လင်းဖန်ရဲ့ ကျော်ကြားမှု
Vol. 16 Ch. 240
အားလုံးက လင်းဖန်ကို ချီးကျူးနေကြသည်။ လင်းဖန်က ပြုံးသာပြုံးနေပြီး ဘာမှ ပြန်မပြောပါ။
သူလည်း ဒီသီချင်းကို တကယ် လေးလေးနက်နက် သီဆိုခဲ့ပြီး ကိုယ့်ကိုယ်ကို စီးမျောထားခဲ့သည်။
အားလုံး ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လင်းဖန်ကတော့ သူဆိုခဲ့တာကို အားရပါသည်။
"ဘယ်လိုနေလဲဗျ" လင်းဖန်က ကြယ်ပွင့် အသံညှိဆရာကြီးကို ကြည့်လိုက်သည်။
ကြယ်ပွင့် အသံညှိဆရာကြီးက မျက်လုံးဖွင့်ကာ လင်းဖန်ကို ကြည့်လိုက်ပါသည်။ သူ့ကို လက်မ ထောင်ပြလိုက်သည်။
"ဒီသီချင်းက တကယ် ကောင်းလွန်းပါတယ်။ ငါဒီအလုပ်လုပ်တာ နှစ်ပေါင်းများစွာကြာပြီ။ ဒီလောက်ကောင်းတဲ့ သီချင်းမကြားဖူးဘူး" ကြယ်ပွင့် အသံညှိဆရာကြီးက ပြုံးလိုက်သည်။
"အရင်တုန်းက လူတွေသီချင်းဆိုတဲ့အခါ ငါ အသေးစားချိန်ညှိမှုလေးတွေတော့ လုပ်ရစမြဲပဲ။ ကောင်းကင်ဘုံဘုရင်ကြီး ကျိုးလည်း ထိုနည်းလည်းကောင်းပဲ။ ကောင်းကင်ဘုံဘုရင်ကြီး ကျိုးက အရမ်းတော်တယ်ဆိုပေမယ့် အကောင်းဆုံး အာနိသင်ကိုရဖို့အတွက်တော့ သူ့ကိုလည်း အသံညှိပေးဖို့ လိုသေးတယ်။"
"ဒါပေမယ့် မင်းသီချင်းကို နားထောင်ကြည့်လိုက်တော့ ဒီသီချင်းက ဘာမှ ချိန်ညှိဖို့လိုမနေဘူး။ မင်းဆိုလိုက်တဲ့ သီချင်းက အပြီးပြည့်စုံဆုံးပဲ" ကြယ်ပွင့် အသံညှိဆရာကြီးက ပြောလိုက်ပါသည်။ သူလင်းဖန်ကို လေးစားစွာဖြင့် ကြည့်လိုက်၏။
"ကျေးဇူးတင်ပါတယ်။ ပရိတ်သတ်အတွက် သီချင်းကောင်းတစ်ပုဒ်ကို ထုတ်လုပ်ပေးနိုင်ရင်ပဲ အဆင်ပြေပါပြီ" လင်းဖန်က ပြုံးလိုက်ပါသည်။
"မစ္စတာလင်း ခင်ဗျားသီချင်းက တကယ့်ကို ပြီးပြည့်စုံတာပဲ။ အွန်လိုင်းပေါ်သာ ပျံ့သွားမယ်ဆို ဘယ်လောက်တောင် ရေပန်းစားသွားမလဲမသိဘူးဗျာ" လျို့ဟောက်ရန်က ပြောလိုက်ပါသည်။
ဝမ်မန့်မန်လည်းခေါင်းငြိမ့်လိုက်ပါသည်။ "ခင်ဗျားရဲ့ အဆိုစွမ်းရည်ကတော့ ပြောစရာမလိုတော့ဘူး။ ခင်ဗျား ဂီတဖျော်ဖြေပွဲတွေ ဘာတွေ ကျင်းပတဲ့အခါကျရင် ကျွန်တော့်ကို လက်မှတ်တစ်စောင် ပေးပါလာ။ ကျွန်တော် ခင်ဗျား Live ဆိုတာကို နားထောင်ချင်လို့ပါ။"
လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။ "လောလောဆယ်တော့ ကျွန်တော် ဂီတဖျော်ဖြေပွဲတွေ ဘာတွေ ကျင်းပဖို့ စိတ်ကူးမရှိသေးပါဘူးဗျာ။ ကျွန်တော့်မှာ အခုသီချင်းနည်းနည်းပဲ ရှိသေးတယ်။ ဘယ်လိုလုပ် ဂီတဖျော်ဖြေပွဲ ကျင်းပလို့ရမလဲ။ ကျွန်တော် အလုပ်ပြီးပြီဆိုတော့ ပြန်လိုက်ပါဦးမယ်။"
သူ ၃ နာရီတုန်းက ရောက်လာခဲ့ကာ ယခု ၃ နာရီခွဲသာ ရှိသေးသော်လည်း အလုပ်အားလုံးကို ပြီးစီးသွားပြီဖြစ်သည်။။
သူအခု လုပ်ရမှာက အိမ်ပြန်ပြီး တရုတ်စစ်တုရင် ဆက်ကစားဖို့ဖြစ်ပါသည်။
သူ့တရုတ်စစ်တုရင် စွမ်းရည်များကို တိုးမြှင့်ချင်ပါက ဆက်တိုက် သင်ယူပြီး ကစားနေရမည်။
မဟုတ်ပါက ရှားဝမ်ချွေ့၏ အဖေကို အနိုင်ယူနိုင်လိမ့်မည်ဟု လင်းဖန် အာမမခံနိုင်ပေ။
ရှားဝမ်ချွေ့၏ အဖေက ကျွမ်းကျင်အဆင့်တောင် ရောက်နေပါပြီ။ သူ့ကိုကျော်လွန်ဖို့က မလွယ်လှပါ။
"မစ္စတာလင်း ဒီဘက်ကို ကြွပါ" လျို့ဟောက်ရန်က လက်ဆန့်လိုက်ပြီး ပြောလိုက်ပါသည်။
"မစ္စတာလင်းနဲ့ အလုပ်တူတူတွဲလုပ်ရတာ ဂုဏ်ယူမိပါတယ်။ မစ္စတာလင်း နောက်ထပ် သီချင်းတွေထပ်ထုတ်ချင်သေးရင်လည်း ကျွန်တော်တို့ကို ဆက်သွယ်လိုက်ပါ" ဝမ်မန့်မန်က အပြုံးဖြင့် ပြောလိုက်ပါသည်။
"ကောင်းပါပြီ" လင်းဖန်က ပြန်ပြုံးပြလိုက်ပါသည်။
လင်းဖန် ပြန်သွားပြီးနောက်
NetEase Music နဲ့ QQ Music တို့ အွန်လိုင်းပေါ် ခပ်မြန်မြန်တက်ပြီး လင်းဖန်၏ 'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း' သီချင်းကို ထုတ်လွှင့်ဖို့ ပြင်ပါသည်။
လင်းဖန်၏ သီချင်းကို နားထောင်ဖို့ လူတွေက ပိုက်ဆံတော့ ပေးရမည်။
၂၀ စက္ကန့်စာသာ ပရိတ်သတ်က အခမဲ့နားဆင်နိုင်မည်ဖြစ်သည်။ တစ်ပုဒ်လုံးကို ဒေါင်းလုတ်ဆွဲချင်ပါက ပိုက်ဆံပေးရမည်။
သို့သော် ဒီလောက်နဲ့ ပရိတ်သတ်များ၏ စိတ်အားထက်သန်မှုများကို မရပ်တန့်နိုင်ခဲ့ပါ။
'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း' သိချင်းကို သီချင်း ပလက်ဖောင်း နှစ်ခုပေါ် တင်လိုက်သောအခါ အင်တာနက်ပေါ်တွင် နောက်ထပ် ထိန်းမနိုင်သိမ်းမရ အခြေအနေများ ဖြစ်ပေါ်လာခဲ့ပြန်ပါသည်။
"ထွက်ပြီဟေ့ ထွက်လာပြီဟေ့။ နောက်ဆုံးတော့ လင်းဖန် သီချင်းနောက်တစ်ပုဒ်ကို ထုတ်လိုက်ပြီကွ။"
"ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း သီချင်းက နောက်ဆုံးတော့ NetEase Music နဲ့ QQ Music ပေါ်ကို ရောက်လာပြီ။ ဒါပေမယ့် ဘာလို့ ပိုက်ဆံပေးရမှာလဲ။ သီချင်းတစ်ပုဒ်အတွက် ၂ ယွမ်ကြီးများတောင် လိုချင်တာလား။ များလွန်းတယ်။"
"စက္ကန့် ၂၀ စာလောက် အရင်နားထောင်ကြည့်ရအောင်...။ ... ငါနားထောင်ပြီးသွားပြီ... အရမ်းကောင်းတယ်။ ၂ ယွမ်တည်းပဲကို။ အသားခြောက် တစ်ထုပ်စာ စျေးလောက်ပဲ ရှိတယ်။ ဝယ်မယ်ကွာ။"
"လင်းဖန်က နဂိုကတည်း သီချင်းတွေ အများကြီး မထုတ်တတ်ဘူး။ ဒီသီချင်းကို နောက်ဆုံးတော့ ထပ်ခါထပ်ခါ နားထောင်နိုင်ပြီပေါ့။ အား လင်းဖန် ထုတ်တဲ့သီချင်းတိုင်းက ဘာလို့ ဒီလောက် ကောင်းနေရတာလဲ။"
"လင်းဖန်ကို နောက်ထပ် သီချင်းတွေ ထပ်ထုတ်ဖို့ တောင်းဆိုပါတယ်။ ဒီသီချင်းနည်းနည်းလောက်နဲ့ မလုံလောက်သေးဘူး။"
အင်တာနက်ပေါ်တွင် ကောမန့်ပေါင်းစုံပေါ်လာပြီး အားလုံးက လင်းဖန်၏ သီချင်းများကို ချီးကျူးနေကြပါသည်။
သီချင်းကို ထုတ်လွှင့်ပြီး ၃ နာရီအတွင်းမှာပဲ 'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း' သီချင်းက သီချင်းအသစ်များဇယား၏ ထိပ်ဆုံးကို ရောက်ရှိသွားခဲ့ပါသည်။
တခြား အဆိုတော်များ၏ သီချင်းအားလုံးကိုလည်း လင်းဖန်၏ သီချင်းက ကျော်တက်သွားခဲ့သည်။
အင်တာနက်ပေါ်က ပရိတ်သတ်တွေက စိတ်အားထက်သန်လွန်းပါသည်။ ဒီနေ့ကိုစောင့်မျှော်နေခဲ့သည့် ပရိတ်သတ်တွေလည်း မရေမတွက်နိုင်အောင် ရှိလှသည်။
QQ Music နဲ့ NetEase Music တို့၏ ဝန်ထမ်းများက မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။
သို့သော်လည်း ဒါက လွန်လွန်းပါသည်။
၃ နာရီအတွင်းမှာပဲ လင်းဖန်၏ သီချင်းက အဆင့်သတ်မှတ်ချက် ၂ ခု၏ ထိပ်ဆုံးကို ရောက်ရှိသွားပြီဖြစ်သည်။
"လခွမ်း ငါတကယ် အံ့သြတယ်။ ၃ နာရီပဲ ရှိသေးတာကို 'ကျွန်တော့်ရဲ့အတန်းဖော်ဟောင်း'က သီချင်းအသစ် အဆင့်သတ်မှတ်ချက်မှာ ပထမနေရာကို ရောက်သွားပြီတဲ့လား။ ရေပန်းစားစာရင်းမှာ ပထမနေရာရပြီး သီချင်းကောင်းများ စာရင်းမှာတောင် ဒုတိယနေရာကို ရထားတယ်။"
"လင်းဖန်ရဲ့ သီချင်းက နောက်တစ်ခေါက် ကောင်းကင်ဘုံဘုရင်ကြီး ကျိုးကို ထပ်ပြီး ကျော်တက်သွားပြန်ပြီ ကောင်းကင်ဘုံဘုရင်ကြီး ကျိုးရဲ့ သီချင်းသစ်က လင်းဖန်ရဲ့ သီချင်းလောက် ရေပန်းမစားဘူး။"
"ငါတို့ ဘာမှ မတတ်နိုင်ဘူး။ 'ကျွန်တော့်ရဲ့ အတန်းဖော်ဟောင်း' သီချင်းက အရမ်းကောင်းတာကိုး။ လင်းဖန်ရဲ့ ဧရာမ ပရိတ်သတ်အရေအတွက်နဲ့ ပေါင်းလိုက်တော့ လင်းဖန်သီချင်းကို နားထောင်ကြတဲ့လူတွေ အများကြီးဖြစ်လာတာပေါ့။ လင်းဖန်ရဲ့ အဆိုစွမ်းရည်က တကယ် အံ့သြဖို့ကောင်းတာကိုတော့ ဝန်ခံရမယ်။"
"ငါတော်တော် မှင်သက်နေမိပြီ။ 'ကျွန်တော့်ရဲ့ အတန်းဖော်ဟောင်း' သီချင်းက သီချင်းကောင်းများ စာရင်းမှာ ဒုတိယနေရာကို ရထားတာ။ သီချင်းကောင်းများ စာရင်းမှာ ပထမနေရာက ဘယ်သူလဲသိလား။"
"သီချင်းကောင်းများ စာရင်းမှာ ပထမနေရာကလည်း လင်းဖန်ရဲ့ သီချင်း 'အချစ်ကို ဝန်ခံချက်'ပဲလေ။"
QQ Music နဲ့ NetEase Music တို့၏ ဒေတာများက ဆက်တိုက် မြင့်တက်နေပါသည်။
အင်တာနက်ပေါ်မှာလည်း ကောမန့်ကောင်းများဖြင့် ပြည့်နှက်နေခဲ့၏။
ဂီတ ကုမ္ပဏီ ၂ ခုက သူတို့ ၄ သန်းကျော် သုံးစွဲထားသည့် သီချင်းတစ်ပုဒ်က နောက်တစ်ဖန် ရေပန်းစားမှုကို ဦးဆောင်သွားလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။
လင်းဖန်၏ သီချင်းမျာားက ထူးခြားပြီး တခြား အဆိုတော်များကို အနိုင်ယူသွားခဲ့သည်။
ဂီတလောကတွင် ဒီလိုမျိုးဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်ပါ။
သို့သော်လည်း ဒီနေ့တော့ လင်းဖန်၏ သီချင်း ၂ ပုဒ်က ကမ္ဘာကြီးထဲက ရေပန်းစား သီချင်းအားလုံးကို အနိုင်ယူသွားပါသည်။
လင်းဖန်က ဂီတရေပန်းစားမှု ခေတ်သစ်တစ်ခုကို ဖန်တီးခဲ့သည်။
တစ်ရက်အတွင်းမှာပင် ဒေါင်းလုတ်ဆွဲသူ ၅ သန်းအထိ ရှိသွားပြီဖြစ်သည်။
NetEase Music နဲ့ QQ Music ပေါ်ရှိ ဒေါင်းလုတ် အရေအတွက်များက တစ်ရက်အတွင်း ၅ သန်းကျော်သွားသည်။
ကုမ္ပဏီ ၂ ခု၏ ဒေါင်းလုတ်ပမာဏများကို ပေါင်းလိုက်ပါက ၁၀ သန်းကျော်သွားပြီဖြစ်ပါသည်။
၇၀ - ၃၀ အမြတ်ခွဲဝေမှုအရ ကြော်ငြာကြေး အစရှိသည်တို့ကို နှုတ်ယူပြီးပါက လင်းဖန် ယွမ် ၆ သန်းကျော် ရရှိနိုင်ပါသည်။
ဒါတောင် တစ်ရက်စာ ရောင်းအားသာ ရှိသေးသည်။ စတင်ထုတ်လွှင့်သည့် နေ့တွင် ရောင်းအားမြင့်နေမှာ မှန်သော်လည်း လင်းဖန်၏ အောင်မြင်မှုများက ကုမ္ပဏီ ၂ ခုကို တုန်လှုပ်သွားစေခဲ့ပါသည်။
အထူးသဖြင့် NetEase Music က ဝမ်မန့်မန့် ဖြစ်သည်။ သူ ပိုပြီး နောင်တရသွားခဲ့ပါသည်။
စောစောကသာ သိခဲ့ပါက လင်းဖန်၏ 'အချစ်ကို ဝန်ခံချက်' သီချင်းကိုပါ လက်မှတ်ထိုးခဲ့မည်ဖြစ်သည်။ အခုတော့ ဒီလောက် ကောင်းမွန်သည့် ရလဒ်များကို မြင်လိုက်ရသဖြင့် NetEase Music ပိုမို တုန်လှုပ်သွားကြရပါသည်။
"လခွမ်း..."
"ငါတို့ NetEase Music မှာ တစ်ရက်တည်းနဲ့ ယွမ် ၅ သန်းတောင် ရလိုက်တာပဲ။ ငါတို့လင်းဖန်ကို ၃ သန်းပေးလိုက်ရင် ငါတို့ကုမ္ပဏီမှာ အမြတ် ၁.၅ သန်းကျန်ဦးမှာ။ ဒါတောင် ၁ ရက်ပဲရှိသေးတယ်..."
" ၁ လ သို့မဟုတ် ၁ နှစ်ကြာသွားတဲ့အခါကျရင် ဒီသီချင်း အမြတ်တွေ ဘယ်လောက်တောင် ယူပေးနိုင်လိမ့်မလဲ။ ဒါတောင် သီချင်းတစ်ပုဒ်ပဲ ရှိသေးတယ်။ နောက်ဆက်တွဲ သီချင်းတွေအတွက် ကြော်ငြာကြေးကိုလည်း ထည့်မတွက်ရသေးဘူး။ မဟုတ်ရင် ငွေပမာဏက ဒီ့ထက်တောင် ပိုများသွားဦးမယ်" ဝမ်မန့်မန်က ပြောလိုက်သည်။
သူတို့ ဒီသီချင်းကို အသုံးပြုခွင့်အား ယွမ် ၄ သန်းဖြင့် ဝယ်ယူခဲ့သည်။ ဒီပမာဏက ဂီတလောကထဲမှာ တကယ် မြင့်မားသော်လည်း လက်တွေ့မှာတော့ သူတို့ လုံးဝ မရှုံးခဲ့ပေ။
သူ့သီချင်းကို ထုတ်လွှင့်လိုက်တာနဲ့ ပရိတ်သတ်ပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။
ဒါက လင်းဖန်ရဲ့ ကျော်ကြားမှုပဲ ဖြစ်သည်။