← Chapters

တစ်ဝက်

Vol. 34 Ch. 455

တစ်ဝက်

Vol. 34 Ch. 455

တစ်ရက်အတွင်းမှာပဲ လီဖူချန်းရဲ့ တည်နေရာပြ တံဆိပ်တော်ဟာ လှုပ်ယမ်း လာခဲ့ပါတယ်။

“မဟူရာ ရေစင်ထွက်တဲ့ ရေပန်းကို ဘယ်သူ တွေ့သွားတာလဲဟ”

လီဖူချန်းက ထိုင်နေရာကနေ ထပြီး တည်နေရာပြ တံဆိပ်တော် ညွှန်ပြတဲ့ နေရာကို သွားဖို့  ပြင်လိုက်စဉ်မှာပဲ တခြားကျောင်းသား တွေကလည်း ထလာတာကို မြင်လိုက်ရပါတယ်။ ကြည့်ရတာတော့ သူတို့ရဲ့ တည်နေရာပြ တံဆိပ်တော် တွေကလည်း အချက်ပြနေတဲ့ ပုံပါပဲ။

တံဆိပ်တော် အချက်ပြခြင်း မရှိတဲ့ ကျောင်းသားတွေကလည်း ထိုင်နေရာကနေ ထရပ် လာကြပါပြီ။ သူတို့ကတော့ အတော်လေး ပါးနပ်တဲ့ လူတွေလို့ ဆိုရမှာပါ။ သူတို့က အခြား ကျောင်းသားတွေဟာ သေချာတဲ့ အကြောင်းအရင်း တစ်စုံတရာ မရှိဘဲ ဒီနေရာကနေ ထွက်ခွာမှာ မဟုတ်ဘူး ဆိုတာကို ကောင်းကောင်းကြီး ရိပ်စား မိကြပါတယ်။

“အိုး … ဒီလျှို့ဝှက်နယ်မြေထဲကို ရောက်နေတဲ့ သူတိုင်းက အတော်လေး ပါးနပ်ကြတာပဲ။ မဆိုးဘူး”

လီဖူချန်းက တည်နေရာပြ တံဆိပ်တော် ညွှန်ပြတဲ့အတိုင်း သွားနေရင်းနဲ့ တွေးနေမိပါတယ်။

လူအုပ်ကြီး တစ်အုပ်ကတော့ လီဖူချန်းနောက်ကို လိုက်ဖို့အတွက် ရွေးချယ် ထားကြပုံပါပဲ။ သူတို့က လီဖူချန်းကို လုံးဝ မျက်ချည်ပြတ် မခံပါဘူး။ သိပ်မကြာခင်မှာတော့ လီဖူချန်းဟာ နောက်ထပ် မြစ်ကျိုးအင်း တစ်ခု အနားကို ရောက်လာခဲ့ပါပြီ။

ဟုလင်းက လီဖူချန်းကို တွေ့လိုက်တာနဲ့ အလျင်အမြန် လှမ်းခေါ် လိုက်ပါတယ်။

“ဝါစဉ်ကြီး အစ်ကို ဖူချန်း  … မြစ်ကျိုးအင်းရဲ့ အလယ်မှာ  မဟူရာရေစင် ထွက်နေတဲ့ ရေပန်းတစ်ခု ရှိတယ်။ အဲဒါက အများကြီးပဲ။ ညီမအထင် ပြောရရင် ၅၀၀၀ ဂရမ်တောင် ကျော်မယ်”

“၅၀၀၀ ဂရမ် ကျော်တယ် ဟုတ်လား”

လီဖူချန်းက တစ်ချက် လှမ်းကြည့်လိုက်တဲ့ အခါမှာတော့ ရေပန်းအနားမှာ တိုက်ပွဲတစ်ခု  ဖြစ်နေတာကို တွေ့လိုက် ရပါတယ်။ တစ်ရာလောက်ရှိတဲ့ ကျောင်းသားတွေဟာ မဟူရာရေစင်ကို ရဖို့အတွက် အကြီးအကျယ် တိုက်ခိုက် နေကြတာပါ။ တကယ်လို့ ကျောင်းသား တစ်ယောက် သေသွားမယ် ဆိုရင်တောင်မှ လက်ဒီပေါ်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေဟာ မဲမဲမြင်ရာ တိုက်ခိုက်နေကြလို့ပါပဲ။  သေမှာကိုကြောက်တဲ့ သူတွေကတော့ ဒီတိုက်ပွဲထဲကို လုံးဝ ဝင်မလာသင့်ပါဘူး။

“လီဖူချန်း အခြေအနေ ဘယ်လိုလဲ”

အချိန်ကိုက် ဆိုသလို အန်ရှင်းမိန်နဲ့ တခြားသူတွေဟာလည်း ရောက်လာခဲ့ကြပါပြီ။

“မင်းတို့လေးယောက် တိုက်ပွဲထဲကို ဝင်မပါကြနဲ့။ ငါတစ်ယောက်တည်းဆို ရပြီ”

လီဖူချန်းက အန်ရှင်းမိန်တို့ လေးယောက် သေမှာကို စိုးရိမ်တဲ့အတွက် တိုက်ပွဲထဲကို  ဝင်ပါခွင့် မပြုပါဘူး။

“နင်တစ်ယောက်တည်း ဖြစ်ပါ့မလား”

အန်ရှင်းမိန် ကတော့ လီဖူချန်းကို စိတ်မချတဲ့ ပုံပါပဲ။

လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး …

“ဖြစ်တယ်။ ငါက ငါ့ရဲ့ ကန့်သတ်ချက်ကို သိတယ်”

စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းဟာ တိုက်ပွဲထဲကို ပြေးဝင် သွားခဲ့ပါပြီ။

ဘန်း …

နေမင်းဇောအဟုန် လက်ဝါးရိပ်ကြီး ကောင်းကင်ပေါ်ကနေ ပိကျလာပြီးတဲ့ နောက်မှာတော့ ကျောင်းသား၂၀လောက်ဟာ သွေးအန်ပြီး လွင့်ထွက်ကုန်ပါတယ်။

နေမင်းဇောအဟုန် လက်ဝါးက တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ကို ရောက်နေပြီ ဖြစ်တဲ့အတွက် စွမ်းအားထက်မြက်မှု အရာမှာ အထက် ကောင်းကင်ဘုံ ဓားသိုင်းနဲ့ သိပ်မကွာလှပါဘူး။ နေမင်းဇောအဟုန် လက်ဝါးဆန္ဒ ခိုဝင်ကိန်းအောင်းနေတဲ့  နေမင်းဇောအဟုန် လက်ဝါး စက်ကွင်းဟာ အရာရာကို ဖိနှိပ်ပြီး ဖျက်ဆီးပစ်ဖို့အတွက် လုံလောက်ပါတယ်။

ဟူး … ဟူး … ဟူး …

သိပ်ဒီးလှတဲ့ လက်ဝါးစက်ကွင်း တစ်ခုဟာ  တိုက်ပွဲထဲမှာ ရှိတဲ့ လူငယ်တွေကို စတင် ဖိအားပေး လာခဲ့ပါပြီ။

“ဝေါ့ … နင့်မေက လွှားတဲ့မှပဲ။ အခုရောက်လာတဲ့ ကောင်က ဘယ်သူလဲဟ”

“အား”

လူတော်တော်များများ ကတော့ လီဖူချန်းရဲ့ နေမင်းဇော အဟုန် လက်ဝါးကြောင့် ရေပန်း အနားကနေ လွင့်ထွက် ကုန်ကြပါတယ်။ သူတို့က လီဖူချန်းပေးတဲ့ ဖိအားကို ဘယ်လိုမှ တောင့်မခံနိုင်ကြပါဘူး။

လီဖူချန်းက သူ့ရဲ့ လက်ဝါးအားကို လျော့ထားလို့ တော်ပါသေးတယ်။ မဟုတ်လို့ကတော့ လူအချို့ဟာ သေနေလောက်ပါပြီ။

လီဖူချန်းက ရေပန်းရဲ့ အရှေ့ကို ရောက်တဲ့ အခါမှာတော့  အော်ပြော လိုက်ပါတယ်။

“ဖယ်ကြစမ်း။ ငါက ဒီရေပန်းက ထွက်တဲ့ မဟူရာရေစင် တစ်ဝင်ကို ယူမယ်”

“မင်းကို ဘယ်သူက ပေးမှာတဲ့လဲ”

“မင်းလိုကောင်ကများ”

စကားသံ အဆုံးမှာတော့ လူရိပ်နှစ်ရိပ်ဟာ လီဖူချန်းရဲ့ အရှေ့ကို ရောက်လာခဲ့ကြပါပြီ။

ဒီလူအုပ်ထဲမှာဆိုရင် လက်ရွေးစင်တကာ့ လက်ရွေးစင်တွေ ပါရှိကြပါတယ်။ လီဖူချန်းရှေ့ကို အခုရောက်လာကြတဲ့ လူငယ် နှစ်ယောက်ကတော့ လက်ရွေးစင်တကာ့ လက်ရွေးစင်တွေပါပဲ။

ပြီးတော့ ဒီလူငယ် နှစ်ယောက်စလုံးဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၅ကို ရောက်နေကြပါပြီ။ လီဖူချန်း ထုတ်ထားတဲ့ နေမင်းဇောအဟုန် လက်ဝါးစက်ကွင်း ဖိအားကိုလည်း သူတို့နှစ်ယောက်က  မမှုတဲ့ပုံပါပဲ။

“လီဖူချန်း  … ဘယ်ဘက်ကလူကို ငါသိတယ်။ သူက တိုက်ပွဲဆေဘာ သိုင်းတက္ကသိုလ်ရဲ့ စွမ်းအင်သတ်မှတ်ချက် ဇယား အဆင့်၃ လူဟန်ပဲ”

အန်ရှင်းမိန်ရဲ့ အသံက လီဖူချန်းရဲ့ နားထဲကို တိုးဝင် လာခဲ့ပါတယ်။

လီဖူချန်းက မသိမသာ ခေါင်းညိတ် ပြလိုက်ပါတယ်။ သူက တိုက်ပွဲဆေဘာ သိုင်းတက္ကသိုလ်ကို မသိစရာ အကြောင်း မရှိပါဘူး။ အဲဒီ သိုင်းတက္ကသိုလ်က သိုင်းတက္ကသိုလ် ၂၄ခုမှာ အဆင့်၁၄ဖြစ်ပြီး တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ထက် အဆင့်တစ်ဆင့် မြင့်ပါတယ်။ တိုက်ပွဲဆေဘာ သိုင်းတက္ကသိုလ်လို့ အမည်တွင်ပေမဲ့လည်း ကျောင်းသားတိုင်း ကတော့ ဆေဘာ ဓားသိုင်းကို လေ့ကျင့်ကြတာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း လူဟန်ကတော့ ဆေဘာ ဓားသမား ဖြစ်ပါတယ်။  လူဟန်က မြေကမ္ဘာအလယ် အလတ်အဆင့် ဆေဘာဓားသိုင်းကို အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်ရောက်အောင် လေ့ကျင့် ထားနိုင်ခဲ့ပြီး သူ့ရဲ့ ဆေဘာဓားသိုင်းက တောင်ပိုင်း တောအုပ်သိုင်း တက္ကသိုလ်အထိ နာမည်ကျော်ပါတယ်။

“ငါလိုလူက ဘာဖြစ်လဲ။ မကျေနပ်ရင် တစ်ပွဲတစ်လမ်း အကဲစမ်းကြည့်လိုက်လေ”

လီဖူချန်းက လူဟန်ကို ဂရုမစိုက်ပါဘူး။ သူက ဦးအောင်တောင် တစ်ဖက်လူကို စိမ်ခေါ် လိုက်ပါတယ်။ စိမ်ခေါ်နေရင်းနဲ့ သူက ရေပန်းကိုလည်း စေ့စေ့စပ်စပ် အကဲခတ်လိုက် ပါသေးတယ်။

ရေပန်း အလယ်မှာတော့  ကြက်ဥအရွယ် အပေါက်လေး တစ်ခု ရှိနေပြီး အနက်ရောင် ရေတွေက အဲဒီအပေါက်လေး ထဲကနေ ပန်းထွက်နေတာပါ။ လုံးဝ မှားစရာ မရှိပါဘူး။ ဒါက မဟူရာ ရေစင်တွေပါပဲ။

လီဖူချန်းက လက်ကို ဆန့်ထုတ်လိုက်ပြီး ပန်းထွက်နေတဲ့ မဟူရာ ရေစင်တွေကို ထိကြည့် လိုက်ပါတယ်။

ရှဲ … ရှဲ … ရှဲ …

ဆွေးမြည့် တိုက်စားခြင်းကို ကိုယ်စားပြုတဲ့ မဟူရာရေစင်ဟာ လီဖူချန်းရဲ့ နေမင်းဇောအဟုန် ချီအကာအကွယ်ကို တိုက်စား သွားခဲ့ပါပြီ။

ထောက် …

မဟူရာရေစင် တစ်စက်ဟာ လီဖူချန်းရဲ့ လက်ဖဝါးပေါ်ကို ကျရောက် လာခဲ့ပါတယ်။ လီဖူချန်း အတွက်ကတော့ အဲဒီရေစင် တစ်စက်က သူ့လက်ဖဝါးကို သံတစ်ချောင်းနဲ့ ရိုက်သွင်း ခံလိုက် ရသလိုပါပဲ။

“ပြန်သွားတော့”

လီဖူချန်းက နေမင်းဇောအဟုန် ချီအတွင်း အားတွေကို တိုးမြှင့်လိုက်ပြီး မဟူရာရေစင်ကို ပြန်တွန်းထုတ် လိုက်ပါတယ်။

မဟူရာရေစင်တွေက စုဆောင်းဖို့ ခက်ခဲတယ်လို့ ပြောကြတာကလည်း ဘာမှ အံ့သြစရာ မရှိပါဘူး။ သူ့ရဲ့ ချီအတွင်းအားနဲ့တောင်မှ သူက မဟူရာရေစင် အနည်းငယ်ကိုသာ ဆွဲယူနိုင်ခဲ့ပါတယ်။ တိုက်ပွဲဝိညာဉ် နယ်ပယ်ကို မရောက်မချင်းတော့ သူ့အနေနဲ့ ဒီမဟူရာ ရေစင်တွေကို အကုန်အစင် ခပ်ယူနိုင်မှာ မဟုတ်ပါဘူး။

“မဟူရာရေစင်က သူ့ရဲ့ ခန္ဓာကိုယ်ကို မတိုက်စားနိုင်ဘူးလား”

လူဟန်က မျက်မှောင်ကြုတ်လိုက် မိပါတယ်။

တကယ်လို့ သူသာ မဟူရာရေစင်ကို လက်နဲ့ တိုက်ရိုက် ထိတွေ့လိုက်မယ်ဆိုရင် သူ့ရဲ့ လက်တစ်ခုလုံးဟာ မဟူရာရေစင်ရဲ့ တိုက်စားမှုကို ခံရပြီး စုတ်ပြတ် သတ်သွားမှာ အသေအချာပါပဲ။ ဒါပေမဲ့ လီဖူချန်းကတော့ ဘာမှ မဖြစ်ခဲ့ပါဘူး။

“ဒီကောင်က ကျင့်ကြံခြင်းလမ်းစဉ် နှစ်မျိုးစလုံးကို လိုက်စားထားတာပဲ”

လူဟန်က အရူးတစ်ယောက် မဟုတ်ပါဘူး။ သူက လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံခြင်း အဆင့်ဟာ  ချီအတွင်းအား ကျင့်ကြံခြင်း ထက်တောင် အဆင်မြင့်တယ် ဆိုတာကို သတိပြုလိုက် မိပါတယ်။

“ဟုတ်ပြီ။ ငါကတော့ အစောပိုင်းတုန်းက မင်းပြောတာကို သဘောတူတယ်။ ဒီရေပန်းက ထွက်တဲ့ မဟူရာရေစင် တစ်ဝက်ကို မင်းယူလိုက်။  ဒါပေမဲ့ ကျန်တဲ့သူတွေ သဘောတူ၊ မတူဆိုတာကိုတော့ ငါမသိဘူးနော်”

လူဟန်အနေနဲ့ ရွေးချယ်စရာ မရှိပါဘူး။ သူက လီဖူချန်းရဲ့ အစွမ်းကို အကြမ်းဖျင်း တွက်ဆခဲ့ ပြီးပါပြီ။ လီဖူချန်းက ကျင့်ကြံခြင်းလမ်းစဉ် ၂ခုစလုံးကို လျှောက်လမ်း ထားတဲ့သူပါ။ ပြီးတော့ လီဖူချန်းရဲ့  ခန္ဓာကိုယ် အပြင်အား ကျင်ကြံမှုက  ချီအတွင်းအား ကျင့်ကြံမှုထက် တောင်မှ ပိုအားကောင်းနေတာ မဟုတ်ပါလား။

“ဟီး … ဟီး … ဟီး။ လူဟန် … လူဟန် … မင်းဘယ်တုန်းကစပြီး ဒီလောက် သူရဲဘော ကြောင်သွားတာလဲ။ ဒါက ချီအတွင်းအားနဲ့ ခန္ဓာကိုယ် အပြင်အားကို ကျင့်ကြံထားတဲ့ လမ်းစဉ်နှစ်သွယ် ကျင့်ကြံခြင်းပဲလေ။ ငါကျန်းဟီကတော့ မင်းလို သူရဲဘော မကြောင်ဘူးကွ”

လူဟန်ရဲ့ ဘေးနားမှာ ရှိနေတဲ့ လူငယ်က လူဟန်ကို လှောင်ပြောင် လိုက်ပါတယ်။ သူကတော့ လီဖူချန်းကို မဟူရာရေစင် တစ်ဝက် မပေးချင်တဲ့ ပုံပါပဲ။

လမ်းစဉ် နှစ်သွယ်ကို ကျင့်ကြံထားတဲ့ လူတွေဟာ ခံနိုင်ရည်အပိုင်းမှာ အားကောင်းတယ် ဆိုတာကို ကျန်းဟီ တစ်ယောက်  ကောင်းကောင်းကြီး သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူကလည်း လမ်းစဉ်နှစ်သွယ်ကို ကျင့်ကြံထားတဲ့လူ ဖြစ်နေလို့ပါပဲ။ သူနဲ့ လီဖူချန်းကြားမှာ ကွာဟတာဆိုလို့ သူ့ရဲ့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှုက ချီအတွင်းအား ကျင့်ကြံမှုလောက် မကောင်းတာပဲ ရှိမှာပါ။

“မင်း  … စမ်းကြည့်ချင်လား”

လီဖူချန်းက သူ့ရဲ့ နေမင်းဇောအဟုန် ချီအတွင်းအားကို ရုပ်သိမ်း လိုက်ပြီး ဆင်နဂါး စွမ်းအားကို ထုတ်ဖော် လိုက်ပါတယ်။

သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုက ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၈ သာမန်ပညာရှင်နဲ့ ညီမျှနေပါပြီ။ ခန္ဓာကိုယ်အပြင်အား လက်အိတ်တွေနဲ့ သူ့ရဲ့ တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ကို ရောက်သွားပြီဖြစ်တဲ့ ကျားဝိညာဉ် လက်သီးကိုပါ ထပ်ပေါင်းလိုက်မယ် ဆိုရင်တော့ လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အားဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၁၇ သာမန်ပညာရှင်ထက် လုံးဝ နိမ့်ကျစရာ အကြောင်း မရှိပါဘူး။

ကျားဝိညာဉ် လက်သီးသိုင်းချည်း သက်သက်နဲ့တင် သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားကို အဆင့်၈ဆင့် တိုးမြှင့်ပေးစေ နိုင်ပါတယ်။

တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ကို ရောက်သွားတဲ့ အထက် ကောင်းကင်ဘုံ ဓားသိုင်းတောင်မှ သူ့ရဲ့ ချီအတွင်းအား ကျင့်ကြံမှုကို အဆင့်၅ဆင့်သာ တိုးမြှင့်ပေး နိုင်တာပါ။

လီဖူချန်းက ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်နဲ့ ချီအတွင်းအား လမ်းစဉ်တို့ဟာ သဘော သဘာဝ မတူညီတဲ့ လမ်းစဉ်နှစ်ခု ဆိုတာကို ကောင်းကောင်းကြီး သိပါတယ်။

ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်က စွမ်းအားတွေကို ရုတ်ချည်း တိုးမြှင့် ပေါက်ကွဲ စေနိုင်တဲ့ လမ်းစဉ်ပါ။ အဲဒီအတွက် ခန္ဓာကိုယ်အပြင်အား ပညာရှင်တိုင်းဟာ သူတို့ရဲ့ ခွန်အားတွေကို ရုတ်ချည်း တိုးမြှင့်ပေးစေနိုင်တဲ့ နည်းစနစ်တွေကို ပိုင်ဆိုင် ထားကြပါတယ်။ ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေဟာ အနီးကပ် တိုက်ပွဲတွေမှာ ပိုပြီး အစွမ်းထက်ကြသူတွေ ဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ အကွာအဝေး နည်းနည်းလေး ဝေးသွားပြီ ဆိုတာနဲ့ ခန္ဓာကိုယ် အပြင်အား ပညာရှင်တွေဟာ သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းတွေ ယုတ်လျော့  သွားကြပါတယ်။

ဒါကြောင့်လည်း ခန္ဓာကိုယ်သန့်စင်ခြင်း လမ်းစဉ်ကို လျှောက်လမ်း သူတွေဟာ အနီးကပ် တိုက်ပွဲတွေဟာ ပြိုင်ဘက်ကင်း သူတွေလို့ ဆိုကြတာပါ။ အနီးကပ် တိုက်ပွဲတွေမှာ ဆိုရင်တော့ သူတို့ကို ဘယ်သူမှ မယှဉ်နိုင်ပါဘူး။ တစ်ဖက်ရန်သူက နတ်ဘုရားစွမ်းရည်ကို နိုးထ ထားနိုင်ရင်တောင်မှ  အနီးကပ်တိုက်ခိုက် နေသရွေ့တော့  ခန္ဓာကိုယ်အပြင်အား ပညာရှင်တွေဟာ သူတို့ကို ကြောက်စရာကို မလိုပါဘူး။

ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင်တော့ ခန္ဓာကိုယ်အပြင်အား အရိုး တည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ သူတွေမှသာ သူတို့ရဲ့ ခန္ဓာကိုယ် အပြင်အား ကျင့်ကြံမှုကို  ချီအတွင်းအား ကျင့်ကြံမှုထက် သာအောင် လေ့ကျင့်နိုင်တာပါ။ ဒါပေမဲ့ လီဖူချန်းကတော့ ခြွင်းချက်ပါပဲ။

“ငါက ဘာဖြစ်လို့ မစမ်းကြည့်ရဲ ရမှာလဲကွ”

ကျန်းဟီက အော်ဟစ်လိုက်ပြီး လီဖူချန်းကို လက်သီးနဲ့ ထိုးလိုက်ပါတယ်။

ဂျိန်း …

လက်သီးချက်နဲ့အတူ ပါဝင်လာတဲ့ မိုးကြိုး ချီအရှိန်အဝါ တွေဟာ လီဖူချန်းကို ဖိနှိပ် လာခဲ့ပါပြီ။ ကျန်းဟီရဲ့ လက်သီးက မိုးကြိုး တစ်စင်းလိုပါပဲ။

“သွားစမ်း”

လီဖူချန်းက ညာဘက် လက်သီးကို ဆုပ်ပြီး ပြန်ထိုး လိုက်ပါတယ်။

ဝေါင်း …

ကျားဟိန်းသံ တစ်ခုနဲ့အတူ အနက်ရောင် ကျားရိပ်ကြီးတစ်ခု ပေါ်ပေါက်လာခဲ့ပါပြီ။ အဲဒါကတော့ လီဖူချန်းရဲ့ မဟာ ကျားဝိညာဉ်ပါပဲ။

ကျန်းဟီက သူ့ရဲ့ ခန္ဓာကိုယ်ဟာ အရင်ကထက် လေးလံလာတာကို သတိပြုမိ လိုက်ပါတယ်။ အနက်ရောင် ကျားဝိညာဉ်ရဲ့ ဖိအားပေးမှုကြောင့် သူဟာ လက်တစ်ချောင်းတောင် မမြှောက်နိုင်တော့ပါဘူး။

ဘန်း …

အဲဒီအချိန်မှာပဲ လီဖူချန်းရဲ့ လက်သီးဟာ ကျန်းဟီရဲ့ ရင်ဘတ်ပေါ်ကို ကျရောက် လာပါတော့တယ်။

ဝေါ့ …

ကျန်းဟီက သွေးတစ်လုတ် အန်ထုတ် လိုက်ရပြီး လွင့်ထွက် သွားခဲ့ပါပြီ။ သူက လက်သီးချက်ကို ဘယ်လိုမှ တောင့်မခံ နိုင်ခဲ့ပါဘူး။

သူ့အတွက် ကံကောင်းတာ တစ်ခုကတော့ လီဖူချန်းက  လက်သီးချက်ထဲမှာ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား ၂၀ ရာခိုင်နှုန်းကိုသာ ထည့်သွင်း ထားတာပါပဲ။

“နင့်မေကလွှား … ကြောက်စရာ ကောင်းလှချည်လား။ လီဖူချန်းကို ထိပ်တိုက် မတွေ့ဖို့ ဆုံးဖြတ်လိုက်တာ ငါကံကောင်း သွားတယ်”

လူဟန်ကတော့ ပါးစပ် အဟောင်းသား ဖြစ်နေခဲ့ပါပြီ။ တစ်ဖက်မှာလည်း သူက လီဖူချန်းနဲ့ ထိပ်တိုက် ရင်မဆိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကျေနပ် နေမိပါတယ်။ ဒီလီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အားက သူယှဉ်နိုင်တဲ့ အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ လူဟန် မသိတာကတော့ လီဖူချန်းက ဓားသမား ဆိုတာနဲ့ လီဖူချန်းရဲ့ ဓားသိုင်းက လက်သီး သိုင်းထက် ပိုအများကြီး အစွမ်းထက်တယ် ဆိုတာပါပဲ။

“ဒီရေပန်းမှာရှိတဲ့ မဟူရာရေစင် တစ်ဝက်ကို ငါယူမယ်။ အဲဒါကို ကန့်ကွက်ချင်တဲ့သူ ရှိလား။ ရှိရင် ထွက်ခဲ့”

လီဖူချန်းက  လူအားလုံးကို ဝေ့ကြည့်ပြီး စိန်ခေါ် လိုက်ပါတယ်။

လီဖူချန်းကို ကန့်ကွက်မယ့် သူက ထွက်မလာတော့ပါဘူး။ လီဖူချန်းရဲ့ အစွမ်းက သူတို့အားလုံးကို ချေမွပစ် လိုက်နိုင်တဲ့ အဆင့်ကို ရောက်နေပါပြီ။ လီဖူချန်း မဟူရာရေစင် တစ်ဝက်ယူမှာကို  ထွက်ပြီး ကန့်ကွက်တဲ့ လူကတော့ ရူးနေတာ ဟုတ်ရင်ဟုတ်၊ မဟုတ်ရင်တော့ နာချင်လို့ပါပဲ။

“ဟုတ်ပြီ။ ဘယ်သူမှ မကန့်ကွက်ဘူး ဆိုတော့ ဒီမဟူရာ ရေစင်တစ်ဝက်ကို ငါယူလိုက်တော့မယ်”

ကန့်ကွက်ချင်တဲ့သူ တစ်ယောက်မှ မရှိတော့ဘူး ဆိုတာ သေချာသွားတဲ့ နောက်မှာတော့ လီဖူချန်းက အန်ရှင်းမိန်နဲ့ တခြား လူတွေကို အသိစိတ်အာရုံနဲ့ ဆက်သွယ် လိုက်ပါတယ်။

“ဒီကို အမြန်လာပြီး မဟူရာရေစင်တွေကို ခပ်ယူကြ”

အန်ရှင်းမိန်တို့ အဖွဲ့ကတော့ သူတို့ မျက်လုံးကိုတောင် သူတို့ မယုံနိုင်ပါဘူး။ ဒီလို လူအုပ်လိုက်ကြီးကို တစ်ယောက်တည်းနဲ့ ဖိနှိပ်ထားတာမျိုးက သူတို့ဘဝမှာ ပထမဦးဆုံး မြင်ဖူးခြင်းပါပဲ။

မဟူရာ ရေစင်ကို ခပ်ယူဖို့အတွက် ဆိုရင်တော့ အထူးပြုလုပ်ထားတဲ့ ပုလင်းတွေကို လိုအပ်ပါတယ်။ သိပ်မကြာခင်မှာတော့ လီဖူချန်းတို့ ငါးဦးဟာ မဟူရာရေစင် ၃၀၀၀ ဂရမ်လောက်ကို စုဆောင်းမိ သွားခဲ့ပါပြီ။

“တော်ကြတော့ဟေ့”

ရေပန်းထဲမှာ ရှိတဲ့ မဟူရာရေစင် တစ်ဝက်လောက်ကို ခပ်ယူပြီးတဲ့ နောက်မှာတော့ လီဖူချန်းက အားလုံးကို ဟန့်တား လိုက်ပါတယ်။

“နောက်ထပ် တစ်နေရာကို သွားကြမယ်”

အဲဒီနောက်မှာတော့ လီဖူချန်းဟာ အန်ရှင်းမိန်တို့ကို ဦးဆောင်ပြီး ထွက်သွားခဲ့ပါပြီ။

လီဖူချန်းတို့အဖွဲ့ ထွက်သွားပြီး သိပ်မကြာခင်မှာပဲ  မဟူရာရေစင် လုပွဲကြီးက ပြန်လည် စတင် လာပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ လီဖူချန်း မပါဝင်တော့တဲ့ အတွက် တိုက်ပွဲက တစ်ဖက်စောင်းနင်း ဖြစ်မနေတော့ပါဘူး။

“ဒီခရီးကနေ ပြန်ရင်တော့ ငါက သေချာပေါက် ဒုတိယတွဲကို ရယူနိုင်တော့မှာပဲ”

အန်ရှင်းမိန်ကတော့ သူရမယ့် ဝေစုကို တွက်နေရင်းနဲ့ အတော်လေး စိတ်ပျော်ရွှင် နေခဲ့ပြီ။ လီဖူချန်းကို ငေးကြည့်နေတဲ့ သူ့ရဲ့ မျက်လုံးထဲမှာ ဆိုရင်လည်း  လေးစားအားကျမှုတွေ အပြည့်ပါပဲ။

တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်မှာဆိုရင် လီဖူချန်းလို စွမ်းဆောင်ပြနိုင်တဲ့ သူက သိပ်မရှိလှပါဘူး။ စွမ်းအင်သတ်မှတ်ချက် ဇယားရဲ့ အဆင့်၁ စီးတုတောင်းနဲ့ အဆင့်၂ ကုဟန်တို့ နှစ်ယောက်သာ လီဖူချန်းလိုမျိုး စွမ်းဆောင်ပြနိုင်လောက်ပါတယ်။ ဒါပေမဲ့လည်း သူတို့ နှစ်ယောက်က အတွင်းစည်း တက္ကသိုလ်ထဲကို ရောက်နေတာ နှစ်ပေါင်းများစွာ ရှိနေပြီ ဖြစ်ပြီး လီဖူချန်း ကတော့ အတွင်းစည်း တက္ကသိုလ်ထဲကို လွန်ခဲ့တဲ့ တစ်နှစ်လောက်ကမှ ရောက်လာခဲ့တာပါ။ အဲဒီအတွက် လီဖူချန်းဟာ အန်ရှင်းမိန် တွေ့ခဲ့ဖူးသမျှ ပါရမီရှင် တွေထဲမှာ ကြောက်စရာ အကောင်းဆုံးနဲ့ ပင်ကိုယ်ပါရမီ အပြည့်ဝဆုံးပါပဲ။

နောက်ထပ် နှစ်ပတ် အတွင်းမှာလည်း လီဖူချန်းက တူညီတဲ့ စွမ်းဆောင်မှုမျိုး တွေကိုပဲ ထပ်ခါထပ်ခါ လုပ်ဆောင်ပြ ခဲ့ပါတယ်။ သူတို့အဖွဲ့ထဲက လူတစ်ယောက်က မဟူရာ ရေစင် ထွက်တဲ့ နေရာကို တွေ့လို့ အချက်ပြလိုက်ပြီ ဆိုတာနဲ့ လီဖူချန်း ရောက်လာပြီး မဟူရာရေစင်ကို လုတော့တာပါပဲ။ အခုဆိုရင် သူတို့ဟာ မဟူရာရေစင် စုစုပေါင်း ၁၉ ကီလိုဂရမ်လောက်ကို စုဆောင်းနိုင်ခဲ့ပါပြီ။

အဲဒီအတွက် သူတို့ သဘောတူထားတဲ့ ခွဲတမ်းအတိုင်း လီဖူချန်းဟာ မဟူရာရေစင် ၁၉ကီလိုဂရမ်ရဲ့ ၇၀ရာခိုင်နှုန်းကို ရရှိမှာပါ။ အဲဒီ ၇၀ရာခိုင်နှုန်း ဆိုတာက ၁၃.၅ ကီလိုဂရမ်လောက် ရှိပါတယ်။ အဲဒါကိုသာ ထောက်ပံ့ရေး ရမှတ်နဲ့ လဲလိုက်မယ် ဆိုရင်တော့  ထောက်ပံ့ရေး ရမှတ် တစ်သိန်းသုံးသောင်းကျော် ရမှာ အသေအချာပါပဲ။

ဒါက လီဖူချန်း ခန့်မှန်းထားတာ ထက်တောင်မှ ပိုများပါတယ်။ ပြီးတော့ မဟူရာ ရေစင်ကို လုရတာကလည်း သူထင်ထားတာထက် အများကြီး ပိုလွယ် နေပါသေးတယ်။ အဲဒါကတော့ အစွမ်းထက်တဲ့ ကျောင်းသားတွေ မဟူရာဘုရင် လျှို့ဝှက်နယ်မြေထဲမှာ  ရှိမနေတာနဲ့ ဆိုင်ကောင်း ဆိုင်ပါလိမ့်မယ်။ သိုင်းတက္ကသိုလ် ၂၄ခုရဲ့ ထိပ်ဆုံးက ကျောင်းသားတွေက  ပြိုင်ပွဲအတွက် တံခါးပိတ် ကျင့်ကြံနေကြတာ မဟုတ်ပါလား။

ဒါပေမဲ့ အစွမ်းထက် ကျောင်းသားတွေ ရှိနေရင်လည်း အဆုံးသတ် ရလဒ်က ဘာမှထွေထွေထူထူး ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ အလွန်ဆုံး လီဖူချန်းအနေနဲ့  အားနည်းနည်း ပိုစိုက်ထုတ် လိုက်ရတာပဲ ရှိမှာပါ။

***

All Chapters