သမိုင်းထဲသို့ ရောက်သွားသည့်အခါ
Vol. 35 Ch. 487
“ချုံဧကရာဇ်ရဲ့ အသက် ၂၆၀၀၀ နှစ်ပြည့် မွေးနေ့ ဟုတ်လား”
ချင်မူ အံ့ဩမှင်သက်သွားသည်။ သူ မွေးခဲ့သည့်နှစ်က နှစ်ပေါင်းနှစ်သောင်းခန့်အထိ တည်တန့်ခဲ့သော ခိုင်ဧကရာဇ်ခေတ် ပျက်သုဉ်းပြီး နှစ်နှစ်သောင်းအကြာတွင် ဖြစ်ချေသည်။
ဤအခြေအနေအရ သူတို့ နှစ်သုံးသောင်း၊ လေးသောင်းမျှ နောက်ပြန်ရောက်လာခြင်း မဟုတ်ပေဘူးလား။
ပန်ကုန်းစုန်၏ နေရာရွှေ့ပြောင်းသိုင်းက သူတို့ကို နှစ်ပေါင်းများစွာ နောက်ပြန်ပို့ပေးလိုက်ခြင်းလား။
သေတ္တာအောက်ရှိ ပန်ကုန်းစုန်လည်း ဆွံ့အနေသည်။ မဖော်ပြတတ်အောင် ထူးဆန်းသော ခံစားချက်က သူ့ရင်ထဲတွင် ပေါက်ဖွားလာ၏။ သူ့မှာ နောက်ဆုံးလက်ကျန် မှော်စွမ်းအင်ဖြင့် နေရာရွှေ့ပြောင်းခြင်းအလံများကိုသာ အသုံးပြုခဲ့ခြင်းဖြစ်ရာ အဘယ်သို့ပြု၍ နှစ်သုံးသောင်း၊ လေးသောင်းမျှ နောက်ပြန်ပို့ပေးနိုင်မည်နည်း။
အိပ်မက်သာ ဖြစ်လိမ့်မည်။
သူ ပေါင်ကို ဆွဲဆိတ်ကြည့်ရန် ပြင်နေစဉ် ခြေထောက်ဖြတ်ခံထားရသည့်နေရာမှ စူးခနဲ နာကျင်သွားသဖြင့် မျက်ရည်ထွက်သည်အထိ အော်လိုက်မိသည်။
ချင်မူက ဓားရှည်ဖြင့် သူ့ခြေထောက်ထဲ ထိုးကာ ခပ်တိုးတိုး ရေရွတ်နေ၏။ “နာတယ်ဆိုတော့ အိပ်မက်မဟုတ်ဘူး။ ငါတို့ သမိုင်းပုံရိပ်နောက်တစ်ခု မြင်တွေ့နေရတာများ ဖြစ်နိုင်မလား။ ဒါမှမဟုတ် အဲဒီသမိုင်းပုံရိပ်ထဲ ရောက်သွားတာလား”
သူ့အရှေ့ရှိ မိန်းကလေးက သေတ္တာအောက်ရှိ ခြေပြတ်ကောင်လေးကို သူ ဓားဖြင့် ထိုးလိုက်မှန်း မြင်လျှင် ဒေါသထွက်သွားတော့သည်။ “နင် နင် ဒုက္ခိတတစ်ယောက်ကို ဒီလိုနှိပ်စက်ရလား။ နင့်ရုပ်လေးက ချောတော့ရော ဘာလုပ်ရမှာလဲ။ စိတ်ဓာတ်မကောင်းတဲ့လူ” ထိုသို့ပြောပြီးသည်နှင့် သူမက လှည့်ထွက်သွားသည်။
“မမကြီး ခဏနေပါဦး” ချင်မူ သူမကို အပြေးအလွှား တားလိုက်၏။
မိန်းကလေးမှာ သူ့အသံကို ကြားလျှင် မငြင်းရက်ပြန်ပေ။ ရပ်ပြီး လှည့်ကြည့်လိုက်သည့်အခါ သူက အနားကပ်လာပြီး လက်ဝါးနှစ်ဖက်ဖြင့် သူမပါးလေးနှစ်ဖက်ကို အုပ်မိုးကိုင်လိုက်သည်။
မိန်းကလေး ရှက်ရမ်းရမ်းလိုက်မိသည်။ “နင် နင်နော် ဘာလုပ်နေတာလဲ။ အခုမှ ပထမဆုံး တွေ့တာကို ဒီလိုအသားယူရလား။ သိပ်ထူးဆန်းလိုက်တဲ့လူ။ ထူးဆန်းတဲ့ သေတ္တာကြီးနဲ့ ဝက်ကြီးလည်း ရှိတယ်။ ဒုက္ခိတတစ်ယောက်ကိုတောင် အနိုင်ကျင့်သေးတယ်။ ငါ့အဖေနဲ့ အစ်ကိုက နင့်ကို သဘောကျမှမဟုတ်ဘူး... ငါ့အဖေက သိပ်အင်အားကြီးတာ၊ ငါ့အစ်ကိုရောပဲ။ သူတို့ နင့်ကို သေအောင် ရိုက်လိမ့်မယ်နော်။ ဒီလိုမလုပ်နဲ့...”
ချင်မူ မှင်သက်နေသည်။ သူ့မှာ ကောင်းကင်ဘုံမှ မိုးကြိုးဖြင့် ပစ်ချခံလိုက်ရသကဲ့သို့ အကြီးအကျယ် အံ့အားသင့်သွား၏။ “အစစ်ပဲ။ မမကြီးက သက်ရှိလူသားအစစ်ပဲ။ ဒါ သမိုင်းပုံရိပ်မဟုတ်ဘူး။ တကယ်ကြီး ချုံဧကရာဇ်ခေတ်ကို ရောက်လာတာ..... အချိန်ခရီးသွားတာက တကယ် ဖြစ်နိုင်တာလား”
မိန်းကလေးမှာ သူ့စကားများကြောင့် ဇဝေဇဝါဖြင့် မေးလိုက်မိသည်။ “ဘာတွေ ပြောနေတာလဲ။ သမိုင်းပုံရိပ်ဆိုတာ ဘာကြီးလဲ။ အချိန်ခရီးသွားတာက....”
သူမ မေးခွန်းအားလုံး မမေးနိုင်ခင် လူငယ်စုံတွဲတစ်တွဲက လမ်းလျှောက်နေသော လူများကြားမှ တိုးထွက်လာပြီး လှမ်းအော်သည်။ “ချွီအာ ဒါက”
မိန်းကလေးက မျက်နှာလေးရဲသွားပြီး ခပ်တိုးတိုးလေး ပြောလိုက်၏။ “အစ်ကို၊ ကျွန်မမှာ သဘောကျရတဲ့လူ ရှိလာပြီထင်တယ်....”
ပန်ကုန်းစုန်က နဂါးချီလင်ကို လှည့်စား၍ ခြေထောက်ဒဏ်ရာကို လျက်ခိုင်းရန် သေတ္တာအောက်မှ ထွက်လာသော်လည်း မိန်းကလေး၏စကားကြောင့် ကြက်သေသေသွား၏။ သူက မြေကြီးပေါ် တံတွေးထွေးချလိုက်သည်။ ‘ဒီကောင့်ကို ဒီလို သဘောကျသွားတယ်ဟုတ်လား။ ရုပ်ချောတော့ရော ဘာလုပ်ရမှာလဲ။ အသုံးမကျတဲ့ကောင်ကိုများ....’
ချင်မူမှာ ကြက်သေသေနေသည်။ လူငယ်က ချင်မူ့အမူအရာကို မြင်လျှင် ခေါင်းယမ်းလိုက်၏။ သူက ချွီအာဆိုသည့် မိန်းကလေးကို ခပ်တိုးတိုး ကပ်ပြောလိုက်သည်။ “ဒီလူ့ကြည့်ရတာ စိတ်နဲ့ကိုယ် ကပ်နေတဲ့ပုံမရဘူး။ ဒီကမ္ဘာပေါ်မှာ ပါရမီရှင်တွေ အများကြီးရှိတာတောင် ဘာလို့ သူ့ကို သဘောကျနေတာလဲ”
လူငယ်ဘေးရှိ အမျိုးသမီးက ပြုံးလျက် ပြောသည်။ “ညီမလေး၊ နင့်အစ်ကိုပြောတာ နားမထောင်နဲ့။ သူက အမြဲ အဲဒီပါရမီရှင်ဆိုတဲ့ လူတွေနဲ့ပဲ မိတ်ဆက်ပေးချင်နေတာ။ ညီမလေး ဘယ်သူ့ကို သဘောကျလဲ ဂရုစိုက်တာမဟုတ်ဘူး။ ဒီကောင်လေးနဲ့ သိတာ ဘယ်လောက်ကြာပြီလဲ”
မိန်းကလေးက ခေါင်းငုံ့သွားပြီး ရှက်ရွံ့စွာ ပြောလေသည်။ “အခုမှ သိတာပါ....”
လူငယ်ဘေးရှိ အမျိုးသမီးမှာ အင်္ကျီလက်အိုးဖြင့် ပါးစပ်ကို အုပ်ကာ ဆွံ့အသွားသည်။
“အခုမှ တွေ့တာကို သဘောကျနေပြီပေါ့”
လူငယ်က မီးပုံယမ်းကျ ဒေါသသွားပြီး တဟားဟား ရယ်ကာ ချင်မူ့ကို ဘုကြည့်ကြည့်သည်။ “ငါတို့ပိုင်မိသားစုရဲ့ သမီးတော်က လက်ရှိခေတ်ရဲ့ သူရဲကောင်းတစ်ယောက်ပဲ။ မင်းက ငါ့ညီမနဲ့ တန်တယ်ထင်လား” သူက အော်ဟစ်လိုက်သည်။
သူ၏အရှိန်အဝါက တရှိန်ထိုး ထွက်ပေါ်လာပြီး အမှန်ပင် အင်အားကြီးမား၏။ အလင်းတန်းများ သူ့အနောက်၌ လင်းလက်လာကာ နဂါးခေါင်းနှင့် နဂါးမြီးရှိသော လူအသွင် မူလဝိညာဉ်က တဖြည်းဖြည်း ထလာသည်။ ၎င်းက အသည်းနှလုံးကို ဆုတ်ဖြဲပစ်ချင်နေသည့် အငွေ့အသက်အား ဖြန့်ကျက်လိုက်၏။
ပန်ကုန်းစုန် ပါးစပ်အဟောင်းသား အံ့အားသင့်သွားသည်။ “အစစ်အမှန်နဂါးမူလဝိညာဉ်။ မဟုတ်သေးဘူး နဂါးစိမ်းမူလဝိညာဉ်လား။ သူက ဝိညာဉ်ခန္ဓာလေးခုထဲက တစ်ခုမဟုတ်ဘူး ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...” သူ တအံ့တဩ အော်လိုက်မိ၏။
ချင်မူလည်း စိတ်နှင့်ကိုယ် ပြန်ကပ်သွားပြီး လူငယ်၏ မူလဝိညာဉ်အား ကြည့်လိုက်သည်။ သူ ရင်ထဲတွင် လှုပ်ခတ်သွား၏။ ‘ဒီကမ္ဘာမှာ ဝိညာဉ်ခန္ဓာလေးခုတင် ရှိတာမဟုတ်ဘူး။ တခြားခန္ဓာတွေလည်း ရှိနေတာပဲ’
လူငယ်က နဂါးလက်သည်းများ ပေါင်းစည်းနေသော သူ့လက်ကို ဆန့်ထုတ်ကာ ချင်မူနှင့် လက်ဆွဲနှုတ်ဆက်သည်။ လျှပ်စီးများက သူ့လက်တစ်လျှောက် လူးလွန့်ကခုန်နေ၏။ “လာ မင်းရဲ့အစွမ်းအစတွေကို စမ်းကြည့်ရအောင်”
သူ့လက်သည်းများ လှုပ်လိုက်သည့်အခါ သူ့ရုပ်ခန္ဓာ၏အရေပြားက ပြောင်းလဲသွားပြီး မှော်သင်္ကေတအမှတ်အသားမျိုးစုံ ပေါ်လာသည်။ လှုပ်နေသော လက်ချောင်းများကြား၌ ကောင်းကင်နတ်သိုင်းများစွာ ကိန်းဝပ်ပုန်းအောင်းနေ၏။ သူက ထိပ်တန်းရုပ်ခန္ဓာကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်၏ ခွန်အားဖြင့် ရိုက်ချလိုက်သည်။
ချင်မူ ကမန်းကတန်း နောက်ဆုတ်၍ သူ၏ရိုက်ချက်အား အမြန်ရှောင်လိုက်သည်။ လူငယ် လက်ချောင်းငါးချောင်းကို စုလိုက်သည့်အခါ ချင်မူ့ဘေး၌ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး နေရာဟင်းလင်းပြင် ပေါက်ကွဲသွား၏။ ပေါက်ကွဲအားက ချင်မူ့ကို ကောင်းကင်ယံသို့ ပင့်တင်လိုက်သည်။
လူငယ်က ခုန်၍ ချင်မူ့ဆီ တန်းတန်းမတ်မတ် ပြေးလာသည်။
ပန်ကုန်းစုန်မှာ ခေါင်းမော့ကြည့်ရင်း အံ့ဩနေ၏။ ‘ဒီပိုင်လူငယ်က နဂါးမျိုးနွယ်ကပဲ။ နဂါးမျိုးနွယ်မဟုတ်ဘဲ နဂါးခန္ဓာကောင်းကင်နတ်သိုင်းကို ဒီလောက်အဆင့်အထိ မကျင့်ကြံနိုင်ဘူး။ ငယ်ငယ်ပဲ ရှိသေးတာတောင် ကောင်းကင်နတ်အသွင်အဆင့် ရောက်နေပြီ။ ချုံဧကရာဇ်ခေတ်က လူတိုင်းက ဒီလောက်သန်မာအားကောင်းတာများလား’
ပန်ကုန်းစုန်သည် နှစ်တစ်သောင်း နေထိုင်ခဲ့သည့် မကောင်းဆိုးဝါးအိုကြီး မဟုတ်ပါ၏လော။ နိုင်ငံရပ်ခြား တိုင်းတပါးများသို့ လှည့်ပတ်သွားလာကာ နဂါးသိုင်းပညာရှင်များစွာနှင့် ဆုံတွေ့ခဲ့ဖူးသည်။ မည်မျှသန်မာအားကောင်းစေကာမူ အသက်ငယ်ငယ်နှင့် ကောင်းကင်နတ်အသွင်အဆင့်အထိ ကျင့်ကြံနိုင်သော နဂါးမျိုးနွယ်မှာ အမှန်တကယ် ရှားပါး၏။
ချွီအာဆိုသည့် မိန်းကလေးမှာ စိုးရိမ်လာ၍ ကပျာကယာ လှမ်းပြောလိုက်သည်။ “အစ်ကို သူ့ကို ထိခိုက်အောင် မလုပ်ပါနဲ့”
သူ့ဘေးရှိ မိန်းကလေးက သူမကို ဆွဲပြီး ပြုံးပြသည်။ “ညီမလေးရဲ့ အစ်ကိုက ညီမလေးနဲ့ ဒီကောင်လေး တန်လား မြင်ချင်လို့၊ ညီမလေးအတွက် လုပ်ပေးနေတာပါ။ ညီမလေးရဲ့ အစ်ကို သူ့ကို အသိအမှတ်ပြုတာနဲ့ အဖေလည်း တားမှာမဟုတ်တော့ဘူး။ စမ်းသပ်နေတဲ့သူက အဖေဆိုရင် တွေးကြည့်လိုက်၊ ညီမလေးရဲ့ ချစ်သူလေး အရိုးတွေ စိစိညက်ညက် ကြေသွားလိမ့်မယ်”
ပိုင်ချွီအာ သဘောပေါက်သွား၍ ပြုံးလိုက်သည်။ “မရီးက တကယ် တွေးတတ်ပါတယ်။ ဒါပေမဲ့....” သူမမှာ စိုးရိမ်နေသေးသည်။ “အစ်ကိုက သိပ်အင်အားကြီးတာ။ သူ့ကို ထိခိုက်အောင် လုပ်မိရင် ဘယ်လိုလုပ်မလဲ...”
အမျိုးသမီးက ပြုံးကာ ပြောလိုက်သည်။ “မပူပါနဲ့။ ညီမလေးအစ်ကိုက သိုင်းအဆင့်မြင့်ပေမယ့် အကျိုးသင့်အကြောင်းသင့် ပြုမူရမှာ သိပါတယ်။ ညီမလေးရဲ့ ချစ်သူလေးနဲ့ တူတဲ့ သိုင်းအဆင့်ကိုပဲ သုံးမှာပါ။ ထိခိုက်အောင် မလုပ်ပါဘူး”
လေလယ်တွင် ချင်မူမှာ ဟိုဟိုသည်သည် ပြေးနေရသည်။ လူငယ်၏ခွန်အားက အလွန်ပြင်းထန်၏။ သူ့လက်ချောင်းများ၊ လက်ဖဝါးများ လှုပ်ခါလိုက်သည်နှင့် ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းက ကျန်ကောင်းကင်နတ်သိုင်းများထက် များစွာပြင်းထန်သည့် ခွန်အားဖြင့် ပေါက်ကွဲထွက်ပေါ်လာတတ်သည်။ သူ့သိုင်းကွက်များက ကိုက်သုံးရာအထိ ဖြန့်ကျက်နိုင်သည့်အပြင် အတိုင်းထက်အလွန် လျင်မြန်၍ ချင်မူမှာ ကောင်းကင်ရတနာများ ဖွင်ရုံမှတစ်ပါး ရွေးစရာမရှိတော့ပေ။
ဒုန်း ဒုန်း ဒုန်း
သူ့ကိုယ်ထဲမှ ပေါက်ကွဲသံသုံးချက် ထွက်လာသည့်အချိန်တွင် လူငယ်က စိတ်ပျက်သွားသောအမူအရာဖြင့် ခေါင်းယမ်းလိုက်သည်။ “အရပ်ခြောက်မျက်နှာအဆင့်လား။ မင်း သိုင်းအဆင့်က နိမ့်လွန်းတယ်။ ရတယ်လေ မင်းကို အရပ်ခြောက်မျက်နှာအဆင့်နဲ့ပဲ တိုက်ခိုက်မယ်။ မင်းရဲ့အသိအမြင်နဲ့ အတွေးအခေါ်က ဘယ်လိုရှိလဲ ကြည့်ရသေးတာပေါ့”
သူက ကောင်းကင်နတ်အသွင်ကောင်းကင်ရတနာနှင့် ခုနစ်စဉ်ကြယ်ကောင်းကင်ရတနာကို ပိတ်လိုက်သည်။ သူ့အနောက်ရှိ မူလဝိညာဉ်က တမုဟုတ်ချင်း ပျောက်ကွယ်သွားသော်လည်း သူ၏သိုင်းစွမ်းအား ကြောက်မက်ဖွယ်ရာကောင်းဆဲ ဖြစ်၏။ သူ့လက်ဟန်နည်းစနစ်များက ခန့်မှန်းမရအောင် ပြောင်းလဲနေပြီး ချင်မူ့အား တိုက်ခိုက်နေသည်။
ပန်ကုန်းစုန်မှာ တအံ့တဩ ငေးကြည့်နေ၏။ “ဒီပိုင်လူငယ်က တော်တော် ပါရမီထက်သန်တာပဲ။ သူ့ရုပ်ခန္ဓာကောင်းကင်နတ်သိုင်းက ငါ့ထက် သာတယ်။ အဆင့်တူမှာ ငါ သူ့ကို နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီခွေးသူတောင်းစားချင်က ခုနစ်စဉ်ကြယ်အဆင့်မဟုတ်ဘူးလား...”
သူ တွေးနေသည့်အချိန် ကမ္ဘာတုန်ဟည်းသွားစေသော ပေါက်ကွဲသံကြီးနှင့်အတူ ပိုင်လူငယ်မှာ ချင်မူ့သိုင်းကွက်ကြောင့် ကြယ်ပျံကြီးသဖွယ် လွင့်ထွက်သွား၏။
အောက်ရှိ မိန်းကလေးနှစ်ယောက် မှင်သက်သွားသည်။
သို့သော် ပန်ကုန်းစုန်အတွက်တော့ မထူးဆန်းပေ။ ‘ခွေးသူတောင်းစားချင်က ခုနစ်စဉ်ကြယ်အဆင့်၊ ငါလည်း ခုနစ်စဉ်ကြယ်အဆင့်။ ငါသာ သူ့ကို ထိပ်တိုက်ရင်ဆိုင်လိုက်ရင် အရိုးတွေတောင် ကျိုးသွားလောက်တယ်။ ဒါတောင် ဉာဏ်ကြီးရှင်ကြီးပိုင်က အရပ်ခြောက်မျက်နှာအဆင့်နဲ့ ရင်ဆိုင်တယ်တဲ့လား။ သနားစရာပဲ”
လူငယ်က လျင်မြန်စွာ ပြန်ရောက်လာကာ ဒေါသတကြီး အော်လိုက်သည်။ “အရပ်ခြောက်မျက်နှာအဆင့်မှာ ဒီလောက် သန်မာအားကောင်းတဲ့ မှော်စွမ်းအင်နဲ့ ရုပ်ခန္ဓာ မရှိနိုင်ဘူး။ မင်းက သေချာပေါက် ခုနစ်စဉ်ကြယ်အဆင့်ပဲ ဖြစ်ရမယ်။ ငါ မင်းကို ခုနစ်စဉ်ကြယ်အဆင့်နဲ့ တိုက်ခိုက်မယ်”
ဘုန်း
လူငယ် နောက်တစ်ကြိမ် လွင့်ထွက်သွား၍ အဆောက်အဦတစ်ခုပေါ်တွင် မတ်တပ်ရပ်နေသော နတ်ဘုရားတစ်ပါးက သူ့အား လှမ်းဖမ်းလိုက်သည်။ နတ်ဘုရားက ပြုံးကာ ပြောလိုက်၏။ “မြို့အရှင်လေးချင်းဖု လွင့်ထွက်လာပြန်ပြီပဲ။ ပြိုင်ဘက်နဲ့ တွေ့ပြီလား”
လူငယ်ပိုင်ချင်းဖုက ဒေါသများဖြင့် ရယ်မောပြီး နတ်ဘုရား၏လက်ဝါးပေါ်မှ ကုန်းရုန်းထကာ ချင်မူ့ဆီ ပြန်ပြေးသွားသည်။ “မင်းရဲ့ မှော်စွမ်းအင်က အားကောင်းတော့ရော ဘာလုပ်ရမှာလဲ။ ငါ့ကောင်းကင်နတ်သိုင်းတွေကို ကြည့်လိုက်စမ်း”
သူ တရှိန်ထိုး ပြေးလာနေစဉ် သူ၏လက်သီးသိုင်းက ခန့်မှန်းမရအောင် ပြောင်းလဲသွားပြီး ကောင်းကင်တစ်ပြင်လုံး နဂါးလက်သီးများ ပြည့်နှက်သွားသည်။
လေပြင်းမိုးကြိုးများက ချင်မူ့မျက်နှာကို တိုးဝှေ့တိုက်ခတ်သွား၍ သူ၏အဝတ်စများ တဖတ်ဖတ် လှုပ်ခတ်သွားသည်။ ပြင်းထန်ကြမ်းတမ်းသော နဂါးကြီး သူ့ကို ခုန်အုပ်တော့မည့်အလား သူ ခံစားလိုက်ရသဖြင့် တောင်စဉ်ရေမရ အတွေးများကို ခေါင်းထဲမှ ထုတ်၍ လောကသခင်ခန္ဓာအမြုတေသုံးသွယ် ကျင့်စဉ်အား လှည့်ပတ်လိုက်သည်။ သူ့မျက်လုံးများက တောက်ပလာပြီး စိတ်လှုပ်ရှားလာ၏။ “ချုံဧကရာဇ်ခေတ်ရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက ခေတ်သစ်နဲ့ ယှဉ်နိုင်မှာတဲ့လား။ တစ်ခါတည်း ရလဒ်ကို ကြည့်လိုက်စမ်း။ နဂါးကိုးကောင်မုန်တိုင်း”
သူတို့နှစ်ယောက် ဘုန်းခနဲ ဝင်သွားပြီး အားလှိုင်းများ တမုဟုတ်ချင်း ဖြာထွက်လာသည်။ ဒေါသခြောင်းခြောင်း ထနေသော နဂါးများပမာ လေလှိုင်းများက ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် အရပ်မျက်နှာတစ်ခွင် ဖြာဆင်းသွား၏။
“အွမ်းးးး....”
ရုတ်တရက် နဂါးသဏ္ဍာန်အားလှိုင်းက ဖြာထွက်လာပြီး နဂါးတစ်သောင်း တွန်ကျူးလိုက်ကြသည်။ နဂါးစွမ်းအင်များ လေတွင် ပြန့်ကြဲသွားပြီး တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်ကြ၏။
ချင်မူနှင့် ပိုင်ချင်းမုက နဂါးများကို နင်း၍ မြို့ထဲ နတ်ဘုရားများဘေးမှ ဖြတ်သွားကြသည်။ နတ်ဘုရားများက သူတို့တိုက်ပွဲကို ပြုံး၍ ကြည့်နေကြပြီး တလေးတစား စုပ်သပ်နေကြသည်။
အောက်ရှိမြို့ထဲတွင်လည်း ဖြတ်သွားဖြတ်လာများက ခေါင်းမော့ကာ ကြည့်နေကြ၏။ ကောင်းကောင်းမြင်ရရန် ကောင်းကင်ယံသို့ ပျံတက်လာကြသူများလည်း ရှိကြသည်။
နတ်ဘုရားတစ်ပါးက ပြုံးလျက် ပြောလိုက်သည်။ “အောက်ပြန်ဆင်းကြ၊ သူတို့ကို မနှောင့်ယှက်ကြနဲ့။ မင်းတို့ ကောင်းကောင်းမြင်ရအောင် ငါ မီးထွန်းပေးမယ်” ထိုသို့ပြောလိုက်သည်နှင့် သူ့မျက်လုံးများ တောက်ပလာပြီး အလင်းတန်းနှစ်တန်းက ချင်မူနှင့် ပိုင်ချင်းဖုအပေါ် ကျရောက်သွားသည်။
ရုတ်တရက် နတ်ဘုရားတစ်ပါး လမ်းလျှောက်လာ၏။ သူ၏ရုပ်သွင်က တောင့်တင်းသန်မာပြီး သူ့မျက်လုံးများက နဂါးတစ်ကောင်သဖွယ် စူးရှတောက်ပနေသည်။
“မြို့အရှင်ပိုင်” နတ်ဘုရားအများစုက နှုတ်ဆက်လိုက်ကြသည်။
ထိုနတ်ဘုရားက လက်ကာပြကာ ချင်မူ့အား ကြည့်လိုက်၏။ “ဒီလူငယ်က သိပ်ထူးခြားတယ်၊ သူ့သိုင်းကွက်တွေက ဗုဒ္ဓသိုင်းတွေ ဆိုပေမယ့် မှော်စွမ်းအင်က ဘာကြောင့် ဒီလောက် သန်မာအားကောင်းနေတာပါလိမ့်။ သူ့ကျင့်စဉ်မှာလည်း ငါတို့နဂါးမျိုးနွယ်ရဲ့ အရှိန်အဝါ ရှိနေတယ်။ ထူးဆန်းတယ်၊ သိပ်ထူးဆန်းတယ်....” သူက တအံ့တဩ ဆိုလိုက်သည်။
ပိုင်ချင်းဖုမှာ အချိန်ကြာနေပြီဖြစ်သည့်တိုင် အသာစီးမှုမရသေးပေ။ “ဓား-ဝိညာဉ်လက်နက် ကြက်ခတ်သိုင်းကွက်”
ချီစွမ်းအင်က နဂါးတစ်ကောင်ပမာ ပျံထွက်လာပြီး ချီစွမ်းအင်အတွင်း၌ နဂါးပုတီးစေ့တစ်လုံး လည်နေသည်။ မရေမတွက်နိုင်သော ဓားပျံများက နဂါးပုတီးစေ့ထဲမှ ထွက်လာပြီး ချင်မူအား နဂါးများသဖွယ် တိုက်ခိုက်ကြ၏။
ချင်မူက ချုံဧကရာဇ်ခေတ်၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို မြင်တွေ့ချင်၍ မှော်စွမ်းအင်ကို လျှိုထားပြီး အစွမ်းကုန်မထုတ်ခဲ့ပေ။ သို့သော် ပိုင်ချင်းဖု၏ နဂါးဓားများက ထူးဆန်းစွာ ချွန်ထက်နေသဖြင့် အစွမ်းကုန်ထုတ်လိုက်ရတော့သည်။
‘သူ့ဓားကွက်တွေက ထူးခြားပေမယ့် အခြေခံဓားကွက်ဆယ့်လေးကွက်ပဲ ရှိသေးတယ်။ ဆယ့်လေးကွက်ထဲကနေ မထွက်နိုင်သေးဘူး’
ချင်မူ တစ်ချက်ကြည့်လိုက်သည်နှင့် ပိုင်ချင်းဖု၏ အခြေအနေမှန်ကို မြင်လိုက်ရသည်။ သူ ထောင်ကျယ်အိတ်ကို ပုတ်လိုက်သည့်အခါ ဓားစက်လုံး ပျံထွက်လာ၏။ သူ ဓားစက်လုံးကို ဆုပ်ကိုင်လိုက်လျှင် ဓားအလက်ရှစ်ထောင်က စီးဆင်းနေသော သဲများသဖွယ် သူ၏လက်ချောင်းများကြားမှ ထွက်သွားသည်။
လေလယ်တွင် ဓားကွက်များ ဝင်တိုက်သွားပြီး ပိုင်ချင်းဖု ညည်းလိုက်ရသည်။ သူ့မှာ ဓားဒဏ်ရာတစ်ရာကျော်ဖြင့် ကောင်းကင်ယံမှ ပြုတ်ကျသွား၏။
ချင်မူ လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်သည့်အခါ ဓားပျံများက ပြန်လည်ပျံသန်းလာပြီး သူ၏လက်ချောင်းအပေါ်တွင် စုဝေးသွားသည်။ ထို့နောက် လည်နေသော ဓားစက်လုံးအဖြစ် ပြန်ပြောင်းသွားသည်။
“ဆန်းကြယ်လိုက်တဲ့ ဓားကွက်”
ပတ်ဝန်းကျင်မှ ချီးကျူးသံများ ထွက်လာ၍ ချင်မူ ကြည့်လိုက်ရာတွင် နတ်ဘုရားတစ်ရာကျော် စုဝေးနေသည်ကို မြင်လိုက်ရသည်။ ကြီးကျယ်ခံ့ညားသော ပုံရိပ်များက ညအမှောင်ထုနှင့် ဆန့်ကျင်လျက် လင်းလက်တောက်ပနေသည်။
ချင်မူ တအံ့တဩဖြင့် နှုတ်ဆက်လိုက်သည်။
ရယ်သံအကျယ်ကြီးတစ်သံ ထွက်လာပြီး သက်လတ်ပိုင်းလူတစ်ယောက်က မြေပြင်ညီတွင် လျှောက်နေသကဲ့သို့ ခြေလှမ်းကြဲကြီးများဖြင့် လေကို နင်းလျှောက်လာသည်။ သူက ချင်မူ့ရှေ့တည့်တည့်သို့ ရောက်လာ၍ ချင်မူမှာ သူ့ကို မော့ကြည့်လိုက်ရသည်။
“တော်လိုက်တဲ့ လူငယ်လေး” သက်လတ်ပိုင်းလူက ကျယ်လောင်စွာ ရယ်လိုက်သည်။ “မင်းက ဘယ်သူတပည့်လဲ။ မင်းအစွမ်းအစတွေက တကယ် အထင်ကြီးစရာကောင်းတယ်။ ငါတို့နဂါးမျိုးနွယ်ရဲ့ ကျင့်စဉ်ကိုလည်း ကျင့်ကြံနေသလိုပဲ”
ချင်မူ အတွေးများ ပြန့်ကြဲသွားပြီး ကမန်းကတန်း ပြောလိုက်မိသည်။ “ကျွန်တော်က ချင်မူပါ။ ဒီနေရာကို အမှတ်မထင် ရောက်လာတာပါဗျ။ နဂါးမျိုးနွယ်ရဲ့ ဘာသာစကားတချို့ပါတဲ့ နဂါးသိုက်တစ်ခု ရထားလို့ နဂါးမျိုးနွယ်ရဲ့ ကျင့်စဉ်ကို ကျင့်ထားပါတယ်”
ပိုင်ချင်းဖုက ပျံသန်းလာပြီး သူ့ကို ရိုးရိုးသားသား ချီးကျူး၏။ “သိပ်ထူးချွန်လိုက်တဲ့ စွမ်းရည်။ ကောင်းကင်နတ်ဘုံမှာတောင် ထင်ရှားလောက်တယ်။နောင်တော်ချင်၊ ဒါက ကျွန်တော့်အဖေ ပိုင်ယွီထင်ပါ။ ဒီပိုင်ဖန်းရုံမြို့ရဲ့ မြို့အရှင်ပါ”
ချင်မူ သူ့အား နှုတ်ဆက်လိုက်သည်။
ရုတ်တရက် အပြင်ရှိ အမှောင်ထုထဲမှ ဗုံသံများ ထွက်လာ၏။ ပိုင်ယွီထင်၏အမူအရာ တင်းမာသွားပြီး သူက အလေးအနက် ပြောလိုက်သည်။ “ဒါ ပေ့လော့ရှစ်မန်ကပဲ။ မကောင်းဆိုးဝါးနတ်ဆိုးတွေ ကျူးကျော်နေပြန်ပြီ။ ဂိတ်တံခါးလေးပေါက်ကို စောင့်ဖို့ လေးယောက်နေခဲ့။ ကျန်တဲ့လူတွေ ငါနဲ့အတူ ရန်သူကို တိုက်ထုတ်ဖို့ လိုက်ခဲ့ကြ”
သူက နတ်ဘုရားအားလုံးကို ဦးဆောင်၍ အဝေးသို့ ထွက်သွားသည်။
ချင်မူ အတန်ငယ် မှင်သက်သွားသည်။ “ပေ့လော့ရှစ်မန်တဲ့လား။ ငါ နှိုးလိုက်တဲ့ နတ်ဘုရားအရိုးစုက ပေ့လော့ရှစ်မန်ရဲ့ အမြင့်စံအရာရှိမဟုတ်လား’
ပိုင်ယွီထင်နှင့် ကျန်ရှိသူများ ထွက်သွားသည့်နေရာဆီသို့ လှမ်းကြည့်လိုက်သည့်အခါ အမှောင်ထုထဲမှ တန်းစီလာနေသော မီးအိမ်များကို မြင်လိုက်ရသည်။ ၎င်းက ကောင်းကင်ယံရှိ နတ်ဘုရားမြို့တော် ပေ့လော့ရှစ်မန်ပင် ဖြစ်၏။
“ကောင်းကင်မှောင်မိုက်သွားကတည်းက မကောင်းဆိုးဝါးနတ်ဆိုးတွေ မကြာခဏ ကျူးကျော်လာတာလေ။ ဒါပေမဲ့ စိတ်ပူစရာမလိုပါဘူး” ပိုင်ချင်းဖုက ပြောလာသည်။ “နောင်တော်ချင်ရဲ့ ဓားကွက်တွေက ကျွန်တော့်လက်သီးသိုင်းထက်တောင် အဆင့်မြင့်တယ်။ ကျွန်တော့်ကို သင်ပြပေးနိုင်မလား မသိဘူး”
ချင်မူ သူ့ကို ပြုံးပြလိုက်သည်။ “ကျွန်တော့်မှာလည်း နားမလည်တဲ့ နဂါးဘာသာစကားတွေ ရှိနေတယ်။ နောင်တော်ပိုင် သင်ပြပေးနိုင်မလား”
သူတို့မြေပြင်ပေါ် ဆင်းသက်လာပြီး ပြောနေသည်ကို ကြားသည်နှင့် ပန်ကုန်းစုန်၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူက ချင်မူ့ကို ကပျာကယာ ခေါင်းခါပြပြီး အသံပေးပို့လိုက်၏။ “သမိုင်းကို မပြောင်းလဲမိစေနဲ့။ ငါတို့ ပြန်,မရဘဲ နေလိမ့်မယ်”