← Chapters

ကြယ်၇ပွင့် ဆီးနှင်းရေခဲ အရိုးတည်ဆောက်ပုံ

Vol. 35 Ch. 465

ကြယ်၇ပွင့် ဆီးနှင်းရေခဲ အရိုးတည်ဆောက်ပုံ

Vol. 35 Ch. 465

အဆင့်သတ်မှတ်ချက် ပြိုင်ပွဲကိုတော့ အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ရဲ့ အပြင်စည်းသိုင်းတက္ကသိုလ် ဝင်းထဲမှာရှိတဲ့ သိုင်းစင်မြင့်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

အထက်ကောင်းကင်ဘုံ အပြင်စည်းတက္ကသိုလ်ရဲ့ သိုင်းစင်မြင့်ကတော့ စက်ဝိုင်းတစ်ခုအသွင် ရှိပြီးပရိသတ်တွေကတော့ ဘေးပတ်ပတ်လည်ကနေ အားပေးကြည့်ရှုရမှာပါ။

သိုင်းတက္ကသိုလ်၂၄ကတော့ မနက် အစောပိုင်းမှာပဲ သက်ဆိုင်ရာ ပွဲကြည့်စင်တန်းတွေဆီကို ရောက်ရှိနေကြပါပြီ။ အရွေးချယ်ခံ ပြိုင်ပွဲဝင်တွေကတော့ အရွေးချယ်ခံ ပွဲကြည့်စင်တန်းမှာ ထိုင်နေကြပြီး ကျောင်းအုပ်ကြီးတွေနဲ့ လက်ထောက်ကျာင်းအုပ်တွေကတော့ အထူး ပွဲကြည့်စင်တန်းမှာ နေရာယူထားကြပါတယ်။ ကျန်တဲ့ အတွင်းစည်းကျောင်းသားတွေ အတွက်ကတော့ နေရာ သတ်သတ်မှတ်မှတ် မရှိပါဘူး။ အဲသည်အတွက် သူတို့တွေက ကျန်ရှိနေတဲ့ နေရာလွတ်တွေမှာ ကြိုက်နှစ်သက်သလို ထိုင်နေကြပါတယ်။

" ကျောင်းအုပ်ကျင်း…… လူတွေအားလုံးလည်း ဆုံနေပြီဆိုတော့ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲကို စလိုက်ရအောင်လေ "

ဆီးနှင်းပျံ သိုင်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်ဖြစ်တဲ့ တုံမူယိုက မတ်တပ် ထရပ်လိုက်ပြီး ပြိုင်ပွဲကို စတင်ဖို့အတွက် အကြံပြုလိုက်ပါတယ်။

တုံမူယိုကတော့ ခရမ်းရောင်ပန်း နိုင်ငံတော် ဆရာသခင် စာရင်းရဲ့ အဆင့်၇မှာ ရပ်တည်နေတဲ့ သူဆိုရင်လည်း မမှားပါဘူး။ သူမက အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ် ကျောင်းအုပ် ကျင်းယန်ထက် အဆင့်သတ်မှတ်ချက် တစ်ဆင့်သာ နိမ့်ပါတယ်။

ကျင်းယန်ကတော့ ရုပ်ရည်ခန့်ညားလှတဲ့ လူကြီးတစ်ယောက်ပါပဲ။ တုံမူယိုရဲ့ စကားကို ကြားပြီးတဲ့နောက်မှာတော့ သူဟာ ဘေးမှာ ရှိနေတဲ့ လက်ထောက်ကျောင်းအုပ် တစ်ယောက်ကို ခေါင်းညိတ်ပြီး အချက်ပြလိုက်ပါတယ်။

ကျင်းယန်ရဲ့ အချက်ပြမှုကို ရပြီးတဲ့ နောက်မှာတော့ လက်ထောက်ကျောင်းအုပ်ဟာ မတ်တပ်ထရပ်ပြီး ပြိုင်ပွဲ စတင်ကြောင်းကို ကြေညာလိုက်ပါပြီ။

" အဆင့်သတ်မှတ်ချက် ပြိုင်ပွဲကို အဆင့်သုံးဆင့် ခွဲပြီး ကျင်းပမှာ ဖြစ်တယ်။ ပထမအဆင့်ကို ထိပ်ဆုံးအယောက် ၁၀၀၊ ဒုတိယ အဆင့်ကိုထိပ်ဆုံး ၂၆ယောက်ဆိုပြီး ရွေးချယ်ပါမယ်။အဲသည် ဒုတိယအဆင့်မှာ ကျန်ခဲ့တဲ့ ၂၆ယောက်ကတော့ အရွေးချယ်ခံ ပြိုင်ပွဲဝင် ၂၄ယောက်နဲ့အတူ သက်တံနီဂိုဏ်းကို အပြင်စည်း တပည့်အဖြစ် ဝင်ရမှာ ဖြစ်တယ်။ တတိယအဆင့်ကတော့ အဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်ပေးမယ့် ပြိုင်ပွဲပဲ။သက်တံနီဂိုဏ်းကို အပြင်စည်း တပည့်တွေအဖြစ် ဝင်ရောက်မယ့် ကျောင်းသား ၅၀အားလုံး ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်တယ်။ သည်ပြိုင်ပွဲရဲ့ အဆင့်၁က အမှတ်၅၀၊ အဆင့်၂က ၄၉မှတ်၊ အဆင့်၃က ၄၈မှတ် စသဖြင့် အစဉ်လိုက် အမှတ်ရသွားမှာဖြစ်ပြီးအဆင့်၅၀ကတော့ ၁မှတ်ပဲ ရလိမ့်မယ်။ ပြိုင်ပွဲဝင်တွေရဲ့ အမှတ်ကိုတော့ သက်ဆိုင်ရာ သိုင်းတက္ကသိုလ်တွေဆီမှာ ပေါင်းထည့်ပေးမှာ ဖြစ်ပြီး အမှတ်အများဆုံး ရတဲ့ သိုင်းတက္ကသိုလ်က သိုင်းတက္ကသိုလ် ၂၄ခုရဲ့ နံပါတ်၁ သိုင်းတက္ကသိုလ် ဖြစ်လာလိမ့်မယ် "

" ဆုလာဘ်တွေ အနေနဲ့ကတော့အဆင့်၁ပြိုင်ပွဲဝင်က အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်နဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်သန်း၊ အဆင့်၂ ပြိုင်ပွဲဝင်က အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးရာ နဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသန်း၊ အဆင့်၃ ပြိုင်ပွဲဝင်က အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သူံးရာ နဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသန်း ဆိုပြီး ရမှာဖြစ်တယ်။ အဆင့်၄ ပြိုင်ပွဲဝင်ကနေ စပြီး အဆင့်၅၀ ပြိုင်ပွဲဝင်ကတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာ နဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သန်းကို ကိုယ်စီ ရလိမ့်မယ် "

" ကဲ…… ပထမအဆင့် ပြိုင်ပွဲကို စတင်တော့မှာ ဖြစ်တဲ့အတွက် အရွေးချယ်ခံ မဟုတ်တဲ့ပြိုင်ပွဲဝင်တွေအားလုံး ကျေးဇူးပြုပြီး နံပါတ်ပြားလေးတွေကို လာထုတ်ယူ စေချင်ပါတယ် "

အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ် လက်ထောက်ကျောင်းအုပ်ရဲ့ စကားအဆုံးမှာတော့ အရွေးချယ်ခံ ပြိုင်ပွဲဝင် မဟုတ်တဲ့ ကျောင်းသား ၂၁၆ယောက်ဟာ စင်ပေါ်ကို တက်သွားကြပါတော့တယ်။

အရွေးချယ်ခံ ပြိုင်ပွဲဝင်၂၄ယောက်ကတော့ အစောကြီးကတည်းကကိုယ်ပိုင် နံပါတ်ပြားတွေ ရထားပြီးပါပြီ။

သူတို့ရဲ့ နံပါတ်ပြားတွေကတော့ သူတို့ကိုယ်စားပြုရာ သိုင်းတက္ကသိုလ်ရဲ့ အဆင့်သတ်မှတ်ချက်ပေါ်မှာ မူတည်တာပါ။ အဲသည်အတွက်လီဖူချန်းက နံပါတ်၁၅ နံပါတ်ပြားကို ရရှိထားခဲ့ပါတယ်။

" အဆင့်၁ ပြိုင်ပွဲဝင်ရဲ့ ဆုလာဘ်က အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင် နဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်သန်းတဲ့လား "

လီဖူချန်းရဲ့ မျက်လုံးတွေကတော့ ဆုအဖြစ်ရ ပေးအပ်မယ့် ဝိညာဉ်ကျောက်တုံး ပမာဏကို ကြားပြီးကတည်းက အရောင်တောက်ပ နေခဲ့ပါပြီ။

အစတုန်းကတော့ သူဟာ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲရဲ့ နံပါတ်၁ နေရာကို ရဖို့အတွက် သိပ်ပြီး စိတ်မဝင်စားခဲ့ပါဘူး။ ဒါပေမဲ့လည်း အခုတော့ သူဟာ နံပါတ်၁ နေရာကို မျက်စောင်း ထိုးလာခဲ့ပါပြီ။ ဒါက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်နဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်သန်းပါ။ အဲသည်အတွက် သူ့ရဲ့ ဝှက်ဖဲတချို့ကို ထုတ်ပြရရင်တောင်မှ တန်ပါသေးတယ်။

အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်ဆိုတဲ့ ပမာဏဟာ နောက်စရာ မဟုတ်ပါဘူး။ ဒါက ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာ ရှိတဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တွေကိုတောင်မှ မျက်လုံးပြူးသွားစေမှာ အသေအချာပါပဲ။

" ပြိုင်ပွဲ စ "

ပထမအဆင့် ပြိုင်ပွဲကတော့ စတင်လာခဲ့ပါပြီ။ ပွဲကြည့်စင်တွေရဲ့ အလယ်မှာ ရှိတဲ့ သိုင်းစင်မြင့်ဟာ ဆယ်ခြမ်း ကွဲထွက်သွားပြီးသိုင်းစင်မြင့် ဆယ်ခုအဖြစ် ပြောင်းလဲသွားပါတော့တယ်။ကြည့်ရတာတော့ ပြိုင်ပွဲက တစ်ပြိုင်တည်း ဆယ်ပွဲ ကျင်းပမယ့် ပုံပါပဲ။

" ဟူး…… ပျင်းစရာ ကောင်းလိုက်တာကွာ "

ပွဲအနည်းငယ်ကို ကြည့်ပြီးတဲ့ နောက်မှတော့ လီဖူချန်းဟာ အတော်လေး ပျင်းရိလာခဲ့ပါပြီ။ သည်ပြိုင်ပွဲဝင်တွေ ထဲမှာက သူစိတ်ဝင်စားရ လောက်တဲ့သူ တစ်ယောက်မှ မရှိပါဘူး။အဲသည်အတွက် လီဖူချန်းဟာ ပြိုင်ပွဲဝင်နေသူတွေကို ဥပေက္ခာ ပြုလိုက်ပြီး သူ့ရဲ့ အကြည့်တွေကို အခြား အရွေးချယ်ခံ ပြိုင်ပွဲဝင် ၂၃ယောက်ဆီကို ပို့လိုက်ပါတော့တယ်။

" အင်း…… အဲသည်ကောင်က ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံ လီကောင်း ဖြစ်ရမယ်။ ဒါဆို သူက အမျက်ဒေါသ အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ကောင်ပေါ့ "

လီကောင်းက အရပ် အတော်လေးမြင့်ပြီး ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၆ကို ရောက်နေပါပြီ။ ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်ကနေ ထွက်နေတဲ့ ချီအရှိန်အဝါတွေကလည်း ကြောက်စရာပါပဲ။ သူ့ရဲ့ ချီအရှိန်အဝါကသူ့ရဲ့ အနီးအနားမှာရှိတဲ့ လူတွေ အကုန်လုံးကို ဖိအားပေးဖို့ ကြိုးစားနေတာပါ။

အဲသည်ဖိအားက ချီဝိညာဉ်တွေနဲ့ ဆင်တူပေမယ့်လည်းပိုပြီး ရှုပ်ထွေးတာကို လီဖူချန်းတစ်ယောက် ခံစားလိုက်မိပါတယ်။

" အမျက်ဒေါသ အရိုးတည်ဆောက်ပုံက တကယ် အံ့သြဖို့ ကောင်းတာပဲ "

လီဖူချန်းက လီကောင်းကို သူသတိထားရမယ့် ပြိုင်ပွဲဝင်တွေထဲက တစ်ယောက်အဖြစ် သတ်မှတ်လိုက်ပါတယ်။

နောက်ထပ် ထပ်ပြီးလီဖူချန်းရဲ့ မြင်ကွင်းထဲကို ဝင်လာသူကတော့ နဂါးငွေ့တန်း သိုင်းတက္ကသိုလ်က ရန်ရှီိဟို ပါပဲ။

ရန်ရှီဟိုရဲ့ ချီအရှိန်အဝါတွေကတော့ အလွန်အမင်း နိုင်ထက်စီးနင်း လုပ်ချင်တဲ့ သဘောကို ဆောင်ပါတယ်။သူ့ကိုကြည့်ရတာက လှံတစ်ချောင်းနဲ့ ဆင်တူနေပြီး အရာအားလုံးကို ထိုးဖောက်တော့မယ့် ပုံပါပဲ။

" လှံတာအို နတ်ဘုရားစွမ်းရည်ကို နိုးထထားနိုင်တဲ့ လှံတာအို အရိုးတည်ဆောက်ပုံ ပိုင်ရှင်ကလည်း ကြောက်စရာ ကောင်းတာပဲ "

လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။ သူက အခြားသော လက်နက်တာအို အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေနဲ့ ရင်ဆိုင်ဖူးပေမယ့်လည်း အဲသည်သူတွေက နတ်ဘုရားစွမ်းရည်ကို နိုးထ ထားနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ရန်ရှီဟိုကတော့ နတ်ဘုရားစွမ်းရည်ကို နိုးထ ထားပြီးပါပြီ။ အဲဒါက လီဖူချန်းကို မတူညီတဲ့ ခံစားမှုတစ်ခုကိုပေးစွမ်းပါတယ်။

လီကောင်းနဲ့ ယှဉ်ရင်တော့ ရန်ရှီဟိုရဲ့ ကျင့်ကြံခြင်း အဆင့်က ပိုမြင့်ပါတယ်။ ရန်ရှီဟိုက ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၇ကို ရောက်နေပါပြီ။

အခုချိန်အထိ လီဖူချန်း တွေ့ဖူးသမျှ လူငယ်မျိုးဆက်တွေ ထဲမှာတော့ ရန်ရှီဟိုရဲ့ ကျင်ကြံခြင်းအဆင့်က အမြင့်ဆုံးပါပဲ။

ပထမတန်းစား အထူးအရိုးတည်ဆောက်ပုံတွေကိုတော့ ထိပ်ဆုံး သိုင်းတက္ကသိုလ် ၇ခုကလွဲပြီး ကျန်ရှိနေတဲ့ သိုင်းတက္ကသိုလ်တွေမှာ မတွေ့ရပေမယ့် ကျန်ရှိနေတဲ့ သိုင်းတက္ကသိုလ်တွေက အရွေးချယ်ခံတွေကိုလည်း လျော့တွက်လို့ မရပါဘူး။

နတ်ဘုရားစွမ်းရည် အစွမ်းထက်တိုင်း အရာရာကို ဆုံးဖြတ်ပေးနိုင်တာမှ မဟုတ်တာလေ။ တစ်ဖက်ရန်သူရဲ့ အစွမ်းတွေကို ယုတ်လျော့စေတဲ့ နတ်ဘုရားစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ လူတွေလည်း ရှိဦးမှာ အသေအချာပါပဲ။ အဲသည်လူတွေနဲ့ ဆိုရင်တော့ ပထမတန်းစား အထူးအရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့သူတွေဟာ အကျိတ်အနယ် တိုက်ခိုက်ရလောက်ပါတယ်။

ပြီးတော့ အရိုးတည်ဆောက်ပုံ အင်းကွက်ကို ဘယ်လောက်အထိ နားလည်ထားသလဲ ဆိုတာကိုလည်း ထည့်တွက်ရပါဦးမယ်။

အဲသည်နောက်မှာတော့ လီဖူချန်းဟာ ထိပ်ဆုံး သိုင်းတက္ကသိုလ်၇ခုရဲ့ အရွေးချယ်ခံတွေကို လေ့လာအကဲခတ် ပါတော့တယ်။

ကြက်သွေးရောင် ကန္တာရ သိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံ ပြိုင်ပွဲဝင်ကတော့ ဆံပင် ခပ်တိုတိုနဲ့ လူငယ်တစ်ယောက်ပါပဲ။သူက ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၆မှာ ရှိပြီး သူ့ရဲ့ ချီအရှိန်အဝါကတော့ လီကောင်းထက် အနည်းငယ် အားနည်းပါတယ်။

့မြစ်ပြင်ကျယ် သိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံကတော့ အပြာရောက် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၆ကို ရောက်နေပါပြီ။

အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံကတော့ အစိမ်းရောင် ဆံပင်တွေကို ပိုင်ဆိုင်ထားတဲ့ လူငယ်တစ်ယောက်ပါပဲ။ သူရဲ့ ကျင့်ကြံခြင်း အဆင့်ကတော့ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၇ကို ရောက်နေပါပြီ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ သည်လူငယ်ဟာ ရန်ရှီဟိုလောက် အစွမ်းမထက်ဘဲ လီကောင်းနဲ့ တန်းတူလောက်သာ ရှိတယ်လို့ ခံစားနေရပါတယ်။

ဆံပင်စိမ်းနဲ့ လူငယ်ကို လေ့လာ အကဲခတ် အပြီးမှာတော့ လီဖူချန်းရဲ့ အကြည့်တွေဟာ သိုင်းစင်မြင့်ပေါ်ကို ပြန်ရောက်သွားခဲ့ ပြန်ပါပြီ။

သိုင်းစင်မြင့်ပေါ်မှာတော့ အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ လန်ဖန်းဟာ သူ့ရဲ့ ပြိုင်ဘက်ကို ဓားချက်တစ်ချက်တည်းနဲ့ အနိုင်ယူလိုက်ပါတယ်။

လန်ဖန်းကတော့ ကြယ်၆ပွင့် ဆေဘာတာအို အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူ တစ်ယောက်ပါ။ဆရာသခင် မအိုသော ကလေးငယ် ကျင်းပတဲ့ လက်ဖက်ရည်ပွဲတော်တုန်းက လီဖူချန်း နဲ့ လန်ဖန်းဟာ သိုင်းပညာ ဖလှယ်ခဲ့ဖူးပါတယ်။အချိန်တွေ အများကြီး ကြာပြီးတဲ့နောက်မှာတော့ လန်ဖန်းဟာ ဆေဘာတာအို နတ်ဘုရားစွမ်းရည်ကို နိုးထ သွားနိုင်ပုံပါပဲ။ အခုလက်ရှိ လီဖူချန်း တွေ့ရသလောက် ဆိုရင်တော့ လန်ဖန်းရဲ့ ပျမ်းမျှစွမ်းရည်ဟာ ဝမ်ဟိုင်လုံထက် နိမ့်ကျစရာ အကြောင်းမရှိပါဘူး။

မြစ်ကူးနဂါး သိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံကတော့ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပါတယ်။ သူ့ကို ကြည့်ရတာကတော့ နွေးထွေးပြီး စိတ်သဘောထား ကောင်းမယ့်ပုံပါပဲ။

လဝန်းပြာ သိုင်းတက္ကသိုလ်နဲ့ ဆီးနှင်းပျံ သိုင်းတက္ကသိုလ်တို့ရဲ့ အရွေးချယ်ခံ နှစ်ယောက်စလုံးကတော့ အမျိုးသမီးတွေ ဖြစ်ကြပြီး အလွန်အမင်း အားကောင်းတဲ့ ချီအရှိန်အဝါတွေကို ပိုင်ဆိုင်ထားကြပါတယ်။

လဝန်းပြာ သိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံဟာ အပြာရောင် ဆံနွယ်တွေကို ပိုင်ဆိုင်ထားတဲ့ မိန်းမချောလေး တစ်ယောက်ဖြစ်ပြီး သူမရဲ့ ချီအရှိန်အဝါတွေက လန်ဖန်းနဲ့ ဆင်တူယိုးမှားပါပဲ ။ ဒါပေမယ့်လည်း သူမရဲ့ ချီအရှိန်အဝါက လန်ဖန်းထက် အများကြီး အားကောင်းပါတယ်။

တကယ်လို့ လီဖူချန်း ထင်တာသာ မမှားဘူး ဆိုရင်တော့ သူမဟာလည်း ဆေဘာတာအို အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ရပါမယ်။

ဆီးနှင်းပျံ သိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံကတော့ အဖြူရောင် နှင်းပွင့်တွေကို ပုံဖော်ရက်လုပ်ထားတဲ့ ဝတ်စုံဖြူကို ဝတ်ဆင်ထားတဲ့ မိန်းမငယ်လေး တစ်ယောက်ပါပဲ။ သူမရဲ့ ချီအရှိန်အဝါကတော့ ရေခဲတမျှ အေးစက်နေပြီး ပတ်ဝန်းကျင် လေထုကိုတောင်မှ သက်ရောက်နေပါတယ်။ပြီးတော့ သူမရဲ့ ကျင့်ကြံမှု အဆင့်ကလည်း ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၈ကို ရောက်နေပါပြီ။

" ရေခဲတာအို ချီအတွင်းအား ကျင့်စဉ်ကို ကျင့်ကြံထားတဲ့ သူတစ်ယောက်က သည်လောက်အထိ အားကောင်းပါ့မလား "

လီဖူချန်းက အဖြူရောင် ဝတ်စုံဝတ် မိန်းမငယ်လေးကို နောက်ထပ်တစ်ကြိမ် သေသေချာချာ လေ့လာ အကဲခတ်လိုက်ပါတယ်။

ဘာကြောင့်မှန်းတော့ မသိပါဘူး။ လီဖူချန်းက သည်မိန်းမပျိုဟာ ရန်ရှီဟိုထက် ပိုပြီး အစွမ်းထက်လိမ့်မယ်လို့ ခံစားနေရပါတယ်။

အချိန်အတန်ကြာ လေ့လာ အကဲခတ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အကြောင်းအရင်းကို သိသွားခဲ့ပါပြီ။

" လခွီး…… သူက ကြယ်၇ပွင့်အဆင့် ဆီးနှင်းရေခဲ အရိုးတည်ဆောက်ပုံ ပိုင်ရှင်ပဲဟ "

ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ နဲ့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံဟာ ကြယ်တစ်ပွင့်သာ ကွာခြားတယ် ဆိုပေမယ့် ခြားနားမှုကတော့ အကွာကြီးပါပဲ။

ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဟာ ဘယ်လောက်ပဲ အစွမ်းထက်တယ် ပြောပြော ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ကိုတော့ မယှဉ်နိုင်ပါဘူး။

ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ နဲ့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံကြားက ကွာဟာမှုဟာ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ နဲ့ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံကြားက ကွာဟမှုထက်ကို ပိုကြီးမားပါတယ်။

ရှေးဟောင်းကျမ်းစာတွေထဲက အရဆိုရင်တော့ အရိုးတည်ဆောက်ပုံရဲ့ အဆင့်မြင့်လာလေလေ ကြားထဲမှာရှိတဲ့ ကွာဟမှုက ပိုကြီးမားလေလေပါပဲတဲ့။ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံ နဲ့ ကြယ်၂ပွင့် အရိုးတည်ဆောက်ပုံရဲ့ ခြားနားချက်က ၁၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းကြား ရှိပြီး ကြယ်၂ပွင့် အရိုးတည်ဆောက်ပုံ နဲ့ ကြယ်၃ပွင့် အရိုးတည်ဆောက်ပုံကြားက ကွာဟမှုကတော့ ၂၀ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ ဒါပေမဲ့ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ နဲ့ ကြယ်၆ပွင့်အရိုးတည်ဆောက်ပုံကြားမှာ ဆိုရင်တော့ ကွာဟမှုက နှစ်ဆ နီးပါးကိုဖြစ်သွားပါပြီ။ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ နဲ့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံကြားက ကွာဟမှုကတော့ အဲသည်ထက်ကို နှစ်ဆ ပိုပါသေးတယ်။

ကောင်းကင်ဘုံက ကောင်းချီးပေးခံထားရတဲ့ တချို့သော ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေတောင်မှ ထိုးထွင်းသိမြင်မှု အပိုင်းမှာသာ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကို ပခုံးချင်း ယှဉ်နိုင်တာပါ။ ကျန်တဲ့အပိုင်းတွေမှာတော့ သူတို့ဟာ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကို လုံးဝ မယှဉ်နိုင်ကြပါဘူး။ အထူးသဖြင့် ကျင့်ကြံ့ခြင်း အပိုင်းမှာပေါ့။ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေဟာ အစောပိုင်းမှာတော့ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကို ကျင့်ကြံခြင်း အရာမှာယှဉ်နိုင်လောက်ပေမယ့်လည်း နောက်ပိုင်းရောက်ရင်တော့ ဘယ်လိုမှ ယှဉ်နိုင်တော့မှာ မဟုတ်ပါဘူး။

ဒါကြောင့်လည်း လူတွေက ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံကို ဘုရင်အဆင့်အတန်း အရိုးတည်ဆောက်ပုံလို့ သမုတ်ကြတာပါ။

အဲဒါကတော့ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေဟာ မူလပင်လယ်နယ်ပယ်ကို ရောက်ဖို့အတွက် သေချာလုနီးပါး ရှိတယ် ဆိုတဲ့ အဓိပါ္ပယ်ပါပဲ။

ကျန်တဲ့ အရွေးချယ်ခံ ပြိုင်ပွဲဝင်တွေကလည်း လီဖူချန်းလိုပဲ အခြားပြိုင်ပွဲဝင်တွေကို လေ့လာနေကြပါတယ်။ ဒါပေမဲ့လည်း လူအများစုရဲ့ မျက်လုံးတွေကတော့ အဖြူရောင် ဝတ်စုံဝတ် မိန်းမပျို နဲ့ အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်က အရွေးချယ်ခံ ဆီမှာပဲ ရှိနေကြတာပါ။

ဆီးနှင်းပျံ သိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံ ပိုင်လိရှန်က ကြယ်၇ပွင့် ဆီးနှင်းရေခဲ အရိုးတည်ဆောက်ပုံပိုင်ရှင် ဆိုတဲ့ အချက်ဟာ လျှို့ဝှက်ချက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း သူမရဲ့ အစွမ်းကတော့ လျှို့ဝှက်ဆန်းကြယ် လွန်းလှပါတယ်။ သူမရဲ့ တကယ့်အစွမ်းဟာ ဘယ်လောက်ရှိသလဲ ဆိုတာကိုလည်း ဘယ်သူမှ မသိကြပါဘူး။ ဆီးနှင်းပျံ သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၂ ကျောင်းသူတောင်မှ ပိုင်လိရှန်ကို စွမ်းအား ၂၀ရာခိုင်နှုန်းကနေ ၃၀ရာခိုင်နှုန်းကြား အထိပဲ ထုတ်အောင် ဖိအားပေးနိုင်တယ်လို့လည်း ကောလဟာလတွေ ထွက်နေပါသေးတယ်။

ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ဆိုတာက ခရမ်းရောင်ပန်း နိုင်ငံတော်မှာတော့ တကယ့် ဒဏ္ဍာရီလာပုံပြင်တစ်ခုပါပဲ။ ပိုင်လိရှန် ပေါ်လာပြီးနောက်မှာတော့ ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ် နဲ့ ကြယ်တာရာ သိုင်းတက္ကသိုလ် နှစ်ခုဟာ သူမကို လုဖို့အတွက် မကြာခဏ ထိပ်တိုက် တွေ့ခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ ပိုင်လိရှန်ဟာ အဓိက သိုင်းတက္ကသိုလ် နှစ်ခုစလုံးကို ငြင်းပယ်ပြီးပိုင်ကလန်နဲ့ ရင်းနှီးတဲ့ ဆီးနှင်းပျံ သိုင်းတက္ကသိုလ်ကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။ပိုင်လိရှန်က သူမအတွက်နဲ့ အဓိက သိုင်းတက္ကသိုလ်နှစ်ခု အချင်းများကြမှာကို မမြင်လိုတဲ့အတွက် ဆီးနှင်းပျံ သိုင်းတက္ကသိုလ်ကို ရွေးချယ်သွားတာ ဆိုရင်လည်း မမှားပါဘူး။

ပိုင်လိရှန်ရဲ့ ဘေးမှာ ထိုင်နေသူကတော့ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံ လင်းရီကျန်းပါပဲ။

လင်းရီကျန်းကတော့ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၇ ဖြစ်ပြီး ကြယ်၆ပွင့် ဓားတာအို အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူပါ။ သူက အရှေ့ယူနီကွန်းတိုက် ကောင်းကင်နဂါးဓားဂိုဏ်းရဲ့ ချူးယီပြီးရင် လီဖူချန်း ဒုတိယမြောက် တွေ့ကြုံရတဲ့ ဓားတာအို အရိုးတည်ဆောက်ပုံ ပိုင်ရှင်ပါပဲ။

" သည်အရွေးချယ်ခံ ၂၄ယောက် ထဲမှာဆိုရင် ပိုင်လိရှန် နဲ့ လင်းရီကျန်းတို့က အတန်းအစား တစ်ခုထဲမှာပဲ။ သူတို့ရဲ့ နောက်မှာတော့ ရန်ရှီဟို နဲ့ လန်ဖေးအာတို့က ကပ်လိုက်နေတယ်။ လီကန်းနဲ့ တခြားသူတွေကတော့ သူတို့ကို ဘယ်လိုမှ မယှဉ်နိုင်သေးဘူး "

လီဖူချန်းက အရွေးချယ်ခံ ပြိုင်ပွဲဝင် ၂၄ယောက်ကို ချီအရှိန်အဝါကို လိုက်ပြီး အဆင့်အတန်းတွေ ခွဲခြားလိုက်ပါတယ်။

အချိန်တစ်ရက် ကြာပြီးတဲ့ နောက်မှာတော့ ပြိုင်ပွဲရဲ့ ပထမအဆင့်ဟာ ပြီးဆုံးသွားခဲ့ပါပြီ။

တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်က ကျောင်းသားနှစ်ယောက်ကတော့ ပြိုင်ပွဲရဲ့ ဒုတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

အဲသည်ကျောင်းသား နှစ်ယောက်ကတော့ စီးတုသောင်း နဲ့ ဝမ်ဟိုင်လုံတို့ပါပဲ။

ကုဟန်ကတော့ ကံမကောင်းဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ သူ့ရဲ့ အစွမ်းက အားမနည်းပေမယ့်လည်း သူ့ရဲ့ ပြိုင်ဘက်တွေကလည်း မခေလှပါဘူး။

တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်က ထိပ်ဆုံးကျောင်းသား အယောက်တစ်ရာ စာရင်းထဲကို ကျောင်းသားနှစ်ယောက် ဝင်ရောက်နိုင်ခဲ့တဲ့အတွက် မဆိုးလှဘူးလို့တောင် ပြောလို့ရနေပါပြီ။

ပြိုင်ပွဲကနေ နှုတ်ဆက်ထွက်ခွာ သွားရပြီဖြစ်တဲ့ သိုင်းတက္ကသိုလ် အချို့လည်း ရှိပါသေးတယ်။

အဆင့်၁၈မှာ ရှိနေတဲ့ ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ် နဲ့ အဆင့်၂၁မှာရှိနေတဲ့ သဲဝါမြေ သိုင်းတက္ကသိုလ်တို့ဆိုရင်ထိပ်ဆုံးကျောင်းသား အယောက်တစ်ရာ စာရင်းထဲကိုဝင်ရောက်နိုင်တဲ့သူ တစ်ယောက်မှတောင် မရှိတော့ပါဘူး။

သူတို့တွေဟာ သူတို့ရဲ့ အဆင့်သတ်မှတ်ချက်အတွက် အရွေးချယ်ခံတွေအပေါ်မှာပဲ မှီခိုရတော့မှာ ဖြစ်ပါတယ်။

အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်အနေနဲ့ နံပါတ်၁ သိုင်းတက္ကသိုလ်အဖြစ် ရပ်တည်နိုင်တာကိုတော့ ဘာမှ အံ့သြစရာ မရှိပါဘူး။ သူတို့ရဲ့ ကျောင်းသား ၈ယောက်ဟာ ထိပ်ဆုံးကျောင်းသား အယောက်တစ်ရာ စာရင်းထဲကိုဝင်ရောက်နိုင်ခဲ့ ကြပါတယ်။

ဆီးနှင်းပျံ သိုင်းတက္ကသိုလ်ရဲ့ ကျောင်းသားတွေကလည်း မခေလှပါဘူး။ သူတို့ကလည်း ထိပ်ဆုံးကျောင်းသား အယောက်တစ်ရာ စာရင်းထဲကို လူခုနစ်ယောက်တိတိ ဝင်ရောက်နိုင်ကြပါတယ်။

***

All Chapters