← Chapters

ကုဟန်

Vol. 34 Ch. 458

ကုဟန်

Vol. 34 Ch. 458

“ကြယ်အလင်း ဓားချီ”

လျူကန်းက မြေပြင်ပေါ် ခြေချမိတာနဲ့ တစ်ပြိုင်နက် အချိန် ဆွဲမနေဘဲ နောက်ထပ် ကြယ်အလင်းဓားချီနဲ့ လီဖူချန်းကို တိုက်ခိုက် လိုက်ပြန်ပါတယ်။

“ပျောက်ကွယ်စမ်း”

လီဖူချန်းကလည်း လုံးဝ နောက်မဆုတ်ပါဘူး။သူက သူ့ရဲ့ လက်ညှိုးနဲ့ လက်ခလယ်ကို ဝှေ့ယမ်းပြီး ငွေအလင်းဓားချီကို ဖျက်ဆီး ပစ်လိုက်ပါတယ်။

“မဖြစ်နိုင်ဘူး”

လျူကန်းရဲ့ မျက်နှာကတော့ ရှုံ့တွ နေခဲ့ပါပြီ။ သူက သူ့ရဲ့ မျက်လုံးကိုတောင်မှ မယုံနိုင်တော့ သလိုပါပဲ။

“တကယ်လို့ မင်းရဲ့ နတ်ဘုရား စွမ်းရည်က ဒီထက်တစ်ဆင့် ပိုအား ကောင်းရင်တောင်မှ ငါက အားနည်းနည်း ပိုစိုက်ရတာပဲ ရှိမှာ။ မင်းက ငါ့ရဲ့ ပြိုင်ဘက် ဖြစ်ချင်ရင်တော့ ဒီထက်အများကြီး ကြိုးစားရဦးမယ်”

လီဖူချန်းက အေးစက်စက် ပြောလိုက်ပြီး  ဓားချီအလင်းတန်း တစ်ခု ပစ်လွှတ် လိုက်ပါတယ်။

ရွှီး …

လျူကန်းက ဓားချီ အလင်းတန်းကို လုံးဝ မခုခံနိုင်ပါဘူး။

ဘန်း …

သူက နောက်ထပ်တစ်ကြိမ် လွင့်ထွက်သွားခဲ့ ပြန်ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က မြေကမ္ဘာ အဆင့်နိမ့် ချပ်ဝတ်တန်ဆာကလည်း တစ်စစီ ဖြစ်သွားခဲ့ပါပြီ။

“လာခဲ့”

တစ်ချိန်တည်းမှာပဲ လီဖူချန်းက လျူကန်းရဲ့ သိုလှောင်အိတ်ကို ဆွဲငင် လက်ဝါးနဲ့ ဆွဲယူ သွားပြန်ပါတယ်။

(Note - ဆွဲငင်လက်ဝါးဆိုတာက လီဖူချန်း စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်မှာတုန်းက လေ့ကျင့်ထားတဲ့ သိုင်းဖြစ်မယ် ထင်တယ်ဗျ။ အဲဒီသိုင်းက အဝေးက ပစ္စည်းတွေကို ဆွဲယူလို့ ရတယ်လေ။)

လီဖူချန်းက သဘောကောင်းတဲ့ လူတစ်ယောက်ပါပဲ။ သူက မဟူရေစင်တွေက လွဲရင် အခြားပစ္စည်းတွေကို လက်ဖျားနဲ့တောင် မထိပါဘူး။

လျူကန်းက သူ့ရဲ့ မဟူရာရေစဉ်ကို လုယူချင်မှတော့ သူက လျူကန်းရဲ့ မဟူရာရေစင်ကို ပြန်လုတာကလည်း သဘာဝ ကျပါတယ်။

ဒါက ' မျက်လုံးတစ်လုံး အတွက် မျက်လုံးတစ်လုံး ' ဆိုတဲ့ ဆိုရိုးစကား အတိုင်းပါပဲ။

ဝေါ့ …

သူ့ရဲ့ မဟူရာရေစင်တွေကို လီဖူချန်း သိမ်းယူသွားတာကို မြင်တွေ့လိုက်ရတဲ့ အချိန်မှာတော့ လျူကန်းဟာ နောက်ထပ်တစ်ကြိမ် သွေးအန် လိုက်ပြန်ပါတယ်။ ဒီတစ်ကြိမ်ကတော့ ပြင်ပ ဒဏ်ရာကြောင့် မဟုတ်ပါဘူး။  ဒါက စိတ်ခံစားချက်ကြောင့် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ နဂိုမူလတုန်း ကတော့ သူက လီဖူချန်းရဲ့ မဟူရာ ရေစင်တွေကို လုယူဖို့ လာခဲ့တာပါ။ ဒါပေမဲ့ တကယ့် လက်တွေ့မှာတော့ သူက လီဖူချန်းရဲ့ မဟူရာရေစင်တွေကို မလုယူနိုင်ခဲ့ဘဲ လီဖူချန်းကတောင် သူ့ရဲ့ မဟူရာ ရေစင်တွေကို တစ်ဖန်ပြန်ပြီး လုယူသွားခဲ့ ပါသေးတယ်။ ဒါက လုံးဝ အရှက် ရစရာပါပဲ။

လျူကန်းက အံကို တင်းတင်း စေ့လိုက်ပြီး သွားကြားထဲက ထွက်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။

“လီဖူချန်း … ဒီနေ့ အရှက်ခွဲ ခံရမှုကို ငါသေသေချာချာ မှတ်ထားမယ်။ နောင်တစ်ချိန်ကျရင် မင်းကို ဒီထက်ဆယ်ဆမက  အရှက်ကွဲအောင် ငါပြန်လုပ်မယ်။ မင်းစောင့်နေလိုက်”

“အဟက်  …  ငါ စောင့်နေပါ့မယ်ကွာ။ ဒါပေမဲ့ မင်းအနေနဲ့ ဒီအခွင့်အရေး ရပါဦးမလား ဆိုတာ သံသယ ဖြစ်စရာပဲ။  သွားကြစို့”

စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းဟာ အန်ရှင်းမိန်တို့ကို ခေါ်ပြီး ထွက်သွားခဲ့ပါပြီ။

လီဖူချန်းတို့အဖွဲ့ ထွက်သွားပြီးမှပဲ  လျုကျင်းက ငေးငိုင်နေရာကနေ  သတိပြန်ဝင် လာခဲ့ပါတယ်။ သူ့အတွက်ကတော့ ဒါက အိပ်မက် မက်နေသလိုပါပဲ။

လျူကန်းဆိုတာ သူတို့ လျူကလန်ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် ဖြစ်သလို ကြယ်တာရာ သိုင်းတက္ကသိုလ်ထဲမှာ ဆိုရင်လည်း အတော်လေး ကျော်ကြားပါတယ်။ အမှန်အတိုင်းဆိုရင် လျူကျင်းက လီဖူချန်းကို သိုင်းကွက် နှစ်ကွက် ဒါမှမဟုတ် သုံးကွက် အတွင်းမှာပဲ ပြတ်ပြတ်သားသား အနိုင်ယူနိုင် ရမှာပါ။ ဒါပေမဲ့ ဘယ်ကနေ ဘယ်လို ဖြစ်သွားပြီး လီဖူချန်းက လျူကျင်းကို သိုင်းကွက် နှစ်ကွက် အတွင်းမှာ အနိုင်ယူသွားတယ် မသိပါဘူး။

“သွားပြီ။ ငါတော့ ရန်မစသင့်တဲ့သူကို ရန်သွားစမိပြီကွာ”

လျူကျင်းက စိတ်ပျက်အားငယ်စွာ ညည်းတွား လိုက်ပါတယ်။

***

တောင်ပိုင်းတောအုပ်  အတွင်းစည်း သိုင်းတက္ကသိုလ် …

ချွမ် …

တည်နေရာရွှေ့ပြောင်း စင်မြင့်ပေါ်မှာ အလင်းတန်းတစ်ခု ဖြာထွက်လာပြီးတဲ့ နောက်မှာတော့ လီဖူချန်းတို့ အဖွဲ့ ပေါ်လာခဲ့ပါပြီ။

“လီဖူချန်း  … နင့်ရဲ့ အစွမ်းက ဝါစဉ်ကြီးအစ်ကို စီးတုသောင်းကိုတောင် ယှဉ်လို့ ရနေပြီ။ သိုင်းတက္ကသိုလ်၂၄ခု အဆင့်သတ်မှတ်ချက် ပြိုင်ပွဲမှာတော့ နင်က သေချာပေါက် ကျော်ကြား လာဦးမှာပဲ။ ပြီးတော့ ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ တက်သစ်စ ကြယ်ပွင့် အဖြစ်လည်း သတ်မှတ်ခံ ရလောက်တယ်”

အစောပိုင်းတုန်းက အဖြစ်အပျက်ဟာ အန်ရှင်းမိန်ရဲ့ မျက်လုံးထဲကနေပြီး အခုထက်ထိ မထွက်နိုင်သေးပါဘူး။ အဲဒီအတွက် သူမက လီဖူချန်းကို စိတ်လိုလက်ရ ချီးကျူးလိုက်ပါတယ်။

ဟုလင်းကတော့ အန်ရှင်းမိန်နဲ့ အမြင်မတူပုံပါပဲ။ သူမက အသံတိုးတိုးနဲ့ လီဖူချန်းကို ပြောလိုက်ပါတယ်။

“အစ်ကို ဖူချန်းက ဝါစဉ်ကြီးအစ်ကို စီးတုသောင်းထက် အစွမ်း ပိုထက်လောက်တယ်”

သူမက စီးတုသောင်း တိုက်ခိုက်တာကို ဘယ်တုန်းကမှ မျက်မြင်ကိုယ်တွေ့ မမြင်ဖူးခဲ့ပါဘူး။ ဒါပေမဲ့လည်း သူမက ဘာကြောင့်မှန်း မသိဘဲ  စီးတုသောင်းဟာ လီဖူချန်းထက် အစွမ်းမထက်ဘူးလို့ ယုံကြည်နေမိပါတယ်။

လီဖူချန်းက ခေါင်းခါလိုက်ပြီး …

“ဝါစဉ်ကြီးအစ်ကို  စီးတုသောင်းက အတွင်းစည်း နည်းပြဆရာ တစ်ယောက်ကိုတောင် သိုင်းတစ်ကွက်တည်းနဲ့ ဒဏ်ရာ အကြီးအကျယ်ရအောင် လုပ်နိုင်တယ် ဆိုမှတော့ ခေမှာ မဟုတ်ဘူး။ သူက လျူကန်းထက်တော့ အစွမ်းထက်မှာ အသေအချာပဲ။”

အတွင်းစည်း တက္ကသိုလ်ရဲ့ နည်းပြဆရာတွေက သာမန် မဟုတ်ပါဘူး။ လီဖူချန်း အနေနဲ့ သူတို့ကို တစ်ကွက်တည်းနဲ့ ဒဏ်ရာ အကြီးအကျယ်ရအောင် လုပ်ဖို့ဆိုရင် ကြေးဝါဓား အဆီအနှစ် ဒါမှမဟုတ် မီးလျှံနတ်ဘုရား စွမ်းရည်ကို အသုံးပြုဖို့ လိုပါလိမ့်မယ်။ မဟုတ်လို့ကတော့  သိုင်းကွက် တစ်ကွက်တည်းနဲ့ အတွင်းစည်း နည်းပြဆရာ တစ်ယောက်ကို အနိုင်ယူဖို့ ဆိုတာက သူ့အတွက် ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

အဲဒီနောက်မှာတော့ လီဖူချန်းတို့ အားလုံးဟာ ထောက်ပံ့ရေးရမှတ် ခန်းမကို သွားကြပြီး  မဟူရာရေစင်တွေနဲ့ ထောက်ပံ့ရေး ရမှတ်တွေကို လဲလှယ် လိုက်ကြပါတယ်။

လီဖူချန်းကတော့ ဒီတစ်ကြိမ်တည်းနဲ့တင် အတော်လေး အကျိုးအမြတ် ရခဲ့တယ်လို့ ဆိုရမှာပါပဲ။

သူက ဒီခရီးစဉ်ကနေပြီး မဟူရာရေစင် နှစ်ပုလင်းကို အကျိုးအမြတ်အဖြစ် ရရှိခဲ့ပါတယ်။ ပထမ တစ်ပုလင်းကတော့ သူ့ရဲ့ ဝေစုခွဲတမ်းရတဲ့ ပုလင်းဖြစ်ပြီး  အထဲမှာ မဟူရာရေစင် ၅ကီလိုဂရမ် ပါရှိပါတယ်။

ဒုတိယ ပုလင်းကတော့ လျူကန်းဆီကနေ ရရှိခဲ့တာပါ။ အဲဒီပုလင်းထဲမှာတော့ မဟူရာရေစင် ၆၀ ကီလိုဂရမ် ပါရှိပါတယ်။

လျူကန်းဆီက ရခဲ့တဲ့ ပုလင်းကတော့ သူ့ရဲ့ အစွမ်းအစကြောင့် ရခဲ့တာ ဖြစ်တာကြောင့် လီဖူချန်းက အန်ရှင်းမိန်တို့ကို ခွဲဝေ မပေးတော့ပါဘူး။

အဲဒီအတွက် သူက မဟူရာရေစင် စုစုပေါင်း ၈၅ကီလိုဂရမ်ကို ရရှိခဲ့ပြီး အဲဒါကို  ထောက်ပံ့ရေးရမှတ် ၈၅,၀၀၀နဲ့ လဲလှယ် ခဲ့ပါတယ်။ ထောက်ပံ့ရေးရမှတ် ၈၅,၀၀၀ ဆိုတာက နေမင်းဇော အဟုန် နတ်ဘုရားကျင့်စဉ် အဆင့်၂၆ နဲ့ အဆင့် ၂၇ကို ရယူဖို့အတွက် လုံလောက်မက လုံလောက် နေခဲ့ပါပြီ။

အဲဒီနောက်မှာတော့ လီဖူချန်းက အချိန်ဆွဲမနေဘဲ လျှို့ဝှက် ကျမ်းစာဆောင်ကို တန်းသွားလိုက်ပြီး  နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ် အဆင့်၂၆နဲ့ ၂၇ကို ရယူလိုက်ပါ တော့တယ်။  နေမင်းဇောအဟုန် နတ်ဘုရားကျင့်စဉ် အဆင့်၂၆နဲ့ အဆင့်၂၇ အတွက် သတ်မှတ်ထားတဲ့ တန်ဖိုးကတော့ မနည်းလှပါဘူး။ လီဖူချန်းက အဲဒီအတွက် ထောက်ပံ့ရေးရမှတ် ၇ဝ,၀၀၀တောင် ပေးခဲ့ရတာပါ။ ဒါပေမဲ့လည်း လီဖူချန်းက နှမြောနေခြင်း မရှိခဲ့ပါဘူး။ ဒီအရာ နှစ်ခုက သူ့ရဲ့ ချီအတွင်းအား ကျင့်စဉ်ကို နောက်ထပ် အဆင့်တက်စေမယ့် အရာတွေပါပဲ။ ဒါတွေနဲ့ ဆိုရင်တော့ သူက အချိန်ကာလ တစ်ခုအထိ အေးအေးဆေးဆေး တံခါးပိတ် လေ့ကျင့်လို့ ရပါပြီ။  ပြီးတော့ ထောက်ပံ့ရေး ရမှတ်တွေ ဆိုတာက သုံးကို သုံးရမယ့် အရာပင် မဟုတ်ပါလား။

***

အချိန်ကုန်တာက  မြန်လွန်းလှပါတယ်။ ဒီလိုနဲ့ပဲ  အချိန်ငါးလဟာ ကုန်မှန်းမသိ ကုန်ဆုံး သွားခဲ့ပါပြီ။

သိုင်းတက္ကသိုလ် ၂၄ခုရဲ့ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲကလည်း ခုနစ်လလောက်သာ လိုပါတော့တယ်။

“ကုဟန် … အခုချက်ချင်း ထွက်ပြီး ငါနဲ့ လာတိုက်”

တစ်နေ့မှာတော့ ဝမ်ဟိုင်လုံဟာ ကုဟန်ရဲ့ ခြံဝင်းရှေ့ကို ရောက်လာပြီး အော်ကြီး ဟစ်ကျယ်နဲ့ စိန်ခေါ်ပါတော့တယ်။ ဝမ်ဟိုင်လုံရဲ့ စိမ်ခေါ်သံက တိတ်ဆိတ် အေးချမ်းနေတဲ့ အတွင်းစည်း တက္ကသိုလ်ကို သက်ဝင်လှုပ်ရှား သွားစေခဲ့ပါပြီ။

“အမြန်လာကြဟေ့  … ဝမ်ဟိုင်လုံက ဝါစဉ်ကြီးအစ်ကို ကုဟန်ကို  စိန်ခေါ်နေပြီဟ”

“ဝါစဉ်ကြီးအစ်ကို ကုဟန်က ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၆ကို ရောက်နေပြီး အစောကြီး ကတည်းက  အစကနဦးအဆင့် နတ်ဘုရား စွမ်းရည်ကိုလည်း နိုးထပြီးပြီ။ ဝမ်ဟိုင်လုံရဲ့ အမှောင်ထု နတ်ဘုရားစွမ်းရည်က တခြားနတ်ဘုရား စွမ်းရည်တွေထက် ပိုကောင်းတယ် ဆိုပေမဲ့လည်း သိပ်မကြာခင်ကမှ နိုးထထားခဲ့တာ ဆိုတော့ အစ်ကို ကုဟန်ကို နိုင်ဖို့ မလွယ်လောက်ဘူး ထင်တယ်”

“ဝမ်ဟိုင်လုံဆီမှာ ဝှက်ဖဲတချို့ ရှိနေလို့ နေမှာပေါ့ကွ”

အချိန်တိုလေး အတွင်းမှာပဲ ဝမ်ဟိုင်လုံက ကုဟန်ကို စိန်ခေါ် နေတယ်ဆိုတဲ့ သတင်းဟာ အတွင်းစည်းတက္ကသိုလ် တစ်ဝက်နီးပါးအထိ  ပျံ့နှံ့ သွားခဲ့ပါတယ်။ သတင်းကို ရလိုက်တဲ့ အတွင်းစည်း တက္ကသိုလ် ကျောင်းသား တွေကလည်း တိုက်ပွဲကို ကြည့်ရှုဖို့အတွက် ကုဟန်ရဲ့ ခြံဝင်းဆီကို အပြေး လာနေကြပါပြီ။ ဒီတိုက်ပွဲကို လာမကြည့်တဲ့ သူတွေကတော့ လီဖူချန်းလို တံခါးပိတ် ကျင့်ကြံသူတွေပဲ ရှိလောက်မှာပါ။

အဆင့်သတ်မှတ်ချက် ပြိုင်ပွဲက နီးကပ်လာပြီ ဖြစ်တဲ့အတွက် ကျောင်းသား တိုင်းကတော့ စွမ်းအင်သတ်မှတ်ချက် ဇယားက ကျောင်းသားတွေရဲ့ အစွမ်းကို သိချင်ကြမှာပါပဲ။ သူတို့က သူတို့နဲ့ ထိပ်တန်း ကျောင်းသားတွေ ကြားမှာ ဘယ်လောက်အထိ ကွာဟမှုတွေ ရှိနေသလဲ ဆိုတာကို ချိန်ထိုး ကြည့်ချင်နေကြပါတယ်။

“ဝမ်ဟိုင်လုံက ဝါစဉ်ကြီးအစ်ကို ကုဟန်ကိုတောင် စိန်ခေါ်ရဲနေပြီပေါ့”

အန်ရှင်းမိန်ကလည်း ကုဟန်ရဲ့ ခြံဝင်းရှေ့ကို ရောက်နေခဲ့ပါပြီ။

သူက လီဖူချန်းကိုခေါ်ပြီး တိုက်ပွဲကို လာကြည့်ဖို့ စဉ်းစားမိလိုက် ပေမဲ့လည်း လီဖူချန်းက တံခါးပိတ် ကျင့်ကြံနေရာကနေ မထွက်လာသေးဘူး ဆိုတာကို သတိရလိုက်တဲ့ အတွက် သွားမခေါ်တော့ပါဘူး။

ကျွီ …

ခြံဝင်းတံခါး ပွင့်လာပြီးတဲ့ နောက်မှာတော့ ဆံပင်အရှည်နဲ့  လူငယ် တစ်ယောက်ဟာ လှမ်းထွက် လာခဲ့ပါတယ်။ အဲဒီ ဆံရှည် လူငယ်ကတော့ ကုဟန်ကလွဲပြီး တခြားသူ ဖြစ်စရာ အကြောင်း မရှိပါဘူး။

“ဝမ်ဟိုင်လုံ … ငါ့ကို စိမ်ခေါ်နေတာက မင်းလား။ မင်းဘာလို့ တံခါးပိတ် ကျင့်ကြံမနေဘဲ ငါ့ကို လာစိန်ခေါ်နေတာလဲ”

ကုဟန်က စိတ်မကြည်မလင် ဖြစ်နေတဲ့ပုံနဲ့ လှမ်းမေး လိုက်ပါတယ်။

ဝမ်ဟိုင်လုံက အခုမှ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၃မှာသာ ရှိနေသေးတာပါ။ သူတို့ နှစ်ယောက်ကြားမှက ကျင့်ကြံခြင်း အဆင့်၃ဆင့်တောင် ကွာခြား နေပါတယ်။ ကိုယ့်ထက် အဆင့်၃ဆင့် နိမ့်နေတဲ့ လူတစ်ယောက်ရဲ့ စိမ်ခေါ်မှုကို ရတာက ကုဟန်ကို စိတ်မကြည်မလင် ဖြစ်စေတာပါပဲ။ တကယ်လို့ ဝမ်ဟိုင်လုံက ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၅ ဆိုရင်တောင်မှ ကုဟန်ဟာ အခုလို ခံစားရမှာ မဟုတ်ပါဘူး။

ဝမ်ဟိုင်လုံက တစ်ချက် ပြုံးလိုက်ပြီး ယဉ်ကျေးစွာ ပြန်ပြောလိုက်ပါတယ်။ အစောပိုင်းတုန်းက အော်ကြီးဟစ်ကျယ်နဲ့ စိမ်ခေါ်နေတဲ့သူက သူမဟုတ် သလိုပါပဲ။

“အဆင့် သတ်မှတ်ချက် ပြိုင်ပွဲက ခုနစ်လလောက်တောင် လိုနေသေးတယ်။ ဒီအတိုင်း တံခါးပိတ် ကျင့်ကြံတာက ကျွန်တော့်ကို မတိုးတက် စေနိုင်ဘူးလေ။ ဒါကြောင့် ဝါစဉ်ကြီးအစ်ကို ကုဟန်က ကျွန်တော့်ကို နည်းနည်းပါးပါး သင်ကြားပေးနိုင် မလားလို့ပါ”

“ကြည့်ရတာ မင်းက မင်းကိုယ်မင်း အတော်လေး ယုံကြည်မှု ရှိနေပုံပဲ”

ကုဟန်က ပြန်ပြော လာခဲ့ပါတယ်။

“ကျွန်တော်က ယုံကြည်မှု နည်းနည်းပါးပါး မရှိဘဲနဲ့တော့ အစ်ကိုကုဟန်ကို ဘယ်စိန်ခေါ်ရဲပါ့မလဲ”

စကားဆုံးတဲ့ နောက်မှာတော့ ဝမ်ဟိုင်လုံဟာ သူ့ရဲ့ ချီအရှိန်အဝါတွေကို စထုတ် လိုက်ပါပြီ။

“အဲလိုဆိုတော့လည်း ငါက မင်းရဲ့ အစွမ်းကို မြည်းစမ်း ကြည့်ရတာပေါ့”

ကုဟန်ကလည်း နောက်မဆုတ်ပါဘူး။ သူက သူ့ရဲ့ ချီအရှိန်အဝါ တွေကို ထုတ်လိုက်ပြီး ဝမ်ဟိုင်လုံရဲ့ ချီအရှိန်အဝါတွေကို ဖိနှိပ်ဖို့  ကြိုးစား လိုက်ပါတယ်။

ကုဟန်နဲ့ ဝမ်ဟိုင်လုံတို့ဟာ တစ်ယောက်နဲ့ တစ်ယောက် ပေ၂၀ အကွာမှာ ရပ်နေကြတာပါ။

သူတို့နှစ်ယောက်ထဲက တစ်ယောက်ကတော့ စွမ်းအင် သတ်မှတ် ဇယားရဲ့ အဆင့်၂ဖြစ်ပြီး နောက်တစ်ယောက် ကတော့ စွမ်းအင် သတ်မှတ်ချက် ဇယားရဲ့ အဆင့်၃ ဖြစ်ပါတယ်။ ဒါက ထိပ်တန်း ကျောင်းသားတွေကြားက တိုက်ပွဲတစ်ခုလို့တောင်မှ သတ်မှတ်နိုင်ပါသေးတယ်။

သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲက မစခင်မှာပဲ ချီအရှိန်အဝါ နှစ်ခုကတော့ တစ်ခုနဲ့တစ်ခု အပြန်အလှန် ဖိအား ပေးနေကြပါပြီ။ အဲဒါက ပတ်ဝန်းကျင် လေထု တစ်ခုလုံးကို အဆက်မပြတ် တုန်ခါ နေစေပါတယ်။

“အစ်ကိုကုဟန် သတိထားတော့”

တိုက်ပွဲကို စတင်လိုက် သူကတော့ ဝမ်ဟိုင်လုံပါပဲ။ သူ့ရဲ့ လက်သီးချက် ထုတ်လိုက်တဲ့ အခါမှာတော့ ပိန်းတိတ်အောင် မည်းနက်နေတဲ့ လက်သီးရိပ် တစ်ခုဟာ  ကုဟန်ဆီကို အနက်ရောင် မိုးကြိုးတစ်စင်းလို တိုးဝင် သွားခဲ့ပါတယ်။

“သွားစမ်း”

ကုဟန်က ရှောင်တိမ်းဖို့ မစဉ်းစားထားပါဘူး။ သူက လက်ဝါးစောင်းနဲ့  အနက်ရောင် လက်သီးရိပ်ကို လှမ်းခုတ် လိုက်ပါတယ်။

ရွှီး …

ရွှေရောင် အလင်းတန်း တစ်ခုဟာ အနက်ရောင် လက်သီးရိပ်ကို နှစ်ပိုင်း ပိုင်းဖြတ် သွားခဲ့ပါပြီ။

“အိုး … ဝါစဉ်ကြီးအစ်ကို ကုဟန်က တကယ် အစွမ်းထက်တာပဲ။ အစ်ကိုကုဟန်ရဲ့ သတ္တု အရိုးတည်ဆောက်ပုံက ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံ မဟုတ်ပေမဲ့လည်း အတော်လေး ရှားတဲ့ အထူးအရိုး တည်ဆောက်ပုံထဲမှာ ပါနေသေးတယ်”

အတွင်းစည်း ကျောင်းသား တစ်ယောက်ကတော့ ကုဟန်ရဲ့ အရိုးတည်ဆောက်ပုံကို ချီးကျူး လိုက်ပါတယ်။

သတ္တ အရိုးတည်ဆောက်ပုံ ဆိုတာကတော့ ဒြပ်စင်ငါးပါး အရိုးတည်ဆောက်ပုံထဲက တစ်ခုပါပဲ။

ဒြပ်စင်ငါးပါး အရိုးတည်ဆောက်ပုံ တွေကတော့ သတ္တု၊ သစ်သားစိမ်း၊ ရေစေး၊ မီးလျှံနဲ့  မြေထု အရိုးတည်ဆောက်ပုံတို့ပဲ ဖြစ်ပါတယ်။

ဒြပ်စင်ငါးပါး အရိုးတည်ဆောက်ပုံ တွေကတော့ အထူးအရိုး တည်ဆောက်ပုံတွေထဲမှာ အစွမ်းအထက်ဆုံး ဖြစ်ပြီး  အဲဒီထဲမှာမှ သတ္တု အရိုးတည်ဆောက်ပုံဟာ အရှားဆုံး ဖြစ်ပါတယ်။

“နောက်ထပ် လက်သီး တစ်ချက်လောက် မြည်းကြည့်ပါဦး”

ဝမ်ဟိုင်လုံက နောက်ထပ်တစ်ကြိမ် တိုက်ခိုက်လိုက် ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာလည်း သူ့ရဲ့ လက်သီးချက်က ကုဟန်ကို မခြိမ်းခြောက်နိုင် ခဲ့ပါဘူး။

“ညီလေးဝမ် … ဒါက မင်းတတ်နိုင်တာ အကုန်ပဲလား”

ကုဟန်က အေးစက်စက် လေသံနဲ့ မေးလိုက်ပါတယ်။

ချီအတွင်းအား ကျင့်စဉ်အပိုင်းမှာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် သိုင်းပညာပိုင်းမှာပဲဖြစ်ဖြစ် သူက ဝမ်ဟိုင်လုံထက် အသာကြီးပါပဲ။ ဝမ်ဟိုင်လုံက ဘယ်ကရတဲ့ ယုံကြည်မှုမျိုးနဲ့ သူ့ကို လာစိန်ခေါ်သလဲ ဆိုတာကို ကုဟန်အနေနဲ့ တကယ် မသိပါဘူး။

“အစ်ကို ကုဟန် … တိုက်ပွဲက အခုမှ စတယ်ဆိုရုံလေး ရှိသေးတာလေ။ ဘာတွေ အဲလောက် လောနေတာလဲ”

ဝမ်ဟိုင်လုံက မထီတရီ ပြုံးလိုက်ပြီး နောက်ထပ် လက်သီးတစ်ချက်  ထိုးလိုက်ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူ့ရဲ့ လက်သီးချက်ထဲမှာ ဝါးမျိုတတ်တဲ့ အမှောင်ထု စွမ်းအားတွေ ပါဝင်လာခဲ့ပါပြီ။

“မလုံလောက်သေးဘူး”

ကုဟန်က အစောပိုင်းက သုံးခဲ့တဲ့ လက်ဝါးစောင်း ခုတ်ချက်နဲ့ပဲ လက်သီးအားကို ပျက်ပြယ် စေလိုက်ပါတယ်။

ဒါပေမဲ့ မျက်လုံးရှင်တဲ့ လူတစ်ယောက်ကတော့ ကုဟန်ရဲ့ လက်ဝါး စောင်းအားဟာ အရင်အကြိမ်တွေနဲ့ မတူဘဲ အနည်းငယ် အားနည်း ပျော့သွားတာကို သတိ ပြုမိမှာပါပဲ။ ကြည့်ရတာတော့ ကုဟန်ရဲ့ လက်ဝါးစောင်းအား အနည်းငယ်ကို  အမှောင်ထု စွမ်းအားက ဝါးမျိုလိုက်ပုံ ရပါတယ်။

“ဒီတစ်ကြိမ်ကော ခုခံနိုင်ဦးမလား ဆိုတာကို ကြည့်ကြတာပေါ့”

“တောင်မျိုနတ်ဆိုး လက်သီး”

ဝမ်ဟိုင်လုံက လေထဲကို ခုန်တက်လိုက်ပြီး လက်သီးနဲ့ ထိုးချ လိုက်ပါတယ်။

ဟူး … ဟူး … ဟူး  ...

အနက်ရောင် လက်သီးအား တစ်ခုဟာ လေပွေနဲ့အတူ ပေါ်လာပြီး ကုဟန်ကို လွှမ်းခြုံသွားခဲ့ပါပြီ။

ကုဟန်က ဒီတစ်ကြိမ်မှာတော့ ဝမ်ဟိုင်လုံရဲ့ တိုက်ခိုက်မှုကို ပေါ့ပေါ့တန်တန် သဘောမထားဝံ့ တော့ပါဘူး။ သူက သတ္တုစွမ်းအားတွေကို လက်ဝါးဆီကို ပို့ဆောင်လိုက်ပြီး လက်ကို ဓားဦးချွန် သဏ္ဌာန်ပြောင်းကာ အနက်ရောင် လက်သီးအားရဲ့ ဖိနှိပ်မှုကို ထိုးဖောက် လိုက်ပါတယ်။

“ဟမ်  … ဘာဖြစ်သွားတာလဲ”

ကုဟန်ရဲ့ မျက်နှာ အမူအယာက လေးနက် တည်ကြည် သွားခဲ့ပါပြီ။

သူက အနက်ရောင် လက်သီးအားကို ထိုးဖောက်လိုက်နိုင် ပေမဲ့လည်း လက်သီးအားက ပျက်ပြယ်မသွားဘဲ သူ့ရဲ့ လက်ကို ရစ်ပတ်လိုက်ကာ စွမ်းအားတွေကို စုပ်ယူနေပါတယ်။

“ပျက်စီးစမ်း”

ကုဟန်က သူ့ရဲ့ စွမ်းအားတွေကို ထပ်တိုး မြှင့်လိုက်မှသာ လက်သီးအားကို ဖျက်ဆီးပစ်လိုက် နိုင်ပါတယ်။

“ဒါက အမှောင်ထု အရိုးတည်ဆောက်ပုံရဲ့ စွမ်းအားလား”

ကုဟန်က အခုမှ သက်ပြင်းချ နိုင်ပါတော့တယ်။ တစ်ဖက်ရန်သူရဲ့ ကျင့်ကြံခြင်း အဆင့်က သူ့ထက်နိမ့်ကျတယ် ဆိုပေမဲ့လည်း အမှောင်ထု စွမ်းအား ကတော့ နောက်စရာ မဟုတ်ပါဘူး။ အစောပိုင်းတုန်းက သူ့ရဲ့ တိုက်ခိုက်မှုမှာဆိုရင် အမှောင်ထု စွမ်းအားက သူ့ရဲ့ တိုက်ခိုက်မှု စွမ်းအား တော်တော်များများကို စုပ်ယူ သွားခဲ့တာပါ။ ဒီပုံစံအတိုင်း ဆိုရင်တော့ ကုဟန်က သူ့ရဲ့ အစွမ်းကို ၁၀၀ရာခိုင်နှုန်း ထုတ်သုံးရင်တောင်မှ တစ်ဖက်လူဆီကို ၆၀ရာခိုင်နှုန်း ဒါမှမဟုတ် ၇၀ရာခိုင်နှုန်းထက် ပိုရောက်မှာ မဟုတ်ပါဘူး။

တကယ်လို့သာ ဝမ်ဟိုင်လုံက ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၅ ဖြစ်နေခဲ့ရင်တော့ ဒီတိုက်ပွဲမှာ ကုဟန်က သေချာပေါက် ရှုံးပါပြီ။

“ညီလေးဝမ်  … အစ်ကို့ကိုလည်း တိုက်ခွင့်ပေးပါဦး”

စကားဆုံးတာနဲ့ တစ်ပြိုင်နက် ကုဟန်က သတ္တုစွမ်းအား တွေကို ဖော်ထုတ်လိုက်ပြီး လက်ဝါးစောင်းနဲ့  ဝမ်ဟိုင်လုံကို ခုတ်ချ လိုက်ပါတယ်။

ရွှပ် …

ဘန်း …

‌ရွှေွှွှေရောင် အလင်းတန်း တစ်ခုဟာ  အကွာအဝေးကို မျက်ကွယ်ပြုပြီး ဝမ်ဟိုင်လုံရဲ့ အရှေ့မှာ ရုတ်ချည်း ပေါ်လာကာ သူ့ရဲ့ ရင်ဘတ်ပေါ်ကို ကျရောက် သွားခဲ့ပါတယ်။

ထင်ထားတဲ့အတိုင်း ဝမ်ဟိုင်လုံကတော့ လွင့်ထွက် သွားတာပါပဲ။ ဒါပေမဲ့လည်း သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကိုတော့ အနက်ရောင် စွမ်းအား တစ်ခုက အကာအကွယ် ပေးထား ပြီးခဲ့ပါပြီ။ ရွှေရောင် အလင်းတန်းက ဝမ်ဟိုင်လုံရဲ့ ခန္ဓာကိုယ်ကို ခြစ်ရာလေး တစ်ခု ထင်စေရုံကလွဲပြီး ဘာမှ ပိုမစွမ်းဆောင် နိုင်ခဲ့ပါဘူး။

အမှောင်ထု အရိုးတည်ဆောက်ပုံက အရာအားလုံးကို ဝါးမျိုနိုင်တယ်ဆိုပြီး ကျော်ကြားပါတယ်။ ဒါကြောင့်လည်း လူတွေက အမှောင်ထု အရိုးတည်ဆောက်ပုံကို  အစွမ်းအထက်ဆုံး အရိုးတည်ဆောက်ပုံ တွေထဲက တစ်ခုဆိုပြီး သတ်မှတ်ကြတာပါ။

အခုအချိန်မှာတော့ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ အတွင်းစည်း ကျောင်းသား တွေကတော့ အမှောင်ထု အရိုးတည်ဆောက်ပုံရဲ့ ကြောက်စရာ ကောင်းပုံကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ကြ ရပါပြီ။

***

All Chapters