← Chapters

အမှောင်ထု ကောင်းကင်ပေါင်းမိုး

Vol. 34 Ch. 459

အမှောင်ထု ကောင်းကင်ပေါင်းမိုး

Vol. 34 Ch. 459

“ဝါစဉ်ကြီးအစ်ကို ကုဟန်က ကျွန်တော့်ရဲ့ အမှောင်ထု အကာအကွယ်ကိုတောင် ဖျက်ဆီးနိုင်တာပဲ။ တကယ် အစွမ်းထက်ပါတယ်ဗျာ”

ဝမ်ဟိုင်လုံက  ခပ်ထေ့ထေ့ ပြုံးပြီး ပြောလိုက်ပါတယ်။

အမှောင်ထု အကာအကွယ်က နတ်ဘုရား စွမ်းရည် မဟုတ်ပါဘူး။ အဲဒါက သူကိုယ်တိုင် တီထွင်ထားတဲ့ အစွမ်းတစ်ခု သက်သက်ပါပဲ။

တကယ်လို့ အဲဒါက နတ်ဘုရား စွမ်းရည်ဆိုရင် ကုဟန်အနေနဲ့ ဘယ်လိုမှ ဖျက်ဆီးနိုင်စရာ အကြောင်း မရှိပါဘူး။ ကုဟန်ရဲ့ လက်ဝါးစောင်း ချီစွမ်းအား အနား မရောက်လာခင်မှာပဲ အမှောင်ထု စွမ်းအားက ဝါးမျိုလိုက်မှာပါ။

“ညီလေးဝမ် … မင်းရဲ့ အစွမ်းက တကယ် ထက်မြက်တယ် ဆိုတာကို ငါ့အနေနဲ့ ခြွင်းချက်မရှိ လက်ခံပါတယ်။  ဒါပေမဲ့ ငါတို့ နှစ်ယောက်ကြားက ကွာခြားမှုက အသိသာကြီးပဲလေ။ အဲဒါကို မင်းက ဆက်ပြီး တိုက်ချင် နေသေးတာလား”

ကုဟန်က လှမ်းမေး လိုက်ပါတယ်။

ဝမ်ဟိုင်လုံက  ခေါင်းညိတ်လိုက်ပြီး …

“အစ်ကိုကုဟန် … ကျွန်တော့်ရဲ့ သာမန် အစွမ်းက အစ်ကို့ကို မယှဉ်နိုင်ဘူး ဆိုတာကို ကျွန်တော် ဝန်ခံပါတယ်။ အစ်ကိုက ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၆ကို ရောက်နေသလို အစ်ကို့ရဲ့ ချီအတွင်းအား ကျင့်စဉ်နဲ့ သိုင်းပညာကလည်း ကျွန်တော့်ထက် သာတာ  အမှန်ပဲ။ ဒါပေမဲ့ ကျွန်တော်တို့ နှစ်ယောက်ကြားက တိုက်ပွဲကို ဆုံးဖြတ်ပေးမှာက သာမန် အစွမ်းတွေ မဟုတ်ဘူး။ နတ်ဘုရား စွမ်းရည်ကပဲ ဆုံးဖြတ်ပေးမှာ”

စကားဆုံးတဲ့ နောက်မှာတော့ ဝမ်ဟိုင်လုံက သူ့ရဲ့ ညာလက်ကို မြှောက်လိုက်ပါတော့တယ်။

ဟူး … ဟူး … ဟူး …

ဝမ်ဟိုင်လုံရဲ့ လက်ကနေပြီး ထွက်လာတဲ့ အမှောင်ထု စွမ်းအားတွေဟာ ကောင်းကင်ပေါ်ကို ထိုးတက် သွားခဲ့ပါပြီ။ သိပ်မကြာခင်မှာပဲ အဲဒါက စက်ဝိုင်းခုံးသဏ္ဌာန် ပေါင်းမိုးကြီး ဖြစ်လာပြီး သူကိုယ်တိုင်နဲ့ ကုဟန်ကို လွှမ်းခြုံ သွားပါတော့တယ်။

“အမှောင်ထု နတ်ဘုရားစွမ်းရည်၊ အမှောင်ထု ကောင်းကင်ပေါင်းမိုး”

ဝမ်ဟိုင်လုံရဲ့ အသံကတော့ ကမ္ဘာမြေပြင် တစ်ခုလုံးကို ပိုင်စိုးတဲ့ နတ်မိစ္ဆာ တစ်ပါးလိုပါပဲ။

“နတ်ဘုရား စွမ်းရည်လား …။ ဝမ်ဟိုင်လုံက အစစ်အမှန် အမှောင်ထု နတ်ဘုရား စွမ်းရည်ကို နိုးထ နိုင်ခဲ့တာလား”

လူတွေ အားလုံးကတော့ တုန်လှုပ်ချောက်ချား နေကြပါပြီ။

နတ်ဘုရားစွမ်းရည်ကို နိုးထထားနိုင်တဲ့ သူတွေဟာ တူညီတဲ့ နယ်ပယ် တစ်ခုထဲမှာ ဆိုရင် ပြိုင်ဘက် ကင်းပါတယ်။ ဒါပေမဲ့ အထူး နတ်ဘုရားစွမ်းရည် တစ်ခုကို နိုးထနိုင်တဲ့ သူကတော့ ပြိုင်ဘက်ကင်းတာ ထက်ကို ကျော်လွန်သွားခဲ့ပါပြီ။

ဝမ်ဟိုင်လုံက ကုဟန်ထက် အဆင့်၃ဆင့် နိမ့်ပေမဲ့လည်း ဒီအမှောင်ထု နတ်ဘုရား စွမ်းရည်နဲ့ ဆိုရင်တော့ အဲဒီ ကွာခြားမှုက ဘာမှ မဟုတ်တော့ပါဘူး။

“ကြောက်ဖို့ကောင်းလိုက်တဲ့ နတ်ဘုရား စွမ်းရည်ပဲဟေ့။ ငါ့ရဲ့ အသိစိတ် အာရုံနဲ့တောင်မှ အဲဒါကို ထွင်းဖောက်ပြီး အထဲမှာ ဘာတွေဖြစ်နေသလဲ ဆိုတာကို ကြည့်လို့ မရဘူးဟ”

အတွင်းစည်း သိုင်းတက္ကသိုလ် ကျောင်းသား တစ်ယောက်ကတော့ ဝန်ခံလိုက်ပါတယ်။

“အဲဒါတင် မကသေးဘူးကွ။ အဲဒါက လုံးဝ သီးခြား ကမ္ဘာတစ်ခုလို ဖြစ်နေတာ။ ငါတို့အားလုံးနဲ့ သူတို့နှစ်ယောက်ကြားမှာ ဘာဆက်သွယ်မှုမှ မရှိတော့ဘူး”

အာရုံခံစားမှု ထက်မြက်တဲ့ နောက်ထပ် အတွင်းစည်း သိုင်းတက္ကသိုလ် ကျောင်းသား တစ်ယောက်ကလည်း ထပ်ပေါင်း ပြောလိုက်ပါတယ်။

“အမှောင်ထု နတ်ဘုရားစွမ်းရည် ဆိုတာက အစွမ်းအထက်ဆုံး နတ်ဘုရား စွမ်းရည်တွေထဲက တစ်ခုပဲ။ အဲဒါကို အစ်ကိုကုဟန် ဘယ်လို ရင်ဆိုင်မလဲ ဆိုတာကို ငါအရမ်း သိချင်နေပြီ”

“အဲဒါကတော့ ခက်လိမ့်မယ်ကွ။ အစ်ကိုကုဟန်က အစစ်အမှန် သတ္တု နတ်ဘုရား စွမ်းရည်ကိုမှ မနိုးထ နိုင်သေးတာ”

လူတွေ အားလုံးကတော့ သူတို့ရဲ့ အမြင်တွေကို ပြောပြီး ဆွေးနွေးခန်း ဖွင့်နေကြပါပြီ။

“သူက တကယ်ကြီး အမှောင်ထု ကောင်းကင်ပေါင်းမိုးကို နိုးထနိုင်ခဲ့ပြီကိုး …။ ဒီကလေးရဲ့ ထိုးထွင်းသိမြင်မှုက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်။ ဒီနတ်ဘုရား စွမ်းရည်က နယ်နိမိတ် ကန့်သတ်တဲ့ နတ်ဘုရား စွမ်းရည်ပဲ။ သူ့ရဲ့ ခွင့်ပြုချက် မရဘဲ အထဲကို ဝင်ဖို့ ခက်သလို၊ အပြင် ပြန်ထွက်ဖို့ကလည်း ခက်တယ်။ ဒါက ရန်သူကို ပိတ်လှောင်ပြီး သတ်ပစ်နိုင်တဲ့ နတ်ဘုရား စွမ်းရည် တစ်မျိုးပဲ”

တိုက်ပွဲ အခြေအနေကို အသိစိတ်အာရုံနဲ့ လှမ်းအကဲခတ်နေတဲ့ အတွင်းစည်း တက္ကသိုလ် အကြီးအကဲ တစ်ယောက်ကတော့ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။

အမှောင်ထု ကောင်းကင်ပေါင်းမိုးထဲမှာ ရောက်နေတဲ့ ကုဟန်ကတော့ အာရုံခံစားမှု အကုန်လုံးကို ဆုံးရှုံးနေခဲ့ပါပြီ။ သူက ဘယ်အရာကိုမှ မမြင်နိုင်သလို ဘာအသံကိုမှလည်း မကြားရတော့ပါဘူး။ ပြီးတော့ တည်ရှိမှု တွေကိုလည်း အာရုံ မခံနိုင်တော့ပါဘူး။ ဒါက တိတ်ဆိတ်ပြီး အမှောင်ထုတွေ ဖုံးလွှမ်းနေတဲ့ ကမ္ဘာတစ်ခုပါပဲ။ သူတစ်ယောက်တည်း ရှိတယ်ဆိုတဲ့ အထီးကျန်မှုက သူ့ရဲ့ တိုက်ပွဲဆာလောင် စိတ်ကို လျော့ကျသွားစေခဲ့ ပါသေးတယ်။

“အစ်ကို ကုဟန် … ကျွန်တော့်ရဲ့ အမှောင်ထု ကောင်းကင်းပေါင်းမိုးက ဘယ်လိုနေလဲ”

ဝမ်ဟိုင်လုံရဲ့ ပထမ လက်သီးချက်က အသံနဲ့ တည်ရှိမှုကို လုံးဝ မဖော်ပြဘဲ  ကုဟန် အပေါ်ကို ကျရောက် လာခဲ့ပါပြီ။

အမှောင်ထု ကောင်းကင်ပေါင်းမိုး ထဲမှာတော့ ဝမ်ဟိုင်လုံဟာ အရာရာကို လွှမ်းမိုး ခြယ်လှယ် နိုင်သူပါပဲ။ သူက ဝမ်ဟိုင်လုံကို ကြားစေချင်ရင် ကြားခွင့်ပေးလို့ ရသလို မကြားစေချင်ရင်လည်း မကြားအောင် လုပ်လို့ ရပါတယ်။

အကျဉ်းချုံး ပြောရမယ် ဆိုရင်တော့ အမှောင်ထု ကောင်းကင်ပေါင်းမိုးဟာ ကုဟန်ရဲ့ အာရုံခံစားမှုတွေ အားလုံးကို ချုပ်ကိုင် ထားလိုက်တာပါ။

ဝေါ့ …

ကုဟန်က သွေးစိမ်းရှင်ရှင် တစ်လုတ်ကို အန်ထုတ် လိုက်ရပါတယ်။ သူက ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၆ ပညာရှင် ဖြစ်ပေမဲ့လည်း ဒီအမှောင်ထုထဲမှာတော့ ဘာမှ မတတ်နိုင်ခဲ့ပါဘူး။ သူက ဝမ်ဟိုင်လုံ ပြုသမျှကို နုရတော့မယ့် လူတစ်ယောက် ဖြစ်နေခဲ့ပါပြီ။

“အစ်ကို ကုဟန် …  အစ်ကိုက ဘာလို့ ဒီလောက်အထိ အနာခံနေရတာလဲ။ အစ်ကိုက ကျွန်တော့်ရဲ့ အမှောင်ထု ကောင်းကင်ပေါင်းမိုးကို မယှဉ်နိုင်ပါဘူးဗျာ။  မြန်မြန် အရှုံးပေး လိုက်ပါတော့လား”

ဝမ်ဟိုင်လုံရဲ့ နောက်ထပ် လက်သီးတစ်ချက်က ကုဟန်ရဲ့ ခန္ဓာကိုယ်ပေါ်ကို  ကျရောက်လာခဲ့ ပြန်ပါပြီ။

ကုဟန်ရဲ့ မျက်နှာက သွေးမရှိတော့တဲ့ အလား ဖြူဖွေးသွားခဲ့ပေမဲ့ သူက အရှုံးပေးမယ့်ပုံ မပေါ်ပါဘူး။ သူက အံကို တင်းတင်း စေ့လိုက်ပြီး သွားကြားထဲက ထွက်တဲ့ လေသံနဲ့ ပြန်ပြော လိုက်ပါတယ်။

“ညီလေးလီ … ငါမင်းကို အထင်သေးခဲ့မိတယ် ဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမဲ့ မင်းတစ်ယောက်တည်း နတ်ဘုရား စွမ်းရည်ကို နိုးထထားနိုင်တာ ငါ့ရဲ့ ကိုယ်ပိုင် နတ်ဘုရားစွမ်းရည် ရှိသေးတယ်” မဟုတ်ဘူးကွ။ ငါကုဟန်မှာလည်း …

စကားဆုံးတဲ့ နောက်မှာတော့ ကုဟန်ရဲ့ ညာဘက် လက်ကနေပြီး ရွှေရောင် အလင်းတန်း တစ်ခုကို ထုတ်လွှတ် လာခဲ့ပါပြီ။ အမှောင်ထု ကောင်းကင် ပေါင်းမိုးကတော့ အဲဒီရွှေရောင် အလင်းတန်းကို ဝါးမျိုနိုင်ခြင်း မရှိခဲ့ပါဘူး။

ရွှေရောင် အလင်းတန်းက တဖြည်းဖြည်း ပိုအားကောင်းလာပြီး ရွှေရောင်လှံတံ တစ်လက်အဖြစ် ပြောင်းသွားကာ ကုဟန်ရဲ့ လက်ထဲကို သက်ဆင်း လာခဲ့ပါတယ်။ အဲဒီလှံတံက ရွှေအစစ်နဲ့ သွန်းလုပ်ထားပုံရပြီး လှံရိုးပေါ်မှာလည်း အင်းကွက်တွေ ရှိနေပါသေးတယ်။

အဲဒါကတော့ ကုဟန်ရဲ့ နတ်ဘုရား စွမ်းရည်ဖြစ်တဲ့ သတ္တု နတ်ဘုရားလှံပါပဲ။

ရွှမ်း … ရွှမ်း … ရွှမ်း  ...

ရွှီး … ရွှီး …

သူ့ရဲ့ လက်ထဲကို သတ္တုနတ်ဘုရားလှံ ရောက်လာပြီးတဲ့ နောက်မှာတော့ ကုဟန်ဟာ လှံတံကို အဆက်မပြတ် ဝှေ့ယမ်းပြီး အမှောင်ထု ကောင်းကင်ပေါင်းမိုးကို ဖျက်ဆီးဖို့ ကြိုးစားပါတော့တယ်။

ဝမ်ဟိုင်လုံရဲ့ မျက်နှာကတော့ သိပ်မကောင်းတော့ပါဘူး။ နှစ်ခုစလုံးက နတ်ဘုရားစွမ်းရည် ဖြစ်ပေမဲ့လည်း ကုဟန်ရဲ့ နတ်ဘုရားစွမ်းရည်က အလွန်အမင်း အားကောင်းတဲ့ တိုက်ခိုက်မှုကို ကိုယ်စားပြုနေတာ မဟုတ်ပါလား။

အပြင်ဘက်က လူတွေ အားလုံးကတော့ အမှောင်ထု ကောင်းကင် ပေါင်းမိုးထဲကနေ ထွက်ပေါ်လာတဲ့ ရွှေရောင်အလင်းတန်း တချို့ကို မြင်တွေ့နေရပါပြီ။ အချိန်တွေ တဖြည်းဖြည်း ကြာလာတာနဲ့ အမျှ ရွှေရောင် အလင်းတန်းတွေရဲ့ ထွက်ပေါ်မှု နှုန်းက ပိုမို မြန်ဆန်လာပြီး အမှောင်ထု ကောင်းကင် ပေါင်းမိုးကိုတောင်  ဖောက်ထွက်စ ပြုလာပါတယ်။ အဲဒါက ရွှေရောင် ဆူးချွန် တွေလိုပါပဲ။

ဝုန်း …

နောက်ဆုံးမှာတော့ အမှောင်ထု ကောင်းကင်ပေါင်းမိုးဟာ ပေါက်ကွဲ သွားခဲ့ပါပြီ။ တစ်ဆက်တည်းမှာပဲ လူငယ်နှစ်ယောက်ဟာ လူတိုင်းရဲ့ မြင်ကွင်းထဲကို ပြန်ပေါ် လာခဲ့ပါတယ်။

“ဘယ်သူ နိုင်သွားတာလဲ”

လူတွေအားလုံးက ဘယ်သူ အနိုင်ရသွားသလဲ ဆိုတာကို ယတိပြတ် မပြောနိုင်ကြသေးပါဘူး။

မြေကွက်လပ်ပေါ်မှာ ရပ်နေတဲ့ ကုဟောင်ရဲ့ မျက်နှာကတော့ ဖြူဖွေးလျနေပြီး  ပါးစပ်ကနေလည်း သွေးတွေ စီးကျနေပါတယ်။ အခြားတစ်ဖက်ရဲ့ ရပ်နေတဲ့ ဝမ်ဟိုင်လုံရဲ့ မျက်နှာကလည်း ဖြူဖျော့ နေတာပါပဲ။ ပြီးတော့ သူ့ရဲ့ ဘယ်ဘက်ပခုံးမှာလည်း သွေးတွေ စိမ့်ထွက်နေတဲ့ ဒဏ်ရာတစ်ခု ရှိနေပါတယ်။ သူ့ရဲ့ ပုံစံက သိပ်ပြီး အခြေအနေ ဟန်တဲ့ပုံ မပေါ်ပါဘူး။

“ညီလေးလီ … မင်းနိုင်ပါတယ်”

စကားအဆုံးမှာတော့ ကုဟန်က သွေးတစ်လုတ် ထပ်အန်လိုက်ပြီး ပုံရက်သား လဲကျသွားခဲ့ပါပြီ။

အမှောင်ထု ကောင်းကင် ပေါင်းမိုးထဲမှာတော့ သူ့ရဲ့ အာရုံခံစားမှုတွေ အားလုံးဟာ ပိတ်ပင်ခံထားရတဲ့ အတွက် ကုဟန်ဟာ စိတ်ထင်ရာကိုသာ ရမ်းသန်းပြီး တိုက်ခိုက်ခဲ့ရပါတယ်။ အခြား တစ်ဖက်မှာတော့ ဝမ်ဟိုင်လုံရဲ့ တိုက်ခိုက်မှုတိုင်းဟာ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်ကို တိတိကျကျ ထိမိနေတာပါ။  သူ့ရဲ့ သတ္တုနတ်ဘုရားလှံက အစွမ်းထက်တယ် ဆိုပေမဲ့လည်း ဝမ်ဟိုင်လုံကို ထိမိအောင် မတိုက်နိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ကုဟန်က ရှုံးသွားခဲ့တာ ဖြစ်ပါတယ်။

“ဝါစဉ်ကြီး အစ်ကိုကုဟန်က ရှုံးသွားတာလား”

အမှောင်ထု အရိုးတည်ဆောက်ပုံက အရမ်းကြောက်ဖို့ ကောင်းလွန်းတာပဲ။ ဝမ်ဟိုင်လုံက ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၃ပဲ ရှိသေးပေမဲ့  ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၆က အစ်ကိုကုဟန်ကို တကယ်ကြီး အနိုင်ယူ ပစ်လိုက်တယ်”

“ဟူး … ဒါက တခြားသူတွေနဲ့ ယှဉ်ရင် တကယ်ကြီး သာလွန်နေတာပဲ။ ဘာဖြစ်လို့ ဝမ်ဟိုင်လုံက အမှောင်ထု အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ပြီး ငါကျတော့ မပိုင်ဆိုင်ရတာလဲ”

လူတွေ အားလုံးကတော့ ဝမ်ဟိုင်လုံရဲ့ အမှောင်ထု အရိုးတည်ဆောက်ပုံ ပိုင်ဆိုင်မှု အပေါ်ကို မနာလို နေကြပါတယ်။

“သူက လီဖူချန်းနဲ့အတူ ယှဉ်ပြီး ကောင်းကင်ဘုံက ကောင်းချီး ပေးထားတဲ့ ပါရမီရှင်လို့ နာမည်ကျော် နေတာလည်း မထူးဆန်းပါဘူး။ ဝမ်ဟိုင်လုံရဲ့ ထိုးထွင်းသိမြင်မှုက လီဖူချန်းထက် နိမ့်ကျမယ့်ပုံမှ မရှိတာ”

အန်ရှင်းမိန်ကတော့ ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။

တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်မှာတော့ ကျောင်းအုပ်ကြီးရဲ့ သီးသန့် ကျောင်းသားအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ လီဖူချန်းနဲ့ ဝမ်ဟိုင်လုံတို့ကို ပြိုင်ဘက်ကင်း အမြွှာ သိုင်းညီနောင်လို့ နာမည်ပေးထား ကြပါတယ်။

ဒီနာမည်က အလကားသက်သက် ပေးထားတာ မဟုတ်ပါဘူး။ လူတွေ အားလုံးက လီဖူချန်းနဲ့ ဝမ်ဟိုင်လုံတို့ရဲ့ အလားအလာကို ကြိုတင်တွက်ဆပြီး ပေးထားတာ ဖြစ်ပါတယ်။

ပခုံးပေါ်က ဒဏ်ရာက ဝမ်ဟိုင်လုံ အတွက်တော့ ဘာမှ အရေးမကြီးပါဘူး။ ဒါက သာမန် ဒဏ်ရာလေး တစ်ခုပါပဲ။

အဲဒီအတွက် သူက ဒဏ်ရာကို သိပ်ဂရုမစိုက်ဘဲ စီးတုသောင်း ရှိနေတဲ့ ခြံဝင်းကိုသာ စိုက်ကြည့် လိုက်ပါတယ်။

“ငါက ဝါစဉ်ကြီးအစ်ကို ကုဟန်ကို အနိုင်ယူပြီးပြီ။ ဝါစဉ်ကြီးအစ်ကို စီးတုသောင်းက ငါ့ရဲ့ နောက်ထပ် ပစ်မှတ်ပဲ”

လောလောဆယ်မှာတော့ ဝမ်ဟိုင်လုံက စီးတုသောင်းကို အနိုင်ယူဖို့ အတွက် ယုံကြည်ချက် မရှိသေးပါဘူး။

သူက ကုဟန်ကို အနိုင်ယူနိုင် ခဲ့တာတောင်မှ  အမှောင်ထု ကောင်းကင်ပေါင်းမိုးကို နိုးထနိုင်ခဲ့လို့ပါ။

တကယ်လို့ သူက အမှောင်ထု ကောင်းကင်ပေါင်းမိုးကို မနိုးထနိုင်ဘဲ တိုက်ခိုက်မှုကို ဦးစားပေးတဲ့ တခြား နတ်ဘုရားစွမ်းရည် တစ်ခုကို နိုးထနိုင်ခဲ့မယ်ဆိုရင်  ကုဟန်ကို ဘယ်လိုမှ အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ကုဟန်က သူ့ထက် ကျင့်ကြံမှု အပိုင်းမှာ အဆင့်သုံးဆင့်သာပြီး ချီအတွင်းအား ကျင့်စဉ်အပိုင်းမှာ အဆင့်တစ်ဆင့် သာနေတာ မဟုတ်ပါလား။

“ငါးလ …။ နောက်ထပ် ငါးလကြာရင် ငါက ဝါစဉ်ကြီးအစ်ကို စီးတုသောင်းကိုပါ အနိုင်ယူပြမယ်”

ဝမ်ဟိုင်လုံက စိတ်ထဲကနေပြီး ကြုံးဝါး လိုက်ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ကုဟန်ရဲ့ ခြံဝင်းရှေ့ကနေပြီး ထွက်သွားခဲ့ပါပြီ။

***

တောင်ပိုင်းတောအုပ် အတွင်းစည်း တက္ကသိုလ်ဟာ သက်ဝင်လှုပ်ရှားစ ပြုလာပြီ ဖြစ်ပေမဲ့လည်း လီဖူချန်းရဲ့ ခြံဝင်းကတော့ တိတ်ဆိတ် နေဆဲပါပဲ။

အချိန်ငါးလ ဆိုတာက သိပ်ပြီးတော့ မကြာရှည်သလို သိပ်ပြီးတော့လည်း မတိုတောင်းပါဘူး။

ပထမဆုံးလ အကုန်မှာတော့ လီဖူချန်းရဲ့ နေမင်းဇောအဟုန် နတ်ဘုရား ကျင့်စဉ်ဟာ အဆင့်၂၆ကို ရောက်သွားခဲ့ပါတယ်။

သူက အဆင့်၂၅မှာ အချိန်အကြာကြီး ရှိနေခဲ့တဲ့ အတွက် အဆင့်၂၆ကို တက်လှမ်းရတာက ထင်သလောက် မလွယ်ကူခဲ့ပါဘူး။

ဒုတိယ လမှာတော့ လီဖူချန်းဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၄ကို ချိုးဖောက်ဝင်ရောက် နိုင်ခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာတော့ သူက ဆေးဝါးတွေရဲ့ အကူအညီကို မသုံးခဲ့ပါဘူး။ သူက ကိုယ်ပိုင် အားထုတ်မှု သက်သက်နဲ့သာ အဆင့်တက်ခဲ့တာပါ။ အဲဒီအတွက် သူ့ရဲ့ အခြေခံ အုတ်မြစ်ဟာ အခြားသော ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၄ ပညာရှင်တွေ ထက်တောင်မှ  ခိုင်မာတယ်လို့ ဆိုနေနိုင်ပါပြီ။

တတိယလမှာတော့ လီဖူချန်းဟာ မီးလျှံ အရိုးတည်ဆောက်ပုံ အင်းကွက်ရဲ့ ၇၅ ရာခိုင်နှုန်းကို နားလည် သွားခဲ့ပါတယ်။

အရိုးတည်ဆောက်ပုံ အင်းကွက်တွေဟာ နောက်ပိုင်း ရောက်လာလေလေ နားလည် သဘောပေါက်ဖို့ အဆပေါင်းများစွာ ပိုခက် လာလေလေပါပဲ။ ဒါကြောင့်လည်း ပြန်လည်ဝင်စားခြင်း နယ်ပယ်မှာ နတ်ဘုရားစွမ်းရည်ကို နိုးထနိုင်ဖို့ အလွန်အမင်း ခက်ခဲတယ်လို့ ဆိုကြတာပါ။

စတုတ္ထမြောက်လမှာတော့ လီဖူချန်းရဲ့ စိတ်ဝိညာဉ်ဟာ ခရမ်းနုရောင်ဘက်ကို ၉၀ရာခိုင်နှုန်းအထိ ပြောင်းသွားခဲ့ပါတယ်။

စိတ်ဝိညာဉ် ဆင့််ကဲပြောင်းလဲ နေစဉ်မှာပဲ လီဖူချန်းဟာ သူ့ရဲ့ ထိုးထွင်းသိမြင်မှုတွေ ပိုကောင်းလာတာကို သတိပြု မိလိုက်ပါတယ်။ သူ့ရဲ့ ထိုးထွင်းသိမြင်မှုဟာ နောက်ထပ် အဆင့်တစ်ဆင့်ကို ရောက်သွားခဲ့ပုံပါပဲ။

တစ်ချိန်တည်းမှာပဲ လီဖူချန်းရဲ့ ဓားသိုင်းအပေါ် နားလည် သဘောပေါက် နိုင်စွမ်းကလည်း အဆပေါင်းများစွာ တိုးတက် လာခဲ့ပါတယ်။

အခုဆိုရင် လီဖူချန်းရဲ့ အထက်ကောင်းကင်ဘုံ ဓားဆန္ဒဟာ မြေကမ္ဘာအဆင့်မြင့် ဓားဆန္ဒအဆင့်ကို ရောက်သွားခဲ့ပါပြီ။ ပြီးတော့ သူ့ရဲ့ ကြယ်ပျံ ဓားသိုင်းကလည်း မြေကမ္ဘာ ဓားသိုင်းအဆင့်ကို ရောက်လာ ခဲ့ပါတယ်။

နဂိုမူလတုန်းကတော့ ကြယ်ပျံဓားသိုင်းဟာ ရိုးရှင်းလှတဲ့ ဆန်းကြယ် အဆင့်နိမ့် ဓားသိုင်း တစ်ခုပါပဲ။ ဒါပေမဲ့လည်း လီဖူချန်းက အဲဒီရိုးရှင်းလှတဲ့ ဓားကွက်ဟာ အခြား ဓားသိုင်းတွေထက် ကြောက်စရာ ကောင်းတယ်လို့ ခံစားမိပါတယ်။ ဒါကြောင့်လည်း သူက ဒီဓားသိုင်းကို တဖြည်းဖြည်း မွမ်းမံ လာခဲ့တာပါ။

“မဟာတာအို ဆိုတာက ရိုးရှင်းလှတဲ့ အရာတစ်ခုပါပဲ။ အဲဒီအတွက် ဓားသိုင်း ဆိုတာကလည်း ရိုးရှင်း နေသင့်တယ်”

အဲဒါကတော့ လီဖူချန်း ယုံကြည်တဲ့ ဓားသိုင်း အယူအဆ တစ်ခုပါပဲ။

“အိုး … ဖျက်ဆီးနိုင်စွမ်းသက်သက် ဆိုရင်တော့ ကြယ်ပျံဓားသိုင်းက အထက် ကောင်းကင်ဘုံ ဓားသိုင်းထက် ပိုကောင်းနေပါလား။ ဓားချီ၊ ဓားဆန္ဒနဲ့ ဓားစက်ကွင်း အကုန်လုံးက ဓားချက် တစ်ချက်တည်းမှာ ခိုဝင် ကိန်းအောင်းနေတာ။ ပြီးတော့ အဲဒါတွေက အပြင်ကို နည်းနည်းမှ မပျံ့သွားဘူး။”

လီဖူချန်းက ကြယ်ပျံဓားသိုင်းကို လေ့လာ ဆန်းစစ်နေရင်းနဲ့ အံ့အားသင့်စရာ အချက် တစ်ခုကို သတိပြုမိလိုက်ပါတယ်။

သိုင်းစက်ကွင်းတွေ ဆိုတာက တစ်ဖက်ရန်သူကို ဖိနှိပ်ပြီး ရန်သူရဲ့ လှုပ်ရှားမှုတွေကို တုံ့ဆိုင်းသွားအောင် လုပ်တာပါ။

ဒါပေမဲ့ ကြယ်ပျံ ဓားသိုင်းကတော့ အဲဒီလို မလုပ်ဆောင်ပါဘူး။ ကြယ်ပျံ ဓားသိုကင်း ဓားစက်ကွင်းကို ဓားချက်ထဲမှာ ပေါင်းထည့်ပြီး  အားသာချက် အဖြစ် ရယူလိုက်တာ ဖြစ်ပါတယ်။ အဲဒီအချက်ကပဲ  ကြယ်ပျံဓားသိုင်းရဲ့ ဖျက်ဆီးနိုင်စွမ်းကို နောက်ထပ် အဆင့်တစ်ဆင့် ရောက်အောင် တိုးမြှင့်ပေးလိုက်တာလို့ ဆိုရမှာပါ။

“ဒီဓားသိုင်းက နေဝန်းစိမ်း ဆန္ဒဓားသိုင်းနဲ့ ယှဉ်လိုက်မယ်ဆိုရင် ဆန့်ကျင်ဘက် ဖြစ်နေတာပါလား”

နေဝန်းစိန်း ဓားဆန္ဒ ဓားသိုင်းကလည်း ဓားချီ၊ ဓားဆန္ဒနဲ့ ဓားစက်ကွင်းကို ပေါင်းစပ် လိုက်တာပါပဲ။ ဒါပေမဲ့လည်း ဒီဓားသိုင်းနှစ်ခုရဲ့ လုပ်ဆောင်ပုံကတော့ မတူညီပါဘူး။

ဒီအပိုင်းကိုတော့ လီဖူချန်းအနေနဲ့ သေသေချာချာ ဆန်းစစ် နိုင်ဖို့အတွက် အချိန်ယူ ရပါဦးမယ်။

စတုတ္ထမြောက်လ ကုန်ဆုံးသွားတဲ့ အချိန်မှာလည်း လီဖူချန်းက တံခါးပိတ် ကျင့်ကြံရာကနေ ထွက်မသွားသေးပါဘူး။ အဲဒီအစား သူက တည်နေရာရွှေ့ပြောင်း ဘုတ်ပြားကို အသုံးပြုပြီး အရှေ့ယူနီကွန်းတိုက်ကို ပြန်သွားခဲ့ပါတယ်။

ဒီတစ်ကြိမ် ပြန်တဲ့ အချိန်မှာတော့ လီဖူချန်းက သိုသိုသိပ်သိပ်သာ နေခဲ့တဲ့အတွက် သူပြန်လာတာကို သိတဲ့လူ သိပ်မရှိပါဘူး။

“မဟာမိတ် အဖွဲ့ခေါင်းဆောင် … ကျုပ်တို့ ဖုန်းရွှယ်ဂိုဏ်းက ကံကောင်း ထောက်မစွာနဲ့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ကြယ်စင်ရစ်ဝန်း ဆေးပင်ကို ရှာတွေ့ခဲ့တယ်။ အဲဒါက ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံကို အဆင့် ထပ်မြှင့်ပေးနိုင်တယ်”

မူဟန်ရှင်းက သိုလှောင်အိတ်ထဲကနေပြီး ကျောက်စိမ်း သေတ္တာငယ်လေး တစ်လုံးကို ထုတ်ယူကာ လီဖူချန်းကို လှမ်းပေး လိုက်ပါတယ်။

“ကောင်းတယ်။ ဆရာကြီးမူက တကယ့် အလုပ်ကြီးတစ်ခုကို လုပ်ဆောင်နိုင်ခဲ့တာပဲ”

လီဖူချန်းရဲ့ မျက်လုံးတွေက အရောင်တောက် သွားခဲ့ပါပြီ။

သူက မီးလျှံ နတ်ဘုရားစွမ်းရည် တစ်ခုဖြစ်တဲ့ မီးလျှံနှလုံးသားကို နိုးထနိုင်ခဲ့တယ် ဆိုပေမဲ့လည်း သူ့ရဲ့  အရိုးတည်ဆောက်ပုံက အဆင့်နိမ့်ကျ လွန်းပါတယ်။ ဒါက ကြယ်၄ပွင့် မီးလျှံအရိုး တည်ဆောက်ပုံရဲ့ နတ်ဘုရားစွမ်းရည် သက်သက်ပါပဲ။ ကြယ်၆ပွင့် မီးလျှံအရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေရဲ့ နတ်ဘုရား စွမ်းရည်ကိုတော့ သူ့အနေနဲ့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။

ဒီကြယ်စင်ရစ်ဝန်း ဆေးပင်နဲ့ ဆိုရင်တော့ သူ့ရဲ့ မီးလျှံအရိုး တည်ဆောက်ပုံဟာ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ အဆင့်ကို ရောက်သွားတော့မှာပါ။ အဲဒါဆိုရင်တော့ သူဟာ ကြယ်၆ပွင့် မီးလျှံအရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေရဲ့ နတ်ဘုရားစွမ်းရည်နဲ့ သိပ်ကွာတော့မှာ မဟုတ်ပါဘူး။

“တခြားဆေးပင်တွေ ရှိဦးမလားဆိုတာ ဆက်ပြီး ရှာထားပေးပါဦး။ နောက်တစ်ခါ ကျုပ်ပြန်လာရင် အကြီးအကဲမူအတွက် မြေကမ္ဘာအဆင့်နိမ့် ချီအတွင်းအား ကျင့်စဉ်တစ်ခု ယူလာပေးပါ့မယ်”

လီဖူချန်းက ကတိပေး လိုက်ပါတယ်။

“ကျေးဇူးတင်ပါတယ် မဟာမိတ် အဖွဲ့ခေါင်းဆောင်”

မူဟန်ရှင်းက လက်နှစ်ဖက်ကို ဆုပ်ပြီး အရိုအသေ ပေးလိုက်ပါတယ် ။ သူ့ရဲ့ မျက်လုံး ထဲမှာတော့ ဝမ်းသာမှု အရိပ်အယောင်တွေ အထင်းသားပါပဲ။

***

All Chapters