စင်မြင့်ပေါ် တက်ပြီ
Vol. 35 Ch. 466
ပြိုင်ပွဲရဲ့ ဒုတိယ အဆင့်ဟာ ပထမ အဆင့်ထက် ပိုပြီး ကြမ်းတမ်းတယ်လို့ ပြောရမှာပါပဲ။
သည်အဆင့်ဟာ ထိပ်ဆုံးကျောင်းသား ၂၆ယောက်ကို ရွေးချယ်ရုံသာမက သက်တံနီဂိုဏ်းကို အပြင်စည်းတပည့်တွေအဖြစ် ဝင်ရောက်ခွင့်ရမယ့် နေရာလွတ် ၂၆ခုကိုလည်း ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။သည်အခွင့်အရေးကို လွဲချော်သွားတဲ့ သူတိုင်းဟာ နောက်ထပ်၂နှစ် ထပ်စောင့်ရမှာ အသေအချာပါပဲ။ နောက်ထပ် ၂နှစ်ကြာရင်ဘာတွေ ဖြစ်လာမလဲ ဆိုတာကို သူတို့တွေအနေနဲ့ ကြိုမသိနိုင်ပါဘူး။ ဒါကြောင့်လည်း ဒုတိယအဆင့်ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ ပြိုင်ပွဲဝင်တိုင်းဟာ အသေအလဲ ကြိုးစားပြီး တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။
" မင်းရဲ့ အရှုံးကို လက်ခံလိုက်စမ်း "
" တကယ်ရှုံးမယ့်လူက မင်းကွ "
သိုင်းစင်မြင့်ပေါ်မှာတော့ ပြိုင်ပွဲဝင် နှစ်ယောက်ဟာ ကျားကုတ်ကျားခဲ ယှဉ်ပြိုင် တိုက်ခိုက်နေကြပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ ကိုယ်ပေါ်မှာကတော့ သွေးတွေ အရွှဲသားပါပဲ။ ဒါပေမဲ့လည်း နှစ်ယောက်စလုံးကတော့ အရှုံးပေးမယ့်ပုံ မရှိပါဘူး။
" ဟား……ဟား…… င……ငါ …… နိုင်……"
ဘုန်း……
နောက်ဆုံးမှာတော့ အရပ်ရှည်ရှည်နဲ့ လူငယ်ဟာ သူ့ရဲ့ ပြိုင်ဘက်ကို ု အလဲထိုး အနိုင်ရသွားခဲ့ပါပြီ။ ဒါပေမဲ့ သူ့ရဲ့ အခြေအနေကလည်း မဟန်လှပါဘူး။ သူ့ရဲ့ ပြိုင်ဘက်ကို အနိုင်ယူပြီးသွားတာနဲ့ တစ်ပြိုင်နက် အရပ်ရှည်ရှည် လူငယ်ဟာလည်း စင်မြင့်ပေါ်မှာ မေ့လဲကျ သွားပါတော့တယ်။
သိုင်းတက္ကသိုလ်တွေရဲ့ ထိပ်ပိုင်းက အကြီးအကဲတွေကတော့ သိပ်ပြီး အံ့သြတုန်လှုပ်ဟန် မပြပါဘူး။ သူတို့က သည်လိုအခြေအနေတွေ ဖြစ်လာမယ် ဆိုတာကို ကြိုတင် တွက်ဆပြီးသားပါပဲ။
ဟူး……
တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင်တစ်ယောက်က စင်ပေါ်ကို ပျံတက်သွားပြီး အစိမ်းရောင် ချီစွမ်းအင်တွေနဲ့ ပြိုင်ပွဲဝင် နှစ်ယောက်စလုံးကို လွှမ်းခြုံစေလိုက်ပါတယ်။
အစိမ်းရောင် ချီစွမ်းအင်တွေရဲ့ လွှမ်းခြုံမှုကို ရပြီးတဲ့ အခါမှာတော့ ပြိုင်ပွဲဝင် နှစ်ယောက်စလုံးရဲ့ ဒဏ်ရာတွေဟာ ပြန်လည်ကောင်းမွန် လာခဲ့ပါပြီ။
" သစ်စိမ်း အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တစ်ယောက်ပဲ "
လီဖူချန်းကတော့ အခြေအနေကို ချက်ချင်း နားလည်သဘောပေါက် သွားခဲ့ပါတယ်။
အရိုးတည်ဆောက်ပုံတွေ အားလုံးထဲမှာ ဆိုရင်တော့ သစ်စိမ်း အရိုးတည်ဆောက်ပုံဟာ ဒဏ်ရာတွေကို ပြန်လည်ကုသနိုင်စွမ်း အကောင်းဆုံးပါပဲ။ သစ်စိမ်း နတ်ဘုရားစွမ်းရည်ကို နိုးထထားနိုင်တဲ့ ဆရာသခင် မအိုသောကလေးငယ်ဆိုရင် သေခါနီးဆဲဆဲ ဖြစ်နေတဲ့ လူတစ်ယောက်ကိုတောင်မှ ကယ်တင်နိုင်ပါတယ်။
ဒါပေမဲ့လည်း သည်နေရာမှာ တစ်ခု သတိပြုရမှာကတော့ သစ်စိမ်း အရိုးတည်ဆောက်ပုံဟာ ထိခိုက်မိလို့ ရတဲ့ ဒဏ်ရာတွေကိုသာ ကာသပေးနိုင်တယ် ဆိုတာပါပဲ။
တကယ်လို့ ရရှိခဲ့တဲ့ ဒဏ်ရာက အဆိပ်ကြောင့် ဖြစ်တာဆိုရင်တော့မူလပင်လယ်နယ်ပယ် သစ်စိမ်းအရိုးတည်ဆောက်ပုံ ပိုင်ရှင်လည်း ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူး။ အဲသည်ဒဏ်ရာတွေက ကျိန်စာတွေကြောင့် ဖြစ်တာဆိုရင်တော့ ပိုလို့တောင် ဆိုးပါသေးတယ်။
" ဗာဂျရာ အကာအကွယ် "
နံပါတ်၆ သိုင်းစင်မြင့်ပေါ်မှာတော့ ကြက်သွေးရောင်ကျား သိုင်းတက္ကသိုလ်က ဝမ်ကျန်းဟာ သူ့ရဲ့ ဗာဂျရာ နတ်ဘုရားစွမ်းရည်ကို အသက်သွင်းလိုက်ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးကိုတော့ ရွှေရောင် အရေပြား တစ်ခုက ဖုံးအုပ်ထားပါတယ်။
ထန်……ထန်……ထန်……
ဝမ်ကျန်းရဲ့ ပြိုင်ဘက်ကတော့ ဝမ်ကျန်းကို ထိခိုက်အောင် ဘယ်လိုမှမစွမ်းဆောင်နိုင်တော့ပါဘူး။ သူက လက်မှိုင်ချရမယ့် အခြေအနေကို ရောက်နေပါပြီ။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ဝမ်ကျန်းရဲ့ ပြိုင်ဘက်ဟာ အလွန် အစွမ်းထက်တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။တကယ်လို့သာ ဝမ်ကျန်းအနေနဲ့ တိုက်ခိုက်မှုကို အသားပေးတဲ့ နတ်ဘုရားစွမ်းရည်ကို နိုးထနိုင်ခဲ့မယ် ဆိုရင်တော့ သူဟာ သူ့ရဲ့ ပြိုင်ဘက်ကို ဘယ်ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့ ဝမ်ကျန်း နိုးထနိုင်ခဲ့တဲ့ နတ်ဘုရားစွမ်းရည်က ခုခံမှုကို အသားပေးတဲ့ နတ်ဘုရား စွမ်းရည် ဖြစ်နေပါတယ်။
ဝမ်ကျန်းတစ်ယောက်ဗာဂျရာ နတ်ဘုရားစွမ်းရည်ကို အသက်သွင်းလိုက်ပြီးတဲ့ နောက်မှာတော့ တိုက်ပွဲက တစ်ဖက်သတ်ကြီး ဖြစ်သွားခဲ့ပါပြီ။
သူကစိတ်ရှိလက်ရှိ တိုက်ခိုက်ပြီးပြိုင်ဘက်ကို ဒဏ်ရာရအောင် လုပ်နိုင်ပေမယ့်သူ့ရဲ့ ပြိုင်ဘက်ကတော့ သူ့ကို ခြစ်ရာလေး တစ်ခု ထင်အောင်တောင် မလုပ်နိုင်တော့ပါဘူး။
ဘန်း……
နောက်ဆုံးမှာတော့ ဝမ်ကျန်းဟာ သူ့ရဲ့ ပြိုင်ဘက်ကို လွင့်ထွက်သွားအောင် လက်ဝါးနဲ့ ရိုက်ထုတ်နိုင်လိုက်ပါပြီ။
" အမှောင်ထု ကောင်းကင်ပေါင်းမိုး ……လာစမ်း "
သိုင်းစင်မြင့် နံပါတ်၈မှာ ရှိနေတဲ့ ဝမ်ဟိုင်လုံကလည်း အစွမ်းထက်တဲ့ ပြိုင်ဘက်နဲ့ ကြုံနေရတာပါပဲ။
ပြိုင်ဘက်ရဲ့ အစွမ်းဟာ စီးတုလေ့ရဲ့ အထက်မှာရှိပြီး ကုဟိုင်လို ပစ်မှတ်တစ်ခုတည်းကို ပစ်မှတ်ထား တိုက်ခိုက်နိုင်တဲ့ နတ်ဘုရား စွမ်းရည်ကိုလည်း နိုးထ ထားနိုင်ပါတယ်။
ဒါပေမဲ့လည်း အမှောင်ထု ကောင်းကင်ပေါင်းမိုးရဲ့ အုပ်မိုးမှုကို ခံလိုက်ရပြီးတဲ့ နောက်မှာတော့ ဝမ်ဟိုင်လုံရဲ့ ပြိုင်ဘက်ဟာ ဘာမှ မစွမ်းဆောင်နိုင်တော့ပါဘူး။
အဲသည်နောက် သိပ်မကြာခင်မှာပဲ သူဟာ အမှောင်ထုထဲမှာရှိတဲ့ဝမ်ဟိုင်လုံရဲ့ ချောင်းမြောင်းတိုက်ခိုက်မှုတွေကို ခံလိုက်ရပြီး ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာသွားခဲ့ရပါပြီ။
" အင်း……ဝမ်ဟိုင်လုံရဲ့ အမှောင်ထု ကောင်းကင်ပေါင်းမိုးက ကြောက်စရာအကောင်းဆုံး နတ်ဘုရားစွမ်းရည်တွေထဲက တစ်ခုပဲ "
လီဖူချန်းကို ခေါင်းကို ခါယမ်းရင်းနဲ့ ခပ်တိုးတိုး ညည်းတွားလိုက်ပါတယ်။
" အသူရာ လခြမ်းကွေး "
ဝမ်ကျန်း နဲ့ ဝမ်ဟိုင်လုံတို့ထက် စာရင်တော့ အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ လန်ဖန်းက ပိုအစွမ်းထက်တယ်လို့ ဆိုရမှာပါပဲ။
လန်ဖန်းက သူ့ရဲ့ ဆေဘာတာအို နတ်ဘုရားစွမ်းရည်ကို ထုတ်လိုက်တဲ့ အချိန်မှာဆိုရင် ကြောက်စရာကောင်းလောက်အောင် ထက်မြတဲ့ လခြမ်းကွေး တစ်ခုဟာ သူ့ရဲ့ ဦးခေါင်းထက်မှာ ပေါ်လာပါတယ်။ သူ့ရဲ့ ပြိုင်ဘက်တွေက ဘယ်သူပဲ ဖြစ်ဖြစ် အဲသည် လခြမ်းကွေးရဲ့ တိုက်ခိုက်မှုကို မခုခံနိုင်ခဲ့ပါဘူး။
လက်နက်တာအို နတ်ဘုရားစွမ်းရည်တွေကတော့ တိုက်ခိုက်တဲ့နေရာမှာ အမြဲလိုလို အစွမ်းထက်တဲ့ အရာတွေပင် မဟုတ်ပါလား။
ဒုတိယရက် အပြီးမှာတော့ ထိပ်ဆုံးကျောင်းသား ၂၆ယောက်ဟာ ပေါ်ထွက်လာခဲ့ပါပြီ။
တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ စီးတုသောင်း နဲ့ ဝမ်ဟိုင်လုံတို့ကတော့ ထိပ်ဆုံးကျောင်းသား ၂၆ယောက်ထဲကို ဝင်ရောက်နိုင်ခဲ့ပါတယ်။စီးတုသောင်းကတော့ နဂိုကတည်းက အစွမ်းထက်တာဖြစ်ပြီး ဝမ်ဟိုင်လုံရဲ့ အမှောင်ထု ကောင်းကင်ပေါင်းမိုးကတော့ ကြောက်စရာ ကောင်းလွန်းလှတဲ့အတွက် ထိပ်ဆုံးကျောင်းသား ၂၆ယောက်ထဲကို ဝင်ရောက်ဖို့ဆိုတာဟာ သူတို့အတွက် ပြသနာ မဟုတ်ခဲ့ပါဘူး။
" ဟီး…ဟီး…ဟီး……
" ကောင်းတယ် ……ကောင်းတယ်ဟေ့ "
မန်ချင်းဟန် နဲ့ လင်းကျုပိုင်တို့ရဲ့ အပြုံးတွေကတော့ နားရွက်ကို တက်ချိတ်လု နီးပါးပါပဲ။ သူတို့နှစ်ယောက်စလုံးက တဟီးဟီး ရယ်နေတာကိုလည်း မရပ်တော့ပါဘူး။
လီဖူချန်းအပါအဝင် ဆိုရင် သူတို့သိုင်းတက္ကသိုလ်က အဆင့်သတ်မှတ်ချက် ပြိုင်ပွဲရဲ့တတိယအဆင့်ကို ဝင်ရောက်နိုင်သူ သုံးယောက် ရှိသွားတော့မှာပါ။ ဒါက အရင်အကြိမ်တွေ တုန်းကထက် အများကြီး သာလွန်ကောင်းမွန်ပါတယ်။သည်တစ်ကြိမ် တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရမယ့် အမှတ်စုစုပေါင်းကတော့ ထိပ်ဆုံးသိုင်းတက္ကသိုလ် ၁၀ခု နဲ့တောင်မှ သိပ်ကွာမှာ မဟုတ်ပါဘူး။ကံကောင်းမယ်ဆိုရင် တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ် အနေနဲ့ထိပ်ဆုံးသိုင်းတက္ကသိုလ် ၁၀ခုစာရင်းထဲကိုတောင် ဝင်သွားနိုင်ပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချို့ သိုင်းတက္ကသိုလ်တွေက အရွေးချယ်ခံ ပြိုင်ပွဲဝင်တွေကလွဲပြီးတခြား ပြိုင်ပွဲဝင်တွေဟာ တတိယအဆင့်ကို တက်ရောက်နိုင်ခြင်း မရှိလို့ပါပဲ။
အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ် နဲ့ ဆီးနှင်းပျံ သိုင်းတက္ကသိုလ်တို့ကတော့ အားကောင်းနေဆဲလို့ ဆိုရမှာပါ။
အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ကပြိုင်ပွဲရဲ့ တတိယအဆင့်ကို ပြိုင်ပွဲဝင် ၅ယောက် ဝင်ရောက်နိုင်ခဲ့သလို ဆီးနှင်းပျံ သိုင်းတက္ကသိုလ်ကလည်း အလားတူ စွမ်းဆောင်နိုင်ခဲ့တာပါပဲ။
စီးတုသောင်း နဲ့ ဝမ်ဟိုင်လုံတို့ကတော့ ပြိုင်ပွဲရဲ့တတိယအဆင့်ကို ရောက်ပြီ ဆိုမှပဲသက်ပြင်း ချနိုင်ပါတော့တယ်။ နောက်ဆုံးတော့ သူတို့တွေဟာလည်း သက်တံနီဂိုဏ်းရဲ့အပြင်စည်းတပည့် ဖြစ်ခွင့်ကို ရခဲ့ပြီ မဟုတ်ပါလား။
သူတို့နှစ်ယောက်အတွက်ကတော့ သက်တံနီဂိုဏ်းကို ဝင်ခွင့် ရမရ ဆိုတာက အသက်နဲ့တမျှ အရေးကြီးလှပါတယ်။ တကယ်လို့သာ သူတို့နှစ်ယောက် အနေနဲ့ သက်တံနီဂိုဏ်းကို ဝင်ခွင့်မရခဲ့ဘူး ဆိုရင်တော့ နောင်အနာဂတ်မှာ မူလပင်လယ်နယ်ပယ်ကို ဝင်ရောက်ဖို့ အခွင့်အရေးဟာ ရှိတော့မှာ မဟုတ်ပါဘူး။
အခုတော့ သူတို့နှစ်ယောက်ဟာ သက်တံနီဂိုဏ်းကို အပြင်စည်း တပည့်တွေအဖြစ် ဝင်ရောက်ခွင့်ရဖို့ အာမခံချက် ရခဲ့ပြီ ဖြစ်တဲ့အတွက် မူလပင်လယ် နယ်ပယ်ကို ချိုးဖောက်ဝင်ရောက် နိုင်ဖို့အတွက် အနည်းငယ် မျှော်လင့်လို့ ရနေပါသေးတယ်။
မူလပင်လယ်နယ်ပယ်ကို ချိုးဖောက် ဝင်ရောက်ချင်သူဟာ ပထမဆုံး အနေနဲ့ မြေကမ္ဘာ အဆင့်မြင့် ချီအတွင်းအား ကျင့်စဉ်ကို လေ့ကျင့်ထားရပါမယ်။ ဒါက လုံးဝ အခြေခံ လိုအပ်ချက်ပါပဲ။
မြေစေးနီ တိုက်မှာတော့ သက်တံနီဂိုဏ်းက လွဲပြီး တခြားနေရာတွေမှာ မြေကမ္ဘာအဆင့်မြင့် ချီအတွင်းအား ကျင့်စဉ်တွေကို ရှာတွေ့မှာ မဟုတ်ပါဘူး။ တကယ်လို့ မြေကမ္ဘာအဆင်မြင့် ချီအတွင်းအား ကျင့်စဉ်တွေ ပေါ်ပေါက်လာခဲ့ရင်လည်း သိပ်မကြာခင်မှာပဲ သက်တံနီဂိုဏ်းက လာရောက် သိမ်းယူသွားမှာပါ။
တတိယမြောက်နေ့ မနက်မှာတော့ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲရဲ့ တတိယပိုင်းကို တရားဝင် ကျင်းပပါတော့တယ်။
" နံပါတ်၇ သိုင်းစင်မြင့်။ နံပါတ်၁၅ လီဖူချန်း နဲ့ နံပါတ်၁၆ ကျန်းရှန် "
ဒိုင်လုပ်သူ အကြီးအကဲရဲ့ စကားအဆုံးမှာတော့ လီဖူချန်းကော ကျန်းရှန်ပါ သိုင်းစင်မြင့်၇ပေါ်ကို ခုန်တက်သွားခဲ့ပါပြီ။
ကျန်းရှန်ကတော့ကျောက်တုံးစိမ်း သိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံပြိုင်ပွဲဝင် ဖြစ်ပြီး ဆရာသခင် ပုဆိန်ရဲ့ သားဆိုရင်လည်း မမှားပါဘူး။
ဆရာသခင် ပုဆိန်ကတော့ ခရမ်းရောင်ပန်း နိုင်ငံတော် ဆရာသခင်စာရင်းရဲ့ နံပါတ်၇မှာ ဆီးနှင်းပျံ တက္ကသိုလ်ကျောင်းအုပ် တုံမူယိုနဲ့အတူ ပူးတွဲ ရပ်တည်နေသူပါ။
ဆရာသခင် ပုဆိန်မှာ သားသုံးယောက် ရှိပြီး ကျန်းရှန်ကတော့ ဒုတိယမြောက်သား ဖြစ်ကာ လီဖူချန်းနဲ့ ထာဝရနုပျိုခြင်း ဥယျာဉ်မှာ တွေ့ခဲ့တဲ့ ကျန်းပကတော့ တတိယမြောက်သား ဖြစ်ပါတယ်။ဆရာသခင် ပုဆိန်ရဲ့ ပထမဆုံးသားဖြစ်သုူကတော့ စွန့်စားခန်းဖွင့်ဖို့ ခရီးထွက်သွားပြီ ဖြစ်တဲ့အတွက် ဘယ်ရောက်လို့ ဘယ်ပေါက်နေတယ် မသိပါဘူး။
ဆရာသခင် ပုဆိန်ရဲ့ သားဖြစ်တဲ့အတွက် ကျန်းရှန်ဟာ မြေကမ္ဘာအလယ်အလတ်အဆင့် ချီအတွင်းအား ကျင့်စဉ်ဖြစ်တဲ့ တောင်ကိုဖြိုခွဲခြင်း နတ်ဘုရားကျင့်စဉ် နဲ့ မြေကမ္ဘာ အဆင့်မြင့် သိုင်းပညာဖြစ်တဲ့ ၃၆ချက် ဖြတ်တောက်ခြင်း ပုဆိန် သိုင်းပညာကို လေ့ကျင့်ထားပါတယ်။ သူက ကျောက်တုံးစိမ်း သိုင်းတက္ကသိုလ်ထဲမှာ ဆရာသခင်ငယ် ပုဆိန်လို့ ကျော်ကြားသူ ဆိုရင်လည်း မမှားပါဘူး။
" တောင်ကို ဖြတ်တောက်ခြင်း၁၅ချက်မြောက် ပုဆိန် "
သိုင်းစင့်မြင့်ပေါ်ကို ခြေချမိပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ကျန်းရှန်ဟာ ၃၆ချက် ဖြတ်တောက်ခြင်း ပုဆိန်သိုင်းရဲ့ ၁၅ကွက်မြောက် သိုင်းကွက်ကို အသုံးပြုပြီး စတင် တိုက်ခိုက်ပါတော့တယ်။
ဟူး……ဟူး……ဟူး……ဟူး………
ကြီးမားလှတဲ့ ပုဆိန်အလင်းတန်းကြီး တစ်ခုဟာ လီဖူချန်းအပေါ်ကို ကျရောက်လာခဲ့ပါပြီ။
ဒါပေမဲ့လည်း ကျန်းရှန်ရဲ့ တိုက်ခိုက်မှုက လီဖူချန်းအပေါ်မှာ ဘာသက်ရောက်မှုမှ မရှိစေခဲ့ပါဘူး။
" သွားစမ်း "
လီဖူချန်းက ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ပုဆိန်အလင်းတန်းကို အလွယ်တကူပဲ ဖျက်ဆီးပစ်လိုက်ပါတယ်။
" တောင်ကိုဖြတ်တောက်ခြင်း ပုဆိန် အချက်၂၀ "
ကျန်းရှန်ကလည်း မခေတဲ့ လူတစ်ယောက်ပါပဲ။သူက အခြေအနေ မဟန်ဘူး ဆိုတာကို ရိပ်မိလိုက်တာနဲ့ တစ်ပြိုင်နက် နောက်ထပ် သိုင်းကွက်တစ်ကွက်ကို အလျင်အမြန် ပြောင်းလဲလိုက်ပါတယ်။
ထန် ……
သည်တစ်ကြိမ်မှာလည်း အခြေအနေက ဘာမှ မထူးပါဘူး။ လီဖူချန်းက ဓားချက်တစ်ချက်တည်းနဲ့ပဲ ပုဆိန်သိုင်းကွက်ကို ဖျက်ဆီးပြီး ကျန်းရှန်းကို နောက်ဆုတ်သွားစေပါတယ်။
" တောင်ကို ဖြတ်တောက်ခြင်း…… ၂၇ချက် "
ကျန်းရှန်ကတော့ သူ့ရဲ့ ပုဆိန်သိုင်းကွက်တွေ ဖျက်ဆီးခံရတာကိုအတော်လေး ဒေါသ ထွက်နေပုံပါပဲ။ သူက ပုဆိန်ကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ပြီး ပုဆိန်ခုတ်ချက် ၂၇ချက်ကို ထုတ်လိုက်ပါတယ်။
၃၆ချက် ဖြတ်တောက်ခြင်း ပုဆိန်သိုင်းပညာမှာ ဆိုရင် ပထမ ၁၈ကွက်ကို ထုတ်သုံးနိုင်သူဟာ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်ရှိနေပြီလို့ မှတ်ယူနိုင်ပြီး ပထမ ၂၇ကွက်ကို ထုတ်သုံးနိုင်သူဟာ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်နေပြီလို့ မှတ်ယူနိုင်ပါတယ်။
ကျန်းရှန် အခုထုတ်သုံးလိုက်တဲ့ သိုင်းကွက်ကတော့ သူတတ်မြောက်ထားတဲ့ ပုဆိန်သိုင်းကွက်ထဲမှာ အစွမ်းအထက်ဆုံးပါပဲ။ သူက ၂၈ကွက်မြောက် ပုဆိန်သိုင်းကွက်ကိုတော့ ကျွမ်းကျင်ဖို့ လိုပါသေးတယ်။
ချွမ်……ချွမ်……ချွမ်……
ဟူး……ဟူး……
ကျန်းရှန်ရဲ့ သိုင်းကွက်အဆုံးမှာတော့အလွှာအထပ်ထပ် ဖြစ်နေတဲ့ပုဆိန် အလင်းတန်းတွေဟာ လီဖူချန်းဆီကို ပင်လယ်လှိုင်းလုံးကြီးတွေအလား တိုးဝင်သွားခဲ့ပါပြီ။
ကျန်းရှန်က သည်သိုင်းကွက်ကို အသုံးပြုပြီး ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင် တစ်ဒါဇင်လောက်ကို သတ်ဖြတ်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ စိတ်မကောင်းစရာကတော့ သည်တစ်ကြိမ် သူ့ရဲ့ ပြိုင်ဘက်က လီဖူချန်း ဖြစ်နေတာပါပဲ။ လီဖူချန်း အတွက်ကတော့ ကျန်းရှန်ရဲ့ ပုဆိန်သိုင်းကွက်ဟာ ရိုးရှင်းလွန်းလှပါတယ်။
သူတို့နှစ်ယောက်စလုံးဟာ မြေကမ္ဘာအဆင့်မြင့် သိုင်းပညာတွေကို အသုံးပြုနေတာ ဖြစ်ပေမယ့်လည်း လီဖူချန်းရဲ့ နေဝန်းစိမ်း ဓားဆန္ဒက တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ကို ရောက်ရှိနေပါပြီ။
အဲသည်အတွက် လီဖူချန်းက ကျန်းရှန်ရဲ့ ပုဆိန်အလင်းတန်းတွေကို ဖျက်ဆီးဖို့အတွက် ဓားချက်တစ်ချက်ပဲ လိုပါတယ်။
" လခွီးပဲ "
" နတ်ဘုရားစွမ်းရည် အသက်ဝင်စမ်း "
ကျန်းရှန်က သူ့ရဲ့ တိုက်ခိုက်မှုကို အလျင်အမြန် ရုတ်သိမ်းလိုက်ပြီးသတ္တု နတ်ဘုရားစွမ်းရည်ကို ထုတ်သုံးလိုက်ပါပြီ။
ရွှီး……
လေဟာနယ် ဟင်းလင်းပြင်ထဲကနေပြီး ရွှေရောင်ပုဆိန်တစ်လက် ပေါ်လာကာ လီဖူချန်းကို ပိုင်းဖြတ်လိုက်ပါတော့တယ်။
တစ်ဆက်တည်းမှာပဲ ထူးဆန်းတဲ့ ဖိအားတစ်ခုက လီဖူချန်းအပေါ်ကို ပိကျလာပါသေးတယ်။ အဲသည်ဖိအား သက်သက်ကိုမှ လီဖူချန်းကို ချေမွပစ်တော့မယ့် ပုံပါပဲ။
" တိုက်ခိုက်မှုသီးသန့် အထူးပြုတဲ့ နတ်ဘုရားစွမ်းရည်လား "
လီဖူချန်းက ခေါင်းကိုတစ်ချက် ခါယမ်းလိုက်ပြီး ဓားချက်တစ်ချက် ထုတ်လိုက်ပါတော့တယ်။
ရွှမ်း……
အားကောင်းလွန်းလှတဲ့ ဓားအလင်းတန်းတစ်ခုဟာ ရုတ်ချည်းပေါ်လာပြီး ရွှေရောင်ပုဆိန်ကို ဖျက်ဆီးပစ်လိုက်ပါပြီ။ အဲဒါတင် မကသေးဘဲ ဓားအလင်းတန်းက ကျန်းရှန်ကို သွေးစိမ်းရှင်ရှင် အန်ထွက်သွားစေပြီး စင်မြင့်ပေါ်ကနေ ပြုတ်ကျသွားစေ ပါသေးတယ်။
" မြေကမ္ဘာအဆင့်မြင့် ဓားဆန္ဒလား "
သိုင်းတက္ကသိုလ် အများစုရဲ့ ထိပ်ပိုင်းက အကြီးအကဲတွေကတော့ လုံးဝ မယုံကြည်နိုင်တဲ့ပုံနဲ့ လီဖူချန်းကို စိုက်ကြည့်နေကြပါတယ်။
လီဖူချန်းက သည်ပြိုင်ပွဲမှာ ပထမဦးဆုံး မြေကမ္ဘာအဆင့်မြင့် ဓားဆန္ဒကို ထုတ်ပြသူပါပဲ။ အဲသည်အတွက် လူအများရဲ့ အာရုံစိုက်မှုကို ရသွားတာကလည်း သိပ်မထူးဆန်းလှပါဘူူး။
" စိတ်ဝင်စားစရာပဲ။ သည်ကောင့်ရဲ့ သာမန်အစွမ်းကိုက အတော်လေး အစွမ်းထက်နေပြီ "
လင်းရီကျန်းရဲ့ မျက်လုံးအစုံကလည်း လီဖူချန်းအပေါ်ကို ခေတ္တခဏ ကျရောက်လာခဲ့ပါတယ်။
ကြယ်၆ပွင့် ဓားတာအို အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတဲ့ လင်းရီကျန်းဟာ ဓားပညာနဲ့ ပက်သက်ပြီး အလွန် အမြင်စူးရှသူပါ။သူက ဓားတာအို အပိုင်းမှာကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကိုတောင် ယှဉ်နိုင်တယ်လို့ ခံယူထားသူ ဆိုရင်လည်း မမှားပါဘူး။ အဲသည်အတွက် သူက တစ်ချက်ကြည့်လိုက်တာနဲ့ လီဖူချန်းရဲ့ ဓားပညာအပေါ် နားလည်ကျွမ်းဝင် သဘောပေါက်မှုကိုချက်ချင်း သတိပြုမိပါတယ်။
လီဖူချန်းရဲ့ ဓားပညာအပေါ် နားလည်ကျွမ်းဝင် သဘောပေါက်မှုဟာသူနဲ့ သိပ်မကွာလှပါဘူး။
" လင်းရီကျန်း…… နင့်ရဲ့ တိမ်တိုက်စိမ်း ဓားသိုင်းကလည်း တစ်ဖက်ကမ်းခတ် တတ်မြောက်ခြင်း အဆင့်ကို ရောက်နေပြီ မဟုတ်လား "
ပိုင်လိရှန်က အေးစက်စက် လေသံနဲ့ လင်းရီကျန်းကို မေးလိုက်ပါတယ်။
တိမ်တိုက်စိမ်း ဓားသိုင်းကတော့ အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်မှာရှိတဲ့ မြေကမ္ဘာအဆင့်မြင့် ဓားသိုင်းတွေထဲက တစ်ခုပါပဲ ။
" ဟက်……ဟက် "
လင်းရီကျန်က ခပ်တိုးတိုးလေး ရယ်လိုက်ပါတယ်။ ဒါပေမဲ့ သူက ပိုင်လိရှန်ရဲ့မေးခွန်းကိုတော့ မငြင်းခဲ့ပါဘူး။
***