ထိပ်တန်း နတ်ဘုရားစွမ်းရည် ၁၀ခု
Vol. 35 Ch. 467
အဆင့်သတ်မှတ်ချက် ပြိုင်ပွဲရဲ့ တတိယအဆင့်ဟာ ဒုတိယ အဆင့်ထက် အများကြီး ပိုပြင်းထန်ပါတယ်။
တကယ်လို့ ပြိုင်ပွဲရဲ့ ဒုတိယအဆင့်ဟာ ပြိုင်ပွဲဝင်တွေကို သက်တံနီဂိုဏ်းရဲ့ အပြင်စည်းတပည့် နေရာတွေ ရယူဖို့အတွက် ကျင်းပပေးတာ ဆိုရင် တတိယအဆင့် ပြိုင်ပွဲဟာ သူတို့ကိုယ်သူတို့ သက်သေပြဖို့ပါပဲ။
သည်တတိယအဆင့် ပြိုင်ပွဲဟာ ထိပ်သီး ပါရမီရှင်တွေချည်း ပါဝင်ကြတာ ဖြစ်တဲ့အတွက် ဘယ်သူမှ လွယ်လွယ်ကူကူနဲ့ အရှုံးပေးကြမှာ မဟုတ်ပါဘူး။
ဘန်း……ဘန်း……ဘန်း………
ဝုန်း……ဝုန်း………
သိုင်းစင်မြင့် ၁၀ခုစလုံးမှာတော့ ပေါက်ကွဲမှုတွေနဲ့ ဆူညံနေတာပါပဲ။
အမျိုးအစား စုံလင်လှတဲ့ နတ်ဘုရားစွမ်းရည် အမျိုးမျိုးဟာလည်း သိုင်းစင်မြင့်တွေထက်မှာ တစ်ချိန်တည်းလိုလို ထွက်ပေါ်လာကြပါတယ်။
လီဖူချန်းကတော့ အာရုံစူးစိုက်ပြီး လူတိုင်းရဲ့ နတ်ဘုရားစွမ်းရည်တွေကို လေ့လာနေပါတယ်။
တိုက်ခိုက်ခြင်းကို အသားပေးတဲ့ နတ်ဘုရားစွမ်းရည် ……
ခုခံခြင်းကို အသားပေးတဲ့ နတ်ဘုရားစွမ်းရည် ………
စက်ကွင်း နတ်ဘုရားစွမ်းရည် ………
တိုက်ခိုက်ခြင်းကော ခုခံခြင်းမှာပါ အသုံးပြုလို့ရတဲ့ နတ်ဘုရားစွမ်းရည် ………
ကိုယ်ပွား နတ်ဘုရားစွမ်းရည်………
နတ်ဘုရား စွမ်းရည်တွေကတော့ အမျိုးမျိုး၊ အထွေထွေပါပဲ။
လက်နက်အမျိုးအစားတာအို နတ်ဘုရားစွမ်းရည်တွေကတော့ တိုက်ခိုက်ခြင်း နတ်ဘုရားစွမ်းရည်တွေထဲမှာ အစွမ်းအထက်ဆုံးလို့ ဆိုရမှာ ဖြစ်ပါတယ် ။အဲသည်လက်နက်တာအို နတ်ဘုရား စွမ်းရည်တွေထဲမှာမှ ရန်ရှီဟိုရဲ့ လှံတာအို နတ်ဘုရားစွမ်းရည်ဟာ အစွမ်းအထက်ဆုံးလို့ ဆိုရမှာပါ။ အခုချိန်အထိ ဘယ်သူကမှ ရန်ရှီဟိုရဲ့ တိုက်ခိုက်မှုကို မခုခံနိုင်သေးပါဘူး။
အစွမ်းထက်တဲ့ ခုခံခြင်း နတ်ဘုရားစွမ်းရည်တွေကတော့ အများအပြား ရှိပါတယ်။အဲသည်ထဲမှာမှရေစေး ခုခံခြင်း နတ်ဘုရားစွမ်းရည် နဲ့ သတ္တု ခုခံခြင်း နတ်ဘုရား စွမ်းရည်ဟာ ယခုလက်ရှိမှာတော့ ခံနိုင်ရည် အကောင်းဆုံးပါပဲ။ ရေစေး ခုခံခြင်း နတ်ဘုရားစွမ်းရည်ကော သတ္တုခုခံခြင်း နတ်ဘုရား စွမ်းရည်ကပါတစ်ဖက်လူရဲ့ စွမ်းအား သက်ရောက်မှုဒဏ် အများအပြားကို ဖယ်ရှားပေးနိုင်ပါတယ်။
စက်ကွင်း နတ်ဘုရားစွမ်းရည်တွေထဲမှာ ဆိုရင်တော့ဝမ်ဟိုင်လုံရဲ့ အမှောင်ထု ကောင်းကင်ပေါင်းမိုးဟာ လောလောဆယ်မှာ အစွမ်းအထက်ဆုံးပါပဲ။
သည်နတ်ဘုရားစွမ်းရည်ဟာ သိုင်းတက္ကသိုလ် အသီးသီးက ကျောင်းအုပ်ကြီးတွေ နဲ့ လက်ထောက်ကျောင်းအုပ်ကြီးတွေရဲ့ အာရုံကို အများဆုံး ဖမ်းစားထားတဲ့ နတ်ဘုရား စွမ်းရည် ဆိုရင်လည်း မမှားပါဘူး။
လူတွေအားလုံးဟာ ဝမ်ဟိုင်လုံရဲ့ နတ်ဘုရားစွမ်းရည် အပြည့်အဝ ဖွံ့ဖြိုးလာတဲ့ အခါမှာဆိုရင် ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မလဲဆိုပြီး တွေးနေကြပါတယ်။ တခိျု့ကတော့ ဝမ်ဟိုင်လုံဟာ သက်တံနီ ဂိုဏ်းမှာတောင်မှ နေရာရလိမ့်မယ်လို့ ထင်ကြေးပေးနေကြပါပြီ။
တိုက်ခိုက်ခြင်းကော ခုခံခြင်းမှာပါ အသုံးပြုလို့ရတဲ့ နတ်ဘုရားစွမ်းရည်တွေထဲမှာတော့ စီးတုသောင်းရဲ့ ရစ်ပတ်ရေနဂါးဟာ အတော်လေး အပြစ်အနာအဆာ ကင်းမဲ့တယ်လို့ ပြောနိုင်ပါတယ်။
ဒါပေမဲ့လည်း အဲဒါက စီးတုသောင်းတစ်ယောက် အခြေအနေ မကောင်းရခြင်းရဲ့ အကြောင်းအရင်းပါပဲ ။ တိုက်ခိုက်ခြင်း ဒါမှမဟုတ် ခုခံခြင်းဘက်ကို အလွန်အမင်း အထူးပြုတဲ့ နတ်ဘုရားစွမ်းရည်တွေနဲ့ တွေ့မယ်ဆိုရင်တော့ စီးတုသောင်းဟာ အနိုင်ရစရာ အကြောင်း မရှိပါဘူး။
ကိုယ်ပွား နတ်ဘုရားစွမ်းရည်ကိုတော့ အခုလောလောဆယ်မှာ ပိုင်ဆိုင်ထားသူ တစ်ယောက်ပဲ ရှိပါတယ်။
အဲသည်သူကတော့ အပြုံးလှိုင်းလုံး သိုင်းတက္ကသိုလ်က ချူယန်ကောင်းပါပဲ ။ သူကတော့ ရေစေး နတ်ဘုရားစွမ်းရည်ထဲက တစ်ခုဖြစ်တဲ့ ရေထုကိုယ်ပွားကို နိုးထ ထားနိုင်သူပါ။
သူ့ရဲ့ ရေထုကိုယ်ပွားတွေဟာ ရေစေး အင်းကွက်တွေနဲ့ ဖွဲ့စည်းဆောက်ထားပြီး ချူယန်ကောင်းရဲ့ တကယ့်အစစ်အမှန် ခန္ဓာကိုယ်ထက်လည်း အဆပေါင်းများစွာ သန်မာပါတယ်။ သူတို့က အားနည်းတဲ့ နေရာ မရှိဘဲ လက်နက်ပစ္စည်းတို့နဲ့ ထိုးဖောက်ခံလိုက် ရရင်လည်း ပျက်စီးသွားခြင်း မရှိပါဘူး။ရေထုကိုယ်ပွားတွေဟာ အဆုံးတိုင်အောင် ဖျက်ဆီးခံရခြင်း မရှိသေးသရွေ့တော့ဆက်လက်ပြီး တိုက်ခိုက်နေဦး မှာပါပဲ။
" ငါထင်ထားတဲ့ အတိုင်းပဲ။ သည်မှာ ရှိနေတဲ့ နတ်ဘုရား စွမ်းရည်တိုင်းဟာ လျော့တွက်လို့ မရဘူူး။ ချူယန်ကောင်းရဲ့ ရေထုကိုယ်ပွားဆိုရင် သည်ပြိုင်ပွဲရဲ့ ထိပ်တန်း နတ်ဘုရားစွမ်းရည် ၁၀ခုထဲမှာ ပါဝင်နိုင်စွမ်း ရှိနေပြီ "
ဓားတာအို နတ်ဘုရားစွမ်းရည်ကို ထုတ်မပြသေးတဲ့ လင်းရီကျန်းအပါအဝင် ဆိုရင် အထူး နတ်ဘုရား စွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့သူ ၇ယောက် ရှိပါတယ်။
အဲသည်လူ၇ယောက်ရဲ့ နတ်ဘုရား စွမ်းရည်တွေကတော့ သည်ပြိုင်ပွဲရဲ့ ထိပ်တန်း နတ်ဘုရားစွမ်းရည် ၁၀ခုထဲမှာ မပါစရာ အကြောင်းမရှိပါဘူး။
အဲသည်စာရင်းထဲမှာတော့ ချူယန်ကောင်းရဲ့ ရေထုကိုယ်ပွား နတ်ဘုရားစွမ်းရည်၊ချူဖန်းရဲ့ လေပြင်းမီးလျှံ နတ်ဘုရားစွမ်းရည် နဲ့ ပိုင်လိရှန်ရဲ့ ဆီးနှင်းရေခဲ နတ်ဘုရား စွမ်းရည်ကိုလည်း ထည့်သွင်း ရပါဦးမယ်။
ပိုင်လိရှန်ကတော့ လင်းရီကျန်းလိုပဲ အခုထက်ထိ သူမရဲ့ နတ်ဘုရားစွမ်းရည်ကို ထုတ်မပြသေးပါဘူး။ ဒါပေမဲ့လည်း လူတွေအားလုံးဟာ သူမရဲ့ ကြယ်၇ပွင့် ဆီးနှင်းရေခဲ အရိုးတည်ဆောက်ပုံ အကြောင်းကို သိထားပြီးသားပါပဲ။ လီဖူချန်းလို စဉ်းစားဆုံးဖြတ်နိုင်တဲ့ လူတစ်ယောက် မပြောနဲ့။ အရူးတစ်ယောက်တောင်မှ ပိုင်လိရှန်ရဲ့ နတ်ဘုရားစွမ်းရည်ဟာအစွမ်းထက်မယ် ဆိုတာကို သေချာပေါက် ပြောနိုင်ပါတယ်။
" သိုင်းစင်မြင့် နံပါတ်၁၀။ပြိုင်ပွဲဝင် နံပါတ်၁၅ လီဖူချန်း နဲ့ ပြိုင်ပွဲဝင် နံပါတ် ၃၈ ဝမ်ကျန်း "
ဒိုင်ဖြစ်သူ အကြီးအကဲရဲ့ ကြေညာသံက ထွက်ပေါ်လာခဲ့ပါပြီ။
ဝမ်ကျန်းကတော့ ကြက်သွေးရောင်ကျား သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၂ အတွင်းစည်းကျောင်းသား ဖြစ်ပြီးထာဝရ နုပျိုခြင်း ဥယျာဉ်မှာ ကျင်းပတဲ့ လက်ဖက်ရည်ပွဲတော်မှာ တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။
" လီဖူချန်း ……ငါတို့တွေ ပြန်တွေ့ကြပြန်ပြီ "
လီဖူချန်း နဲ့ ထိပ်တိုက်တွေ့ရမှာ ဖြစ်တဲ့အတွက် ဝမ်ကျန်းရဲ့ မျက်နှာက သိပ်မကောင်းလှပါဘူး။
ဝမ်ကျန်းကတော့ လက်ဖက်ရည်ပွဲတော် ပြီးကတည်းက အလွန်အမင်း တိုးတက်လာသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူက ပြန်လည်ဝင်စားခြင်း နယ်ပယ်ကို အချိန်တိုအတွင်းမှာချိုးဖောက် ဝင်ရောက်ပြီး ကြက်သွေးရောင်ကျား သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၂ အတွင်းစည်းကျောင်းသား ဖြစ်လာခဲ့တာပါ။
" အေး…… ငါက မင်းဘယ်လောက် တိုးတက်လာသလဲ ဆိုတာကို သိချင်နေတာ "
လီဖူချန်းကတော့ သူ့ရဲ့ ဝသီအတိုင်း မထီတရီ ပြုံးပြီး ပြန်ပြောလိုက်ပါတယ်။
" စိတ်မပူပါနဲ့။ မင်းသိရတော့မှာပါ။ ဗာဂျရာ အကာအကွယ် လာစမ်း "
ဝမ်းကျန်းရဲ့သာမန်အစွမ်းက သိပ်ပြီး ထက်မြက်တဲ့ အထဲမှာ မပါပါဘူး။ သူက သူ့ရဲ့ ဗာဂျရာ နတ်ဘုရားစွမ်းရည်ကို အားကိုးပြီး သည်အဆင့်အထိ ရောက်လာခဲ့တာပါ။
ဗာဂျရာ အရိုးတည်ဆောက်ပုံက အရမ်းအစွမ်းထက်တဲ့ ပထမတန်းစား အရိုးတည်ဆောက်ပုံထဲမှာ မပါပေမယ့်လည်း ပထမတန်းစား အရိုးတည်ဆောက်ပုံတော့ ဖြစ်နေဆဲပါပဲ။
ဗာဂျရာ နတ်ဘုရားစွမ်းရည်ကို အသက်သွင်းထားတဲ့ အချိန်မှာဆိုရင် ဝမ်ကျန်းဟာ တိုက်ခိုက်မှုအပိုင်းမှာ အဆင့်ကျော်ပြီး တိုက်ခိုက်နိုင်ပါတယ်။ သူ့ရဲ့ အရေပြားတွေဟာ ရွှေဖြစ်သွားပြီး ခန္ဓာကိုယ်ဟာလည်း ရွှေနဲ့သွန်းလောင်းထားသလို ဖြစ်သွားတဲ့အတွက် တစ်ဖက်ရန်သူ အတွက်ကတော့ ဝမ်ကျန်းနဲ့ တိုက်ခိုက်ရတာ မလွယ်ကူလှပါဘူး။အဲသည်ရွှေအရေပြားတွေက တစ်ဖက်ရန်သူကို ဖျက်ဆီးလို့ မရနိုင်ဘူးဆိုတဲ့ ခံစားမှုမျိူးကိုလည်း ပေးစွမ်းနေပါသေးတယ်။
လီဖူချန်းကတော့ အေးအေးဆေးဆေးပါပဲ။ သူက အာရုံ ထွေပြာမသွားဘဲ ဝမ်ကျန်းရဲ့ ရွှေအရေပြားကို သေသေချာချာ စူးစိုက်ကြည့်ပြီး အကဲခတ်နေပါတယ်။
ဝမ်ကျန်းရဲ့ အရေပြားပေါ်မှာတော့ ရွှေရောင်အင်းကွက်တွေ ဖုံးလွှမ်းနေခဲ့ပါပြီ။ ဖျက်ဆီးလို့ မရနိုင်ဘူးဆိုတဲ့ ခံစားချက်ကလည်းအဲသည်ရွှေရောင် အင်းကွက်တွေကနေ လာနေတာပါ။
" အား…… ပထမတန်းစား အထူးအရိုးတည်ဆောက်ပုံတွေက အရမ်း မိုက်တာပဲ "
" ဒါပေမဲ့…… ငါ့ဓားက မင်းကို အနိုင်ယူပြမယ်လို့ တိုးတိုးလေး ပြောနေပြီ "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် လီဖူချန်းက သွေးနီရောင် ဓားကို ဝှေ့ယမ်းလိုက်ပြီး လွှမ်းမိုးနိုင်စွမ်း အားကောင်းလှတဲ့ ဓားဆန္ဒတစ်ခုကို ထုတ်ဖော်လိုက်ပါတယ်။
သာမန် တိုက်ခိုက်မှုတွေက ဗာဂျရာ အကာအကွယ်နဲ့ တွေ့ရင် အလကားပါပဲ။ သိုင်းဆန္ဒ ခိုဝင်ကိန်းအာင်းနေတဲ့ တိုက်ခိုက်မှုတွေမှသာ ဗာဂျရာ အကာအကွယ်ကို သက်ရောက်မှု ရှိစေမှာပါ။
ထပ်ပေါင်းပြီးတော့ ပြောရမယ် ဆိုရင်တော့ အဲသည် သိုင်းဆန္ဒက အနိမ့်ဆုံး အနေနဲ့မြေကမ္ဘာအလယ်အလတ်အဆင့် သိုင်းဆန္ဒဖြစ်ဖို့လည်း လိုပါသေးတယ်။ မြေကမ္ဘာအဆင့်နိမ့် သိုင်းဆန္ဒတွေကျတာ့ နတ်ဘုရားစွမ်းရည်ရဲ့ ဥပဒေသတွေကို ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး။
သိုင်းတာအိုရဲ့ နောက်ပိုင်းတွေမှာဆိုရင်သဘာဝတရားကြီးရဲ့ စည်းမျဉ်းဥပဒေသတွေကို ပိုပြီး ဖမ်းဆုပ်နိုင်သူကပဲ ပြီးပြည့်စုံတဲ့ သိုင်းဆန္ဒတွေကို ထုတ်နိုင်မှာ ဖြစ်ပါတယ်။
သိုင်းဆန္ဒပဲ ဖြစ်ဖြစ် ဒါမှမဟုတ် နတ်ဘုရားစွမ်းရည်ပဲ ဖြစ်ဖြစ်ပါလေ။ နှစ်ခုစလုံးက သဘာဝတရားကြီးရဲ့ စည်းမျဉ်းဥပဒေသတွေကနေ ပေါက်ဖွားလာတာပါပဲ။
ပထမတစ်ခုကတော့ လူတစ်ယောက်ရဲ့ နားလည် သဘောပေါက်မှု အပေါ်မှာ မူတည်ပြီး ဒုတိယ တစ်ခုကတော့ မွေးရာပါ ပါရမီ နဲ့ နားလည်သဘောပေါက်မှု နှစ်ခုစလုံး အပေါ်မှာ မူတည်ပါတယ်။
ရွှမ်း……
လီဖူချန်းရဲ့ နေဝန်းစိမ်း ဓားဆန္ဒနဲ့ အတွေ့မှာတော့ ဝမ်ကျန်းရဲ့ ဗာဂျရာ အကာအကွယ်ဟာ ဘာမှ မတတ်နိုင်တော့ပါဘူး။ လီဖူချန်းရဲ့ ဓားအလင်းတန်းတွေက ဝမ်ကျန်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဓားဒဏ်ရာ အများကြီး ထင်ကျန်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့အပြင် သွေးတွေကိုလည်း ပန်းထွက်စေပါတယ်။
" ဘာ……ဘာဖြစ်သွားတာလဲ "
ဝမ်ကျန်းကတော့ ဘာဖြစ်လို့ ဖြစ်သွားမှန်းတောင် မသိလိုက်ပုံပါပဲ။ သူက အခုချိန်အထိ လီဖူချန်းလို အစွမ်းထက်တဲ့ သူနဲ့ မကြုံရသေးပါဘူး။ ဒါကြောင့်လည်း သူက သူ့ရဲ့ ဗာဂျရာ အကာအကွယ်ပေါ်မှာ ယုံကြည်မှုအပြည့် ရှိနေခဲ့တာပါ။ဒါပေမဲ့လည်း အခုတော့ သူဟာ အခြေအနေမှန်ကို နားလည်သွားခဲ့ပါပြီ။ သူ့ရဲ့ ဗာဂျရာ အကာအကွယ်က ပြိုင်ဘက်ကင်း အကာအကွယ် မဟုတ်သေးပါဘူး။
" ကျွတ်……ကျွတ်…… နတ်ဘုရားစွမ်းရည် အဆင့်က အရမ်းနိမ့်နေသေးတာပဲ "
လီဖူချန်းကတော့ ခေါင်းကို ခါယမ်းလိုက်မိပါတယ်။
ဝမ်ကျမ်းရဲ့ ခန္ဓာကိုယ်က သွေးကြောတွေ ပိုဖွင့်နိုင်ဖို့ လိုအပ်နေသေးသလို သူဟာ ဗာဂျရာ အရိုးတည်ဆောက်ပုံ အင်းကွက်ကိုလည်း ပိုနားလည်ဖို့ လိုအပ်နေဆဲပါပဲ။
တိုက်ပွဲရဲ့ အနိုင်အရှုံး ပေါ်သွားပြီးတဲ့နောက်မှာတော့ တိုက်ပွဲဝိညာဉ်နယ်ပယ် ကုသရေး ဆရာသခင် တစ်ယောက်ဟာ စင်ပေါ်ကို အလျင်အမြန် ရောက်ချလာပြီး ဒဏ်ရာဗရပွ ရနေတဲ့ ဝမ်ကျန်းကို ကုသပေးလိုက်ပါတယ်။
သိပ်မကြာခင်မှာပဲ ကုသရေး ဆရာသခင်ရဲ့ အစွမ်းကြောင့် ဝမ်ကျန်းဟာ အလျင်အမြန် ပြန်လည်ကောင်းမွန် လာခဲ့ပါပြီ။
" မင်း……မင်းက………ဟင်း……"
ဝမ်ကျန်းက လီဖူချန်းကို တစ္ဆေ၊သရဲတစ်ကောင်ကို မြင်နေရတဲ့အလား ကြောက်ရွံ့စွာ ကြည့်လိုက်ပြီး စင်အောက်ကို ဆင်းသွားပါတော့တယ်။ သူက စကားကိုတောင် ဆုံးအောင် ပြောမသွားတော့ပါဘူူး။
ဒါက တကယ်ကို စိတ်ပျက်စရာပါပဲ။ ဓားချက်တစ်ချက်က သူ့ရဲ့ ဗာဂျရာ အကာအကွယ်ကို ဖျက်ဆီးပြီး သူ့ကို ဒဏ်ရာဗရပွ ရသွားစေခဲ့တာ မဟုတ်ပါလား။
" မင်းမှာ မွေးရာပါ ပါရမီနဲ့ အလားအလာ ရှိပြီးသားပဲ။ မင်းက အချိန်ပဲ လိုတော့တာ။ ဝမ်ကျန်း……ဝမ်ကျန်း…… လုံးဝ စိတ်မပျက်နဲ့။ တစ်နေ့ကျရင် မင်းရဲ့ ဗာဂျရာ နတ်ဘုရားစွမ်းရည်ကအားလုံးရဲ့ ထိပ်မှာ ရပ်တည်နေမှာ "
ဝမ်ကျန်းရဲ့ နှုတ်ကတော့ စကားတစ်ခွန်းကိုပဲ အကြိမ်ကြိမ် အဖန်ဖန်တီးတိုး ရွတ်ဆိုနေပါတော့တယ်။
လီဖူချန်းကတော့ နှုတ်ခမ်းထောင့်ကို တွန့်ရုံသာ ပြုံးပြီး စင်မြင့်ပေါ်မှာ ရပ်နေဆဲပါပဲ။
ဒါပေမဲ့ သူ့ရဲ့ အပြုံးက ကျန်ရှိနေတဲ့ ပြိုင်ပွဲဝင် တော်တော်များများကို စိတ်မသက်မသာ ခံစားစေရပါတယ်။
သူ့ရဲ့ အပြုံးက " မင်းရဲ့ နတ်ဘုရားစွမ်းရည်က ဘယ်လောက်ကောင်းကောင်းငါ့ရဲ့ ဓားနဲ့ တွေ့ရင်တော့ အရှုံးပေးရမယ် "လို့ ပြောနေသလိုပါပဲ။
အဆင့်သတ်မှတ်ချက် ပြိုင်ပွဲရဲ့ တတိယပိုင်းကို ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင်တိုင်းကတော့ တစ်ယောက်ကို ၄၉ပွဲစီ တိုက်ခိုက်ရမှာပါ။
ကံကောင်းတာ တစ်ခုကတော့ သိုင်းစင်မြင့်ဟာ ဆယ်ခု ရှိနေတာပါပဲ။ အဲသည်အတွက် ပြိုင်ပွဲဟာ အလွန်လျင်မြန်စွာနဲ့ ရှေ့ဆက်သွားနေပါတယ်။
၁၅ပွဲဆက်တိုက် အနိုင်…… ပွဲ၂၀ဆက်တိုက် အနိုင်။
လီဖူချန်းအတွက်ကတော့ အာရုံအနည်းငယ် စူးစိုက်ပြီး တိုက်ရတဲ့ ပြိုင်ဘက်တောင်မှ အတော်ရှားပါတယ်။ အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၂ နဲ့ နံပါတ်၃ အတွင်းစည်းကျောင်းသား၊ ဆီးနှင်းပျံ သိုင်းတက္ကသိုလ်က ထိပ်တန်း အတွင်းစည်းကျောင်းသားတွေတောင်မှ လီဖူချန်းရဲ့ ဓားချက် အနည်းငယ်ကို မခုခံနိုင်ကြပါဘူး။
" မဟုတ်သေးပါဘူး။ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်မှာ ဘယ်အချိန်ကတည်းက သည်လောက်အစွမ်းထက်တဲ့ ဓားသမားတစ်ယောက် ပေါ်နေတာလဲ "
သိုင်းတက္ကသိုလ် အားလုံးရဲ့ ထိပ်ပိုင်းအကြီးအကဲတွေကလည်း လီဖူချန်းကိုသာ အာရုံထားပြီး အကဲခတ်နေကြပါပြီ။
" သိုင်းစင်မြင့် နံပါတ်၁။ နံပါတ်၁၅ လီဖူချန်း နဲ့ နံပါတ် ၄၂ လန်ဖန်း"
၂၁ပွဲမြောက် ပွဲစဉ်မှာတော့ လီဖူချန်းဟာ သူ့နဲ့ ရင်းနှီးတဲ့ နောက်ထပ် လူတစ်ယောက်နဲ့ ထိပ်တိုက်တွေ့ပါတော့တယ်။
လန်ဖန်း………
လန်ဖန်းကတော့ အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၂ အတွင်းစည်းကျောင်းသားဖြစ်ပြီး ထာဝရနုပျိုခြင်း ဥယျာဉ်မှာ ကျင်းပတဲ့ လက်ဖက်ရည်ပွဲတော်ကို တက်ရောက်ခဲ့သူပါ။ သူက ကြယ်၆ပွင့် ဓားတာအို အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူ ဆိုရင်လည်း မမှားပါဘူး။
အချက်အလက်ကျကျ ပြောရမယ်ဆိုရင်တော့ လန်ဖန်းဟာ အဆင့်နိမ့် သိုင်းတက္ကသိုလ်တွေရဲ့ အရွေးချယ်ခံတောင် ဖြစ်နိုင်ပါတယ်။ကံမကောင်းတာကတော့ လန်ဖန်းတက်ရောက်တဲ့ အမြဲစိမ်းတောအုပ် သိုင်းတက္ကသိုလ်ဟာ အဆင့်၅မှာ ရှိနေပြီး ပါရမီရှင်တွေ အတော်လေး ပေါများနေတာပါပဲ။ အမြဲစိမ်းတောအုပ် စွမ်းအင်သတ်မှတ်ချက် ဇယားရဲ့ အဆင့်၂မှာ ရပ်တည်နိုင်တာနဲ့တင် လန်ဖန်းကို ချီးကျူးထိုက်နေပါပြီ။
လန်ဖန်းကလည်း လီဖူချန်းကို လျော့မတွက်ဝံ့ပါဘူး။ သူက သိုင်းစင်မြင့်ပေါ်ကို ရောက်တာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ နတ်ဘုရားစွမ်းရည်ကို ထုတ်ထားလိုက်ပါတော့တယ်။
" အသူရာ လခြမ်းကွေး "
အသူရာလခြမ်းကွေးက ဆန်းသစ်စ လကလေးနဲ့ ဆင်တူပေမယ့်လည်း တကယ့်တကယ်မှာတော့ မရေမတွက်နိုင်တဲ့ ဆေဘာချီတွေကို စုစည်းထားတဲ့ အရာတစ်ခုပါပဲ။
သည်မရေမတွက်နိုင်တဲ့ ဆေဘာချီတွေက လခြမ်းကွေးထဲကနေ တိုးထွက်လာတဲ့ အခါမှာဆိုရင် ဘယ်လောက်ပြင်းထန်တဲ့ ဖျက်ဆီးနိုင်စွမ်းတွေကို လုပ်ဆောင်ပြနိုင်မလဲ ဆိုတာကို ခန့်မှန်းမရပါဘူူ း။
" သွားတော့ "
လန်ဖန်းက လီဖူချန်းကို လက်ညှိုး ညွှန်လိုက်ပြီး လခြမ်းကွေးနဲ့ ပစ်လွှတ် တိုက်ခိုက်လိုက်ပါတယ်။
ရွှီး……
လခြမ်းကွေးက မယုံနိုင်လောက်တဲ့ အလျင်နဲ့ ရွေ့လျားသွားပြီး မဖြစ်နိုင်တဲ့ ထောင့်ကျဉ်းကနေ လီဖူချန်းဆီကို တိုးဝင်သွားခဲ့ပါပြီ။ သာမန်လူတွေကတော့ သည်လခြမ်းကွေးရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ချိန်တောင် ရလိုက်မှာ မဟုတ်ဘူးဆိုတာ အသေအချာပါပဲ။
ထန်……
ဒါပေမဲ့လည်း လီဖူချန်းက သာမန်လူ မဟုတ်ပါဘူး။ သူက လခြမ်းကွေးကို သွေးနီဓားနဲ့ အချိန်မီ ခုတ်ချလိုက်နိုင်ပါတယ်။
အဲသည်အချိန်မှာပဲ လခြမ်းကွေးဟာကွဲထွက်သွားပြီး ဆေဘာဓားချီတွေ တိုးထွက်လာပါတော့တယ်။
ဖန်း……
တစ်ဆက်တည်းမှာပဲ ထက်ရှသော၊ အလွန်အမင်း အနိုင်ရလိုသော အငွေ့အသက်တွေနဲ့အတူ မမြင်ရတဲ့ စွမ်းအားတစ်ခုဟာ လီဖူချန်းအပေါ်ကို ကျရောက်လာခဲ့ပါပြီ။
ဒါကတော့ ဆေဘာတာအို ဥပဒေသပါပဲ။
ဒါပေမဲ့လည်း ဘယ်လောက်ပဲ အားကောင်းတဲ့ ဆေဘာတာအို ဥပဒေသ ဖြစ်ဖြစ်ပါလေ။ အဲဒါက လခြမ်းကွေးထဲကနေ ဖြစ်ပေါ်လာတာဖြစ်တဲ့အတွက် လီဖူချန်းအနေနဲ့ မမှုသေးပါဘူး။
" သွားစမ်း "
လီဖူချန်းရဲ့ သွေးနီဓားထဲကနေလွှမ်းမိုးနိုင်စွမ်း အားကောင်းလှတဲ့ ဓားဆန္ဒတစ်ခု ထွက်ပေါ်လာပြီး ဆေဘာဓားချီတွေကို ဖိနှိပ်ပစ်လိုက်ပါတော့တယ်။ ဒါကတော့ လီဖူချန်းရဲ့ နေဝန်းစိမ်း ဓားဆန္ဒပါပဲ။ သူ့ရဲ့ ဓားဆန္ဒထဲမှာ ခိုဝင်ကိန်းအောင်းနေတဲ့ ဓားတာအို ဥပဒေသကတော့တစ်ဖက်လူရဲ့ ဆေဘာတာအို ဥပဒေသထက် အများကြီး အားကောင်းနေပါတယ်။
" ဒါမျိုး ရမလားကွ "
လန်ဖန်းက အံကြိတ်လိုက်ပြီး ဆေဘာတာအို စွမ်းအားတွေကို တိုးမြှင့်လိုက်ပါတယ်။
" အကုန် ပျက်စီးစမ်း "
ဖန်း……ဖန်း……ဖန်း…… ဖန်း………
လီဖူချန်းက သူ့ရဲ့ သွေးနီဓားကို နောက်ထပ်တစ်ကြိမ် ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ လန်ဖန်းရဲ့ ဆေဘာဓားချီတွေ အကုန်လုံးဟာ ပေါက်ကွဲ ပျက်စီးသွားခဲ့ပါပြီ။
ရွှပ်……
အဲသည်နောက်မှာတော့ လီဖူချန်းက ဆက်မတိုက်တော့ဘဲ ဓားကို ပြန်သိမ်းလိုက်ပါတယ်။
" ဟူး…… "
လန်ဖန်းက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး စင်အောက်ကို ဆင်းသွားပါတော့တယ်။ သည်တိုက်ပွဲက ဆက်ပြီး တိုက်ခိုက်နေစရာ မလိုတော့ပါဘူး။ သူက လီဖူချန်းကို မယှဉ်နိုင်ဘူးဆိုတာအသိသာကြီးပါပဲ။
" ဝိုး…… မြေကမ္ဘာအဆင့်မြင့် ဓားဆန္ဒက အရမ်း အစွမ်းထက်လွန်းတာပဲ။ သူက ဘယ်လိုလုပ်ပြီး အဲဒါကို နားလည်အသုံးပြုနိုင်တာလဲ။ ငါဆိုရင် အခုထက်ထိမြေကမ္ဘာ အလယ်အလတ်အဆင့် ဓားဆန္ဒကိုတောင် အသုံးမပြုနိုင်သေးဘူး "
" ဟူး…… သိုင်းဆန္ဒတွေကို နားလည်အသုံးပြုဖို့ ဆိုတာက ထိုးထွင်းသိမြင်မှု အပေါ်မှာ လုံးလုံးလျားလျား မှီခိုနေတာ။ အဲဒါက နတ်ဘုရား စွမ်းရည်တွေလို မွေးရာပါ ပါရမီ နဲ့ ထိုးထွင်းသိမြင်မှုအပေါ်မှာ မျှပြီး မှီခိုနေတာ မဟုတ်ဘူး "
လီဖူချန်းရဲ့ ဓားစွမ်းက လူတွေ တော်တော်များများကို တုန်လှုပ်ချောက်ချား သွားစေပါတယ်။
ဒါပေမဲ့လည်း မြေကမ္ဘာအဆင့်မြင့် ဓားဆန္ဒကို နားလည် အသုံးပြုနိုင်တာက လီဖူချန်းတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။
ပွဲစဉ်၂၃ကို အရောက်မှာတော့ လီဖူချန်းလိုပဲ မြေကမ္ဘာအဆင့်မြင့် ဓားဆန္ဒကို နားလည်အသုံးပြုနိုင်တဲ့သူ နောက်တစ်ယောက် ပေါ်လာခဲ့ပါပြီ။
" တိမ်တိုက်စိမ်းနဲ့အတူ မျောလွင့်ခြင်း "
သိုင်းစင်မြင့် နံပါတ်၅ပေါ်မှာ ရှိနေတဲ့ အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်က လင်းရီကျန်းဟာ သူ့ရဲ့ ဓားကို ဝှေ့ယမ်းလိုက်ပြီး ဓားအလင်းတန်း တစ်ခုကို ထုတ်လွှတ်လိုက်ပါတယ်။
အဲဒါက ဓားအလင်းတန်းတစ်ခုသာ ဖြစ်ပေမယ့် သူ့ရဲ့ပြိုင်ဘက်ဖြစ်သူ တိုက်ပွဲဆေဘာ သိုင်းတက္ကသိုလ်က အရွေးချယ်ခံအတွက်တော့ မလွယ်ကူလှပါဘူး။
ဘန်း……
တိုက်ပွဲဆေဘာ သိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံဟာ သွေးစိမ်းရှင်ရှင်အန်ပြီး လွင့်ထွက်သွားခဲ့ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ ဓားဒဏ်ရာတွေ အပြည့်ပါပဲ။
အဲဒါကတော့ လင်းရီကျန်းရဲ့ မြေကမ္ဘာ အဆင့်မြင့် ဓားသိုင်း၊ တိမ်တိုက်စိမ်း ဓားဆန္ဒပဲ ဖြစ်ပါတယ်။
ပွဲစဉ် ၂၄မှာတော့ ဆီးနှင်းပျံ သိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံ ပိုင်လိရှန်ဟာ လက်ဝါးရိုက်ချက် တစ်ချက်ဟာ သူမရဲ့ ပြိုင်ဘက်ကို ရေခဲရုပ် တစ်ရုပ်အဖြစ် ပြောင်းသွားစေပါတယ်။ တိုက်ပွဲဝိညာဉ်နယ်ပယ် ကုသရေး ဆရာသခင်သာ အချိန်မီ ရောက်မလာလို့ကတော့ အဲသည်ပြိုင်ပွဲဝင်ဟာ သေနေလောက်ပါပြီ။
လင်းရီကျန်းက ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၇ကို ရောက်နေပြီး ပိုင်လိရှန်က ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၈ကို ရောက်နေပြီ ဖြစ်ပါတယ်။ အဲသည်အတွက် သူတို့အနေနဲ့ နတ်ဘုရားစွမ်းရည်ကို ထုတ်မသုံးရင်တောင်မှသူတို့ရဲ့ ပြိုင်ဘက်တွေဟာ သူတို့ကို ယှဉ်နိုင်စရာ အကြောင်းမရှိပါဘူး။
ပြီးတော့ သူတို့နှစ်ယောက်စလုံးဟာ မြေကမ္ဆာအဆင့်မြင့် သိုင်းဆန္ဒကိုလည်း အသုံးပြုနိုင်ပါသေးတယ်။
သူတို့နှစ်ယောက်နဲ့ ယှဉ်မယ်ဆိုရင်တော့ လီဖူချန်းကိုတောင်မှာ အားနည်းနေသေးတယ်လို့ သတ်မှတ်ရမှာပါ။
ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းက ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၄မှာသာ ရှိနေသေးလို့ပါပဲ။
အခြားသော ပြန်လည်ဝင်စားခြင်းနယ်ပယ် ပညာရှင်တွေနဲ့ ယှဉ်မယ်ဆိုရင်တော့ လီဖူချန်းဟာ အစွမ်းထက်ကောင်း ထက်နိုင်ပေမယ့်ပိုင်လိရှန် နဲ့ လင်းရီကျန်းတို့နဲ့ ယှဉ်မယ်ဆိုရင်တော့ လီဖူချန်းဟာ အစွမ်းပြနိုင်စရာ အကြောင်းမရှိပါဘူး။
ပွဲစဉ်၂၅ကို အရောက်မှာတော့ လီဖူချန်းဟာ ကြက်သွေးရောင်ကျားသိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံ ချူဖန်းနဲ့ ထိပ်တိုက်တွေ့ပါတော့တယ်။
ချူဖန်းရဲ့ အစွမ်းကတော့ ပြိုင်ပွဲရဲ့ ထိပ်ဆုံး၁၀ယောက်ထဲကို ဝင်နိုင်ပြီး သူ့ရဲ့ လေပြင်းမီးလျှံ နတ်ဘုရားစွမ်းရည်ကလည်း လုံးဝ ပွဲသိမ်းလက်နက် တစ်ခုပါပဲ။
စီးတုသောင်း နဲ့ ချူဖန်းတို့ ထိပ်တိုက်တွေ့ခဲ့တုန်းကဆိုရင် ချူဖန်းက လေပြင်းမီးလျှံ နတ်ဘုရားစွမ်းရည်နဲ့ စီးတုသောင်းကို တစ်ချက်တည်း ပွဲသိမ်းပစ်ခဲ့တာပါ။
***