← Chapters

အထက်ကောင်းကင်ဘုံသိုင်းတက္ကသိုလ်

Vol. 35 Ch. 463

အထက်ကောင်းကင်ဘုံသိုင်းတက္ကသိုလ်

Vol. 35 Ch. 463

အရွေးချယ်ခံ ပြိုင်ပွဲဝင်တွေကို ချီးမြှင့်တဲ့ ဆုလာဘ်တွေကတော့ တကယ့်ကို မယုံကြည်နိုင်လောက်စရာပါပဲ။

လီဖူချန်းက အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး တစ်သန်း နဲ့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာကို ဆုအဖြစ် ရရှိခဲ့ပါတယ်။ ဒါက အရင်အကြိမ်တွေတုန်းက အရွေးချယ်ခံ ပြိုင်ပွဲဝင်တွေ ရခဲ့တဲ့ ဆုလာဘ်တွေထက် ဆယ်ဆ ပိုများတယ်လို့တောင် ဆိုရမှာပါ။

သည်အတွက်ကတော့ သိပ်ပြီး အံ့သြစရာ မရှိပါဘူး။ ဒါက သက်တံနီဂိုဏ်းကို အပြင်စည်းတပည့်အဖြစ် တိုက်ရိုက်ဝင်ခွင့်ရမယ့် လူတစ်ယောက်ရဲ့ ဆုလာဘ်ပင် မဟုတ်ပါလား။

****-

မန်ချင်းဟောင်ရဲ့ ခြံဝင်းထဲကိုတော့ လီဖူချန်း နဲ့ ဝမ်ဟိုင်လုံတို့နှစ်ယောက် ရောက်ရှိလာကြပါပြီ။သူတို့နှစ်ယောက်က ဝမ်ဟိုင်လုံကို တွေ့လိုက်တာနဲ့ တစ်ပြိုင်နက် လက်နှစ်ဖက်ဆုပ် ခါးညွှတ်ကာ အရိုအသေ ပေးလိုက်ကြပါတယ်။

" ဆရာသခင်ကို ဂါဝရ ပြုပါတယ် "

သူတို့နှစ်ယောက် သည်ကို ရောက်လာရခြင်းရဲ့ အကြောင်းအရင်းကတော့ မန်ချင်းဟန်က ခေါ်ထားလို့ပါပဲ။

မန်ချင်းဟန်က သူ့ရဲ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်ပါတယ်။

" လီဖူချန်း …… မင်း စွမ်းဆောင်ပြခဲ့တာတွေက တကယ်ကို ကောင်းတယ်။ မင်းက ငါထင်ထားတာထက်တောင် အများကြီး ပိုလုပ်ပြနိုင်ခဲ့သေးတယ်။ မင်းက နတ်ဘုရားစွမ်းရည်ကို မနိုးထ နိုင်သေးပေမယ့်လည်း သက်တံနီဂိုဏ်းထဲ ရောက်သွားရင် အနှေးနဲ့အမြန် နိုးထနိုင်မှာပဲ။ ငါ့ဆီမှာတော့ မင်းအတွက် အသုံးဝင်တာဆိုလို့ ဘာမှ မရှိဘူး။ ဒါပေမဲ့ မင်းက လမ်းစဉ်နှစ်သွယ်ကို လျှောက်လမ်းတယ်ဆိုတော့ အရင်းအမြစ် ပစ္စည်းတွေ လိုလိမ့်မယ် "

" ရော့…… သည်ကျောက်စိမ်းသွေးပုလဲကို ယူလိုက်။ဒါက မင်းရဲ့ ချီအတွင်းအား နဲ့ ခန္ဓာကိုယ် ချီအပြင်အားကို သန့်စင်ပေးနိုင်တယ်။ ပြီးတော့ အဲဒါက မင်းရဲ့ ခန္ဓာကိုယ်အပြင်အားကို နောက်ထပ်တစ်ဆင့် ရောက်သွားစေလိမ့်မယ် "

" ဝမ်ဟိုင်လုံ…… မင်းက လူတွေအားလုံး စိတ်ကူးယဉ် အိပ်မက်မက်ကြတဲ့ အမှောင်ထု အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတယ်။ သိုင်းတက္ကသိုလ် ၂၄ခု အဆင့်သတ်မှတ်ချက် ပြိုင်ပွဲမှာဆိုရင် မင်းက ထိပ်ဆုံးအယောက်၅၀ ထဲကိုတောင် ဝင်နိုင်သေးတယ်။ ဒါက နှစ်တစ်ထောင် ဗောဓိသစ်သီးပဲ။ သိုင်းတက္ကသိုလ် ၂၄ခု အဆင့်သတ်မှတ်ချက် ပြိုင်ပွဲက တစ်ပတ်ကျော်လောက် လိုသေးတယ်ဆိုတော့ မင်းရဲ့ အမှောင်ထုစွမ်းရည်က နောက်ထပ် တစ်ဆင့်ကို တက်သွားမှာ အသေအချာပဲ "

မန်ချင်းဟန်က စကားပြောနေရင်းနဲ့ ကျောက်စိမ်းရောင် ပုလဲတစ်လုံးနဲ့ အခွံမာ သစ်သီးတစ်လုံးကိုလီဖူချန်း နဲ့ ဝမ်ဟိုင်လုံတို့ဆီ ပစ်ပေးလိုက်ပါတယ်။

" ကျေးဇူးတင်ပါတယ် …… ဆရာသခင် "

လီဖူချန်းတို့ နှစ်ယောက်ကလည်း ဝမ်းမြောက်ဝမ်းသာစွာနဲ့ လက်ခံလိုက်ကြပါတယ်။သည်လို အရင်းအမြစ် ပစ္စည်းမျိုးဆိုတာက ရခဲလှတဲ့ အရာပင် မဟုတ်ပါလား။

" ဆရာသခင် ……သက်တံနီဂိုဏ်းက သည်တစ်ကြိမ်မှာ သိုင်းတက္ကသိုလ် ၂၄ခုကနေပြီး တကယ်ကြီး တပည့်အယောက်၅၀ ရွေးချယ်မှာလား "

ဝမ်ဟိုင်လုံက သက်တံနီဂိုဏ်းထဲကို ဝင်ဖို့အတွက် အမြဲတမ်း ကြံရွယ်နေခဲ့သူပါ။သက်တံနီ ဂိုဏ်းဆိုတာက များပြားလှတဲ့ မူလပင်လယ်နယ်ပယ် ဘုရင်တွေကို ပိုင်ဆိုင်ထားပြီး မြေစေးနီတိုက်ရဲ့ အုပ်ချုပ်သူတွေ ဖြစ်ကြပါတယ်။ အဲသည်အတွက် သက်တံနီဂိုဏ်းထဲကို မဝင်ချင်တဲ့သူဆိုတာ မရှိသလောက်ပါပဲ။

မန်ချင်းဟန်က ခေါင်းညိတ်လိုက်ပြီး ရှင်းပြလိုက်ပါတယ်။

"သက်တံနီဂိုဏ်းက မျိုးဆက်သစ်တွေ ထပ်ပေါင်းလောင်းထည့်ဖို့ အရေးတကြီး လိုအပ်နေပြီ။ အရင်တုန်းကဆိုရင် သူတို့က ခရမ်းရောင်ပန်း နိုင်ငံတော် တစ်ခုလုံးအတွက်တောင်မှ နေရာလွတ်၂၀ပဲ ပေးတာ။အဲသည်အထဲကမှ သိုင်းတက္ကသိုလ် ၂၄ခုက နေရာ၁၀ကို ဝေပုံကျ ယူရတာ။ဒါပေမဲ့ သည်နှစ်မှာတော့ သက်တံနီဂိုဏ်းက ခရမ်းရောင်ပန်းနိုင်ငံတော်ကို နေရာလွတ်၉၀ ပေးခဲ့တယ်။သိုင်းတက္ကသိုလ် ၂၄ခုကတော့ နေရာလွတ် ၅၀ကို ဝေပုံကျ ရပြီး အဓိက သိုင်းတက္ကသိုလ်ကြီး နှစ်ခုကတော့ နေရာလွတ်၄၀ ရတယ် "

" ကြည့်ရတာတော့ သက်တံနီဂိုဏ်း စစ်ပွဲကြီးတစ်ခုကို စတော့မယ့် ပုံပဲ "

မန်ချင်းဟန်က သက်တံနီဂိုဏ်းဟာ စစ်ပွဲကြီးတစ်ခု ဆင်နွှဲဖို့အတွက် မျိုးဆက်သစ် လူငယ်တွေကို အလောတကြီး စုဆောင်းနေတာ ဖြစ်ရမယ်လို့မှတ်ချက် ချလိုက်ပါသေးတယ်။

" ဆရာသခင် …… စိတ်မပူပါနဲ့။ ကျွန်တော်က သေချာပေါက် သက်တံနီဂိုဏ်းရဲ့ အပြင်စည်းတပည့် ဖြစ်လာမှာပါ "

ဝမ်ဟိုင်လုံကတော့ ယုံကြည်မှုအပြည့် ရှိနေတဲ့ပုံပါပဲ။

" ငါ … ယုံပါတယ်ကွာ "

မန်ချင်းဟန်က ခေါင်းညိတ်လိုက်ပါတယ်။ ဝမ်ဟိုင်လုံ ဆိုတာက ကြယ်၆ပွင့် အမှောင်ထု အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့သူပါ။ ဝမ်ဟိုင်လုံအနေနဲ့ သက်တံနီဂိုဏ်းရဲ့ အပြင်စည်းတပည့် မဖြစ်စရာ အကြောင်းမရှိပါဘူး။ သူက သည်တစ်ကြိမ်မှာ သက်တံနီဂိုဏ်းရဲ့ အပြင်စည်းတပည့် မဖြစ်ခဲ့ရင်တောင်မှ နောက်တစ်ကြိမ်မှာ သေချာပေါက် ဖြစ်မှာပါပဲ။

ဒါပေမဲ့လည်း သက်တံနီဂိုဏ်းကို ၂နှစ်စောပြီး ဝင်ခွင့်ရရင်တော့ ဝမ်ဟိုင်လုံအတွက် ပိုကောင်းတာပေါ့လေ။

" ဆရာသခင်…… သက်တံနီဂိုဏ်းနဲ့ ပက်သက်တဲ့ ကောလဟာလတွေကကော တကယ်လား။ အဲသည်နေရာက တကယ်ပဲ ထွတ်ခေါင်ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာလား "

လီဖူချန်းက မေးလိုက်ပါတယ်။

လီဖူချန်းပြောတဲ့ ကောလဟာလ ဆိုတာကတော့ သက်တံနီဂိုဏ်းရဲ့ ဂိုဏ်းသားတွေနဲ့ ပက်သက်တဲ့ အကြောင်းအရာတွေကို ဆိုလိုတာပါ။ ကောလဟာလတွေအရ ဆိုရင်တော့ သက်တံနီဂိုဏ်းမှာက ကြယ်၇ပွင့်အဆင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ အများအပြား ရှိနေပြီး ကြယ်၈ပွင့်အဆင့် အရိုးတည်ဆောက်ပုံပိုင်ရှင် ၂ယောက် ရှိပါတယ်တဲ့။

မန်ချင်းဟန်က ခေါင်းညိတ်လိုက်ပြီး သူသိထားတာကို ပြောပြလိုက်ပါတယ်။

" ဟုတ်တယ်။ အဲသည် ကောလဟာလတွေက အမှန်ပဲ။ ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ ဆရာသခင်စာရင်းမှာဆိုရင် ငါက အဆင့်၁၅မှာ ရှိတယ်။ ဒါပေမဲ့ မင်းသိလား……။ သက်တံနီဂိုဏ်းရဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် အလယ်အလတ်အဆင့်က ဘယ်ဆရာသခင်မဆို ခရမ်းရောင်ပန်းနိုင်ငံတော် ဆရာသခင် စာရင်းတစ်ခုလုံးကို ကျွမ်းထိုးမှောက်ခုံဖြစ်အောင် လုပ်နိုင်စွမ်းရှိတယ်။ သက်တံနီဂိုဏ်းဆိုတာက တကယ့် ကျား၊နဂါးတွေ ခိုအောင်းရာ နေရာပဲ။တကယ့် ထိတ်ထိတ်ကြဲ ထွတ်ခေါင်ပါရမီရှင်တွေမှပဲ အဲသည်နေရာမှာ အောင်မြင်နိုင်တာ။ ငါကြားတာကတော့ သာမန် ကြယ်၆ပွင့်အဆင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကိုတောင်မှ သက်တံနီဂိုဏ်းက သိပ်ပြီး ဂရုမစိုက်ဘူး "

လီဖူချန်းက နားမလည်စွာနဲ့ ပြန်မေးလိုက်ပါတယ်။

" ဆရာသခင်…… ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက မူလပင်လယ်နယ်ပယ် ဘုရင်တွေ ဖြစ်လာဖို့အတွက်အခွင့်အရေး နည်းနည်းတော့ ရှိတာပဲလေ။ အနည်းဆုံးတော့ သူတို့က တိုက်ပွဲဝိညာဉ်နယ်ပယ်ကိုတော့ သေချာပေါက် ရောက်ကြမှာပဲ။ ဘာဖြစ်လို့သက်တံနီဂိုဏ်းက ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ အကုန်လုံးကို တပည့်တွေအဖြစ် မရွေးကြတာလဲ။ အဲသည်လို ရွေးလိုက်မယ်ဆိုရင် သူတို့အတွက် သွေးသစ်လောင်းရတာ ပိုမလွယ်သွားဘူးလား "

မန်ချင်းဟန်က ခေါင်းခါလိုက်ပြီး

" သက်တံနီဂိုဏ်းက ဘုရင်အဆင့် ဂိုဏ်းတစ်ဂိုဏ်း ဆိုတာတော့ မှန်တယ်။ဒါပေမဲ့ သူတို့မှာရှိတဲ့ အရင်းအမြစ်တွေကလည်း အကန့်အသတ်နဲ့ပဲ။ တကယ်လို့ သူတို့က သူတို့မှာ ရှိတဲ့ အရင်းအမြစ်တွေ အကုန်လုံးကို ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေမှန်သမျှဆီမှာ ရင်းနှီးလိုက်ပြီ ဆိုကြပါစို့။ အဲသည်လို ရင်းနှီးလိုက်ပြီးမှမင်းလို လူတစ်ယောက် ပေါ်လာရင် ဘယ်လိုလုပ်မလဲ။ မင်းက မင်းနဲ့ နယ်ပယ်တူ အယောက်၂၀လောက်ကိုတောင် ဓားတစ်ချက်တည်းနဲ့ အနိုင်ယူနိုင်တယ် မဟုတ်ဘူးလား။ ဒါကြောင့် သူတို့တွေက နိုင်ငံတိုင်းက ပါရမီရှင်တွေ ခေါ်ယူပြီး သွေးသစ်လောင်းချင်ကြတာ "

" အိုး…… ဟုတ်သားပဲ။ အရင်းအမြစ် ကိစ္စတွေက ရှိသေးတာကိုး "

လီဖူချန်းက နားလည်သဘောပေါက် သွားခဲ့ပါပြီ။ အရင်းအမြစ် ပစ္စည်းတွေ ဆိုတာက ကျင့်ကြံခြင်းလောကမှာတော့ အရေးကြီးတဲ့ ကဏ္ဍတစ်ခုမှာ ရပ်နေနေတဲ့ အရာပါပဲ။ သူကိုယ်တိုင်တောင်မှ အရင်းအမြစ် ပစ္စည်းတွေ မရှိခဲ့ရင် သည်နေ့၊သည်အချိန်မှာသည်နေရာအထိ ရောက်လာစရာ အကြောင်းမရှိပါဘူး။

အဲသည်နောက်မှာတော့ မန်ချင်းဟန်က လီဖူချန်းတို့နှစ်ယောက်ကို လိုအပ်တာတွေ ထပ်မံဖြည့်စွက် ပြောဆိုပြီး ပြန်ခွင့် ပြုလိုက်ပါတော့တယ်။

မန်ချင်းဟန်ရဲ့ ပြောပြချက်အရ ဆိုရင်တော့ သိုင်းတက္ကသိုလ် ၂၄ခု အဆင့်သတ်မှတ်ချက် ပြိုင်ပွဲကတော့ နံပါတ်၁ သိုင်းတက္ကသိုလ်ဖြစ်တဲ့ အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်မှာ ကျင်းပမှာပါ။ သူတို့တွေဟာ တစ်ပတ်အတွင်းမှာ ခရီးစဉ် စတင်ရမှာလည်း ဖြစ်ပါတယ်။

******

- လီဖူချန်းရဲ့ ကိုယ်ပိုင်ခြံဝင်း၊အတွင်းခန်း တစ်နေရာ -

" ကျောက်စိမ်းသွေးပုလဲရဲ့ အစွမ်းက ဘယ်လို ဖြစ်လာမလဲ ဆိုတာကို ငါအရမ်း သိချင်နေပြီကွာ "

လီဖူချန်းရဲ့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှုက အတော်လေး တိုးတက်နေတာတော့ အမှန်ပါပဲ။ အခုဆိုရင် ဆင်နဂါးစွမ်းအားတွေဟာ သူ့ရဲ့ ခန္ဓာကိုယ်အတွင်းက မသန့်စင်မှုတွေကိုတောင်မှ အလိုအလျောက် သန့်စင်ပေးနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အကုန်အစင်တော့ သန့်စင်ပေးနိုင်ခြင်း မရှိပါဘူး။ သူ့ခန္ဓာကိုယ်ရဲ့ အနက်ရှိုင်းဆုံး နေရာတွေထဲမှာတော့ မသန့်စင်မှုတွေ ရှိနေပါသေးတယ်။အဲသည်မသန့်စင်မှုတွေကတော့ ခန္ဓာကိုယ် ချီအပြင်အား နဲ့ ချီအတွင်းအားတွေ ထဲမှာတောင်မှ စိမ့်ဝင်နေခဲ့ပါပြီ။

လီဖူချန်းက ကျောက်စိမ်းသွေးပုလဲကို သေသေချာချာ ဆန်းစစ်ပြီးတဲ့ နောက်မှာတော့ သောက်ချလိုက်ပါတော့တယ်။

ဖုန်း……

ခပ်အုပ်အုပ် အသံတစ်ခုကို ကြားလိုက်ရပြီးတဲ့ နောက်မှာတော့ အစိမ်းရောင် အလင်းပြောက်လေးတွေဟာ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ အထက်အောက် ခေါက်တုံ့ခေါက်ပြန် သွားလာနေကြ ပါတော့တယ်။ သူတို့တွေကို ကြည့်ရတာကတော့ တစ်စုံတစ်ခုကို ငမ်းငမ်းတက် ရှာဖွေနေကြပုံပါပဲ။

ရှဲ……ရှဲ……ရှဲ………

သိပ်မကြာခင်မှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကနေပြီး ရောင်စုံ အခိုးအငွေ့တွေစတင် ထွက်ပေါ်လာပါတော့တယ်။ သည်အခိုးအငွေ့တွေကတော့ အစိမ်းရောင် အလင်းပြောက်လေးတွေကြောင့် ဖြစ်ပေါ်လာတယ်ဆိုတာကို ယုံမှားသံသယ ဝင်စရာ မလိုပါဘူး။

" အား……ကြောက်စရာကောင်းလိုက်တဲ့ အကျိုးသက်ရောက်မှုပါလား "

သူ့ရဲ့ အစွမ်းထက်လှတဲ့ အသိစိတ်အာရုံကို အသုံးပြုပြီး စစ်ဆေးလိုက်တဲ့အခါမှာတော့ ခန္ဓာကိုယ်အတွင်းပိုင်းမှာ ရှိနေတဲ့ မသန့်စင်မှုတွေဟာ အစိမ်းရောင် အလင်းပြောက်လေးတွေကြောင့် တဖြည်းဖြည်း နည်းပါးသွားတာကို လီဖူချန်းတစ်ယောက် သိလိုက်ရပါတယ်။

နောက်ထပ် နှစ်မိနစ်လောက် ကြာသွားတဲ့ အခါမှာတော့ သူ့ရဲ့ ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့ မသန့်စင်မှုတွေ အကုန်လုံးဟာ ပျောက်ကွယ်သွားခဲ့ပါပြီ။

ဒါကတော့ တကယ့်ကို သန့်စင်သွားတာဖြစ်ပါတယ်။ ဒါက ဆေးဝါးတွေ အကူအညီသုံးပြီး သန့်စင်တာနဲ့ လုံးဝ မတူညီပါဘူး။

သန့်စင်မှုတွေ ပြီးသွားတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ ချီစွမ်းအားတွေ နဲ့ ဆင်နဂါး စွမ်းအားတွေဟာ အလိုအလျောက် သက်ဝင် လှုပ်ရှားလာကြပါတယ်။

တစ်ဆက်တည်းမှာပဲ လီဖူချန်းရဲ့ နှလုံးသားမှာ ဆင်အသေးစားလေး တစ်ကောင် ပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ ဆင်နဂါး စွမ်းအားတွေကနေ ဖြစ်ပေါ်လာတယ်ဆိုတာ မြေကြီးလက်ခတ် မလွဲပါဘဲ။

ကျွီး……

အဲသည် ဆင်အသေးစားလေးက တစ်ချက်အော်မြည်လိုက်တဲ့ အခါမှာတော့ သူ့ရဲ့ ချီအပြင်အားတွေ နဲ့ ဆင်နဂါးစွမ်းအားတွေဟာ အဆပေါင်းများစွာ တိုးမြှင့်သွားပါတော့တယ်။ ကြည့်ရတာတော့ သူတို့က ကျောထောက်နောက်ခံ ရသွားပုံပါပဲ။ ပြီးတော့ အဲသည် ကျောထောက်နောက်ခံကလည်း လီဖူချန်းရဲ့ နှလုံးသားထဲက ဆင်အသေးစားလေးပဲ ဖြစ်ရပါမယ်။

ဒုတ်……ဒုတ်……

လီဖူချန်းရဲ့ နှလုံးခုန်နှုန်း စည်းချက်နဲ့အညီ ချီအပြင်အားတွေ နဲ့ ဆင်နဂါး စွမ်းအားတွေဟာ လိုက်လံ စီးမျောနေကြပါပြီ။

ကျွီ……

တစ်ဆက်တည်းမှာပဲ ကြီးမားလှတဲ့ ဆင်ဝိညာဉ်ကြီး တစ်ခုဟာ လီဖူချန်းဆီကို ဆင်းသက်လာခဲ့ပါတယ်။

ဘန်း……

ရုတ်တရက်ဆိုသလိုလီဖူချန်းရဲ့ ခြံဝင်းကို ကာကွယ်ပေးထားတဲ့ ဝင်္ကပါ အစီအရင်ဟာ ပေါက်ကွဲထွက်သွားပြီး သူရှိနေတဲ့အဆောက်အဦးဟာ မြေပြင်ပေါ်မှာ ပြားချပ်သွားပါတယ်။ တော်သေးတာ တစ်ခုကတော့ ဘေးနားက ခြံဝင်းတွေရဲ့ အကာအကွယ် ဝင်္ကပါတွေဟာ ဘာမှ မဖြစ်သွားတာပါပဲ။ မဟုတ်လို့ကတော့ လီဖူချန်းဟာ အတွင်းစည်းကျောင်းသားတွေကို သတ်တဲ့ တရားခံတောင် ဖြစ်သွားနိုင်ပါသေးတယ်။

" ဒါက ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်း ကျမ်းရဲ့ အစွမ်းတွေလား "

လီဖူချန်းက ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားတွေ ပြည့်လျှံနေတာကို ခံစားလိုက်ရပါတယ်။

သူ့ရဲ့ ခန္ဓာကိုယ်အပြင်အား ကျင့်ကြံမှုက နည်းနည်းနှောနှော တိုးသွားတာ မဟုတ်ပါဘူး။ ဒါက နှစ်ဆတိတိ ရှိပါတယ်။

အရင်တုန်းက သူ့ရဲ့ခန္ဓာကိုယ် အပြင်အားက ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၈နဲ့သာ ညီမျှပေမယ့် အခုတော့ သူ့ရဲ့ ခန္ဓာကိုယ် အပြင်အားဟာ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၁၆ နဲ့ ညီမျှနေပါပြီ။ သူသည်အတိုင်း ထုတ်လိုက်တဲ့ မဟာချီဝိညာဉ်ကတင် အတွင်းစည်း သိုင်းတက္ကသိုလ်ရဲ့ ကျောင်းသား တော်တော်များများကို သတ်ပစ်နိုင်တဲ့ အနေအထားမျိုးကို ရောက်နေတာလည်း ဖြစ်ပါတယ်။

"ကြည့်ရတာ ငါ့ရဲ့ ဆင်နဂါးခန္ဓာကိုယ် သွန်းလောင်းခြင်းကျမ်း အခန်း၅က အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်သွားတာ များလား "

လီဖူချနိးက ခန္ဓာကိုယ်အပြင်အား ကျင့်ကြံခြင်း ကျင့်စဉ်တွေကိုကျင့်ကြံခွင့် ရဖို့ဆိုတာဟာ သူထင်ထားတာထက် ပိုခက်မှန်း မသိပါဘူး။သည်ကျင့်စဉ်တွေက အင်မတန်မှ ရှားပါးပါတယ်။ သည်ကျင့်စဉ်တွေက အပြင်ဘက် လောကမှာဆိုရင် မြေကမ္ဘာအဆင့်နိမ့် အဆင့်ထက် ပိုမရှိပါဘူး။ ယုတ်စွအဆုံး သက်တံနီဂိုဏ်းမှာတောင်မှ မြေကမ္ဘာအဆင့်မြင့် ခန္ဓာကိုယ်အပြင်အား ကျင့်ကြံခြင်း ကျင့်စဉ်တွေသာ ရှိပါတယ်။ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ခန္ဓာကိုယ်အပြင်အား ကျင့်ကြံခြင်း ကျင့်စဉ်တွေ ရှိကောင်းရှိနိုင်ပေမယ့်လည်း သက်တံနီဂိုဏ်းအနေနဲ့ လူတိုင်းကို လေ့ကျင့်ခွင့်ပေးမှာ မဟုတ်ပါတော့ အသေအချာပါပဲ။

" အင်း…… ဆင်နဂါးစွမ်းအားတွေရဲ့ သန့်စင်မှုနှုန်းကကော ဘယ်အဆင့်အထိ ဖြစ်လာမလဲ မသိဘူး "

သူ့ရဲ့ ကိုယ်တွင်းက ပြောင်းလဲမှုတွေကို သတိပြုမိပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ဆင်နဂါးစွမ်းအားတွေရဲ့ သန့်စင်မှုနှုန်းကို စမ်းသပ်ချင်တဲ့အတွက် ဗာဂျရာဆေးရည်တွေ နဲ့ ရွှေအဆင်းခန္ဓာကိုယ် ဆေးရည် အများအပြားကို သောက်ချလိုက်ပါတယ်။

" ဟူး…… "

အချိန်အတော်အတန် ကြာသွားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ မျက်လုံး ပြန်ဖွင့်လာခဲ့ပါပြီ။ သူ့ရဲ့ မျက်လုံးထဲမှာတော့ ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်တွေ အထင်းသားပါပဲ။

သူ့ရဲ့ နှလုံးသားအတွင်းမှာ ရှိနေတဲ့ ဆင်အသေးစားလေးဟာ ဆင်နဂါး စွမ်းအားတွေရဲ့ သန့်စင်မှုနှုန်းကို အဆပေါင်းများစွာ တိုးပွားစေပါတယ်။ ဗာဂျရာ ဆေးရည်တွေ နဲ့ ရွှေအဆင်းခန္ဓာကိုယ် ဆေးရည်တွေက ခန္ဓာကိုယ် အပြင်အားတွေအဖြစ် ပြောင်းလဲပြီးသွားတာနဲ့ တစ်ပြိုင်နက် ဆေးရည်တွေရဲ့ မသန့်စင်မှုတွေကလည်း သန့်စင်ခံရပြီးသားပါပဲ။ လီဖူချန်းအနေနဲ့ ဆေးရည်တွေကို ပုလင်းပေါင်း ရာနဲ့ချီပြီး မသောက်သုံးသေးသရွေ့ကတော့ ခန္ဓာကိုယ်အတွင်းက မသန့်စင်မှုတွေအတွက် စိုးရိမ်နေစရာ မလိုတော့ပါဘူး။

" တောက်…… ဗာဂျာရာဆေးရည်နဲ့ ရွှေအဆင်းခန္ဓာကိုယ်ဆေးရည်က သိပ်ပြီး အစွမ်းမပြနိုင်တော့တာ နာတယ်ကွာ "

လီဖူချန်းက မကျေမချမ်း ရေရွတ်လိုက်ပါတယ်။သူ့ရဲ့ လက်ရှိ ခန္ဓာကိုယ်အပြင်အား အဆင့်က မြေကမ္ဘာအလယ်အလတ်အဆင့် ခန္ဓာကိုယ် သန့်စင်ခြင်း ဆေးရည်တွေ သောက်လို့လည်း သိပ်ပြီး ထူးတော့မယ့် အခြေအနေ မဟုတ်ပါဘူး။

" ဟမ့်……အချိန်ခဏလောက်တော့ စောင့်လိုက်ဦးမယ်။သက်တံနီဂိုဏ်းမှာတော့ ပိုကောင်းတဲ့ ခန္ဓာကိုယ် သန့်စင်ခြင်းဆေးရည်တွေရှိမှာပဲ "

*****

အချိန်တစ်ပတ်ဆိုတဲ့အရာက ဘာမှတောင် သိပ်မကြာလိုက်သလိုပါပဲ။

ခုနစ်ရက်မြောက်နေ့ရဲ့ မနက်ခင်းမှာတော့ မန်ချင်းဟန်နဲ့ လင်းကျုပိုင် ဦးဆောင်တဲ့ အဖွဲ့ဟာ ကျောင်းသား ၁၀ယောက်ကို ခေါ်ဆောင်ပြီး အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ဆီကို ထွက်သွားခဲ့ပါပြီ။

သိုင်းတက္ကသိုလ် တစ်ခုချင်းစီဟာ ကျောင်းသား ၁၀ယောက်ကို ပါဝင်ယှဉ်ပြိုင်စေခွင့် ရှိတဲ့အတွက် မန်ချင်းဟန်တို့ဟာ အခုလို ခေါ်ဆောင်သွားတာ ဆိုရင်လည်း မမှားပါဘူး။ သိုင်းတက္ကသိုလ် ၂၄ခုရဲ့ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲမှာတော့ ကျောင်းသားပေါင်း ၂၄၀ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ကတော့ အထက်ကောင်းကင်ဘုံ နယ်မြေဒေသမှာ တည်ရှိတာဖြစ်ပြီး တောင်ပိုင်းတောအုပ် နယ်မြေဒေသနဲ့ အထက်ကောင်းကင်ဘုံ နယ်မြေဒေသဟာ မိုင်ပေါင်း တစ်ရာလောက်သာ ကွာဝေးတဲ့အတွက် သိပ်ဝေးတယ်လို့တောင် မပြောနိုင်ပါဘူး ။ ဒါပေမဲ့လည်း နယ်မြေဒေသတစ်ခုရဲ့ မြို့တော်တစ်ခုနဲ့ တစ်ခုကြားမှာ တည်နေရာရွှေ့ပြောင်း စင်မြင့်တွေ ရှိတဲ့အတွက် မန်ချင်းဟန်တို့ဟာ တည်နေရာရွှေ့ပြောင်း စင်မြင့်တွေကိုသာ အသုံးပြုပြီး အထက်ကောင်းကင်ဘုံ မြို့ဆီကို တည်နေရာ ရွှေ့ပြောင်းသွားကြပါတယ်။

- အထက်ကောင်းကင်ဘုံ မြို့တော် -

ချွမ်……

တည်နေရာရွှေ့ပြောင်း စင်မြင့်ပေါ်မှာ အရောင်တစ်ချက် တောက်ပလာပြီးတဲ့ နောက်မှာတော့ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ လူပုဂ္ဂိုလ် ၁၂ဦးဟာ ရုတ်တရက် ပေါ်လာခဲ့ကြပါပြီ။

" သွားကြမယ်ဟေ့ "

အဲသည်နောက်မှာတော့ မန်ချင်းဟန်က အဖွဲ့ကို ဦးဆောင်ပြီး ပျံသန်းသွားပါတော့တယ်။ သူတို့ရဲ့ ဦးတည်ရာကတော့ အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ် ရှိရာ အရပ်ဆီကိုပါပဲ။

သိပ်မကြာခင်မှာပဲ ခမ်းနားထည်ဝါလှတဲ့ သိုင်းတက္ကသိုလ်ကြီး တစ်ခုဟာ သူတို့ရဲ့ မြင်ကွင်းထဲကို ရောက်လာခဲ့ပါပြီ။

သည်သိုင်းတက္ကသိုလ်ကြီးရဲ့ ခမ်းနားထည်ဝါမှုကတော့ တကယ့်ကို ရင်သပ်ရှုမောစရာပါပဲ။

အထက်ကောင်းကင်ဘုံသိုင်းတက္ကသိုလ် ………

သည်သိုင်းတက္ကသိုလ်ရဲ့ သမိုင်းကြောင်းက လျော့တွက်လို့ မရပါဘူး။ အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ရဲ့ ဂုဏ်သတင်း နဲ့ ကျော်စောမှုက ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ် နဲ့ ကြယ်တာရာ သိုင်းတက္ကသိုလ်ထက် မဆိုစလောက်လေးသာ နိမ့်ကျတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲတွေတုန်းကဆိုရင် အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ရဲ့ အတွင်းစည်း ကျောင်းသားတွေဟာ ထိပ်ဆုံးဆယ်နေရာရဲ့ နေရာအများစုကို ယူခဲ့ကြတာပါ။အဲသည်အတွက် သက်တံနီဂိုဏ်းမှာလည်း အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ရဲ့ ကျောင်းသားတွေ အများဆုံး ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ ကျန်သိုင်းတက္ကသိုလ် ၂၃ခုက အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ကို လိုက်မမီနိုင်တာကလည်း အဲသည်အချက်နဲ့ သက်ဆိုင်ကောင်း သက်ဆိုင်ပါလိမ့်မယ်။

အဆင့်သတ်မှတ်ချက် ပြိုင်ပွဲစဖို့က တစ်ရက်သာ လိုတော့တဲ့အတွက် အထက်ကောင်းကင်ဘုံသိုင်းတက္ကသိုလ်ရဲ့ အနီးအနား ပတ်ဝန်းကျင်မှာတော့ အနယ်နယ်အရပ်ရပ်က ရောက်လာတဲ့ ဧည့်သည်တွေနဲ့ စည်ကားသိုက်မြိုက်လို့ နေခဲ့ပါပြီ။ သိုင်းတက္ကသိုလ် အသီးသီးက လူပုဂ္ဂိုလ်တွေကလည်း တဖွဲဖွဲ ရောက်လာနေကြဆဲပါပဲ။

" ဟေး …… ရောင်းရင်းကြီးမန်……။ ခင်ဗျားက အစောကြီး ရောက်နေပါလား။ သည်ကလေးတွေက ခင်ဗျားရဲ့ သိုင်းတက္ကသိုလ်ကနေ ဝင်ပြိုင်မယ့် ကလေးတွေလား "

အသံနဲ့အတူ လူရိပ်၁၂ရိပ်ဟာ ကောင်းကင်ယံကနေ မြေပြင်ဆီကို ဆင်းသက်လာကြပါတယ်။ သူတို့ကို ဦးဆောင်လာသူကတော့ ကြက်သွေးရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားတဲ့လူကြီးတစ်ယောက်ပါပဲ။

" ဟား ……ကျောင်းအုပ်ကြီးလျူ ပါလား။ ခင်ဗျားကလည်း ရောက်လာတာ စောတာပဲလေ။ ဟား……ဟား……"

မန်ချင်းဟန်ကရယ်ရယ်ပြုံးပြုံးနဲ့ ပြန်နှုတ်ဆက်လိုက်ပါတယ်။

ကြက်သွေးရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားတဲ့ သူကတော့ ဆရာသခင် စာရင်းရဲ့ အဆင့်၂၈မှာ ရှိနေသူ လျူဟွာ ပါပဲ။ သူက ကြက်သွေးရောင်ကျား သိုင်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး ဆိုရင်လည်း မမှားပါဘူး။

***

All Chapters