်နှုန်း ယူမယ်။ ကျန်တဲ့ လူတွေကတော့ ခွဲယူကြ”
လီဖူချန်းက ရှုပ်ရှုပ်ယှက်ယှက် တွေကို မလုပ်ချင်ပါဘူး။ သူက ထောက်ပံ့ရေး ရမှတ် အများကြီးကို လိုချင်တာပါ။ အဲဒီအတွက် မဟူရာရေစင် ၅၀၀၀ဂရမ် အောက်ကို သူက စိတ်မဝင်စားပါဘူး။
“သဘောတူတယ်”
“ငါလည်း သဘောတူတယ်”
“ဟုတ်ပြီ။ ငါတို့အားလုံး သဘောတူပြီ ဆိုတော့ လူခွဲကြရအောင်”
စကားဆုံးတဲ့ နောက်မှာတော့ အန်ရှင်းမိန်ဟာ တည်နေရာပြ တံဆိပ်တော် တွေကို ထုတ်ယူ လိုက်ပါတယ်။
တည်နေရာပြ တံဆိပ်တော်တွေ ဆိုတာက ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာ မြင်တွေ့နေကျ အရာတွေပါပဲ။ တံဆိပ်တော် တစ်ခုကို အသက်သွင်း လိုက်ပြီး ဆိုတာနဲ့ ကျန်တဲ့ တံဆိပ်တော် တွေကို ကိုင်ဆောင်ထားတဲ့ သူတွေက အသက်သွင်းလိုက်တဲ့ တံဆိပ်တော်ရဲ့ တည်နေရာကို သိရှိနိုင်ပါတယ်။
တည်နေရာပြ တံဆိပ်တော် တစ်ခုရဲ့ သက်ရောက်နိုင်စွမ်းရှိတဲ့ အကွာအဝေး ကတော့ တံဆိပ်တော်ရဲ့ အဆင့်အပေါ်မှာ မူတည်ပြီး ကွာခြား သွားပါတယ်။ အန်ရှင်းမိန် ထုတ်ယူလိုက်တဲ့ တည်နေရာပြ တံဆိပ်တော် တွေကတော့ မိုင်တစ်ထောင် အတွင်းမှာသာ သက်ရောက်နိုင်စွမ်း ရှိတဲ့ အတွက် သာမန် တည်နေရာပြ တံဆိပ်တော်တွေလို့ သတ်မှတ် ရမှာပါပဲ။
တည်နေရာပြ တံဆိပ်တော်တွေကို ခွဲဝေပြီးတဲ့ နောက်မှာတော့ သူတို့ဟာ လူစု ခွဲလိုက်ကြပါပြီ။ လီဖူချန်း ကတော့ အရှေ့နားမှာ ရှိနေတဲ့ မြစ်ကျိုးအင်းကိုပဲ ရွေးချယ် လိုက်ပါတယ်။
ဒါဇင်နဲ့ချီတဲ့ အတွင်းစည်း ကျောင်းသား အသီးသီးဟာ မြစ်ကျိုးအင်းထဲမှာ ရှိတဲ့ ရေပန်းရဲ့ ပတ်ပတ်လည်မှာ နေရာယူ ထားကြပါတယ်။ ပြီးတော့ သူတို့တွေ နေရာယူထားတဲ့ အကွာအဝေးက တစ်ယောက်နဲ့ တစ်ယောက် သိပ်မဝေးသလို သိပ်လည်း မနီးပါဘူး။ ပြောရမယ် ဆိုရင်တော့ သူတို့ဟာ မျှခြေ တစ်ခုပေါ်မှာ ရှိနေကြတာပါ။ တကယ်လို့သာ လီဖူချန်းက အဲဒီ ရေပန်းနားကို ဝင်လာလို့ ကတော့ အဲဒီမျှခြေကို ပျက်သွားစေမှာ အသေအချာပါပဲ။ ကျောင်းသား အားလုံးက သူ့ကိုတောင် ဝိုင်းတိုက် လာနိုင်ပါတယ်။
လီဖူချန်းကလည်း အခြေအနေကို ရိပ်စားမိတဲ့ အတွက် ရေပန်းအနားကို အရမ်းကာရော မဝင်သွားပါဘူး။ သူက မြစ်ကျိုးအင်း အစပ်နားလောက်မှာသာ တင်ပျဉ်ခွေ ထိုင်ပြီး စောင့်ဆိုင်း နေခဲ့ပါတယ်။
အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံး လာခဲ့ပါပြီ။
လီဖူချန်းက သူ့ရဲ့ ချီစွမ်းအားတွေနဲ့ သွေးတွေဟာ ပျစ်ခဲလာတာကို ခံစားလိုက် ရပါတယ်။ ဒါက ကောင်းမွန်တဲ့ အရာတစ်ခု မဟုတ်တာ အသေအချာပါပဲ။
ဒါက မဟူရာဘုရင် လျှို့ဝှက်နယ်မြေရဲ့ ကောင်းကင်နဲ့မြေကြီး ချီစွမ်းအင်တွေ ဖြစ်နေတဲ့ အတွက် သူ့အနေနဲ့ ချီအကာအကွယ်ကို ထုတ်သုံးရင်တောင်မှ ဘာမှတတ်နိုင်ပါဘူး။
“အင်း … ကြည့်ရတာတော့ ငါက ဒီလျှို့ဝှက် နယ်မြေထဲမှာ အကြာဆုံး နေနိုင်မှ တစ်လပဲ” လီဖူချန်းက ခပ်တိုးတိုး ညည်းတွား လိုက်မိပါတယ်။
***
အရှေ့ယူနီကွန်းတိုက်၊ တိုက်ပွဲတစ်ရာ နယ်မြေဒေသ …
ဒီနယ်မြေဒေသကတော့ အရှေ့ယူနီကွန်းတိုက်ရဲ့ တိုက်ပွဲတွေ ဖြစ်ပွားရာ နေရာ တစ်ခုပါပဲ။ ရှေးခေတ် အချိန်တွေကစပြီး အခုချိန်အထိ ထိပ်သီး ပုဂ္ဂိုလ်တွေ ဘယ်လောက်များများ ဒီနယ်မြေထဲမှာ သေဆုံးခဲ့ကြသလဲ ဆိုတာကို ဘယ်သူမှ မသိနိုင်ပါဘူး။ ပြီးတော့ ဒီနယ်မြေက အရှေ့ယူနီကွန်းတိုက်ရဲ့ အလျှို့ဝှက်ဆုံးနဲ့ ကြောက်စရာ အကောင်းဆုံး နယ်မြေ တစ်ခုလည်း ဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအဆင့်က တိုက်ပွဲ ဝိညာဉ်နယ်ပယ်ကို မရောက်သေးဘဲနဲ့တော့ တိုက်ပွဲတစ်ရာ နယ်မြေဒေသရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေနိုင်ဖို့အတွက် မလွယ်ကူလှပါဘူး။
တစ်နေ့မှာတော့ လှပတဲ့ မိန်းမပျိုလေး တစ်ယောက်ဟာ တိုက်ပွဲတစ်ရာ နယ်မြေဒေသကို ရောက်လာခဲ့ပါတယ်။
အဲဒီ မိန်းမပျိုလေးကတော့ ရန်ချင်းဟူပါပဲ။
ကောင်းကင်နတ်ဆိုး ဂိုဏ်းကနေ ထွက်သွားတဲ့ အချိန်ကတောင်မှ ရန်ချင်း ဟူဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၁မှာသာ ရှိနေသေးတာပါ။ အခုတော့ သူ့ရဲ့ ကျင့်ကြံမှု အဆင့်ဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၂ကိုတောင် ရောက်နေခဲ့ပါပြီ။ ရန်ချင်းဟူက ဘယ်လိုလုပ်ပြီး ကျင့်ကြံလိုက်တယ် မသိပါဘူး။ သူ့ရဲ့ ကျင့်ကြံမှုနှုန်းကို အခြားလူတွေ သိသွားလို့ကတော့ လုံးဝ အံ့သြတုန်လှုပ်သွားမှာ အသေအချာပါပဲ။
အရှေ့ယူနီကွန်းတိုက်ရဲ့ ချီစွမ်းအင်ဟာ အင်မတန် ပါးလျလွန်း လှပါတယ်။ အဲဒီအတွက် အရှေ့ယူနီကွန်း တိုက်ကနေ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေ ထွက်ပေါ်လာဖို့က အနည်းငယ် ဖြစ်တန်စွမ်း ရှိပေမဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေ ထွက်ပေါ်လာဖို့ကတော့ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့လည်း အရှေ့ယူနီကွန်းတိုက်ရဲ့ သမိုင်းမှတ်တမ်း၊ မှတ်ရာ တွေမှာတော့ ဘယ်ကနေ ဘယ်လို ရောက်လာမှန်း မသိတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေ အကြောင်းကို ခိုင်ခိုင်မာမာ မှတ်တမ်း တင်ထားခဲ့ပါတယ်။ အဲဒါကတော့ အရှေ့ယူနီကွန်းတိုက်မှာ တည်နေရာ ရွှေ့ပြောင်း စင်မြင့်တွေ ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ရန်ချင်းဟူက အဲဒီအကြောင်း တွေကို ဖတ်မိကတည်းက အရှေ့ယူနီကွန်း တိုက်ကနေ ထွက်ခွာဖို့ ကြံရွယ်နေခဲ့တာပါ။
သူ့အနေနဲ့ ဒီအရှေ့ယူနီကွန်း တိုက်ကနေ မထွက်ခွာနိုင်ဘူးဆိုရင် အလွန်ဆုံးရောက်မှ တိုက်ပွဲဝိညာဉ် နယ်ပယ်ပါပဲ။ အဲဒီထက်ပိုပြီး ရောက်နိုင်မှာ မဟုတ်ပါဘူး။ မဟာဧကရာဇ် နယ်ပယ် ဆိုရင်တော့ ပြောကို မပြောပါနဲ့တော့။ ဘာဖြစ်လို့လဲဆိုတော့ အရှေ့ယူနီကွန်းတိုက်ရဲ့ ကန့်သတ်ချက် ဥပဒေသက သူ့ကို အဆင့်တက်ဖို့ ခွင့်ပြုမှာ မဟုတ်လို့ပါပဲ။
(TL note - မဟာဧကရာဇ် နယ်ပယ်ကတော့ မူလပင်လယ် နယ်ပယ်နဲ့ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ် အထက်မှာ ရှိပါတယ်။)
နဖူးအလယ် တည့်တည့်မှာ မျက်လုံးပုံသဏ္ဌာန် အင်းကွက်တစ်ခု ရှိနေတဲ့ ရန်ချင်းဟူဟာ တိုက်ပွဲတစ်ရာ နယ်မြေဒေသရဲ့ အနက်ရှိုင်းဆုံး အပိုင်းတွေထဲကို တွန့်ဆုတ်ခြင်း မရှိဘဲ တိုးဝင် သွားခဲ့ပါတယ်။
နောက်ထပ် နေ့တစ်ဝက်လောက် အကြာမှာတော့ ရန်ချင်းဟာ မြူခိုးတွေ အုံ့ဆိုင်းနေတဲ့ ကုန်းမြေ တစ်ခုဆီကို ရောက်ရှိ သွားခဲ့ပါပြီ။ အဲဒီကုန်းမြေကတော့ လီဖူချန်း ရောက်ခဲ့ဖူးတဲ့ “မြူခိုးတို့ရဲ့မြေ”ပါပဲ။
ဒီကုန်းမြေဟာ ကျယ်ပြန့်လှပြီး မြူခိုးတွေ ရောက်နေခဲ့တာကလည်း နှစ်ထောင်ပေါင်း များစွာ ကြာခဲ့ပါပြီ။ ဒီနှစ်ထောင်ပေါင်းများစွာ အတွင်းမှာ ဆိုရင်လည်း တစ်စုံတစ်ဦးကမှ မြူခိုးမြေရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေနိုင်စွမ်း မရှိခဲ့ပါဘူး။ လီဖူချန်းတို့ အဖွဲ့တုန်းကတောင်မှ တိတိကျကျ ညွှန်ပြထားတဲ့ မြေပုံရှိနေလို့သာ သင်းချိုင်းဂူကို ရှာဖွေနိုင်ခဲ့တာပါ။
လီဖူချန်းတို့နဲ့ မတူတာကတော့ ရန်ချင်းဟူဟာ မြူခိုးတွေကြားထဲမှာ ရှိနေတဲ့ အရာမှန်သမျှကို ရှင်းရှင်းလင်းလင်း မြင်နေရပုံပါပဲ။ အဲဒါက သူ့ရဲ့ နဖူးအလယ် တည့်တည့်မှာ ရှိနေတဲ့ မျက်လုံးပုံသဏ္ဌာန် အင်းကွက်နဲ့ သက်ဆိုင်ကောင်း သက်ဆိုင်ပါလိမ့်မယ်။
တောင်ကြား ချိုင့်ဝှမ်းငယ်လေး တစ်ခုအနားကို ရောက်တဲ့ အခါမှာတော့ ရန်ချင်း ဟူဟာ ရပ်တန့် သွားခဲ့ပါပြီ။
ဒီတောင်ကြား ချိုင့်ဝှမ်းငယ်လေးက ဘာမှ ထူးဆန်းတဲ့ပုံ မပေါ်ပါဘူး။ ဒါက ရိုးရိုးသာမန် တောင်ကြားချိုင့်ဝှမ်း တစ်ခုပါပဲ။
“လေဟာနယ် ဟင်းလင်းပြင် စွမ်းအင်တွေက ဒီနေရာကနေ လာနေတာ သေချာပြီ။ ငါထင်တာ မမှားဘူး ဆိုရင်တော့ အဲဒါက နေရာလွတ် သလင်းကျောက် မဟုတ်ရင် တည်နေရာ ရွှေ့ပြောင်း စင်မြင့်ပဲ ဖြစ်ရမယ်”
ရန်ချင်းဟူက ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။
“ဘာပဲဖြစ်ဖြစ် ငါ ဝင်သွားရင်တော့ သိရမှာပဲ”
ရန်ချင်းဟူက တောင်ကြား ချိုင့်ဝှမ်းလေးထဲကို ဝင်ရောက် သွားခဲ့ပါပြီ။
ဟူး … ဟူး … ဟူး …
ရန်ချင်းဟူ တစ်ယောက် တောင်ကြား ချိုင့်ဝှမ်းလေးထဲကို ခြေချလိုက်တာနဲ့ တစ်ပြိုင်နက် အနက်ရောင် လေပြင်းတစ်ခုဟာ ထူးဆန်းစွာ တိုက်ခတ် လာခဲ့ပါတယ်။
ဒီအနက်ရောင် လေပြင်းက အလွန်တရာ ထူးဆန်းလှပြီး စိတ်ဝိညာဉ်ကိုတောင်မှ အေးခဲ သွားစေနိုင်မယ့် ပုံပါပဲ။ ဒါပေမဲ့ အနက်ရောင် လေပြင်းက သိပ်ပြီး အချိန်ကြာကြာ မတိုက်ခတ်ခဲ့ပါဘူး။ သိပ်မကြာခင်မှာပဲ အနက်ရောင် လေပြင်းဟာ ပြန်ပြီး ငြိမ်ကျ သွားခဲ့ပါတယ်။
“လေဟာနယ် ခုတ်ချက်”
ရန်ချင်း ဟူကတော့ မူမမှန်တာ တစ်ခုကို သတိပြုမိ သွားပုံပါပဲ။ အရောင်ဝင်းဝင်း လက်နေတဲ့ သူရဲ့ မျက်လုံးတွေက နေရာတစ်နေရာကို စိုက်ကြည့်လိုက်ပြီး လခြမ်းကွေး ဆေဘာနဲ့ ခုတ်ချ လိုက်ပါတယ်။
ရွှမ်း …
အနက်ရောင် ဆေဘာ အလင်းတန်းဟာ လေဟာနယ် တစ်နေရာကို ဖြတ်ပိုင်း သွားခဲ့ပါပြီ။ ငြိမ်ကျသွားတဲ့ အနက်ရောင် လေပြင်းဟာ ပြန်ပေါ်လာခဲ့ပါတယ်။
“အဲဒါက ဘာဆေဘာ ဓားသိုင်းလဲ”
တစ်ဆက်တည်းမှာပဲ အဲဒီ အနက်ရောင် လေပြင်းဟာ လူသားအရွယ် လောက်ရှိတဲ့ မြွေပါတစ်ကောင်အဖြစ် ပြောင်းသွားခဲ့ပါပြီ။
အဲဒီမြွေပါက တောက်ပတဲ့ မျက်လုံးအစုံကို ပိုင်ဆိုင်ထားသလို နူးညံ့ပြီး စိတ်သဘောထား ကောင်းမယ့်ပုံလည်း ပေါက်နေပါတယ်။ ဒါပေမဲ့ ရန်ချင်းဟူ ကတော့ မြွေပါရဲ့ မျက်လုံးထဲ ကနေပြီး ရက်စက်ကောက်ကျစ်မယ့် အရိပ်အယောင်တွေကို မြင်နေခဲ့ ပြီးပါပြီ။
“ဒီမြူခိုးမြေထဲမှာ နင့်လို သတ္တဝါမျိုး ရှိနေလိမ့်မယ်လို့ ငါလုံးဝ မထင်ခဲ့မိဘူး”
ရန်ချင်းဟူရဲ့ မျက်လုံးတွေက မြွေပါရဲ့ ခွန်အားကို ထွင်းဖောက် မြင်နိုင်ပါတယ်။ ဒီမြွေပါရဲ့ ခွန်အားက နတ်ဆိုးဆယ်ပါး နယ်မြေရဲ့ ဦးစီးခေါင်းဆောင် တွေထဲမှာတောင်မှ နိမ့်ကျတယ်လို့ မဆိုနိုင်ပါဘူး။
“လူသား … အသင်က ငါ့ရဲ့ ပိုင်နက်ထဲကို အခွင့်မရှိဘဲနဲ့ ဝင်ရောက် လာခဲ့တယ်။ အသင်က ဘာဖြစ်လို့ အဲသလို လုပ်ရတာပါလဲ”
မြွေပါက ရန်ချင်းဟူကို အရိုအသေ ပေးရင်းနဲ့ မေးလိုက်ပါတယ်။ ခေါင်းငုံ့ပြီး အရိုအသေ ပေးနေတဲ့ မြွေပါရဲ့ မျက်လုံးထဲမှာတော့ သတ်ဖြတ်မှု အငွေ့အသက်တွေ အထင်းသားပါပဲ။
“သေစမ်း”
ရန်ချင်းဟူက ဘာမှ ပြန်မဖြေခဲ့ပါဘူး။ အဲဒီအစား သူက လခြမ်းကွေး ဆေဘာကိုသာ ဝှေ့ယမ်းလိုက်ပါတယ်။ ရန်ချင်းဟူက ဒီမြွေပါရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းထားပြီး ခဲ့ပါပြီ။ ဒီမြွေပါက သူ့ကို အလစ်လုပ်ကြံဖို့ ကြံစည်နေတာပါ။
ရွှမ်း ...
သွေးတွေ ဖြာထွက်လာခဲ့ပြီး နောက်မှာတော့ နောက်ထပ် မြွေပါ တစ်ကောင်ဟာ လေထဲကနေ ထွက်ပေါ် လာခဲ့ပါတယ်။ သူ့ရဲ့ ရင်ဘတ် ပေါ်မှာတော့ ကန့်လန့်ဖြတ် ဓားရာကြီး တစ်ခုက အထင်းသားပါပဲ။
တစ်ချိန်တည်းမှာပဲ ရန်ချင်းဟူရဲ့ အရှေ့မှာ ရှိနေတဲ့ မြွေပါဟာ အရိပ်တစ်ခုအဖြစ် ပြောင်းသွားပြီး လေထဲမှာ ပျောက်ကွယ် သွားခဲ့ပါပြီ။
“အိပ်မက် ဝင်္ကပါ”
ဒဏ်ရာရနေတဲ့ မြွေပါက ထူးဆန်းတဲ့ လက်ဟန် တစ်ခုကို အသုံးပြုပြီး ပုံရိပ်ယောင် ကမ္ဘာတစ်ခုကို ဖန်တီး လိုက်ပါတယ်။
ဂါး … ဂရား …
မီတာ တစ်ရာနီးပါးရှိတဲ့ မြွေပါကြီး တစ်ကောင်ဟာ လေထုထဲမှာ ဖြစ်တည်လာပြီး ရန်ချင်းဟူကို ဝါးမျိုဖို့ စတင် ကြိုးစား လာခဲ့ပါပြီ။
“ဟမ့် … ဘာမှ မဟုတ်တဲ့ မွေးရာပါ စွမ်းရည်လေးနဲ့ ငါ့ကို ဖိအားပေးချင်တာလား။ ဟာသပဲ”
“ပျက်စီးစမ်း”
ရန်ချင်းဟူရဲ့ နဖူးအလယ် တည့်တည့်က မျက်လုံးအင်းကွက်ဟာ ပွင့်လာပြီး အလင်တန်းတစ်ခု ပစ်လွှတ် လာခဲ့ပါတယ်။ အဲဒီ အလင်းတန်းရဲ့ ပစ်မှတ်ကတော့ မြွေပါကြီးပါပဲ။
ဖန်း …
အလင်းတန်းနဲ့ ထိတွေ့လိုက်တာနဲ့ တစ်ပြိုင်နက် မြွေပါကြီးဟာ တစ်စစီ ပေါက်ကွဲ ထွက်သွားခဲ့ပါတယ်။
“မင်း … မင်း …”
မြွေပါက ဘာဆက်လုပ်လို့ လုပ်ရမယ် မသိတော့ပါဘူး။ “အိပ်မက် ဝင်္ကပါ” ဆိုတာက သူ့ရဲ့ အစွမ်းအထက်ဆုံး စွမ်းရည် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရန်ချင်းဟူက အလွယ်တကူပဲ ဖျက်ဆီး ပစ်လိုက်ပါပြီ။
“သေလိုက်တော့”
အဲဒီအချိန်မှာပဲ ရန်ချင်းဟူရဲ့ ဆေဘာဓားချက် တစ်ချက်ဟာ ပြန်ထွက်ပေါ်လာခဲ့ ပြန်ပါတယ်။
“အား … ငါတော့ ကံဆိုးပြီဟ”
မြွေပါက ဓားချက်ကို လုံးဝ ခုခံနိုင်စွမ်း မရှိပါဘူး။
ရွှမ်း … ရွှမ်း … ရွှမ်း … ရွှမ်း ...
အနက်ရောင် ဆေဘာ ဓားအလင်းတန်း တွေဟာ မြွေပါကို တစ်စစီ ပိုင်းဖြတ် သွားခဲ့ပါပြီ။
“ဟမ့်”
ရန်ချင်းဟူက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး သူ့ရဲ့ လခြမ်းကွေး ဆေဘာကို ပြန်သိမ်း လိုက်ပါတယ်။ သူ့ရဲ့ ပုံက မြွေပါကို သတ်ဖို့အတွက် သိပ်ပြီး အားစိုက်ထုတ် လိုက်ရပုံတောင် မပေါ်ပါဘူး။
“ငါအစွမ်း အထက်ဆုံး အချိန်တုန်းကဆိုရင် မရေမတွက်နိုင်တဲ့ ဧကရာဇ် တွေကိုတောင်မှ သတ်လာခဲ့တာ။ မင်းလို မလောက်လေးမလောက်စား သတ္တဝါကများ ငါ့ကို အာခံချင်နေသေးတယ်”
ရန်ချင်းဟူက မကျေမချမ်း ရေရွတ် လိုက်ပါသေးတယ်။
(TL note: ရန်ချင်းဟူ ဘာကြောင့် အစွမ်းထက် လာတာလဲ ဆိုတာကိုတော့ ကျွန်တော်လည်း မသိသေးပါဘူး။ မူရင်းစာရေး ဆရာက မြုပ်ကွက်အနေနဲ့ ထားထားတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။)
လခြမ်းကွေး ဆေဘာကို သိမ်းပြီးတဲ့ နောက်မှာတော့ ရန်ချင်းဟူဟာ တောင်ကြား ချိုင့်ဝှမ်းလေးထဲကို ဝင်သွားခဲ့ပြီ။
တောင်ကြားချိုင့်ဝှမ်းရဲ့ အလယ်ကို အရောက်မှာတော့ ရန်ချင်းဟူဟာ ရှေးဟောင်း တည်နေရာ ရွှေ့ပြောင်း စင်မြင့်တစ်ခုကို တွေ့လိုက် ရပါတယ်။ သူခံစားမိနေတဲ့ စွမ်းအင် တွေကလည်း ဒီနေရာကနေ မြစ်ဖျား ခံလာတာပါပဲ။
တည်နေရာ ရွှေ့ပြောင်း စင်မြင့်ပေါ်မှာတော့ စွမ်းအင် ကန်လေး တစ်ခု ရှိနေပါတယ်။
“ကျေးဇူးပြုပြီး ဒီဟာက အလုပ်လုပ်ပါစေ”
ရန်ချင်းဟူက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော်ကို ထုတ်ယူပြီး စွမ်းအင်ကန်ထဲကို ထည့်လိုက်ပါတယ်။
ဟူး … ဟူး … ဟူး …
ရန်ချင်းဟူရဲ့ ဆုတောင်းက ပြည့်ဝသွားပုံပါပဲ။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေ ထည့်လိုက်ပြီး သိပ်မကြာခင်မှာပဲ တည်နေရာ ရွှေ့ပြောင်း စင်မြင့်ဟာ အသက်ဝင် လာခဲ့ပါတယ်။
“အင်း … ငါ့ရဲ့ ဘဝက ဘာမှ ထူးထူးဆန်းဆန်းလည်း မရှိပါလား”
ရန်ချင်းဟူက အရှေ့ယူနီကွန်း တိုက်ကနေ မထွက်ခွာမီ နောက်ဆုံးအနေနဲ့ အနောက်ကို တစ်ချက် လှည့်ကြည့် လိုက်ပါတယ်။
သူမရဲ့ အတွေးထဲမှာတော့ သူမရဲ့ အစောပိုင်းကာလ အဖြစ်အပျက်တွေဟာ အစဉ်လိုက် ပေါ်လာခဲ့ပါပြီ။
“အဟင်း … ကောင်စုတ်”
လီဖူချန်းနဲ့ ကျောက်ဂူထဲက အဖြစ်အပျက်တွေကို ပြန်တွေးမိလိုက်တဲ့ အခါမှာတော့ ရန်ချင်းဟူဟာ ရှက်ရွံ့စွာ ပြုံးလိုက် မိပါသေးတယ်။ ဘာကြောင့်မှန်းတော့ မသိပါဘူး။ နှစ်ပေါင်းများစွာ ကြာသွားခဲ့ပြီ ဖြစ်ပေမဲ့လည်း ရန်ချင်းဟူရဲ့ စိတ်ထဲမှာ အဲဒီ အဖြစ်အပျက်ဟာ မနေ့တစ်နေ့ကလို သစ်လွင် နေဆဲပါပဲ။
“ကံမကုန်ရင် ပြန်ဆုံကြတာပေါ့”
ရွှီး …
စကားသံ ဆုံးတဲ့နောက်မှာတော့ ရန်ချင်းဟူဟာ အလင်းတန်း တစ်ခုအသွင် ပြောင်းသွားပြီး တည်နေရာ ရွှေ့ပြောင်း စင်မြင့်ပေါ်ကနေ ပျောက်ကွယ် သွားခဲ့ပါပြီ။
***