ဓားတစ်ချက်
Vol. 34 Ch. 461
ရွေးချယ်ခံ ပြိုင်ပွဲကတော့ အလျင်အမြန်ပဲ ကျင်းပ လာခဲ့ပါတယ်။ ဒီပြိုင်ပွဲကိုတော့ စွမ်းအင် သတ်မှတ်ချက် ဇယားရဲ့ ထိပ်ဆုံး ဆယ်ယောက်ကပဲ ဝင်ပြိုင်ခွင့် ရမှာပါ။
အကဲဖြတ် စင်မြင့်ပေါ်မှာတော့ ကျောင်းအုပ်ကြီး မန်ချင်းဟန်၊ လက်ထောက်ကျောင်းအုပ် လင်းကျူပိုင်၊ အခြားသော လက်ထောက် ကျောင်းအုပ်တွေ၊ အတွင်းစည်း အကြီးအကဲတွေနဲ့ အတွင်းစည်း နည်းပြဆရာတွေ အားလုံးဟာ စုံစုံညီညီ ရောက်ရှိနေကြပါပြီ။
“ရွေးချယ်ခံ ပြိုင်ပွဲကို အခုပဲ တရားဝင် စတင်လိုက်ပြီ။ ပြိုင်ပွဲဝင်တွေ အားလုံးက တစ်ယောက်ကို ကိုးပွဲစီ တိုက်ခိုက်ရမယ်။ ကိုးပွဲစလုံး နိုင်တဲ့ ပြိုင်ပွဲဝင်ကတော့ သိုင်းတက္ကသိုလ် ၂၄ခု အဆင့်သတ်မှတ်ချက် ပြိုင်ပွဲကို အရွေးချယ်ခံအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရမယ်။ အရွေးချယ်ခံ အဖြစ် သတ်မှတ်ခံရတဲ့ ကျောင်းသားက လက်ရည်စစ် ပြိုင်ပွဲမှာ ဝင်ပြိုင်စရာ မလိုတော့ဘူး”
လက်ထောက်ကျောင်းအုပ် ဖြစ်တဲ့ လင်းကျုပိုင်က မတ်တတ် ထရပ်လိုက်ပြီး ကြေညာ လိုက်ပါတယ်။
ပထမဆုံး ပွဲကတော့ အလျင်အမြန်ပဲ ပြီးသွားခဲ့ပါတယ်။ အဆင့်၇ လျူကျင်းက အဆင့်၉ ကျောင်းသားကို အလွယ်တကူပဲ အနိုင်ယူ သွားခဲ့တာပါ။
သိုင်းစင်မြင့်ရဲ့ အောက်မှာတော့ လီဖူချန်းနဲ့ အခြား အတွင်း စည်းကျောင်းသား ခုနစ်ယောက်ဟာ အဆင့် သတ်မှတ်ချက် အတိုင်း ရပ်နေကြပါတယ်။
အမှန်တော့ လီဖူချန်းက စွမ်းအင် သတ်မှတ်ချက် ဇယားက ကျောင်းသားတွေကို တစ်ခါမှ စိမ်ခေါ် မတိုက်ခိုက်ရသေးပါဘူး။ ဒါပေမဲ့ လျူကျင်းကို သူအနိုင်ယူလိုက်တဲ့ သတင်းဟာ အတွင်းစည်း တက္ကသိုလ် တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီအတွက် တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ အကြီးအကဲတွေဟာ လျုကျင်းကို အဆင့်တစ်ဆင့် နိမ့်လိုက်ပြီး လီဖူချန်းကို ကျိုးဟန်နဲ့အတူ အဆင့်သတ်မှတ်ချက် ဇယားရဲ့ အဆင့်၆အဖြစ် ပူးတွဲ သတ်မှတ် ပေးလိုက်တာပါ။
မဟုတ်လို့ကတော့ လီဖူချန်းအနေနဲ့ အရွေးချယ်ခံ ပြိုင်ပွဲကို ဝင်ပြိုင်ခွင့်ရမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ စွမ်းအင် သတ်မှတ်ချက် ဇယားက ကျောင်းသားတွေက ရွေးချယ်ခံပြိုင်ပွဲ မပြီးမချင်း သူစိမ်ခေါ်တာကို လက်ခံမှာ မဟုတ်လို့ပါပဲ။
ပွဲအနည်းငယ် အပြီးမှာတော့ လီဖူချန်းရဲ့ အလှည့်ကို ရောက်လာခဲ့ပါပြီ။
လီဖူချန်းရဲ့ ပြိုင်ဘက်ကတော့ စွမ်းအင် သတ်မှတ်ချက် ဇယားရဲ့ အဆင့်၈ အတွင်းစည်း ကျောင်းသားပါပဲ။
ဓားတစ်ချက် …
လီဖူချန်းက သူ့ရဲ့ ပြိုင်ဘက်ကို ဓားတစ်ချက်ထက် ပိုမသုံးလိုက် ရပါဘူး။
သူ့ရဲ့ ပြိုင်ဘက် လေထဲကို လွင့်ထွက်သွားတဲ့ အချိန်မှာတော့ ကျောင်းအုပ်ကြီး ဖြစ်တဲ့ မန်ချင်းဟန်ဟာ ကျိတ်ပြီး ပြုံးလိုက်မိပါတယ်။ ဒီအတိုင်း ဆိုရင်တော့ လီဖူချန်းဟာ စွမ်းအင် သတ်မှတ်ချက် ဇယားရဲ့ အဆင့်၅ကိုတောင် မှုစရာ လိုတော့မှာ မဟုတ်ပါဘူး။
လီဖူချန်းရဲ့ အလှည့်ပြီးတဲ့ အခါမှာတော့ ဝမ်ဟိုင်လုံရဲ့ အလှည့်ပါပဲ။
ဝမ်ဟိုင်လုံရဲ့ ပြိုင်ဘက်ကတော့ တိုက်တောင် မတိုက်တော့ဘဲ အရှုံးပေးသွား ခဲ့ပါတယ်။
မန်ချင်းဟန်ကတော့ နောက်ထပ်တစ်ကြိမ် ပြုံးနေခဲ့ပြန်ပါပြီ။
ဝမ်ဟိုင်လုံက စွမ်းအင်သတ်မှတ်ချက် ဇယားရဲ့ အဆင့်၂ ကုဟန်ကိုတောင်မှ အနိုင်ယူ ထားတဲ့သူပါ။ ဝမ်ဟိုင်လုံရဲ့ အမှောင်ထု အရိုးတည်ဆောက်ပုံက နောက်စရာ မဟုတ်ပါဘူး။
တကယ်လို့သာ ဝမ်ဟိုင်လုံက နောက်ထပ် နှစ်အနည်းငယ် အချိန်ရခဲ့မယ်ဆိုရင် သိုင်းတက္ကသိုလ် ၂၄ခု အဆင့် သတ်မှတ်ချက် ပြိုင်ပွဲရဲ့ ထိပ်ဆုံး သုံးနေရာ အတွင်းကိုပါ ဝင်နိုင်မှာ အသေအချာပါပဲ။
ပွဲစဉ်တစ်ဝက်လောက် ပြီးသွားတဲ့ အချိန်မှာတော့ ရွေးချယ်ခံ ပြိုင်ပွဲရဲ့ အခြေအနေဟာ ရှင်းရှင်းလင်းလင်းကြီး ဖြစ်နေခဲ့ပါပြီ။
စီးတုသောင်းနဲ့ ဝမ်ဟိုင်လုံက အရွေးချယ်ခံ ကျောင်းသား ဖြစ်ထိုက်တဲ့ စွမ်းဆောင်ရည် တွေကို ထုတ်ပြနေပြီး သူတို့နှစ်ယောက် နောက်မှာတော့ လီဖူချန်း နဲ့ ကုဟန်က ကပ်လိုက်နေပါတယ်။ ကျန်တဲ့ ကျောင်းသားတွေက သူတို့ အတိုင်းအတာနဲ့ သူတို့ အစွမ်းထက်ပေမဲ့လည်း သူတို့လေးယောက် ကိုတော့ ဘယ်လိုမှ မယှဉ်နိုင်ကြပါဘူး။
“ကျောင်းအုပ်ကြီး … ဂုဏ်ယူပါတယ်။ ကျောင်းအုပ်ကြီးရဲ့ သီးသန့် ကျောင်းသား နှစ်ယောက်စလုံးက ကြောက်စရာ ကောင်းလောက်အောင် အစွမ်းထက် နေကြပြီ”
လင်းကျုပိုင်က မန်ချင်းဟန်ကို ဂုဏ်ပြုစကား လှမ်းပြော လိုက်ပါတယ်။ သူက ဂုဏ်ပြုစကားသာ ပြောလိုက်တာပါ။ စိတ်ထဲမှာတော့ လီဖူချန်းကို သူ့ရဲ့ သီးသန့် ကျောင်းသားအဖြစ် လိုချင်နေတုန်းပါပဲ။
မန်ချင်းဟန်က ရယ်လိုက်ပြီး ပြန်ပြောလိုက်ပါတယ်။
“အဲလောက်ကြီးလည်း အစွမ်း မထက်သေးပါဘူးကွာ။ ဒီကလေး နှစ်ယောက်က ဆက်ပြီး ကြိုးစားဖို့ လိုပါသေးတယ်။ အဓိက သိုင်းတက္ကသိုလ်နှစ်ခုက ကျောင်းသားတွေကို ယှဉ်နိုင်ဖို့အတွက် သူတို့နှစ်ယောက်စလုံး အများကြီး ကြိုးစားရဦးမယ်”
သိုင်းစင်မြင့်ပေါ်မှာတော့ လီဖူချန်း နဲ့ ကုဟန်တို့ နှစ်ယောက်ဟာ ထိပ်တိုက် တွေ့နေကြပါပြီ။
“အစ်ကိုကုဟန် … ကျေးဇူးပြုပြီး ကျွန်တော့်ကို သင်ပြပေးပါဦး”
လီဖူချန်းက သူ့ရဲ့ သွေးနီဓားကို ဆွဲထုတ်ရင်း ပြောလိုက်ပါတယ်။
ကုဟန်က ခေါင်းညိတ်လိုက်ပြီး …
“ညီလေးလီ … စလိုက်ကြရအောင်”
ဒီလတွေ အတွင်းမှာဆိုရင် ကုဟန်ဟာ ဝမ်ဟိုင်လုံရဲ့ အမှောင်ထု ကောင်းကင်ပေါင်းမိုးကို အနိုင်ယူနိုင်မယ့် နည်းလမ်းတွေကိုပဲ တီထွင်ကြံဆ နေခဲ့တာပါ။ သူက လီဖူချန်းကိုတော့ စာရင်းထဲမှာကို ထည့်မထားခဲ့ပါဘူး။
နတ်ဘုရား စွမ်းရည်ကို နိုးထ ထားနိုင်တဲ့ လူတွေ အတွက်ကတော့ နတ်ဘုရား စွမ်းရည်ကို နိုးထထားနိုင်တဲ့ လူတွေကပဲ ပြိုင်ဘက်အဖြစ် ထိုက်တန်တာ မဟုတ်ပါလား။
“ဒါဆိုရင်လည်း သတိထားတော့”
စကားဆုံးတဲ့ နောက်မှာတော့ လီဖူချန်းက သူ့ရဲ့ သွေးနီဓားကို ဝှေ့ယမ်းလိုက်ပြီး ထောင်နဲ့ချီတဲ့ ဓားအလင်းတန်းတွေကို ပစ်လွှတ် တိုက်ခိုက် လိုက်ပါတော့တယ်။
“ဟင်”
မန်ချင်းဟန်နဲ့ လင်းကျုပိုင် တို့ကတော့ အံ့သြနေကြပါပြီ။ လီဖူချန်းရဲ့ နေဝန်းစိမ်း ဓားဆန္ဒဟာ ဘယ်အချိန်ကတည်းက ဒီလောက်အထိ ကြောက်စရာ ကောင်းနေတယ် မသိပါဘူး။ သူတို့ ထင်တာသာ မမှားဘူး ဆိုရင်တော့ လီဖူချန်းရဲ့ နေဝန်းစိမ်း ဓားဆန္ဒ ဓားသိုင်းဟာ မြေကမ္ဘာ အလယ်အလတ် အဆင့်ကို ကျော်လွန်ပြီး မြေကမ္ဘာအဆင့်မြင့် ဓားသိုင်းအဆင့်ကို ရောက်နေပါပြီ။ ဒါက တကယ့်ကို ရူးချင်စရာပါပဲ။
ကုဟန်ကတော့ သနားစရာ အခြေအနေကို ရောက်နေခဲ့ပါပြီ။ သူက လီဖူချန်းကို အထင်သေးပြီး ဘာမှ ကြိုတင်ပြင်ထားခြင်း မရှိတဲ့အတွက် နောက်ကိုသာ တစ်ဆုတ်တည်း ဆုတ်နေရပါတယ်။ ဒီအတိုင်း ဆိုရင်တော့ သူဟာ သိပ်မကြာခင်မှာပဲ ရှုံးနိမ့် သွားတော့မှာပါ။
ဝမ်ဟိုင်လုံကတော့ တိတ်ဆိတ်စွာနဲ့ တိုက်ပွဲကို အကဲခတ် နေပါတယ်။
သူက အတွင်းစည်း တက္ကသိုလ် ကျောင်းသား ဖြစ်ပြီးကတည်းက လီဖူချန်းကို နောက်ကောက် ချထားနိုင်ခဲ့ပြီလို့ ထင်နေခဲ့တာပါ။ လီဖူချန်းရဲ့ တိုးတက်မှုနှုန်းက ဒီလောက်အထိ မြန်လိမ့်မယ်လို့ သူ့အနေနဲ့ လုံးဝ တွေးမထင် ထားခဲ့ပါဘူး။ တကယ့် လက်တွေ့မှာတော့ လီဖူချန်းက သူ့ထက်တောင်မှ အနည်းငယ် ပိုအစွမ်းထက် နေပါသေးတယ်။ ဒါပေမဲ့လည်း ဒါက သူ့ရဲ့ မဟူရာ ကောင်းကင်ပေါင်းမိုးကို ထုတ်မသုံးခင် အခြေအနေကို ဆိုလိုတာ ဖြစ်ပါတယ်။
စင်မြင့်ပေါ်မှာ ရှိနေတဲ့ ကုဟန်ကတော့ လီဖူချန်းရဲ့ ဓားအလင်းတန်း တွေကို ဖျက်ဆီးပစ်လိုက် နိုင်ပါပြီ။ ကုဟန်က လီဖူချန်းရဲ့ ဓားအလင်းတန်း တွေကို ဖျက်ဆီးဖို့အတွက် သတ္တုစွမ်းအား အနည်းငယ်ကို ထုတ်သုံး လိုက်ရပါတယ်။
“ညီလေးလီ … ညီလေးက ညီလေးရဲ့ အစွမ်းတွေကို ကောင်းကောင်း လျှိုထားနိုင်ခဲ့တာပဲ”
ကုဟန်ရဲ့ မျက်နှာက သိပ်ပြီး မကောင်းတော့ပါဘူူး။ လီဖူချန်းက သူ့ကို သတ္တုစွမ်းအားတွေ ထုတ်သုံးရအောင် ဖိအားပေးနိုင်ခဲ့တာ မဟုတ်ပါလား။
“အစ်ကိုကုဟန် … အစ်ကို့ရဲ့ သတ္တုစွမ်းအားက ကျွန်တော့်ရဲ့ ဓားချက်ကို ခုခံနိုင်မယ် မထင်ဘူး။ နတ်ဘုရားစွမ်းရည်ကို ထုတ်လိုက်တာက ပိုကောင်းလိမ့်မယ် ထင်တယ်”
လီဖူချန်းက စကားပြောနေရင်းနဲ့ သွေးနီဓားကို တစ်ချက် လှုပ်ခါ လိုက်ပါတယ်။
ချွမ် …
သွေးနီဓားရဲ့ ဓားအရှိန်အဝါ တွေကတော့ နောက်ထပ်တစ်ဆင့် တိုးမြင့်လာခဲ့ပါပြီ။ ဒါက အစောပိုင်းတုန်းက ဓားအရှိန်အဝါနဲ့ လားလားမှ မတူတော့ပါဘူး။
“လေကြီးလိုက်တဲ့ကောင်”
ချွမ် …ချွမ် …ချွမ် …
ကုဟန်ရဲ့ လက်ထဲက လှံတံက ရွှေရောင်တွေ တောက်ပလာပြီးတဲ့ နောက်မှာတော့ လီဖူချန်းဆီကို တိုးဝင် သွားခဲ့ပါပြီ။
“လက်လျော့ လိုက်စမ်းပါ”
လီဖူချန်းက ဓားချက်တစ်ချက် ထုတ်လိုက်ပြီး ကုဟန်ရဲ့ လှံတံတိုက်ကွက်ကို ဖျက်ဆီး ပစ်လိုက်ပါတယ်။
သာမန် အစွမ်းချင်း ယှဉ်မယ် ဆိုရင်တော့ ကုဟန်က လီဖူချန်းကို ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး။ တကယ်လို့ လီဖူချန်းကသာ ဆန္ဒရှိမယ်ဆိုရင် ကုဟန်ကို ဓားချက် တစ်ချက်တည်းနဲ့တောင် သတ်ပစ် နိုင်ပါတယ်။ ကုဟန်က နတ်ဘုရား စွမ်းရည်ကို ထုတ်ခွင့်တောင် ရလိုက်မှာ မဟုတ်ဘူး။
“သတ္တု နတ်ဘုရားစွမ်းရည် … သတ္တုနတ်ဘုရားလှံ”
နောက်ဆုံးမှာတော့ ကုဟန်ဟာ သူ့ရဲ့ နတ်ဘုရား စွမ်းရည်ကို ထုတ်သုံး လိုက်ပါတော့တယ်။ အင်းကွက်တွေ ဖုံးအုပ်ထားတဲ့ ရွှေရောင်လှံ တစ်စင်းဟာ သူ့ရဲ့ လက်ထဲမှာ ဖြစ်တည် လာခဲ့ပါပြီ။
ရွှေရောင်လှံတံကို ကိုင်စွဲပြီးသွားတဲ့ အချိန်မှာတော့ ကုဟန်ရဲ့ ချီအရှိန်အဝါ တွေဟာ တစ်ဟုန်ထိုး တိုးတက် လာခဲ့ပါတယ်။
တကယ်လို့ သေရေးရှင်ရေး တိုက်ပွဲတွေမှာ ဆိုရင်တော့ ဝမ်ဟိုင်လုံဟာ သုံးယောက် ဖြစ်သွားရင်တောင်မှ ကုဟန်ကို အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။
ကုဟန်က ဝမ်ဟိုင်လုံကို ရှုံးခဲ့တာ မဟုတ်ဘဲ ထူးဆန်းလှတဲ့ မဟူရာ ကောင်းကင်ပေါင်းမိုးကို ရှုံးခဲ့တာပဲ ဖြစ်ပါတယ်။
“ညီလေးလီ … မင်း အရှုံးပေးရမယ့် အချိန်ရောက်ပြီ”
ကုဟန်က ဒေါသတကြီးနဲ့ သူ့ရဲ့ လှံချက်တွေကို ထုတ်လိုက် ပါတော့တယ်။
လှံချက် ထွက်ပေါ်လာပြီးတဲ့ နောက်မှာတော့ ရွှေရောင် အလင်းတန်းတွေဟာ သိုင်းစင်မြင့် တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့ပါပြီ။
ဒီတိုက်ခိုက်မှုကိုတော့ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်က အတွင်းစည်း နည်းပြဆရာ အများစုတောင်မှ ထိပ်တိုက် ရင်ဆိုင်ရဲမှာ မဟုတ်ပါဘူး။ ဒါက သူတို့ကို ဒဏ်ရာ အကြီးအကျယ် ရသွား စေပါလိမ့်မယ်။
“အင်း … လီဖူချန်းက အရမ်း အစွမ်းထက်တာတော့ အမှန်ပဲ။ ဒါပေမဲ့ ဝါစဉ်ကြီး အစ်ကို ကုဟန်လို နတ်ဘုရားစွမ်းရည် နိုးထ ထားနိုင်တဲ့ သူကိုတော့ ယှဉ်နိုင်စရာ အကြောင်း မရှိဘူး။ သူက သေချာပေါက် ရှုံးတော့မှာ”
ပွဲကြည့်စင်တွေကနေ အားပေးနေကြတဲ့ လူအများစုကတော့ လီဖူချန်း ရှုံးတော့မယ်လို့ ထင်ကြေး ပေးနေကြပါပြီ။
လီဖူချန်း နိုင်မယ်လို့ ယုံကြည်နေသေးတဲ့ သူတွေကတော့ အန်ရှင်းမိန်၊ လျုကျင်းနဲ့ လီဖူချန်း အကြောင်းကိုသိတဲ့ လူအချို့ပဲ ရှိပါတော့တယ်။
“ဟာသပဲ။ လီဖူချန်းက ကြယ်တာရာ သိုင်းတက္ကသိုလ်ရဲ့ အဆင့်၁၁ လျူကန်းကိုတောင် အနိုင်ယူပြီးမှတော့ ကုဟန်ကို ဘယ်လိုရှုံးမှာလဲ”
“လီဖူချန်းနဲ့ ငါတို့ ကြားမှာရှိတဲ့ အကြီးမားဆုံး ကွာဟမှုက အရိုး တည်ဆောက်ပုံပဲ ရှိတော့တယ်”
ဝမ်ဟိုင်လုံက ခေါင်းကို ခါယမ်းနေရင်းနဲ့ စိတ်ပျက်လက်ပျက် ညည်းတွား နေခဲ့ပါပြီ။
“အစ်ကို ကုဟန် … အစ်ကို့ရဲ့ နတ်ဘုရား စွမ်းရည်ကို ကျွန်တော် ဘယ်လို ဖျက်ဆီးပြမလဲ ဆိုတာကို ကြည့်လိုက်”
လီဖူချန်း ခပ်ထေ့ထေ့ ပြုံးလိုက်ပြီး အစိမ်းရောင် ဓားအလင်းတန်း တစ်ခုကို ထုတ်လွှတ် လိုက်ပါတယ်။
ဒီတစ်ကြိမ် ဓားအလင်းတန်းထဲမှာတော့ အလွန်အမင်း နိုင်ထက်စီးနင်း လုပ်လိုတဲ့ ဓားဆန္ဒတစ်ခု ခိုဝင်ကိန်းအောင်း နေခဲ့ပါပြီ။
ဘန်း …
ရွှေရောင်လှံတံက တစ်စစီ ပျက်စီး သွားခဲ့သလို ကုဟန် ကိုယ်တိုင်ဟာလည်း လွင့်ထွက် သွားခဲ့ပါတယ်။
ပွဲကြည့်ပရိသတ် ကျောင်းသား တွေကတော့ ပါးစပ် အဟောင်းသားနဲ့ပါပဲ။
“မြေကမ္ဘာ အဆင့်မြင့် ဓားဆန္ဒ”
မန်ချင်းဟန်နဲ့ လင်းကျုပိုင် တို့ကတော့ တစ်ယောက်နဲ့ တစ်ယောက် လှမ်းကြည့်မိလိုက် ကြပါတယ်။
ကျန်ရှိနေသေးတဲ့ လက်ထောက် ကျောင်းအုပ်တွေနဲ့ အတွင်းစည်း အကြီးအကဲ တွေကလည်း မျက်လုံးအပြူးသား ဖြစ်နေကြပါပြီ။
လီဖူချန်းက နေဝန်းစိမ်း ဓားဆန္ဒကို မြေကမ္ဘာ အဆင့်မြင့် ဓားသိုင်း ဖြစ်အောင် လေ့ကျင့်ထားနိုင်ရုံမက နေဝန်းစိမ်း ဓားဆန္ဒကိုလည်း မြေကမ္ဘာအဆင့်မြင့် ဓားဆန္ဒ ဖြစ်အောင် လေ့ကျင့်ထား ခဲ့ပါသေးတယ်။
ဒါက တကယ့်ကို ကြောက်စရာ ထိုးထွင်း သိမြင်မှုပါပဲ။ လီဖူချန်းက အသက်၃၀တောင် မပြည့်သေးပါဘူး။ ပြီးတော့ သူက နေဝန်းစိမ်း ဓားဆန္ဒကို အချိန်တိုလေး တစ်ခုသာ လေ့ကျင့်ထားရ သေးတာပါ။
“ဒီကလေးရဲ့ ထိုးထွင်းသိမြင်မှုက တကယ် ကြောက်ဖို့ ကောင်းနေပြီပဲ။ သူ့လို လူမျိုးက လူသန်း တစ်ရာမှာ တစ်ယောက် တွေ့ဖို့တောင် မလွယ်ဘူး”
လင်းကျုပိုင်က သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ပါတယ်။ အစောပိုင်းတုန်းက သူဟာ လီဖူချန်းကို သူ့ရဲ့ သီးသန့် ကျောင်းသားအဖြစ် လိုချင်ခဲ့ပေမဲ့လည်း အခုတော့ သူ့ရဲ့ အတွေးတွေ ပြောင်းသွားခဲ့ပါပြီ။ သူက လီဖူချန်းရဲ့ ဆရာဖြစ်ဖို့ မထိုက်တန်ပါဘူး။
မန်ချင်းဟန်ကလည်း ခေါင်းညိတ်ပြီး ဝန်ခံလိုက်ပါတယ်။
“သူ့ရဲ့ ဆရာဖြစ်တဲ့ ငါကိုယ်တိုင်တောင်မှ သူ့ကို အထင်သေးခဲ့မိတာပဲ။ လီဖူချန်းရဲ့ အရိုးတည်ဆောက်ပုံက ဝမ်ဟိုင်လုံရဲ့ အရိုးတည်ဆောက်ပုံလောက် မကောင်းလည်း ဘာအရေးလဲ။ ဒီလို ထိုးထွင်းမှုမျိုးကို ပိုင်ဆိုင်ထားမှတော့ သူ့အနေနဲ့ နောင်အနာဂတ်မှာ မအောင်မြင်စရာ အကြောင်း မရှိတော့ဘူး”
နတ်ဘုရားစွမ်းရည်ကို နိုးထထားနိုင်တဲ့ သူတွေဟာ တူညီတဲ့ နယ်ပယ် တစ်ခုမှာ ပြိုင်ဘက်ကင်းတယ်ဆိုတဲ့ စကားဟာ မှန်ပါတယ်။
ဒါပေမဲ့ အဲဒါက အမြဲတမ်း မှန်နေတာတော့ မဟုတ်ပါဘူး။ အခြေအနေ တစ်ခုမှာ ဆိုရင်တော့ ခြွင်းချက်ဆိုတာ ရှိစမြဲပါပဲ။
ထိုးထွင်းသိမြင်မှု အလွန်အမင်း အားကောင်းနေတဲ့ လူတစ်ယောက်ဟာ ဆိုရင် နတ်ဘုရားစွမ်းရည်ကို မနိုးထနိုင်ရင်လည်း ပြိုင်ဘက်ကင်း စွမ်းရည်ကို ပိုင်ဆိုင် နိုင်ပါတယ်။
“သက်တံနီဂိုဏ်းကတော့ သူ့အတွက် နိဗ္ဗာန်ဘုံ ဖြစ်နေတော့မှာပဲ”
မန်ချင်းဟန်က ခပ်တိုးတိုး မှတ်ချက် ချလိုက်ပါတယ်။
လင်းကျုပိုင်ကလည်း မငြင်းပါဘူး။ လီဖူချန်းရဲ့ ထိုးထွင်းသိမြင်မှုနဲ့ သင့်တော်တဲ့ ထိပ်တန်း ချီအတွင်းအား ကျင့်စဉ်တွေနဲ့ သိုင်းပညာတွေဟာ သက်တံနီဂိုဏ်းမှာပဲ ရှိမှာပါ။ လီဖူချန်းသာ သက်တံနီဂိုဏ်းကို ရောက်သွားလို့ကတော့ စူဠလိပ်ကို ရေထဲ လွှတ်လိုက်သလို ဖြစ်သွားမှာ အသေအချာပါပဲ။
“ငါ … ငါရှုံးသွားတာလား”
ကုဟန်က အခုထက်ထိ သူရှုံးသွားတယ် ဆိုတာကို မယုံနိုင်သေးပါဘူး။
ဓားချက်တစ်ချက် …
နတ်ဘုရားစွမ်းရည်ကို နိုးထနိုင်ခြင်း မရှိသေးတဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ် အဆင့်၄ ပညာရှင်က ဓားချက် တစ်ချက်တည်းနဲ့ပဲ သူ့ကို အနိုင်ယူသွား ခဲ့တာပါ။
သိုင်းစင်မြင့်အောက်မှာ ရှိနေတဲ့ ဝမ်ဟိုင်လုံရဲ့ မျက်လုံး တွေကတော့ ကျဉ်းမြောင်း သွားခဲ့ပါပြီ။ သူက လီဖူချန်းရဲ့ ဓားချက်ကနေပြီး အလွန်အမင်း ကြောက်စရာကောင်းတဲ့ အန္တရာယ်အနံ့ကို ရလိုက်တာ မဟုတ်ပါလား။
သူ့အနေနဲ့ အမှောင်ထု ကောင်းကင်ပေါင်းမိုးကို မသုံးရင်တော့ လီဖူချန်းကို ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး။
“လီဖူချန်း နဲ့ ဝမ်ဟိုင်လုံ။ စင်ပေါ်ကို တက်လာလို့ ရပြီ”
စွမ်းအင်သတ်မှတ်ချက် ဇယား ပြိုင်ပွဲဝင်တွေရဲ့ တိုက်ပွဲ အနိုင်အရှုံး အဖြေပေါ်တာက လျင်မြန်လွန်း လှပါတယ်။ ပြီးတော့ ပြိုင်ပွဲတွေကလည်း တစ်ပွဲပြီးတစ်ပွဲ ဆက်တိုက် လာတာ ဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်တွေဟာ နားချိန် အများကြီး မရပါဘူး။
“အမှောင်ထု နတ်ဘုရားစွမ်းရည်၊ အမှောင်ထု ကောင်းကင်ပေါင်းမိုး”
စင်မြင့်ပေါ် ခြေချမိတာနဲ့ တစ်ပြိုင်နက် ဝမ်ဟိုင်လုံက အမှောင်ထု ကောင်းကင်ပေါင်းမိုးကို ထုတ်သုံး လိုက်ပါတယ်။
မဟုတ်လို့ကတော့ သူ့အနေနဲ့ လီဖူချန်းရဲ့ ဓားချက် တစ်ချက်ကိုတောင် ခံနိုင်မှာ မဟုတ်ပါဘူး။
လွန်ခဲ့တဲ့ သုံးလကျော်လောက်ကနဲ့ ယှဉ်မယ် ဆိုရင်တော့ သူ့ရဲ့ အမှောင်ထု ကောင်းကင်ပေါင်းမိုးဟာ အများကြီး အားကောင်း လာခဲ့ပါပြီ။
ဟူး … ဟူး … ဟူး …
ပိန်းတိတ်အောင် မှောင်မည်းနေတဲ့ အမှောင်ထု စွမ်းအားဟာ စင်မြင့် တစ်ခုလုံးကို ဖုံးအုပ် သွားခဲ့ပါတယ်။
အမှောင်ထုထဲကို ကျရောက်သွားတဲ့ လီဖူချန်းကတော့ အာရုံ ခံစားမှုတွေကို မခံစားရတော့ပါဘူး။ ပြီးတော့ သူ့ရဲ့ ချီအတွင်းအား လည်ပတ်ပုံကလည်း ကမောက်ကမ ဖြစ်စ ပြုလာပါတယ်။
အမှောင်ထု ကောင်းကင်ပေါင်းမိုး ဆိုတာက စွမ်းအင် စက်ကွင်းကို အဆင့်မြှင့် ထားသလိုပါပဲ။ အဲဒါက ရန်သူရဲ့ ခံစားမှုအာရုံကို ပျောက်ကွယ်စေသလို ရန်သူကိုလည်း ဖိနှိပ်နိုင်စွမ်း ရှိပါတယ်။ ပြီးတော့ တိုက်လိုက်လာသမျှ စွမ်းအားတွေကိုလည်း အမှောင်ထုစွမ်းအားက ဝါးမျို နိုင်ပါသေးတယ်။
“လီဖူချန်းက ဒီအမှောင်ထု ကောင်းကင်ပေါင်းမိုးကို ဘယ်လို ရင်ဆိုင်မှာလဲ”
ပွဲကြည့်ပရိသတ် ကျောင်းသား တွေကတော့ သိချင်စိတ်ကို ထိန်းမရတော့ပါဘူး။
အဲဒီအချိန်မှာပဲ တစ်ဒါဇင်လောက်ရှိတဲ့ အသိစိတ် အာရုံတွေဟာ အမှောင်ထု ကောင်းကင်ပေါင်းမိုးထဲကို စိမ့်ဝင် သွားကြပါတယ်။ အဲဒီ အသိစိတ်အာရုံတွေရဲ့ ပိုင်ရှင် တွေကတော့ မန်ချင်းဟန်၊ လင်းကျုပိုင်၊ အခြားသော လက်ထောက် ကျောင်းအုပ်ကြီးတွေနဲ့ အတွင်းစည်း အကြီးအကဲ တွေပါပဲ။ သူတို့တွေက တိုက်ပွဲ ဝိညာဉ်နယ်ပယ် ဆရာသခင်တွေ ဖြစ်ကြတဲ့အတွက် ဝမ်ဟိုင်လုံရဲ့ အမှောင်ထု ကောင်းကင်ပေါင်းမိုးထဲကို အသိစိတ်အာရုံနဲ့ လှမ်းကြည့်နိုင်စွမ်း ရှိပါတယ်။
ဝမ်ဟိုင်လုံရဲ့ အမှောင်ထု ကောင်းကင်ပေါင်းမိုးက နောက်ထပ်အဆင့် တစ်ခုအထိ တိုးမြှင့်သွားရင်တော့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေရဲ့ အသိစိတ်အာရုံကို တားဆီးကောင်း တားဆီးနိုင်လောက်ပေမဲ့ လက်ရှိမှာတော့ တားဆီးဖို့ မဖြစ်နိုင်သေးပါဘူး။
“အမှောင်ထု နတ်ဘုရား စွမ်းရည်က တကယ်ကြောက်စရာ ကောင်းတာပဲ”
လီဖူချန်း စိတ်ထဲကနေ တွေးလိုက်မိပါတယ်။
ဒီအမှောင်ထု ကောင်းကင်ပေါင်းမိုးထဲကို ရောက်သွားတဲ့ လူရဲ့ ဘဝဟာ ဆွံ့အ၊ နားမကြား ၊ မျက်လုံး မမြင်ရတဲ့ လူတစ်ယောက်ရဲ့ ဘဝနဲ့ အတူတူပါပဲ။ ပြီးတော့ ရန်သူကို ဖိနှိပ်တဲ့ စွမ်းအား တစ်မျိုးကလည်း ရှိနေပါသေးတယ်။ အဲဒါကိုမှ တိုက်ခိုက်မှုကိုပါ ထပ်ပေါင်းလိုက်မယ် ဆိုရင်တော့ ပြီးပြည့်စုံ သွားပါပြီ။ ဘာမှ ထပ်မလိုတော့ပါဘူး။ ဒါက စာကလေး တစ်ကောင်ကို ချည်ပြီး၊ တုပ်ပြီး ရိုက်နေတာထက်တောင် ပိုဆိုးပါသေးတယ်။
ဒါပေမဲ့လည်း လီဖူချန်း အမှောင်ထု ကောင်းကင်ပေါင်းမိုးကို မဖျက်ဆီး နိုင်တာတော့ မဟုတ်ပါဘူး။ သူ့ဆီမှာက အမှောင်ထု ကောင်းကင်ပေါင်းမိုးကို ဖျက်ဆီးဖို့အတွက် နည်းလမ်း အနည်းငယ် ရှိပါတယ်။
ပထမ နည်းလမ်းကတော့ နေဝန်းစိမ်း ဓားဆန္ဒကို အသုံးပြုပြီး ဖျက်ဆီးဖို့ပါပဲ။ ဒါက အခု သူလုပ်ဖို့ တွေးထားတဲ့ နည်းလမ်း ဖြစ်ပါတယ်။
ဒုတိယ နည်းလမ်းကတော့ မီးလျှံ နှလုံးသားကို သုံးပြီး ဖျက်ဆီးဖို့ပါပဲ။ ဒါပေမဲ့လည်း သူ့ရဲ့ မီးလျှံနှလုံးသားက အရမ်း အစွမ်းထက်တဲ့ အတွက် လီဖူချန်းအနေနဲ့ အသုံးမပြုချင်ပါဘူး။ ဒါက နွားသတ်တဲ့ဓားကို ကြက်သတ်တဲ့ နေရာမှာ သုံးနေသလိုပါပဲ။အဲဒါက မီးလျှံနှလုံးသား စွမ်းအားကို ဖြုန်းတီးရာ ကျပါတယ်။သူက တကယ့် သေရေးရှင်ရေး အချိန်တွေမှသာ မီးလျှံ နှလုံးသားကို အသုံးပြုချင်တာပါ။
နောက်ဆုံး နည်းလမ်းကတော့ အသိစိတ်အာရုံကို အသုံးပြုပြီး ဝမ်ဟိုင်လုံကို အလစ်အငိုက်ဖမ်း တိုက်ခိုက်ဖို့ပါပဲ။
သူရဲ့ အာရုံခံစားမှုက ပျောက်သွားပေမဲ့လည်း လီဖူချန်းက သူ့ရဲ့ အသိစိတ် အာရုံကို သုံးပြီး ဝမ်ဟိုင်လုံရဲ့ လှုပ်ရှားမှုတွေကို အာရုံခံ နိုင်ပါတယ်။
ဝမ်ဟိုင်လုံရဲ့ လှုပ်ရှားမှုတွေကို အာရုံခံနိုင်နေမှတော့ အနိုင်ယူဖို့ဆိုတာက လီဖူချန်း အတွက် မခက်ခဲတော့ပါဘူး။ တကယ်လို့ သူသာ စိတ်ဆန္ဒ ရှိမယ်ဆိုရင် ဝမ်ဟိုင်လုံကိုတောင် တစ်ချက်တည်းနဲ့ သတ်ပစ်လို့ ရပါသေးတယ်။
ဒါပေမဲ့လည်း လီဖူချန်းက အဲဒီ နည်းလမ်းကို လုံးဝ သုံးမှာ မဟုတ်ပါဘူး။ အဲဒီနည်းလမ်းက သူ့ရဲ့ အထူးကောင်းမွန်လှတဲ့ အသိစိတ်အာရုံကို ဖော်ထုတ်ပြလိုက်သလို ဖြစ်သွားပါလိမ့်မယ်။
“လီဖူချန်း … မင်းရှုံးရမယ့် အချိန်ရောက်ပြီ”
ဝမ်ဟိုင်လုံရဲ့ အသံက အရပ်မျက်နှာ ပေါင်းစုံကနေပြီး လီဖူချန်းရဲ့ နားထဲကို တိုးဝင် လာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ဝမ်ဟိုင်လုံရဲ့ ခန္ဓာကိုယ်က လီဖူချန်းရဲ့ အနောက်မှာ ပေါ်လာပြီး လီဖူချန်းကို တိုက်ခိုက်ဖို့ ပြင်လိုက်ပါတယ်။
ဒါပေမဲ့လည်း ဝမ်ဟိုင်လုံက လီဖူချန်းကို တိုက်ခိုက်ခွင့် မရလိုက်ပါဘူး။
သူက လီဖူချန်းကို တိုက်ခိုက်ဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ အစိမ်းရောင် တောက်ပနေတဲ့ အလင်းတန်း တွေဟာ လီဖူချန်းကို ဗဟိုပြုပြီး ထွက်ပေါ် လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အမှောင်ထု ကောင်းကင်ပေါင်းမိုးဟာ နေနဲ့ ထိတွေ့ လိုက်ရတဲ့ ညဉ့်ကောင်းကင်လို ဖြစ်သွားခဲ့ပါပြီ။ သိုင်းစင်မြင့် တစ်ခုလုံးဟာလည်း တစ်မုဟုတ်ချင်း ထိန်လင်း သွားပါတော့တယ်။
ရွှမ်း …
ဝမ်ဟိုင်လုံကတော့ သွေးအန်ရင်းနဲ့ လွင့်ထွက် သွားခဲ့ပါပြီ။
ဓားချက် တစ်ချက် …
လီဖူချန်းက ကုဟန်ကို ဓားချက် တစ်ချက်တည်း အသုံးပြုပြီး အနိုင်ယူခဲ့သလို ဝမ်ဟိုင်လုံကိုလည်း ဓားချက် တစ်ချက်တည်းနဲ့ပဲ အနိုင်ယူ လိုက်ပါတယ်။
***