← Chapters

သွေးချွေးတို့ ရင်းခဲ့ရသည့်အချိန်

Vol. 35 Ch. 486

သွေးချွေးတို့ ရင်းခဲ့ရသည့်အချိန်

Vol. 35 Ch. 486

“ဒါက...”

ချင်မူ ငြင်းရခက်သွားသည်။ လိပ်နက်ပုတီးစေ့၏ အကူအညီဖြင့် နတ်ဘုရားအရိုးစု၏ အသိစိတ်အလျဉ်ကို နှိုးနိုင်ခဲ့ခြင်းမှာ ကံကောင်း၍မျှသာ ဖြစ်သည်။ အရိုးစု စကားပြောနိုင်ပြီး မှတ်ဉာဏ်ပြန်ရသွားခြင်းမှာလည်း အရိုးစု၏ ကျန်ရှိသော အသိစိတ်အလျဉ်က ဖွဲ့တည်လာသည့် ဝိညာဉ်အသစ်ကို လွှမ်းမိုးနိုင်သွား‌‌သောကြောင့် ဖြစ်သည်။

ကျန်အရိုးစုများတွင် အသိစိတ်အလျဉ် ရှိလောက်မည်မဟုတ်ပေ။ နှိုးနိုင်လျှင်တောင်မှ လမ်းလျှောက်နေသော အရိုးများထက် ပိုမည်မဟုတ်။

ထို့အပြင် နတ်ဘုရားတစ်ပါး၏ အရိုးစုကို နှိုးရန် မှော်စွမ်းအင်များစွာ လိုအပ်သည်။ လိပ်နက်ပုတီးစေ့ဖြင့်ပင် ချင်မူအတွက်  ထိုမျှများပြားသော နတ်ဘုရားအရိုးစုများကို နှိုးရန် ခက်၏။

သူ့မှာ ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်ဖြင့် သုံးကိုက်သာ မြင့်မားသော သဲဘီလူးတစ်ကောင်ကို ဆင့်ခေါ်နိုင်သည်။ သုံးကိုက်ထက် ပိုမြင့်လျှင် မဖြစ်နိုင်တော့ပေ။

လိပ်နက်ပုတီးစေ့က ‘အရာအားလုံးတွင် ဝိညာဉ်ရှိသည်’ ဆိုသည့် သဘောတရားကို သူ့အား ပိုမိုနားလည်စေနိုင်ပြီး သူ၏အကြားအမြင်များအား ပိုမိုအားကောင်းလာစေနိုင်သည်။ သို့တိုင်အောင် နတ်ဘုရားအရိုးစုများကို တစ်ပြိုင်တည်း နှိုးလျှင် သူ အားအင်ကုန်ခမ်းသွားလိမ့်မည်။ အသက်အန္တရာယ်ပင် ရှိလောက်၏။

သို့သော် ချင်မူ တောက်ပစွာ ပြုံးပြလိုက်သည်။ “ကြိုးစားကြည့်ပါ့မယ်”

သူက လိပ်နက်ပုတီးစေ့ကို ထုတ်၍ ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်အား ထုတ်လွှတ်လိုက်သည်။

တခဏကြာသော် အရိုးစုကြီးတစ်စု ဒယိမ်းဒယိုင် ထလာ၍ နတ်ဘုရားအရိုးစုမှာ ဝမ်းသာပျော်ရွှင်သွားသည်။ သူက သွေးသောက်ရဲဘော်၏ အရိုးစုအား ဖက်ကာ မျက်ရည်များဖြင့် ရယ်မောလိုက်လေသည်။

“စစ်သူကြီး” အရိုးစုမှာ အသိဉာဏ် သိပ်ရှိဟန်မတူပေ။ စကားလုံးတစ်လုံးတည်းကိုသာ ပြောနိုင်သည်။

သို့သော် ထိုစကားလုံးလေးတစ်လုံးဖြင့်ပင် နတ်ဘုရားစစ်သူကြီးမှာ စိတ်နှလုံးလှုပ်ခတ်သွားပြီး ချုံဧကရာဇ်ခေတ်သို့ ပြန်ရောက်သွားသည့်အလား ခံစားလိုက်ရ၏။

အရိုးစုများစွာ နိုးထလာသည်နှင့်အမျှ ချင်မူ့မျက်နှာလည်း ဖျော့တော့လာသည်။ သူ့ခေါင်းထဲတွင် မရေမတွက်နိုင်သောအသံများ ကျွတ်ကျွတ်ညံနေသကဲ့သို့ အာရုံစိုက်ရခက်လာသည်။

နတ်ဘုရားစစ်သူကြီးက နောက်ဆုံးလက်ကျန် မှော်စွမ်းအင်ဖြင့် အစစ်အမှန်မီးလျှံများကို ထုတ်လွှတ်ကာ သဲမြေပြင်အား မီးမြှိုက်လိုက်၏။ သဲမြေကား ပွက်ပွက်ဆူနေသော ချော်ရည်ပြင်ဖြစ်လာပြီး ကျောက်တုံးကြီးများအဖြစ် ခဲသွားသည်။

နတ်ဘုရားစစ်သူကြီး သင်္ချိုင်းဗိမာန်ကို တည်ဆောက်နေသည့်အချိန် ကျန်အရိုးစုများက သူတို့၏အုတ်ဂူများကို တည်ဆောက်နေကြသည်။ အုတ်ဂူတစ်ဂူပြီးတစ်ဂူ ရုပ်လုံးပေါ်လာကြ၏။

နောက်ဆုံးအရိုးစုကို နိုးပြီးသည့်အခါ ချင်မူမှာ အားအင်ကုန်ခမ်းပြီး လဲကျသွားတော့သည်။

သဲကန္တာရပေါ်တွင် အလွန်မြင့်မားသော အရိုးစုကြီးများသည် သင်္ချိုင်းဗိမာန်ကို လက်စသတ်လိုက်ကြ၏။ သူတို့က မိမိ၏အုတ်ဂူအရှေ့တွင် ကိုယ်စီရပ်ကာ စစ်သူကြီး၏ နောက်ဆုံးအမိန့်ကို စောင့်‌နေကြသည်။

နတ်ဘုရားစစ်သူကြီးက စုတ်ပြဲနေသော အလံကြီးကို လက်ကျန်မှော်စွမ်းအင်ဖြင့် လွှင့်ထူကာ သူနှင့်အတူ အသက်ပေးခဲ့သည့် သွေးသောက်ရဲဘော်များအား ကြည့်လိုက်သည်။

သဲလေပြင်းက အလံကြီးကို တိုးဝှေ့တိုက်ခတ်နေသည်။

အလံသည် တဖတ်ဖတ် လွင့်လျက် သွေးချွေးတို့ ရင်းခဲ့ရသော အချိန်ကို လွမ်းဆွတ်နေသယောင် ထင်ရ၏။

“တမလွန်ဘဝဆိုတာ ရှိခဲ့ရင်” နတ်ဘုရားစစ်သူကြီးက ပါးစပ်မဟ‌သော်လည်း သတ္တုချင်းပွတ်တိုက်နေသံကဲ့သို့ အသံထွက်လာပြီး ဗုံသံများ မြည်ဟည်းလာသည်။ “တမလွန်ဘဝဆိုတာ ရှိခဲ့ရင် ငါတို့ညီအစ်ကိုတွေ အတူပြန်ဆုံပြီး ကောင်းကင်နဲ့မြေကြီးကို နောက်တစ်ကြိမ် တိုက်ခိုက်ကြမယ်”

သူ့အသံက သဲကန္တာရတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ “ရန်သူတွေကို တိုက်ခိုက်နှိမ်နင်းဖို့ ချုံဧကရာဇ် ငါတို့ကို ပြန်လာခေါ်လိမ့်မယ်။ အခုတော့ စစ်သည်တော်တို့၊ အနားယူနိုင်ပါပြီ”

“စစ်သူကြီး၊ တမလွန်ဘဝမှာ ပြန်တွေ့ကြမယ်” အရိုးစုများက ပြန်အော်ကြသည်။

အရိုးစုများက သူတို့၏အုတ်ဂူများထဲ ဝင်သွားကြပြီး ပျက်စီးနေသော လက်နက်များကို ဘေးနားချကာ လှဲလိုက်ကြသည်။ သူတို့ပုံစံမှာ စစ်ခရာမှုတ်လိုက်သည်နှင့် ခုန်ထပြီး စစ်တိုက်ရန် အဆင်သင့်ဖြစ်နေသကဲ့သို့ ရှိနေသည်။

နတ်ဘုရားစစ်သူကြီး၏ မျက်တွင်း‌ပေါက်ထဲ၌ မီးတောက်များ တရိပ်ရိပ် တောက်လောင်လာပြီး ဧရာမကျောက်ပြားကြီးများ တိတ်ဆိတ်စွာ မြောက်တက်လာကာ သင်္ချိုင်းအပေါက်ဝကို ပိတ်လိုက်ကြ၏။

သင်္ကေတအမှတ်အသားများက နံရံလေးဖက်တွင် ရွေ့လျားတောက်ပလာပြီး ကျောက်ပြားများအနား ရောက်သည့်အခါ နတ်ဘုရားသင်္ချိုင်းဗိမာန်ကို ကာကွယ်ပေးနေသော ဝင်္ကပါကား ပြည့်စုံသွားတော့သည်။

ချင်မူ စိတ်အေးသွားပြီး သူ့ဘေးရှိ နတ်ဘုရားအရိုးစုကြီးကို မော့ကြည့်လိုက်သည်။ “နောင်တော်၊ သင်္ချိုင်းဗိမာန်ကို တည်ဆောက်ပြီးသွားပြီပဲ နောင်တော်လည်း မသွားဘူးလား”

အရပ်မြင့်မားလှသော နတ်ဘုရားအရိုးစုက အလံကို ဆုပ်ကိုင်လျက် ဒူးထောက်ချလိုက်သည်။ သူက မတ်မတ်ထိုင်နေပြီး သူတို့နှစ်ယောက်လုံး တိတ်ဆိတ်ခြောက်ကပ်နေသော သင်္ချိုင်းဗိမာန်အား မျက်နှာမူထားကြသည်။

“ငါက သူတို့ရဲ့စစ်သူကြီးပေမယ့် သူတို့ကို အိမ်ပြန်မခေါ်နိုင်ခဲ့ဘူး။ ဒါကြောင့် သင်္ချိုင်းဂူထဲမှာ အေးအေးဆေးဆေး လှဲနေဖို့ မထိုက်တန်ပါဘူး” နတ်ဘုရားအရိုးစုက တိတ်ဆိတ်စွာ ထိုင်နေပြီး အလံမှာ လေထဲတွင် တဖတ်ဖတ် လွင့်လျက် ရှိ၏။ “ငါ သင်္ချိုင်းစောင့်အနေနဲ့ သူတို့ကို ကာကွယ်ပေးရမယ်။ တကယ်တော့ သူတို့တွေ နိုးမလာမှန်း ငါ သိပါတယ်။ သူတို့အစား စကားပြောပေးခဲ့တာ မင်းပဲ”

သူက ချင်မူ့ကို ငုံ့ကြည့်သည်။ “ကျေးဇူးတင်ပါတယ်”

ချင်မူ မှင်သက်သွားမိသည်။ “နောင်တော် တစ်ယောက်တည်း ကျန်ခဲ့သလို မခံစားစေချင်လို့ပါ။ ဒါကြောင့် ကျွန်‌တော်...”

နတ်ဘုရားအရိုးစုက ခေါင်းမော့ကာ ပြုံးလိုက်၏။ “မင်း ဆိုရင်တောင်မှ ငါ့ရင်ထဲ နွေးထွေးခဲ့ရပါတယ်။ ငါ နောင်တမရတော့ဘူး”

သူ၏ ဟောင်းလောင်း‌ပေါက် မျက်တွင်းများထဲမှ အလင်းတန်းနှစ်တန်းက နဂါးများသဖွယ် လွန့်လူးထွက်လာပြီး ချင်မူ့မျက်လုံးအိမ်များထဲ ဝင်ရောက်လာ၏။

ယင်းတို့က သူ၏ကောင်းကင်ရတနာများထဲရှိ နောက်ဆုံးလက်ကျန် သန့်စင်ယန်ချီနှင့် သန့်စင်ယင်ချီဖြစ်သည်။ သူက ချင်မူ့အား လက်ဆောင်ပေးနေခြင်း ဖြစ်၏။

“အမှောင်ထု လာနေပြီ။ အဲဒီကို သွား” အရိုးစုက လက်မြှောက်ကာ အဝေးသို့ လက်ညှိုးထိုးပြသည်။

ချင်မူ နောက်လှည့်ကြည့်သည့်အခါ အနောက်မိုးကုပ်စက်ဝန်း၌ မေးတင်နေသော နေလုံးကြီးကို မြင်လိုက်ရသည်။

“နောင်တော် အမှောင်ထု လာနေပြီဆိုတာ ဘာအဓိပ္ပါယ်လဲ” ချင်မူ မေးလိုက်သည်။ “ဒီနေရာက ညလည်း အမှောင်ထုရဲ့ ကျူးကျော်တာ ခံရတာလား။ နောင်တော်....”

နတ်ဘုရားအရိုးစုမှာ တိတ်ဆိတ်သွားပြီး မည်သည်ကိုမျှ မပြောတော့ပေ။ အသက်ငွေ့လည်း မကျန်တော့။ သူ၏စိတ်အာရုံက တိတ်ဆိတ်သွားပြီး ပြန့်ကြဲသွား၏။ ကျန်ရှိခဲ့သည်မှာ အဝေးသို့ လက်ညှိုးထိုးနေသော အရိုးစုကြီးသာ ဖြစ်သည်။

ချင်မူ တိတ်ဆိတ်စွာ ထရပ်၍ သေတ္တာနှင့် သေတ္တာအပေါ်တွင် တုန်ရီနေသော နဂါးချီလင်ကို ခေါ်လိုက်သည်။ “အဲဒီကို သွားစို့”

သေတ္တာကြီးက နတ်ဘုရား လက်ညှိုးထိုးပြနေသော အရပ်သို့ သူနှင့်အတူ လိုက်လာသည်။

နဂါးချီလင်က သတ္တိမွေးပြီး လှမ်းမေး၏။ “ဂိုဏ်းသခင်၊ အရိုးကြီး ‘သူတို့အစား စကားပြောပေးခဲ့တာ မင်းပဲ’ လို့ ပြောသွားတာ ဘာအဓိပ္ပါယ်လဲ”

“ငါ့ရဲ့ဝိညာဉ်နိုးထအစီအရင်က တိုက်ပွဲကျသွားတဲ့ နတ်ဘုရားတွေရဲ့ ဝိညာဉ်ကို မနိုးပေးနိုင်ဘူး။ ငါ နှိုးလိုက်တဲ့ အရိုးစုတွေမှာ အသိစိတ်မရှိလို့ ငါ့အမိန့်ကိုပဲ လိုက်နာနိုင်တယ်။ သူလည်း အဲဒါကို မြင်လို့ အဲဒီလို ပြောခဲ့တာပဲ”

နဂါးချီလင် ဇဝေဇဝါ ဖြစ်နေသည်။ “ဒါပေမဲ့ အဲဒီအရိုးစုတွေ သူ့ကို စစ်သူကြီးလို့ ခေါ်တာ ကြားလိုက်သလားလို့”

“ငါ သူတို့ပါးစပ်ကနေ ပြောလိုက်လို့သာ ပြောနိုင်ကြတာ။ ငါ သူ့ကို အထီးမကျန်စေချင်ဘူး။ ချုံဧကရာဇ်ခေတ်မှာ သူ တစ်ယောက်ပဲ ကျန်ခဲ့သလို မခံစားစေချင်ဘူး”

ချင်မူ နောက်လှည့်လိုက်ပြီး အလံကို ဆုပ်ကိုင်လျက် သင်္ချိုင်းဗိမာန်ကို စောင့်ရှောက်နေသော နတ်ဘုရားအရိုးစုအား ကြည့်လိုက်သည်။ ထို့နောက် အကြည့်ပြန်လွှဲကာ တည်ငြိမ်အေးဆေးစွာ ဆိုလိုက်၏။ “သူ သိနေပေမယ့် မဖွင့်ပြောခဲ့ဘူး။ တကယ်တော့ ပြောနေတဲ့ တစ်ယောက်ယောက်က ငါမဟုတ်ဘဲ သူ့ရဲ့ သွေးသောက်ရဲဘော် ဖြစ်နေပါစေလို့ သူ့ရင်ထဲမှာ မျှော်လင့်ထားသေးလို့ပဲ”

နဂါးချီလင်မှာ ထိုကဲ့သို့ခံစားချက်များကို နားမလည်သဖြင့် သေတ္တာပေါ်တွင် ပက်လက်လှန်ပြီး ခပ်တိုးတိုး ရေရွတ်နေသည်။ “ကျွန်တော် အကြောက်ဆုံးက ဒီလိုအရာတွေပဲ။ လျို့မိသားစုနဲ့တုန်းကဆို ရက်ပေါင်းများစွာ အိပ်မက်ဆိုးတွေ မက်နေခဲ့တာ”

ကောင်းကင်မှာ မည်းမှောင်သထက် မည်းမှောင်လာသည်။ ချင်မူ ခပ်သွက်သွက် သွားနေစဉ် အနောက်အရပ်၌ နေဝင်သွား၏။

အမှောင်ထုက အနောက်ယွန်းယွန်းမှ လိမ့်ထွက်လာပြီး တမုဟုတ်ချင်း သူတို့ကို လိုက်မှီလာကာ လွှမ်းခြုံသွားသည်။

ချင်မူ မှင်သက်သွားမိသည်။ မဟာမြို့ပျက်အတိုင်း အမှောင်ထုသည် ကမ္ဘာကြီးကို ကြီးစိုးသွား၏။ မတူသည့်အရာဆို၍ မဟာမြို့ပျက်တွင် နေ့ ဖြစ်နေသည့်အချိန် ၊ ဤနေရာ၌ ည ဖြစ်နေခြင်းသာ ရှိသည်။

ရုတ်တရက် ချင်မူ့ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားသည်။ ‘ငါ နားလည်ပြီ၊ အမှောင်ထုရဲ့ အရင်းအမြစ်ကို ငါ နားလည်ပြီ’

သေတ္တာအောက်ခြေမှ အသံအနည်းငယ် ထွက်လာသဖြင့် ချင်မူ သေတ္တာအောက်သို့ ငုံ့ကြည့်လိုက်သည်။ ခြေနှစ်ဖက်လုံး ပြတ်နေသည့် လူငယ်တစ်ယောက် သေတ္တာကြီး၏ခြေထောက်တစ်ဖက်အား ဖက်ထားသည်ကို မြင်လိုက်ရ၏။

“မှော်ဆရာကြီး” ချင်မူ ပြုံးပြလိုက်သည်။ “ကျန်းကျန်းမာမာ ရှိပါတယ်နော်”

ပန်ကုန်းစုန်၏မျက်နှာမှာ သွေးဆုပ်ဖြူလျော်နေသည်။ “ခွေးသူတောင်းစားချင်၊ ဒီသောက်ကမ္ဘာကြီးက ငါ့ကို ကစားနေတာကွ သိလား။ ငါ့ကို သတ်ရင်သတ်၊ အသားတွေ လှီးရင်လှီး။ မင်း ကြိုက်တာသာ လုပ်တော့”

ချင်မူက ဖော်ရွေစွာ ပြုံးပြလိုက်၏။ “ဘာလို့ မင့်အသားကို လှီးရမှာလဲ။ ပေါက်ပေါက်ရှာရှာကွာ။ သတ်တာက လှီးတာထက် ပိုရိုးရှင်းသေးတယ်”

ရုတ်တရက် အမှောင်ထုထဲ၌ အလင်းရောင်တစ်ခု ထွန်းလင်းလာသည်။ ကောင်းကင်အလင်းတန်းတစ်တန်းက အမှောင်ထုကို ဖြတ်သန်းသွား၏။

ချင်မူ့နှလုံးသားမှာ လည်ပင်းထဲမှ ခုန်ထွက်လုနီးနီး ဖြစ်သွားပြီး သူ သေတ္တာပေါ် ကမန်းကတန်း ခုန်တက်လိုက်သည်။ သေတ္တာကြီးက မြေကြီးထဲ နစ်သွား၍ အောက်ရှိ ပန်ကုန်းစုန်လည်း သဲဝါဝါများထဲ ရောက်သွားသည်။

“မင်း ဘာလုပ်နေတာလဲ” ပန်ကုန်းစုန်က အလန့်တကြား‌ အော်သည်။

“ပိတ်ထား၊ ရှင်းအန်းရဲ့ မျက်လုံးတွေ ဒီနေရာကို ဝင်လာပြီ” ချင်မူ ခပ်တိုးတိုး လှမ်းပြောလိုက်၏။

မျက်လုံးတစ်လုံးမှ အလင်းတန်းတစ်တန်းက သဲကန္တာရတစ်လျှောက် တောက်ပသွားသည်။ မည်သည်ကိုမှ ရှာမတွေ့သည့်အခါ ရှေ့သို့ ပျံသန်းသွား၏။

ထို့နောက် မျက်လုံးတစ်လုံး ပျံသန်းလာပြီး ကောင်းကင်ထက်တွင် မျက်လုံးနှစ်လုံး ဆုံသွားကာ တခဏ ရပ်နေ၏။ အဝေးမှ မှိန်ဖျော့ဖျော့ အလင်းရောင်တစ်ရောင် ရောက်လာပြီး လေလယ်တွင် ရပ်လိုက်သည်။ ၎င်းက လူငယ်တစ်ယောက်၏ ခေါင်းဖြစ်သည်။

ခေါင်းတွင် မျက်လုံးများ မရှိသော်လည်း ပျံဝဲနေသော မျက်လုံးများက မျက်တွင်းပေါက်ထဲ ဝင်ရောက်သွားသည်။

“မင်းတို့ကောင်တွေ ဒီနားမှာ ရှိနေတာပဲ” ကောင်းကင်ထက်ရှိ ခေါင်းက ကျယ်လောင်စွာ ရယ်ကာ ပြောလိုက်သည်။ “နတ်ဆေးသမားတော်ချင်၊ မှော်ဆရာသခင်၊ မင်းတို့တွေ ငါ့သေတ္တာကို ခိုးသွားပြီး လွတ်မယ်ထင်နေတာလား။ ငါ့ကို အထင်သေးတာ နည်းနည်းမများဘူးလား”

ရုတ်တရက် ပတ်ဝန်းကျင်ရှိ အဝါရောင်သဲများ သိပ်ကြပ်လာသဖြင့် ချင်မူမှာ ဘေးပတ်ပတ်လည် တင်းကြပ်နေမှုကို ခံစားလိုက်ရသည်။ အခြေအနေမကောင်းမှန်း သိလိုက်၍ လောကသခင်အမြုတေသုံးသွယ်ကျင့်စဉ်ကို ချက်ချင်း ထုတ်လွှတ်လိုက်၏။ ချီစွမ်းအင်က သူ့ခန္ဓာကိုယ်ကို ရစ်သိုင်းလှည့်ပတ်လိုက်ပြီး လှပတင့်တယ်သော သင်္ကေတအမှတ်အသားများဖြင့် သဲအောက်ထဲတွင် ဝင်္ကပါတစ်ခု ဖွဲ့တည်လိုက်သည်။

ပန်ကုန်းစုန်၏သွေးများ အေးစက်သွားသည်။ “မင်း ဒီလိုနေရာမှာ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကို သုံးချင်နေတာလား။ မင်း အသက်မရှင်ချင်ရင်တောင် ငါကတော့ အသက်ရှင်ချင်...”

“ဒီမှာပဲ” ရှင်းအန်း၏ခေါင်းက စူးစူးဝါးဝါး အော်လိုက်ပြီး သူ့မျက်လုံးများက ကောင်းကင်အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။

ဝှမ်

ချင်မူ ရှိနေသော နေရာ ပြိုကျသွားပြီး ကျင်းကြီးတစ်ကျင်း ဖြစ်လာသည်။ ထို့နောက် ကောင်းကင်အလင်းတန်းနှစ်တန်းက ဧရာမကျင်းကြီးထဲသို့ ဝင်လာပြီး သဲဝါများ အငွေ့ပျံသွားသည်။

ပန်ကုန်းစုန် ခေါင်းမွှေးများ ထောင်သွားသော်လည်း သေတ္တာကြီးနှင့်အတူ နေရာရွှေ့ပြောင်းသွားသည်။ ထို့နောက် သူက အော်ဟစ်လိုက်သည်။”ဂိုဏ်းသခင်ချင်၊ မင်း လေ့ကျင့်ဖို့ လိုသေးတယ်။ ငါတို့ ဝေးဝေးမရောက်ဘူးကွ”

“ပိတ်ထား၊ ဖက်တီးနဂါးက လေးနေတာ”

ချင်မူ အံတင်းတင်းကြိတ်၍ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကို ထပ်မံထုတ်လွှတ်လိုက်သည်။ သင်္ကေတအမှတ်အသားများ လင်းလက်တောက်ပသွား၏။ သူတို့အနောက်မှ ခေါင်းပျံကြီးက လိုက်လာနေပြီး ကောင်းကင်အလင်းတန်းနှင့် ထိတွေ့သမျှ အရာရာတိုင်း အငွေ့ပျံကုန်သည်။

ချင်မူမှာ မှော်စွမ်းအင် ကုန်ခမ်းသွားသည့်တိုင်အောင် နေရာရွှေ့ပြောင်းနေသည်။ ထို့နောက် အရပ်မျက်နှာတစ်ခုသို့ လက်ညှိုးထိုးကာ ပြောလိုက်၏။ “မှော်ဆရာကြီး အဲဒီကိုသွား”

ပန်ကုန်းစုန် အလျင်အမြန် တာဝန်ယူလိုက်သည်။ သူက ‌ထောင်ကျယ်အိတ်ထဲမှ နေရာ‌ရွှေ့ပြောင်းသင်္ကေတများ ရေးဆွဲထားသော အလံသေးသေးများကို ထုတ်လိုက်သည်။ အသက်သွင်းလိုက်သည်နှင့် အလံများက တဖတ်ဖတ် လှုပ်ခတ်လာပြီး သူတို့ကို လွှမ်းခြုံသွား၏။ ရှင်းအန်း၏ မျက်လုံးဆီမှ ကောင်းကင်အလင်းတန်းများ မထိခင် သူတို့ ပျောက်ကွယ်သွားကြသည်။

ပန်ကုန်းစုန်သည် ဘဝတစ်ဘဝတွင် ကောင်းကင်နတ်ဆိုးဂိုဏ်းထဲ ဝင်ရောက်ခဲ့ဖူးသည့်အပြင် ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်ပင် ဖြစ်လုဆဲဆဲ ဖြစ်ခဲ့သောကြောင့် ကောင်းကင်နတ်ဆိုးဂိုဏ်း၏ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းနှင့် သူစိမ်းမဟုတ်ပေ။

ထပ်ခါတလဲလဲ နေရာရွှေ့ပြောင်းပြီးသောအခါ သူ၏မှော်စွမ်းအင်လည်း လျင်မြန်စွာ ကုန်ခမ်းသွားသည်။ သူ့နဖူးမှ ချွေးစေးများ ထွက်လာ၏။ “ဂိုဏ်းသခင်ချင်၊ ငါလည်း မှော်စွမ်းအင်ကုန်တော့မယ်။ အဲဒီကို ရောက်တော့မှာလား”

သူက နောက်ဆုံးလက်ကျန် မှော်စွမ်းအင်ကို ထုတ်လွှတ်၍ နောက်တစ်ကြိမ် နေရာရွှေ့ပြောင်းလိုက်သည်။ နေရာရွှေ့ပြောင်းဝင်္ကပါအမှတ်အသားများ လွင့်စင်ပျောက်ကွယ်သွားပြီး အလင်းတန်းများ ပျောက်ကွယ်သွားသည့်အခါ သူတို့ မြို့တစ်မြို့ထဲ၌ ပေါ်လာကြသည်။

မီးအိမ်များနှင့် ရောင်စုံတံခွန်များဖြင့် တန်ဆာဆင်ထားသော တံတိုင်းနံရံများမှာ လင်းလက်တောက်ပနေ၏။ သူတို့နှစ်ယောက် ခေါင်းမော့ကြည့်လိုက်သည့်အခါ မအံ့ဩမိဘဲ မနေတော့ပေ။ အမှောင်ထုထဲရှိ မြို့ကြီး၏ မြင့်မားသော အဆောက်အဦးများနှင့် မျှော်စင်များအပေါ်တွင် ကိုက်သုံးရာကျော် မြင့်မားသည့် နတ်ဘုရားများ မတ်တပ်ရပ်နေကြသည်။ သူတို့က ခေါင်းလေးလုံး၊ လက်ရှစ်ဖက် မရှိလျှင် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ရှိကြသည်။ ငှက်ခေါင်းများ၊ သားရဲခေါင်းများဖြင့် နတ်ဘုရားများလည်း ရှိကြ၏။ နတ်ဘုရားတချို့က လိပ်နက်၊ မီးငှက်၊ ကျားဖြူနှင့် နဂါးစိမ်းအသွင် ရှိကြသည်။

သူတို့က အားကောင်းသော ကောင်းကင်အလင်းတန်းများ ထုတ်လွှတ်၍ အမှောင်ထုအား တွန်းထုတ်နေကြသည်။

မြို့မှာ ထွက်ချည်ဝင်ချည် သွားလာနေသော မြို့သူမြို့သားများဖြင့် စည်ကားသိုက်မြိုက်နေ၏။

သူတို့က ချင်မူနှင့် သေတ္တာကြီးကို ပြုံးပြသွားကြရင်း ဖြတ်ကျော်သွားကြသည်။

“မဟုတ်သေးဘူး မဟုတ်သေးဘူး... ဒီနေရာက သဲကန္တာရတစ်ခုပါ ဘာလို့ မြို့တစ်မြို့ ရှိနေတာလဲ။ ဒီမှာ လူတွေ အများကြီး ရှိနေရင် ဘာလို့ ဟိုနတ်ဘုရားအရိုးစုတွေကို မြေမြုပ်သင်္ဂြိုဟ်မပေးတာလဲ။ ပြီးတော့ နတ်ဘုရားတွေကလည်း ဘာလို့ ဒီလောက်များနေတာလဲ”

ချင်မူ ခေါင်းကိုက်လာ၍ သူ့ဘေးမှ ဖြတ်သွားသော မိန်းကလေးတစ်ယောက်၏လက်ကို လှမ်းဆွဲလိုက်သည်။ ထိုမိန်းကလေးက ကြည့်ရမဆိုးသည့် သူ့ရုပ်သွင်အား မြင်လျှင် တခစ်ခစ် ရယ်လေသည်။ “ကောင်လေး ဘာလို့ တို့ လက်ကို ဆွဲတာလဲ”

“မမကြီး၊ ဒီနှစ်က ဘာနှစ်လဲ” ချင်မူက ဖြူဖျော့စွာဖြင့် မေးလိုက်သည်။

မိန်းကလေးက ပြုံးကာ ပြောလိုက်၏။ “စကားရှာတတ်တယ်နော်။ ဒီနှစ်က ချုံဧကရာဇ်နှစ် ၂၄၀၀၀ လေ။ ဒီနေ့က ချုံဧကရာဇ်ရဲ့ အသက် ၂၆၀၀၀ နှစ် ပြည့် မွေးနေ့ပဲ”

All Chapters