တက်လှမ်းခြင်း
Vol. 21 Ch. 316-Final
၂၀၂၈ ခုနှစ်က သာမန်ထက် ထူးကဲသော နှစ်ဖြစ်ခဲ့ပါသည်။
ရှန်းနုန်လုပ်ငန်း မဟာမိတ်က ကမ္ဘာကြီး၏ စိုက်ပျိုးရေးလုပ်ငန်းကို သိမ်းပိုက်နိုင်ခဲ့ပြီ။
ကမ္ဘာကြီး၏ စိုက်ပျိုးရေးမျိုးစေ့ ၉၉ ရာခိုင်နှုန်းကို ရှန်းနုန်လုပ်ငန်း မဟာမိတ်က ထောက်ပံ့ပေးထားပါသည်။
ပန်းနှင့် အလှဆင်အပင် ၉၀ ရာခိုင်နှုန်းကျော်ကို ရှန်းနုန်လုပ်ငန်း မဟာမိတ်က ထောက်ပံ့ပေးထားသည်။
ဆေးပင် မျိုးစုံ၏ ၉၀ ရာခိုင်နှုန်းကျော်ကို ရှန်းနုန်လုပ်ငန်း မဟာမိတ်က ထောက်ပံ့ပေးထားသည်။
ရှန်းနုန်လုပ်ငန်းမဟာမိတ်မှ ထောက်ပံ့ပေးထားသည့် စူပါအပင်မျိုးစုံက ကမ္ဘာတစ်ဝှမ်းလုံးတွင် ပျံ့နှံ့သွားပြီး ပြိုင်ဘက်ကင်း ကဏ္ဍတစ်ခု ဖြစ်လာခဲ့ပါသည်။
ရှန်းနုန်လုပ်ငန်းမဟာမိတ်က ထိန်းချုပ်ထားသည့် အာဖရိကမှ ဆာဟာရကန္တာရ အသွင်ပြောင်းခြင်း ပရောဂျက်မှာလည်း ၅ နှစ်ကြာသောအခါ လုံးဝ အသွင်ပြောင်းလဲသွားခဲ့ပါပြီ။ နေထိုင်လို့ မရသည့် ပတ်ဝန်းကျင်နှင့် ကန္တာရတစ်ခုမှ စိမ်းစိုသည့် မြက်ခင်းနယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
ရှန်းနုန်လုပ်ငန်းမဟာမိတ်၏ ဖွံ့ဖြိုးတိုးတက်မှုကို အမေရိကန်နှင့် ဥရောပ အဖွဲ့အစည်းများမှ ဦးဆောင်သော နိုင်ငံတော်များက ပိတ်ပင်တားဆီးခဲ့ကြပါသည်။
သူတို့ ထပ်ခါထပ်ခါပင် အရေးယူခဲ့ကြသည်။ သို့သော်လည်း ရှန်းနုန်လုပ်ငန်းမဟာမိတ်က စီးပွားရေး တိုက်ပွဲနှင့် စိုက်ပျိုးရေးထုတ်ကုန်များ၏ စျေးကွက်တိုက်ပွဲများတွင် အံ့အားသင့်ဖို့ကောင်းသော အောင်မြင်မှုများ ရရှိခဲ့ပါသည်။
အမှန်ပင်။ လုပ်ငန်းမဟာမိတ်တစ်ခုက ဘယ်လောက်ပဲ စွမ်းအားကြီးနေပါစေ ဥရောပနှင့် အမေရိကန်တစ်ခုလုံးကို တိုက်ခိုက်ဖို့က သေချာပေါက် မဖြစ်နိုင်ပါ။
သို့သော်လည်း တရုတ်နိုင်ငံက အင်မော်တယ် ကျင့်ကြံခြင်းလောကထဲက အခြေအနေကို ဖွင့်ချ ပြသခဲ့သည်။ အရှေ့ပိုင်းတာအိုပိုင်နက်မှ အင်မော်တယ် ကျင့်ကြံတပ်ဖွဲ့များကို နျူးကလီးယားဗုံး အသုံးပြုကာ ဖယ်ရှားခဲ့ပြီး အဆုံးမဲ့ နယ်မြေများကို သိမ်းပိုက်နိုင်ခဲ့ပါသည်။
အာရှတိုက်အရွယ်အစားလောက်ရှိသည့် ထိုကုန်းမြေတိုက်ကြီးမှာ တရုတ်နိုင်ငံအတွက် အရင်းအမြစ် များပြားလွန်းနေပါသည်။
ဒိလိုနဲ့ အင်မော်တယ် ကျင့်ကြံခြင်းလောကထဲက အရှေ့ပိုင်းတာအိုပိုင်နက်၏ ဧရာမ အရင်းအမြစ်များကြောင့် တရုတ်နိုင်ငံ၏ ခွန်အားမှာ ဆက်တိုက်ဆိုသလို တိုးမြင့်နေခဲ့ပါသည်။
ယဲ့ရှောင်ချန်း စစ်တပ်နှင့်ပူးပေါင်းပြီး ဆောင်ရွက်ခဲ့သည့် စူပါအပင်ပရောဂျက်ပေါင်းစုံကလည်း စစ်တပ်၏ လက်နက်ကိရိယာ အဆင့်ကို မြင့်တက်သွားစေခဲ့ပါသည်။
အင်မော်တယ် ကျင့်ကြံခြင်းလောကနှင့် တိုက်ခိုက်ရာတွင် စစ်တပ် အသာစီးရခဲ့ခြင်းက ယဲ့ရှောင်ချန်း ပျိုးထောင်ပေးထားသော စူပါအပင်များကြောင့်သာ ဖြစ်သည်။
ဒီလိုနဲ့ ၁၀ နှစ်အတွင်းမှာ တရုတ်နိုင်ငံ၏ ခွန်အား တဟုန်ထိုး မြင့်တက်လာခဲ့ပြီး အမေရိကန်အား ယှဥ်ပြိုင်နိုင်ဖို့ အရည်အချင်း ပြည့်မှီသွားခဲ့ပါပြီ။
ရှန်းနုန်လုပ်ငန်းမဟာမိတ် အနိုင်ရရှိခဲ့ရသည့် အဓိက အကြောင်းအရင်းက တရုတ်နိုင်ငံ၏ အားကောင်းသော ထောက်ပံ့ပေးမှုကြောင့် ဖြစ်သည်။
နောက်ဆုံးတွင် အမေရိကန်က စစ်ခြိမ်းခြောက်မှုတစ်ခုပင် ထုတ်ပြန်ခဲ့သည်။
အားနည်းသည်ဟု အမြဲတမ်း သိထားခဲ့ကြသည့် တရုတ်အစိုးရမှာ မကြုံစဖူး စွမ်အားကြီးမားလာခဲ့ပါသည်။
တစ်ကမ္ဘာလုံးကို လွှမ်းမိုးသွားနိုင်သည့် စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလုနီးပါး ဖြစ်ခဲ့သည်။
သိုသော်လည်း ဒီတစ်ခေါက်တော့ ကမ္ဘာကြီးက တရုတ်နိုင်ငံ၏ စွမ်းအား အစစ်ကို မြင်ခဲ့ကြရပါသည်။
လေယာဥ်တင် သင်္ဘောတပ် စုစုပေါင်း ၁၅ တပ် ရှိခဲ့သည်။
ကမ္ဘာတစ်ဝှမ်းလုံးက နိုင်ငံတော်များ အသေကြောက်ရွံ့သွားခဲ့ကြပါသည်။
အပြင်ပိုင်းမှာတော့ တရုတ်နိုင်ငံတွင် လေယာဥ်တင် သင်္ဘောတပ် ၂ တပ်သာ ရှိသည်။
ဘာလို့ ၁၅ တပ် ဖြစ်လာခဲ့တာလဲ။
အမေရိကန်မှာတောင် ၁၂ တပ်ပဲ ရှိတာလေ။
လေယာဥ်တင် သင်္ဘောတပ် တစ်တပ် တည်ဆောက်ခြင်းက တည်ဆောက်နိုင်သလား မဆောက်နိုင်သလားဆိုတာလောက် မရိုးရှင်းပါ။ ပိုအရေးကြီးတာက ထောက်ပံ့ပေးနိုင်သလား ဆိုခြင်းသာ ဖြစ်ပါသည်။ လေယာဥ်တင် သင်္ဘောတပ်တိုင်းက အလွန်များပြားသည့် ရန်ပုံငွေပမာဏကို လိုအပ်သည်။
ကမ္ဘာ့နံပါတ်တစ် နိုင်ငံတော်ဖြစ်သော အမေရိကန် နိုင်ငံမှာတောင် ၁၂ တပ်ပဲ တည််ဆောက်နိုင်သည်။ မဟုတ်ပါက သူတို့ ရန်ပုံငွေ နည်းပါးသွားလိမ့်မည်။
တရုတ်နိုင်ငံက ဘာမှမထုတ်ပြန်ဘဲ ၁၅ တပ် ရှိနေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။
တရုတ်နိုင်ငံ ဘာကြောင့် ဒီလောက် ချမ်းသာလာရသလဲ သူတို့ မသိကြတော့ပါ။
သူတို့ ချမ်းသာကြမှာပေါ့။
အရှေ့ပိုင်းတာအိုနယ်မြေမှာ သူတို့ ကိုလိုနီအသစ်တစ်ခု ရှိသည်။ အာရှတိုက်တစ်တိုက်စာ အရွယ်အစားနှင့် ညီမျှ၏။ တရုတ်နိုင်ငံ တည်ဆောက်ရေးအတွက် အရင်းအမြစ်ပမာဏများစွာကိုလည်း ဆက်တိုက် ထောက်ပံ့ပေးနေ၏။
ထို့ကြောင့် တရုတ်နိုင်ငံက ယုံကြည်ချက် ပြည့်ဝနေခြင်း ဖြစ်ပါသည်။
ထို့ကြောင့် ကမ္ဘာစစ်ဖြစ်လာလည်း ဘာဖြစ်လဲ။ ကျင့်ကြံခြင်းလောကကို သူတို့၏ ထောက်ပံ့ရေးခံတပ်အဖြစ် ရရှိထားသရွေ့ ကမ္ဘာတစ်ဝှမ်းလုံးနဲ့ ရင်ဆိုင်ဖို့ တရုတ်နိုင်ငံတွင် ယုံကြည်ချက် ရှိနေပါသည်။
သူတို့ နျူးကလီးယား စစ်ပွဲ ဆင်နွှဲဖို့ပင် မကြောက်ကြတော့ပါ။
ဒီလို လုပ်ရပ်မျိုးကြောင့်ပဲ ဥရောပနှင့် အမေရိကတို့ ထိတ်လန့်သွားရခြင်း ဖြစ်ပါသည်။ ဒီလိုနဲ့ ရှန်းနုန်လုပ်ငန်းမဟာမိတ်က ကမ္ဘာကြီး၏ စိုက်ပျိုးရေး လုပ်ငန်းတစ်ခုလုံးကို အုပ်ချုပ်နိုင်ခဲ့ပါသည်။
အစားအစာက အခြေခံအုတ်မြစ် ဖြစ်သည်။
စိုက်ပျိုးရေးလုပ်ငန်း အားသာချက်များကြောင့် တရုတ်နိုင်ငံ၏ ကမ္ဘာကြီးထဲက အဆင့်မှာ မိုးထိုးမြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ ယခု တရုတ်နိုင်ငံမှာ အမေရိကန်နှင့် အဆင့်တူညီသည်ဟုပင် စာရင်းသွင်းခံနေရပါပြီ။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ယဲ့ရှောင်ချန်း၏ စိုက်ပျိုးရေးခြံက ပိုပိုပြီး ကြီးလာခဲ့ပြီး အင်မော်တယ် မြေကွက်များကိုလည်း ပိုပိုပြီး စိုက်ပျိုးခဲ့ပါသည်။
ယခု စိုက်ပျိုးရေးခြံက အချိန်စီးနှုန်းကို အဆ ၅၅ ဆလောက် တိုးမြှင့်ထားပြီဖြစ်သည်။
အပြင်လောကမှ ၁၀ နှစ်က စိုက်ပျိုးရေးခြံတွင် နှစ် ၄၀၀ ကျော်ဖြစ်နေပါပြီ။
အင်မော်တယ် မြေကွက်များလည်း အဆင့် ၉ ရောက်နေကြပါပြီ။
အဝါရောင်နှင့် အနက်ရောင်အဆင့် အင်မော်တယ်အပင်များအားလုံး အဆုံးစွန် အဆင့်ကို ရောက်နိုင်ကြပြီ။
ကမ္ဘာမြေအဆင့် အင်မော်တယ်အပင်များလည်း သာလွန်သည့် အဆင့်ကို ရောက်နိုင်ကြပါပြီ။
ကောင်းကင်ဘုံ အဆင့် အင်မော်တယ်အပင်များကိုသာ မတွေ့ရသေးပါ။ အလွန်ကြာမြင့်သောကြောင့် ဖြစ်သည်။
ထိုအချိန်တွင် ယဲ့ရှောင်ချန်း၏ ကျင့်ကြံခြင်းအဆင့်က အခြေတည် စိတ်ဝိညာဥ်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်. ခြေတစ်လှမ်းလောက် ထပ်လှမ်းလိုက်တာနဲ့ အင်မော်တယ်လောကသို့ တက်လှမ်းနိုင်ပြီး စိတ်ဝိညာဥ် တည်ဆောက်ခြင်း ကျင့်ကြံသူ ဖြစ်လာနိုင်ပါပြီ။
ဝိညာဥ်တည်ဆောက်ခြင်း ကျင့်ကြံသူများကို အင်မော်တယ်လောကတွင် အတုအယောင် အင်မော်တယ်များဟု ခေါ်ဆိုကြသည်။ ၎င်းတို့ကို ကမ္ဘာမြေ အင်မော်တယ်များ၊ လူသား အင်မော်တယ်များ၊ တစ်စွန်းတစ်စ အင်မော်တယ်များ စသည်ဖြင့်လည်း ခေါ်ဆိုတတ်ကြသည်။
အမှန်ပင်။ ဒီကျင့်ကြံခြင်းအဆင့်က အင်မော်တယ်လောကတွင် သေချာပေါက် အနိမ့်ဆုံး ဖြစ်သည်။
သို့သော်လည်း ယဲ့ရှောင်ချန်းက ရှန်းနုန် တစ်ယောက်ဖြစ်သည်။ ဒီဘွဲ့တစ်ခုတည်းနဲ့တင် အင်မော်တယ်လောကတွင် ရာထူးအဆင့်အတန်း မြင့်မြင့်ကို ရနိုင်ပါသည်။
လျန်ယူကျူးနှင့် တခြားသူများလည်း ခြွင်းချက်မရှိ အခြေတည် စိတ်ဝိညာဥ်အဆင့်သို့ ရောက်နေကြပါပြီ။
ဝမ်ရှင်းယီ၊ သူ့မိဘများနဲ့ သူ့ညီမတို့သာ ရွှေဗဟိုအဆင့်မှာပဲ ရှိနေကြသေးသည်။
မတတ်နိုင်ပေ။ သူတို့ရဲ့ ပါရမီကလည်း နည်းလွန်းတာကိုး။
ရွှေဗဟိုအဆင့်ထိ ရောက်လာအောင် ယဲ့ရောင်ချန်းက သူတို့ကို ကျင့်ကြံခြင်းအရင်းအမြစ်များဖြင့် ထောက်ပံ့ပေးခဲ့ရ၏။
ကောင်းကင်ဘုံလှိုဏ်ဂူ စိုက်ပျိုးရေးခြံတွင်။
ကောာင်းကင်ဘုံ လှိုဏ်ဂူကြီး တစ်ခုလုံးက အလွန်ကြီးမားပြီး ပြီးပြည့်စုံနေပါပြီ။
ဒီနှစ်တွေထဲ ယဲ့ရှောင်ချန်းက အင်မော်တယ်လောကသို့ အကြိမ်ပေါင်းများစွာ သွားခဲ့ပါသည်။
သူ အခြေတည် စိတ်ဝိညာဥ်အဆင့်ကို ရောက်ပြီးကတည်းက သူ ကျင့်ကြံဖို့ လိုအပ်သည့် အင်မော်တယ်ယွမ်ပမာဏက အနိမ့်ဆုံး ဖြစ်သွားခဲ့ပါသည်။ အဓိက အကြောင်းအရင်းကတော့ သူက သာမန် အခြေတည်အဆင့် ကျင့်ကြံသူလို မဟုတ်ဘဲ အတုအယောင် အင်မော်တယ်တစ်ပါးနဲ့ပင် လုံးဝ နှိုင်းယှဥ်နိုင်ပြီ ဖြစ်သောကြောင့် ဖြစ်ပါသည်။
ထိုအချိန် တစ်နှစ်လောက်အထိ အိပ်မက်ဆိုးများ မမက်တော့ပါ။
ပဉ္စမ ရှန်းနုန်မျိုးဆက် ချန်ထားပေးခဲ့သည့် အသိပညာအားလုံးလိုလိုကို စုပ်ယူပြီးပြီ ဖြစ်တာကြောင့်ဟု သူသိပါသည်။
အခု လက်ရှိ သူက အရည်အချင်းပြည့်မှီသော ရှန်းနုန်တစ်ယောက် ဖြစ်လာခဲ့ပါပြီ။
"ဒင် ဒင် မော်တယ်ရှန်းနုန် - အဓိကမစ်ရှင်ကို အောင်မြင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။ အင်မော်တယ်ယွမ် သန်း ၁၀၀၊ အင်မော်တယ်လောကသို့ တက်လှမ်းခွင့်၊ စစ်မှန်သော အင်မော်တယ် ကြမ္မာအဆင့်နဲ့ အင်မော်တယ်တို့အကြား အဆင့်မှီနိုင်ခွင့်တို့ကို ဆုလာဘ်အနေဖြင့် ချီးမြှင့်ခံလိုက်ရပါပြီ။”
ယဲ့ရှောင်ချန်းတစ်ယောက် ဝမ်ရှင်းယီနှင့်အတူ စိုက်ပျိုးရေးခြံတွင် လမ်းလျှောက်နေတုန်း ရှန်းနုန်စနစ်၏ အသံ ထွက်ပေါ်လာခဲ့ပါသည်။
ယဲ့ရှောင်ချန်း အနည်းငယ် တွန့်ဆုန်သွား၏။
"ဘာဖြစ်လို့လဲ ရှောင်ချန်း။”
ဝမ်ရှင်းယီက မေးလိုက်သည်။
"ရှင်းယီ ကိုတို့ ကမ္ဘာမြေပေါ်မှာ အကြာကြီး မနေရတော့ဘူးထင်တယ်။”
ယဲ့ရှောင်ချန်းက အသက်အရှည်ကြီး ရှူထုတ်လိုက်ပြီး ပြောလိုက်ပါသည်။
"ဘာဖြစ်လို့လဲဟင်။”
ဘာတွေဖြစ်နေသလဲ ဝမ်ရှင်းယီ မသိပါ။
"ကို အင်မော်တယ်လောကကို တက်လှမ်းရတော့မယ် ထင်တယ်။”
ယဲ့ရှောင်ချန်းက ပြောလိုက်၏။
"ဟင် ဒါဆို ကျွန်မတို့....။”
ဝမ်ရှင်းယီက အမြန်မေးလိုက်ပါသည်။
"စိတ်မပူပါနဲ့ ကို မင်းကို အင်မော်တယ်လောကဆီ ခေါ်သွားမှာပါ။”
လူတွေကို အင်မော်တယ်လောကသို့ ခေါ်လာနိုင်သည့် သီးခြား ကောင်းကင်ဘုံလှိုဏ်ဂူတစ်ခု သူ့မှာ ရှိသည်။
လူတစ်ယောက် တာအိုအသိပညာကို ရရှိသွားပါက သူ့ကြက်နဲ့ ခွေးတွေတောင် အင်မော်တယ်လောကသို့ တက်လှမ်းနိုင်ကြသည်ဟု ပြောလေ့ ပြောထ ရှိသည် မဟုတ်ပါလား။ မှန်ပါသည်။
"အချိန်တော့ နည်းနေပြီ။ ကို စီစဥ်စရာရှိတာ စီစဥ်မှ ဖြစ်တော့မယ်။”
ယဲ့ရှောင်ချန်းက နက်ရှိုင်းသော လေသံဖြင့် ပြောလိုက်ပါသည်။
အင်မော်တယ်လောကသို့ တက်လှမ်းရန် ကမ္ဘာမြေမှ ထွက်သွားသောအခါ ပြန်လာဖို့ အခွင့်အရေးရှိပါ့မလား သူ မသိပါ။
ထို့အပြင် အင်မော်တယ်လောကသို့ သူရောက်သောအခါ သေချာပေါက် ကြီးမားတာ တစ်ခုခုက သူ့ကို စောင့်မျှော်နေလိမ့်မည်ဟု သူ ခံစားမိပါသည်။
ဒီလိုနဲ့ နောက်ပိုင်းနေ့ရက်များတွင် ယဲ့ရှောင်ချန်း ကမ္ဘာမြေက ကိစ္စများကို စတင်ဖြေရှင်းရတော့သည်။
သူ့မှာ ဖြေရှင်းစရာ ကိစ္စတွေ အများကြီးရှိပါသည်။
ဆက်ဆံရေးတွေလည်း အများကြီးရှိ၏။
ဥပမာအားဖြင့် ဝမ်ရွှေရှန့်တို့မိသားစုလည်း ယဲ့ရှောင်ချန်း၏ ဦးဆောင်မှုအောက်တွင် ကျင့်ကြံခြင်း လမ်းစဥ်ကို လိုက်ခဲ့ပါသည်။ သူတို့ အခက်အခဲမရှိ ရွှေဗဟိုအဆင့်ကို တက်လှမ်းနိုင်သည်။
သို့သော် ဝမ်ရွှေရှန့်က သူတို့ ကမ္ဘာမြေပေါ်မှာပဲ ဆက်နေချင်သည်ဟု ရှင်းရှင်းလင်းလင်း ပြောခဲ့ပါသည်။
သူ့ညီမ ယဲ့ယင်နဲ့ ကောမော့ယွင်တို့လည်း ကမ္ဘာမြေပေါ်မှာပဲ နေချင်ကြသည်ဟု ဆိုသည်။
သူ့မိဘများကတော့ သူတို့သားနဲ့အတူ အင်မော်တယ်လောကကို လိုက်သွားလျှင် သူတို့သမီးနဲ့ မတွေ့ရတော့မှာ စိုးသဖြင့် အနည်းငယ် တွန့်ဆုတ်နေခဲ့ပါသည်။
သို့သော် ကမ္ဘာမြေပေါ်မှာ ဆက်နေပြန်ရင်လည်း သူတို့သားကို တွေ့ဖို့ ခက်ခဲသွားနိုင်ပါသည်။
တကယ်တော့ သူ့မိဘများကို အင်မော်တယ်လောကသို့ ခေါ်လာဖို့ သင့်တော်ပါ့မလား ယဲ့ရှောင်ချန်း မသိပေ။
အနာဂတ်ဘယ်လိုဖြစ်လာမလဲ သူ မသိသောကြောင့် ဖြစ်သည်။
သူ့မိဘများ ကမ္ဘာမြေပေါ်မှာပဲနေတာ ပိုလုံခြုံနိုင်ပါသည်။
ကမ္ဘာပေါ်တွင် ယခု စစ်ပွဲတိမ်တိုက်တချို့ ရှိလာနိုင်သော်လည်း သူ့မိဘများက ရွှေဗဟိုအဆင့် ကျင့်ကြံသူများ ဖြစ်သည်။ ထို့ကြောင့် အန္တရာယ်များကို သူတို့ ရှောင်ရှားနိုင်ပါသည်။
ထို့အပြင် သူတို့လုံခြုံစေဖို့အတွက် ယဲ့ရှောင်ချန်းက အဆက်အသွယ်များစွာကို ချန်ထားပေးခဲ့သည်။
ကမ္ဘာစစ် တကယ်ဖြစ်လာခဲ့ရင်တောင် သူတို့ အလွယ်တကူ ထိခိုက်မှာ မဟုတ်ပေ။
ထို့အပြင် ယဲ့ရှောင်ချန်း အင်မော်တယ်လောကသို့ တက်လှမ်းခြင်းက ကမ္ဘာမြေနှင့် အဆက်အသွယ်ဖြတ်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
ကမ္ဘာမြေသို့ ပြန်လာဖို့ နည်းလမ်းအမြဲတမ်း ရှိလိမ့်မည်ဟု သူ ယုံကြည်ပါသည်။
သူ့မိသားစုအပြင် ယဲ့မိသားစု တစ်စုလုံးအတွက် သူ ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပါသည်။
လက်ရှိ ယဲ့မိသားစုမှာ ယခင် ၁၀ နှစ်တုန်းကလို မဟုတ်ကြတော့ပါ။ ကမ္ဘာပေါ်တွင် အာဏာကြီးမားသည့် မိသားစုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
ယဲ့ရှောင်ချန်း၏ ထောက်ပံ့မှုဖြင့် လုပ်ငန်းမျိုးစုံကို သူတို့တည်ထောင်ခဲ့သည်။
သို့သော်လည်း သူတို့ ဒီလောက်ထိ ချောချောမွေ့မွေ့ ဖွံ့ဖြိုးနိုင်ခဲ့ခြင်း၏ အဓိကအကြောင်းအရင်မှာ သူ့ကြောင့် ဖြစ်မှန်း ယဲ့ရှောင်ချန်း သိပါသည်။
ထို့ကြောင့် ထွက်မသွားခင် သေသေချာချာ စီစဥ်မှုများ လုပ်ခဲ့ရ၏။
သူ့လက်အောက်က လုပ်ငန်းကြီးများကို ဆက်ခံဖို့ ဘယ်လိုဖြေရှင်းရမလဲဆိုသည့်ကိစ္စလည်း ရှိသေးသည်။
ယဲ့ရှောင်ချန်း ထိုကိစ္စအားလုံးကို လုံးဝ ဖြေရှင်းပြီးဖို့ လဝက်ကျော်လောက် ကြာခဲ့ပါသည်။
အမှန်ပင်။ အားလုံးကို အလွန် တိုးတိတ်စွာ ကိုင်တွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ အင်မော်တယ်လောကသို့ တက်လှမ်းမည်ကိစ္စ လုံးဝ လုံးဝ ပေါက်ကြားသွားလို့ မဖြစ်ပေ။
အများဆုံး သူ ပင်စင်ယူတော့မည်ဟု လူတွေကို ထင်အောင် လုပ်နိုင်ပေသည်။
တချို့ ဆူညံမှုများ ရှိခဲ့သော်လည်း အကြီးအကျယ်တော့ မဟုတ်ပေ။
မကြာသေးခင်က နှစ်များအတွင်း ယဲ့ရှောင်ချန်းနှင့် ဝမ်ရှင်းယီတို့ အလွန်တိုးတိတ်စွာ နေခဲ့ကြသည်။ သူတို့ သီးခြားနေထိုင်ကြပြီး လူထုရှေ့တွင် ပေါ်မလာသလောက် ရှားပါး၏။
ဒီလိုနဲ့ ယဲ့ရှောင်ချန်း အင်မော်တယ်လောကသို့ တက်လှမ်းရမည့်အချိန် တဖြည်းဖြည်း နီးကပ်လာခဲ့ပါသည်။
ဒီနေ့ ယုဖန်ရွာ၏ မူလစိုက်ပျိုးရေးခြံတွင်။
ယခု ထိုနေရာ၌ ဗီလာကြီးတစ်လုံး ဆောက်လုပ်ထား၏။
ယဲ့ရှောင်ချန်းနှင့် ဝမ်ရှင်းယီတို့နေထိုင်သော နေရာ ဖြစ်ပါသည်။
ထိုအချိန်တွင် ထိုအကြောင်းကြားပြီးကြသူ အားလုံး ရောက်လာခဲ့ကြ၏။
"သား အမေ သားနဲ့ တကယ်လိုက်ချင်ပါတယ်။ ဒါပေမယ့်...။”
သူ့အမေ့မျက်နှာက မျက်ရည်များဖြင့် ပြည့်နှက်နေပါပြီ။
သူ ဘာပြောရမှန်း မသိတော့ပေ။
မွေးရပ်မြေကနေ ထွက်သွားရတာ တကယ်ပဲ ခက်ခဲပါသည်။
"အမေ အဲ့လိုမပြောပါနဲ့။ ကျွန်တော်က အင်မော်တယ်လောကကိုပဲ သွားတာပါ။ နောက်ပိုင်း ကျွန်တော်ပြန်လာလို့ရတယ်လေ။ ကျွန်တော် အင်မော်တယ်လောကမှာ အဆင်ပြေရင် အမေတို့ကို အချိန်မရွေးလာခေါ်လို့ ရလောက်မှာပါ။”
ယဲ့ရှောင်ချန်းက ပြုံးလိုက်ပါသည်။
"အစ်ကို" ညီမ ယဲ့ယင်၏ မျက်လုံးများလည်း စိုစွတ်နေပါသည်။
သူတို့ဘေးတွင် အရပ်ရှည်ရှည် ရုပ်ချောချော ကောင်လေးတစ်ယောက် ရှိ၏။ ယဲ့ယင်၏သား ကွေ့ရှားလုံ ဖြစ်သည်။ ကွေ့ရှားယွမ်ဟု ခေါ်သည့် အလွန်လှပသော ကောင်မလေးလည်း ရှိပါသည်။
"ဟုတ်ပြီ မငိုပါနဲ့။ ငါတို့ နောက်ကို မတွေ့ရတော့မှာမှ မဟုတ်တာ။”
ယဲ့ရှောင်ချန်းလည်း ခွဲခွာရမှာ အနည်းငယ် ဝမ်းနည်းနေသည်။ သို့သော် သူအားတင်းထားပါသည်။
တဖက်တွင် ဝမ်ရှင်းယီလည်း ဝမ်ရွှေရှန့်တို့ မိသားစုနဲ့ စကားပြောနေခဲ့ပါသည်။
ရှိပေါင်းလေးတောင် အရပ်ရှည်ရှည် ရုပ်ချောချော ကောင်လေးတစ်ယောက် ဖြစ်လာခဲ့ပါပြီ။
"အစ်ကိုကြီးဝမ် ကျွန်တော့်မိသားစုကို အစ်ကိုကြီးလက်ထဲပဲ အပ်ခဲ့မယ်နော်။”
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
အနာဂတ်တွင် ဝမ်ရွှေရှန့်သာ မိသားစု၏ ကျောထောက်နောက်ခံ ဖြစ်လာနိုင်မည်ကို သူသိပါသည်။
ဝမ်ရွှေရှန့်သာ မရှိပါက သူ စိတ်အေးနိုင်မည် မဟုတ်ပါ။
"စိတ်မပူပါနဲ့ကွာ၊ ငါရှိနေသရွေ့ ဘာပြဿနာမှ မဖြစ်စေရဘူး။”
သူ့ယောက်ဖ ဘာတွေးနေသလဲ ဝမ်ရွှေရှန့် နားလည်ပြီး ချက်ချင်း ခေါင်းငြိမ့်လိုက်ပါသည်။
အနာဂတ်မှာ သူလည်း ဖိအားများစွာ ခံစားရမည်ကို သိပါသည်။ ယဲ့ရှောင်ချန်း၏ ထောက်ပံ့မှု မရှိပါက သေချာပေါက် ပြဿနာများစွာ ရှိလာပါလိမ့်မည်။
"အင်း အစ်ကိုကြီးဝမ်ရဲ့ စကားကြောင့် ကျွန်တော်စိတ်အေးသွားပါပြီ။”
ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်လိုက်ပါသည်။
ထိုနေရာတွင် ရှိနေသူအားလုံးကို ကြည့်လိုက်ပြီး ယဲ့ရှောင်ချန်း ရင်ထဲတွင် သက်ပြင်းချလိုက်ပါသည်။ သူတို့ကို ဘယ်တော့မှ ပြန်တွေ့ရမလဲ သူလည်းမသိပါ။
"ဂရုစိုက်ကြနော်။”
ယဲ့ရှောင်ချန်းက နူးညံ့စွာပြောလိုက်ပြီး ဝမ်ရှင်းယီ၏ လက်ကို ကိုင်ကာ ပျောက်ကွယ်သွားတော့သည်။
အမေက တောင့်မခံနိုင်တော့ဘဲ ငိုကြွေးသွားတော့သည်။
အားလုံးလည်း မျက်ရည်များ ကျနေပါသည်။
ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင်။
လျန်ယူကျူးနှင့် တခြားသူများ ယဲ့ရှောင်ချန်းနှင့် ဝမ်ရှင်းယီတို့ ဝင်လာတာကို ကြည့်နေကြပါသည်။
ယခု ဒီနေရာတွင် လူအမျာကြီး ရှိနေပါပြီ။
ကောင်းကင်ဘုံလှိုဏ်ဂူထဲတွင် နှစ်ရာပေါင်းများစွာ ကုန်ဆုံးသွားပြီဖြစ်သဖြင့် လျန်ယူကျူးနှင့် တခြားသူများတွင် ကလေးများနှင့် မြေးများပင် ရှိနေပါပြီ။ စုစုပေါင်း ဆယ်ဂဏန်းကျော် ရှိကြသည်။
အင်မော်တယ် ကျင့်ကြံသူများ ကလေးရဖို့က ခက်ခဲသည်။ မဟုတ်ပါက လူဦးရေမှာ ဒီ့ထက်ပင် ပိုများပါဦးမည်။
ဘာပဲဖြစ်ဖြစ် နှစ်ရာချီကျော်တွင် မျိုးဆက် ဆယ်ဂဏန်းလောက် ရှိတာက ပြဿနာရှိမည်မဟုတ်ပါ။
"ဟုတ်ပြီ အခု ငါတို့တွေ အင်မော်တယ်လောကကို တက်လှမ်းကြတော့မယ်။ နေခဲ့ချင်တဲ့လူ ရှိကြလား။”
ယဲ့ရှောင်ချန်းက ပြောလိုက်သည်။
သေမျိုးလောက၏ ရောင်စုံကမ္ဘာမြေက သူတို့အတွက် ဆွဲဆောင်မှုရှိလွန်းလှသည်။
ယဲ့ရှောင်ချန်းနဲ့အတူ အကုန်လုံးတော့ မလိုက်ခဲ့ပါ။ အင်မော်တယ်လောကသို့ မသွားဖို့ ဆုံးဖြတ်ထားသဖြင့် မဝင်ခဲ့ကြသည့် လူတချို့လည်း ရှိပါသည်။
ဘယ်သူမှ ပြန်မဖြေပေ။
"ဟုတ်ပြီ။”
ယဲ့ရှောင်ချန်း ခေါင်းငြိမ့်လိုက်သည်။
ချက်ချင်း ခြေပုလ္လင်ခွေကာ သူထိုင်လိုက်သည်။
အားလုံးလည်း ယဲ့ရှောင်ချန်း ဘေးတွင် ခြေပုလ္လင်ခွေကာ ထိုင်လိုက်ကြပါသည်။
အတွေးတစ်ချက်တည်းနဲ့ ဆုလာဘ်ကို ယဲ့ရှောင်ချန်း လက်ခံလိုက်ပါသည်။
ရုတ်ခြည်းဆိုသလို ကောင်းကင်ဘုံလှိုဏ်ဂူ တစ်ခုလုံး ထူးဆန်းသည့် ရွှေရောင်အလင်းဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ယဲ့ရှောင်ချန်း၏ အရှိန်အဝါကလည်း ဆက်တိုက် တိုးမြင့်နေခဲ့၏။
ထိုအရှိန်အဝါက စိမ့်ထွက်လာပြီး သူ့ဘေးက လူတွေအပေါ် သက်ရောက်ခဲ့သည်။
သူတို့ အရှိန်အဝါများလည်း ဆက်တိုက်တိုးမြင့်နေခဲ့၏။
တကယ်တော့ ဒါက မစ်ရှင် ဆုလာဘ်ကို ယဲ့ရှောင်ချန်း လက်ခံလိုက်ခြင်းသာ ဖြစ်သည်။
သူ့ကျင့်ကြံခြင်းအဆင့်က အခြေတည်အဆင့်မှ အင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့်သို့ မြင့်တက်သွားပါလိမ့်မည်။
ဒါက အဆင့်နှစ်ခု ခုန်ကျော်လိုက်ခြင်းနှင့် ညီမျှသည်။
ပုံမှန်ဆို အဆင့်တက်ဖို့ အနည်းဆုံး နှစ် ၁၀,၀၀၀ လောက် ကြာနိုင်ပါသည်။
သို့သော်လည်း ယခုတော့ အချိန်တိုအတွင်း ကျော်ဖြတ်နိုင်ခဲ့ပါသည်။
တခြားသူများလည်း အကျိုးကျေးဇူးများစွာ ရခဲ့သည်။
မကြာမီ ထိုနေရာတွင်ရှိနေသော လူများစွာလည်း အဆင့်တက်ကုန်ကြပါသည်။
ရွှေဗဟိုအဆင့်မှ နတ်ဝိညာဥ်လောင်း အဆင့်၊ အခြေတည် စိတ်ဝိညာဥ်အဆင့်မှ ဟင်းလင်းနယ် အင်မော်တယ် အဆင့်သို့။
ယဲ့ရှောင်ချန်းလည်း ဟင်းလင်းနယ် အင်မော်တယ်အဆင့်သို့ ဆက်တိုက် တက်နေခဲ့ပြီး တက်နေဆဲ ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် အင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့်က အဓိက အချက်ဖြစ်သောကြောင့် ဖြစ်ပါသည်။
ယဲ့ရှောင်ချန်းဘေးတွင် ရှိနေသည့် ဝမ်ရှင်းယီက ယဲ့ရှောင်ချန်းသူမလက်ကို ကိုင်ထားသဖြင့် အကျိုးကျေးဇူး အများဆုံး ရရှိသူ ဖြစ်သည်။
အချိန်ဘယ်လောက်ကြာသွားမှန်း မသိလိုက်ဘဲ ယဲ့ရှောင်ချန်း အင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိသွားခဲ့ပါပြီ။
ဝမ်ရှင်းယီလည်း ဟင်းလင်းနယ် အင်မော်တယ်အဆင့် အထွတ်အထိပ်သို့ ရောက်နေပြီး အင်မော်တယ် ပြီးပြည့်စုံခြင်းအဆင့်သို့ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့သည်။
တခြားသူများစွာလည်း ဟင်းလင်းနယ် အင်မော်တယ် အဆင့်သို့ ရောက်နေကြပြီး အားအနည်းဆုံး သူများကတောင် အခြေတည်အဆင့် အထွတ်အထိပ်သို့ရောက်နေကြပါပြီ။
သူတို့ ရရှိနေသည့် အကျိုးကျေးဇူးများက ကြီးမားလွန်းလှသည်ဟု ဆိုနိုင်သည်။
ဒီကျင့်ကြံခြင်းကြောင့် သူတို့ အချိန် နှစ်ထောင်ချီပြီး သက်သာခဲ့သည်။
ယဲ့ရှောင်ချန်း အဆင့်တက်ခြင်း ပြီးဆုံးသွားသောအခါ ရုတ်တရက် ထူးဆန်းသည့် အဆောင်တစ်ခု လေထဲတွင် ပေါ်လာပြီး ယဲ့ရှောင်ချန်း၏ ခေါင်းပေါ်တွင် ပျံဝဲနေခဲ့ပါသည်။
ဒါက တက်လှမ်းခြင်း အဆောင် ဖြစ်သည်။
တစ်ချိန်တည်းမှာပဲ ဟင်းလင်းနယ်ထဲတွင် ထူးဆန်းသည့် ပလ္လင်တစ်လုံး ပေါ်လာခဲ့သည်။
ဒါက အင်မော်တယ်ပလ္လင် ဖြစ်သည်။
ထိုကဲ့သို့ အင်မော်တယ် ပလ္လင်ကို ရရှိမှသာ အင်မော်တယ်လောကတွင် အဆင့်တစ်ခုရှိပြီး နေရာမရှိသည့် အင်မော်တယ်တစ်ယောက် မဟုတ်ကြောင်း သတ်မှတ်နိုင်မည်ဖြစ်သည်။
ချက်ချင်း ယဲ့ရှောင်ချန်း ဝမ်ရှင်းယီကို အင်မော်တယ် ပလ္လင်ပေါ် ဆွဲခေါ်သွားပြီး ထိုင်လိုက်သည်။
"တက်လှမ်းမယ်။”
ယဲ့ရှောင်ချန်းက နူးညံ့စွာ ရွတ်လိုက်သည်။ ထို့နောက် တန်ခိုးတက်လှမ်းခြင်း အဆောင်က အလင်းတန်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖြာထွက်သွားပါသည်။
ကောင်းကင်ဘုံလှိုဏ်ဂူကြီးကို အပြင်ဘက်က ကြည့်လျှင် ကောင်းကင်ဘုံလှိုဏ်ဂူကြီး တစ်ခုလုံး ဒြပ်မှုန်တစ်ခုလောက်အထိ ကျုံ့သွားသည်ကို မြင်နိုင်သည်။ ရုတ်ခြည်း လှုပ်ခါသွားချက်နဲ့အတူ ဒီအာကာသနှင့် ဒီလောက၏ အချုပ်အနှောင်မှ လွတ်ထွက်သွားပြီး ပိုမြင့်မားသည့် လောကတစ်ခုဆီသို့ တက်လှမ်းသွားတော့သည်။
ကမ္ဘာမြေတွင် ထူးဆန်းသည့် အလင်းလုံးတစ်ခု တရုတ်နိုင်ငံ တောင်ပိုင်းဒေသကောင်းကင်တစ်လျှောက် ပျံတက်သွားပြီး ပျောက်ကွယ်သွားပါတော့သည်။
(ပြီးပါပြီ)