အင်မော်တယ်နယ်မြေ အဆင့်မြှင့်တင်နည်း
Vol. 21 Ch. 314
လဝက်လောက်အထိ ယဲ့ရှောင်ချန်း ကမ္ဘာတစ်ဝှမ်းလုံးကို ခရီးထွက်ခဲ့ပါသည်။
ကမ္ဘာပေါ်က နာမည်ကြီးနေရာမျိုးစုံကို လည်ပတ်ခဲ့သည်။
ဧဝရတ်တောင်၊ ချန်းပိုင်တောင်၊ မွန်ဂိုလီးယား အတွင်းပိုင်း၊ ဟာဝိုင်အီ၊ ဘာမြူဒါ၊ အော်စတြေးလျ၊ အာတိတ်သမုဒ္ဒရာ၊ အန္တာတိက.... စသဖြင့်။ ထိုနေရာများတွင် သူတို့နှစ်ယောက်စလုံး ကိုယ်ပိုင်အမှတ်အသားများ ချန်ထားခဲ့ကြပါသည်။
နောက်ဆုံးတော့ ယဲ့ရှောင်ချန်း ဝမ်ရှင်းယီကို အင်မော်တယ် ကျင့်ကြံခြင်းလောကသို့ ခေါ်လာခဲ့ပါသည်။
အင်မော်တယ်ကျင့်ကြံခြင်းလောကထဲက မငြိမ်မသက် အခြေအနေနှင့် နေရာတိုင်းရှိ အန္တရာယ်များကြောင့် ယဲ့ရှောင်ချန်းက မော်တယ်များ နေထိုင်ရာနေရာများကိုသာ လာနိုင်ခဲ့ပါသည်။
အင်မော်တယ်ကျင့်ကြံခြင်းလောက၏ လက်ရှိအခြေအနေကို ဝမ်ရှင်းယီ သိလိုက်ရသောအခါ ထိတ်လန့်သွားခဲ့ရပါသည်။
အင်မော်တယ် ကျင့်ကြံခြင်းလောက။
ဝူယွီမြို့တော်။
ထိုမြို့တော်က အရှေ့ပိုင်းတာအိုင်နယ်မြေ၏ တောင်ဘက်နယ်စပ်တွင် ရှိသည်။ တရုတ် စစ်တပ်စခန်းများနှင့် အလွန်ဝေးကွာလွန်းသဖြင့် ဒီနေရာတွင် သက်ရောက်မှုမရှိဘဲ အလွန် အေးချမ်းနေပါသည်။
ဒီမြို့တော်ကို ဝူယွီသခင်ကြီးဟု ခေါ်သည့် ရွှေဗဟိုအဆင့် ကျင့်ကြံသူတစ်ယောက် တည်ထောင်ခဲ့သည်ဟု ဆိုကြ၏။ တစ်ချိန်က ကြမ်းကြုတ်သည့် သားရဲများစွာ ရှိသည့် ကျတ်တီးမြေတစ်ခု ဖြစ်ခဲ့ဖူးသည်။ နောက်တော့ ဝူယွီသခင်ကြီးက ဒီနေရာသို့ လာရောက်ခဲ့ပြီး ဝူယွီမြို့တော်ကို တည်ဆောက်ခဲ့ပါသည်။
ထို့အပြင် ဝူယွီဂိုဏ်းက ဒီနယ်မြေတွင် တာဝန်ရှိသူများ ဖြစ်သည်။
ယဲ့ရှောင်ချန်းနှင့် ဝမ်ရှင်းယီတို့သည် ဒီလောကက လူများနဲ့ ဆင်တူအောင် ဝတ်ဆင်ထားကြသည်။ ရှေးဟောင်းအဝတ်အစားများကို ဝတ်ဆင်ထားကြပြီး သူဌေးလေးများနှင့် တူနေပါသည်။
စားသောက်ဆိုင်တွင် ယဲ့ရှောင်ချန်းနှင့် ဝမ်ရှင်းယီတို့ စားသောက်နေကြ၏။
ဒီလောကက အစားအသောက်များက ကမ္ဘာပေါ်က အစားအသောက်များနှင့် အလွန်ခြားနားလွန်းပါသည်။
"မင်းတို့တွေ ကြားပြီးပြီလား။ အရှေ့ပိုင်းနယ်မြေမှာ တခြားကမ္ဘာက မိစ္ဆာတွေ ရောက်နေကြတယ်တဲ့။ အရမ်းကြောက်ဖို့ကောင်းပြီး ဂိုဏ်းကြီးတွေ တော်တော်များများ ထိခိုက်သွားကြတယ်တဲ့။”
"ထိခိုက်ရုံပဲမဟုတ်ဘူး။ ရှုရှုန်ဓားဂိုဏ်းလိုမျိုး ထိပ်တန်းဂိုဏ်းကြီးတစ်ခုတောင် လုံးဝ ပျက်စီးသွားတယ်လို့ ငါကြားမိတယ်။”
"မဖြစ်နိုင်တာ။ ကြောက်ဖို့ကောင်းလိုက်တာ ငါတို့ဘာလုပ်ကြမလဲ။”
"အဲ့ဒီ တခြားကမ္ဘာက မိစ္ဆာတွေမှာ ကြောက်ဖို့ကောင်းတဲ့ လက်နက်တွေ ရှိတယ်။ ဘယ်ကလာကြတာလဲမသိဘူး။ ကြည့်ရတာ ပဋိပက္ခတွေဖြစ်လာဦးမယ် ထင်ပါတယ်။”
"ဟုတ်တယ်။ ဒီလောကကြီးက တည်ငြိမ်စပဲ ရှိသေးတယ်။ အခုတော့ ဒီလိုကိစ္စမျိုးတွေ ဖြစ်လာပြန်ပြီ။”
"မြင့်မြတ်တဲ့ ခွန်းလွန်မြေက ဒီတိုင်း ရပ်ကြည့်နေမှာ မဟုတ်ဘူးဆိုတာတော့ ငါယုံတယ်။ သူတို့ သေချာပေါက် ဂိုဏ်းပေါင်းစုံက ပညာရှင်တွေကို ဦးဆောင်ပြီး အဲ့ဒီ တခြား ကမ္ဘာသားမိစ္ဆာတွေကို သတ်ပစ်လိမ့်မယ်။”
...
ရုတ်တရက် စားသောက်ဆိုင်ထဲတွင် စကားဝိုင်းတစ်ခု ပေါ်လာခဲ့ပါသည်။
သူတို့ ပြောနေသည့် တခြားကမ္ဘာမှ မိစ္ဆာများဆိုတာ တရုတ်နိုင်ငံစစ်တပ်က လူတွေကိုပြောနေတာ သိသာပါသည်။
ယဲ့ရှောင်ချန်းနှင့် ဝမ်ရှင်းယီတို့ နားထောင်နေကြ၏။
"ရှောင်ချန်း ကျွန်မတို့ ဘာလို့ အင်မော်တယ် ကျင့်ကြံခြင်းလောကကို တိုက်ခိုက်ကြတာလဲ။ ငြိမ်းငြိမ်းချမ်းချမ်း နေလို့ မရဘူးလား။”
ဝမ်ရှင်းယီက ရုတ်တရက် စိတ်ထဲမှ ပြောလိုက်ပါသည်။
"သဘာဝ အရင်းအမြစ်တွေအတွက်၊ မြေနေရာအတွက်၊ တခြားအရာတွေ အများကြီးတွက်ပေါ့။”
ယဲ့ရှောင်ချန်းက ပြောလိုက်ပါသည်။
ကမ္ဘာပေါ်တွင် နိုင်ငံများအကြား ဆက်ဆံရေးကပင် နှိုင်းယှဥ်လို့မရအောင် တင်းမာနေသဖြင့် လောကနှစ်ခုအကြားဆိုရင်တော့ ပြောဖို့ပင် မလိုတော့ပါ။
အင်မော်တယ် ကျင့်ကြံခြင်းလောကအတွက် သေမျိုးလောကမှာ ကျတ်တီးမြေတစ်ခုဖြစ်နေပြီး ဝိညာဥ်ချီတောင် မရှိကြပါ။ ထို့ကြောင့် သူတို့ လုံးဝ စိတ်မဝင်စားကြပေ။
သူတို့ တီထွင်နေကြတာက နည်းပညာများ၊ လုပ်ငန်းများနှင့် ခေတ်မှီလက်နက်များ ဖြစ်ကြပါသည်။ ထိုအရာအားလုံးကို ဖွံ့ဖြိုးဖို့ နေရာနှင့် အရင်းအမြစ်တို့ကို လိုအပ်သည်။
ဝမ်ရှင်းယီက ခေါင်းငြိမ့်လိုက်ပါသည်။ ဒီကိစ္စတွေအကြောင်း သူမ များများစားစား မသိပါ။ ကမ္ဘာကြီးထဲတွင် ပဋိပက္ခ နည်းပါးပြီး ပို၍ ငြိမ်းချမ်းစေဖို့ကိုသာ မျှော်လင့်မိပါသည်။
ယဲ့ရှောင်ချန်းနှင့် ဝမ်ရှင်းယီတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် အကြာကြီးမနေခဲ့ကြဘဲ ကောင်းကင်ဘုံလှိုဏ်ဂူသို့ ပြန်လာခဲ့ကြပါသည်။
နောက်ပိုင်းနေ့ရက်များတွင် ဝမ်ရှင်းယီက ကျင့်ကြံဖို့ အားစိုက်ထုတ််ခဲ့သည်။ သူမ ရွှေဗဟိုအဆင့်ကို တတ်နိုင်သမျှ အမြန်ဆုံးရောက်ဖို့ မျှော်လင့်နေမိသည်။
ယဲ့ရှောင်ချန်းလည်း အင်မော်တယ်အပင်နှင့် မိစ္ဆာအပင်များ ပျိုးထောင်ဖို့ အာရုံစိုက်ခဲ့ပါသည်။
"အင်မော်တယ် မြေကွက်က အခု အဆင့် ၅ ရောက်နေပြီ၊။ အဆင့် ၆ တက်ဖို့က တော်တော်ကြာလိမ့်မယ်။”
ယဲ့ရှောင်ချန်း စိုက်ပျိုးရေးခြံထဲတွင် မတ်တပ်ရပ်နေပါသည်။
အင်မော်တယ်အပင်များ၏ အဆင့်ပိုမြင့်လေလေ အင်မော်တယ် မြေကွက်များအတွက် လိုအပ်ချက် ပိုများလေလေဖြစ်သည်။
အဆင့် ၁ မှ ၂ ရောက်ဖို့ အတွေ့အကြုံအမှတ် ၁၀၀ လိုအပ်သည်။ ၂ မှ ၃ ရောက်ဖို့ အတွေ့အကြုံအမှတ် ၁,၀၀၀ လိုအပ်သည်။ ၃ မှ ၄ ရောက်ဖို့ အတွေ့အကြုံမှတ် ၁၀,၀၀၀ လိုအပ်သည်။ ၄ မှ ၅ ရောက်ဖို့ အတွေ့အကြုံအမှတ် ၁၀၀,၀၀၀ လိုအပ်ပါသည်။
နှစ်အနည်းငယ်ကြာပြီးနောက် အင်မော်တယ်မြေကွက် အဆင့် ၅ အထိ တက်လာနိုင်ခဲ့ပြီဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူက အင်မော်တယ်အပင်များစွာ စိုက်ပျိုးနေပြီး ငွေလည်း အများကြီး ရနေပါသည်။ ထို့ကြောင့် အတွေ့အကြုံအမှတ်များကို အလွန်လျင်မြန်စွာ ရရှိခဲ့သည်။
ပြဿနာက အဆင့်တက်ဖို့လိုအပ်သည့် အတွေ့အကြုံမှတ် ပမာဏများမှာ ပိုပိုပြီး ကြောက်ဖို့ကောင်းလာခြင်းပင်။
အဆင့် ၅ မှ အဆင့် ၆ တက်ဖို့က အတွေ့အကြုံမှတ် ၁,၀၀၀,၀၀၀ လိုအပ်သည်။ အခုထိ သူ ၆၀၀,၀၀၀ သာရထားသေး၏။ ဒီနှုန်းအတိုင်းသာဆို အဆင့်မြှင့်တင်နိုင်ဖို့ နောက်ထပ် ၁ နှစ် ၂ နှစ်လောက် လိုအပ်ပါလိမ့်မည်။
အမှန်ပင်။ အဆင့်မြင့် အင်မော်တယ်အပင်များက အတွေ့အကြုံမှတ်များစွာ ပေးသည်။ သို့သော် ဖွံ့ဖြိုးဖို့ ကြာချိန်က အလွန်မြင့်မားသည်။
ထို့ကြောင့် အင်မော်တယ်မြေကွက်ကို အဆင့်မြှင့်တင်ဖို့ စနစ်ကို အားကိုးခြင်းကသာ ပုံမှန် နည်းလမ်းဖြစ်ပါသည်။
"ငါ့ဖာသာငါ အင်မော်တယ် မြေကွက်ကို အဆင့်မြှင့်နိုင်လောက်တယ်။”
ယဲ့ရှောင်ချန်းတစ်ယောက် နက်နက်ရှိုင်းရှိုင်း တွေးလိုက်ပါသည်။
အင်မော်တယ် လယ်ကွက်တစ်ကွက်ကို အဆင့်မြှင့်တင်ခြင်းက လွယ်သော ကိစ္စ မဟုတ်ပေ။ မော်တယ် လယ်ကွက်တစ်ကွက်ကို အဆင့်မြှင့်တင်ရခြင်းနှင့် မတူညီပါ။
ရှေးခေတ်တုန်းကတောင် နည်းပညာများ အလွန်နိမ့်ခဲ့စဥ်က မြေသားကို အဆင့်မြှင့်တင်ဖို့ နည်းလမ်း အနည်းငယ်သာ ရှိခဲ့သည်။ ခေတ်သစ်တွင်တော့ ကာဘာမိုက်လို မြေသြဇာများကိအသုံးပြပြီး မြေသား၏ မြေသြဇာကောင်းမှုကို မြှင့်တင်နိုင်ပါသည်။
သို့သော် အင်မော်တယ်မြေကွက်ကို အဆင့်မြှင့်တင်ခြင်းက အဆပေါင်း ၁,၀၀၀ လောက် ပိုခက်ခဲသည်။
အင်မော်တယ် မြေကွက်ကို အဆင့် ၁ မှ ၂ တင်ရခြင်းက ယဲ့ရှောင်ချန်းအတွက် မခက်ခဲသော်လည်း ခက်ခဲတာက အဆင့် ၅ မှ ၆ သို့ မြှင့်တင်ဖို့ ဖြစ်ပါသည်။
အင်မော်တယ် မြေကွက်နှင့် မော်တယ် မြေကွက်တို့၏ ခြားနားချက်က အင်မော်တယ် ဝိညာဥ်ချီပါဝင်ခြင်းပင်။ အာဟာရများ၊ သတ္တုများ၊ အစရှိသည်တို့ ခြားနားချက်လည်း ရှိပါသည်။
ထို့အပြင် အခြေခံအကျဆုံး ခြားနားချက်က အင်မော်တယ် ဝိညာဥ်ချီ ပမာဏဖြစ်သည်။
အင်မော်တယ်မြေကွက်၏ အဆင့် ပိုမြင့်လေလေ ပါဝင်သည့် အင်မော်တယ် ဝိညာဥ်ချီက ပိုသန့်စင်ပြီး ပိုကြွယ်ဝလေလေဖြစ်သည်။
မြေသားထဲက အင်မော်တယ် ဝိညာဥ်ချီ အကန့်အသတ်လည်း ရှိပါသည်။
အင်မော်တယ်မြေကွက် အဆင့်များ ခြားနားရသည့် အကြောင်းအရင်းက အင်မော်တယ် မြေကွက်များတွင် ထူးခြားသည့် ဝိသေသ လက္ခဏာများ ပါဝင်နေခြင်းကြောင့်ဖြစ်သည်။
ဥပမားအားဖြင့် အဆင့် ၁ သို့မဟုတ် အဆင့် ၂ အင်မော်တယ် မြေကွက်က အလွန်သာမန်ဆန်သည်။ သို့သော် အဆင့် ၃ အင်မော်တယ် မြေကွက်တွင် မြေသားတည်ဆောက်ပုံ၌ အင်မော်တယ် ပုံစံကွက်တစ်ခုရှိလိမ့်မည်။ အင်မော်တယ် ဝိညာဥ်ချီကို သန့်စင်ပေးပြီး ပိုအဆင့်မြင့်သည့် အင်မော်တယ်ဝိညာဥ်ချီကို သိုလှောင်ပေးသော အင်မော်တယ် ပုံစံကွက်မျိုး ဖြစ်ပါသည်။
အဆင့် ၄ သို့မဟုတ် ၅ အင်မော်တယ် မြေကွက်များကလည်း အင်မော်တယ်ပုံစံကွက်များ ရှိနေဆဲဖြစ်သည်။ အဆင့် ၆ အင်မော်တယ် မြေကွက်ကတော့ အဆင့်တစ်ခု ပိုမြင့်သွားသည်။ အင်မော်တယ် မြေကွက်၏ တည်ဆောက်ပုံတွင် အင်မော်တယ် အခင်းအကျင်းများ၏ အဓိပ္ပာယ်ကြွယ်ဝစွာ ပါဝင်နေပါသည်။
တကယ်တော့ ယဲ့ရှောင်ချန်း ရှန်းနုန်အသိပညာများစွာကို ရရှိခဲ့သည်။ အင်မော်တယ် မြေကွက်များထဲက အင်မော်တယ် ပုံစံကွက်များ တည်ဆောက်ခြင်းလည်း အပါအဝင်ဖြစ်၏။
ထူးခြားသည့် အင်မော်တယ် အခင်းအကျင်း တစ်ခုကို စီစဥ်လိုက်ရုံဖြင့် အင်မော်တယ် မြေကွက်က ဖြည်းဖြည်းချင်း တိုးတက်လာပြီး အင်မော်တယ် အခင်းအကျင်း၏ အဓိပ္ပာယ်ကို အင်မော်တယ် မြေသားထဲသို့ ထည့်သွင်းနိုင်မည်ဖြစ်၏။
"ငါ့ကြိုးစားကြည့်လို့ရမယ်ထင်တယ်။”
ယဲ့ရှောင်ချန်း အကြံတစ်ခု ရသွားခဲ့ပါသည်။
အင်မော်တယ် အခင်းအကျင်းတစ်ခုကို စီစဥ်ဖို့ အခင်းအကျင်းများအကြောင်း နက်နက်ရှိုင်းရှိုင်း နားလည်ထားရမည်။
ရှန်းနုန်များက စိုက်ပျိုးရေးတွင် အထူးပြုသော်လည်း တခြားနယ်ပယ်များမှာလည်း စပ်မိစပ်ရာ ရှိပါသည်။
သို့သော် စပ်မိစပ်ရာအဆင့်လောက်သာဆို အခင်းအကျင်းတစ်ခုကို စီစဥ်ဖို့ မလုံလောက်ပါ။
ထို့ကြောင့် ယဲ့ရှောင်ချန်းက တခြား အင်မော်တယ်များ၏ စွမ်းအားကို ငှားယူခဲ့ရပါသည်။
စိုက်ပျိုးရေးအကြောင်း စဥ်းစားပြီး ယဲ့ရှောင်ချန်း အင်မော်တယ်များကို စတင် ဆက်သွယ်လေသည်။
အင်မော်တယ်များအကြားတွင် ဘယ်သူက အခင်းအကျင်းပါရမီရှိသလဲ သူ သိချင်သည်။
မေးမြန်းပြီးနောက် ကောင်းကင်နတ်သမီးသုံးပါးက အခင်းအကျင်းများတွင် အလွန်တော်ကြကြောင်း သိလိုက်ရပါသည်။
သူတို့၏ ဆရာဖြစ်သူ ထုံထျန်းသခင်ကြီးက လောကသုံးခုတွင် အကောင်းဆုံးဖြစ်သော အင်မော်တယ် ဓားအခင်းအကျင်းကို ပိုင်ဆိုင်ထားသည်။
ကောင်းကင်နတ်သမီးသုံးပါးက ထုံထျန်းသခင်ကြီး၏ တပည့်ဖြစ်သဖြင့် ပြောစရာမလိုအောင် အခင်းအကျင်းများတွင် တော်ကြပါသည်။
နတ်ဘုရား စစ်ပွဲတွင် အဝါရောင်သံစဥ်ကိုးသွယ်မြစ် အခင်းအကျင်းကို ဖန်တီးခဲ့ကြသည်။ ထိုအခင်းအကျင်းတွင် အင်မော်တယ် လှည့်စား အစွမ်းနှင့် သီးခြားအင်မော်တယ် ဂါထာတို့ ပါကြသည်။ အင်မော်တယ် တစ်ပါးကို ဝိညာဥ်များ၊ အသွင်များ၊ ချီစွမ်းအင်များ၊ မူလ ခန္ဓာကိုယ်များ၊ ခြေလက်များကို ဆုံးရှုံးအောင်လုပ်နိုင်သည်။ ထိုအခင်းအကျင်းထဲ ဝင်လိုက်သောအခါ အင်မော်တယ် များက မော်တယ်ဖြစ်လာပြီး မော်တယ်များက သေဆုံးသွားလိမ့်မည်။
ဒါက အခင်းအကျင်းဘယ်လောက် ကောင်းမွန်သလဲ ပြသနေခြင်းဖြစ်သည်။
အမှန်ပင်။ ကောင်းကင်နတ်သမီးသုံးပါးကို အခင်းအကျင်းစီမံပေးဖို့ တောင်းဆိုလျှင် ကုန်ကျစရိတ်များမည်ကိုလည်း ယဲ့ရှောင်ချန်း ခန့်မှန်းပြီးသားဖြစ်ပါသည်။
သို့သော် သူ လုပ်နိုင်တာ ဒါပဲရှိသည်။
မကြာမီ ကောင်းကင်နတ်သမီးသုံးပါးကို သူ ဆက်သွယ်လိုက်ပါသည်။
"ယဲ့ရှောင်ချန်း ရှင် စီမံချင်တဲ့ အခင်းအကျင်းက သိပ်ပြီး မခက်ခဲပါဘူး။ ပြင်ဆင်ဖို့ နည်းနည်း ခက်ခဲတာပဲရှိတယ်။ ပြီးတော့ ရှင် ကုန်ကြမ်းတွေ ပိုလိုအပ်တယ်။”
မကြာမီ ကောင်းကင်နတ်သမီးသုံးပါးက စာပြန်သည်။
"ကောင်းကင်နတ်သမီးတို့ အင်မော်တယ်ယွမ် ဘယ်လောက် ပေးရမလဲခင်ဗျ။”
ယဲ့ရှောင်ချန်းက အမြန်မေးလိုက်ပါသည်။
"အင်မော်တယ်ယွမ်မလိုပါဘူး။ ကျွန်မတို့ ထောက်ပံ့ပေးနိုင်တယ်။ ဒါပေမယ့် အခြေအနေတစ်ခုတော့ရှိတယ်။ ရှင်အင်မော်တယ်လောကကို ရောက်လာတဲ့အခါ ကျွန်မတို့အတွက် ကောင်းကင်သုံးပါး နတ်ဆေးပင်ကို စိုက်ပျိုးပေးရမယ်။”
ကောင်းကင်နတ်သမီးသုံးပါးက ပြောလိုက်ပါသည်။
"ရပါတယ်။”
ကောင်းကင်နတ်သမီးသုံးပါး ဘာကြောင့် အင်မော်တယ်ယွမ်ကိုမလိုချင်တာလဲ မသိသော်လည်း သူချက်ချင်း သဘောတူလိုက်ပါသည်။
ကောင်းကင်သုံးပါး နတ်ဆေးပင်က ဘာလဲ ဆိုတာကိုတော့ သူ မေးမကြည့်တော့ပါ။