အစီအစဉ်သစ်
Vol. 21 Ch. 315
ကောင်းကင်နတ်သမီးသုံးပါးတို့က အလွန် တော်ကြသည်။ ရက်အနည်းငယ်ကြာသောအခါ သူတို့ ယဲ့ရှောင်ချန်းအား ပြီးပြည့်စုံသည့် ဓာတ်အခင်းအကျင်းတစ်ခုကို ပေးခဲ့ပါသည်။ ထိုဓာတ်အခင်းအကျင်းက ကွန်ပျူတာတစ်လုံး၏ မားသားဘုတ်နှင့် တူညီပြီး အင်မော်တယ် အခင်းအကျင်း၏ ဗဟိုချက်ဖြစ်သည်။
ဓာတ်အခင်းအကျင်းအပြင် တခြား အခင်းအကျင်း ပုံစံကွက် ကုန်ကြမ်းများစွာလည်းရှိပါသည်။
ယဲ့ရှောင်ချန်း ထိုအရာများကို ပြင်ဆင်ရသည်။
ထို့အပြင် ကောင်းကင်နတ်သမီးသုံးပါးက သူ့ကို အင်မော်တယ် အခင်းအကျင်းပြင်ဆင်ဖို့အတွက် အညွှန်းအစအဆုံး ပေးခဲ့ပါသည်။
ဒါတွေနဲ့သာဆို ယဲ့ရှောင်ချန်း အင်မော်တယ် အခင်းအကျင်းကို စီမံနိုင်ပါပြီ။
ယဲ့ရှောင်ချန်း လိုအပ်သည့် ပစ္စည်းများကို စတိုးဆိုင်တွင် သွားဝယ်သောအခါ အံ့အားသင့်သွားခဲ့ရပါသည်။ ထောက်ကူကုန်ကြမ်းပစ္စည်းများနဲ့တင် အင်မော်တယ်ယွမ် ၁၀ သန်းလောက် ကုန်ကျနေပါပြီ။
အင်မော်တယ် အခင်းအကျင်းတွင် ဓာတ်အခင်းအကျင်းက အရေးပါဆုံး အရာဖြစ်၏။ အင်မော်တယ်ယွမ် သန်းဆယ်ချီမကုန်ဘဲ မဝယ်နိုင်ပါ။
မတတ်နိုင်ပေ။ အဆင့် ၅ အင်မော်တယ် မြေကွက်မှ အဆင့် ၆ အင်မော်တယ်မြေကွက်သို့ အဆင့်မြှင့်တင်ရန် လိုအပ်သည့် အင်မော်တယ် အခင်းအကျင်းအဆင့်မှာ မြင့်မားလွန်းပါသည်။
ကောင်းကင်နတ်သမီးသုံးပါးအပေါ် ယဲ့ရှောင်ချန်း ကျေးဇူးကြွေးတင်သွားပြီထင်သည်။
အင်မော်တယ်ယွမ်နည်းပါးမှုကြောင့် ယဲ့ရှောင်ချန်း ရက်အနည်းငယ်လောက် စောင့်လိုက်ပြီး လေလံပွဲတစ်ခုကျင်းပကာ အင်မော်တယ်ယွမ်လုံလုံလောက်လောက်စုဆောင်းပြီး ကုန်ကြမ်းများကို ဝယ်ယူခဲ့ပါသည်။
ဒီလိုနဲ့ ယဲ့ရှောင်ချန်း ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင် အင်မော်တယ် အခင်းအကျင်းကို စတင် စီမံတော့သည်။
အင်မော်တယ် အခင်းအကျင်းက ကြီးမားလွန်းသဖြင့် ရက်အနည်းငယ် အချိန်ယူခဲ့ရပါသည်။
တခြားသူများ၏ အကူအညီလည်း ပါ၏။
နောက်ဆုံးမှာတော့ ယဲ့ရှောင်ချန်း အင်မော်တယ် ကျောက်များကို ဓာတ်အခင်းအကျင်းပေါ်တွင် တစ်ခုချင်း တင်ကာ ဂါထာတစ်ခုဖြင့် ဖွင့်လိုက်ပါသည်။
ဂျီးးး
မမြင်ရသည့် အင်အားတစ်ခုက ဓာတ်အခင်းအကျင်းထဲမှ ထွက်လာပြီး အရပ်မျက်နှာပေါင်းစုံသို့ ပျံ့နှံ့သွားခဲ့သည်။
ရုတ်ခြည်းဆိုသလို အခင်းအကျင်း အခြေခံအုတ်မြစ်အားလုံး ပွင့်သွားပြီး ဆက်သွယ်သွားကြကာ ပြီးပြည့်စုံသည့် အင်မော်တယ် အခင်းအကျင်းကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါသည်။
အင်မော်တယ် အခင်းအကျင်းတစ်ခုဖြစ်သောကြောင့် ကောင်းကင်ဘုံလှိုဏ်ဂူထဲက အင်မော်တယ်ချီက လိုအပ်ချက်ကို မပြည့်မှီနိုင်ပါ။ ထို့ကြောင့် အင်မော်တယ် အခင်းအကျင်းကို လည်ပတ်စေဖို့ အင်မော်တယ် ကျောက်များကို လိုအပ်ခြင်းဖြစ်ပါသည်။
ကုန်ကျစရိတ်များလှပါသည်။
ကံကောင်းစွာဖြင့် အင်မော်တယ်အပင်များ၏ အထွက်နှုန်းက များပြားပြီး အရည်အသွေးကလည်း ကောင်းမွန်နေသည်။ မဟုတ်ပါက ယဲ့ရှောင်ချန်း တတ်နိုင်မည် မဟုတ်ပေ။
အင်မော်တယ် အခင်းအကျင်းအား ဖွင့်ပြီးနောက် ယဲ့ရှောင်ချန်း သူ့အချိန်အများစုကို အင်မော်တယ်မြေသား ပြောင်းလဲမှုကို လေ့လာဖို့အတွက် အင်မော်တယ် မြေကွက်တွင်သာ ကုန်ဆုံးခဲ့ပါသည်။
အင်မော်တယ် အခင်းအကျင်းကို စီမံဖို့ မလုံလောက်သဖြင့် တခြားနည်းလမ်းများကိုလည်း အသုံးပြုခဲ့ရသည်။ ဥပမာအားဖြင့် အင်မော်တယ် မြေသြဇာ များစွာကို ဝယ်ယူပြီး အင်မော်တယ် မြေကွက်တွင် အထူးနည်းလမ်းတစ်ခုဖြင့် ဖြန်းခဲ့ပါသည်။ ထို့နောက် မြေသြဇာ ဂါထာအစွမ်းတစ်ခုကို သုံးခဲ့ပါသည်။
အတိုချုံးပြောရလျှင် ဒီလိုအင်မော်တယ် မြေကွက် အဆင့်မြှင့်တင်နည်းက အလွန်ရှုပ်ထွေးပြီး အချိန်ကုန်ပါသည်။
ဒီလိုနဲ့ လဝက်လောက် ကုန်ဆုံးသွားခဲ့ပါသည်။
အင်မော်တယ် မြေကွက်၏ အဆင့်မြှင့်တင်မှု လက္ခဏာများ နောက်ဆုံးတော့ ပြသလာခဲ့ပြီ ဖြစ်ပါသည်။
တစ်ချိန်တည်းမှာပဲ မိုးကြိုးမုန်တိုင်း တောင်ကြားထဲတွင် ပျိုးထောင်ထားသည့် မိစ္ဆာအပင်များကလည်း များစွာ တိုးတက်လာခဲ့ပါသည်။ သို့သော် ရွှေဗဟိုအဆင့်ကို ရောက်နိုင်ဖို့အတွက် အများကြီး လိုပါသေးသည်။
သေမျိုးလောကနှင့် ကျင့်ကြံခြင်းလောကတို့၏ တိုက်ပွဲကလည်း သရေပွဲဖြစ်နေဆဲဖြစ်ပါသည်။
ယခု တရုတ်နိုင်ငံ၏ စစ်တပ်များက နယ်မြေကျယ်ကြီးတစ်ခုကို သိမ်းပိုက်ပြီး မရေမတွက်နိုင်သော ခံစစ်များကို အခိုင်အမာ တည်ဆောက်နေကြပြီ ဖြစ်သည်။
အင်မော်တယ် ကျင့်ကြံခြင်းလောကကလည်း မကြာခဏ အသေးစား တိုက်ခိုက်မှုများ ဆောင်ရွက်ကြပြီး သူတို့အကြား ထိခိုက်သေဆုံးမှုများလည်း ရှိနေပါသည်။
သို့သော်လည်း ထိုအချိန်တွင် နည်းပညာစွမ်းအား၏ အားသာချက်ပေါ်လာခဲ့သည်။
ချီစွမ်းအင်သန့်စင်ခြင်း အဆင့်ရှိ ကျင့်ကြံသူတစ်ယောက်ကို ကျင့်ကြံဖို့ အနည်းဆုံး ၁၀ နှစ်လောက် လိုအပ်သည်။ အဆင့်မြင့်လေလေ အချိန်ပိုကြာလေလေဖြစ်သည်။ ရွှေဗဟိုအဆင့်ဆိုရင် နှစ်ဆယ်ပေါင်းများစွာ သို့မဟုတ် ရာစုနှစ်များစွာ ကြာနိုင်ပါသည်။
သို့သော်လည်း ခေတ်မှီစစ်တပ်များကိုတော့ အချိန်တိုအတွင်း ထုတ်လုပ်နိုင်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ခေတ်မှီစစ်တပ်များက လက်နက်များနှင့် ထောက်ပံ့ရေးများကို အဓိက အားထားကြသောကြောင့် ဖြစ်ပါသည်။ အဆုံးမရှိသော လက်နက်များ ရှိနေသရွေ့ သူတို့၏ တပ်အင်အားများကို ဆက်တိုက် တိုးမြှင့်နိုင်ပါသည်။
ရှည်ကြာလှသော စစ်ပွဲကြီးတွင် အင်မော်တယ် ကျင့်ကြံခြင်းလောကက ပိုပိုပြီး အားနည်းလာလိမ့်မည်ဟု ဆိုနိုင်ပါသည်။
ဒီလိုစဥ်းစားပြီးနောက် တရုတ် အစိုးရက တဖြည်းဖြည်းနဲ့ စျေးကွက်ထဲတွင် လွှမ်းမိုးလာခဲ့ပါသည်။
နောက်ရက်များတွင် ယဲ့ရှောင်ချန်း သီးခြားနေခဲ့သည်။ သုတေသနအဖွဲ့အစည်းကိုသာ တစ်ခါတစ်လေ သွားတတ်၏။
ထို့အပြင် စစ်တပ်လိုအပ်သည့် ဓာတ်ရောင်ခြည် ဖယ်ရှား စူပါအပင်များကိုလည်း ပေးအပ်ခဲ့ပြီးပြီ ဖြစ်သည်။
ဒီနေ့ ယဲ့ရှောင်ချန်း အိပ်ပျော်သွားပြီး အိပ်မက်ထဲ ထပ်မံရောက်ရှိသွားပြန်သည်။
တောင်ကြားထဲတွင် အုတ်ဂူကြီး ခြောက်လုံးက မားမားမတ်မတ် ရှိနေ၏။
အုတ်ဂူကြီးများ၏ နောက်ဘက်က အုတ်ဂူတစ်လုံးတည်းသာ လွတ်နေပါသည်။
အဘိုးကြီး ရှိနေဆဲဖြစ်၏။
"ရောက်လာပြီပဲ။”
အဘိုးကြီးက သူ့ကို ဦးစွာ နှုတ်ဆက်လိုက်ပါသည်။
"မင်္ဂလာပါ အဘိုး။”
ယဲ့ရှောင်ချန်းက ဒီအဘိုးကြီး၏ ဇာစ်မြစ်ကို မသိသော်လည်း သူက သာမန်ထက်ထူးကဲသည့်လူ ဖြစ်တာကိုတော့ သိပါသည်။
"မင်းရဲ့ အုတ်ဂူနဲ့ အခေါင်းကို သဘောကျရဲ့လား။”
အဘိုးကြီး၏ စကားကြောင့် ယဲ့ရှောင်ချန်း သတိလစ်ချင်သွားပါသည်။
'လခွမ်း ခင်ဗျား ကျွန်တော့်ရဲ့ အုတ်ဂူနဲ့ အခေါင်းကို ကြည့်ခိုင်းနေတာလား။ ကျွန်တော့အသက် ဘယ်လောက်ရှိသေးလို့လဲ'
'ပြီးတော့လည်း ကျွန်တော်က အနာဂတ်မှာ အင်မော်တယ် ဖြစ်လာမယ့် အင်မော်တယ်ကျင့်ကြံသူပဲ။ ကျွန်တော့်ကို အုတ်ဂူနဲ့ အခေါင်းလာကြည့်ခိုင်းနေတာလား။ စောစော သေအောင် ကျိန်စာလာတိုက်နေတာလား'
"အဟမ်း အဘိုး အဲ့အကြောင်း မေ့ထားလိုက်ရအောင်။ ခင်ဗျားနာမည်ကို မမေးရသေးဘူးနော်။”
ယဲ့ရှောင်ချန်းက ခြောက်ကပ်ကပ် ချောင်းဆိုးလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်ပါသည်။
"ဒီအဘိုးကြီးရဲ့ နာမည်လား။ ဟားဟား ငါမေ့သွားတာ ကြာပါပြီ။ ငါ့ကို အမည်မဲ့ အုတ်ဂူတည်ဆောက်သူလို့ပဲ မှတ်ထားလိုက်ပေါ့။”
အဘိုးကြီးက ရယ်မောလိုက်ပါသည်။
"ဒီအုတ်ဂူတွေကို အဘိုး ဆောက်ထားတာလား။”
ယဲ့ရှောင်ချန်းက စိတ်ဝင်စားစွာ မေးလိုက်ပါသည်။
"ဒါပေါ့ကွ။ တကယ်တော့ မင်းတို့ ရှန်းနုန် မျိုးဆက်တွေအတွက်ပဲ မဟုတ်ဘူး တခြား နတ်ဘုရားမျိုးဆက်တွေအတွက်ပါ အုတ်ဂူတွေ ဆောက်ဖူးတယ်။ ငါမင်းကို ပြောပြမယ်။ နတ်ဘုရားမျိုးဆက်တစ်ခုစီရဲ့ အုတ်ဂူတိုင်းက အရမ်းထူးခြားတယ်။ ဥပမာအားဖြင့် မင်းတို့ရှန်းနုန် မျိုးရိုးက စိုက်ပျိုးရေးလုပ်ဖို့အတွက် မွေးဖွားလာကြတာ။ အဲ့တော့ နတ်ဘုရားမျိုးဆက်ရဲ့ အုတ်ဂူတွေက...။”
အဘိုးကြီးက စကားအလွန်များပြီး မရပ်တန့်တော့ပါ။
"အင်းပါ အင်းပါ အဘိုး ကျွန်တော်ဘာလို့ ဒီရောက်နေတာလဲ မေးလို့ရမလား။”
ယဲ့ရှောင်ချန်း သည်းမခံနိုင်ဘဲ စကားကို ဖြတ်ပြောလိုက်ပါသည်။
"အဲ့တာ ဘာထူးဆန်းလို့လဲ။ မကြာခင် မင်း အပြည့်အဝ ဉာဏ်အလင်းပွင့်တော့မယ်လို့ ဆိုလိုတာပေါ့ကွ။ ဟူးး ကောင်လေး ငါမင်းကို သတိပေးမယ်။ အင်မော်တယ် တစ်ပါး ဖြစ်လာရတာက ခက်ခဲတယ်။ နတ်ဘုရားတစ်ပါးဖြစ်လာဖို့က ပိုလို့တောင် ခက်ခဲသေးတယ်။ အင်မော်တယ်တွေမှာ သူတို့အခက်အခဲနဲ့ သူတို့ရှိကြတယ်။ နတ်ဘုရားတွေမှာလည်း ဆင်းရဲဒုက္ခရှိတတ်ကြတာပဲ။ ရိုးရိုးသားသား ဝန်ခံရရင် ငါနောက်ထပ် နတ်ဘုရားမျိုးဆက် အုတ်ဂူတစ်လုံး မဆောက်ချင်တော့ဘူးကွ။”
အဘိုးကြီးက ယဲ့ရှောင်ချန်းကို ကြည့်ကာ ထူးဆန်းသည့် စကားတချို့ ပြောသွားပြီး လှည့်ထွက်သွားတော့သည်။
ယဲ့ရှောင်ချန်း ကြက်သေသေကာ ကျန်ရစ်ခဲ့ရသည်။
အချိန်ဘယ်လောက်ကြာသွားမှန်း မသိလိုက်။ ယဲ့ရှောင်ချန်း ရုတ်တရက် နိုးလာခဲ့ပါသည်။
"အဲ့ဒီအဘိုးကြီး ဘာကိုဆိုလိုတာလဲ။”
ယဲ့ရှောင်ချန်း တစ်ယောက်တည်း ရေရွတ်လိုက်၏။
အရုဏ်တက်ခါနီးနေပါပြီ။
ဘေးမှာ ဘယ်သူမှ မရှိကြောင်း မြင်လိုက်ရသဖြင့် ချက်ချင်း အဝတ်အစားဝတ်လိုက်သည်။
တစ်လကျော် ကြာသောအခါ။
ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင်။
ယဲ့ရှောင်ချန်း ခပ်ဖျော့ဖျော့ ခရမ်းရောင်လင်းနေသည့် အင်မော်တယ် မြေကွက်ကို ကြည့်လိုက်ပြီး ပြုံးလိုက်ပါသည်။
အင်မော်တယ်မြေကွက် နောက်ဆုံးတော့ အဆင့် ၅ မှ အဆင့် ၆ တက်သွားခဲ့ပါပြီ။
အမှန်ပင်။ ကုန်ကျစရိတ်ကတော့ မတော်မတရား များပြားလွန်းသည်။
အင်မော်တယ် အခင်းအကျင်းအတွက် စွမ်းအင်ကို ထောက်ပံ့ပေးဖို့အတွက် အင်မော်တယ်ကျောက်များစွာ ကုန်ခဲ့သည်။
ဒီအချိန်တိုတောအတွင်း ရိတ်သိမ်းခဲ့ရသည့် အင်မော်တယ်အပင်များကို အင်မော်တယ်ကျောက်များနဲ့ အချိန်စီးနှုန်း တိုးမြှင့်ဖို့အတွက် သုံးခဲ့ရပါသည်။
စိုက်ပျိုးရေးခြံတွင် အချိန်စီးနှုန်းက အဆ ၈၀ ရောက်သွားပြီ ဖြစ်ကြောင်း သူသိလိုက်ပါသည်။
အပြင်ဘက်ကမ္ဘာတွင် တစ်လကျော်က စိုက်ပျိုးရေးခြံတွင် တစ်နှစ်ကျော်နှင့် ညီမျှသည်။
သို့သော်လည်း ယဲ့ရှောင်ချန်းက အင်မော်တယ် အခင်းအကျင်းကို ပြီးပြည့်စုံအောင် အဆင့်မမြှင့်တင်ရသေးပါ။ အင်မော်တယ် လယ်ကွက်များကို ဆက်လက်အဆင့်မြှင့်တင်ရဦးမည်ဖြစ်သောကြောင့် ဖြစ်ပါသည်။
အမှန်ပင်။ အင်မော်တယ် မြေကွက်ကို အဆင့် ၆ မှ အဆင့် ၇ အထိမြှင့်တင်ဖို့ အင်မော်တယ် အခင်းအကျင်းတွင် ပြောင်းလဲမှုတချို့ လုပ်ရပါမည်။
မျက်စိတစ်မှိတ်အချိန်အတွင်း တစ်နှစ် ကုန်ဆုံးသွားခဲ့သည်။ သို့သော် ကောင်းကင်ဘုံလှိုဏ်ဂူထဲမှာတော့ နှစ် ၂၀ နီးပါး ကုန်ဆုံးသွားပါပြီ။
မိစ္ဆာအပင်များ ပျိုးထောင်မှုလည်း နောက်ဆုံးတော့ ပြီးမြောက်သွားခဲ့ပါပြီ။
ရွှေဗဟိုအဆင့် ၁ မိစ္ဆာအပင်များကို ပြီးပြည့်စုံစွာ ပျိုးထောင်နိုင်ပါပြီ။
သို့သော်လည်း ကုန်ကျစရိတ်က အနည်းငယ် မြင့်လွန်းနေပါသည်။
အဘယ့်ကြောင့်ဆိုသော် ရွှေဗဟိုအဆင့် မိစ္ဆာအပင်များကို ပျိုးထောင်ဖို့အတွက် ယဲ့ရှောင်ချန်း အင်မော်တယ်ကျောက်များကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုခဲ့ရသောကြောင့်ဖြစ်သည်။
ထိုအချိန်တွင် အင်မော်တယ် ကျင့်ကြံခြင်းလောကမှ အခြေအနေကလည်း အလွန်လျင်မြန်စွာ ပြောင်းလဲနေပါသည်။ ယခင် နှစ်တုန်းက စစ်ပွဲများ တစ်ခုပြီးတစ်ခု ဖြစ်ပွားကာ တရုတ်နိုင်ငံ၏ ခံတပ်လည်း ပျက်စီးလုနီးပါး အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါသည်။
သို့သော်လည်း တရုတ်နိုင်ငံက အလွန် အားကောင်း၏။ အရင်တစ်ခေါက်တုန်းက နျူးကလီးယား ဗုံးတစ်လုံးကို လွှတ်တင်လိုက်ပြီး အင်မော်တယ် ကျင့်ကြံခြင်းလောကမှ အခြေတည် စိတ်ဝိညာဥ် ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ ၁၀ ယောက်ကျော်ကို သေဆုံးသွားစေခဲ့ပါသည်။
အင်မော်တယ် ကျင့်ကြံခြင်းလောကမှ ကြောက်စရာ ကောင်းလှသောာ နျူးကလီးယား ဓာတ်ရောင်ခြည်မှာ သေဆုံးခြင်း ဇုန်ကြီးတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
တရုတ်နိုင်ငံ၏ အကြံကြီးမှုကြောင့် ယဲ့ရှောင်ချန်း အံအားသင့်ခဲ့ရပါသည်။ အဘယ့်ကြောင့်ဆိုသော် အတွင်းလူပေးသော သတင်းအရ တရုတ်နိုင်ငံက အစီအစဥ်သစ်တစ်ခုကို ရေးဆွဲခဲ့သည်။ အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် နျူးကလီးယား စစ်ပွဲကြီးတစ်ခု ဆင်နွှဲကာ အင်မော်တယ် ကျင့်ကြံစစ်တပ်များကို ရှင်းလင်းပြီး အုပ်ချုပ်ဖို့ ဖြစ်ပါသည်။
ဘာပဲဖြစ် တရုတ်နိုင်ငံတွင် နျူးကလီးယား ဓာတ်ရောင်ခြည်ကို ရှင်းလင်းနိုင်သည့် စူပါအပင်များ ရှိနေပြီဖြစ်ပြီး နူးကလီးယား ဓာတ်ရောင်ခြည်ကို ခုခံနိုင်စွမ်းရှိသည့် စူပါ အပင်များပါ ရှိနေပါပြီ။
ထိုအချက်နှစ်ချက်ကြောင့် တရုတ်နိုင်ငံ အလွန် ယုံကြည်ချက်ပြည့်ဝနေရခြင်းဖြစ်သည်။
နျူးကလီးယားဗုံးများကို အသုံးပြုပြီး အင်မော်တယ် ကျင့်ကြံခြင်းလောကကို ရှင်းလင်းပါက အများဆုံး ၁၀ နှစ်အတွင်း အင်မော်တယ် ကျင့်ကြံခြင်းလောကကို သူတို့ သိမ်းပိုက်နိုင်ပါလိမ့်မည်။
အစီအစဥ်က အလွန်ဖြစ်နိုင်ခြေရှိသည်။
အနည်းငယ်သာ...
သို့သော်လည်း ကြီးကြီးမားမား အကျိုးခံစားခွင့်များ၏ မက်လုံးနှင့် ရင်ဆိုင်လာရသောအခါ ဒီလို စတေးမှုမျိုးက ဘာမှမဟုတ်တာကို ယဲ့ရှောင်ချန်း သိထားပါသည်။