စုရှောင်းယွီရဲ့ နှုတ်ဆက်မှု
Vol. 16 Ch. 237
လင်းဖန် မျက်လုံးပြန်ဖွင့်လိုက်ပြီး သူ့ရှေ့က ရှက်သွေးဖြာနေသော ကောင်မလေးကို ကြည့်လိုက်ပါသည်။ တောက်ပစွာ သူပြုံးပြလိုက်သည်။
လင်းဖန် စိတ်မထိန်းနိုင်တော့ပါ။ သူမ၏ ခါးသွယ်သွယ်လေးကို ဆွဲဖက်လိုက်ပြီး သူမ နှုတ်ခမ်းနီနီအား နမ်းချင်သည်။
ရှားဝမ်ချွေ့က ရှက်သွေးဖြာသွားပြီး ခေါင်းငုံ့ကာ သူမ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ပိတ်လိုက်၏။
သူမ ပြောစရာမလိုဘဲ ခွင့်ပြုပါသည်။
အရင်တုန်းကသာဆို သူမ ငြင်းလောက်မည်။
ထိုအချိန်တွင် တံခါးခေါက်သံထွက်ပေါ်လာသည်။
"အလုပ်သွားလုပ်တော့ တံခါးခေါက်နေတယ်" ရှားဝမ်ချွေ့က တံခါးကို ညွှန်ပြလိုက်ပါသည်။
"လခွမ်း နမ်းခါနီးမှကွာ" လင်းဖန်က ပြောလိုက်သည်။
"ဟွန်း ငါ့ကို အနိုင်ကျင့်ဖို့ပဲသိတယ်။ ဒါပေမယ့် နင်အလုပ်အရင်သွားလုပ်လိုက်ပါ။ အလုပ်ချိန်ကြီးမှာ ရုံးခန်းထဲ ဒီလိုမလုပ်သင့်ဘူး" ရှားဝမ်ချွေ့က ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့လိုက်ပါသည်။ ကြောင်နားရွက်ဦးထုတ်လေးက ချစ်ဖို့ကောင်းလွန်းသည်။
"အင်းပါ အလုပ်ပြီးတာနဲ့ လာတွေ့မယ်။ ပြီးရင် နားတော့မယ်" လင်းဖန်က ပြုံးလိုက်ပြီး ရှားဝမ်ချွေ့၏ ခေါင်းကို ပွတ်ပေးလိုက်ပါသည်။
လင်းဖန် ခန်းဆီးများနှင့် တံခါးကို ပြန်ဖွင့်လိုက်သည်။ လင်းချမ့်ဝေက တံခါးရှေ့တွင် ရပ်နေပါသည်။
"အစ်ကိုဖန် QQ Music နဲ့ NetEase Music တို့ရဲ့ ဝန်ထမ်းတွေက အခုပဲ ဆက်သွယ်လာပါတယ်။ သူတို့ 'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း' သီချင်းကို အသံသွင်းဖို့အတွက် အစ်ကိုဖန်နဲ့ ရက်ချိန်းချင်လို့ပါတဲ့။ အသံသွင်းပြီးသွားရင် ကုမ္ပဏီ ၂ ခုက ဒီသီချင်းကို ပရိုမိုးရှင်းဆင်းလို့ရပါပြီ" လင်းချမ့်ဝေက ပြောလိုက်ပါသည်။
"ဒါက အသံဖမ်းဖို့အတွက် သူတို့ပေးထားတဲ့ အချိန်နဲ့ နေရာပါ။ အစ်ကိုဖန် အချိန်ရမလား မေးချင်လို့ပါတဲ့။ အစကတော့ အစ်ကိုဖန်ကို အလောတကြီး မခိုင်းချင်ပေမယ့် ပရိသတ်တွေက အရမ်း စိတ်အားထက်သန်နေပြီး ဒီသီချင်းထွက်လာမှာကို နေ့တိုင်းစောင့်နေကြလို့ပါ" လင်းချမ့်ဝေက အချက်အလက်များကို ကိုင်ဆောင်ထားပြီး ပြောလိုက်ပါသည်။
"ဒါဆို ငါ့ပရိသတ်တွေက တော်တော် စိတ်အားထက်သန်နေကြတာပေါ့။ ငါ့အချိန်စာရင်းကို ကြည့်ပါရစေဦး" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ ဒီသီချင်းကို ကျင်းဟွာ တက္ကသိုလ်မှာ သူဆိုခဲ့ပြီး အတော်လေး နာမည်ကြီးသွားခဲ့ပါသည်။
ယခုတော့ ပရိသတ်များစွာက လင်းဖန်၏ သီချင်းများကို နားဆင်ချင်နေကြလေပြီ။ ထို့ကြောင့် QQ Music နဲ့ NetEase Music ပလက်ဖောင်းများထံသို့ သွားကာ ကောမန့်များ ရေးကြသည်။
ထို့ကြောင့် ရေပန်းစားမှုက အမြဲလိုလို မြင့်တက်နေခဲ့ပါသည်။
အင်တာနက်ပေါ်မှ တိုက်ရိုက်ထုတ်လွှင့်မှုတွင် သူဆိုခဲ့သော ဗားရှင်းကို နားဆင်ပြီးနောက် နားထောင်ကောင်းသော်လည်း နားထောင်ရတာ သိပ်အဆင်မပြေကြပါ။
အသံသွင်း စတူဒီယိုတစ်ခုမှာသာ အသံသွင်းလိုက်ပြီး သီချင်းတစ်ပုဒ်အဖြစ် ထုတ်လုပ်လိုက်ပါက ဒီသီချင်း၏ ရေပန်းစားမှုက ပို၍ပင် မြင့်တက်သွားနိုင်ပါသည်။
"ကောင်းပါပြီ" လင်းချမ့်ဝေက လင်းဖန်အား အချက်အလက်များပေးလိုက်ပါသည်။
"ဒီနေ့ နေ့လည်ခင်း ၃ နာရီလား။ အဆင်ပြေပါတယ်" လင်းဖန်က ပြုံးကာပြောလိုက်သည်။
ဘာပဲဖြစ်ဖြစ် ကုမ္ပဏီ ၂ ခုထံမှ ယွမ် ၈ သန်း လက်ခံရရှိပြီးသားဖြစ်သဖြင့် ဒီသီချင်းကို အသံသွင်းရပါဦးမည်။
ထို့အပြင် 'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း'ကို ထုတ်လုပ်ပြီး ရောင်းအားကောင်းပါက လင်းဖန်လည်း အစုပေါ်အမြတ်များစွာရရှိနိုင်သည်။
"နေ့လည် ၃ နာရီကျရင် သီချင်းတစ်ပုဒ် အသံသွားသွင်းမလို့ ဟုတ်လား" ရှားဝမ်ချွေ့က မျက်တောင်ခတ်ကာ လင်းဖန်ကိုကြည့်လိုက်ပါသည်။
"အင်း အခုမှ မနက် ၁၀ နာရီပဲရှိပါသေးတယ်။ ၄ နာရီလောက် အချိန်ရတယ်။ ငါနဲ့ အရင်လိုက်ခဲ့။ နင့်ကို စားတော်ပွဲတွေ ချက်ကျွေးရမယ်" လင်းဖန်က ပြုံးလိုက်သည်။
"ဟွန်း ဘယ်သူက နင့်အိမ်ကိုလိုက်ခဲ့ချင်နေလို့လဲ" ရှားဝမ်ချွေ့က ရှက်သွေးဖြာသွားသည်။
လင်းဖန်က ရုံးထဲမှာပဲ ရှိနေပါသေးသည်။ ရှားဝမ်ချွေ့လက်ကို တွဲလျက် တံခါးမှ ထွက်လာ၏။
တခြားလူတွေလည်း အားကျနေကြပါသည်။
အထူးသဖြင့် ယွဲ့ဟွာဖျော်ဖြေရေး၏ အမျိုးသား အနုပညာရှင်များက စိတ်ပျက်လက်ပျက် သက်ပြင်းသာ ချနိုင်ကြတော့သည်။
အားလုံးက အရင်တုန်းက ရှုယန်ပုံစံမျိုးဖြစ်ကုန်ကြသည်။
ရှုယန်ကတော့ ရှားဝမ်ချွေ့၏ နောက်ကျောကိုသာ တိုးတိုးတိတ်တိတ် ကြည့်နေမိပါသည်။
မတွေ့ရတာ ကြာပြီဖြစ်သော်လည်း ရှားဝမ်ချွေ့က အလွန်လှပနေဆဲဖြစ်သည်။
ဘာကြောင့်မှန်းမသိဘဲ သူ့ရင်ထဲ အနည်းငယ် ခါးသီးသွားခဲ့ပါသည်။
Single တစ်ယောက်ဖြစ်သည့်သူ့ကို အမြဲတမ်း မျက်နှာပူရအောင် လုပ်ကြသည်။ သူ့ဘဝက ခါးသီးလွန်းပါသည်။
"ရှုယန် ဘာတွေကြည့်နေတာလဲ" လင်းကျင်းကျင်းက ရှုယန်ဘေးတွင် ရပ်လိုက်ပြိး ပြုံးလိုက််ပါသည်။
"သြော်.... ဘာမှ မဟုတ်ပါဘူး" ရှုယန်က အမြန်ရှင်းပြလိုက်သည်။
"ဟွန်း" လင်းကျင်းကျင်းက မျက်စောင်းထိုးကာ လှည့်ထွက်သွားပါသည်။
"ကျင်းကျင်း ကိုယ်ရှင်းပြမယ်လေ" ရှုယန် ပြောပြောဆိုဆိုဖြင့် လင်းကျင်းကျင်းဆီသို့ အပြေးလိုက်သွားပါသည်။
"နှာဘူးတစ်ယောက်ရဲ့ ရှင်းပြတာကို ကျွန်မ နားမထောင်ချင်ဘူး" လင်းကျင်းကျင်းက ပြောလိုက်ပြီး သူမ ရုံးခန်းဆီသို့ ပြန်သွားလိုက်ပါသည်။
"ကျင်းကျင်း ကိုယ်က မင်းရင်ထဲမှာ နှာဘူးလိုဖြစ်နေတာလား" ရှုယန်တစ်ယောက် လင်းကျင်းကျင်း၏ ရုံးခန်းနားရောက်သောအခါ အနည်းငယ် စိတ်ဖိစီးသွားပါသည်။
အလှအပ ကြိုက်တတ်တာ လူသားသဘာဝ မဟုတ်ဘူးလား။ မသိစိတ်က ပိုပြီးတော့တောင် တုန့်ပြန်တတ်သေးသည်။
မျိုးတူလျှင် တွန်းကန်ပြီး မျိုးမတူလျှင် ဆွဲငင်တာ သဘာဝပဲ မဟုတ်ဘူးလား။ အထက်တန်းကျောင်း ရုက္ခဗေဒပညာရပ်မှာ ဒါမျိုး သင်ခဲ့ရပါသည်။
လှပသည့် မိန််းကလေးများက ကောင်လေးများ၏ အာရုံစိုက်မှုကို အမြဲတမ်း ခံရတတ်သည်။ ကောင်လေးတွေသာ ထိုမိန်းမလှလေးများကို မကြည့်ပါက ထိုကောင်လေး ပုံမှန် မဟုတ်တာပဲ ဖြစ်သည်။
ရှုယန်က အလွန်သာမန်ဖြစ်သည့် ကိစ္စကိုသာ လုပ်ခဲ့မိခြင်းဖြစ်သော်လည်း လင်းကျင်းကျင်း၏ မျက်လုံးထဲမှာတော့ အားလုံးခြားနားနေပါသည်။
"ဘာပြောစရာကျန်သေးလဲ" လင်းကျင်းကျင်းက ရှုယန်ကိုကြည့်လိုက်သည်။
"ကျွန်မလည်း ရုံးမှာ ရှိတာပဲ။ နေ့တိုင်း ရှင်နဲ့ အတူတူရှိပေမယ့် ကျွန်မကို ကြည့်တောင် သိပ်မကြည့်ဘူး။ ချွေ့ချွေ့ပြန်လာတော့ ရှင်က သူ့ကိုပဲ စိုက်ကြည့်နေတယ်။"
"ဘဝရဲ့ပျော်ရွှင်မှုဖြစ်ဖြစ် ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရိုက်ကူးရေးလုပ်တုန်းကဖြစ်ဖြစ်၊ ရှင် သူ့ကို တွေ့လိုက်တိုင်း အမြဲတမ်းကြည့်တယ်။ ကျွန်မရဲ့ ခံစားချက်တွေကိုကော ထည့်တွက်ဖူးရဲ့လား" လင်းကျင်းကျင်း၏ မျက်လုံးများ အနည်းငယ် နီလာသည်။
သူ့ရှေ့က ကောင်မလေးကို ကြည့်ရင်း ရှုယန်ရဲ့စိတ်တွေ ပေါက်ကွဲထွက်သွားသလိုပင်။
ရှုယန်ကလည်း ငတုံး မဟုတ်ပါ။ သူ့ရှေ့က ကောင်မလေးက သူမ၏ ခံစားချက်များကို ထုတ်ပြနေသည်။ အရူးတစ်ယောက်ဆိုရင်တောင် လင်းကျင်းကျင်း ဘယ်သူ့ကို သဘောကျလဲဆိုတာ ပြောနိုင်ပါလိမ့်မည်။
လင်းကျင်းကျင်း၏ မျက်လုံးများက နီရဲနေပြီး သနားဖို့ကောင်းပါသည်။ သူမက ပုံမှန်ဆို သန်မာပြီး သီချင်းဆိုရတာ နှစ်သက်သည့် တက်တက်ကြွကြွ ကောင်မလေးတစ်ယောက်ဖြစ်သည်။ သို့သော်လည်း ဒီနေ့တော့ အနည်းငယ် ဝမ်းနည်းနေပါသည်။
တွန့်ဆုတ်မနေတော့ဘဲ ရှုယန်က လင်းကျင်းကျင်းကို ဖက်လိုက်ပြီး သူမ၏ နှုတ်ခမ်းလေးကို နမ်းလိုက်ပါသည်။
ထိုအချိန်တွင် တစ်လောကလုံး အေးခဲသွားသလိုပင်။
ရှုယန်က လင်းကျင်းကျင်း၏ ခါးကို ဖက်ထားပြီး သူမ၏ ပထမဆုံးအနမ်းကို ခိုးယူကာ တင်းတင်းကြပ်ကြပ် ဖက်ထားပါသည်။
"ဓားနှင့်နတ်သမီးဒဏ္ဍာရီ" ကို ရိုက်ကူးစဥ်တုန်းက ရှုယန်နဲ့ လင်းကျင်းကျင်းတို့မှာ စုံတွဲလို သရုပ်ဆောင်ခဲ့ရသည်။
ဖြစ်ချင်တော့ ဒီလို ကြင်နာတတ်သည့် ကောင်မလေးတစ်ယောက်က သူ့ကို စောင့်ဆိုင်းနေမှန်း ရှုယန် မသိခဲ့ပါ။
အချိန်အကြာကြီး အကြင်နာပေးပြီးနောက် သူ့လက်ထဲတွင် ငိုနေဆဲဖြစ်သည့် ကောင်မလေးကို ရှုယန်ကြည့်လိုက်ပြီး လင်းကျင်းကျင်း၏ လက်ကို နူးညံ့စွာ ကိုင်လိုက်သည်။
"ရှုယန် လွှတ်ပါ ကျွန်မကို အနိုင်ကျင့်နေတာလား" လင်းကျင်းကျင်း ငိုနေပါသည်။
"ကျင်းကျင်း အရင်တုန်းက ကိုယ့်အပြစ်တွေပါ။"
"အရင်တုန်းကတော့ ကိုယ် ဝမ်ချွေ့ကို အများကြီး သဘောကျခဲ့ပါတယ်။ ဒါပေမယ့် နောက်တော့ လင်းဖန်ကို ဒီပြိုင်ပွဲကနေ နှုတ်ထွက်တယ်လို့ ကိုယ် တရားဝင် ကြေညာခဲ့တယ်။ လင်းဖန်က ကိုယ့်ညီအစ်ကိုပဲ။ ကိုယ့်ညီအစ်ကိုရဲ့ အမျိုးသမီးကို မလုယူပါဘူး။"
"လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ရဲ့ ဆက်ဆံရေးကို အားကျမိရုံပါ။ ကိုယ့်နားကလူတွေကို လျစ်လျူရှုခဲ့မိတယ်။"
"အဲ့တော့... ကျင်းကျင်း ကိုယ့်ကောင်မလေး ဖြစ်ပေးပါ။ ကိုယ့်မှာ ခမ်းခမ်းနားနား ဖွင့်ပြောပွဲတွေ၊ အနုစိတ်ကျတဲ့ ပြင်ဆင်မှုတွေ မရှိပေမယ့် ကိုယ်ပြောချင်တာကတော့ ကိုယ်မင်းကို သဘောကျတယ်ဆိုတာပဲ" ရှုယန်က လင်းကျင်းကျင်း၏ လက်ကို ကိုင်ကာ သူ့မျက်လုံးများက အချစ်များဖြင့် ပြည့်နှက်နေပါသည်။
"ဟွန်း ရှင်က ခြေများတဲ့လူပဲ။ တခြားကောင်မလေးတွေကို ကြည့်တတ်တဲ့လူမျိုး။ ကျွန်မ လက်မခံချင်ဘူး" လင်းကျင်းကျင်းက ခေါင်းခါပြီး ငြင်းလိုက်ပါသည်။
"ကိုယ် ခြေများတဲ့လူ မဖြစ်စေရတော့ဘူးလို့ ကျိန်ရဲပါတယ်။ ကိုယ့်မျက်စိထဲမှာ မင်းပဲရှိတော့တယ်" ရှုယန်က ပြုံးကာ ပြောလိုက်သည်။
"အဲ့တာ နောက်ပိုင်း ရှင့်ရဲ့အပြုအမူတွေပေါ်မှာပဲ မူတည်တယ်။ ရှင်ကောင်းကောင်းမွန်မွန် မနေရင် ကျွန်မ ရှင်နဲ့ လမ်းခွဲပစ်လိုက်မှာ" လင်းကျင်းကျင်းက ချိုမြိန်စွာပြုံးလိိုက်ပြီး ရှုယန်ကို ကြည့်လိုက်ပါသည်။
"ကောင်မလေးရသွားပြီ... ရှုယန်ဆိုတဲ့ငါလည်း ကောင်မလေး ရသွားပြီကွ ဟားဟား..."
ရှုယန် တောက်ပစွာ ပြုံးလိုက်လေသည်။ သူ အရာအားလုံးကို စွန့်လွှတ်လိုက်ပါပြီ။
လင်းကျင်းကျင်းကို ရင်ခွင်ထဲ ပွေ့ဖက်ထားလိုက်ပြီး သူ့ရင်ခွင်ထဲက ကောင်မလေး၏ နွေးထွေးမှုကို ခံစားလိုက်ရပါသည်။
သူ့မှာ ခေါင်းဆောင်မင်းသား တစ်ယောက်၏ အရှိန်အဝါမျိုးလည်း မရှိသလို သူတစ်ခါက သဘောကျခဲ့သည့် ကောင်မလေးကိုလည်း မချဥ်းကပ်နိုင်ခဲ့ပါ။
သူ နောက်လှည့်ကြည့်လိုက်တော့ ဒီလောက် ချစ်ဖို့ကောင်း၊ လှပကာ၊ အကောင်းမြင်တတ်ပြီး တက်ကြွသည့် ကောင်မလေးတစ်ယောက် ရှိတာကို မြင်ခဲ့ရသည်။ သူမကတော့ လင်းကျင်းကျင်းပဲ ဖြစ်ပါသည်။
မိန်းကလေးတိုင်းက ခေါင်းဆောင်မင်းသားဖြစ်မှ သဘောကျတာ မဟုတ်ဘဲ သူ့နားမှာ ကပ်နေမှာလည်း မဟုတ်ပေ။ ဒါက Harem ဝတ္ထုတွေထဲမှာသာ ဖြစ်တတ်တာမျိုး ဖြစ်သည်။
သို့သော်လည်း ဒါက လက်တွေ့ဖြစ်၏။ တကယ့် လက်တွေ့ဘဝဖြစ်ပါသည်။
လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့အကြားက ခွဲမရသည့် အချစ်ရေးကို သူ ခံစားမိပါသည်။ လင်းကျင်းကျင်း၏ အချစ်ကိုလည်း ခံစားမိပါသည်။
ဒီလိုကောင်မလေးမျိုး သူ့ဘေးမှာ ရှိနေပါက မချစ်မြတ်နိုးလို့ ဖြစ်ပါ့မလား။
ရှုယန်က လင်းကျင်းကျင်း၏ နှုတ်ခမ်းလေးကို ထပ်နမ်းလိုက်ပါသည်။
ယွဲ့ဟွာဖျော်ဖြေရေးတွင် ရှုယန်၊ လင်းကျင်းကျင်း၊ ရှားဝမ်ချွေ့နှင့် စုရှောင်းယွီတို့ ၃ နှစ်တာလောက် အချင်းချင်း သိကျွမ်းခဲ့ကြသည်။
လင်းကျင်းကျင်း ရှုယန်ကို သဘောကျနေခဲ့တာ ၃ နှစ်လောက် ရှိပါပြီ။ အခုတော့ သူမ သဘောကျတဲ့ ကောင်လေးနဲ့ အတူရှိနိုင်ခဲ့ပါပြီ။
ရုံးထဲက အားပေးသံများကို ကြားလိုက်ရပြီးနောက် ယွဲ့ဟွာဖျော်ဖြေရေးမှ တခြားဝန်ထမ်းများလည်း ပြုံးလိုက်ကြပါသည်။
ရှုယန်က ရှားဝမ်ချွေ့ကို သဘောကျပြီး လင်းကျင်းကျင်းက ရှုယန်ကို သဘောကျမှန်း အားလုံး သိနေခဲ့ကြပါသည်။
သို့သော် ဘယ်သူမှ ထုတ်မပြောခဲ့ကြပေ။
အခုတော့ လင်းဖန်နဲ့ ရှားဝမ်ချွေ့၊ လင်းကျင်းကျင်းနဲ့ ရှုယန်တို့ နောက်ဆုံးတော့ ပေါင်းစည်းသွားကြပါပြီ။
ဒီလူနှစ်ယောက်အတွက် အားလုံး ဝမ်းသာသွားကြသည်။
သို့သော်လည်း ယွဲ့ဟွာဖျော်ဖြေရေးမှ ယောက်ျားလေးများကတော့ အနည်းငယ် ခါးသီးသွားကြပါသည်။
နောက်ထပ် မိန်းမလှလေးတစ်ယောက် သူများ ကောင်မလေးဖြစ်သွားပြန်ပြီ။
ရုံးခန်းတစ်ခုထဲတွင် စုရှောင်းယွီလည်း ချိုမြိန်စွာ ပြုံးလိုက်သသည်။
သူမ ပြတင်းပေါက်နားမှာ ရပ်နေပြီး အပြင်ကို ကြည့်နေကာ လက်ထဲမှာလည်း ဓာတ်ပုံတစ်ပုံကို ကိုင်ထားသည်။
လင်းဖန်နဲ့ သူမ၏ ဓာတ်ပုံ ဖြစ်ပါသည်။
သူမ၏ အပြုံးက အလွန့်အလွန်ချိုသာနေပါသည်။
သို့သော် ဘာကြောင့်မှန်းမသိဘဲ ပြုံးရင်းနဲ့ မျက်ရည်စက်တစ်စက်က ဓာတ်ပုံပေါ်ကျဆင်းသွားခဲ့သည်။
ဓာတ်ပုံကို သူမ၏ အဖိုးအတန်ဆုံးအိတ်ထဲ ဂရုတစိုက် ပြန်ထည့်ပြီး သေသေချာချာ ပြန်ပိတ်လိုက်ပါသည်။
သူမ မျက်လုံးများက နီရဲသွားပြီး စားပွဲပေါ်ရှိ ချစ်စရာ ဝက်ဝံရုပ်လေးကို လှမ်းယူလိုက်ပါသည်။ ဒါ လင်းဖန်အိမ်က သူမ ယူလာသည့် ဝက်ဝံရုပ်ကလေး ဖြစ်ပါသည်။
သူမ အနီရောင် နှုတ်ခမ်းလေးဖြင့် ဝက်ဝံရုပ်လေးကို နမ်းလိုက်ပါသည်။
သူမ၏ လက်တစ်ဖက်တွင် ယွဲ့ဟွာဖျော်ဖြေရေးမှ စာချုပ်ဖျက်သိမ်းမှု စာတစ်စောင်ရှိကာ နောက်တစ်ဖက်မှာတော့ လော့စ်အိန်ဂျလိစ်ကို သွားမည့် လေယာဥ်လက်မှတ် ရှိနေခဲ့ပါသည်။
စာချုပ်ဖျက်သိမ်းမှု စာစောင်ထဲတွင် သူမ နာမည် စုရှောင်းယွီကို ရေးထိုးထားသည်။
သူမ၏ နေကာမျက်မှန်ကို ပြန်တပ်ကာ သူမ၏ နဂိုပုံစံအတိုင်း ပြန်နေလိုက်ပြီး စိတ်ခံစားချက်အားလုံးကို ချုပ်တည်းလိုက်သည်။
သူမ နောက်ထပ် ရုံးခန်းတစ်ခုအတွင်း လမ်းလျှောက်ဝင်သွားပါသည်။
စီအီးအိုလီ၏ ရုံးခန်း ဖြစ်ပါသည်။
"ရှောင်းယွီ နင်သေချာရဲ့လား။"
"ဘဝရဲ့ပျော်ရွှင်မှု Season 2 နဲ့ ဓားနှင့်နတ်သမီး ဒဏ္ဍာရီ Season 3 တို့ကို ဆက်ရိုက်မယ်ဆိုရင် နင့်ရေပန်းစားမှုလည်း အများကြီး မြင့်တက်သွားပြီး ငွေတွေလည်း အများကြီး ဝင်နိုင်တယ်နော်" စီအီးအိုလီက ပြောကာ စုရှောင်းယွီကို နှမြောတသ ကြည့်နေပါသည်။
ဘာပဲဖြစ်ဖြစ် စုရှောင်းယွီက ကုမ္ပဏီမှာ ၃ နှစ်လောက် နေခဲ့တာပဲမဟုတ်လား။
"ရပါတယ်။ ပရိသတ်တွေကို တောင်းပန်လိုက်ပါမယ်။ လော့စ်အိမ်ဂျလိစ်မှာ ရှိတဲ့ အဖေ့ကုမ္ပဏီက ကျွန်မကို လာကူပေးစေချင်နေလို့ပါ။ ကျွန်မ နောက်ပိုင်းမှာ နာမည်ကြီး အနုပညာရှင်တစ်ယောက် ဆက်လုပ်နိုင်တော့မယ်မထင်ဘူး" စုရှောင်းယွီက အပြုံးဖြင့် ပြောလိုက်ပြီး စာချုပ်ဖျက်သိမ်းမှုစာစောင်ကို စီအီးအိုလီ၏ ရှေ့တွင် တင်ပေးလိုက်ပါသည်။
"နင်က ဒီနေ့ နေ့လည်ခင်း သွားတော့မှာဆိုတော့ လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ကိုတောင် မနှုတ်ဆက်တော့ဘူးလား" စီအီးအိုလီက ထပ်မေးလိုက်ပြန်သည်။
စုရှောင်းယွီက ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပါသည်။ "မနှုတ်ဆက်တော့ပါဘူး။ ဆရာနဲ့ အစ်မဝမ်ချွေ့တို့ကို ကျွန်မကိုယ်စား ကူတောင်းပန်ပေးပါဦး~"
"ဟူး... နင့်မိသားစုကလည်း ငွေမရှားပါဘူး။ ရှောင်းယွီ၊ ယွဲ့ဟွာက နင့်အတွက် အမြဲတမ်း အိမ်တစ်ခုလို ဖြစ်နေမှာပါ။ အချိန်မရွေးပြန်လာလို့ ရတယ်နော်" စီအီးအိုလီကပြုံးကာ ပြောလိုက်ပြီး သူ့နာမည်ကိုလည်း စာချုပ်ဖျက်သိမ်းမှုတွင် လက်မှတ်ထိုးလိုက်ပါသည်။
"ဟုတ်ဟုတ် စီအီးအိုလီက အကောင်းဆုံးပဲ~" စုရှောင်းယွီက နာခံစွာာဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။
စာချုပ်ဖျက်သိမ်းပြီးနောက် ယွဲ့ဟွာမှ ထွက်လာခဲ့သည်။
သူမနောက်ပြန်လှည့်ကြည့်လိုက်ပြီး ပြုံးလိုက်မိပါသည်။ သူမ အမြဲတမ်း အလုပ်လုပ်ခဲ့ရသည့် နေရာကို ပြန်ကြည့်လိုက်သည်။ ယွဲ့ဟွာ ဖျော်ဖြေရေးကြီးပင် ဖြစ်လေ၏။
သို့သော် သူမ မချစ်သင့်သည့် လူတစ်ယောက်ကို ချစ်မိသွားခဲ့သည်။
သူမ လင်းဖန်၏ ဓာတ်ပုံတစ်ပုံကို ထုတ်ကြည့်လိုက်၏။ သူမ ပဲရစ်စ်မြို့ကို သွားတုန်းက ရိုက်ထားသော သူ့ဓာတ်ပုံဖြစ်ပါသည်။
ဒီဓာတ်ပုံကို ကြည့်ရင်း စုရှောင်းယွီ၏ မျက်လုံးများက ကြည်နူးမှုများဖြင့် ပြည့်နှက်နေပါသည်။
သူနဲ့ ဆုံခဲ့ရတာ ဝမ်းသာလိုက်တာ။
သူနဲ့အတူ ပဲရစ်စ်မြို့ကိုသွားပြိး တစ်ရက်လောက်ပဲဖြစ်ဖြစ် သူ့ကောင်မလေးအဖြစ် ဟန်ဆောင်ခဲ့ရတာ တကယ်ပျော်ရွှင်မိပါသည်။
သူမ လေဆိပ်သို့ ရောက်ရှိလာ၏။
စုရှောင်းယွီက အကျွမ်းတဝင်ရှိနေပြီးသား ဒီနေရာကြီးကို ပြန်ကြည့်လိုက်သည်။
သူမ ရင်းနှီးသည့် လူတွေ ရှိနေသည်။
ရင်းနှီးသည့် ရှုခင်းများလည်းရှိနေသည်။
သို့သော် သူမနဲ့ ဒီနေရာနဲ့က မသက်ဆိုင်ပါ။
နှုတ်ဆက်ပါတယ် အစ်မဝမ်ချွေ့။
နှုတ်ဆက်ပါတယ် ငါ့အတိတ်ဘဝလေး။
နှုတ်ဆက်ပါတယ် လင်းဖန်။