ပြိုင်ပွဲ ရှေ့တိုးခြင်း
Vol. 34 Ch. 460
“ဒီတော့ … ဒါက မြေကမ္ဘာ အထွတ်အထိပ်အဆင့် ကြယ်စင်ရစ်ဝန်း ဆေးပင်ပေါ့လေ”
လျှို့ဝှက်အခန်းတစ်ခု အတွင်းမှာတော့ လီဖူချန်းဟာ ကျောက်စိမ်း သေတ္တာထဲက ကြယ်စင် ရစ်ဝန်းဆေးပင်ကို ထုတ်ယူပြီး စစ်ဆေးကြည့်ရှု နေပါတယ်။
ကြယ်စင်ရစ်ဝန်း ဆေးပင်က လက်တစ်ဝါးစာလောက်သာ ရှိတဲ့အတွက် သိပ်ပြီး မကြီးလှပါဘူး။ ဒါပေမဲ့လည်း အဲဒီဆေးပင်ကနေဖြာထွက်နေတဲ့ အလင်းတန်းတွေက ကျောက်စိမ်းလို အေးမြပြီး လူကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ပြီးတော့ သေသေချာချာ စေ့စေ့စပ်စပ် စစ်ဆေးလိုက်မယ် ဆိုရင် အဲဒီ အလင်းတန်း တွေထဲမှာ ကြယ်တာရာ ဥပဒေသတွေ ပါဝင် ပတ်သက် နေတာကိုလည်း သိမြင်နိုင်ပါတယ်။
“အရှေ့ယူနီကွန်းတိုက်က စွမ်းအင် အရင်းအမြစ် ရှားပါးတာတော့ အမှန်ပဲ။ ဒါပေမဲ့လည်း တိုက်တစ်ခု ဖြစ်နေသေးတယ်။ ကံကောင်းရင်တော့ ကောင်းကင်အဆင့် ဆေးပင်တစ်ပင် လောက်တော့ ရှာတွေ့ ဦးမှာပါကွာ”
သက်ပြင်းတစ်ချက် ချလိုက်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ကြယ်စင်ရစ်ဝန်း ဆေးပင်တစ်ပင်လုံးကို ဝါးစား လိုက်ပါတော့တယ်။
ဖုန်း …
အကန့်အသတ် မရှိတဲ့ ဆေးစွမ်းတွေဟာ ပေါက်ကွဲ ထွက်လာခဲ့ပါပြီ။ ကြယ်စင်ရစ်ဝန်း ဆေးပင်ရဲ့ စွမ်းပကားတွေဟာ လီဖူချန်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကို သန့်စင် ပေးနေပါတယ်။
တစ်ချိန်တည်းမှာပဲ ကြယ်တစ်စင်းဟာ လီဖူချန်းရဲ့ အရိုးတည်ဆောက်ပုံ နယ်မြေထဲမှာ ပေါ်လာခဲ့ပြီး အနီရောင် အရိုးလေးကို အလင်းရောင်တွေ ပေးစွမ်း နေခဲ့ပါပြီ။
“အား … ထုံစံအတိုင်းပါပဲလား”
လီဖူချန်း အရိုးတည်ဆောက်ပုံ မြှင့်တင်မှုကို အကြိမ်အနည်းငယ် ကြုံခဲ့ရပြီး ပေမဲ့လည်း အခုချိန်အထိ နာကျင်မှုနဲ့ ကျင့်သား မရသေးပါဘူး။ သူက နာကျင်မှုကို အောင့်အည်း မထားနိုင်တဲ့ အတွက် နှုတ်ကနေ တစ်ချက် ညည်းညူ လိုက်ပါတယ်။
ရှဲ …ရှဲ …ရှဲ …
သူ့ရဲ့ ခန္ဓာကိုယ်အတွင်းမှာ လောင်ကျွမ်းနေမှုတွေကို ဆယ်မိနစ်လောက် တောင့်ခံ အပြီးမှာတော့ အနက်ရောင် အကျိအချွဲတွေဟာ သူ့ရဲ့ မွှေးညင်းပေါက် တွေကနေပြီး စတင် စိမ့်ထွက်လာခဲ့ပါပြီ။
အဲဒီ အနက်ရောင် အကျိအချွဲ တွေကတော့ သူ့ရဲ့ ခန္ဓာကိုယ် အတွင်းမှာ ရှိနေတဲ့ မသန့်စင်မှုတွေနဲ့ ဆေးတွေရဲ့ ဘေးထွက် ဆိုးကျိုးကနေ ဖြစ်ပေါ်လာတဲ့ မသန့်စင်မှုတွေပါပဲ။
သာမန်အတိုင်း ဆိုရင်တော့ ဒီမသန့်စင်မှု တွေဟာ အခုလို အလွယ်တကူ စိမ့်ထွက် မလာနိုင်ပါဘူး။ ဒါပေမဲ့ အရိုးတည်ဆောက်ပုံ အဆင့်မြှင့်တင်မှုက သူတို့ကို ညှစ်ထုတ် လိုက်သလို ဖြစ်သွားတဲ့အတွက် မသန့်စင်မှုတွေဟာ အကျိအချွဲတွေ အဖြစ်နဲ့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲက နေပြီး စိမ့်ထွက် သွားကြတာပါ။
လီဖူချန်းကတော့ ဒါကို မျှော်လင့်ပြီးသား ဖြစ်တဲ့အတွက် သိပ်ပြီးတော့ မအံ့သြတော့ပါဘူး။
အရိုးတည်ဆောက်ပုံ အဆင့်အတန်း ဆိုတာက ထိုးထွင်း သိမြင်မှုကို ကိုယ်စားပြုရုံ သက်သက်သာ မဟုတ်ဘဲ ခန္ဓာကိုယ် အရည်အသွေးကိုပါ ကိုယ်စားပြုနေတာ မဟုတ်ပါလား။
ခန္ဓာကိုယ် အရည်အသွေး ကောင်းလေလေ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မသန့်စင်မှုတွေက လျော့နည်းသွား လေလေပါပဲ။ ဒါက တိုက်ရိုက်အချိုး ကျပါတယ်။
အနက်ရောင် အကျိအချွဲတွေ ထွက်သွားပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ ခန္ဓာကိုယ်ဟာ ပေါ့ပါးသထက် ပေါ့ပါးလာတယ်လို့ လီဖူချန်း တစ်ယောက် ခံစားလိုက် မိပါတယ်။ ဒါက အနှစ်နှစ်အလလ သယ်လာတဲ့ ကျောက်တုံးကြီး တစ်တုံးကို ပစ်ချလိုက် ရသလိုပါပဲ။
အခြား တစ်ဖက်မှာလည်း နာကျင်မှု ဝေဒနာက တစ်စထက်တစ်စ ပိုပိုပြီး ဆိုးဝါး လာခဲ့ပါပြီ။ ဒီနာကျင်မှုက အရင်အကြိမ်တွေ အားလုံး ပေါင်းတာထက်တောင်မှ ပိုဆိုးပါတယ်။ ဒီနာကျင်မှုက သူ့ရဲ့ အရိုးအသားတွေကို ဓားနဲ့ အချက်ပေါင်း များစွာ ဆွပြီး ပုရွက်ဆိတ် သောင်းပေါင်း များစွာနဲ့ ကိုက်ခဲထား စေသလိုပါပဲ။
လီဖူချန်းက သူ့ရဲ့ အသိစိတ်အာရုံနဲ့ အရိုးတည်ဆောက်ပုံ နယ်မြေထဲကို ဝင်ကြည့်လိုက်တဲ့ အချိန်မှာတော့ မီးလျှံအရိုး တည်ဆောက်ပုံဟာ အဆစ်လေးဆစ်နဲ့ တစ်ဝက်တိတိ ရှိနေခဲ့ပါပြီ။ တစ်ချိန်တည်းမှာပဲ မီးလျှံ အင်းကွက် အသစ်တွေ ပေါ်နေတာကိုလည်း တွေ့လိုက် ရပါသေးတယ်။
နာကျင်မှု ဝေဒနာတွေ ပျောက်ကွယ်သွားတဲ့ အချိန်မှာတော့ မီးလျှံအရိုး တည်ဆောက်ပုံဟာ အဆစ်ငါးဆစ် ဖြစ်နေခဲ့ပါပြီ။ အဲဒါက လီဖူချန်းရဲ့ အရိုး တည်ဆောက်ပုံဟာ ကြယ်၅ပွင့် အဆင့်ကို ရောက်သွားပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
အရင်တုန်းက လီဖူချန်း နားလည်ထားတဲ့ မီးလျှံအင်းကွက်ရဲ့ ၇၅ရာခိုင်နှုန်း အမှတ်အသား ကလည်း ၆၀ရာခိုင်နှုန်း အမှတ်အသားဆီကို လျော့ကျ သွားခဲ့ပါပြီ။ အဲဒါကတော့ အရိုးတည်ဆောက်ပုံပေါ်မှာ အသစ်ထပ် ထွက်လာတဲ့ အဆစ်ကြောင့်ပါပဲ။
“အထူးအရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေက အဆစ်နှစ်ဆစ်မှာ ရှိတဲ့ အင်းကွက်တွေကို နားလည်သဘောပေါက်ရုံနဲ့ နတ်ဘုရားစွမ်းရည်ကို နိုးထနိုင်လေ့ ရှိတယ်။ ဒါပေမဲ့ ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံ ပိုင်ရှင် တွေကတော့ အဆစ်တစ်ဆစ်မှာ ရှိတဲ့ အင်းကွက်ကို နားလည် သဘောပေါက်ရုံနဲ့ နတ်ဘုရား စွမ်းရည်ကို နိုးထ နိုင်စွမ်း ရှိတယ်တဲ့”
အရင်တုန်းကတော့ လီဖူချန်းက ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်တဲ့အတွက် အဆစ်၂မှာ ရှိတဲ့ အင်းကွက်တွေဟာ ၅၀ရာခိုင်နှုန်းကို ကိုယ်စားပြုပါတယ်။ အဲဒါကြောင့်လည်း လီဖူချန်းက မီးလျှံအင်းကွက်ရဲ့ ၅၀ရာခိုင်နှုန်း အထိ နားလည် သွားတဲ့အခါမှာ မီးလျှံ နတ်ဘုရား စွမ်းရည် တစ်ခုဖြစ်တဲ့ မီးလျှံနှလုံးသားကို နိုးထ နိုင်ခဲ့တာပါ။
ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေက အရိုးတည်ဆောက်ပုံရဲ့ အဆစ် တစ်ဆစ်မှာရှိတဲ့ အင်းကွက်ကို နားလည်ရုံနဲ့ နတ်ဘုရား စွမ်းရည်ကို နိုးထနိုင်မယ်။
ရုတ်တရက် စဉ်းစား ကြည့်လိုက်မယ် ဆိုရင်တော့ ဒါက အခြားသူတွေ အတွက် မမျှတသလိုပါပဲ။ ဒါပေမဲ့ တကယ်တမ်းမှာတော့ အဲဒီလို မမျှတတာမျိုး မရှိပါဘူး။
ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံတွေမှာ ပါတဲ့ အင်းကွက်တွေဟာ အထူးအရိုး တည်ဆောက်ပုံတွေမှာ ပါတဲ့ အင်းကွက်တွေက် အများကြီး ပိုပြီး လျှို့ဝှက် နက်နဲပါတယ်။ ဒါကြောင့် သူတို့က အရိုးတည်ဆောက်ပုံ အဆစ်တစ်ဆစ်မှာ ရှိတဲ့ အင်းကွက်တွေကို နားလည် သဘောပေါက်ရုံနဲ့ နတ်ဘုရား စွမ်းရည်တွေကို နိုးထနိုင်တာပါ။
“အရိုးတည်ဆောက်ပုံရဲ့ မီးလျှံစွမ်းအားအမျှင် ထုတ်လုပ်နိုင်တဲ့ အရေအတွက် ကလည်း ပိုများလာတာပါပဲ။ ဒါက ၂ဆ တောင်ရှိတယ်”
မီးလျှံအရိုး တည်ဆောက်ပုံက ထုတ်လုပ်ပေးတဲ့ စွမ်းအားအမျှင် အရေအတွက်ကို မြင်ရတဲ့ အခါမှာတော့ လီဖူချန်းဟာ မပြုံးဘဲ မနေနိုင်တာ့ပါဘူး။ အရင်တုန်းက မီးလျှံစွမ်းအား အမျှင် အရေအတွက်ဟာ ၇၅၀သာ ရှိခဲ့ပေမဲ့လည်း အခုတော့ ၁၅၀၀ ဖြစ်သွားခဲ့ပါပြီ။
ပြီးတော့ ပိုပြီး ဝမ်းသာစရာက မီးလျှံ နှလုံးသားကို ကိုယ်စားပြုတဲ့ မီးလျှံ သလင်းကျောက်ဟာ ပိုသိပ်သည်းလာတာပဲ ဖြစ်ပါတယ်။ အဲဒါကတော့ နတ်ဘုရားစွမ်းရည် ပိုအားကောင်း လာတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။
ကြယ်၄ပွင့် မီးလျှံအရိုး တည်ဆောက်ပုံကနေ ကြယ်၅ပွင့် မီးလျှံအရိုး တည်ဆောက်ပုံကို အဆင့်မြှင့်တက် သွားတာက အကျိုးဖြစ်ထွန်းမှု အများကြီး ရရှိမယ် ဆိုတာကိုတော့ ယုံမှား သံသယ ဝင်နေစရာ မလိုပါဘူး။ ဒါပေမဲ့ ဘာတွေ ပြောင်းလဲ သွားသလဲ ဆိုတာကို တိတိကျကျ သိချင်ရင်တော့ လီဖူချန်းအနေနဲ့ အချိန်အတော်ကြာ လေ့လာ ဆန်းစစ် ရပါဦးမယ်။
ပဉ္စမမြောက်လ အကုန်မှာတော့ လီဖူချန်းဟာ ထောက်ပံ့ရေး ရမှတ် ၁၅၀၀၀ကို အသုံးပြုပြီး မြေကမ္ဘာ အလယ်အလတ်အဆင့် ကိုယ်ဖော့ ပညာဖြစ်တဲ့ နတ်ဘုရားမီးတောက် အသွင် ပြောင်းလဲခြင်းကို လဲလှယ် ရယူလိုက်ကာ အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့် ရောက်အောင် လေ့ကျင့် လိုက်နိုင်ပါတယ်။
နတ်ဘုရားမီးတောက် အသွင်ပြောင်းခြင်းဟာ မီးတောက်ပျံကိုးသွယ် အသွင်ပြောင်းခြင်းကို အဆင်မြှင့်လိုက်တဲ့ ပညာရပ်ပါပဲ။ အဲဒါက အမြန်နှုန်းကို ပိုမြန်စေရုံသာမက တည်နေရာ ရွှေ့ပြောင်းလို့ရတဲ့ အကွာအဝေးကိုလည်း ပိုဝေး စေပါတယ်။ နတ်ဘုရားမီးတောက် အသွင်ပြောင်းခြင်းရဲ့ အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်ကို ရောက်သွားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဟင်းလင်းပြင်ကိုတောင်မှ အနည်းငယ် ဖြတ်သန်းနိုင်စ ပြုလာခဲ့ပါပြီ။
“အန်ရှင်းမိန် … ငါက မြေကမ္ဘာအဆင့်နိမ့် ချီအတွင်းအားကျင့်စဉ် တချို့နဲ့ သိုင်းပညာရပ် တချို့ လိုအပ်နေလို့။ ကျေးဇူးပြုပြီး ငါ့အတွက် ကူရှာပေးလို့ ရမလား။ ငါက နင့်ကို အကျိုးဆောင်ခ အဖြစ် ပညာရပ် တစ်ခုအတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်း ပေးပါ့မယ်”
တစ်နေ့မှာ လီဖူချန်းက အန်ရှင်းမိန်ဆီကို ရောက်ချလာပြီး အကူအညီ တောင်းပါတော့တယ်။
“လီဖူချန်းက ငါတို့က မိတ်ဆွေတွေ မဟုတ်ဘူးလား။ ငါက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး အများကြီးကို မလိုချင်ဘူး။ ပညာရပ် တစ်ခုအတွက် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ၅ထောင်ပေးရင် ရပါပြီ”
သူတို့တွေက မိတ်ဆွေတွေ ဆိုပေမဲ့လည်း အန်ရှင်းမိန်အနေနဲ့ လီဖူချန်းကို အလကား ကူညီဖို့ မဖြစ်နိုင်ပါဘူး။ မြေကမ္ဘာအဆင့်နိမ့် သိုင်းကျမ်းတွေကို စုံစမ်းဖို့ အတွက်ဆိုရင် သူ့အနေနဲ့ အန်းကလန်ရဲ့ လူအင်အားကို မသုံးမဖြစ် သုံးရမှာပါ။ သူ့ဆီမှာက အန်းကလန်ရဲ့ လူအင်အားနဲ့ အရင်းအမြစ် တွေကို စိတ်ကြိုက် သုံးစွဲနိုင်တဲ့ အခွင့်အာဏာ မရှိပါဘူး။ တကယ်လို့ သူ့အနေနဲ့ လူအင်အားနဲ့ အရင်းအမြစ် တွေကို စိတ်ကြိုက် သုံးစွဲချင်ရင်တော့ အန်းကလန်ရဲ့ အုပ်ချုပ်ရေးပိုင်းက လူကြီးတွေရဲ့ ခွင့်ပြုချက် ရမှ ရပါမယ်။
လီဖူချန်းက ခေါင်းခါလိုက်ပြီး …
“ရတယ်။ ငါ့ဆီမှာက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေ အများကြီး ရှိသေးတယ်။ အဲဒီတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သောင်းပဲ ယူလိုက်။ နင်မလိုချင်ရင်လည်း ပညာရပ်တွေ ရှာဖွေတဲ့ နေရာမှာ ပိုသုံးလိုက်ပေါ့”
“ဟုတ်ပြီလေ။ ငါတို့ အန်းကလန်ရဲ့ သတင်းပေးတွေက မြို့အသီးသီးမှာ ရှိတယ်။ ငါတို့က ရှိသမျှ လေလံခန်းမ တွေက မြေကမ္ဘာအဆင့်နိမ့် ပညာရပ်တွေကို ရအောင် ဝယ်ပေးမယ်”
ဒီတစ်ကြိမ်မှာတော့ အန်ရှင်းမိန်က မငြင်းတော့ပါဘူး။ သူက လီဖူချန်းကို ရဲရဲကြီး အာမခံ လိုက်ပါတယ်။
“ကျေးဇူးပါပဲ အန်ရှင်းမိန်”
လီဖူချန်းက သိုလှောင်အိတ် တစ်အိတ်ကို အန်ရှင်းမိန် လက်ထဲ ထည့်ပေးလိုက်ပါတယ်။
“အန်ရှင်းမိန် … ဒီထဲမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅သိန်း ပါတယ်။ ဒီပမာဏနဲ့ ဆိုရင်တော့ မြေကမ္ဘာအဆင့်နိမ့် ပညာရပ် တချို့ကို ဝယ်လို့ ရမှာပါ”
လီဖူချန်းက မြေကမ္ဘာအဆင့်နိမ့် ပညာရပ်တွေကို ကိုယ်တိုင်သွားပြီး ဝယ်လို့ ရပေမဲ့ အချိန်ကုန် မခံနိုင်ပါဘူး။ ဒါကြောင့် သူက အန်ရှင်းမိန်ကို အကူအညီ တောင်းလိုက် ရတာပါ။
“အိုး … အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး အများကြီးပါလား”
အန်ရှင်းမိန်က မျက်လုံး ပြူးသွားခဲ့ပါတယ်။
သူတို့ အန်းကလန်ရဲ့ ပိုင်ဆိုင်မှုက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သန်းနဲ့ နှစ်သန်းကြား ရှိပေမဲ့လည်း လီဖူချန်းလိုတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသိန်းကို တစ်ကြိမ်တည်း မသုံးစွဲနိုင်ပါဘူး။
“လီဖူချန်း … လုံးဝ စိတ်မပူနဲ့။ ငါက အန်းကလန်ကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေ လက်လွှတ်စပယ် မသုံးအောင် သတိပေး ထားလိုက်မယ်”
အန်ရှင်းမိန်က လေးနက် တည်ကြည်စွာနဲ့ ပြောလိုက်ပါတယ်။
လီဖူချန်းက တစ်ချက် ရယ်လိုက်ပြီး …
“အန်ရှင်းမိန် … အန်ကလန်ကို တစ်ခု ထပ်ပြောပေးဦး။ တကယ်လို့ ငါစိတ်ကျေနပ်ရင် နောက်တစ်ကြိမ်မှာလည်း အန်ကလန်နဲ့ပဲ အလုပ် တွဲလုပ်မယ်လို့”
အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၅သိန်း ဆိုတာက မြေကမ္ဘာအဆင့်နိမ့် ပညာရပ် အများကြီးကို မဝယ်နိုင်ပါဘူး။ ဒါပေမဲ့လည်း ဒီပမာဏက အန်ကလန်ကို မျက်ခုံး လှုပ်စေမှာတော့ အသေအချာပါပဲ။
ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာက မြေကမ္ဘာအဆင့်နိမ့် ချီအတွင်းအား ကျင့်စဉ် တစ်ခုရဲ့ တန်ဖိုးဟာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်း နီးပါးသာ ရှိပြီး မြေကမ္ဘာအဆင့်နိမ့် သိုင်းပညာရပ် တစ်ခုရဲ့ တန်ဖိုးက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသောင်းနီးပါးသာ ရှိတာပါ။
တကယ်လို့ အန်းကလန်က ပထမတစ်ကြိမ်မှာ မရိုးမသား လုပ်ခဲ့မယ် ဆိုရင်တော့ လီဖူချန်းဟာ သူတို့နဲ့ ဒုတိယအကြိမ် အလုပ်တွဲလုပ်စရာ အကြောင်း မရှိတော့ပါဘူူး။
အန်ရှင်းမိန်ကတော့ လီဖူချန်းဟာ ဘယ်ကနေပြီး ဒီလောက်များတဲ့ အဆင့်နိမ့် ဝိညာဉ် ကျောက်တုံးတွေ ရလာသလဲ ဆိုတာကို သိချင် နေမိပါတယ်။ ဒါပေမဲ့လည်း သူက မမေးခဲ့ပါဘူး။ အဲဒီအစား သူက စကားလမ်းကြောင်းကို လွဲလိုက် ပါသေးတယ်။
“လီဖူချန်း … အခု တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ်ရဲ့ အဆင့်၂က ဝမ်ဟိုင်လုံ ဖြစ်သွားပြီ။ အဲဒါက နင် တံခါးပိတ် ကျင့်ကြံနေတုန်းမှာ ဖြစ်သွားတာ”
“ဝမ်ဟိုင်လုံက သူ့ရဲ့ အမှောင်ထု နတ်ဘုရား စွမ်းရည်ကို နိုးထ လိုက်နိုင်တာလား”
လီဖူချန်းက မေးလိုက်ပါတယ်။
“ဟုတ်တယ်။ သူ့ရဲ့ အမှောင်ထု နတ်ဘုရားစွမ်းရည်က အရမ်းကို ကြောက်စရာ ကောင်းတယ်။ အဲဒါက အမှောင်ထု ကောင်းကင်ပေါင်းမိုးလို့ ခေါ်တဲ့ နယ်နိမိတ် ကန့်သတ်ခြင်း စွမ်းရည် တစ်မျိုးပဲ”
အန်ရှင်းမိန်က ရှင်းပြလိုက်ပါတယ်။
“နင်ပြောသလို ဆိုရင်တော့ အတော်လေး အစွမ်းထက်မယ့်ပုံပဲ”
လီဖူချန်းက ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံတွေရဲ့ နတ်ဘုရား စွမ်းရည်ကို လျော့မတွက်ရဲပါဘူး။
ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံ အင်းကွက်တွေ ဆိုတာက နားလည် သဘောပေါက်ဖို့ အတွက် အင်မတန် ခက်ခဲပါတယ်။ ကြည့်ရတာတော့ ဝမ်ဟိုင်လုံက သူ့ရဲ့ အရိုးတည်ဆောက်ပုံ ပထမ အဆစ်ပေါ်က အင်းကွက်တွေကို နားလည် သဘောပေါက် သွားပုံပါပဲ။
ဒါပေမဲ့လည်း လီဖူချန်းလို အဆစ်သုံးဆစ်ပေါ်က အင်းကွက် တွေကို နားလည် သဘောပေါက်ထား သူကိုတော့ ယှဉ်လို့ ရဦးမှာ မဟုတ်ပါဘူး။
တံခါးပိတ် ကျင့်ကြံမှုကနေ ထွက်လာ အပြီးမှာတော့ လီဖူချန်းဟာ အန်ရှင်းမိန်နဲ့ အခြားသူတွေကို ခေါ်ပြီး မဟူရာဘုရင် လျှို့ဝှက် နယ်မြေထဲကို သွားခဲ့ပြန်ပါတယ်။
ဒါပေမဲ့ ဒီတစ်ကြိမ်သွားတာကတော့ ထောက်ပံ့ရေး ရမှတ်အတွက် မဟုတ်ပါဘူး။ လီဖူချန်းက သူ တိုက်ပွဲ ဝိညာဉ်နယ်ပယ် ရောက်တဲ့အခါကျရင် ကျင့်ကြံဖို့ဆိုပြီး ရည်ရွယ်ချက်နဲ့ မဟူရာဘုရင် လျှို့ဝှက် နယ်မြေထဲကို သွားခဲ့တာပါ။
တစ်လအကြာမှာတော့ လီဖူချန်းဟာ မဟူရာရေစင် ၃၀ကီလိုဂရမ်ကို စုဆောင်းပြီး ပြန်ထွက်လာခဲ့ပါတယ်။ သူက အန်ရှင်းမိန်တို့ကိုလည်း စိတ်ကျေနပ်အောင် မဟူရာရေစင် ခွဲဝေ ပေးပြီးသားပါပဲ။
နောက်ထပ် တစ်လ အကြာမှာတော့ လီဖူချန်းဟာ မဟူရာဘုရင် လျှို့ဝှက်နယ်မြေထဲကို ထပ်သွား ခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သူဟာ ဘယ်သူ့ကိုမှ အဖော် ခေါ်မသွားတော့ပါဘူး။ သူက ဒီတစ်ကြိမ်မှာတော့ မဟူရာရေစင် ၆၂.၅ ကီလိုဂရမ် ရရှိခဲ့ပါတယ်။
ဒီလိုနဲ့ပဲ အချိန်တွေဟာ လျင်မြန်စွာ ကုန်ဆုံး သွားခဲ့ပါပြီ။ သိုင်းတက္ကသိုလ် ၂၄ခုရဲ့ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲကို စဖို့ကလည်း အချိန် လေးလလောက်သာ လိုပါတော့တယ်။
***
အတွင်းစည်း သိုင်းတက္ကသိုလ် ပင်မခန်းဆောင် …
“ငါတို့ သိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံ ပြိုင်ပွဲကို အမြန်ဆုံး ကျင်းပကြ။ ငါတို့အနေနဲ့ ငါတို့ သိုင်းတက္ကသိုလ်ရဲ့ ကိုယ်စားပြုတွေကို ရွေးချယ်ဖို့ အချိန်ကျပြီ”
တောင်ပိုင်း တောအုပ် သိုင်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးဖြစ်သူ မန်ချီဟန်က ပင်မခန်းဆောင်ထဲကို ရောက်နေတဲ့ အကြီးအကဲတွေကို အမိန့်ပေး လိုက်ပါတယ်။
“အခု ကျင်းပရမှာလား ကျောင်းအုပ်ကြီး …။ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲက လေးလနီးပါးတောင် လိုသေးတယ်လေ။ ကလေးတွေက အဆင်သင့် ဖြစ်ဦးမှာ မဟုတ်ဘူး”
တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ လက်ထောက် ကျောင်းအုပ်ကြီး တွေထဲက တစ်ယောက်ဖြစ်တဲ့ မီးခိုးရောင် ဆံပင်ပိုင်ရှင် လင်းကျုပိုင်က ရွေးချယ်ခံပြိုင်ပွဲ ကျင်းပဖို့ကို သဘောမတူပါဘူး။
မန်ချင်းဟန်က ခေါင်းခါလိုက်ပြီး …
“ရွေးချယ်ခံပြိုင်ပွဲ မကျင်းပလို့ မရတော့ဘူး။ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲက ရှေ့တိုးလိုက်ပြီ”
“အဆင့်သတ်မှတ်ချက် ပြိုင်ပွဲက အရှေ့တိုး လိုက်ပြီလား။ ဘာ … ဘာဖြစ်လို့လဲ”
လင်းကျုပိုင်က အံ့အားသင့်သွားတဲ့ ပုံပါပဲ။
မန်ချင်းဟန်က အပေါ်ကို မေ့ာကြည့်လိုက်ပြီး အဖြေ ပြန်ပေးလိုက်ပါတယ်။
“အထက်က လူကြီးတွေက ဒီကိစ္စက ဆုံးဖြတ်ခဲ့တာ။ သက်တံနီဂိုဏ်းက မျိုးဆက်သစ်တွေကို အရေးတကြီး လိုအပ်နေပြီ။အခုချိန်ကစပြီး သိုင်းတက္ကသိုလ် ၂၄ခုရဲ့ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲကို နှစ်နှစ် တစ်ကြိမ် ကျင်းပတော့မှာ ။ အကြိမ်တိုင်းမှာလည်း ပြိုင်ပွဲရဲ့ ထိပ်ဆုံးအယောက်၅၀က သက်တံနီဂိုဏ်းကို ဝင်ခွင့်ရပြီး အပြင်စည်း ဂိုဏ်းသားဖြစ်ခွင့် ရလိမ့်မယ်”
“ဘယ်လို ဖြစ်တာလဲ။ သက်တံနီဂိုဏ်းက သူတို့လက်ခံတဲ့ ဂိုဏ်းသား အရေအတွက်ကိုပါ တိုးမြှင့် လိုက်တာလား”
မန်ချင်းဟန်ရဲ့ စကားက ပင်မခန်းဆောင် အတွင်းမှာရှိတဲ့ လူတွေ အားလုံးကို အံ့သြသွားစေ ခဲ့ပါပြီ။
အတိတ်တုန်းကဆိုရင် သက်တံနီဂိုဏ်းဟာ တပည့်လက်ခံတဲ့ နေရာမှာ အတော်လေး တင်းကျပ်တာပါ။ သူတို့ကို နိုင်ငံတစ်ခုကနေ တပည့် အရေအတွက် ၂၀ထက် ပိုပြီး လက်မခံပါဘူး။ ဒါပေမဲ့ အခုတော့ သူတို့ဟာ သိုင်းတက္ကသိုလ် ၂၄ခုကနေတောင် တပည့်အရေအတွက် ၅၀ကို လက်ခံ နေပါတယ်။ အဓိက သိုင်းတက္ကသိုလ်ကြီး နှစ်ခုက တပည့် အရေအတွက်ကိုပါ ထည့်ပေါင်း လိုက်မယ် ဆိုရင်တော့ ဒီတစ်ခေါက် အတွက် သက်တံနီဂိုဏ်းက လက်ခံမယ့် တပည့် အရေအတွက်ဟာ အရင်အကြိမ်တွေထက် အဆ အနည်းငယ် ပိုများမှာ အသေအချာပါပဲ။
“အဲဒီလို ဆိုတော့လည်း အရွေးချယ်ခံ ပြိုင်ပွဲကို အမြန်ဆုံး ကျင်းပ ကြတာေပါ့”
လင်းကျုပိုင်က စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်ပါတယ်။
သက်တံနီဂိုဏ်း ဆိုတာက ဘုရင်အဆင့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်ပြီး မြေစေးနီတိုက်ရဲ့ အာဏာရှင်တွေပါ။ အဲဒီအတွက် သိုင်းတက္ကသိုလ်တွေ အနေနဲ့ သူတို့ကို အာခံလို့ မရပါဘူး။ သက်တံနီဂိုဏ်းက အဆင့်သတ်မှတ်ချက် ပြိုင်ပွဲကို ရှေ့တိုးချင်နေမှတော့ သူတို့အနေနဲ့ လိုက်နာရုံပဲ ရှိပါတယ်။
သိပ်မကြာခင်မှာပဲ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲ ရှေ့တိုးတယ်ဆိုတဲ့ သတင်းဟာ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ် တစ်ခုလုံးကို တောမီး တစ်ခုအလား ပျံ့နှံ့သွားခဲ့ပါပြီ။ ရွေးချယ်ခံ ပြိုင်ပွဲကို ဝင်ပြိုင်မယ့် အတွင်းစည်း ကျောင်းသား တွေကလည်း အတော်လေး စိတ်လှုပ်ရှား နေကြပါတယ်။
“အဆင့်သတ်မှတ်ချက် ပြိုင်ပွဲက ရှေ့တိုးလိုက်တာလား”
ဝမ်ဟိုင်လုံက ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။ လေးလနီးပါး တံခါးပိတ် ကျင့်ကြံပြီးတဲ့ အခါမှာတော့ ဝမ်ဟိုင်လုံဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၄ကို ချိုးဖောက် ဝင်ရောက်နိုင်ခဲ့ပါပြီ။
“ဒါက သတင်းကောင်းပဲ။ ငါက စီးတုသောင်းကို အနိုင်ယူလို့ ရပြီပေါ့”
ဝမ်ဟိုင်လုံရဲ့ မျက်လုံးထဲမှာတော့ တိုက်ပွဲကို ဆာလောင်စိတ်တွေ အပြည့်ပါပဲ။
“အဆင့်သတ်မှတ်ချက် ပြိုင်ပွဲတောင် စတော့မှာလား။ ငါက သေချာပေါက် သက်တံန ီဂိုဏ်းကို ဝင်နိုင်ရမယ်”
စီးတုသောင်းက ကျင့်ကြံနေရာကနေ မျက်လုံးဖွင့်လိုက်ပြီး ခပ်တိုးတိုး ကြုံးဝါး လိုက်ပါတယ်။
သိုင်းတက္ကသိုလ် ၂၄ခု အဆင့် သတ်မှတ်ချက် ပြိုင်ပွဲမှာဆိုရင် ထိပ်ဆုံး ဆယ်ယောက်ကသာ သက်တံနီဂိုဏ်းကို ဝင်ရောက်ခွင့် ရမှာပါ။ အဓိက သိုင်းတက္ကသိုလ်ကြီး နှစ်ခုကတော့ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲကို ဝင်ပါစရာမလိုဘဲ သိုင်းတက္ကသိုလ် တစ်ခုကို နေရာ ငါးနေရာစီ ရကြပါတယ်။
ဒါကြောင့်လည်း သူက အပြင်းအထန် ကျင့်ကြံနေတာ ဖြစ်ပါတယ်။ စီးတုသောင်း အတွက်ကတော့ သက်တံနီဂိုဏ်းကို ဝင်ခွင့်မရခဲ့ဘူး ဆိုရင် အတော်လေး စိတ်ပျက် ရပါလိမ့်မယ်။
ကြည့်ရတာတော့ စီးတုတောင်းက သက်တံနီဂိုဏ်းဟာ လက်ခံမယ့် တပည့် အရေအတွက် တိုးလိုက်ပြီဆိုတာကို မသိသေးတဲ့ ပုံပါပဲ။
***