← Chapters

ဒီလောက်ပဲလား

Vol. 71 Ch. 987

ဒီလောက်ပဲလား

Vol. 71 Ch. 987

ထို အဘိုးကြီး ပေါ်ပေါက်လာချိန်တွင် ဝမ်ပေါင်လဲ့ ကမ္ဘာဂြိုဟ်ပေါ်၌ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုအား သတ်ဖြတ်နေသည့် မြင်ကွင်းများမှာ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးထဲမှတစ်ဆင့် အခြားဂြိုဟ်များအားလုံးဆီသို့ ရောက်ရှိသွားပြီ ဖြစ်သည်။

သို့ဖြစ်ရာ နေအဖွဲ့အစည်းထဲရှိ ဂြိုဟ်များပေါ်ရှိ ကျင့်ကြံသူများအားလုံးနှင့် သက်ရှိများအားလုံးမှာ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုအား ကြည့်ရှုနေရသကဲ့သို့ပင်။ သူတို့ထဲမှ အများစုမှာ ဖြစ်ကြောင်းကုန်စင်အား မြင်ခဲ့ကြရ၏။

ကမ္ဘာဂြိုဟ်ပေါ်မှ လူများမှာ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု အုပ်ချုပ်ခဲ့သည့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ခြေကုန်လက်ပန်း ကျခဲ့ရသည်သာ ဖြစ်သည်။ ပြည်ထောင်စုကြီးတစ်ခုလုံးမှာ ကျွန်ပြုခံထားခဲ့ရသည့် အတိုင်းပင်။ သူတို့မှာ ကျယ်ပြန့်တာအိုနန်းတော် အားအင်ပြန်လည်ကြီးထွားလာနိုင်ရန် အရာအားလုံးကို စတေးခဲ့ကြရ၏။

တာအိုကျောင်းတော်များ ဖျက်သိမ်းခံလိုက်ရသဖြင့် လူများမှာ ကျင့်ကြံခြင်း လေ့ကျင့်ခွင့်မရှိတော့သလို သူတို့၏ ကျင့်ကြံခြင်းအဆင့် တိုးတက်မှုနှုန်းများမှာလည်း တားဆီးနှောင့်ယှက်ခံခဲ့ရသဖြင့် သူတို့မှာ ကျင့်ကြံခြင်းပညာရပ်အသစ်များကို အလွယ်တကူ ရယူပိုင်ဆိုင်ခွင့် မရှိတော့ပေ။ သို့သော် ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ အဆိုးဆုံးမှာ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု အာဏာကြီးထွားလာခဲ့ပြီးနောက် လူတိုင်းမှာ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း ဝိညာဉ်ကျောက်တုံး အမြောက်အမြား ဆက်သရခြင်းပင်။ အကယ်၍ သူတို့မှာ အချိန်မီ ဆက်သနိုင်စွမ်း မရှိပါက ရက်ရက်စက်စက် အပြစ်ပေးခံကြရသည်သာ ဖြစ်သည်။

သို့ဖြစ်ရာ သူတို့မှာ ကျယ်ပြန့်တာအိုနန်းတော် အင်အားပြန်လည်ကြီးထွားလာရန်အတွက် သူတို့၏ အသက်များကို စတေးနေခဲ့ရသည်ဟုပင် ဆိုနိုင်ပေသည်။

ထို့ကြောင့်လည်း ဂြိုဟ်အသီးသီးပေါ်ရှိ ကျင့်ကြံသူများမှာ ဝမ်ပေါင်လဲ့ ပြန်လည်ပေါ်ပေါက်လာပြီး ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုအား တိုက်ခိုက်ချေမှုန်းလိုက်သည်ကို မြင်လိုက်ရသောအခါ စိတ်လှုပ်တရှား ဖြစ်သွားကြ၏။ အင်္ဂါဂြိုဟ်ဘုရင်ခံနှင့် အခြားသူများမှာဆိုလျှင် ဝမ်ပေါင်လဲ့ ပြန်လည်ရောက်ရှိလာသည့် အကြောင်းအား လီရှင်းဝမ်ဆီမှတစ်ဆင့် ကြားသိထားပြီးထားဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ထိုမြင်ကွင်းများအားလုံးကို မြင်လိုက်ရချိန်တွင် စိတ်နှလုံး လှုပ်ရှားသွားကြတော့သည်။

သို့သော် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီး ပေါ်ပေါက်လာချိန်တွင် သူတို့မှာ စိုးရိမ်စိတ်များ ကြီးထွားလာကြ၏။ သူတို့အားလုံး မျက်တောင်မခတ်တမ်း ကြည့်ရှုနေကြစဉ် ကမ္ဘာဂြိုဟ်ပေါ်ရှိ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု မြို့တော်၏ အထက်တွင် ရစ်ဝဲနေသည့် ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီး မိုးကောင်းကင်ထဲ၌ ပေါ်ပေါက်လာသည့် အဘိုးကြီးအား လှမ်းကြည့်နေ၏။ သူသည် ထို အဘိုးကြီး၏ ကျင့်ကြံခြင်းအဆင့်မှာ အလယ်အလတ် ဂြိုဟ်အဆင့်တွင် ရှိနေသည်ဖြစ်ကြောင်း အာရုံခံမိနေသည်။ ထို့အပြင် သူသည် ထိုအဘိုးကြီး၏ ဂြိုဟ်မှာ ဝိညာဉ်ဂြိုဟ်ဖြစ်ကြောင်းကိုလည်း အာရုံခံမိနေသေးသည်။

" ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုကို သွေးနားထင်ရောက်အောင် လုပ်ခဲ့တာ ခဗျားလား " ဝမ်ပေါင်လဲ့မှာ ဖြည်းဖြည်းချင်း မေးလိုက်၏။ သူသည် တာအိုဂြိုဟ်တစ်လုံးအား ပိုင်ဆိုင်ထားသောကြောင့် ထိုအဘိုးကြီးနှင့်ပတ်သက်သည့် အချက်အလက်အားလုံးကို ရှင်းလင်းပြတ်သားစွာ မြင်နေရသည့်။ သို့သော် ထို အဘိုးကြီးမှာမူ ဝမ်ပေါင်လဲ့၏ အသေးစိတ် အချက်အလက်များကို အတိအကျ သိရှိနိုင်စွမ်း မရှိပေ။

ထို့ကြောင့်လည်း ထို အဘိုးကြီးမှာ ထိုနေရာသို့ အစောကြီး ကြိုရောက်နေခဲ့သည့်တိုင်အောင် ရုပ်လုံးထွက်ပြခဲ့ခြင်း မရှိဘဲ ပုန်းကွယ်နေခဲ့ခြင်းဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့မှာ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ကြောင်းကိုသာ သိထားပြီး အသေးစိတ် အချက်အလက်များကို သိရှိထားခြင်းမရှိပေ။ ထို့ကြောင့်လည်း သူသည် စိတ်လိုက်မာန်ပါ ပြုမူခဲ့ခြင်းမရှိဘဲ အရင်ဆုံး သူ၏ ပြိုင်ဘက်အား သေသေချာချာ အကဲခတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုတွင် သူသည် ရုပ်လုံးပေါ်လာပြီဖြစ်ရာ စိတ်ထဲတွင် အနည်းငယ်ခန့် စိုးရိမ်နေသည့်တိုင်အောင် သူ့ကိုယ်သူ ယုံကြည်မှုရှိနေဆဲဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့ကြောင့်လည်း သူသည် ပေါ်ပေါက်လာပြီးနောက် အေးတိအေးစက် လေသံဖြင့် စကားပြောလိုက်ခြင်းဖြစ်သည်။ သူ၏ စကားသံမှာ သင်ခန်းစာပေးလိုသည့်လေသံ ပေါက်နေသည်။

" ကောင်လေး။ ငါက ကျယ်ပြန့်တာအိုနန်းတော်က သဲ့ယွင်ကျစ်ပဲ။ မင်းလို ဂြိုဟ်အဆင့်ကို ရောက်တာ မကြာသေးတဲ့ ကျင့်ကြံသူမျိုးတွေ ငါ အများကြီး မြင်ဖူးထားပြီးသား။ မင်းရဲ့ ခန္ဓာကိုယ်ကလည်း မှုန်ဝါးဝါးဖြစ်နေသေးတဲ့အပြင် မင်းရဲ့ အသက်စွမ်းအားတွေ၊ ချီတွေနဲ့ ဝိညာဉ်စွမ်းအားတွေကလည်း အပြည့်အဝ ရုပ်လုံးပေါ်သေးတာ မဟုတ်ဘူး။ အဲတာမလို့ မင်းရဲ့ ကျင့်ကြံခြင်းလမ်းခရီးစဉ်က လွယ်ကူခဲ့မှာ မဟုတ်ဘူးဆိုတာ ငါ ခန့်မှန်းကြည့်လို့ရပါတယ်။ မင်း ကျယ်ပြန့်တာအိုနန်းတော်နဲ့ ပူးပေါင်းမယ်ဆိုရင် ဧည်သည့်တော်အကြီးအကဲတစ်ယောက် ဖြစ်လာဖို့ ငါ အာမခံတယ်ကွာ "

" ကဲ။ မင်း သွေးနားထင်ရောက်ပြီးတော့ ငါနဲ့ တိုက်ခိုက်မလား။ ဒါမှမဟုတ် ကျယ်ပြန့်တာအိုနန်းတော်နဲ့ ပူးပေါင်းမလား " သဲ့ယွင်ကျစ်မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို မြှောက်ကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်၏။ ထိုအခါ သူ၏နောက်တွင် ရှိနေသည့် ဓားပျံငါးလက်မှာ မျက်စိကျိန်းစရာကောင်းလောက်အောင် စူးရှတောက်ပလာကာ ဓားချီ အမျှင်အတန်း ငါးခုမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး သူ၏ ဦးခေါင်းအထက်၌ မှုန်ဝါးဝါးဂြိုဟ်တစ်လုံးအဖြစ် စုစည်းသွားသည်။ ထိုအခါ ဂြိုဟ်အဆင့် စွမ်းအားများ ထွက်ပေါ်လာကာ ဖိနှိပ်ချုပ်တည်းအားများအဖြစ် ပြောင်းလဲသွားပြီး ကမ္ဘာဂြိုဟ်ကြီးတစ်ခုလုံးအား လွှမ်းခြုံသွားတော့သည်။

သူသည် သူ၏ရှေ့တွင် ရှိနေသည့် ဒေသခံ ဂြိုဟ်အဆင့် ကျင့်ကြံသူမှာ ကံကောင်းခဲ့ခြင်းဖြစ်ရမည်ဟု မှတ်ယူထား၏။ ထိုကျင့်ကြံသူလေး ပေါင်းစည်းနိုင်ခဲ့သည့် ဂြိုဟ်မှာ သူ၏ဂြိုဟ်ထက် အဆင့်ပိုမြင့်နေပြီး အင်မော်တယ်ဂြိုဟ်အဆင့်တွင် ရှိနေလောက်ပေသည်။ ထို့ကြောင့် သူသည် မနာလိုဖြစ်နေရသလို စိတ်ထဲတွင် အေးစက်စွာ နှာမှုတ်မိလိုက်၏။ အဘယ်ကြောင့်ဆိုသော် သူ၏အမြင်တွင် ထိုကျင့်ကြံသူမှာ အင်မော်တယ်ဂြိုဟ်အား ထိန်းချုပ်နိုင်စွမ်း မရှိသောကြောင့်ပင်။ ထိုသို့သာမဟုတ်ပါက သူ၏ခန္ဓာကိုယ်မှာ ယခုလို မှုန်ဝါးဝါး ဖြစ်နေမည် မဟုတ်ပေ။

သူသည် သူ၏ပြိုင်ဘက်မှာ ကိုယ်ပွားတစ်ခု ဖြစ်နေနိုင်သည်ဆိုသည့် အချက်အား လုံးဝမစဉ်းစားမိခဲ့ပေ။ သူ၏ရှေ့တွင် ရှိနေသည့် ဒေသခံကျင့်ကြံသူမှာ မကြာသေးမီတုန်းကမှ ဖောက်ထွက်နိုင်ခဲ့ခြင်း ဖြစ်သောကြောင့်သာ သူ၏ အပြင်ခန္ဓာကိုယ်နှင့် ဂြိုဟ်အဆင့် ကျင့်ကြံခြင်းအဆင့်မှာ မတည်မငြိမ် ဖြစ်နေရခြင်း ဖြစ်သည်ဟု သူက မှတ်ယူထား၏။

ထိုကဲ့သို့သော ကျင့်ကြံသူမျိုးမှာ အင်မော်တယ်ဂြိုဟ်တစ်လုံးနှင့် ပေါင်းစည်းနိုင်ခဲ့လျှင်တောင် ရေးကြီးခွင်ကျယ် မဟုတ်ပေ။ သူသည် သူ့ဘက်မှ ဝှက်ဖဲအချို့ ထုတ်သုံးလိုက်ရုံနှင့် ထိုကျင့်ကြံသူအား ဖိနှိပ်ချုပ်တည်းနိုင်လိမ့်မည်ဟု ယုံကြည်နေ၏။ တစ်ချိန်ထဲမှာပင် သူသည် သူပြောလိုက်သည့်စကားများကို အလွန်အင်မတန်မှ ကျေနပ်နေသည်။ သူ၏ စကားလုံးများ၏ နောက်ကွယ်ရှိ လျှို့ဝှက်အဓိပ္ပါယ်များကြောင့် သူ၏ ပြိုင်ဘက်မှာ ဂြိုဟ်အဆင့်တွင် ရှိနေရုံနှင့် သူ၏ရှေ့၌ မောက်မာဝင့်ကြွားရဲတော့မည် မဟုတ်ပေ။

သူ ထိုသို့ ကောက်ချက်ချလိုက်ပြီးနောက် သူ၏ လေသံမှာလည်း ပို၍ တင်းမာလာ၏။ ယခုတွင် သူ၏ စကားသံများမှာ လေထဲ၌ ပဲ့တင်ထပ်နေပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် ဓားချီများမှာလည်း တရိပ်ရိပ် မြင့်တက်လာနေပြီဖြစ်သည်။ သို့ဖြစ်ရာ သူသည် အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသည့်ပုံ ပေါက်နေတော့သည်။

ဝမ်ပေါင်လဲ့မှာမူ မျက်နှာအမူအရာ လုံးဝပြောင်းလဲသွားခြင်းမရှိဘဲ ထိုအဘိုးကြီးအား အေးစက်စက်မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ တည်ကြည်စွာ မေးလိုက်၏။

" ကျုပ်က သွေးနားထင်ရောက်နေတာလို့ ခဗျားက ပြောချင်တာလား "

" မင်းက ခလုတ်ထိမှ အမိတမယ့် လူစားမျိုးပဲကွ " အဘိုးကြီးမှာ မျက်ခုံးများပင့်ကာ ပြန်ပြောလိုက်၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့ ရှိရာဘက်သို့ လှမ်းရိုက်လိုက်ပြီးနောက် တည်ကြည်စွာ ရေရွတ်လိုက်တော့သည်။

" ချုပ်တည်းစေ "

သူ ထိုသို့ ရေရွတ်လိုက်သည်နှင့် သူ၏ နောက်တွင် ရှိနေသည့် ဓားပျံငါးလက်ထဲမှ ဓားချီများမှာ ကြယ်တစ်လုံးအဖြစ် စုစည်းသွားကြ၏။ ထို ကြယ်မှာ ဝင်းလက်စွာ တောက်ပနေသည်။ ထိုအချိန်တွင် သမုဒ္ဒရာကြီးတစ်စင်းနီးပါး အားကောင်းပြီး မျက်လုံးဖြင့်မမြင်နိုင်သည့် ဖိနှိပ်အားတစ်မျိုးမှာ အရပ်မျက်နှာအနှံ့မှနေ၍ စတင်စုဝေးလာတော့သည်။ ၎င်းတို့မှာ ဧရာမ လက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့၏ ဦးခေါင်းပေါ်သို့ ကျရောက်လာသကဲ့သို့ပင်။

ထို အခိုက်အတန့်တွင် သူ၏ အလယ်အလတ်ဂြိုဟ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာရုံသာမက ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးဆီမှ သူ ငှားရမ်းထားသည့် စွမ်းအားအချို့မှာလည်း စတင်ဆင်းသက်လာ၏။ ထို့ကြောင့် နေအဖွဲ့အစည်းထဲမှ ကြယ်များမှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာတော့သည်။ ဖိနှိပ်ချုပ်တည်းအားများမှာလည်း ရုတ်တရက်ဆိုသလို ပို၍အားကောင်းလာသဖြင့် ဝမ်ပေါင်လဲ့၏ အောက်တွင်ရှိနေသည့် မြေပြင်ကြီးမှာ စတင်တုန်ရီလာပြီး အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာ၏။ သူ၏ ပတ်ပတ်လည်တွင် ရှိနေသည့် ဟင်းလင်းပြင်ကြီးမှာလည်း တစ်စစီကြေမွပျက်စီးသွားတော့မည့်ပုံ ပေါက်နေတော့သည်။

သို့သော် ထို ဖိနှိပ်ချုပ်တည်းအားများမှာ သဲ့ယွင်ကျစ်အတွက် သမုဒ္ဒရာကြီးတစ်စင်းကဲ့သို့ ဖြစ်နေပါသော်လည်း ဝမ်ပေါင်လဲ့အတွက်မူ လေပြင်းတစ်ချက် တိုက်ခတ်စာမျှသာ ရှိပေသည်။ ထို စွမ်းအားများကြောင့် သူ၏ ဆံပင်များပင် လေထဲ၌ မျောလွင့်သွားခြင်းမရှိပေ။ သို့ဖြစ်ရာ သူ၏ ခန္ဓာကိုယ်ကြီးမှာဆိုလျှင် မလှုပ်မယှက် ရပ်နေဆဲပင်။

" ကျုပ်က ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတာလို့ ခဗျား ပြောလိုက်တာလား " ဝမ်ပေါင်လဲ့မှာမူ တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ထပ်မေးလိုက်၏။

ထိုမြင်ကွင်းကြောင့် သဲ့ယွင်ကျစ်မှာ မျက်လုံးများ ပြူးသွားရသလို တုန်လှုပ်ချောက်ချားသွားရပြီး မန္တန်လက်ကွက်တစ်ခု အလျင်အမြန် ဖော်လိုက်၏။ ထို့နောက် သူသည် လေသံအောအောကြီးဖြင့် ညည်းတွားလိုက်သဖြင့် သူ၏ နောက်တွင် ရှိနေသည့် ဓားပျံငါးလက်မှာ ချက်ချင်းဆိုသလိုပင် လေပေါ်သို့ မြောက်တက်သွားပြီး လေထဲ၌ အတူတကွ စုစည်းသွားကြသည်။ ၎င်းတို့ စုစည်းသွားရာမှ ပေါ်ပေါက်လာသည့် ကြယ်များမှာလည်း ပို၍ပင် ရုပ်လုံးပေါ်လာသည်။ တစ်ချိန်ထဲမှာပင် ဖိနှိပ်အားများမှာလည်း ပို၍အားကောင်းလာပြီး ဝမ်ပေါင်လဲ့ပေါ်သို့ နောက်ထပ်တစ်ကြိမ်ထပ်၍ ဆင်းသက်လာပြန်သည်။

ထို့အပြင် ဓားပျံငါးလက်မှာလည်း အလင်းတန်းငါးခုအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့ဆီသို့ တရွှီးရွှီးမြည်အောင် ဦးတည်လာနေပြီဖြစ်သည်။

နောက်ဆုံးတွင် ကြယ်များဆီမှ ထွက်ပေါ်လာသည့် ဖိနှိပ်အားများမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသဖြင့် အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာ၏။ ယခုအကြိမ်တွင် ထို ဖိနှိပ်အားများမှာ ပထမအကြိမ်တုန်းကထက် ပို၍ အားကောင်းနေသဖြင့် ဝမ်ပေါင်လဲ့၏ ဆံပင်များမှာ အနည်းငယ်ခန့် လှုပ်ယမ်းသွားရသည်။ အလင်းတန်းငါးခုအသွင် ပြောင်းလဲသွားခဲ့သည့် ဓားပျံငါးလက်မှာလည်း သူ၏အနီးသို့ ချက်ချင်းရောက်ရှိလာ၏။ သို့သော် ၎င်းတို့မှာ သူ၏အနီးသို့ ရောက်လာလေလေ ပို၍ တုန်ရီလာလေ ဖြစ်နေသည်။ ထိုဓားပျံများ သူနှင့် ဆယ်ပေအကွာသို့ ရောက်ရှိလာချိန်တွင် ၎င်းတို့မှာ အပြင်းအထန် တုန်ရီနေပြီဖြစ်သလို ၎င်းတို့၏ အလင်းရောင်များမှာလည်း သိသိသာသာ မှေးမှိန်သွားပြီဖြစ်သည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ညာဘက်လက်ကို မြှောက်လိုက်သဖြင့် ထို ဓားပျံငါးလက်မှာ သူ၏လက်ထဲသို့ ချက်ချင်း ဝဲပျံလာကြ၏။ ၎င်းတို့မှာ သူ၏ အမိန့်အား မြေဝယ်မကျ နားထောင်မည့်ပုံ ပေါက်နေသည်။ တစ်ချိန်ထဲမှာပင် ၎င်းတို့မှာ လက်စွပ်ငါးကွင်းအဖြစ် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့၏ လက်ချောင်းများ၏ ပတ်ပတ်လည်တွင် လည်ပတ်နေတော့သည်။

" ဒီလောက်ပဲလား " ဝမ်ပေါင်လဲ့မှာမူ အေးတိအေးစက်လေသံဖြင့် မေးလိုက်၏။

" မဖြစ်နိုင်တာ " ထိုအခါ သဲ့ယွင်ကျစ်မှာ တစ်ခေါင်းလုံး ထူပူသွားရပြီး မျက်နှာအမူအရာ လုံးဝ ပြောင်းလဲသွားတော့သည်။ သူ၏ရှေ့တွင် မြင်နေရသည့် မြင်ကွင်းမှာ စိတ်ကူးနှင့်ပင် မမှန်းဆနိုင်လောက်အောင် အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလွန်းနေသောကြောင့် သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရ၏။ သူသည် မသိစိတ်မှနေ၍ နောက်သို့ ထွက်ပြေးဆုတ်ခွာသွားရန် ပြင်မိလိုက်ပါသော်လည်း ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီး ရှေ့သို့ ခြေတစ်လှမ်းလှမ်းလာတော့သည်။

သူသည် အလွန်အင်မတန်မှ မြန်ဆန်လွန်းနေသောကြောင့် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွား၏။ ထို့နောက် သဲ့ယွင်ကျစ် မတုံ့ပြန်နိုင်ခင်မှာပင် သူသည် သဲ့ယွင်ကျစ်၏ ရှေ့၌ ပြန်လည်ပေါ်ပေါက်လာပြီး သူ၏ ညာဘက်လက်ကို မြှောက်ကာ လှမ်း၍ ထိုးနှက်လိုက်တော့သည်။

သူ၏ လက်သီးချက်ကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ အရောင်ပြောင်းလဲသွားရသလို တိမ်တိုက်များမှာလည်း လွင့်စင်ပပျောက်သွားရ၏။ သဲ့ယွင်ကျစ်မှာမူ စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ရပြီးနောက် ပါးစပ်ထဲမှ သွေးများပန်းထွက်လာ၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ အသံအကျယ်ကြီးမြည်အောင် ပေါက်ကွဲသွားတော့သည်။

သူ၏ ခန္ဓာကိုယ်အပြင်ဘက်တွင် ရှိနေသည့် မှုန်ဝါးဝါး ဂြိုဟ်ကြီးပင်လျှင် ဘေးအန္တရာယ်မှ လွတ်မြောက်သွားခဲ့ခြင်း မရှိဘဲ သူ၏ ခန္ဓာကိုယ်နှင့်အတူ အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားရသည်သာ ဖြစ်သည်။

သူ၏ဝိညာဉ် တစ်စစီ စုတ်ပြဲသွားတော့မည့် အချိန်တွင် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးမှာ ရုတ်တရက်ဆိုသလို အလင်းတန်းတစ်ခုအား ထုတ်လွှတ်လိုက်သည်။ ထို အလင်းတန်းမှာ ချက်ချင်းဆိုသလိုပင် ကမ္ဘာဂြိုဟ်ပေါ်သို့ ဆင်းသက်လာကာ သဲ့ယွင်ကျစ်၏ ဝိညာဉ်အား ဝန်းရံသွားပြီး ဆွဲငင်သွားသဖြင့် သူသည် ထွက်ပြေးခွင့်ရသွား၏။ ထို့ကြောင့် သဲ့ယွင်ကျစ်၏ ဝိညာဥ်မှာလည်း ထိတ်လန့်တုန်လှုပ်နေသည့် အမူအရာဖြင့် ထိုဆွဲငင်အားကို အသုံးချကာ ကမ္ဘာဂြိုဟ်အပြင်ဘက်သို့ ချက်ချင်း ပျံထွက်သွားပြီး ရှေးဟောင်းအစိမ်းရောင်ကြေးဓားကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

" မင်း ဘယ်ကို ထွက်ပြေးနိုင်မှာမလို့လဲ။ ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးကလည်း ပြည်ထောင်စုကြီးရဲ့ ပိုင်နက်ထဲမှာ ရှိနေတာပဲလေ " ဝမ်ပေါင်လဲ့မှာမူ တည်ကြည်စွာ ဆိုလိုက်ပြီး သူ၏ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ သဲ့ယွင်ကျစ်၏နောက်သို့ ပြေးလိုက်သွား၏။

ထိုအချိန်တွင် နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးထဲမှတစ်ဆင့် ထိုမြင်ကွင်းအား အစအဆုံးမြင်လိုက်ရသည့် လူတိုင်းမှာ ရင်ခုန်နှုန်းများ မြန်ဆန်လာကြပြီး စိတ်နှလုံးလှုပ်ရှားသွားကြရသည်သာ ဖြစ်သည်။ သူတို့၏ အော်ဟစ်အားပေးသံများမှာလည်း ပေါက်ကွဲထွက်ပေါ်လာကြ၏။

" ဝမ်ပေါင်လဲ့ "

" ကောင်းကင်တာအိုကျောင်းရဲ့ ဂန္တဝင်ကျောင်းသားခေါင်းဆောင် ဝမ်ပေါင်လဲ့ကွ "

" ပြည်ထောင်စုကြီးထဲက အစွမ်းအထက်ဆုံး ကျင့်ကြံသူ ဝမ်ပေါင်လဲ့ဟေ့ “

All Chapters