ကျောင်းနယ်မြေအိမ်တွေကြောင့် လင်းဖန်ချမ်းသာတော့မယ် (၂)
Vol. 16 Ch. 227
လင်းဖန် ချက်ချင်းပဲ သူ့မန်နေဂျာ လင်းချမ့်ဝေကို ဆက်သွယ်လိုက်သည်။
"ချမ့်ဝေ ဒီနေ့ည ကျွန်တော့်အိမ်ကိုလာခဲ့ဦး" လင်းဖန်က လင်းချမ့်ဝေကို WeChat မက်ဆေ့ပို့လိုက်သည်။ ဒီရက်ပိုင်းထဲ ကုမ္ပဏီက အားလပ်ရက်ရှိသဖြင့် လင်းချမ့်ဝေ အိမ်ပြန်မည်ဖြစ်သည်။
သူ မနက်အထိ စောင့်ပါက အမြန် ပြန်လာနိုင်မည်မဟုတ်ပေ။
လင်းချမ့်ဝေ "???"
လင်းဖန်အိမ်ကို ညဘက်ကြီးသွားရမှာလား။
သူမ ဘော့စ် လင်းဖန်တွင် ကောင်မလေး ရှိသည်။ မဟုတ်မှလွဲရော...
ခဏလောက် လင်းချမ့်ဝေ ဖုန်းကိုင်ထားပြီး ဘာလုပ်ရမှန်း မသိတော့ချေ။
လင်းချမ့်ဝေ: "ကောင်းပါပြီ"
အချိန်အကြာကြီး တွန့်ဆုတ်သွားပြီးနောက် လင်းချမ့်ဝေ သွားဖို့ကိုသာ ဆုံးဖြတ်လိုက်ပါသည်။
လင်းဖန် သူမကို မည်သည့်တာဝန်ပေးပေး ထမ်းဆောင်ရမည်။ သူမက လင်းဖန်၏ မန်နေဂျာ မဟုတ်လား။
လင်းဖန်သာ သူမကို တစ်ခုခုလုပ်ပါက သူမ ဘာလုပ်ရမည်နည်း။ လင်းဖန်လိုလူမျိုးကို မိန်းကလေး တစ်ယောက်က ဘယ်လို ငြင်းဆန်ရမည်နည်း။
ည ၁၀ နာရီထိုးသောအခါ လင်းချမ့်ဝေ လင်းဖန်၏ အိမ်သို့ ရောက်ရှိလာခဲ့သည်။
သူမ၏ လှပသော မျက်နှာလေးက အနည်းငယ် နီရဲနေသည်။
ဘာပဲဖြစ်ဖြစ် ယောက်ျားတိုင်းက ဒီလိုပဲမဟုတ်လား။ သူမဘော့စ် လင်းဖန်လည်း သူမ အပေါ်ခံစားချက်ရှိလောက်သည်။
မဟုတ်ပါက ညအချိန်ကြီး သူ့အိမ်ကို ဘာကြောင့် လာခိုင်းမည်နည်း။
ဘာဖြစ်တော့မှာလဲ ကြိုသိနေသော်လည်း လင်းချမ့်ဝေ စိတ်လှုပ်ရှားနေမိပါသည်။
ခဏနေရင် သူမ ငြင်းလိုက်ရမလား။ ဒါမှမဟုတ်... သူမ ဘော့စ်ကို အကုန်ခွင့်ပြုလိုက်ရမလား။
လင်းချမ့်ဝေက သူမ၏ လှပသော မျက်လုံးများဖြင့် လင်းဖန်ကို မော်ကြည့်လိုက်ပါသည်။ "ဘော့စ်..."
လင်းဖန်က ပေါင်မုန့်တစ်ချပ် ကိုင်ထားပြီး ပြောလိုက်ပါသည်။ "ဝင်လာခဲ့လေ။ ရေချိုးရင် ချိုးလိုက်ဦး။"
ထိုစကားကြားသောအခါ လင်းချမ့်ဝေ ပို၍ပင် ရှက်သွေးဖြာသွားခဲ့သသည်။
မဟုတ်မှလွဲရော လင်းဖန်က တကယ်ပဲ...
လင်းဖန်က ရှေ့တိုးလာပြီး လင်းချမ့်ဝေ၏ နဖူးကို ထိကြည့်လိုက်သည်။ "နင့်မျက်နှာက ပူနေတာပဲ။ ဖျားနေတာတော့ မဟုတ်ပါဘူးနော်။"
လင်းချမ့်ဝေက ခေါင်းခါလိုက်၏။။ "မဖျားပါဘူး"
လင်းဖန်က ပြောလိုက်၏။ "ဒါဆိုလည်း မြန်မြန်ဝင်ခဲ့လေ။ နင့်ကို ကိုက်စားမယ်ထင်နေလား။ ရေမိုးချိုး တစ်ခုခုစားပြီး စောစောနားလိုက်တောာ့။ မနက်ဖြန်ကျရင် နင့်အတွက် အရမ်းကြီးတဲ့ တာဝန်တစ်ခု ပေးစရာ ရှိတယ်။"
လင်းချမ့်ဝေက လင်းဖန်ကို ကြည့်လိုက်သည်။ "ဘော့စ် ကျွန်မထင်တာက..."
လင်းဖန် "???"
သူက အဲ့လိုလူမျိုးဖြစ်နိုင်ပါ့မလား။
လင်းချမ့်ဝေက ကြည့်ကောင်းသော်လည်း လင်းဖန်မှာ ထိုကဲ့သို့ အတွေးမျိုး မရှိပေ။
မနက်ဖြန် အိမ်ရှင်ကြီးတစ်ယောက်ဖြစ်ကာ အိမ်ငှားခများ ကောက်ယူရတော့မည်။
အိမ်ငှားခများ ကောက်ယူပြီးတာနဲ့ သန်း ၆၀ ရတော့မည်။ အိမ်ငှား ၂၀၀ နဲ့ တွေ့ဆုံရမည်ဖြစ်သဖြင့် သူ အလွန် အလုပ်ရှုပ်ပါလိမ့်မည်။
ဘာကြောင့်မှန်းမသိဘဲ လင်းချမ့်ဝေက တကယ်ကြီး ထိုအတွေးမျိုးဝင်နေသည်။
လင်းဖန် "ငါက နင်နဲ့ အိပ်ချင်တယ်လို့ ထင်နေတာလား။"
လင်းချမ့်ဝေက ဝမ်းနည်းစွာ ခေါင်းငြိမ့်လိုက်ပါသည်။
လင်းဖန်က လင်းချမ့်ဝေကိုကြည့်လိုက်၏။ "နင့်အမြင်မှာ နင့်ဘော့စ်က အဲ့လိုလူမျိုးဖြစ်နေလို့လား။"
"ပြီးတော့လည်း ငါ့မှာ အခုကောင်မလေးရှိပြီးသား။ အခန်းတစ်ခန်းရှာပြီး အိပ်ရေးဝဝ အိပ်ပါ။ အဲ့တာတွေ စဥ်းစားမနေနဲ့။ မနက်ဖြန် အရေးကြီးတာ တစ်ခုခုလုပ်စရာ ရှိတယ်။"
လင်းချမ့်ဝေက မေးလိုက်သည်။ "ဘာများလဲ"
"အိမ်ငှားခကောက်ဖို့"
...
နောက်တစ်နေ့ လင်းဖန် Bugatti La Voiture Noire ဖြင့် ရှန်ဟိုင်းမြို့လမ်းမများပေါ်သို့ မောင်းထွက်လာခဲ့သည်။
လင်းချမ့်ဝေက အရှေ့ခရီးသည်ခုံမှာ ထိုင်နေပြီး မေးလိုက်ပါသည်။ "ဘော့စ် ကျွန်မတို့ အိမ်ငှားခ ကောက်ရမယ့် အိမ်ငှား ဘယ်နှယောက်ရှိလဲ။"
လင်းဖန် ကားမောင်းရင်း ပြောလိုက်ပါသည်။ "၂၀၀ ဝန်းကျင်လောက်"
လင်းချမ့်ဝေ အံ့အားသင့်သွား၏။ "၂၀၀ တောင် ဟုတ်လား။"
လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။ "အိမ်ငှား ၂၀၀ ရဲ့ အိမ်ငှားခက စုစုပေါင်း သန်း ၆၀ လောက်ရှိမယ်။"
လင်းချမ့်ဝေ မျက်လုံးထဲက အံ့အားသင့်မှုများ ပိုပြီး နက်ရှိုင်းသွားခဲ့ပါသည်။ "ဘော့စ်။ ဘလော့တစ်ခုလုံး ပိုင်ထားတာလား။"
လင်းဖန်က ပြောလိုက်သည်။ "များများစားစား မဟုတ်ပါဘူး။ ကြယ်ဥယျာဥ်ထဲက ကျောင်းနယ်မြေ ဘလော့တစ်ခုပဲ။"
လင်းချမ့်ဝေ "..."
သူမလည်း ယခင်က ကြယ်ဥယျာဥ်အကြောင်း ကြားဖူးသည်။
ထိုနေရာမှ အိမ်စျေးများက အလွန်မြင့်မားသည်။
စတုရန်းမီတာ ဆယ်ဂဏန်းလောက်ရှိသည့် ကျောင်းနယ်မြေ အိမ်တစ်လုံးကိုတောင် စျေးနှုန်းမြင့်မြင့်ဖြင့် ရောင်းချနိုင်ပါသည်။
ကြယ်ဥယျာဥ်က ရှန်ဟိုင်းမြို့ထဲတွင် တည်နေရာအလွန်ကောင်းပြီး ကျောင်းကောင်းကောင်းတချို့ဖြင့်လည်း ဝန််းရံခံထားရသည်။ ထို့ကြောင့် ကြယ်ဥယျာဥ်ထဲက အိမ်တစ်လုံးကို ဝယ်ဖို့ အလွန်ခက်ခဲပါသည်။
သာမန်လူတွေဆို ကြယ်ဥယျာဥ်ထဲက အိမ်တစ်လုံးကို တတ်နိုင်ကြမည်မဟုတ်ပေ။ ထိုနေရာက စျေးအပေါဆုံး အိမ်က ယွမ် ၈ သန်း ၉ သန်းလောက် တန်ဖိုးရှိပါသည်။ အနည်းငယ် ပိုကြီးသည့် အိမ်တွေဆို သန်း ဆယ်ချီပြီး တန်လိမ့်မည်။
သို့သော် လင်းဖန်ကတော့ ကြယ်ဥယျာဥ်ထဲတွင် ဘလော့တစ်ခုလုံးကို ပိုင်ဆိုင်ထားသည်။
သူက ချမ်းသာလွန်းပါသည်။
သာမန်လူတစ်ယောက်မှာ ဘာလို့ ဒီလောက်တောင် အိမ်တွေများရတာလဲ။
လင်းဖန် လုံးဝ ကြက်သေ သေနေမိပါသည်။
သူမ လင်းဖန်ကိုတောင် အနည်းငယ် သဘောကျသွားမိ၏။
သူမ ဘော့စ်က အလွန်ချမ်းသာပြီး အိမ်တွေလည်း အများကြီး ပိုင်သည်။
အနာဂတ်မှာ သူမလည်း ဒီလိုကောင်လေးမျိုး ရနိုင်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။
လင်းချမ့်ဝေ့ သက်ပြင်းသာချနိုင်သည်။ သူမ မနေ့ညက အတွေးတွေလွန်ခဲ့သော်လည်း လင်းဖန်ကတော့ သူမကို ဂရုတောင်မစိုက်ပါ။
သူမ ရေချိုးနေတုန်း လင်းဖန်က ဂိမ်းဆော့နေသည်။
သူမ အိပ်ပျော်နေစဥ် လင်းဖန်က သူမကို ကြည့်တောင်မကြည့်ပါ။
ဗီလာကြီးက ကြီးမားလွန်းပါသည်။လင်းဖန်က လင်းချမ့်ဝေကို မနက်ဖြန် အလုပ်သွားဖို့ အဆင်ပြေစေဖို့ အတွက်သာ တစ်ညနေခွင့်ပေးလိုက်ခြင်း ဖြစ်သည်။
လင်းဖန် သူမအခန်းထဲဝင်လာပြီး တစ်ခုခုလုပ်ဖို့ကတော့ မဖြစ်နိုင်ပါ။
ကြယ်ဥယျာဥ် အဝင်ဝတွင်။
လုံခြုံရေးများ လင်းဖန်၏ Bugatti La Voiture Noire ကိုမြင်လိုက်တော့ အံ့အားသင့်သွားကြသည်။
"ဝါး ပြိုင်ကားကြီးက လှပြီး မိုက်နေရော..."
"အဲ့တာ Bugatti ကြီးမဟုတ်လား။ အရင်တုန်းက Weibo မှာမြင်ဖူးတယ်။ သန်း ရာချီပြီးတန်ဖိုးရှိတဲ့ ပြိုင်ကားကြီးလေ။"
"လခွမ်း ဒါတကယ်ပဲ သန်းရာချီတန်ဖိုးရှိတဲ့ ပြိုင်ကားကြီးလား။ ဒါဆို ငါတို့ရဲ့ ပိုင်ရှင်အသစ် လင်းဖန်က အရမ်းတော်တာပေါ့။"
"ဒီမှာ လင်းဖန်ရဲ့ အိမ်တချို့လည်း ရှိတယ်။ အဲ့လိုသာဆို သူက တော်လွန်းပါတယ်။ ဒီလို ပြိုင်ကားမျိုး မောင်းနိုင်ရင် အနည်းဆုံး အိမ် ၁ လုံး ၂ လုံးလောက်တော့ ရှိမှာပဲ။"
လုံခြုံရေးဝန်ထမ်း တချို့က အံ့အားသင့်နေသော မျက်လုံးများဖြင့် စကားဝိုင်းဖွဲ့နေကြသည်။
ဒီလိုပြိုင်ကားမျိုး မောင်းနိုင်တဲ့လူက ဆင်းရဲပါ့မလား။
Bugatti ကားကြီးက ကြယ်ဥယျာဥ်ထဲ တန်းတန်းမတ်မတ် မောင်းဝင်သွားသည်။ လုံခြုံရေးဝန်ထမ်းများကလည်း မတားတော့ပါ။
ကားထဲကထွက်လာတာ လင်းဖန် ဖြစ်မှန်း မြင်လိုက်ရတော့ ပိုလို့တောင် တုန်လှုပ်သွားခဲ့ရပါသည်။
"ကြည့်ဦး ကြည့်ဦး အဲ့တာ စူပါစတား လင်းဖန် မဟုတ်ဘူးလား။"
"အား ငါ့အိုင်ဒေါ လင်းဖန်ပဲ။ အခုချိန်ကစပြီး လင်းဖန်က ငါတို့အိမ်ရာရဲ့ ပိုင်ရှင်အသစ် ဖြစ်တော့မှာပေါ့။"
"အထင်ကြီးစရာပဲ။ အစ်ကိုဖန်ဘေးက ကောင်မလေးကလည်း တော်တော်လှတယ်။ အဲ့တာ သူ့မန်နေဂျာ မဟုတ်လား။”
"စူပါစတား ရှားဝမ်ချွေ့ကို မတွေ့ရတာတော့ နှမြောစရာပဲ။ ရှားဝမ်ချွေ့က အစ်ကိုဖန်ရဲ့ ကောင်မလေးလေ။ သူက အရမ်းလှတာ။”
"အစ်ကိုဖန်က တကယ်ကြီး ဒီမှာလည်း အိမ်ဝယ်လိုက်တာလား။ ဒါဆိုငါတို့နောက်ပိုင်းကျရင် အစ်ကိုဖန်ကို နေ့တိုင်းတွေ့နေရတော့မှာပေါ့"
လုံခြုံရေးဝန်ထမ်းများ စကားများနေကြစဥ် လုံခြုံရေးခေါင်းဆောင်က တည်တံ့နေသော မျက်နှာဖြင့် လျှောက်လာသည်။
"အစ်ကိုဖန်အကြောင်း ဒီမှာ ပြောမနေကြနဲ့။ အသံတိုးကြစမ်း။"
"အစ်ကိုဖန််က ငါတို့အိမ်ရာရဲ့ ကတ်စတမ်မာ အကြီးစားဆိုတာ မသိကြဘူးလားကွ" လုံခြုံရေးခေါင်းဆောင်က ပြောလိုက်သည်။
"သိပါတယ် ခေါင်းဆောင်ရယ်။ အစ်ကိုဖန်က ဒီမှာ အိမ်တစ်လုံးဝယ်လိုက်တာ နေမှာပေါ့။ အစ်ကိုဖန်က Bugatti ပြိုင်ကားမောင်းနိုင်ပြီး ကြယ်ပွင့်တစ်ပွင့်ကြီးပဲကို။ ဒီမှာ ကျောင်းနယ်မြေအိမ်တစ်လုံးဝယ်ဖို့ဆိုတာ သူ့အတွက် ထမင်းစားရေသောက်ပဲနေမှာပေါ့။"
"ဟုတ်တယ် ခေါင်းဆောင်။ ကျွန်တော်တို့လည်း အစ်ကိုဖန်က ကျွန်တော်တို့ အိမ်ရာရဲ့ အကြီးစားဖောက်သည်မှန်း နားလည်ပါတယ်ဗျာ။ ဘယ်သူမှ အဲ့လောက် မတုံးပါဘူး။ အစ်ကိုဖန်ကို သေချာပေါက် မစော်ကားပါဘူး။"
လုံခြုံရေးဝန်ထမ်းများက တစ်ခုခုပြောဖို့ ကြံလိုက်စဥ် လုံခြုံရေးခေါင်းဆောင်၏ အကြည့်က ပို၍ပင် ခက်ထန်လာခဲ့ပါသည်။
"မဟုတ်ဘူး။ မင်းတို့ အကုန်လုံး မှားနေပြီ။ အစ်ကိုဖန်က ဒီမှာ အိမ်တစ်လုံးဝယ်တာမဟုတ်ဘူး။"
"သူက ကြယ်ဥယျာဥ်ထဲမှာ ကျောင်းနယ်မြေ အိမ်တစ်လုံး ဝယ်လိုက်တာ။ ဘလော့ A1 ပဲ။ အထပ်တွေ အများဆုံးရှိပြီး နေထိုင်သူ အများဆုံးပဲ" လုံခြုံရေး ခေါင်းဆောင်ကပြောလိုက်သည်။
လုံခြုံရေးဝန်ထမ်းများအားလုံး ကြက်သေသေသွားကြသည်။ တချို့၏ မျက်လုံးများဆို အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွား၏။
လုံခြုံရေးဝန်ထမ်းများ လုံးဝ မှင်သက်သွားခဲ့ပါသည်။
ကျောင်းနယ်မြေ အိမ်တစ်လုံးမဟုတ်ဘဲ ကျောင်းနယ်မြေ ဘလော့တစ်ခုလုံးဖြစ်သည်။
ကျောင်းနယ်မြေ ဘလော့တစ်ခုဆိုတာ ဘယ်လောက်တန်ဖိုးကြီးလိုက်သလဲ။
ထို့အပြင် ဘလော့ A1 လည်းဖြစ်သည်။ လင်းဖန်မှာ ကျောင်းနယ်မြေ အိမ် အလုံး ၂၀၀ ရှိသွားတာနဲ့ ညီမျှနေပါသည်။
တကယ့်သူဌေးအစစ်အမှန်က ဘယ်လိုဘယ်ဝါဆိုတာ ထိုလုံခြုံရေးဝန်ထမ်းအားလုံး မြင်လိုက်ရပါသည်။
အားလုံး မျက်လုံးများ ပြူးကျယ်သွားကြသည်။ တချို့အဆောက်အဦးဖြို ကုမ္ပဏီများက ဘလော့များ ပိုင်ဆိုင်ကြတာကို ကြားဖူးပါသည်။ ဆင်ကြယ်ဖိနပ်များစီးပြီး အားနည်းချင်ယောင်ဆောင်နေကြသည့် နာမည်ကြီးများအကြောင်းကိုလည်း ကြားဖူးကြသည်။
ထို အဆောက်အဦးဖြိုကုမ္ပဏီမျာားက တကယ်ပဲ ချမ်းသာကာ အေးအေးချမ်းချမ်း အိမ်ရှင်များအဖြစ် နေထိုင်လို့ရပါသည်။
သို့သော်လည်း ကြယ်ဥယျာဥ်တွင် ဘလော့ A1 ကို ဝယ်ယူနိုင်သူရှိတာကတော့ တကယ့်ကို မယုံနိုင်စရာပင်။
အဘယ့်ကြောင့်ဆိုသော်... ဒါက ရှန်ဟိုင်းမြို့ကြီးဖြစ်သည်။
တချို့လူတွေက မြို့စွန်ရှိ အိမ်များကို ဝယ်ယူနိုင်သော်လည်း ကျောင်းနယ်မြေထဲကအိမ်များစွာ ဝယ်ယူနိုင်မည်ဟု မဆိုလိုပေ။
ကျောင်းနယ်မြေဘလော့တစ်ခု၏ စျေးနှုန်းက အနည်းဆုံး ၁.၆ ဘီလီယံဖြစ်သည်။
စူပါသူဌေးကြီးများကလွဲပြီး သာမန်လူတွေက ဒီနေရာမှာ အိမ်ဝယ်နိုင်ပါ့မလား။
လုံခြုံရေးဝန်ထမ်းများအားလုံး မယုံကြည်နိုင်စွာဖြင့် ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
အရင်တုန်းကတော့ လင်းဖန် အလွန်ဆုံး ကျောင်းနယ်မြေ အိမ်တစ်လုံးဝယ်လိမ့်မည်ဟုသာ ခန့်မှန်းခဲ့ကြ၏။ လင်းဖန်က ဘလော့ကြီးတစ်ခုလုံး ဝယ်ယူသွားလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
ဒါက... လူတွေရဲ့ ခြားနားချက်များလား။