လူ့အသက်တွေက ကောင်းကင်ဘုံထက် အဖိုးတန်တယ်
Vol. 35 Ch. 489
စားသောက်ပွဲရှိ လူအားလုံး ငေးကြောင်သွားကြသည်။ အားလှိုင်း၏ ဝင်တိုက်မှုက အားကောင်းပြင်းထန်လှသဖြင့် အဆောက်အဦးများ ပြိုကျသွားပြီး သူတို့အနောက်ရှိ စံအိမ်၏ အမိုးများပင် လန်ထွက်သွား၏။
ပန်းကန်များ၊ ခွက်များ၊ အရက်အိုးများနှင့် ကျောက်စိမ်းစားပွဲများလည်း လွင့်ထွက်ကုန်သည်။ ကြောက်မက်ဖွယ်ရာ လေလှိုင်းကြီးက အရာအားလုံးကို သိမ်းကျုံးတိုက်ချသွားချေသည်။
ဖြောင်း
ဧရာမသစ်ပင်ကြီးတစ်ပင် ခါးလယ်မှ ကျိုး၍ ချာလပတ်လည် လည်ရင်း ပျံတက်သွားသည်။ စံအိမ်အပြင်ရှိ လူတချို့လည်း လေနှင့်အတူ ပါသွားပြီး လဲသူကလဲ၊ လွင့်သူက လွင့်ကုန်၏။ သူတို့က သစ်ပင်ကြီး ဖက်ထားကြသော်လည်း နောက်တခဏတွင် ပို၍ပင် ပြင်းထန်သော အားလှိုင်းကြောင့် လွင့်ထွက်ပျောက်ကွယ်သွားကြသည်။
ချင်မူနှင့် ကျန်ရှိသူများ၏ သိုင်းအဆင့်က မနိမ့်ကျသောကြောင့် သူတို့ကိုယ်သူတို့ ထိန်းထားနိုင်ကြ။
ပိုင်ချင်းဖုက နဂါးပုတီးစေ့များအား လေပေါ် ပင့်မြှောက်ကာ ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။ “ရပ်”
ပိုင်အိမ်တော်၏ အပေါ်တွင် ပျံဝဲနေသော ပစ္စည်းများ၊ လူများ ရပ်တန့်သွားသည်။ သို့သော် အိမ်များနှင့် သစ်ပင်များလည်း အမြစ်မှ ကျွတ်ထွက်ပြီး မြောက်တက်လာသဖြင့် ပိုင်ချင်းဖုမှာ ဖိအားမခံနိုင်တော့ပေ။
သူ့မျက်နှာ နီရဲလာပြီး သူ ခြေဆောင့်နင်းလိုက်သည့်အခါ အနောက်တွင် အစစ်အမှန်နဂါးမူလဝိညာဉ် ဖွဲ့တည်လာ၍ နဂါးပုတီးစေ့များ ပိုမိုတောက်ပလာသည်။ သို့သော် ဖိအားကို သူ မခံနိုင်သေးပေ။
“ချင်းဖု” အမျိုးသမီးတစ်ယောက်က ကလေးတစ်ယောက်ကို ချီလျက် ပိုင်အိမ်တော်၏ သိုင်းပညာရှင်များကို ဦးဆောင်လာသည်။ သူတို့အားလုံး အစစ်အမှန်နဂါးစေ့တစ်စေ့စီ ထုတ်လိုက်ကြသဖြင့် ပိုင်ချင်းဖု ဖိအားလျော့နည်းသွားသည်ကို ခံစားလိုက်ရ၏။
“အမေ၊ ဦးလေးတို့၊ ဒေါ်လေးတို့ နဲ့ ဦးလေးတစ် ဘာလို့ ဒီကို ရောက်လာကြတာလဲ” သူက ကပျာကယာ မေးလိုက်သည်။
“ပေ့လော့ရှစ်မန်တပ် ကျသွားတဲ့ သတင်း ရထားတယ်” အမျိုးသမီးက ပြောလိုက်သည်။ “ပြင်ပမကောင်းဆိုးဝါးတပ် ကျူးကျော်လာနေပြီ။ ပိုင်ဖန်းရုံမြို့ကို ဘယ်သူမှ မစောင့်ရှောက်ပေးနိုင်တော့ဘူး။ မြန်မြန် မြို့ထဲကနေ ထွက်ပြီး ကောင်းကင်နတ်ဘုံဆီ သွားကြတော့။ ငါတို့ လူကြီးတွေ သူတို့ကို ဒီမှာ အချိန်ဆွဲပေးထားမယ်။ မင်းတို့လူငယ်တွေ မြို့သားတွေကို ခေါ်သွား။ ပြီးရင် ငါတို့ လိုက်လာခဲ့မယ်“
လူငယ်များနှင့် မိန်းကလေးများ မှင်သက်သွားကြသည်။ “ပေ့လော့ရှစ်မန်တပ် ကျသွားပြီဟုတ်လား။ ကျွန်တော်တို့ ဘာလုပ်သင့်လဲ။ အိမ်ပြန်ပြီး လူကြီးတွေကို အကြောင်းကြားပါရစေ”
“မလိုဘူး” အမျိုးသမီးက ပျာယာခတ်နေသောလူများအား အော်လိုက်သည်။ သူမက ချီထားသည့် ကလေးငယ်လေးကို ပိုင်ချွီအာလက်ထဲ ထည့်ပေးပြီး နဂါးပုတီးစေ့တစ်လုံး ထုတ်ပေးကာ တင်းမာခက်ထန်စွာ အော်ဟစ်လိုက်၏။ “မင်းတို့လူကြီးတွေကို အကြောင်းထားပြီးပြီ။ အချိန်ကုန်မခံနေနဲ့တော့။ မြို့ထဲက မြန်မြန်ထွက်ပြီး ကောင်းကင်နတ်ဘုံဆီ သွားကြ။ ဘာကိုမှ ထုတ်ပိုးမနေနဲ့ မြန်မြန်သွားကြ။ ချွီအာလက်ထဲက နဂါးပုတီးစေ့က မင်းတို့ကို အမှောင်ထုရန်ကနေ ကာကွယ်ပေးလိမ့်မယ်”
အခြေအနေက အရေးကြီးနေမှန်း ပိုင်ချင်းဖု နားလည်လိုက်၍ ချင်မူ့အား လှည့်ကြည့်လိုက်သည်။ “နောင်တော်ချင်လည်း ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ”
ချင်မူ ရင်ထဲတွင် လှုပ်ခါသွားပြီး သေတ္တာကြီးက မတ်တပ်ရပ်လိုက်သည်။ ပန်ကုန်းစုန်က သေတ္တာအပေါ် ခုန်တက်လိုက်၏။ နဂါးချီလင်လည်း အင်အားအပြည့်ဖြင့် သေတ္တာအပေါ် တက်လိုက်သည်။
သူတို့ အနောက်တံခါးဆီသို့ ပြေးသွားကြသော်လည်း တံခါးအနား ရောက်သည့်အခါ တသိမ့်သိမ့် လှုပ်သွားစေသော ပေါက်ကွဲသံကြီး ကြားလိုက်ရပြီး တောင်ဘက်ဂိတ်စောင့် နတ်ဘုရားမှာ သူတို့ဘက်သို့ လွင့်ထွက်လာသည်။
တစ်ကိုယ်လုံး သံကြိုးများ ရစ်ပတ်လျက်ရှိသည့် ကျွဲခေါင်းဘီလူးကြီးတစ်ကောင်က မြို့အပြင်၌ ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ကြီးက မြို့မျှော်စင်များထက်ပင် မြင့်မားသည်။ သူက သံကြိုးများကို ဆွဲလာပြီး သံကြိုးများ၏အဆုံးတွင် တောင်တစ်လုံးအရွယ်မျှ ရှိသော အနက်ရောင်သံလုံးကြီးတစ်လုံး ပါလာ၏။ ကျွဲခေါင်းဘီလူးကြီးက သံလုံးကြီးကို လွင့်ထွက်သွားသည့် နတ်ဘုရားဆီသို့ ပစ်လွှတ်လိုက်သည်။
ချင်မူ သွေးများအေးစိမ့်သွားသည်။ သံလုံးကြီးက နတ်ဘုရားဆီ လာနေခြင်းဖြစ်ရာ သူတို့အနားကျလာပါက မည်သို့အသက်ရှင်နိုင်တော့မည်နည်း။
ထိုအချိန်တွင် ပိုင်အိမ်တော်မှ နဂါးတွန်သံများ ထွက်လာပြီး စောစောက အမျိုးသမီးနှင့် သိုင်းပညာရှင်များက နဂါးကြီးများအသွင် ပြောင်းလဲကာ သံလုံးကြီးအား ကာဆီးလိုက်ကြ၏။
တစ်ချိန်တည်းမှာပင် ပိုင်ဖန်းရုံမြို့၏ သိုင်းပညာရှင်များလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။ သူတို့အားလုံး တောင်ဘက်ဂိတ်တံခါးဆီ အပြေးလာနေကြသည်။
တောင့်တင်းသန်မာသော လူတစ်ပိုင်း၊ သားရဲတစ်ပိုင်းများက မြို့တံတိုင်းများအား တဒုန်းဒုန်း ထရိုက်နေကြ၏။ မရေမတွက်နိုင်သော ပြင်ပမကောင်းဆိုးဝါးများက မြို့ထဲ ပြုံတိုးဝင်လာပြီး အဆောက်အဦတစ်ခုပြီးတစ်ခုအား ဖျက်စီးနေကြသည်။
“မြန်မြန်သွား”
ချင်မူ၊ ပိုင်ချင်းဖုနှင့် ကျန်ရှိသူများ မြောက်ဘက်ဂိတ်တံခါးသို့ အပြေးရောက်လာသည့်အခါ အသက်လုပြေးနေသော မြို့သူမြို့သားများ ပြည့်ကြပ်နေသည်ကို မြင်တွေ့လိုက်ရသည်။ လူအုပ်ကြီးမှာ သူ့ထက်ငါ အလုအယက် ပြေးနေကြပြီး လဲကျသွားသူများမှာ တက်နင်းခံကြရ၏။
မြို့မျှော်စင်ထက်တွင် မြို့စောင့်နတ်ဘုရားက မှော်စွမ်းအင်ဖြင့် လက်ကြီးတစ်ဖက် ဖွဲ့တည်ကာ လူများကို အပြင်ထုတ်ပေးရင်း ကျယ်လောင်စွာ အော်ဟစ်နေသည်။ “မြို့ပြင်က အလင်းရောင်ထဲမှာနေ။ အလင်းရောင်ရဲ့ အပြင်ကို မထွက်နဲ့”
ချင်မူတို့ မြို့ပြင် ပျံထွက်လိုက်ပြီး အမှောင်ထုထဲ တိုးဝင်သွားသူများအား တွေ့လိုက်ရသည်။ သူတို့အားလုံး အသားမရှိသော အရိုးစုများ ဖြစ်ကုန်၏။
နတ်ဘုရားက လူသောင်းပေါင်းများစွာကို အပြင်ထုတ်ပေးထားသော်လည်း မြောက်ဘက်ဂိတ်တံခါးတွင် တိုးဝှေ့နေကြသူများ မရေမတွက်နိုင်အောင် ရှိနေသေးသည်။ ထိုအချိန်တွင် ပြင်ပမကောင်းဆိုးဝါးများက သတ်ဖြတ်ရင်း ဝင်ရောက်လာကြချေပြီ။
နတ်ဘုရားမှာ အံတင်းတင်းကြိတ်၍ မြို့အပြင်သို့ ပျံထွက်လိုက်သည်။ “အားလုံး ငါ့အနားလာကြ။ မင်းတို့ကို ကောင်းကင်နတ်ဘုံဆီ ခေါ်သွားပေးမယ်။ ငါ့နောက် လိုက်ခဲ့။ သန်မာတဲ့လူတွေက ပြင်ပမကောင်းဆိုးဝါးတွေကို တိုက်ထုတ်ဖို့ နေကျန်ခဲ့”
မြို့ထဲမှ အပြေးအလွှား ထွက်လာနေကြသူများအား သူ မထည့်တွက်နိုင်တော့ပေ။ အပြင်ရောက်နေသူများကိုသာ ကာကွယ်ရလိမ့်မည်။
ချင်မူတို့ မြေပြင်ပေါ် ဆင်းသက်လိုက်သည်နှင့် ပိုင်ချင်းဖုက အားလုံးကို ဦးဆောင်၍ နတ်ဘုရားနောက် လိုက်သွားရန် ပြင်သော်လည်း ပန်ကုန်းစုန်က တားလိုက်သည်။ သူက ဒေါသတကြီး အော်ဟစ်လိုက်၏။ “အားလုံး ပြန်လာခဲ့။ အသက်ရှင်ချင်ရင် အဲဒီနတ်ဘုရားနောက် မလိုက်နဲ့”
ပိုင်ချင်းဖု မှင်သက်သွားပြီး ခြေပြတ်ကောင်လေးကို လှည့်ကြည့်သည်။ ပိုင်ချွီအာက ကလေးတစ်ယောက်ကို လက်တစ်ဖက်ဖြင့် ချီ၍ ကျန်တစ်ဖက်ဖြင့် နဂါးပုတီးစေ့အား ကိုင်ထားရင်း ဇဝေဇဝါ လှမ်းမေး၏။ “ဘာလို့ သူ့နောက် မလိုက်သင့်တာလဲ”
ကလေးက ထငို၍ ပိုင်ချင်းဖု၏ဇနီးက သူမလက်ထဲမှ ကလေးကို ခေါ်ကာ ချော့နေသည်။ ကလေးသည် ပိုင်ချင်းဖု၏ သားလေး ဖြစ်ပြီး နို့ပင် မပြတ်သေးပေ။
ချင်မူ့အမူအရာ လေးနက်သွားသည်။ “အဲဒီနတ်ဘုရားက လူထောင်ပေါင်းများစွာကို စောင့်ရှောက်နေတာဆိုတော့ မကောင်းဆိုးဝါးတွေရဲ့ ပစ်မှတ် ဖြစ်နေမှာပဲ။ သေချာပေါက် အတိုက်ခိုက်ခံရလိမ့်မယ်။ အားလုံး ... ဒီလူပြောတာမှန်တယ်။ မှော်ဆရာသခင်က အသက်လုပြေးတဲ့နေရာမှာ အတော်ဆုံးပဲ။ ပြေးတဲ့နေရာမှာ ပြိုင်ဘက်ကင်းတယ်။ မှော်ဆရာသခင်၊ မင်းက အတွေ့အကြုံအရှိဆုံးဆိုတော့ ငါတို့ ဘယ်ကို သွားရမလဲ ပြောပါ”
“ကောင်းကင်နတ်ဘုံက ဘယ်လမ်းလဲ” ပန်ကုန်းစုန်က အလျင်စလို မေးလိုက်သည်။ ပိုင်ချင်းဖုက ပေ့လော့ရှစ်မန်တပ်၏ အနောက်အရပ်သို့ လက်ညိုးထိုးပြ၏။ ပန်ကုန်းစုန် ကပျာကယာ ပြောလိုက်သည်။ “ငါတို့ အရှေ့ကို သွားမယ်။ မြန်မြန်”
နတ်ဘုရားက မြို့သူမြို့သားများကို ခေါ်၍ အဝေးသို့ ရောက်သွားပြီဖြစ်သည်။ ချင်မူတို့၏ ပတ်ပတ်လည်တွင် အလင်းရောင် ရှိသေး၍ လူတစ်ရာကျော် စုဝေးနေသည်။ အလင်းရောင်ရှိရာသို့ လာနေကြသူများလည်း ရှိသေး၏။
“နောက်ကျန်ခဲ့တဲ့ လူအားလုံးကို မြန်မြန် သတ်ပစ်” ပန်ကုန်းစုန်က အညှာအတာကင်းမဲ့စွာ ပြောသည်။
“ကိုယ့်လူအချင်းချင်းကို ဘယ်လိုလုပ် သတ်ရက်မှာလဲ” အားလုံး ဒေါသထွက်သွားကြသည်။ ပိုင်ချွီအာလည်း ရပ်ပြီး လူစောင့်နေသည်။
ပန်ကုန်းစုန်၏နဖူးမှ ချွေးများကျလာပြီး အော်ဟစ်လိုက်၏။ “အားလုံး ဒီမှာ သေချင်လို့လား။ မင်းတို့ အသက်ရှင်သေးတယ်မလား။ စိတ်မမာရင် ထွက်ပြေးဖို့ တွေးမနေနဲ့တော့”
ပြင်ပမကောင်းဆိုးဝါးများက မြောက်ဘက်ဂိတ်တံခါးမှ ထွက်လာကြကာ ထွက်ပြေးနေသူများအား တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်နေသည်။
ပိုင်ချင်းဖု အံကြိတ်ကာ ပြောလိုက်၏။ “ကျန်တဲ့သူတွေကို စောင့်မနေနဲ့ သွားစို့”
သေတ္တာကြီး၏ မှိန်ဖျော့ဖျော့ အလင်းရောင်ကို အားပြု၍ သူတို့ အမှောင်ထုထဲ၌ ပြေးနေကြသည်။ သူတို့အနောက်၌ ပြင်ပမကောင်းဆိုးဝါးများက သွေးညှီနံ့ရလိုက်သော ငါးမန်းများသဖွယ် လိုက်လာနေကြသဖြင့် ပိုင်ချင်းဖုတို့မှာ တိုက်ခိုက်လိုက်၊ ဆုတ်ခွာလိုက်လုပ်ရင်း ကာကွယ်ပေးနေသည်။
“ဒီဝန်ထုပ်တွေကို ခေါ်လာလို့ ငါတို့ တအားနှေးနေပြီ” ပန်ကုန်းစုန်က အံတင်းတင်းကြိတ်၍ ပိုင်ဖန်းရုံမြို့သူမြို့သားများကို ရက်စက်ကြမ်းကြုတ်စွာ ကြည့်သည်။ သူ့မျက်နှာအပေါ်တွင် ကောက်ကျစ်သောအပြုံး ထင်ဟပ်လာ၏။ “ဒီဆန်ကုန်မြေလေးတွေ အသက်ရှင်နေလည်း အလကားပဲ။ သတ်ပစ်လိုက်တာ မကောင်းဘူးလား။ အဲဒါမှ ငါတို့ လွတ်မှာ။ ဂိုဏ်းသခင်ချင်၊ မင်းလည်း သဘောတူတယ်မလား”
ချင်မူ ပိုင်ချွီအာကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။ “ချွီအာ၊ မင်းရဲ့ နဂါးပုတီးစေ့ကို သူတို့လက်ထဲ ထည့်ခဲ့လိုက်။ မင်းတို့ အသက်ရှင်ချင်ရင် ငါ သေတ္တာကြီးရဲ့ အကူအညီနဲ့ ခေါ်သွားပေးနိုင်တယ်။ မဟုတ်ရင် ဒီလူတွေကြောင့် ငါတို့ တကယ် ခရီးဖင့်လိမ့်မယ်”
ပိုင်ချွီအာက ခေါင်းယမ်း၏။ “ကိုယ့်အသက်အတွက်နဲ့ အားလုံးကို ဘယ်လိုလုပ် စွန့်ပစ်ခဲ့ရမှာလဲ။ ပိုင်မိသားစုမှာ အဲဒီလိုလူစားမျိုး မရှိဘူး။ အစ်ကိုမု၊ ချုံဧကရာဇ်ကောင်းကင်နတ်ဘုံဟာ လူသားတွေအတွက် တည်ဆောက်ထားတာ။ နတ်ဘုရားတွေက လူသားတွေအတွက် အကျိုးပြုပေးရမှာပါ။ လူ့အသက်ဟာ ကောင်းကင်ဘုံထက် အဖိုးတန်တယ်လို့ ချုံဧကရာဇ်ကိုယ်တိုင် ပြောထားပြီးသား”
သူမအသံက တိုးညင်းနေ၍ ကရုဏာသက်စိတ်များ ပေါက်ဖွားလာစေ၏။ “လူတွေကို မကယ်တင်နိုင်ရင် နတ်ဘုရားဆိုတာ ဘာလို့ရှိနေတော့မှာလဲ။ လူ့အသက်တွေအတွက် နတ်ဘုရားအားလုံး တာဝန်ရှိတယ်လို့ ချုံဧကရာဇ် မိန့်တော်မူထားပါတယ်”
ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားသည်။ “လူ့အသက်က ကောင်းကင်ဘုံထက် အဖိုးတန်တယ်တဲ့လား”
ပန်ကုန်းစုန်က ဒေါသတကြီး ရယ်သည်။ “လူဆိုတာ ကိုယ့်အကျိုးအတွက်ဆိုရင် မင်းကို ဖျက်စီးပစ်ဖို့ ဝန်မလေးဘူး။ လူ့အသက်က ကောင်းကင်ဘုံထက် အဖိုးတန်တယ်ဟုတ်လား။ ငါ့အမြင်အရတော့ ချုံဧကရာဇ် ဒီလိုအခြေအနေမျိုးနဲ့ ကြုံရင် အရင်ဆုံး သူ့အသက်အတွက် ထွက်ပြေးလိမ့်မယ်”
ပိုင်ချွီအာက ခေါင်းယမ်းသည်။ “ချုံဧကရာဇ်က သေချာပေါက် အဲဒီလိုလုပ်မှာမဟုတ်ဘူး”
မကောင်းဆိုးဝါးများစွာ ရောက်လာ၍ ချင်မူလည်း ပိုင်ချင်းဖုတို့နှင့်အတူ မကောင်းဆိုးဝါးများအား တိုက်ထုတ်ရင်း အရှေ့သို့ သွားနေသော အုပ်စုကို ကာကွယ်ပေးနေသည်။
ထိုအခိုက်အတန့်တွင် ‘ပြင်ပမကောင်းဆိုးဝါး’ ဆိုသူများကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်သည်။ သူတို့က သူတို့လို လူသားများသာ ဖြစ်၏။ ချင်မူ စိတ်ရှုပ်ထွေးသွားမိသည်။ “သူတို့လည်း လူသားပဲလား”
နှစ်ဖွဲ့လုံးက ထိပ်တိုက်တွေ့တိုင်း သန်မာအားအကောင်းဆုံး အသေသတ်သိုင်းကွက်များကို ထုတ်လွှတ်၏။ ချင်မူ၏ချီစွမ်းအင် တရှိန်ထိုး ထွက်သွားပြီး ဓားစက်လုံးဖြင့် ပြင်ပမကောင်းဆိုးဝါးများအား တိုက်ခိုက်လိုက်သည်။ ဓားပျံများက ခန့်မှန်းမရသော ဓားကွက်မျိုးစုံဖြင့် ရန်သူတစ်ယောက်ပြီးတစ်ယောက်အား သုတ်သင်နေသည်။
“သူပုန်တွေကို သတ်” ပမကောင်းဆိုးဝါးတစ်ကောင်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ငါတို့ရည်ရွယ်ချက် ပြီးမြောက်တာနဲ့ ကောင်းကင်နတ်ဘုံဆီ မြန်မြန်ပြန်ကြစို့”
တိုက်ပွဲက သွေးချောင်းစီးနေသည်။ ပိုင်ချင်းဖုနှင့် ကျန်ရှိသူများက မနားမနေ သတ်ဖြတ်နေသော်လည်း မကောင်းဆိုးဝါးများ ပိုမိုများပြားလာ၏။ အားလုံး ဒဏ်ရာများ ရထားကြသည်။
ရုတ်တရက် တစ်စုံတစ်ယောက် အမှောင်ထုထဲသို့ တွန်းထုတ်ခံလိုက်ရ၍ အမှောင်ထဲရှိ မိစ္ဆာများကြောင့် အရိုးစုကြီး ဖြစ်သွားသည်။ ချင်မူ ဝမ်းနည်းသွား၏။ ထိုလူက ပိုင်အိမ်တော်တွင် သူနှင့် သိုင်းကွက်ဖလှယ်ခဲ့သော မိန်းကလေးဖြစ်လေသည်။
သူတို့ တိုက်ခိုက်လိုက်၊ ဆုတ်ခွာလိုက် လုပ်ရင်း နောက်ဆုံးမကောင်းဆိုးဝါးကို သုတ်သင်ပြီးသည့်အခါ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွား၏။ အမှောင်ထုထဲရှိ မိစ္ဆာများ၏ တီးတိုးညည်းသံများသာ ကျန်ခဲ့သည်။
ချင်မူ အားလုံးကို ဆေးကုသပေးသည့်အခါ ပိုင်ချင်းဖုက ပြုံးလေသည်။ “နောင်တော်ချင်က ဆေးပညာကိုလည်း သိတာပဲလား။ တကယ် ထူးချွန်လှပါပေတယ်”
သူ့မှာ ဘယ်လက် ဖြတ်ခံထားရသည့်တိုင် ပြုံးနိုင်သေး၏။ ဤသည်က အလွန်လေးစားဖွယ်ရာ ကောင်းပေသည်။
“ငါ့ကို ကုစရာမလိုတော့ဘူး” ချင်မူ့ကို စိန်ခေါ်ခဲ့သော လူငယ်တစ်ယောက်က ပြောလာသည်။ သူ့ရင်ဘတ်ထဲတွင် အပေါက်ကြီးတစ်ပေါက် ပွင့်ထွက်နေ၏။ သူက ခပ်မျှဉ်းမျှဉ်း အသက်ရှူရင်း ခေါင်းမော့ကာ ပြုံးလိုက်သည်။ “ငါက ကယ်လို့မရတော့ဘူး။ ဝိညာဉ်ပြိုကွဲနေပြီ။ လောဘကြီးပြီး ရန်သူကို သတ်ချင်ခဲ့ပေမယ့် သူ ထိုးနှက်တာပဲ ခံလိုက်ရတယ်လေ။ ငါ့အလောင်းကို မသယ်သွားကြနဲ့။ ဒီမှာပဲ ထားခဲ့။ မင်းတို့တွေအတွက် ငါ ဝန်ထုပ်ဝန်ပိုး မဖြစ်ချင်ဘူး....”
ချင်မူ သူ့ကို လှမ်းကြည့်လိုက်သော်လည်း သူ မစမ်းသပ်နိုင်ခင် လူငယ်မှာ အသက်မရှိတော့ပေ။
ချင်မူ ငေးငိုင်သွားပြီး ကျန်ရှိသူများအား ဆက်လက်ကုသလိုက်သည်။
သူတို့ တရွေ့ရွေ့ ဆက်သွားနေကြစဉ် ညတာက အလွန်ရှည်နေသကဲ့သို့ ခံစားနေကြရသည်။ တစ်ချက်တစ်ချက် အမှောင်ထုထဲမှ တိုက်ခိုက်သံများ ထွက်လာတတ်သည်။
ပြင်ပမကောင်းဆိုးဝါးကလည်း ဆာလောင်နေသော ဝံပုလွေများသဖွယ် သူတို့နောက် လိုက်မှီလာကြသည်။ လူအင်အားနည်းလာသဖြင့် ပန်ကုန်းစုန်လည်း အားလုံးအတူ ဝင်တိုက်ရ၏။ နဂါးချီလင်ပင် တိုက်ပွဲထဲ ဝင်လာသည်။
ချင်မူ ပိုင်ချင်းဖု၏ လက်ပြတ်ကို ဆေးထည့်ပေးနေစဉ် ပိုင်ချင်းဖုက သားငယ်လေးကို ညာဖက်ဖြင့် ချီကာ အိပ်ပျော်အောင် ချော့နေသည်။ သူက သားငယ်ကို ဇနီးဖြစ်သူဆီ ပေးပြီးနောက် နူးညံ့ညင်သာစွာ ပြောလိုက်သည်။ “ရှေ့မှာ မင်းတို့တွေကို ကာကွယ်ပေးမယ့် နတ်ဘုရားတစ်ပါးနဲ့ နားနေစခန်းတစ်ခန်း ရှိတယ်။ နောင်တော်ချင်၊ ဒီသေတ္တာ ငှားလို့ရမလား”
သူတို့နောက်မှ ရက်စက်ကြမ်းကြုတ်သောအော်သံများ ထွက်လာသဖြင့် မကောင်းဆိုးဝါးများ သူတို့အား လိုက်မှီပေတော့မည်။
“ကျွန်တော်လည်း လိုက်ခဲ့ပါရစေ”
“မလိုဘူး” တင်းမာနေသော ပိုင်ချင်းဖု၏အမူအရာ ပျော့ပျောင်းသွားသည်။ “မင်းက အရပ်ခြောက်မျက်နှာအဆင့်ပဲ ရှိသေးတယ်။ ငါက ကောင်းကင်နတ်အသွင်အဆင့်။ ငါ့အနေနဲ့ ပြန်လာနိုင်ပေမယ့် မင်းကတော့ ပြန်လာနိုင်မှာမဟုတ်ဘူး။ ဒီမှာပဲ နေပြီး ငါ့ကို စောင့်နေပါ။ သားလေးကိုလည်း ဂရုစိုက်ပေးပါဦး...”
သူက သေတ္တာကြီးနှင့်အတူ လှည့်ထွက်သွား၏။
ပိုင်ချွီအာနှင့် သူမ,မရီးမှာ သေတ္တာကြီးနှင့်အတူ ပျောက်ကွယ်သွားသော ပိုင်ချင်းဖုအား ငေးကြည့်နေကြလေသည်။ ချင်မူ သူတို့ကို ခေါ်၍ ရှေ့ဆက်သွားလိုက်သည်။
များစွာမကြာလိုက်ဘဲ သေတ္တာကြီးက သူတို့ကို လိုက်မှီလာပြီး သေတ္တာတစ်ခုလုံး သွေးများစွန်းနေ၏။
“အစ်ကိုချင်၊ တိုက်ခိုက်နိုင်တဲ့လူတွေ သိပ်မကျန်တော့ဘူး” ပိုင်ချင်းယု၏ ဇနီးက ကလေးကို ပိုင်ချွီအာ၏လက်ထဲ ထည့်ပေးပြီး ဖြန့်ချထားသော သူမဆံပင်များကို စုစည်းလိုက်သည်။ သူမက ပြုံးလိုက်၏။ “နောက်က လိုက်လာတဲ့ကောင်တွေကို တားပေးဖို့ လူလိုသေးတယ်။ ကျွန်မကို သေတ္တာငှားလိုက်ပါ။ ဒါပေမဲ့ ကျွန်မတော့ ပြန်မလာနိုင်လောက်ဘူး”
“မမကြီး၊ ကျွန်တော်တို့လည်း လိုက်ခဲ့ပါရစေ” ခြေလက်များ ပြတ်နေသည့် လူငယ်များနှင့် မိန်းကလေးများက ထရပ်ကြသည်။
ချင်မူက ခေါင်းညိတ်၍ သေတ္တာငှားပေးလိုက်၏။ ပိုင်ချွီအာက ပါးစပ်ဟသော်လည်း မည်သည်ကိုမျှ မပြောပေ။
သူတို့အုပ်စု အရှေ့အရပ်သို့ ဆက်၍လျှောက်လာကြသည်။
များစွာမကြာလိုက်ဘဲ သေတ္တာကြီးက သူတို့ကို ပြန်မှီလာပြီး ရက်စက်ကြမ်းကြုတ်သော အော်သံများလည်း ပြန်လည်ထွက်ပေါ်လာသည်။
ချင်မူ ပြုံး၍ သေတ္တာပေါ် တက်လိုက်သည်။ “ဖက်တီးနဂါး လာ၊ ငါတို့အလှည့်ပဲ။ မှော်ဆရာကြီး သူတို့နဲ့ လိုက်သွားလိုက်
“မေနိုး” ပန်ကုန်းစုန်က လက်နှစ်ဖက်ဖြင့် သေတ္တာဆီ လျှောက်လာပြီး ဆဲဆိုနေသည်။ “ငါက မင်းနဲ့ အတူ ဒီကို လာတာလေ၊ မင်းသေမှတော့ ဘယ်လိုပြန်ရတော့မှာတုန်း။ တစ်ခါမှ ကောင်းတာမလုပ်ဖူးပေမယ့် ဒီတစ်ခေါက်တော့ ခြွင်းချက်ထားလိုက်မယ်... မေနိုး”
“မသွားပါနဲ့...” ပိုင်ချွီအာက သူတို့ကို ကြည့်ပြီး မျက်ရည်များ ကျလာသည်။