လျူကန်း
Vol. 34 Ch. 456
၂၅ ကီလိုဂရမ် … ၃၂ ကီလိုဂရမ် … ၄၁ ကီလိုဂရမ် …
လီဖူချန်းတစ်ယောက် မဟူရာဘုရင် လျှို့ဝှက်နယ်မြေထဲကို ဝင်လာခဲ့တာ ၂၈ရက်တောင် ရှိခဲ့ပါပြီ။
ဒီ၂၈ရက် အတွင်းမှာတော့ သူတို့အဖွဲ့ဟာ မဟူရာရေစင် ၄၁ကီလိုဂရမ် အထိ စုဆောင်း နိုင်ခဲ့ပါတယ်။
၄၁ ကီလိုဂရမ် စုဆောင်းနိုင်ခဲ့ပြီ ဖြစ်တဲ့အတွက် လီဖူချန်းကတော့ ၇၀ရာခိုင်နှုန်း ဖြစ်တဲ့ ၂၈.၅ ကီလိုဂရမ်ကို ရမှာပါ။ အန်ရှင်းမိန်နဲ့ အခြားလူတွေ ကတော့ ကျန်ရှိတဲ့ ၃၀ရာခိုင်နှုန်း ဖြစ်တဲ့ ၁၂.၅ ကီလိုဂရမ်ကို ခွဲဝေယူရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် သူတို့ဟာ တစ်ယောက်ကို မဟူရာရေစင် ၃ကီလိုဂရမ်ကျော် ရကြပါတယ်။
“ထောက်ပံ့ရေးရမှတ် ၃၀၀၀ …။ အရင်တုန်းက ငါရထားတဲ့ ထောက်ပံ့ရေး ရမှတ်တွေကိုပါ ထည့်ပေါင်း လိုက်ရင်တော့ ရေလှိုင်းမာန် ဆေဘာဓားသိုင်းရဲ့ ဒုတိယပိုင်းကို ရယူဖို့အတွက် အေးဆေး ဖြစ်သွားပြီ”
အန်ရှင်းမိန်ရဲ့ မျက်နှာပေါ်မှာတော့ ဝမ်းသာ ပျော်ရွှင်မှုတွေ အထင်းသားပါပဲ။ သူက ပြုံးနေတာကို မရပ်နိုင်တော့ပါဘူး။
ရေလှိုင်းမာန် ဆေဘာ ဓားသိုင်းကတော့ မြေကမ္ဘာ အလယ်အလတ် အဆင့် ဆေဘာဓားသိုင်း ဖြစ်ပါတယ်။ ဒီဆေဘာဓားသိုင်းရဲ့ ပထမပိုင်းက ထောက်ပံ့ရေးရမှတ် ၅၀၀၀ ရှိပြီး ဒုတိယပိုင်း ကတော့ ထောက်ပံ့ရေးရမှတ် ၁၀၀၀၀ လိုအပ်ပါတယ်။ အန်ရှင်းမိန်ရဲ့ နဂိုမူလ ထောက်ပံ့ရေး ရမှတ်နှုန်းနဲ့ ဆိုရင်တော့ သူဟာ ရေလှိုင်းမာန် ဆေဘာဓားသိုင်းရဲ့ ဒုတိယပိုင်းကို ရယူနိုင်ဖို့အတွက် နောက်ထပ် တစ်နှစ်နီးပါးလောက် တာဝန်တွေကို လုပ်ဆောင်ရဦးမှာပါ။ ဒါပေမဲ့လည်း အခုတော့ သူဟာ တစ်လ အတွင်းမှာပဲ သူလိုအပ်နေတဲ့ ထောက်ပံ့ရေး ရမှတ်တွေကို စုဆောင်းနိုင်ခဲ့ပါပြီ။ အဲဒီအတွက် သူ့အနေနဲ့ မပျော်ရွှင်ဘူးဆိုရင် ထူးဆန်းရာ ကျသွားပါလိမ့်မယ်။
ဟုလင်းနဲ့ အခြားသူတွေကလည်း ပျော်တပြုံးပြုံး ဖြစ်နေကြတာပါပဲ။ သူတို့ကတော့ သူတို့ရဲ့ မြေကမ္ဘာအဆင့်နိမ့် သိုင်းပညာတွေကို တစ်ဖက်ကမ်းခတ် တတ်မြောက်တဲ့ အဆင့်ရောက်အောင် လေ့ကျင့်ဖို့ လိုပါသေးတယ်။ အဲဒီအတွက် သူတို့ဟာ ထောက်ပံ့ရေး ရမှတ်တွေကို အရေးတကြီး မလိုအပ်သေးပါဘူး။ ဒါပေမဲ့ သူတို့ဟာလည်း အနာဂတ်မှာ ထောက်ပံ့ရေး ရမှတ်တွေ လိုအပ် လာဦးမှာပါပဲ။ ဒါကြောင့်လည်း သူတို့က အခုကတည်းကနေ ကြိုပြီးတော့ စုဆောင်း ထားကြတာပါ။ အချိန်ရှိခိုက်မှာ လုံ့လမစိုက်ဘဲ ပျော်ပါးနေတဲ့ ပုရွက်ဆိတ်ဟာ ဆောင်းတွင်းကာလမှာ ဘာဖြစ်သွားသလဲ ဆိုတာကို သူတို့အားလုံး သိပြီးသားပါပဲ။
“အစ်ကိုကြီးကန်း … ကျွန်တော် သူတို့ကို လဝက်လုံးလုံး သေသေချာချာ စောင့်ကြည့်ခဲ့ပြီးပြီ။ ကျွန်တော်ထင်တာ မမှားဘူး ဆိုရင်တော့ အဲဒီကောင်တွေက အနည်းဆုံး မဟူရာရေစင် ၃၀ကီလိုဂရမ်ကို ရထားပြီးပြီ”
လီဖူချန်းတို့နဲ့ မိုင်ပေါင်းအနည်းငယ် အကွာမှာတော့ လျူကျင်းက ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ်တစ်ယောက်ကို ခပ်တိုးတိုး ပြောပြနေပါတယ်။
“အနည်းဆုံး မဟူရာရေစင် ၃၀ ကီလိုဂရမ်လား”
ရက်စက် ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ်ရဲ့ မျက်လုံးထဲမှာတော့ လိုချင်တပ်မက်မှု အရိပ်အယောင်တွေ ထွက်ပေါ်လာခဲ့ပါပြီ။
မဟူရာဘုရင် လျှို့ဝှက် နယ်မြေထဲကို ရောက်လာတဲ့ ကျောင်းသား တွေထဲမှာတော့ မဟူရာရေစင်ကို မလိုချင်တဲ့သူ မရှိပါဘူး။
“လျူကျင်း … ငါ့ကို သူတို့ဆီ ခေါ်သွားပေး။ ငါသူတို့ဆီက မဟူရာရေစင် လုပြီးရင် မင်းကို တစ်ဆယ်ရာခိုင်နှုန်း ပေးမယ်”
ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ်က လျူကျင်းကို ပြောလိုက်ပါတယ်။
“ဟုတ်ကဲ့ပါ အစ်ကိုကန်း”
လျုကျင်းက အပျော်ကြီး ပျော်သွားခဲ့ပါပြီ။ တစ်ဆယ်ရာခိုင်နှုန်း ဆိုတာက သူ့အတွက်တော့ မနည်းလှပါဘူး။ အဲဒါက အနည်းဆုံး မဟူရာရေစင် ၃ကီလိုဂရမ် ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
“လျူကျင်း … နင်ဒီကို ဘာလာလုပ်တာလဲ”
အန်ရှင်းမိန်က အဝေးကြီး ကတည်းကနေ လျုကျင်းကို လှမ်းမြင်ပ့တယ်။ အဲဒီအတွက် သူက လှမ်းမေး လိုက်တာပါ။
လျုကျင်းက ရယ်လိုက်ပြီး …
“ရှင်းမိန် … သူနဲ့ တစ်ဖွဲ့တည်း နေတာက မင်းအတွက် ဘာအကျိုးထူးမှ ရမှာ မဟုတ်ဘူး။ ငါ့ဘက်ကိုသာ လာခဲ့စမ်းပါ။ ငါမင်းကို မဟူရာရေစင် ၁ကီလိုဂရမ် ပေးမယ်လို့ ကတိပေးတယ်။ အဲဒါက အရင်လက မင်းစုဆောင်းနိုင်ခဲ့တဲ့ မဟူရာရေစင် ပမာဏထက် နှစ်ဆ များတယ်နော်။ သေချာ စဉ်းစားဦး”
လီဖူချန်းဟာ သူရခဲ့တဲ့ မဟူရာ ရေစင်တွေကို အခြားသူတွေကို မျှဝေပေးလိမ့်မယ်လို့ လျူကျင်း မယုံပါဘူး။ လီဖူချန်းက မျှဝေပေးမယ် ဆိုရင်တောင်မှ အနည်း အကျဉ်းလောက်ပဲ ဖြစ်မှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အန်ရှင်းမိန်တို့ တစ်ဖွဲ့လုံး ရခဲ့တဲ့ မဟူရာ ရေစင်တွေက လီဖူချန်း တစ်ယောက်တည်း လုယူခဲ့တဲ့ မဟူရာရေစင်တွေ ဖြစ်နေလို့ပါပဲ။
အန်ရှင်းမိန်က နှာခေါင်း ရှုံ့လိုက်ပါတယ်။
“ဘာကို သေချာ စဉ်းစားရမှာလဲ။ နင်က လူတိုင်းကို နင့်လို ထင်နေတာလား။ လီဖူချန်းက ငါ့ကို ဝေစုအဖြစ် မဟူရာရေစင် ၃ကီလို ရမ်ကျော် ပေးမယ်လို့ ကတိပေးခဲ့ပြီးပြီ”
“၃ကီလိုဂရမ်လား”
လျူကျင်းက မအံ့သြပဲ မနေနိုင်တော့ပါဘူး။ ဒီလီဖူချန်းဆိုတဲ့ ကောင်က တကယ်ကြီး တခြားသူတွေကို မဟူရာရေစင် ၃ကီလိုဂရမ်ကျော် ခွဲဝေပေးဖို့ ကတိပေးခဲ့တာလား။
ဒါပေမဲ့ သူက အံ့သြမှုကို ထုတ်မပြဘဲ ပြန်ပြောလိုက်ပါတယ်။
“ရှင်းမိန် … တကယ်လို့ လီဖူချန်းဆီမှာ မဟူရာရေစင်တွေ မရှိတော့ရင် နင့်ကို ဘယ်လို ခွဲဝေ ပေးနိုင်တော့မှာလဲ။ ငါ့ဘက်ကိုသာ လာခဲ့စမ်းပါ။ ငါ့ရဲ့ မဟူရာရေစင် တစ်ကီလိုဂရမ်က ကျိန်းသေပေါက် ရမှာ”
“နင်ပြောတာ ဘာအဓိပ္ပာယ်လဲ”
အန်ရှင်းမိန်က လျူကျင်းနဲ့အတူ ပါလာတဲ့ လူငယ်ကို လှမ်းကြည့် လိုက်ပါတယ်။
အဲဒီ ရက်စက် ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ်က ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၆ ပညာရှင် ဖြစ်နေတာကို သိလိုက်ရတဲ့ နောက်မှာတော့ အန်ရှင်းမိန်ဟာ စိုးရိမ်စိတ်တွေ ဖြစ်ပေါ် လာခဲ့ပါပြီ။
ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၆မှာ ရောက်နေတဲ့ အတွင်းစည်း ကျောင်းသားတွေ ဆိုတာက ဟာသ မဟုတ်ပါဘူး။ သူတို့တွေက တကယ့်ကို အစွမ်းထက်တဲ့ ကျောင်းသား တွေပါပဲ။ တောင်ပိုင်း သိုင်းတက္ကသိုလ် တစ်ခုလုံးမှာတောင်မှ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၆ကို ရောက်နေတဲ့ ကျောင်းသားတွေဆိုလို့ စွမ်းအင် သတ်မှတ်ချက်ဇယား နံပါတ် ၁ စီးတုတောင်းနဲ့ နံပါတ်၂ ကုဟန်တို့ပဲ ရှိတာပါ။
“ဘာအဓိပ္ပာယ်မှ မဟုတ်ပါဘူး။ ငါက သူ့ရဲ့ မဟူရာရေစင် လုခံရတော့မယ်လို့ နိမိတ် ဖတ်နေတာလေ”
လျုကျင်းက ခပ်ထေ့ထေ့ ပြုံးလိုက်ပါတယ်။
အန်ရှင်းမိန်က အခြေအနေကို ရိပ်စား သွားမိပါပြီ။ ဒီလျူကျင်းဆိုတဲ့ ကောင်က လီဖူချန်းရဲ့ မဟူရာရေစင်ကို လုယူဖို့အတွက် အခြားတစ်ယောက်ကို ခေါ်လာခဲ့တာပါ။
“လျူကျင်း … နင်က တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်က ဖြစ်ပြီး တခြား သိုင်းတက္ကသိုလ်က ကျောင်းသားရဲ့ အကူအညီကို ယူနေတယ်။ လီဖူချန်းက နင်နဲ့ သိုင်းတက္ကသိုလ် တစ်ခုတည်း ဆိုတာကို မမေ့နဲ့ဦး။ ဒီကိစ္စကို ငါတိုင်မှာ မကြောက်ဘူးလား”
လျူကျင်းကတော့ အန်ရှင်းမိန်ရဲ့ စကားကို ဂရုစိုက်ပုံ မရပါဘူး။ သူက လေသံ အေးအေးနဲ့ ပြန်ပြောလိုက်ပါတယ်။
“တိုင်လေ …။ နင်တိုင်လို့လည်း သိုင်းတက္ကသိုလ်က ငါ့ကို အပြစ်ပေးမယ် ထင်နေတာလား။ ဒီမဟူရာဘုရင် လျှို့ဝှက်နယ်မြေထဲမှာ ကျောင်းသား အချင်းချင်း မဟူရာရေစင် လုယူတာကို ခွင့်ပြုထားတယ်ဆိုတာ မမေ့နဲ့ဦး”
လျူကျင်းက ရက်စက် ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ်ကို အကူအဖြစ် ခေါ်လာပြီးမှတော့ နောက်ပိုင်း ဖြစ်လာနိုင်တဲ့ အကြောင်းအရာတွေကို တွေးထား ပြီးသားပါပဲ။
“နင်က လုံးဝ အရှက်မရှိတဲ့ကောင်”အန်ရှင်းမိန်က လျူကျင်းကို လက်ညှိုး ငေါက်ငေါက်ထိုးပြီး ပြောဆို လိုက်ပါတယ်။
သိုင်းတက္ကသိုလ်တွေဟာ ကျောင်းသား အချင်းချင်းဆီက မဟူရာရေစင် လုယူတာကို တားမြစ်ထားခြင်း မရှိပါဘူး။ သူတို့က ကျောင်းသားတွေကို မဟူရာဘုရင် လျှို့ဝှက် နယ်မြေထဲမှာ စိတ်ကြိုက်ပြုမူခွင့် ပေးထားပါတယ်။ သိုင်းတက္ကသိုလ်တွေက သူတို့ရဲ့ ကျောင်းသား တွေကို ဖန်ပေါင်းချောင်ထဲမှာ စိုက်မှ ပွင့်မယ့် ပန်းမျိုး မဖြစ်စေချင်ပါဘူး။ သဲကန္တာရထဲမှာ သွားပစ် ထားရင်တောင် အပင်အဖြစ် ရှင်သန်လာမယ့် ဆူပန်းမျိုး ဖြစ်စေချင်တာပါ။
တကယ်လို့ လျူကျင်းက အကူအညီ ခေါ်လာခဲ့ရင် မင်းလည်း အကူအညီခေါ်လို့ ရတာပါပဲ။ တကယ့် လက်တွေ့ ဘဝကြီးမှာ ရန်သူတွေက တစ်ယောက်တည်း လာမှာ မဟုတ်ပါဘူး။ ရန်သူတွေက တစ်ယောက်၊ နှစ်ယောက်လည်း ဖြစ်နိုင်သလို အုပ်စုလိုက်ကြီးလည်း ဖြစ်နိုင်ပါတယ်။
အချုပ်အားဖြင့် ပြောရမယ်ဆိုရင်တော့ သိုင်းတက္ကသိုလ် တွေဟာ သူတို့ရဲ့ ကျောင်းသားတွေကို စည်းကမ်း မဖောက်ရင် ပြီးရောဆိုပြီး လွှတ်ထားပေးကြတာ ဖြစ်ပါတယ်။ စည်းမျဉ်း၊ စည်းကမ်း ဘောင်အတွင်းမှာ ရှိနေသရွေ့တော့ မင်းကို ဘယ်သူမှ လာအပြစ်ပေးမှာ မဟုတ်ပါဘူး။
ဒါပေမဲ့လည်း အခြားသိုင်း တက္ကသိုလ်က ကျောင်းသား တစ်ယောက်ကို အကူအညီ သွားတောင်းတာကတော့ အင်မတန် ရှက်စရာ ကောင်းလွန်းလှတဲ့ အတွက် ဘယ်သူမှ အဲလို မလုပ်ကြပါဘူး။ လျူကျင်းကတော့ ခြွင်းချက်ပါပဲ။ သူက အရှက်ဆိုတာ ဘာမှန်း သိပုံ မရပါဘူး။
“အန်ရှင်းမိန် … ဒီကိစ္စက နင်ဝင်ပါရမယ့် ကိစ္စ မဟုတ်ဘူး။ ဒါ ယောက်ျားတွေ ရှင်းရမယ့် ကိစ္စပဲ။ အဲဒီတော့ နင် ဘေးဖယ်လိုက်”
“လီဖူချန်း … မင်းက အရမ်း လက်စောင်းထက်နေတာ မဟုတ်ဘူးလား။ အရှေ့ကို ထွက်လာခဲ့။ မင်းက အစ်ကိုကန်းနဲ့ ရင်ဆိုင်ရမှာကို ကြောက်နေရင်လည်း ဒူးထောက်ပြီး တောင်းပန်လိုက်။ အဲဒါဆိုရင် မင်းကို သက်ညှာပေးဖို့ အစ်ကိုကန်းဆီမှာ ငါတောင်းဆိုပေးမယ်”
လျူကျင်းက အန်ရှင်းမိန်နဲ့ စကားပြောပြီး လေကုန်ခံ မနေတော့ပါဘူး။ သူက လီဖူချန်းကိုပဲ တိုက်ရိုက် ပြောလိုက်ပါတော့တယ်။
လျုကျင်းရဲ့ ပစ်မှတ်ကတော့ လီဖူချန်းပါပဲ။ သူက မဟူရာရေစင်ကို ရယူရုံသာမက လီဖူချန်းကိုလည်း အရှက်ကွဲစေချင် ပါသေးတယ်။
“ဟာသပဲ။ ဘာလဲ … မင်းက အကူအညီ ခေါ်လာတာနဲ့ပဲ ငါ့ကို လက်တုံ့ ပြန်နိုင်မယ်လို့ ထင်နေတာလား”
အေးစက်စက် စကားသံ အဆုံးမှာတော့ လီဖူချန်းဟာ အရှေ့ကို လှမ်းထွက်လာခဲ့ပါပြီ။ သူ့ရဲ့ မျက်နှာပေါ်မှာတော့ အကြောက်တရားဆိုလို့ မြူမှုန်တစ်မှုန်တောင် မရှိပါဘူး။
လီဖူချန်းရဲ့ မျက်နှာ အမူအယာက ရက်စက်ကြမ်းကြုတ်ဟန်ရှိတဲ့ လူငယ်ကို စိတ်မပျော်မရွှင် ဖြစ်သွားစေပါတယ်။ လူငယ်က အေးစက်စက်လေသံဖြင့် …
“မင်းက လီဖူချန်း ဆိုတာလား။ လျူကျင်းပြောတာ မမှားဘူး။ မင်းက အတော်လေး ဘဝင်မြင့်နေတာပဲ။ မင်းကိုငါ ဆုံးမပြီးတဲ့ အခါကျရင် အခုလို ဘဝင်မြင့်နိုင်ဦးမလား ဆိုတာကို ကြည့်ရသေးတာပေါ့”
“လီဖူချန်းက မင်းကတော့ အစ်ကိုကန်းကို သိမှာ မဟုတ်ဘူး။ သူက ငါ့ရဲ့ အစ်ကိုဝမ်းကွဲ လျူကန်းပဲ။ ကြယ်တာရာ သိုင်းတက္ကသိုလ် စွမ်းအင် သတ်မှတ်ချက် ဇယားရဲ့ အဆင့်၁၁ ဆိုရင်လည်း မမှားဘူး”
စကားအဆုံးမှာတော့ လျူကျင်းက လီဖူချန်းနဲ့ အခြားသူတွေရဲ့ မျက်နှာ ဘယ်လို ဖြစ်သွားမလဲ ဆိုတာကို အကဲခတ် လိုက်ပါတယ်။
ဒီနှစ်ဝက်အတွင်းမှာ ဆိုရင် သူ့ရဲ့ ဝမ်းကွဲအစ်ကို လျုကန်းက မဟူရာဘုရင် လျှို့ဝှက်နယ်မြေကို မကြာခဏ လာနေကျပါပဲ။ လျုကျင်းက လျူကန်းနဲ့ ဒီလျှို့ဝှက်နယ်မြေမှာ ခဏခဏ ဆုံမိပါတယ်။ ဒါကြောင့်လည်း သူက လီဖူချန်းရဲ့ ရိုက်နှက်မှုကို ခံရအပြီးမှာ မဟူရာဘုရင် လျှို့ဝှက် နယ်မြေကနေ ထွက်မသွားသေးပဲ လျုကန်းနဲ့ တွေ့လိုတွေ့ငြားဆိုပြီး လိုက်ပတ် ရှာနေခဲ့တာပါ။
ကံကောင်းတယ်လို့ ဆိုရမှာပါပဲ။ သူက လျူကန်းကို ရှာတွေ့ဖို့အတွက် နေ့တစ်ဝက်တောင် အချိန် မယူလိုက်ရပါဘူး။
နဂိုမူလတုန်းကတော့ လျူကျင်းက လျူကန်းကို ရှာတွေ့တွေ့ချင်းမှာပဲ လီဖူချန်းကို သွားရှာပြီး ဆုံးမ ခိုင်းမလို့ စဉ်းစား ထားခဲ့တာပါ။ ဒါပေမဲ့လည်း သူက အဲဒီထက်ကောင်းတဲ့ အကြံကို စဉ်းစား သွားမိပါတယ်။ အဲဒါကတော့ လီဖူချန်းကို ဆုံးမရုံသာမက သူစုဆောင်းထားတဲ့ မဟူရာရေစင် တွေကိုပါ လုယူဖို့ပါပဲ။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ နှစ်ပတ်လုံးလုံးမှာ လျုကျင်းက ဘာမှ မလုပ်တော့ဘဲ လီဖူချန်းကိုသာ စောင့်ကြည့် နေခဲ့တာပါ။
“ကြယ်တာရာ သိုင်းတက္ကသိုလ် စွမ်းအင် သတ်မှတ်ချက် ဇယားရဲ့ အဆင့်၁၁လား”
ဟုလင်းက သူ့ရဲ့ ပါးစပ်ကို ယောင်ယမ်းပြီး လက်နဲ့ အုပ်လိုက်မိပါတယ်။
အန်ရှင်းမိန်နဲ့ တခြားသူတွေရဲ့ မျက်နှာကလည်း မကောင်းတော့ပါဘူး။
ကြယ်တာရာ သိုင်းတက္ကသိုလ် ဆိုတာက ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ အဓိက သိုင်းတက္ကသိုလ်ကြီး နှစ်ခုထဲက တစ်ခု ဖြစ်ပါတယ်။ ကြယ်တာရာ သိုင်းတက္ကသိုလ်မှာ တက်ရောက်ခွင့်ရတဲ့ သူတိုင်းဟာ ထွတ်ခေါင် ပါရမီရှင်တွေ ချည်းပါပဲ။ အလွန်အကျူး ပြောတာတော့ မဟုတ်ပါဘူး။ ကြယ်တာရာ သိုင်းတက္ကသိုလ်ရဲ့ ဘယ်ကျောင်းသားမဆို တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ်မှာ လာတက်ရောက်ခဲ့ရင် ထူးချွန်ကျောင်းသားအဖြစ် သတ်မှတ်ခံရ နိုင်ပါတယ်။
သိုင်းတက္ကသိုလ် ၂၄ခုနဲ့ မတူတာကတော့ ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ်နဲ့ ကြယ်တာရာ သိုင်းတက္ကသိုလ်ဟာ သူတို့ရဲ့ စွမ်းအင် သတ်မှတ်ချက် ဇယားကို အဆင့်၂၀အထိ ထားကြတာပါပဲ။ ထားကြပါတယ်။ သိုင်းတက္ကသိုလ် ၂၄ခုကတော့ သူတို့ရဲ့ စွမ်းအင် သတ်မှတ်ချက် ဇယားကို အဆင့်၁၀အထိပဲ
အစွမ်းထက်မြက်မှု အပိုင်းမှာတော့ ကြယ်တာရာ သိုင်းတက္ကသိုလ် စွမ်းအင် သတ်မှတ်ချက် ဇယားရဲ့ အဆင့်၁၁ လျူကန်းဟာ တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ် စွမ်းအင် သတ်မှတ်ချက် ဇယားရဲ့ အဆင့်၂ ကုဟန်ထက် နိမ့်ကျမှာ မဟုတ်ပါဘူး။ လျူကန်းကတောင်မှ ပိုအစွမ်းထက်ရင် နိုင်ပါသေးတယ်။
ဘာဖြစ်လို့လဲဆိုတော့ အရင်တစ်ခါတုန်းက အဓိက သိုင်းတက္ကသိုလ်ကြီး ၂ခုရဲ့ အတွင်းစည်း ကျောင်းသား တွေဟာ သိုင်းတက္ကသိုလ် ၂၄ခုရဲ့ အတွင်းစည်း ကျောင်းသားတွေကို လာရောက် စိမ်ခေါ်ဖူးလို့ပါပဲ။ အဲဒီတုန်းကဆိုရင် အချို့သော သိုင်းတက္ကသိုလ်တွေရဲ့ အဆင့်၁ အတွင်းစည်း ကျောင်းသားတွေဟာ အဓိက သိုင်းတက္ကသိုလ် ၂ခုရဲ့ စွမ်းအင် သတ်မှတ်ချက် ဇယား အဆင့်နိမ့်ပိုင်းက ကျောင်းသားတွေကို အနိုင်မယူ နိုင်ခဲ့ပါဘူး။
“ကြယ်တာရာ သိုင်းတက္ကသိုလ် စွမ်းအင် သတ်မှတ်ချက် ဇယားရဲ့ အဆင့်၁၁ ဟုတ်လား။ မင်းကို ကြည့်ရတာ အဲလောက်လည်း အစွမ်းမထက်ပါဘူး။ ငါထင်တာကတော့ မင်းက အဆင့်၁၁ ဆိုတဲ့ နေရာကို ပွဲချောင်လို့ ရလာတာနဲ့ တူတယ်”
လီဖူချန်းကတော့ လျူကန်းကို ဂရုမစိုက်တဲ့ ပုံပါပဲ။ သူက ဦးအောင်တောင် လှောင်ပြောင် နေလိုက် ပါသေးတယ်။
“ခွေးမသား … မင်းက လျှာစောင်းထက် နေတယ်ပေါ့ ဟုတ်လား။ မင်းကို ဆုံးမပြီးတဲ့ အခါကျမှ အခုလို လျှာစောင်း ထက်နိုင်ဦးမလား ဆိုတာကို ကြည့်ကြသေးတာပေါ့”
လျူကန်းကတော့ အကြီးအကျယ် ဒေါသ ထွက်သွားခဲ့ပါပြီ။ သူက ဘယ်ကနေ ဘယ်လို ရောက်လာမှန်း မသိတဲ့ ဓားတစ်လက်ကိုလည်း လက်မှာ ကိုင်ထား ပါသေးတယ်။
“အစောပိုင်း တုန်းကတော့ ငါက မင်းကို သက်ညှာပေး မလို့ပဲ။ အခုတော့ အနည်းဆုံး မင်းလျှာကို ဖြတ်ရမှ ငါကျေနပ်နိုင်မယ်”
“ဦးတည်ရာမဲ့ကြယ် ဓားသိုင်း”
ကောင်းကင်ယံမှာတော့ ကြယ်တစ်လုံးဟာ တစ်ပိုင်းတစ်စ ထွန်းလင်း လာခဲ့ပါပြီ။ အဲဒီကြယ်ကနေ ထွက်ပေါ်လာတဲ့ အလင်းရောင်တွေက ရန်သူကို ထင်ယောင်ထင်မှား ဖြစ်စေနိုင်စွမ်း ရှိပါတယ်။ သာမန် လူတွေကတော့ ပြန်တိုက်ခိုက်ဖို့ မပြောနဲ့။ ဒီကြယ်အလင်းရောင်ရဲ့ ဖိအားကိုတောင် တောင့်မခံနိုင်ကြပါဘူး။
ဦးတည်ရာမဲ့ကြယ် ဓားသိုင်းက မြေကမ္ဘာ အလယ်အလတ်အဆင့် ဓားသိုင်း ဖြစ်ပါတယ်။
လျူကန်းရဲ့ ဓားကွက် အရှိန်အဝါအရ ဆိုရင်တော့ သူဟာ ဒီဓားသိုင်းကို အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်အထိ လေ့ကျင်ထားခဲ့ ပြီးပါပြီ။
***