သမိုင်း ဖြစ်လာသည့်အခါ
Vol. 35 Ch. 488
ချင်မူက သေတ္တာကြီးကို ခေါ်၍ ပိုင်ချင်းဖု၊ ပိုင်ချွီအာတို့နောက်မှ ပိုင်ဖန်းရုံမြို့၏ စံအိမ်သို့ လိုက်လာခဲ့သည်။ လမ်းတွင် ပန်ကုန်းစုန် ပြောခဲ့သော စကားအကြောင်း တွေးရင်း သူ စိတ်ထဲ စနိုးစနောင့် ဖြစ်နေမိသည်။
ပန်ကုန်းစုန်သည် သူ၏မဟာရန်သူတော်ကြီး ဖြစ်သော်လည်း နှစ်တစ်သောင်းတိုင် အသက်ရှင်နေထိုင်ခဲ့သော မကောင်းဆိုးဝါးအိုကြီး ဖြစ်၏။ ဗဟုသုတနယ်ပယ် ကျယ်ပြန့်သည့်အပြင် သူ့စကားက ယုတ္တိရှိသည်။
သူတို့ ယခုရောက်နေသည်မှာ အနည်းဆုံး လွန်ခဲ့သည့်နှစ်သုံးသောင်း၌ ပျက်သုဉ်းခဲ့သော ခေတ်တစ်ခေတ် ဖြစ်သည်။ ချုံဧကရာဇ်ခေတ်မှာ ပျက်စီးတော့မည်ဖြစ်၍ ကူကယ်ရာမဲ့နေချေပြီ။ အကြောင်းတစ်စုံတရာကြောင့် ရှင်းအန်း၏ သေတ္တာကြီးနှင့်အတူ သူတို့ ဤခေတ်သို့ ရောက်လာခဲ့သော်လည်း သမိုင်းကို ပြောင်းလဲမိခဲ့လျှင် သမိုင်းကြောင်းတစ်ခုလုံး ပြောင်းလဲသွားမည်မဟုတ်ပါလား။
သမိုင်းကြောင်း ပြောင်းလဲသွား၍ ခိုင်ဧကရာဇ်ခေတ် တည်တံ့ခဲ့လျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ရှိပါဦးမည်လား။
အရေးအကြီးဆုံးအချက်က သူတို့ တည်ရှိပါဦးမည်လား။
ဆံချည်မျှင်တစ်မျှင်စာ ပြောင်းလဲသွားမှုက ‘နောက်ပိုင်းမျိုးဆက်’များအတွက် တစ်ကမ္ဘာလုံးစာ ပြောင်းလဲသွားနိုင်သည်။
“နောင်တော်ချင်၊ နောင်တော်ပန်၊ မပူပါနဲ့။ ပေ့လော့ရှစ်မန်က ကောင်းကင်ဘုံကို ဝိုင်းပြီး ကာကွယ်ပေးထားပါတယ်။ သူတို့အစွမ်းအစတွေက တော်ရုံတန်ရုံ မဟုတ်ဘူး။ ကောင်းကင်နတ်ဘုံရဲ့ အစွမ်းအစက ပိုလို့တောင် ကြောက်စရာကောင်းသေးတယ်။ ချုံဧကရာဇ်ကိုယ်တိုင် စစ်ပွဲကို ကြီးကြပ်နေတာဆိုတော့ ဘာပြဿနာမှ ရှိမှာမဟုတ်ဘူး စိတ်ချ”
ပိုင်ချင်းဖုက သူတို့ကို ထိုင်ခုံများဆီကို ဖိတ်ခေါ်သွား၏။ မီးအိမ်များ ထွန်းလင်းလာပြီး ကောင်းကင်ယံရှိ နဂါးပုတီးစေ့များကြောင့် တစ်နေရာလုံးမှာ နေ့အလား လင်းထိန်နေတော့သည်။
ပိုင်ချင်းဖုက ချင်မူ့မျက်နှာ မကောင်းသည်ကို မြင်လျှင် ရှေ့တန်းတပ်များအတွက် စိတ်ပူနေသည်ဟု ခန့်မှန်းလိုက်သဖြင့် သူ့အား နှစ်သိမ့်ပေးနေသည်။ “ပေ့လော့ရှစ်မန်က ရန်သူတွေနဲ့ တိုက်ခိုက်ဖူးတာ အကြိမ်ပေါင်းမနည်းတော့ပါဘူး။ ရန်သူတွေ သူတို့ကို ဖြတ်ကျော်နိုင်မှာ မဟုတ်တာ သေချာတယ်။ ကျူးကျော်လာတဲ့ မကောင်းဆိုးဝါးနတ်ဆိုးတွေလည်း တကယ် အင်အားတောင့်တင်းပေမယ့် ကျွန်တော်တို့ ပိုင်ဖန်းရုံမြို့ကလည်း မခေပါဘူး။ ပေ့လော့ရှစ်မန်တပ်ဆိုတာ ကောင်းကင်နတ်ဘုံရဲ့ မဟာစစ်သည်တပ်လေးစုထဲကပါ”
ချင်မူ ရွှေရောင်သဲကန္တာရထဲရှိ ပေ့လော့ရှစ်မန်တပ်၏ နတ်ဘုရားအရိုးစုများကို ပြန်မြင်ယောင်ပြီး ပို၍ပင် စိတ်မသက်မသာ ဖြစ်လာမိသည်။ ပေ့လော့ရှစ်မန်တပ်၏ စစ်သည်တော်နတ်ဘုရားများက အမိမြေကို ကာကွယ်ရင်း သေဆုံးခဲ့ကြရသည်မဟုတ်ပါ၏လော။
ထိုစစ်ပွဲက လက်ရှိစစ်ပွဲဟုတ်မဟုတ် မည်သူသိနိုင်မည်နည်း။
‘ငါတို့က သမိုင်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေပြီဆိုတော့ ငါတို့ဘာလုပ်လုပ် ဖြစ်ရမယ့်ဟာက ဖြစ်ကိုဖြစ်လာမှာ ထင်တယ်’
ချင်မူ အတွေးတစ်ခု ရသွားသည်။ ‘ငါက အခု မဟာမြို့ပျက်ထဲမှာပဲ ဖြစ်လောက်တယ်။ မှော်ဆရာသခင်ရဲ့ နေရာရွှေ့ပြောင်းသိုင်းက ငါတို့ကို လွန်ခဲ့တဲ့နှစ်သုံးသောင်းကို ပြန်ပို့ပေးနိုင်တဲ့အထိတော့ အားမကောင်းနိုင်ပါဘူး
‘ဒါက မဟာမြို့ပျက်ရဲ့ ဆန်းကြယ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အချိန်နဲ့နေရာဟင်းလင်းပြင် ပုံရိပ်တွေပဲ ဖြစ်လောက်တယ်။ အတိတ်ခေတ်ရဲ့ အချိန်နဲ့နေရာဟင်းလင်းပြင်ပုံရိပ်က အနာဂတ်က ငါတို့ဆီမှာ လာရောင်ပြန်ဟပ်နေတာမျိုးပဲ။ နေ့ရောက်တာနဲ့ အကုန်လုံး ပျောက်ကွယ်သွားလိမ့်မယ်။ ဒါကြောင့် ငါတို့ဘာပဲလုပ်လုပ် သမိုင်းက သူ့လမ်းကြောင်းအတိုင်း ဆက်သွားလိမ့်မယ်”
ပခုံးပေါ်က ကျောက်တုံးကြီးအား ဖယ်လိုက်သကဲ့သို့ ချင်မူ စိတ်အေးသွားသည်။ သူက မောင်နှမနှစ်ယောက်ဖြင့် ပျော်ပျော်ရွှင်ရွှင် စကားပြောကာ ဓားသိုင်းနှင့်ပတ်သက်ပြီး အကြံပေးနေ၏။
မောင်နှမနှစ်ယောက်မှာ အံ့အားသင့်နေကြသည်။ ပိုင်ချင်းဖုက ဟန်မဆောင်နိုင်တော့ဘဲ ကျယ်လောင်စွာ ပြောလိုက်မိသည်။ “အခြေခံဓားချက်ဆယ့်လေးချက်အပြင် နောက်ထပ် လေးချက်ရှိသေးတယ်တဲ့လား။ ဘယ်သူ တီထွင်ခဲ့တာလဲ။ ဘယ်သူ့မှာ အဲဒီလိုပါရမီနဲ့ စိတ်အားထက်သန်မှုတွေ ရှိနေတာလဲ”
ချင်မူက တစ်ယောက်တည်း မပီမသ ရေရွတ်နေပြီးနောက် အမှန်အတိုင်း ပြောပြလိုက်၏။ “ဆယ့်ငါးချက်မြောက်၊ ဆယ့်ခြောက်ချက်မြောက်နဲ့ ဆယ့်ခုနစ်ချက်မြောက်တို့ကို တီထွင်ခဲ့တဲ့လူက နှစ်ငါးရာမှ တစ်ခါပေါ်တဲ့ ပါရမီရှင်တစ်ယောက်ပါ။ သူ့ရဲ့ ပါရမီနဲ့ စိတ်အားထက်သန်မှုက အင်မတန် အားကောင်းလွန်းလို့ ကျွန်တော်တောင် သူ့ကို လေးစားလို့မဆုံးပါဘူး”
“နှစ်ငါးရာမှ တစ်ခါပေါ်တဲ့ ပါရမီရှင်ဟုတ်လား”
ပိုင်ချွီအာ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ “အစ်ကိုမု၊ နှစ်ငါးရာမှ တစ်ခါပေါ်တဲ့ ပါရမီတွေရဲ့ နောက်ကွယ်မှာ ဇာတ်လမ်းတစ်ခုခု ရှိတာလား”
ချင်မူလည်း များများစားစား မသိပေ။ “ဒီကမ္ဘာပေါ်မှာ နှစ်ငါးရာကြာတိုင်း မွေးရာပါ ပါရမီထက်သန်တဲ့ ပါရမီရှင်တစ်ယောက် ပေါ်ထွန်းလာလိမ့်မယ်ဆိုတာပဲ ကြားဖူးပါတယ်။ အဲဒီလူဟာ ဉာဏ်ပညာ၊ အထုံပါရမီနဲ့ ထိုးထွင်းနားလည်နိုင်စွမ်းတင် နက်ရှိုင်းမြင့်မားတာမျိုး မဟုတ်ဘူး… သူ့ရဲ့ နည်းဗျူဟာ၊ မဟာဗျူဟာတွေကလည်း နှစ်ငါးရာမှတစ်ခါ မြင်တွေ့နိုင်တာမျိုးပဲ… ဒါကြောင့် သူ့ကို နှစ်ငါးရာမှ တစ်ခါပေါ်တဲ့ ပါရမီရှင်လို့ခေါ်တာပါ။ ဘယ်ကနေ အရင်းခံလဲတော့ ကျွန်တော်မသိဘူး…”
“အဲဒီလိုလား”
မောင်နှမနှစ်ယောက် သဘောပေါက်သွားကြသည်။ ပိုင်ချင်းဖု၏ ဇနီးက ပြုံးကာ ဝင်ပြော၏။ “ကျွန်မတို့ ပိုင်ဖန်းရုံမြို့လေးက သေးပါတယ်။ နတ်ဘုရားမြို့တော် စာရင်းထဲတောင် မဝင်တဲ့အတွက် အဲဒီသတင်းတွေ မကြားဖူးတာ ဖြစ်ပါလိမ့်မယ်ရှင်။ အစ်ကိုချင်က မြို့ကြီးသားမလို့ အများကြီးသိနေတာပဲ ဖြစ်မယ်နော်”
ပိုင်ချွီအာမှာ စိုးရိမ်လာပြီး မရီးဖြစ်သူကို ခပ်တိုးတိုး ပြောလိုက်သည်။ “မရီး ကျွန်မလို မြို့ငယ်လေးက လူကို သူ အထင်သေးမလားမသိဘူးနော်”
ပိုင်ချင်းဖု၏ ဇနီးက ရယ်လိုက်သည်။ “ပိုင်ဖန်းရုံမြို့က သေးပေမယ့် ညီမလေးက ပိုင်မိသားစုရဲ့ မင်းသမီးလေးလေ၊ ညီမလေးရဲ့ အဆင့်အတန်းကလည်း မြင့်မားသင့်သလောက် မြင့်မားပါတယ်။ မပူနဲ့၊ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် သဘောကျဖို့က အဆင့်အတန်းချင်း တူဖို့ထက် ပိုအရေးကြီးတယ်”
ထိုအခါမှ ပိုင်ချွီအာ စိတ်အေးသွားသည်။
ပိုင်ချင်းဖုက သိချင်နေသည်။ “နောင်တော်ချင်ပြောပုံအရဆို ပါရမီရှင်က ဓားချက်သုံးချက်ကို တီထွင်ခဲ့တာပေါ့။ ဆယ့်ရှစ်ချက်မြောက် ဓားချက်ကိုရော ဘယ်သူ တီထွင်ခဲ့တာလဲ”
ချင်မူ ရှက်သွားပြီး ပြောလိုက်၏။ “ဆယ့်ရှစ်မြောက် ဓားချက်က ကျွန်တော် မတော်တဆ တီထွင်ခဲ့မိတာပါ”
အားလုံး ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခါသွားကြသည်။ ပန်ကုန်းစုန်ပင် အံ့ဩမှုအပြည့်ဖြင့် မျက်နှာဖြူဆုပ်သွားပြီး မနာလိုဖြစ်လာသလို၊ လေးစားမိသွား၏။ ‘ခွေးသူတောင်းစားချင်က အခြေခံဓားချက်တစ်ချက်ကို တီထွင်ပြီး လောကကြီးရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေကို ပြောင်းလဲနိုင်ခဲ့ပြီလား... ဟာ သေပြီ၊ ငါတို့တော့ သေပြီ။ ဒီခွေးသူတောင်းချင်က နောက်ပိုင်းမျိုးဆက်ရဲ့ ဓားကွက်တွေကို အရှေ့မျိုးဆက်ဆီ သင်ပေးပြီး သမိုင်းကို ပြောင်းလဲနေပြီဟ။ ငါတို့အားလုံး ပျောက်ကွယ်ရတော့မယ်...’
ချင်မူနှင့် မောင်နှမနှစ်ယောက်ကတော့ တက်ကြွစွာဖြင့် အတွေးအမြင်များ ဖလှယ်နေကြသည်။ ထို့နောက် ချင်မူက အစစ်အမှန်နဂါးသိုက်ကို ထုတ်၍ ပိုင်ချင်းဖုနှင့် ပိုင်ချွီအာကို အတွင်းထဲ ဖိတ်ခေါ်ကာ နဂါးဘာသာစကားအား ကူညီရှင်းပြခိုင်းလေသည်။ သင်္ကေတအတော်များများကို သူ သဘောပေါက်ထားသော်လည်း မသိသေးသည့် စာလုံးများစွာ ရှိနေသေး၏။
ပိုင်ချင်းဖုနှင့် ပိုင်ချွီအာက နဂါးမျိုးနွယ်ဖြစ်သည်။ ပိုင်ချင်းဖု သူ့အား တိုက်ခိုက်ခဲ့စဉ်က နဂါးကောင်းကင်နတ်သိုင်းများကို အသုံးပြုခဲ့၍ သူ၏သွေးက အလွန်မျိုးသန့်ကြောင်း ထင်ရှားခဲ့သည်။
“ဒါက အစစ်အမှန်နဂါးမင်းတစ်ပါးရဲ့ နဂါးသွေးကြောလား” မောင်နှမနှစ်ယောက်မှာ အစစ်အမှန် နဂါးသိုက်ထဲ ရောက်သည်နှင့် အလွန်အမင်း အံ့အားသင့်နေကြသည်။ ပိုင်ချင်းဖုက ပြောလာသည်။ “ဒီအစစ်အမှန်နဂါးမင်းကို ရတနာအဖြစ် သွန်းလုပ်ထားတာ နှမြောစရာပဲ။ အစစ်အမှန်နဂါးမင်းသာ ဖြစ်လာရင် တခြားနဂါးသွေးကြောတွေကို စုပ်ယူနိုင်မှာ။ အခုလို လည်ဆွဲအဖြစ် သွန်းလုပ်ခံထားရတာ တကယ် နှမြောစရာကောင်းတယ်”
ပိုင်ချွီအာလည်း နှမြောတသ ဖြစ်နေသည်။ “ကောင်းကင်နတ်ဘုံရဲ့ နဂါးဘိုးဘိုးဆို အစစ်အမှန်နဂါးမင်းရဲ့ သွေးကြောကနေ မွေးဖွားလာတာ။ သူ့စွမ်းရည်က ကြောက်စရာကောင်းလောက်အောင် သန်မာအားကောင်းတယ်။ သူက ကောင်းကင်နတ်ဘုံရဲ့ ထိပ်သီးပညာရှင်တွေထဲက တစ်ယောက်ပဲ။ ဒီကမ္ဘာမှာ သူ့လို အစွမ်းအစမျိုးက ရှားပါးလို့ ချုံဧကရာဇ်တောင် သူ့ကို အတော်လေး လေးစားရတယ်...”
ဤသည်မှာ ချင်မူ သွန်းလုပ်နိုင်သည့် ရတနာမျိုးမဟုတ်သဖြင့် ပိုင်ချင်းဖုနှင့် ပိုင်ချွီအာက သိပ်တွေးမနေတော့ပေ။
မောင်နှမနှစ်ယောက် သူ့အား နဂါးသွေးကြော၏ သင်္ကေတလက်ရေးများ ရှင်းပြပြီး ပိုင်ချင်းဖုမှာ အလွန်စိတ်လှုပ်ရှားနေသည်။ “နောင်တော်ချင်ရေ ကျွန်တော်တို့တော့ နောင်တော်ကြောင့် အမြတ်ထွက်နေပြီလို့ ပြောလို့ရတယ်။ ကျွန်တော်တို့ပိုင်မိသားစုတော့ နောင်တော်အပေါ် အခွင့်ကောင်းယူသလို ဖြစ်နေပြီ။ နောင်တော်ရဲ့ ဓားကွက်တွေကိုတင်မကဘူး၊ အစစ်အမှန်နဂါးမင်းရဲ့ နဂါးသိုက်ကနေလည်း နဂါးဘာသာစကားတွေ လေ့လာရတယ်။ နောင်တော့်အတွက် နဂါးဘာသာစကားက သိပ်အကျိုးမရှိပေမယ့် ကျွန်တော်တို့အတွက်တော့ အင်မတန် အကျိုးရှိတယ်”
သူ အမှန်ကို ပြောနေခြင်းဖြစ်၏။ ချင်မူက နဂါးမျိုးနွယ်မဟုတ်သဖြင့် သူတို့လောက် နဂါးကျင့်စဉ်ကို လျင်မြန်စွာ မကျင့်ကြံနိုင်ပေ။ နဂါးသိုက်၏ နဂါးသင်္ကေတလက်ရေးများကြောင့် သူတို့ ရရှိသော အကျိုးအမြတ်များမှာ ချင်မူ့ထက် များစွာသာလွန်၏။
ပိုင်ချွီအာလည်း စိတ်လှုပ်ရှားနေပြီး သူမဘာသာ တွေးနေသည်။ ‘အစစ်အမှန်နဂါးသိုက်ရဲ့ နဂါးဘာသာစကားနဲ့သာ ငါ့ကို တင်တောင်းရင် အဖေ ဝမ်းမြောက်ဝမ်းသာ သဘောတူမှာပဲ။ သူ လက်ထပ်ပြီးသားလား မသိဘူး .... ဒါပေမဲ့ လက်ထပ်ပြီးသားဆိုလည်း ကိစ္စမရှိပါဘူး’
ပိုင်ချင်းဖုနှင့် ပိုင်ချွီအာတို့က နဂါးသိုက်ထဲရှိ နဂါးဘာသာစကားကို ဖြည်းဖြည်းချင်း အဓိပ္ပါယ်ဖော်ကာ ချင်မူ့အား သင်ပေးကြသည်။ သို့သော် သူတို့နားမလည်သော လက်ရေးတချို့လည်း ရှိနေသေးသည်။
“အဖေသာ ဒီမှာရှိလို့ကတော့....။ အဖေ့သွေးက ငါတို့ထက် ပိုမျိုးသန့်တယ်။ သူဆို ဒီနဂါးလက်ရေးတွေကို အဓိပ္ပါယ်ဖော်နိုင်မှာပဲ” ပိုင်ချွီအာ၏ မျက်ဝန်းများ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားပြီး ချိုသာစွာ ပြုံးလိုက်သည်။ “အစ်ကိုမု၊ အဖေ ပြန်လာတဲ့အထိ ပိုင်ဖန်းရုံမြို့မှာ ရက်ပိုင်းလောက် နေပါလား”
ချင်မူ ခေါင်းညိတ်လိုက်သည်။ ဤမျှနှင့် သူ အလွန်စိတ်ကျေနပ်နေပြီဖြစ်၏။
မောင်နှမနှစ်ယောက်က နဂါးအမှတ်အသားများ၏ ဆန်းကြယ်သော သဘောတရားများစွာကို အဓိပ္ပါယ်ဖော်ပေးခဲ့သည့်အတွက် ဆယ်ရာခိုင်နှုန်းသာ ကျန်တော့ချေသည်။ အစစ်အမှန်နဂါးမင်းကျင့်စဉ်သည် အဆင့်တစ်ဆင့် တက်သွားပြီး ပို၍ပင် သန်မာအားကောင်းလာပြီဖြစ်၏။
ပိုင်ချင်းဖု အစစ်အမှန်နဂါးကျင့်စဉ်ကို ထုတ်ဖော်သည့်အခါ သိုင်းစွမ်းရည် လျင်မြန်စွာ တိုးတက်သွားကြောင်း ခံစားလိုက်ရသည်။ သိုင်းအခြေခံကလည်း များစွာ ခိုင်မာလာကာ သူ လိုအပ်နေခဲ့သော နေရာများအား ဖာထေးပြီးသွားသည်။ သူ အလွန်ဝမ်းသာသွားတော့သည်။ “နောင်တော်ချင်၊ အစစ်အမှန်နဂါးသိုက်ထဲမှာ ကျွန်တော် ကျင့်ကြံခဲ့ရရင် နောင်တော်ချင်အနေနဲ့ အဆင့်တူမှာ ကျွန်တော့်ကို ယှဉ်နိုင်မှာမဟုတ်ဘူး”
သုံးယောက်သား အစစ်အမှန်နဂါးသိုက်ထဲမှ ထွက်ပြီးသော် ချင်မူက နဂါးသိုက်ကို ထောင်ကျယ်အိတ်ထဲ ပြန်သိမ်းလိုက်သည်။ သူက ပြုံးလျက် ခေါင်းယမ်းလိုက်၏။ “နောင်တော် အစစ်အမှန်နဂါးမင်းကျင့်စဉ်ကို ကျင့်ကြံရင်တောင်မှ ကျွန်တော့်ကို နိုင်မှာမဟုတ်ဘူး။ ကျွန်တော်က လောကသခင်ခန္ဓာ၊ အဆင့်တူမှာ ပြိုင်ဘက်ရှားတယ်”
ပိုင်ချွီအာ၏ မျက်လုံးလေးများ ဝိုင်းစက်သွားပြီး ပိုင်ချင်းဖု၏မျက်နှာ မည်းမှောင်သွားသည်။
“လောကသခင်ခန္ဓာဟုတ်လား၊ နောင်တော်ချင် လောကသခင်ခန္ဓာဆိုတာ ဘာလဲ” ပိုင်ချင်းဖုက နှိမ့်ချကာ မေးလာသည်။ “ကျွန်တော်က ပိုင်ဖန်းရုံမြို့ပတ်ဝန်းကျင်မှာပဲ အများဆုံး သွားလာဖူးပြီး အစစ်အမှန်နတ်ဘုရားတွေ ဟောပြောပို့ချပေးတဲ့ ကောင်းကင်နတ်ဘုံကိုလည်း တစ်ခေါက်နှစ်ခေါက်ပဲ ရောက်ဖူးတာမလို့ ဗဟုသုတ သိပ်မရှိပါဘူး။ လောကသခင်ခန္ဓာအကြောင်းဆို ကြားကို မကြားဖူးခဲ့တာပါ။ နောင်တော်ချင်က ဒီလောက်အထိ သိတယ်ဆိုတော့ အနယ်နယ်အရပ်ရပ်မှာ လှည့်လည်သွားဖူးတယ်ဖြစ်ရမယ်။ နောင်တော်ချင် ကျွန်တော့်ကို သင်ပြပေးနိုင်မလား”
ချင်မူ ရှင်းပြရန် ပြင်နေစဉ် ကျယ်လောင်သော ရယ်သံ ကြားလိုက်ရသည်။ “ချင်းဖု၊ မင်းတို့ပိုင်မိသားစုမှာ ဧည့်သည်တော်ကြီးတစ်ယောက် ရောက်နေတာကို ငါတို့ဆီ ဘာလို့အကြောင်းမကြားတာလဲ”
“ချင်းဖု၊ နင် ရှုံးသွားတာ ငါ မြင်လိုက်တယ်နော်။ နင်က တစ်နေ့တစ်နေ့ ထောင်လွှားနေတာကိုး။ အခုတော့ တစ်မြို့လုံးရှေ့မှာ အရှက်ကွဲရပြီမလား”
ချင်မူ အသံလာရာဆီသို့ လှမ်းကြည့်သည့်အခါ လူငယ်များနှင့် မိန်းကလေးများ လမ်းလျှောက်လာနေသည်ကို မြင်လိုက်ရသည်။ အားလုံး တက်ကြွနေပြီး နတ်သားနတ်သမီးများပမာ ဆွဲဆောင်မှုရှိနေကြသည်။
ပိုင်ချင်းဖုက ကမန်းကတန်း ပြောလိုက်၏။ “သူတို့က ပိုင်ဖန်းရုံမြို့က လူငယ်သိုင်းပညာရှင်တွေပါ။ ကျွန်တော့်ကို ဟာသ လာလုပ်နေကြတာ။ နောင်တော်ချင်၊ သူတို့နဲ့ မိတ်ဆက်ပေးပါရစေ”
သူက ပြောသည့်အတိုင်း မိတ်ဆက်ပေးသည်။ ချင်မူ ဆယ့်ရှစ်ချက်မြောက် ဓားချက်ကို တီထွင်ခဲ့သည့်အကြောင်း၊ လောကသခင်ခန္ဓာဖြစ်သည့်အကြောင်း ပြောလိုက်သောအခါ အားလုံး အကြီးအကျယ် အံ့အားသင့်ကုန်ကြ၏။
လူငယ်တစ်ယောက်က စိတ်အားတရှိန်ရှိန် တက်ကြွလာကာ ကျယ်လောင်စွာ အော်လိုက်သည်။ “လောကသခင်ခန္ဓာချင်၊ မင်းရဲ့ လောကသခင်ခန္ဓာက အဆင့်တူတွေကို အနိုင်ယူနိုင်တဲ့အထိ အင်အားကြီးမားတယ်ပြောတယ်။ ဒါပေမဲ့ ငါ မယုံဘူး။ ကျေးဇူးပြုပြီး စိတ်ရှင်းသွားအောင် ပြပေးပါ”
ချင်မူက ပြုံးလိုက်၏။ “ကျွန်တော်လည်း အားလုံးနဲ့ အသိအမြင်ချင်း ဖလှယ်ဖို့ တွေးနေတာပါ”
လူငယ်က ခန္ဓာကိုယ်ကို လှုပ်ခါကာ ငှက်ခေါင်း၊ လူကိုယ်အသွင် ပြောင်းလိုက်ပြီး ရွှေရောင်တောင်ပံများကို တဖျပ်ဖျပ် ခတ်၍ ကောင်းကင်ယံသို့ ပျံတက်သွားသည်။ ချင်မူလည်း ပျံတက်လိုက်ပြီး နှစ်ယောက်သား သိုင်းကွက်များ ဖလှယ်ကြ၏။ အောက်ရှိ လူများက အားပေးကြွေးကြော်နေကြသည်။
တခဏကြာသော် ပြိုင်ဘက်လူငယ်မှာ ဓားချက်ပြိုကွဲသွားပြီး ပြုတ်ကျလာ၏။
“လောကသခင်ခန္ဓာချင်နဲ့ ပညာစမ်းခွင့်ပြုပါ”
မိန်းကလေးတစ်ယောက်က တိုက်ခိုက်သည်။ သူမလည်း နဂါးမျိုးနွယ်ဖြစ်သည့်အတွက် သိုင်းကွက်များက အားကောင်းပြင်းထန်သည်။ အစီအရင်ကောင်းကင်နတ်သိုင်းကိုလည်း ကျွမ်းကျင်ထား၍ ကောင်းကင်နတ်သိုင်းများမှာ သူမ၏လက်ချောင်းနှင့် လက်ဖဝါးများအကြား ကြောက်မက်ဖွယ်ရာအားလှိုင်းဖြင့် ပေါက်ကွဲနေတော့သည်။
ချင်မူက မဟာဉာဏ်အလင်းပွင့် ကောင်းကင်နတ်ဆိုးကျမ်းစာကို အသုံးပြုသည်။ မဟာကြယ်ခြုံလွှမ်းလက်ဝါးသိုင်းဖြင့် ကောင်းကင်နတ်သိုင်းသုံးရာကျော်သည် ကြယ်တာရာများသဖွယ် ဖြာထွက်သွားပြီး မိန်းကလေးအား တွန်းချလိုက်၏။
“ထူးခြားလိုက်တဲ့ ကောင်းကင်နတ်သိုင်း”
ချီးကျူးသံများ ထွက်လာပြီး လူငယ်တစ်ယောက်က တရှိန်ထိုး ပျံတက်သွားသည်။ အတန်ငယ် တိုက်ခိုက်ပြီးသည့်အခါ ချင်မူက သူ့ကို ဓားမတစ်ချက်ဖြင့် အနိုင်ယူလိုက်သည်။
အားလုံး တိုက်ခိုက်ကြသော်လည်း ရှုံးသွားကြသည်။
ပိုင်ချွီအာမှာ စိတ်လှုပ်ရှားနေပြီး ခပ်တိုးတိုး မေးလိုက်၏။ “မရီး သူ့ကို ဘယ်လိုထင်လဲ”
“ထူးချွန်တယ် သိပ်ကို ထူးချွန်တယ်” ပိုင်ချင်းဖု၏ ဇနီးက စိတ်မကောင်းသလို ပြုံး၍ ခပ်တိုးတိုး ပြန်ပြောသည်။ “အစ်မတော့ ညီမလေးအတွက် စိတ်ပူလာပြီ”
ပိုင်ချွီအာလည်း စိုးရိမ်ပူပန်လာသည်။
“လောကသခင်ခန္ဓာချင်က တကယ် လောကသခင်ခန္ဓာပါပဲ”
ပိုင်ချင်းဖုက ကျယ်လောင်စွာ ရယ်ပြီး ချင်မူအား ခုံတွင် ပြန်ထိုင်ခိုင်းသည်။ သူက ပတ်ဝန်းကျင်ကို ကြည့်၍ အော်မေးလိုက်၏။ “နောင်တော်ချင် ကောင်းကင်နတ်ဘုံကို တိုက်ခိုက်ပြီး ဘဝလေဟပ်နေတဲ့ ဟိုကောင်တွေကို သင်ခန်းစာပေးနိုင်မယ်ထင်လား”
အားလုံး ပြိုင်တူ ရယ်မောလိုက်ကြသည်။ “ထင်တယ်”
မိန်းကလေးတစ်ယောက်က ပြုံးရယ်ကာ ပြောလိုက်၏။ “အစ်ကိုချင်ရဲ့ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေက ခေတ်တစ်ခေတ်စာလောက် ရှေ့ပြေးနေသလို ခံစားရတယ်။ တကယ် ထူးဆန်းပြီး နက်နဲတယ်။ ကျွန်မတို့ ချုံဧကရာဇ်ခေတ်ရဲ့ လမ်းစဉ်တွေ၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေကို အဆုံးစွန်အထိ မြှင့်တင်ပြီး မရေမတွက်နိုင်တဲ့ ဖြစ်နိုင်ခြေတွေ ဖန်တီးထားသလိုပဲ”
ကျန်ရှိသူများလည်း ခေါင်းညိတ်ကာ ပြုံးနေကြသည်။ “ငါတို့လည်း အဲဒီလို ခံစားရတယ်”
ပိုင်ချင်းဖုက အကြံပြုသည်။ “နောင်တော်ချင်၊ ပေ့လော့ရှစ်မန်စစ်ပွဲကြီးပြီးရင် ကောင်းကင်နတ်ဘုံကို တက်ပြီး ဟိုကောင်တွေကို ပညာပေးကြရအောင်။ အားလုံး သဘောတူလား”
“သဘောတူတယ်” အားလုံး၏ရယ်သံများက ကောင်းကင်ယံသို့တိုင် ပျံလွင့်နေတော့၏။
ချင်မူလည်း ကျယ်လောင်စွာ ရယ်လိုက်ပြီး လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများနှင့်ပတ်သက်၍ အသိအမြင်များ ဖလှယ်လိုက်သည်။ သမိုင်းကြောင်းကို ပြောင်းလဲမိလိမ့်မည်ဟု သူ မတွေးထားပေ။
စားသောက်ပွဲ၏ ထောင့်တစ်နေရာတွင် ပန်ကုန်းစုန်မှာတော့ မျက်နှာတစ်ခုလုံး သွေးမရှိပေ။ သူက တစ်ဝတပြဲ နင်းကန်စားနေသော နဂါးချီလင်နှင့် အမှောင်ထုထဲ၌ ရပ်နေသော သေတ္တာကို ကြည့်ကာ သူ့ဘာသာသူ တွေးနေ၏။ ‘ဒါက သမိုင်းကို ပြောင်းလဲတာတင် ဘယ်ဟုတ်တော့မှာလဲ။ အပေါက်ဖောက်နေတာကွ အပေါက်ဖောက်နေတာ။ ငါတို့တော့ သေပြီ။ ပြန်မရတော့ဘူး။ ဒီမှာတင် ပျောက်ကွယ်သွားလောက်တယ်...’
သူ အလွန်ကြောက်လာသည်။ ‘ဆယ့်ရှစ်ချက်မြောက် ဓားချက်ကိုတောင် ဒီခွေးသူတောင်းစားက သင်ပေးနေသေးတယ်။ မိုးနဲ့မြေတော့ ဇောက်ထိုးမိုးမျှော် ဖြစ်ကုန်ပါပြီ။ ခွေးသူတောင်းစားချင် မင်းကြောင့် ငါလည်း သေရတော့မယ်’
စားသောက်ပွဲတွင် အားလုံး ဟေးလားဝါးလား ပြောဆိုရယ်မောနေကြပြီး မူးလာကြသည်။ ပိုင်ချွီအာက သတ္တိမွေး၍ ချင်မူ့ကို အတူကရန် ဆွဲခေါ်နေသည်။ ချင်မူမှာ မျက်နှာကြီး နီနေပြီး သူ့လက်ထဲမှ မရုန်းရက်သဖြင့် သူမနှင့်အတူ လိုက်ကရတော့သည်။ အားလုံး သူတို့ကို ကြည့်ကာ တဟားဟား ရယ်နေကြ၏။
ထိုအချိန်တွင် အဝေးမှ ကောင်းကင်ပြိုကျလာသကဲ့သို့ ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာသည်။ ကျယ်လောင်သော အသံများကြားတွင် အမှောင်ထုနှင့် လေလှိုင်းများ ဖြာထွက်လာပြီး ပိုင်ဖန်းရုံမြို့အား ဝင်တိုက်လိုက်ရာ မြို့တစ်မြို့လုံး တသိမ့်သိမ့် တုန်ခါသွားလေသည်။