ရှေးဟောင်းဓားကြီးဆီသို့
Vol. 72 Ch. 989
ထိုမေးခွန်းအား မေးလိုက်သည့်လူမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ် ဖြစ်သည်။ သူ၏ စကားသံမှာ အေးစက်နေပြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။
အကယ်၍ သူ၏ ကိုယ်ပွားသာ ထိုမေးခွန်းအား မေးလိုက်ခြင်းဆိုပါက ယခုလောက်အထိ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းနေမည်မဟုတ်ပေ။ သို့သော် ယခုတွင်မူ အလင်းရောင်ပင်လယ်ကြီးလည်း ရှိနေသည့်အပြင် ထို စကားလုံးများထဲမှ သတ်ဖြတ်လိုစိတ်များမှာလည်း အလွန်အင်မတန်မှ အားကောင်းနေသည်မဟုတ်ပါလော။
အစွမ်းထက် ကျင့်ကြံသူများမှာ သူတို့၏ ပြိုင်ဘက်များ မည်မျှအထိ ကြောက်စရာကောင်းကြောင်း ခန့်မှန်းနိုင်စွမ်းရှိပေသည်။ အထူးသဖြင့် ထိုလူငယ်လေးမှာဆိုလျှင် ထာဝရကြယ်အဆင့်တွင် ရှိနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ထို စကားလုံးများထဲရှိ သတ်ဖြတ်လိုစိတ်များထဲ၌ အနည်းဆုံး ဂြိုဟ်အဆင့် ကျင့်ကြံသူငါးယောက်၏ သေမင်းအငွေ့အသက်များ ကိန်းအောင်နေသည်ကို ချက်ချင်းအာရုံခံမိ လိုက်သည်။
သို့ဖြစ်ရာ သူ၏ပြိုင်ဘက်မှာ မကြာသေးမီတုန်းကမှ အနည်းဆုံး ဂြိုဟ်အဆင့်ကျင့်ကြံသူ ငါးယောက်အား သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။
သူ၏ ပြိုင်ဘက်မှာ သူနှင့် ကျင့်ကြံခြင်းအဆင့် အတူတူတွင်ရှိနေသည့် လူအမြောက်အမြားကို သတ်ဖြတ်နိုင်ခဲ့သည်ဖြစ်ရာ တမူထူးခြားလောက်အောင် အစွမ်းထက်ရပေမည်။
ဝမ်ပေါင်လဲ့မှာ သူ၏ သတ်ဖြတ်လိုစိတ် အငွေ့အသက်များအား ချုပ်တည်းထားခြင်းမရှိဘဲ အပြည့်အဝ ထုတ်လွှတ်ထား၏။ အဘယ်ကြောင့်ဆိုသော် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးပေါ်၌ နိုးထလာခဲ့သည့် ကျင့်ကြံသူများ၏ အရေအတွက်နှင့် ကျင့်ကြံခြင်းအဆင့်များမှာ သူ ထင်မှတ်ထားသည့် အဆင့်ထက် အများကြီးပို၍ သာလွန်နေသည်မဟုတ်ပါလော။ ထို့အပြင် သူသည် သူ၏ကိုယ်ပွား ဖိနှိပ်ချုပ်တည်းခံလိုက်ရသည့်အတွက်လည်း ဒေါသထွက်နေသေးသည်။
သူသည် ကျယ်ပြန့်တာအိုနန်းတော်နှင့် စာရင်းရှင်းမှ ရမည်ဖြစ်ကြောင်း သိထား၏။ သို့ဖြစ်ရာ သူ့ဘက်မှ အစွမ်းကုန်ထုတ်ပြထားရန် လိုအပ်ပေသည်။
ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်မှာ သူ၏ကိုယ်ပွား ဘူးသီးခြောက်ထဲသို့ စုပ်ယူခံလိုက်သည်ကို အာရုံခံမိလိုက်သည်နှင့် နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲရှိ ထာဝရကြယ်မျက်လုံး၏ တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအားများကို အသုံးပြုကာ ချက်ချင်း ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူသည် နေအဖွဲ့အစည်းထဲသို့ ရောက်ရှိလာသည်နှင့် တွေဝေတုံ့ဆိုင်းမနေဘဲ သူ၏ ကျင့်ကြံခြင်းစွမ်းအားများနှင့် တာအိုဂြိုဟ်၏ စွမ်းအားများကို ချက်ချင်းထုတ်လွှတ်ခဲ့၏။ ထို့ကြောင့်လည်း ၎င်းမှာ ကိုးရောင်ခြယ် အလင်းရောင်ပင်လယ်ကြီးတစ်စင်းအတွင် ပြောင်းလဲသွားပြီး နေအဖွဲ့အစည်းတစ်ခုလုံးထဲ၌ ပြည့်နှက်သွားခြင်း ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ အစောပိုင်း ဂြိုဟ်အဆင့်တွင်သာ ရှိနေသေးပါသော်လည်း တာအိုဂြိုဟ်တစ်လုံးနှင့် ပေါင်းစည်းနိုင်ခဲ့သောကြောင့် သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားများမှာ အလွန်အင်မတန်မှ မြင့်မားနေ၏။ သူသည် ဝိညာဉ်ဂြိုဟ်များနှင့် အင်မော်တယ်ဂြိုဟ်များနှင့် ပေါင်းစည်းနိုင်ခဲ့သည့် ဂြိုဟ်ထိပ်ဆုံးအဆင့်ရှိ ကျင့်ကြံသူများကိုပင် ဖိနှိပ်ချုပ်တည်းနိုင်လောက်အောင် အစွမ်းထက်နေပြီဟု ဆိုနိုင်ပေသည်။
အထူးဂြိုဟ်များနှင့် ပေါင်းစည်းထားပြီး အနည်းဆုံး ကျင့်ကြံခြင်းအဆင့်နှစ်ဆင့် ပိုမြင့်သည့် ဂြိုဟ်အဆင့် ကျင့်ကြံသူများသာလျှင် တာအိုဂြိုဟ်တစ်လုံးအား ပိုင်ဆိုင်ထားသည့် ဝမ်ပေါင်လဲ့အား ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် အထူးဂြိုဟ်များနှင့် ပေါင်းစည်းနိုင်ခဲ့သည့် နှောင်းပိုင်းဂြိုဟ်အဆင့် ကျင့်ကြံသူများသာလျှင် သူ့အား ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိပေသည်။
တာအိုဂြိုဟ်တစ်လုံးနှင့် ပေါင်းစည်းနိုင်ခဲ့ပြီး သူနှင့် ကျင့်ကြံခြင်းအဆင့် အတူတူတွင် ရှိနေသည့် ကျင့်ကြံသူ တစ်ယောက်မှာမူ သူနှင့် ရာထူးအဆင့်အတန်းပိုင်းတွင်သာ တူညီနေမည်ဖြစ်သည်။ သို့သော်လည်း သူ၏ တာအိုဂြိုဟ်မှာ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် အစွမ်းထက်နေသောကြောင့် အခြားကျင့်ကြံသူများမှာ တာအိုဂြိုဟ်တစ်လုံးနှင့် ပေါင်းစည်းနိုင်ခဲ့လျှင်တောင် သူနှင့် ကျင့်ကြံခြင်းအဆင့် တူနေမည်ဆိုပါက သူ့အား ယှဉ်နိုင်ဦးမည် မဟုတ်ပေ။
၎င်းမှာ တာအိုဂြိုဟ်တစ်လုံးနှင့် ပေါင်းစည်းထားသည့် ကျင့်ကြံသူတစ်ယောက်၏ ကြောက်မက်ဖွယ်ရာ စွမ်းပကားများ ဖြစ်ပေသည်။ ထို့ကြောင့်လည်း အဆုံးမဲ့တာအိုနယ်မြေထဲတွင် လူများမှာ အရည်အသွေး မြင့်မားသည့် ဂြိုဟ်များအား လိုချင်တက်မက်ကြခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း အင်အားကြီး မျိုးနွယ်စုများနှင့် ဂိုဏ်းများမှာ ကြယ်သုသာန်အား စိတ်ဝင်စားကြခြင်းဖြစ်သည်။
ယခုတွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ် ရောက်ရှိလာပြီး ကိုးရောင်ခြယ် အလင်းရောင်ပင်လယ်ကြီး စီးဆင်းလာသည်နှင့် သဲ့ယွင်ကျစ်မှာ စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ရ၏။ သူ၏ ဝိညာဉ်မှာ ဆက်လက်တောင့်ခံထားနိုင်စွမ်း မရှိတော့ဘဲ လွင့်ပါးပျောက်ကွယ်သွားတော့မည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ ထို့ကြောင့် သူသည် အော်ဟစ်မြည်တမ်းကာ နောက်သို့ ပြန်လည်ဆုတ်ခွာသွားပြီးနောက် ရှေးဟောင်း အစိမ်းရောင်ကြေးဓားကြီးဆီမှ ထွက်ပေါ်လာသည့် အလင်းတန်းကြီးထဲသို့ ပြန်ဝင်သွားပြီး ထိုနေရာမှ သွေးရူးသွေးတန်းနှင့် ထွက်ပြေးသွားတော့သည်။
သူသည် သူ၏ နှလုံးသားထဲ၌ ပေါ်ပေါက်လာသည့် ကြောက်စိတ်များကြောင့် ထွက်ပြေးဆုတ်ခွာသွားရန် မသိစိတ်မှနေ၍ ဆုံးဖြတ်ချက်ချမိလိုက်ခြင်း ဖြစ်သည်။ မကြာသေးမီတုန်းက သူတို့နှင့် တိုက်ခိုက်ခဲ့သည့် ကျင့်ကြံသူကြီးမှာ ကိုယ်ပွားတစ်ခုသာ ဖြစ်နေသည်မဟုတ်ပါလော။ သူတို့သုံးယောက်မှာ ထိုကိုယ်ပွားကို ထိန်းချုပ်နိုင်ရန်အတွက်ပင် အတူတကွ ပူးပေါင်းတိုက်ခိုက်ခဲ့ရ၏။ ယခုတွင် ထို ကျင့်ကြံသူကြီး၏ ခန္ဓာကိုယ်အစစ် ရောက်ရှိလာပြီ ဖြစ်သည်။ အကယ်၍ သူ၏ဆရာဖြစ်သူမှာ ဒဏ်ရာရထားခြင်းမရှိပါက ကိစ္စမရှိပါသော်လည်း သူ၏ ယခုလက်ရှိ အခြေအနေနှင့် ထိုကျင့်ကြံသူကြီးအား ရင်ဆိုင်နိုင်ရန်မှာ မသေချာပေ။
ထိုအပြင် အကယ်၍ သူ၏ဆရာ ထိုကျင့်ကြံသူအား ရင်ဆိုင်တိုက်ခိုက်နိုင်လျှင်တောင် သူသည် ထို အစွမ်းထက်ကျင့်ကြံသူနှစ်ယောက်၏ တိုက်ပွဲထဲမှ ထွက်ပေါ်လာမည့် တုန်ခါမှုလှိုင်းများကို တောင့်ခံနိုင်စွမ်းရှိမည် မဟုတ်ပေ။ ထိုနှစ်ယောက် စတင်တိုက်ခိုက်လိုက်သည်နှင့် ပေါ်ပေါက်လာမည့် တုန်ခါမှုလှိုင်းများကြောင့် သူသည် သေချာပေါက် သေဆုံးသွားရမည်သာ ဖြစ်ကြောင်း မှတ်ယူထားသည်။
သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာလည်း ထိုနည်းတူပင်။ သူသည် ဒဏ်ရာမရထားသည့်တိုင်အောင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်ထဲမှ ထွက်ပေါ်နေသည့် သတ်ဖြတ်လိိုစိတ်များနှင့် ကိုးရောင်ခြယ် အလင်းရောင်ပင်လယ်ကြီးတို့ကြောင့် သူ၏နဖူးမှာ စတင် နာကျင်ကိုက်ခဲလာရ၏။ ထိုနာကျင်မှုမှာ သူ၏ မွေးရာပါ လျှို့ဝှက်ဆန်းကြယ် ပညာရပ်ကြောင့် ပေါ်ပေါက်လာရခြင်းဖြစ်သည်။
ထိုပညာရပ်မှာ အသက်အန္တရာယ်အား မှန်းဆနိုင်စွမ်းရှိ၏။ သူ ခံစားနေရသည့် နာကျင်မှုများ ပို၍ပြင်းထန်လေလေ သူ ကြုံတွေ့ရနိုင်သည့် အသက်အန္တရာယ်မှာ ပို၍ ကြီးမားလေလေ ဖြစ်ပေသည်။ ယခုတွင် သူ ခံစားနေရသည့် နာကျင်မှုမှာ ကျယ်ပြန့်တာအိုနန်းတော် ဖျက်ဆီးချေမှုန်းခံခဲ့ရစဉ်တုန်းက သူ ခံစားခဲ့ရသည့် နာကျင်မှုနီးပါး ပြင်းထန်နေပြီဖြစ်သည်။ သို့ဖြစ်ရာ သူ တုန်လှုပ်ချောက်ချားသွားရပြီး သူ၏ ဂိုဏ်းတူညီလေးနှင့်အတူ ထွက်ပြေးဆုတ်ခွာသွားသည်မှာ မထူးဆန်းပေ။
သို့သော် ဝမ်ပေါင်လဲ့၏ ကိုးရောင်ခြယ် အလင်းရောင်ပင်လယ်ကြီး၏ အောက်တွင် သူတို့မှာ ချက်ချင်း လွတ်မြောက်နိုင်မည်မဟုတ်ပေ။ သူတို့၏ ဆရာဖြစ်သူ အစွမ်းကုန်ထုတ်သုံးကာ ဝမ်ပေါင်လဲ့အား တားဆီးနိုင်ရန် ကြိုးစားမှသာလျှင် သူတို့မှာ လွတ်မြောက်နိုင်မည်ဖြစ်သည်။
သို့သော် သူသည် ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သက်တမ်းကြာမြင့်စွာ နေထိုင်ခဲ့ဖူးသည်ဖြစ်ရာ စိတ်ခံစားချက်အများစုအား ပိုင်ဆိုင်ထားခြင်း မရှိတော့ပေ။ ထို့အပြင် သူသည် အေးစက်စက် ပင်ကိုစရိုက်တစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးသည်ဖြစ်ရာ သူ၏ ဘေးကင်းလုံခြုံမှုသာလျှင် အရေးကြီးဆုံးဟု မှတ်ယူထား၏။ သူသည် သူ၏ဂိုဏ်း ကြုံတွေ့ခဲ့ရသည့် ဘေးအန္တရာယ်ကြီးထဲမှ အသက်ရှင်လျက် လွတ်မြောက်လာခဲ့ပြီးနောက် ဒဏ်ရာအပြင်းအထန် ရသွားခဲ့၏။ ထို့နောက် သူသည် အချိန်အကြာကြီး သတိလစ်သွားခဲ့ပြီးနောက် မကြာသေးမီတုန်းကမှ သူ၏ ကျင့်ကြံခြင်းစွမ်းအားအချို့အား ပြန်လည်ရရှိပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ အသက်အား ယခင်တုန်းကထက်ပင် ပို၍ တန်ဖိုးထားနေ၏။ သို့ဖြစ်ရာ မဖြစ်မနေ မလိုအပ်ပါက သူသည် ထပ်၍ ဒဏ်ရာ အရခံမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် အပြည့်အဝ ပြန်လည်သက်သာလာခြင်းမရှိသေးသည့် သူ၏ဒဏ်ရာများ ပိုမိုဆိုးရွားလာမည်ဆိုပါက သူသည် နောက်ထပ်တစ်ကြိမ် ထပ်၍ အချိန်အကြာကြီး သတိလစ်သွားနိုင်သောကြောင့်ပင်။ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်အနေနှင့် သူသည် ထိုကိစ္စအား လက်ခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့ ပေါ်ပေါက်လာကာ သူ၏ တပည့်နှစ်ယောက် ထွက်ပြေးသွားပြီး သူ၏လက်ထဲမှ ဘူးသီးခြောက် ပေါက်ကွဲသွားသည်နှင့် သူသည်လည်း နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားကာ သူ ထွက်လာခဲ့သည့် အက်ကွဲကြောင်းကြီးထဲသို့ ပြန်ဝင်သွားပြီး ချက်ချင်း ပြန်လည်ပျောက်ကွယ်သွား၏။
သူ ပျောက်ကွယ်သွားသောအခါ သူ၏ တပည့်နှစ်ယောက်မှာလည်း စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားကြ၏။ သူတို့မှာ ချက်ချင်းဆိုသလိုပင် မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြပါ သော်လည်း စကားပြောနေရန် အချိန်မရှိသဖြင့် သွေးရူးသွေးတန်းနှင့် ပြေးလွှားကာ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးစားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။
သို့သော် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်မှာ သူ၏ကိုယ်ပွားနှင့် ပေါင်းစည်းသွားပြီးနောက် ကိုးရောင်ခြယ် အလင်းရောင်ပင်လယ်ကြီးထဲမှ အလင်းတန်းတစ်ခုကဲ့သို့ ထိုးထွက်လာသည်။ သူသည် မြန်ဆန်လွန်းနေသောကြောင့် ဟင်းလင်းပြင်ကြီးအား ကျော်ဖြတ်လာပြီး သဲ့ယွင်ကျစ်ရှိနေသည့် အလင်းတန်းကြီးထဲ၌ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာတော့သည်။
ထို အလင်းတန်းကြီး၏ ဆွဲငင်အားကြောင့် သဲ့ယွင်ကျစ်၏ အမြန်နှုန်းမှာ တိုးတက်လာပြီး သူသည် အလင်းရောင်ပင်လယ်ကြီးအား အလျင်အမြန် ထိုးခွင်းသွားနေ၏။ သို့သော် ဝမ်ပေါင်လဲ့ ရောက်ရှိလာပြီး သူရှိနေသည့် အလင်းတန်းကြီးထဲသို့ အရောင်ကိုးရောင် ထိုးဖောက်ဝင်ရောက်လာသည်နှင့် သဲ့ယွင်ကျစ်မှာ စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ညာဘက်လက်မှာ အလင်းတန်းထဲသို့ ဝင်ရောက်လာပြီး သဲ့ယွင်ကျစ်၏ ဝိညာဉ်အား လှမ်း၍ ဖမ်းဆုပ်လိုက်သည်။
ထို့နောက် ဝမ်ပေါင်လဲ့မှာ အားပါပါ ဆောင့်ဆွဲလိုက်သဖြင့် သဲ့ယွင်ကျစ်၏ ဝိညာဉ်မှာ နာကျင်စွာ အော်ဟစ်မြည်တမ်းလိုက်ရ၏။ ဝမ်ပေါင်လဲ့မှာ သဲ့ယွင်ကျစ်အား အသနားခံခွင့် မပေးဘဲ မျက်ဝန်းတစ်စုံများထဲ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ တောက်ပလာပြီး သဲ့ယွင်ကျစ်၏ ဝိညာဉ်အား သူ၏နောက်သို့ လှမ်းပစ်လိုက်သည်။ ထိုအခါ သူ၏ နောက်၌ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာသည့် နတ်ဆိုးမျက်လုံးကြီးမှာ ၎င်းအား ချက်ချင်း ဝါးမျိုးပစ်လိုက်တော့သည်။
သူ ခံစားလိုက်ရသည့် ဝေဒနာများမှာ စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် ပြင်းထန်လွန်းလှပေသည်။
ဝမ်ပေါင်လဲ့မှာမူ နတ်ဆိုးမျက်လုံးကြီးဆီမှ ထွက်ပေါ်လာသည့် စွမ်းအားများကို အာရုံခံမိလိုက်သောအခါ မျက်ဝန်းများ အနက်ရောင်ပြောင်းသွားပြီး သဲ့ယွင်ကျစ်၏ ဂိုဏ်းတူအစ်ကိုကြီးအား လှမ်းကြည့်လိုက်၏။ ထို ကျင့်ကြံသူကြီးမှာ ထိုမြင်ကွင်းကြောင့် တုန်လှုပ်ချောက်ချားသွားရသဖြင့် ဦးရေခွံများ ထုံကျဉ်နေရပြီ ဖြစ်သည်။
သူသည် နှလုံးသားထဲ၌ ကြောက်စိတ်များဖြင့် ပြည့်နှက်နေ၏။ သူ၏ အမြင်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ် ပေါ်ပေါက်လာမှုမှာ ထာဝရကြယ်အဆင့် ကျင့်ကြံသူတစ်ယောက်ထက်ပင် ပို၍ ကြောက်စရာကောင်းနေတော့သည်။
သူ ဝမ်ပေါင်လဲ့နှင့် အကြည့်ချင်းဆုံသွားသည်နှင့် ဝမ်ပေါင်လဲ့မှာ သူ၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွား၏။ သူ၏ နဖူးထဲ၌ ပေါ်ပေါက်လာသည့် နာကျင်မှုဝေဒနာများမှာလည်း ပြင်းထန်ထွန်းလှသောကြောင့် သူသည် တစ်ခေါင်းလုံး ပေါက်ကွဲသွားတော့မည့်အလား ခံစားနေရပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူသည် ဆက်လက်တောင့်ခံထားနိုင်စွမ်း မရှိတော့သဖြင့် အသံကုန် အော်ဟစ်လိုက်တော့သည်။
" ငါက သဲ့ယွင်ကျစ်ထက် သုံးနှစ်နောက်ကျပြီးမှ သတိပြန်ရလာတာ။ မင်း မယုံဘူးဆိုရင် ငါ့ရဲ့ ဝိညာဉ်ကို စိတ်ကြိုက် ရှာဖွေလို့ရတယ်။ ငါ ပြည်ထောင်စုကြီးကို ဖျက်ဆီးဖို့ အမိန့်တစ်ခုမှ မပေးခဲ့တာမလို့ ငါ့ရဲ့လက်ထဲမှာ ပြည်ထောင်စုကြီးထဲက တိုင်းသူပြည်သားတွေရဲ့ သွေးတွေ တစ်စက်မှ စွန်းမနေပါဘူးကွ "
သူသည် အလောတကြီး ဆိုလိုက်ခြင်းဖြစ်၏။ သို့သော် သူ ထိုသို့ဆိုလိုက်စဉ်မှာပင် သူ၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည့် ဝမ်ပေါင်လဲ့မှာ သူ၏ နောက်တွင် ပြန်လည်ပေါ်ပေါက်လာသည်။ သူသည် သူ၏ညာဘက်လက်ကို မြှောက်ကာ ထိုကျင့်ကြံသူကြီး၏ ဦးခေါင်းအား လှမ်းရိုက်ရန် ပြင်နေ၏။ ဝမ်ပေါင်လဲ့၏ လက်ရှိအစွမ်းအစနှင့်ဆိုလျှင် ထို ကျင့်ကြံသူကြီး၏ ဦးခေါင်းမှာ ချက်ချင်း ကြေမွပျက်စီးသွားမည်ဖြစ်သလို သူ၏ အပြင်ခန္ဓာကိုယ်မှာလည်း သေချာပေါက် ဖျက်ဆီးချေမှုန်းခံလိုက်ရမည်သာဖြစ်ကြောင်း သိနိုင်ပေသည်။ သူ၏ ဝိညာဉ်ပင်လျှင် လွတ်မြောက်နိုင်မည်မဟုတ်ဘဲ ဝါးမျိုခံလိုက်ရမည် ဖြစ်သည်။
သို့သော် သူ၏ နောက်ဆုံးစကားများမှာ အလုပ်ဖြစ်သွားခဲ့သည့် ပုံပင်။ ဝမ်ပေါင်လဲ့မှာ အမျက်ချောင်းချောင်း ထွက်နေသည့်တိုင်အောင် မမလေး ရှိနေသေးသောကြောင့် ရက်စက်ကြမ်းကြုတ်စွာ ပြုမူ၍ မဖြစ်ပေ။ ကျယ်ပြန့်တာအိုနန်းတော်အား သူတို့၏ မဟာမိတ်များအဖြစ် အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ရသည် မဟုတ်ပါလော။
သို့သော် သူသည် သတိပေးသည့်အနေနှင့် သူ၏ ပြိုင်ဘက်များအား အရင်ဆုံး အထိနာထားအောင်လုပ်ရန် လိုအပ်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားကာ သဲ့ယွင်ကျစ်၏ ဂိုဏ်းတူအစ်ကိုကြီး၏ ဦးခေါင်းအား လှမ်းရိုက်ရန် ပြင်နေရာမှ စိတ်ပြောင်းသွားပြီး သူ၏လည်ပင်းအား တိခနဲ ဖြတ်တောက်ပစ်လိုက်တော့သည်။
ထိုအခါ သွေးစိမ်းများ ချက်ချင်းဆိုသလိုပင် ပန်းထွက်လာပြီး သဲ့ယွင်ကျစ်၏ ဂိုဏ်းတူအစ်ကိုကြီး၏ ဦးခေါင်းအောက်ပိုင်းရှိ ခန္ဓာကိုယ်ကြီးမှာ ပျက်စီးသွားသည်။ သူ၏ ဝိညာဉ်မှာလည်း သူ၏ ဦးခေါင်းထဲ၌ ဖိနှိပ်ချုပ်တည်းခံလိုက်ရ၏။ သူသည် အသက်ရှိနေဆဲဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူ၏ ဦးခေါင်းကြီးအား ဆံပင်မှ ကိုင်၍ ရှေးဟောင်းအစိမ်းရောင်ကြေးဓားကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
သူသည် ဤကိစ္စကြီးအား ကျေအေးပေးနိုင်ဦးမည်မဟုတ်ပေ။