← Chapters

အမျိုးမျိုး၊ အထွေထွေသော အရိုးတည်ဆောက်ပုံများ

Vol. 35 Ch. 464

အမျိုးမျိုး၊ အထွေထွေသော အရိုးတည်ဆောက်ပုံများ

Vol. 35 Ch. 464

သည်ကျောင်းအုပ်ကြီး နှစ်ယောက်စလုံးကတော့ မီးလျှံတာအို အတွင်းအားကျင့်စဉ်တွေကို ကျင့်ကြံကြသူတွေပါ။ သူတို့နှစ်ယောက်စလုံးက မီးလျှံ အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူတွေလည်း ဖြစ်ပါတယ်။ အဲသည်အတွက် သူတို့တွေဟာ တစ်ယောက်နဲ့တစ်ယောက် အမြဲတစေ ယှဉ်ပြိုင်နေကျသူတွေ ဆိုရင်လည်း မမှားပါဘူး။

လျုဟွာကတော့ မန်ချင်းဟိုင်ဟာ သိုင်းတက္ကသိုလ် ၂၄ခုရဲ့ အတော်ဆုံး မီးလျှံတာအို ဆရာသခင် ဖြစ်တယ်ဆိုတာကို လက်မခံချင်ဘဲ ခံထားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မန်ချင်းဟန်က အဆင့်၇ သိုင်းတက္ကသိုလ်ဖြစ်တဲ့ ကြက်သွေးရောင် ကန္တာရ သိုင်းကျောင်းအုပ် ယန်ရှန်းဇီုထက် ပိုအစွမ်း ထက်နေလို့ပါပဲ။

လျူဟွာက လီဖူချန်းတို့ဘက်ကို တစ်ချက်ဝေ့ကြည့်လိုက်ကာ တစ်ချက်ရယ်လိုက်ပြီး မေးလိုက်ပါတယ်။

" ကျောင်းအုပ်မန်…… ခင်ဗျား သည်တစ်ခါ ခေါ်လာတဲ့ ပြိုင်ပွဲဝင်တွေထဲမှာ ဘယ်သူက အရွေးချယ်ခံလဲဗျ ။ ကျုပ်ကတော့ အတော်လေး သိချင်နေမိတယ်ဗျာ "

သိုင်းတက္ကသိုလ် ၂၄ခုလုံးရဲ့ အရွေးချယ်ခံ ပြိုင်ပွဲဝင်တွေက လျော့တွက်လို့ မရပါဘူး။ သူတို့တွေဟာ သက်တံနီဂိုဏ်းရဲ့ အပြင်စည်းတပည့်တွေအဖြစ် သတ်မှတ်ခံထားရတဲ့ သူတွေပါ။သူတို့တွေရဲ့ အနာဂတ်ဟာ ကျောင်းအုပ်ကြီးတွေထက်တောင် ပိုပြီး သာလွန် ကောင်းမွန်နိုင်ပါသေးတယ်။

" ဖူချန်း…… သည်ကိုလာပြီး ကျောင်းအုပ်လျူကို ဂါဝရ ပြုလိုက်ပါဦး "

" ကျောင်းအုပ်လျူ …… ကျွန်တော်က လီဖူချန်းပါ ခင်ဗျာ "

မန်ချင်းဟန်ရဲ့ စကားအဆုံးမှာတော့ လီဖူချန်းက အရှေ့တစ်လှမ်း ထွက်လိုက်ပြီး လက်နှစ်ဖက်ဆုပ်ကာ အရိုအသေ ပေးလိုက်ပါတယ်။

" အိုး…… ဒါဆို မင်းက အရွေးချယ်ခံပေါ့ "

လျူဟွာက ကျင့်ကြံခြင်း အဆင့်အမြင့်ဆုံးနဲ့ ချီအရှိန်အဝါ အားအကောင်းဆုံး ဖြစ်တဲ့ စီးတုသောင်းကို အရွေးချယ်ခံ ဖြစ်မယ်လို့ထင်နေခဲ့တာပါ။လီဖူချန်းက အရွေးချယ်ခံ ဖြစ်လိမ့်မယ်လို့ သူ့အနေနဲ့ လုံးဝ တွေးထင် မထားခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ကနေ ထွက်နေတဲ့ ချီအရှိန်အဝါတွေက ဘာမှ ထူးထူးခြားခြား အားကောင်းနေခြင်း မရှိလို့ပါပဲ။

လီဖူချန်းရဲ့ အရိုအသေ ပေးမှုကို ခေါင်းတစ်ချက် ညိတ်ကာ တုံ့ပြန်လိုက်ပြီးတဲ့ နောက်မှာတော့ လျူဟွာက သူ့ဘေးမှာရှိတဲ့ လူငယ်ကို လှမ်းပြောလိုက်ပါတယ်။

" ချူဖန်း…… ကျောင်းအုပ်မန်ကိုဂါဝရ ပြုလိုက်ဦးလေ "

"ကျွန်တော် ချူဖန်းက ကျောင်းအုပ်မန်ကို ဂါဝရ ပြုပါတယ် ခင်ဗျာ "

ချူဖန်းက ပိန်ပိန်ပါးပါး လူငယ်တစ်ယောက် ပါပဲ။ ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကနေ ထွက်နေတဲ့ ချီအရှိန်အဝါတွေကတော့ အတော်လေး ပြင်းထန်ပါတယ်။ သူက မီးဓာတ်တာအိုကိုအခြေခံတဲ့ ချီအတွင်းအား ကျင့်စဉ်ကို ကျင့်ကြံထားတယ်ဆိုတာ လုံးဝ ယုံမှားသံသယ ဝင်စရာ မလိုပါဘူး။

မန်ချင်းဟန်က ချူဖန်းကို သေသေချာချာ စိုက်ကြည့်လိုက်ပြီး လျူဟွာကို ပြောလိုက်ပါတယ်။

" ကျောင်းအုပ်လျူ…… သည်ကလေးရဲ့ ချီအရှိန်အဝါက ထူးဆန်းလှချည်လား။ သည်ကလေးက သာမန်တော့ မဟုတ်ဘူးထင်တယ် "

မန်ချင်းဟန်ရဲ့ စကားအဆုံးမှာတော့ လျူဟွာက ကျေနပ်စွာ ပြုံးလိုက်ပြီး

" ချူဖန်းက ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံကိုတော့ မပိုင်ဆိုင်ထားဘူး။ ဒါပေမဲ့ သူ့ဆီမှာက အရမ်းရှားတဲ့ လေပြင်းမီးလျှံ အရိုးတည်ဆောက်ပုံ ရှိတယ် "

" လေပြင်းမီးလျှံ အရိုးတည်ဆောက်ပုံလား "

မန်ချင်းဟန်ကတော့ မျက်လုံးပြူးသွားခဲ့ပါပြီ။

ဒါက နှယ်နှယ်ရရ အရိုးတည်ဆောက်ပုံ မဟုတ်ပါဘူး။ လေပြင်းမီးလျှံ အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက လေဓာတ် တာအိုကို အခြေခံတဲ့ချီအတွင်းအား ကျင့်စဉ်တွေကော မီးဓာတ်တာအိုကို အခြေခံတဲ့ ချီအတွင်းအား ကျင့်စဉ်တွေကိုပါ လေ့ကျင့်နိုင်စွမ်း ရှိပါတယ်။တကယ်လို့သာ လေပြင်းမီးလျှံ တာအိုကို အခြေခံတဲ့ ချီအတွင်းအားကျင့်စဉ်တွေကို ကျင့်ကြံနိုင်သွားလို့ကတော့ သူတို့တွေရဲ့ အစွမ်းဟာ နောက်ထပ် နှစ်ဆနီးပါးတောင် ပို အစွမ်းထက်နိုင်ပါသေးတယ်။ ဒါတောင်မှ လေပြင်းမီးလျှံ နတ်ဘုရားစွမ်းရည်ကို ထည့်မတွက် ထားသေးပါဘူး။ လေပြင်းမီးလျှံ အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေက သူတို့ရဲ့ နတ်ဘုရားစွမ်းရည်ကို နိုးထနိုင်ခဲ့မယ် ဆိုရင် သာမန် နတ်ဘုရား စွမ်းရည်တွေထက် အများကြီး ပိုကြောက်ဖို့ ကောင်းပါတယ်။ သူတို့ရဲ့ နတ်ဘုရားစွမ်းရည်ဟာ ပထမတန်းစား နတ်ဘုရားစွမ်းရည်တွေထက်တောင်မှ မဆိုစလောက်လေးသာ နိမ့်ကျတယ်လို့ ဆိုရပါမယ်။

" ခင်ဗျားရဲ့ အရွေးချယ်ခံကလည်းခေမယ့်ပုံတော့ မပေါ်ဘူးဗျ။ ပြောစမ်းပါဦး။ သူက ဘာအရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတာလဲ "

ကျောင်းအုပ်လျူက သိချင်စိတ် ပြင်းပြစွာ မေးလိုက်ပါတယ်။

မန်ချင်းဟန်က ခေါင်းခါလိုက်ပြီး

" သူ့ရဲ့ အရိုးတည်ဆောက်ပုံကတော့ ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး။ သူက မီးလျှံ အရိုးတည်ဆောက်ပုံကိုပဲ ပိုင်ဆိုင်ထားတာ။ ဒါပေမဲ့ သူက မြေကမ္ဘာ အဆင့်မြင့် ဓားသိုင်းကို အမြင့်ဆုံး အဆင့်အထိ ကျင့်ထားထားပြီးဓားဆန္ဒကိုလည်း ထုတ်သုံး နေနိုင်ပြီ "

မန်ချင်းဟန်ရဲ့ ပထမပိုင်း စကားကတော့ လျူဟွာအတွက် အဆင်ပြေပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်း စကားကတော့ လျူဟွာအတွက် အဆင် ပြေမနေခဲ့ပါဘူး။ ဒါက လုံးဝ မနာလိုစရာပါပဲ။

မြေကမ္ဘာအဆင့်မြင့် ဓားဆန္ဒကို နားလည်အသုံးပြုနိုင်တဲ့ ကျောင်းသား ဟုတ်လား။ ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ် နဲ့ ကြယ်တာရာ သိုင်းတက္ကသိုလ်တို့မှာတောင်မှ သည်လို စွမ်းဆောင်နိုင်တဲ့ ကျောင်းသားအရေအတွက်ဟာ လက်တစ်ဆုပ်စာ မပြည့်ပါဘူး။

သည်လို ထိုးထွင်းသိမြင်မှုမျိုးဟာ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင်တွေနဲ့တောင် ယှဉ်လို့ ရပါတယ်။ဒါက တကယ့်ကို ကြောက်စရာထိုးထွင်းသိမြင်မှုပါပဲ။

ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ အကြောင်းကိုတော့ လျူဟွာအနေနဲ့ မစဉ်းစားရဲပါဘူး။

သူ့ဘဝမှာ တစ်လျှောက်လုံးမှာ လျူဟွာဟာ ကြယ်၈ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကို မမြင်ဖူးပါဘူး။ ပြောကြတာကတော့ သက်တံနီဂိုဏ်းဟာ သည်လူငယ်မျိူးဆက်ထဲကကြယ်၈ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်တဲ့။ အဲသည်ကောလဟာလက တကယ်ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာကိုတော့ လျူဟွာကိုယ်တိုင်လည်း မသိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက အဲသည်အကြောင်းအရာကို သိနိုင်လောက်တဲ့အထိ အဆင့် မမီလို့ပါပဲ။

" မြေကမ္ဘာအဆင့်မြင့် ဓားဆန္ဒကို အသုံးပြုနိုင်တာလား "

အစောပိုင်းတုန်းကတော့ ချူဖန်းဟာ လီဖူချန်းကို မျက်လုံးထဲမှာတောင် ထည့်မထားပါဘူး။ ဒါပေမဲ့ လီဖူချန်းက မြေကမ္ဘာဓားဆန္ဒကို နားလည်အသုံးပြုနိုင်ကြောင်း သိလိုက်ရတဲ့ နောက်မှာတော့ သူဟာ လီဖူချန်းကို စေ့စေ့စပ်စပ် အကဲခတ်ပါတော့တယ်။

သူက စိတ်ထဲကနေလည်း သူ့ကိုယ်သူ ပြန်ပြောနေမိပါတယ်သေးတယ်။

' သည်ကောင်က မြေကမ္ဘာအဆင့်မြင့် ဓားဆန္ဒကို နားလည် အသုံးပြုနိုင်တယ်ဆိုတော့သူ့ရဲ့ ထိုးထွင်းသိမြင်မှုက တကယ် ကြောက်စရာ ကောင်းမှာပဲ။ ဒါပေမဲ့ တူညီတဲ့ နယ်ပယ် တစ်ခုမှာဆိုရင် နတ်ဘုရားစွမ်းရည်ကို နိုးထ ထားနိုင်တဲ့ သူတွေက ပြိုင်ဘက်ကင်းတယ်ဆိုတဲ့ စကားကလည်း အလကား မဟုတ်ဘူး။ ငါ့ရဲ့ လေပြင်းမီးလျှံ နတ်ဘုရားစွမ်းရည်ကလည်း သာမန် နတ်ဘုရားစွမ်းရည်တွေထက် ပိုအားကောင်းတယ်။ သည်ကောင်က ငါကြောက်ရမယ့် အထဲမှာ မပါလောက်ဘူး '

ကြက်သွေးရောင်ကျား သိုင်းတက္ကသိုလ်ရဲ့ လူတွေက လီဖူချန်းကို ကြည့်ပြီး အကဲခတ်နေကြသလို လီဖူချန်းကလည်း သူတို့ကို ပြန်ပြီးအကဲခတ်နေတာပါပဲ။

သူက ကြက်သွေးရောင်ကျား သိုင်းတက္ကသိုလ် အုပ်စုထဲမှာ သူနဲ့ ရင်းနှီးနေတဲ့ မျက်နှာ တစ်ခုကို မြင်လိုက်ရပါတယ်။ အဲသည် မျက်နှာပိုင်ရှင်ကတော့ ဝမ်ကျန်းပါပဲ။

ဆရာသခင် မအိုသောကလေးငယ်ရဲ့ထာဝရနုပျိုခြင်း တောအုပ်မှာ ကျင်းပတဲ့ လက်ဖက်ရည် ပွဲတော်မှာတုန်းက လီဖူချန်းဟာ ဝမ်ကျန်းနဲ့ တိုက်ခိုက်ခဲ့ဖူးပါတယ်။ ဝမ်ကျန်းက ကြယ်၆ပွင့် ဗာဂျရာ ခန္ဓာကိုယ်သန့်စင်ခြင်း အရိုးတည်ဆောက်ပုံ ပိုင်ရှင်ကို ပိုင်ဆိုင်ထားတဲ့အတွက် လျော့တွက်လို့တော့ မရပါဘူး။

" ရောင်းရင်းလျူ……ဝင်ကြရအောင် "

မန်ချင်းဟန်က အပြင်မှာ ရောက်နေတာကြာပြီ ဖြစ်တဲ့အတွက် ဆက်ပြီး မနေချင်တော့ပါဘူး။ အဲသည်အတွက် သူက ဦးဆောင်ပြီး အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ထဲကို ဝင်သွားပါတော့တယ်။

" ဝင်ကြတာပေါ့ "

လျူဟွာကလည်း သူ့ရဲ့ ကျောင်းသားတွေကို လက်ဝှေ့ယမ်းပြလိုက်ပြီး သူ့နောက် လိုက်ခဲ့ဖို့ အချက်ပြလိုက်ပါတယ်။

အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်အထဲမှာတော့ ကျယ်ပြန့်လှတဲ့ မြေကွက်လပ်ကြီး တစ်ခု နဲ့ ပွဲကြည့်စင်တွေ အများကြီး ရှိနေပြီး သိုင်းတက္ကသိုလ် အများအပြားက လူတွေကလည်း ရောက်နှင့်နေကြပါပြီ။

အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ရဲ့ ဧည့်ခံကြိုဆိုရေး အဖွဲ့ကတော့ လီဖူချန်းတို့ကို တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်အတွက် စီစဉ်ထားတဲ့ ခြံဝင်းတစ်ခုကို ပို့ဆောင်ပေးခဲ့ပါတယ်။

*****

မန်ချင်းဟန်က အခုလို ပြိုင်ပွဲ မကျင်းပမီမှာ တစ်ရက်စောပြီး ရောက်လာရတာကတော့ အခြား သိုင်းတက္ကသိုလ်တွေရဲ့ အခြေအနေကို လေ့လာ အကဲခတ်ဖို့ပါပဲ။ အခုသည်နေရာကို ရောက်ရှိနေကြတဲ့ သိုင်းတက္ကသိုလ်တွေကလည်း သည်လိုအတွေးမျိုး နဲ့ အစောကြီး ရောက်လာကြပုံ ပေါ်ပါတယ်။

ဒါပေမဲ့ အခြားသိုင်းတက္ကသိုလ်တွေကို ဂရုမစိုက်တဲ့ သိုင်းတက္ကသိုလ်တွေလည်း ရှိနေပါသေးတယ်။ သူတို့ကတော့ ပြိုင်ပွဲကျင်းပမယ့် နေ့မှ အရောက်လာကြမှာပါ။

ညနေခင်း အချိန်ကို ရောက်တဲ့အခါမှာတော့ မန်ချင်းဟန် နဲ့ လင်းကျုပိုင်တို့ဟာ လူတွေအားလုံးကို စုရုံးစေလိုက်ပါတယ်။

" သိုင်းတက္ကသိုလ် စုစုပေါင်း ၁၈ခုကတော့ သည်နေ့ ရောက်လာကြပြီ။ အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ကို ထည့်မတွက်ဘူး ဆိုရင်တော့ ရောက်ဖို့ လိုသေးတဲ့ သိုင်းတက္ကသိုလ်တွေက အကောင်းဆုံး သိုင်းတက္ကသိုလ် ထိပ်ဆုံး ၇ခု စာရင်းထဲမှာပါဝင်နေတဲ့ သိုင်းတက္ကသိုလ်တွေပဲ "

" အခုရောက်နေတဲ့ သိုင်းတက္ကသိုလ် ၁၈ခုထဲမှာဆိုရင် နဂါးငွေ့တန်း သိုင်းတက္ကသိုလ် နဲ့ ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်က အရွေးချယ်ခံတွေကို သတိထားရမယ်။ သူတို့ နှစ်ယောက်စလုံးက ပထမတန်းစား အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကို ပိုင်ဆိုင်ထားကြ သူတွေပဲ။ နဂါးငွေ့တန်း သိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံကတော့ လံှတာအို အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားပြီးခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံကတော့အမျက်ဒေါသ အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတယ် "

လင်းကျုပိုင်က ကျောင်းသားအားလုံးကို သတိထားရမယ့် ပြိုင်ပွဲဝင်တွေအကြောင်း ရှင်းပြလိုက်ပါတယ်။

လှံတာအို အရိုးတည်ဆောက်ပုံ …… အမျက်ဒေါသ အရိုးတည်ဆောက်ပုံ ……။

သည်အရိုးတည်ဆောက်ပုံ နှစ်ခုအကြောင်းကိုတော့ သူတို့အားလုံးဟာ ရှေးဟောင်းကျမ်းစာတွေ ထဲမှာသာ ဖတ်ခဲ့ဖူးတာပါ။ အခုတော့ သူတို့ဟာ မျက်ဝါးထင်ထင် ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။

လံှတာအို အရိုးတည်ဆောက်ပုံကတော့ ဓားတာအို အရိုးတည်ဆောက်ပုံ နဲ့ ဆေဘာတာအို အရိုးတည်ဆောက်ပုံလိုပါပဲ။ သူတို့အားလုံးဟာ လက်နက် အရိုးတည်ဆောက်ပုံတွေ ဖြစ်ပါတယ်။

လက်နက်တာအို အရိုးတည်ဆောက်ပုံတွေထဲမှာတော့ ဘယ်ဟာက ဘယ်ဟာထက် ပိုပြီး အစွမ်းထက်တယ်ဆိုတာ မရှိပါဘူး။အဲဒါက ကိုယ့်ရဲ့ လက်နက်အပေါ်မှာ နားလည်ကျွမ်းဝင်မှုနဲ့ပဲ သက်ဆိုင်ပါတယ်။

ပြီးတော့ ကမ္ဘာဦးအစကနေ အခုချိန်အထိ ရှိနေတဲ့ လက်နက်တာအို အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေရဲ့ အရိုးတည်ဆောက်ပုံ အင်းကွက်တွေဟာ တစ်ပုံစံတည်းပါပဲ။

ကမ္ဘာကြီး စတင်ဖြစ်တည်စ အချိန်တုန်းကဆိုရင် လက်နက်တာအိုတွေဟာ ဖြစ်တည်ခြင်း မရှိခဲ့သေးပါဘူး။

ဒါပေမဲ့လည်း ခေတ်တစ်ခေတ်မှာတော့ ကျင့်ကြံသူ တစ်ဦးဟာ လှံတာအိုကို အဆုံးစွန်အထိ နားလည်သဘောပေါက်သွားတဲ့အတွက် လှံတစ်ချောင်းကို ကိုင်စွဲပြီး မြေပြင် နဲ့ ကောင်းကင်ဘုံတစ်ခွင်မှာပြဲပြဲစင်အောင် မွေနှောက်ပါတော့တယ်။ အဲသည်အချိန်ကစပြီး လူ့လောကမှာ လက်နက်တာအို အရိုးတည်ဆောက်ပုံတွေ ဖြစ်တည်လာခဲ့တာပါ။အဲသည်အတွက် လှံတာအိုဟာ လက်နက်တာအိုအရိုးတည်ပုံ ဖြစ်ပေါ်လာမှုရဲ့ အရင်းခံ ဆိုရင်လည်း မမှားပါဘူး။

အမျက်ဒေါသ အရိုးတည်ဆောက်ပုံကတော့ လှံတာအို အရိုးတည်ဆောက်ပုံထက်တောင် ပိုပြီးတော့ ရှားပါသေးတယ်။

သည်အရိုးတည်ဆောက်ပုံက ပိုင်ရှင်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို ရုတ်ချည်း မြှင့်တက်စေတဲ့ အရိုးတည်ဆောက်ပုံ ဆိုရင်လည်း မမှားပါဘူး။

လူသားတွေရဲ့ ခန္ဓာကိုယ် ဆိုတာက ရှုပ်ထွေးလှပြီးခန့်မှန်းရ ခက်တဲ့ အရာတစ်ခုပါပဲ။

အိုမင်းရှုံ့တွနေပြီ ဖြစ်တဲ့ အဘွားကြီး တစ်ယောက်တောင်မှ အိမ်မီးလောင်တဲ့ အခါမျိုးမှာဆိုရင် လူငယ်တစ်ယောက် ရှုံးလောက်တဲ့ အလျင်မျိုးနဲ့ ပြေးနိုင်ပါတယ်။

အရိုးသာသာမျှသာ ရှိတဲ့ လူဖလံလေး တစ်ယောက်ကလည်း တစ်ခါတရံမှာ သူ့ထက် နှစ်ဆလောက်ကြီးတဲ့ လူ့ဘီလူးကြီးကို အနိုင် ချနိုင်ပါတယ်။

သည်အဖြစ်အပျက်တွေမှာ ဖြစ်ပေါ်လာတဲ့ ခွန်အားတွေဆိုတာက အရိုးထဲကနေ ထွက်ပေါ်လာတဲ့ ခွန်အားလို့တောင် ပြောရမလားပါပဲ။

အမျက်ဒေါသ အရိုးတည်ဆောက်ပုံ ဆိုတာက အဲဒါတွေထက် ပိုပြီး ထူးခြားဆန်းကြယ်ပါတယ်။အရိုးတည်ဆောက်ပုံ ပိုင်ရှင်က အမျက်ဒေါသ အလွန်အမင်း ထွက်လာပြီဆိုရင် သူ့ရဲ့ အစွမ်းကလည်း ဆတက်ထမ်းပိုး ထွက်လာတော့တာပါပဲ။ အဲသည်လိုမျိုး အချိန်ကို ရောက်သွားပြီ ဆိုရင်တော့ အမျက်ဒေါသ အရိုးတည်ဆောက်ပုံ ပိုင်ရှင်ရဲ့ တိုက်ခိုက်မှုတွေဟာ အလွန်အမင်း ကြောက်စရာကောင်းသွားပါပြီ။အမျက်ဒေါသ စွမ်းအားကို အသက်သွင်းထားတဲ့သူတွေဟာသူတို့ထက် အဆပေါင်းများစွာ အစွမ်းထက်တဲ့ရန်သူတွေကိုတောင်မှအနိုင် ယူနိုင်ပါတယ်။

တချို့တွေ ပြောကြတာကတော့ အမျက်ဒေါသ အရိုးတည်ဆောက်ပုံဟာ ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံတွေထဲမှာ ကြောက်စရာ အကောင်းဆုံးပါပဲတဲ့။ ဘာဖြစ်လို့လဲဆိုတော့ ပိုင်ရှင်ရဲ့ ကျင့်ကြံမှု အဆင့်က မြင့်လာလေလေ အမျက်ဒေါသ အရိုးတည်ဆောက်ပုံရဲ့ စွမ်းအားပေါက်ကွဲ မြှင့်တက်လာမှုက ပိုအားကောင်းလာလေလေ ဖြစ်နေလို့ပါပဲ။

ဒါပေမဲ့ သည်အမျက်ဒေါသ အရိုးတည်ဆောက်ပုံကလည်း အားနည်းချက် မရှိတာတော့ မဟုတ်ပါဘူး။ သည်အရိုးတည်ဆောက်ပုံက ထိပ်တိုက်ရင်ဆိုင်မှုတွေမှာသာ အသာစီး ရလေ့ ရှိတာပါ။ တစ်ဖက်ရန်သူက သူတို့ရဲ့ တိုက်ခိုက်မှုကို မခုခံဘဲ ရှောင်တိမ်းသွားမယ် ဆိုရင်တော့ သူတို့အနေနဲ့ ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး။အဲသည်အချက်ကတော့ အမျက်ဒေါသ အရိုးတည်ဆောက်ပုံရဲ့ အကြီးမားဆုံး အားနည်းချက်ပါပဲ။

ပထမတန်းစား အထူးအရိုးတည်ဆောက်ပုံ နှစ်ယောက်ရဲ့ အကြောင်းကို ပြောပြပြီးတဲ့ နောက်မှာတော့ သတိထားရမယ့် အခြားအရွေးချယ်ခံ ပြိုင်ပွဲဝင်တွေရဲ့ အကြောင်းကို ဆက်ရှင်းပြပြီး ညနေခင်း အချိန်ကို ကုန်လွန်စေခဲ့ပါတယ်။

သည်လိုနဲ့ပဲ ညတစ်ညဟာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပါပြီ ။

နောက်တစ်နေ့ မနက်ကို ရောက်တဲ့အခါမှာတော့ ကျန်ရှိနေသေးတဲ့သိုင်းတက္ကသိုလ်တွေဟာလည်း ရောက်လာခဲ့ကြပါတယ်။

အဲသည်သိုင်းတက္ကသိုလ်တွေကတော့ သိုင်းတက္ကသိုလ် ၂၄ခုရဲ့ နံပါတ်၂ ဆီးနှင်းပျံ သိုင်းတက္ကသိုလ်၊ နံပါတ်၃ လဝန်းပြာ သိုင်းတက္ကသိုလ်၊ နံပါတ်၄ မြစ်ကူးနဂါး သိုင်းတက္ကသိုလ်၊ နံပါတ်၅ အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်၊ နံပါတ်၆ မြစ်ပြင်ကျယ် သိုင်းတက္ကသိုလ်နဲ့ နံပါတ်၇ ကြက်သွေးရောင် ကန္တာရသိုင်းတက္ကသိုလ်တို့ပါပဲ။

***

All Chapters