← Chapters

လင်းရီကျန်းရဲ့ ဓားတာအို နတ်ဘုရားစွမ်းရည်

Vol. 35 Ch. 469

လင်းရီကျန်းရဲ့ ဓားတာအို နတ်ဘုရားစွမ်းရည်

Vol. 35 Ch. 469

အဲသည်နောက်မှာတော့ လီဖူချန်းဟာ ဝမ်ဟို၊ ရှန်းတုကျင်း နဲ့ ချူရန်ကောင်းတို့ကိုလည်း တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူလိုက် ပြန်ပါတယ်။

ဝမ်ဟိုနဲ့ ရှန်းတုကျင်းကတော့ လွယ်ကူတဲ့ ပြိုင်ဘက်တွေပါပဲ။ ဒါပေမဲ့ ချူရန်ကောင်းကတော့ တော်တော်လေး ခက်ခဲတဲ့ ပြိုင်ဘက်လို့ ဆိုရမှာပါ။

အထူးသဖြင့် ချူရန်ကောင်းရဲ့ ရေထုကိုယ်ပွားက လီဖူချန်းကို အတော်လေး အလုပ်ရှုပ်စေခဲ့ပါတယ်။ လီဖူချန်းက ချူရန်ကောင်းရဲ့ ရေထုကိုယ်ပွားကို ဘယ်လိုလုပ်လုပ် မဖြိုခွင်းနိုင်ခဲ့ပါဘူး။ လီဖူချန်းက မီးလျှံနှလုံးသား ကို ထုတ်သုံးရမလား ဆိုပြီးတော့တောင် စဉ်းစားနေခဲ့တာပါ။

ဒါပေမဲ့ လီဖူချန်းအတွက် ကံကောင်းတာ တစ်ခုကတော့ ချူရန်ကောင်းဟာ တကယ့် အရေးကြီး အခိုက်အတန့်မှာ ဟာကွက်တစ်ခု ထုတ်ပြလိုက်မိတာပါပဲ။ အဲသည်နောက်မှာတော့ လီဖူချန်းအတွက်အရာရာဟာ လွယ်ကူသွားခဲ့ပါပြီ။

ပွဲစဉ်၃၅ကို အရောက်မှာတော့ လီဖူချန်းဟာ ရန်ရှီဟိုနဲ့ ထိပ်တိုက် တွေ့ပါတယ်။

ရန်ရှီဟိုရဲ့ ပစ်မှတ်တစ်ခုတည်း အသေထားပြီး တိုက်ခိုက်တဲ့ တိုက်ခိုက်မှုကလန်ဖေးအာထက်တောင်မှ ပြင်းထန်ပါသေးတယ်။ သည်တိုက်ပွဲဟာလည်း လီဖူချန်းအတွက် ခက်ခဲတာပါပဲ။

ရွေးချယ်မှု မရှိတော့တဲ့ အဆုံးမှာတော့ လီဖူချန်းဟာ ရန်ရှီဟိုဆီကို ခုန်ဝင်သွားပြီး အနီးကပ် တိုက်ခိုက်ပါတော့တယ်။

အနီးကပ် တိုက်ခိုက်မှုမှာတော့ လီဖူချန်းရဲ့ ချီ နဲ့ ဆင်နဂါးစွမ်းအားတွေဟာ တစ်စုတစ်စည်းတည်း ပေါင်းစည်းသွားခဲ့တဲ့အတွက် သူ့ရဲ့ ဓားချက်တွေဟာ ပိုပြီး အားမာန် ပါလာခဲ့ပါတယ်။သူက နေဝန်းစိမ်း ဓားဆန္ဒကို အကွက်ကျကျ မသုံးနိုင်တော့ပေမယ့်လည်း သူ့ရဲ့ ခွန်အား သက်သက်ကတင် ရန်ရှီဟိုရဲ့လေနီကြမ်း မုန်တိုင်းကို ဖျက်ဆီးဖို့အတွက် လုံလောက်နေခဲ့ပါပြီ။

ရန်ရှီဟိုအတွက် ကံကောင်းတာ တစ်ခုကတော့ လီဖူချန်းဟာ သူ့ရဲ့ ခန္ဓာကိုယ်အပြင်အားတွေကို အကုန်လုံး ထုတ်မသုံးတာပါပဲ။ တကယ်လို့သာ လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ်အပြင်အားတွေ အကုန်လုံးကို ထုတ်သုံးမယ်ဆိုရင် လက်သီးတစ်ချက်နဲ့တင် ရန်ရှီဟိုကို သတ်ပစ်နိုင်ပါတယ်။

ဆင်အသေးစားလေး သူ့ရဲ့ နှလုံးသားထဲမှာ ပေါ်လာပြီးကတည်းက လီဖူချန်းရဲ့ ခန္ဓာကိုယ်အပြင်အားဟာ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၁၆နဲ့ ယှဉ်လို့ ရနေပါပြီ။ သူ့ရဲ့ ကျားဝိညာဉ်လက်သီးကိုပါ ထည့်ပေါင်းလိုက်မယ် ဆိုရင်တော့ လီဖူချန်းရဲ့ ခန္ဓာကိုယ် အပြင်အားဟာ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၂၀က ပညာရှင်ကိုတောင် ယှဉ်နိုင်ပါသေးတယ်။

ဒါပေမဲ့လည်း လီဖူချန်းအနေနဲ့ အစွမ်းရှိတိုင်း ထုတ်ပြလို့ မရသေးပါဘူး။

လီဖူချန်းက သူ့ရဲ့ ခန္ဓာကိုယ် အပြင်အား အစစ်အမှန်ကို ထုတ်ပြလိုက်ပြီ ဆိုကြပါစို့။ အဲဒါက သူဟာ မြေကမ္ဘာ အလယ်အလတ်အဆင့် ခန္ဓာကိုယ်အပြင်အား ကျင့်စဉ်ကို လေ့ကျင့်ထားပါတယ်လို့ တခြားသူတွေကိုပြောပြလိုက်တာနဲ့ အတူတူပါပဲ။

အဲဒါက မမျှော်လင့်တဲ့ပြသနာတွေကို သယ်ဆောင်လာပါလိမ့်မယ်။

ဒါပေမဲ့လည်း တကယ့် အကျဉ်းအကြပ်ထဲကို ရောက်နေပြီ ဆိုရင်တော့ သူ့အနေနဲ့ သူ့ရဲ့ ခန္ဓာကိုယ်အပြင်အား အစစ်အမှန်ကို ထုတ်ပြဖို့ ဝန်လေးနေမှာ မဟုတ်ပါဘူး။

ပြသနာက သူ့ကို အဲသည်လို ဖြစ်အောင် ဖိအားပေးနိုင်တဲ့သူ မရှိသေးတာပါပဲ။

ထန်……

ကြက်သွေးရောင် သွေးနီဓား နဲ့ ရွှေရောင် လှံတံတို့ ထိပ်တိုက်အတွေ့မှာတော့ မီးပွားလေးတွေ ဖြာထွက်လာခဲ့ပါပြီ။

" လခွီးပဲ။ သည်ကောင့်ရဲ့ လက်မောင်းအား ဘာလို့ သည်လောက်အထိ သန်နေရတာလဲ "

ရန်ရှီဟိုက ထုံကျဉ်နေတဲ့ သူ့ရဲ့ လက်ကို မသိမသာ ခါလိုက်ရင်းနဲ့ ခပ်တိုးတိုး ညည်းတွားလိုက်ပါတယ်။

သူက သည်တစ်ခေါက် အဆင့်သတ်မှတ်ချက် ပြိုင်ပွဲမှာ သူ့အတွက် အတားအဆီး ဆူးငြောင့်ဆိုလို့ ပိုင်လိရှန် နဲ့ လင်းရီကျန်းပဲ ရှိမယ်လို့ထင်ထားခဲ့တာပါ။ အခုတော့ လီဖူချန်းကလည်း သူ့အတွက် အတားအဆီး ဆူးငြောင့်တစ်ခု ဖြစ်လာခဲ့ပါပြီ။

" ရန်ရှီဟို …… အရှုံးပေးစမ်း "

လီဖူချန်းကတော့ သူ့ရဲ့ ဓားသိုင်းကိုတောင်မှ ထုတ်မသုံးတော့ပါဘူး။ သူက ခန္ဓာကိုယ်အပြင်အားကို အသုံးပြုပြီး ရန်ရှီဟိုကို ဓားချက် တစ်ချက်ပြီးတစ်ချက် ဆင့်ကာဆင့်ကာ ခုတ်ချပါတော့တယ်။

ထန်……ထန်……ထန်……ထန်……

ရန်ရှီဟိုကလည်း အရူးအမူး ကာကွယ်နေဆဲပါပဲ။

" လီဖူချန်း…… ငါ့ကို အနိုင်ယူဖို့ဆိုတာ ထင်သလောက် မလွယ်ဘူးကွ "

ရန်ရှီဟိုက အရှုံးမပေးချင်သေး ပုံပါပဲ။ သူက လှံတာအိုစွမ်းအားကို အဆုံးစွန်သော ကန့်သတ်ချက်အထိ ထုတ်လိုက်ပြီး လှံမုန်တိုင်း တစ်ခုကို ထုတ်လိုက်ပါတယ်။

လီဖူချန်းက ထိပ်တိုက် ရင်မဆိုင်တော့ပါဘူး။ သူက လှံမုန်တိုင်းကို လှလှပပ ရှောင်တိမ်းလိုက်ပါတယ်။ ပြီးတာနဲ့သူက ဆင်နဂါးစွမ်းအားတွေကို သွေးနီဓားထဲ ပို့ဆောင်လိုက်ပြီး အားရပါးရ ခုတ်ချလိုက်ပါတော့တယ်။

ရွှီး……

ဓားချက် ထွက်ပေါ်လာတာနဲ့ တစ်ပြိုင်နက် ရွှေရောင် ဓားအလင်းတန်းဟာ လေထုထဲမှာ ဖြစ်တည်လာခဲ့ပါပြီ။

အဲသည်နောက်မှာတော့ ရွှေရောင်လှံတံ လှုပ်ရှားမှုဟာ ရပ်တန့်သွားပြီး ရန်ရှီဟိုဟာ သိုင်းစင်မြင့်ပေါ်ကနေ လွင့်ထွက်သွားပါတော့တယ်။

" ဟူး……လီဖူချန်းက ခန္ဓာကိုယ် သန့်စင်ခြင်း လမ်းစဉ်မှာလည်း သည်လောက် အဆင့်အထိ ရောက်နေလိမ့်မယ်လို့ ငါလုံးဝ မထင်ထားဘူး "

" သူက ချီအတွင်းအားနဲ့ ခန္ဓာကိုယ်အပြင်အား လမ်းစဉ်နှစ်သွယ် ကျင့်ကြံခြင်းကို လျှောက်လမ်းတာတောင်မှ သည်လောက်အထိ မြန်မြန် တိုးတက်နေပြီ။ သူ့ရဲ့ ထိုးထွင်းသိမြင်မှုက တကယ့် ကြောက်စရာပဲ "

လူတွေအားလုံးကတော့ လီဖူချန်း နဲ့ ပက်သက်တဲ့ သူတို့ရဲ့ အမြင်တွေကို ထုတ်ဖော်ဆွေးနွေးနေကြပါပြီ။

" ကြည့်ရတာတော့ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်က သည်နှစ်မှာ ထိပ်ပိုင်းကို လှမ်းတက်ဖို့ သေချာနေပြီပဲ "

ကျောင်းအုပ်အများစုက သက်ပြင်းချပြီး မန်ချင်းဟန်ကို မနာလိုစွာ ကြည့်နေကြပါတယ်။

အခု လီဖူချန်း ပြသသွားတဲ့ စွမ်းရည်တွေအရ ဆိုရင်တော့ သူဟာ အဆင့်သတ်မှတ်ချက် ပြိုင်ပွဲရဲ့ ထိပ်ဆုံးသုံးယောက်ထဲကို သေချာပေါက် ဝင်မှာပါပဲ။

အဆင့်၁ နေရာက အမှတ် ၅၀၊ အဆင့်၂ နေရာက ၄၉မှတ်၊ အဆင့်၃ နေရာက ၄၈မှတ်။

စီးတုသောင်း နဲ့ ဝမ်ဟိုင်လုံတို့ရဲ့ ရမှတ်တွေကိုပါ ထည့်ပေါင်းလိုက်မယ် ဆိုရင် သည်နှစ် တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ် ရမယ့် ရမှတ်ဟာ သေချာပေါက် အမှတ်၅၀ကို ကျော်ပါပြီ။ ကံကောင်းရင် သူတို့က အမှတ်၆၀လောက်တောင် ရသွားနိုင်ပါသေးတယ်။

အမှတ်၆၀ဆိုတာက ထိပ်ဆုံး သိုင်းတက္ကသိုလ် ၁၀ခုထဲကို ဝင်ဖို့အတွက် လုံလောက်တဲ့ အမှတ်ပါပဲ။

ပွဲစဉ်၄၀……

"သိုင်းစင်မြင့် နံပါတ်၉။ ပြိုင်ပွဲဝင်နံပါတ် ၁ လင်းရီကျန်းနဲ့ပြိုင်ပွဲဝင် နံပါတ်၁၅ လီဖူချန်း "

နောက်ဆုံးမှာတော့ အစွမ်းထက်တဲ့ ဓားသမားနှစ်ယောက် ထိပ်တိုက်တွေ့ကြပါပြီ။ဒါက ဘယ်သူ့ ဓားသိုင်းက ပိုအစွမ်းထက်သလဲ ဆိုတာကို အဆုံးအဖြတ်ပေးမယ့် ပွဲပါပဲ။

သိုင်းစင်မြင့်ပေါ်မှာတော့ ဓားသမား နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် မီတာ၂၀ အကွာမှာ ရပ်နေကြပါတယ်။

လင်းရီကျန်းကတော့ အပြာရောင် ဝတ်စုံကို သေသေသပ်သပ် ဝတ်ဆင်ထားပြီး လီဖူချန်းကတော့ အစိမ်းရောင် ဝတ်ဆင်ကို ကပိုကရို ဝတ်ဆင်ထားပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ ခါးပေါ်မှာ ရှိနေတာကတော့ ရှေးဟောင်း ရတနာဓားတွေပါပဲ။

" မင်းက အစွမ်းထက်တယ်။ ဒါပေမဲ့ ငါ့ရဲ့ပြိုင်ဘက် မဖြစ်နိုင်သေးဘူး "

လင်းရီကျန်းက အေးစက်စက် လေသံနဲ့ ဆိုလိုက်ပါတယ်။

" အိုး……ဟုတ်လား ။မစမ်းကြည့်သေးဘဲနဲ့ မင်းဘယ်လို သိတာလဲ "

လီဖူချန်းကတော့ လင်းရီကျန်းရဲ့ စကားကို ဂရုမစိုက်ပုံပါပဲ။ သူက မထီတရီ ပြုံးနေပါသေးတယ်။

" ဟုတ်ပြီလေ။ဒါဆိုရင်လည်း စမ်းကြည့်ရတာပေါ့ "

လင်းရီကျန်းက နတ်ဘုရားစွမ်းရည်ကို ထုတ်မသုံးထားပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခုချိန်အထိ သူ့ကို နတ်ဘုရားစွမ်းရည် ထုတ်သုံးလာအောင် ဖိအားပေးနိုင်တဲ့လူ မရှိသေးလို့ပါပဲ။

ချွမ်………

ဓားကို ဓားအိမ်ထဲကနေ ဆွဲထုတ်လိုက်ပြီးတဲ့ နောက်မှာတော့ လင်းရီကျန်းဟာ ဓားချက်တွေကို အဆက်မပြတ် ထုတ်လိုက်ပါတယ်။သူ့ရဲ့ ဓားချီတွေက ပျံလွှားနဲ့ သိမ်းငှက်တွေလိုပါပဲ။ ဓားချီတိုင်းမှာလည်း ကြောက်စရာကောင်းလှတဲ့ ဓားဆန္ဒတွေ ခိုဝင်ကိန်းအောင်း နေပါသေးတယ်။ပြီးတော့ အဲသည်ဓားချီတွေအားလုံးက လီဖူချန်းဆီကိုပဲ တိုးဝင်နေကြတာပါ။

သည်ဓားကွက်ကို ကြည့်လိုက်တာနဲ့ပဲ လင်းရီကျန်းရဲ့ ဓားသိုင်းပညာ အတိမ်အနက်ကို သိနိုင်နေပါပြီ။ သည်နှစ်သိုင်းပြိုင်ပွဲမှာတော့ သည်ဓားကွက်ကို ခုခံနိုင်တဲ့လူက လက်ငါးချောင်းပြည့်မှာ မဟုတ်ပါဘူး။

လီဖူချန်းက နတ်ဘုရားမီးတောက် အသွင်ပြောင်းခြင်းကို အသုံးပြုပြီး မီးတောက်တစ်ခုအသွင် ပြောင်းလဲလိုက်ပါတယ်။ ပြန်ပေါ်လာတဲ့ အချိန်မှာတော့ သူဟာ လင်းရန်ကျင်းရဲ့ ရှေ့မှောက်ကို ရောက်နေခဲ့ပါပြီ။

လီဖူချန်းက အဝေးကနေ တိုက်ခိုက်မယ်ဆိုရင် သူဟာ လင်းရီကျန်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး ဆိုတာကို ရိပ်မိပါတယ်။

သူက အခုမှ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၄မှာသာ ရှိနေသေးတာပါ။လင်းရီကျန်းရဲ့ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၇ နဲ့ မြေကမ္ဘာအဆင့်မြင့် ဓားဆန္ဒကနောက်စရာ မဟုတ်ပါဘူး။

ချွမ်……

လီဖူချန်းက သွေးနီဓားကို ဆွဲထုတ်လိုက်ပြီး လင်းရီကျန်းကို ခုတ်ပိုင်းပစ်လိုက်ပါတယ်။ ဓားချက်က လျှပ်စီး လက်သွားသလိုပါပဲ။

ထန်……

ဒါပေမဲ့လည်း လင်းရီကျန်းကလည်း ခေသူ မဟုတ်ပါဘူး။ သူက လီဖူချန်းရဲ့ ဓားချက်ကို အမိအရ ခုခံလိုက်နိုင်ပါတယ်။

" ကောင်းလိုက်တဲ့အား "

လင်းရီကျန်းက အနောက်ကို အလျင်အမြန် ဆုတ်ခွာသွားခဲ့ပါပြီ။ သူက အနောက်ကို ဆုတ်သွားရင်းနဲ့ သူ့ရဲ့ စိတ်ကြိုက်ဓားကွက်ဖြစ်တဲ့ ဓားကွက်ကို ပြန်ထုတ်သွားပါသေးတယ်။ အဲဒါကတော့ "တိမ်တိုက်စိမ်းနဲ့အတူ မျောလွင့်ခြင်း "ပါပဲ။

ဟူး……ဟူး……ဟူး……

လင်းရီကျန်းရဲ့ ဓားကို အခြေပြုပြီး လေဟာနယ်ဟာ လှိုင်းလုံးတွေ ထလာကာ တုန်ခါလာခဲ့ပါတယ်။

လင်းရီကျန်းက လီဖူချန်းနဲ့ အနီးကပ် တိုက်ခိုက်ဖို့ကို စိတ်မဝင်စားပါဘူး။သူက အနီးကပ် တိုက်ခိုက်မယ်ဆိုရင် လီဖူချန်းကို အသာမရနိုင်ဘူးဆိုတာကို တွက်ဆမိပါတယ်။ ဒါကြောင့်လည်း သူက လီဖူချန်းနဲ့ ဝေးသထက်ဝေးအောင်ဆုတ်သွားခဲ့တာပါ။

ရုတ်တရက်ဆိုရင်တော့ သည်လေလှိုင်းလုံးတွေက ဘာမှ မဟုတ်သလိုပါပဲ။ ဒါပေမဲ့လည်း လီဖူချန်းက သည်လေလှိုင်းလုံးတွေထဲမှာ ခိုဝင်ကိန်းအောင်းနေတဲ့ ဓားချီတွေကို အာရုံခံမိပါတယ်။

ဒါက လျော့တွက်စရာ မဟုတ်ပါဘူး။ လင်းရီကျန်းရဲ့ သည်ဓားကွက်ကို မြည်းစမ်းကြည့်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေတိုင်းဟာ ခန္ဓာကိုယ်ပေါ်မှာ ဇကာပေါက်လို ဓားဒဏ်ရာတွေ ရသွားပြီး ရှုံးနိမ့်သွားတာချည်းပါပဲ။

"သွားစမ်း "

လီဖူချန်းက သူ့ဆီကို တိုးဝင်လာတဲ့ လေလှိုင်းလုံးတွေ အကုန်လုံးကို ခုတ်ပိုင်းပစ်လိုက်ပါတယ်။

ဖန်း……ဖန်း……ဖန်း……ဖန်း……

ရွှေရောင်ဓားအလင်းတန်း တစ်ခုက လေလှိုင်းလုံးတွေကို ပေါက်ကွဲသွားစေ ခဲ့ပါပြီ။ဆင်နဂါးစွမ်းအားတွေကို အသက်သွင်းထားတဲ့ လီဖူချန်းအတွက်ကတော့ သည်ဓားကွက်ကို ဖျက်ဆီးဖို့က မခက်ခဲလှပါဘူး။

လင်းရီကျန်းရဲ့ ဓားချက်ကို ချေဖျက်ပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ လင်းရီကျန်းဆီကို ပြန်လည် ချည်းကပ်သွားပါတယ်။

" တိမ်တိုက်စိမ်း ပိုက်ကွန် "

လင်းရီကျန်းကလည်း လူပါး တစ်ယောက်ပါပဲ။ သူက လီဖူချန်းကို လုံးဝ အနားအကပ် မခံပါဘူး။ သူက အနောက်ကို တရစပ် ဆုတ်သွားရင်းနဲ့ ဓားကွက်တစ်ကွက် ထပ်ထုတ်လိုက်ပါတယ်။

ချွမ်……

ဓားအလင်းတန်း ပိုက်ကွန်ကြီး တစ်ခုဟာ လီဖူချန်းအပေါ်ကို ကျရောက်လာခဲ့ပါပြီ။

"ပျက်စီးစမ်း "

ဖန်း……ဖန်း……ဖန်း……

သူ့ရဲ့ တစ်မူထူးခြားလှတဲ့ အသိစိတ်အာရုံအတွက်ကတော့ ဓားပိုက်ကွန်ရဲ့ အားနည်းချက် နေရာအချို့ကို ရှာဖွေတွေ့ရှိဖို့ မခက်ခဲလှပါဘူး။ လီဖူချန်းက ဓားအလင်းတန်း ပိုက်ကွန်ကို အလွယ်တကူပဲ ဖျက်ဆီးပစ်လိုက် ပြန်ပါတယ်။

သည်တစ်ကြိမ်မှာတော့ လင်းရီကျန်းရဲ့ မျက်နှာဟာ လေးနက်တည်ကြည်သွားခဲ့ပါပြီ။

သူ့ရဲ့ တိမ်တိုက်စိမ်း ပိုက်ကွန်က ထွက်ပြေးလွတ်မြောက်ဖို့ မဖြစ်နိုင်တဲ့ ဓားကွက်တစ်ခုလို့တောင် သတ်မှတ်နိုငိပါတယ်။ တစ်ဖက်လူက သူ့ထက် အားမကောင်းဘဲနဲ့တော့ သည်ဓားကွက်ကို ဘယ်လိုမှ ဖျက်ဆီးနိုင်စရာ အကြောင်းမရှိပါဘူး။

လီဖူချန်းကတော့လင်းရီကျန်းရဲ့ လှုပ်ရှားမှုတွေကို ကြိုသိနေပုံပါပဲ။ သူက လင်းရီကျန်းနဲ့ သူ့ရဲ့ကြားမှာရှိတဲ့ အကွာအဝေးကို လုံးဝ မတိုးစေပါဘူး။ သူက လင်းရီကျန်းကို တောက်တဲ့တစ်ကောင်လို လိုက်ကပ်နေပါတယ်။

သည်အတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ လင်းရီကျန်းဟာ လီဖူချန်းကို ရှုံးနိမ့်သွားတော့မှာပါ။

" လခွီးပဲ။ သည်ကောင်က ငါထင်ထားတာထက် ပိုခက်တယ် "

လင်းရီကျန်းကတော့ လီဖူချန်းကို ရင်ဆိုင်ရ ခက်ခဲတဲ့ ပြိုင်ဘက်အဖြစ် သတ်မှတ်လိုက်ပါပြီ။

" တိမ်တိုက်စိမ်း အကြွင်းမဲ့ ဖြစ်တည်ခြင်း "

လင်းရီကျန်းက ရုတ်တရက် ဆိုသလို ကိုယ်ဟန်ကို ပြောင်းလိုက်ပြီး ဓားကွက်တစ်ကွက် ထပ်ထုတ်လိုက်ပါတယ်။

" ကောင်းလိုက်တဲ့ ဓားကွက် "

လီဖူချန်းကလည်း သတိလက်လွတ် မနေပါဘူး။သူက သွေးနီဓားကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ပြီး လင်းရီကျန်းရဲ့ ဓားကွက်ကို ချေဖျက်လိုက်ပါတယ်။

" ဟင်…… သူက ရီကျန်းရဲ့ တိမ်တိုက်စိမ်း အကြွင်းမဲ့ ဖြစ်တည်ခြင်းကိုတောင် ချေဖျက်နိုင်တာလား "

အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးက မျက်မှောင်ကြုတ်လိုက်ပါတယ်။ ဒါက လုံးဝ မယုံနိုင်စရာပါပဲ။

တိမ်တိုက်စိမ်း အကြွင်းမဲ့ ဖြစ်တည်ခြင်း ဆိုတာက တိမ်တိုက်စိမ်း ဓားသိုင်းရဲ့ အစွမ်းအထက်ဆုံး သတ်ဖြတ်ကွက် ဖြစ်ပါတယ်။ လင်းရီကျန်းရဲ့ သည်ဓားကွက် ထွက်ပေါ်လာပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ဘယ်သူမှ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ လင်းရီကျန်းရဲ့ သည်ဓားကွက်က အမြဲလိုလို အောင်မြင်ခဲ့တာပါ။

အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီး မသိတာကတော့ လီဖူချန်းရဲ့ အသိစိတ်အာရုံဟာ တိုက်ပွဲဝိညာဉ်နယ်ပယ် ပညာရှင်တွေထက်တောင်မှ သာလွန်နေပြီ ဆိုတာပါပဲ။ အဲသည်အတွက် လီဖူချန်းကို အလစ်ဖမ်းပြီး တိုက်ခိုက်နိုင်ဖို့က လွယ်ကူမှာ မဟုတ်ပါဘူး။ကျင့်ကြံခြင်း နယ်ပယ်တူမှာ ဆိုရင်တော့ ပိုပြီးတော့တောင် ဆိုးပါသေးတယ်။

" ကြယ်ကြွေ "

နောက်ဆုံးမှာတော့ကြယ်ပျံဓားသိုင်းဟာ နောက်ထပ် တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြန်ပါပြီ။

လီဖူချန်းက ကောင်းကင်ပေါ်ကို ခုန်တက်သွားပြီး လင်းရီကျန်းအပေါ်ကို ဓားနဲ့လူ တစ်ပါတည်း ဇောက်ထိုး ဆင်းချလာပါတယ်။

အနီးကပ် တိုက်ပွဲတွေမှာ ဆိုရင်တော့ သူဟာ နေဝန်းစိမ်း ဓားဆန္ဒကို ပြီးပြည့်စုံအောင် အသုံးမချနိုင်ပါဘူး။ သူ့ရဲ့ ချီအတွင်းအားတွေဟာ ဆင်နဂါးစွမ်းအားတွေ ထုတ်ထားတဲ့ အချိန်ဆိုရင် တစ်ခုနဲ့တစ်ခု ထိပ်တိုက်တွေ့မှု အချို့ ဖြစ်တတ်ပါတယ်။ အဲသည်အတွက် လီဖူချန်းဟာ ဓားကွက်တွေကို စိတ်တိုင်းကျ စိတ်လွတ်လက်လွတ် သုံးလို့ မရပါဘူး။

ဒါပေမဲ့ ကြယ်ပျံဓားသိုင်းကတော့ ခြွင်းချက်ပါပဲ။

သည်ဓားသိုင်းက ဓားကွက်တစ်ကွက်တည်းသာ ရှိတာပါ။ ပြီးတော့ဓားကွက် နဲ့ ဓားဆန္ဒကလည်း အင်မတန်ရိုးရှင်းလှပါတယ်။

အဲသည်လို ရိုးရှင်းလွန်းလှတဲ့ အတွက်ပဲ ခန္ဓာကိုယ် အပြင်အားတွေကို ပေါင်းထည့်လို့ ရတာလားတော့ မသိပါဘူး။ သည်ဓားကွက်ကို ထုတ်သုံးတဲ့ အချိန်မှာဆိုရင် ချီအတွင်းအားတွေနဲ့ ဆင်နဂါးစွမ်းအားတွေဟာ ထိပ်တိုက်တွေ့လေ့ မရှိဘဲ တစ်ခုနဲ့တစ်ခု လိုက်လျောညီထွေစွာ ရှိနေတတ်ကြပါတယ်။

လင်းရီကျန်းကတော့ တုန်လှုပ်စ ပြုနေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူက လီဖူချန်းရဲ့ ဓားကွက်ကနေပြီး သေဆုံးခြင်း အငွေ့အသက်တွေကို ခံစားနေရလို့ပါပဲ။

" ဟင်…… သည်ဓားကွက်က ဘာဓားသိုင်းပါလိမ့်။ အဲဒါက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ "

မန်ချင်းဟန် နဲ့ အခြားသော ကျောင်းအုပ်ကြီးတွေကတော့ လီဖူချန်းရဲ့ ဓားကွက်ဟာ သာမန် ဓားကွက်တွေနဲ့ မတူတာကို သတိပြုမိကြပါတယ်။

သိုင်းပညာလမ်းစဉ်မှာက လမ်းစဉ်နှစ်ခုပဲ ရှိတာပါ။ ပထမ လမ်းစဉ်ကတော့ သိုင်းကွက်တွေကို ရှုပ်ထွေးသထက် ရှုပ်ထွေးအောင် ဖန်တီးတာဖြစ်ပြီး ဒုတိယလမ်းစဉ်ကတော့ သိုင်းကွက်တွေကို ရိုးရှင်းသထက် ရိုးရှင်းအောင် ဖန်တီးတာ ဖြစ်ပါတယ်။ဘယ်လမ်းစဉ်ကိုပဲလိုက်လိုက် အဆုံးအထိ ရောက်သွားမယ် ဆိုရင်တော့ အလွန်အမင်း ကြောက်စရာ ကောင်းသွားမှာ အသေအချာပါပဲ။

လီဖူချန်းရဲ့ အခုဓားကွက်မှာ ခိုဝင်ကိန်းအောင်းနေတဲ့ ဓားဆန္ဒက သိပ်ပြီး အားမကောင်းလှပါဘူး။ ဒါပေမဲ့ ဓားကွက်ရဲ့ အဟုန် နဲ့ အရှိန်အဝါကတော့အားကောင်းလွန်းလှပြီး ဓားကွက်ရဲ့ ရည်ရွယ်ချက်က သန့်စင် လွန်းလှပါတယ်။ သည်ဓားကွက်က ဟာကွက်ကို မရှိဘူးလို့ ဆိုရမှာပါ။

" ဓားသိုင်းပညာပိုင်းမှာတော့ လင်းရီကျန်းက သိသိသာသာကြီး ရှုံးနေပြီပဲ "

ပိုင်လိရှန်ကို ခေါင်းကို အသာအယာ ခါယမ်းလိုက်ပါတယ်။

ရွပ်……

လင်းရီကျန်းက ကိုယ်ဖော့ပညာကို အစွမ်းကုန် ထုတ်သုံးပြီး ဓားကွက် သက်ရောက်ရာ နယ်မြေထဲကနေ ရှောင်တိမ်းသွားခဲ့ပေမယ့်လည်း လွတ်လွတ်ကျွတ်ကျွတ်တော့ ရှောင်တိမ်း မသွားနိုင်ခဲ့ပါဘူး။ လီဖူချန်းရဲ့ ဓားက သူ့ရဲ့ ပခုံးသားကို ဆွဲဖြဲသွားပြီး သွေးတွေ ပန်းထွက်သွားစေပါတယ်။

လင်းရီကျန်းရဲ့ မျက်နှာကတော့ မည်းမှောင်နေခဲ့ပါပြီ။

" လီဖူချန်း…… မင်းက ငါ့ကို ဒဏ်ရာရစေမယ်လို့ ငါလုံးဝ မထင်ခဲ့ဘူး။ ဒါပေမဲ့ ပွဲက အခုမှ တကယ် စမှာကွ။မင်းကို ငါ့ရဲ့ ဓားတာအို နတ်ဘုရားစွမ်းရည်ကို မြည်းစမ်းခိုင်းမယ် "

" ပဒုမ္မာ ဓားကြာပန်း အသက်ဝင်စမ်း "

ကြောက်စရာ ကောင်းလှတဲ့ ဓားဆန္ဒတစ်ခုဟာ အရပ်မျက်နှာ အကုန်လုံးကို ပျံ့နှံ့လာခဲ့ပါတယ်။ လေထုထဲမှာတော့ ဓားအလင်းတန်းတွေဟာစက်ဝိုင်းပုံသဏ္ဌာန် လှည့်ပတ်နေခဲ့ပါပြီ။

" အန္တရာယ်ပဲ "

အန္တရာယ်အနံ့ကို ရလိုက်တဲ့ လီဖူချန်းဟာ မီးတောက်အသွင်ကို ပြောင်းပြီး ဆုတ်သွားခဲ့ပါတယ်။

" သည်လိုပြေးလို့ လွတ်ရောလား "

လင်းရီကျန်းကလည်း လုံးဝ အလွတ်မပေးပါဘူး။

ကြာပန်းပုံသဏ္ဌာန် ဓားအလင်းတန်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး လီဖူချန်း ဆုတ်ခွာရာ လမ်းတစ်လျှောက်ကို လိုက်သွားခဲ့ပါတယ်။ အဲသည် ဓားအလင်းတန်းကလီဖူချန်းထက်တောင်မှ မြန်နေသလိုပါပဲ။

ထန်……ထန်……ထန်……

လီဖူချန်းက ကြက်သွေးရောင် သွေးနီဓားကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ပြီး ဓားကြာပန်းကို ခုခံလိုက်ပါတယ်။

ဒါပေမဲ့လည်း ဓားကြာပန်းက အင်မတန် အစွမ်းထက်နေတဲ့အတွက် လီဖူချန်းရဲ့ ခုခံမှု အလုပ် မဖြစ်ခဲ့ပါဘူး။ လီဖူချန်းက ဓားကြာပန်းကို မခုခံနိုင်တဲ့အပြင် ဓားကြာပန်းရဲ့ တန်ပြန်ရိုက်ခတ်မှုကြောင့်အနောက်ကို လွင့်ထွက်သွားပါသေးတယ်။

ဘန်း……

ဓားကြာပန်းရဲ့ တန်ပြန် ရိုက်ခတ်မှုကြောင့် လီဖူချန်းဟာ သိုင်းစင်မြင့်ရဲ့ ထောင့်စွန်းအထိကိုရောက်သွားခဲ့ပါတယ် ။ ဓားကြာပန်းကတော့ အရှိန်မသေးဘဲ လီဖူချန်းဆီကို တိုးဝင်လာဆဲပါပဲ။

အခြေအနေကတော့ ဘယ်လိုပဲဖြစ်ဖြစ် လီဖူချန်းရှုံးဖို့ သေချာနေခဲ့ပါပြီ။

" ဟင်း……"

" ဟူး…… "

မန်ချင်းဟန် နဲ့ လင်းကျူပိုင်တို့ကတော့ သက်ပြင်းကိုယ်စီ ချလိုက်ကြပါတယ်။ ဒါပေမဲ့လည်း သူတို့က စိတ်ပျက်သွားခြင်းတော့ မရှိပါဘူး။လီဖူချန်းတစ်ယောက်သည်အဆင့်အထိရောက်လာတာကိုပဲ သူတို့ကကျေနပ်လှပါပြီ။ လီဖူချန်း ရင်ဆိုင်နေရတဲ့ ပြိုင်ဘက်က နံပါတ်တစ် သိုင်းတက္ကသိုလ်ဖြစ်တဲ့ အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံ လင်းရီကျန်း မဟုတ်ပါလား။

" ပွဲပြီးပြီ "

အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးကတော့ အခုမှပဲ ပြုံးနိုင်ပါတော့တယ်။

လင်းရီကျန်းက သူ့ရဲ့ ဓားတာအို နတ်ဘုရားစွမ်းရည်ကို ထုတ်သုံးလိုက်ပြီဆိုရင် အထက်ကောင်းကင်ဘုံ အတွင်းစည်းတက္ကသိုလ်ရဲ့ နည်းပြဆရာတွေတောင်မှ တောင့်မခံနိုင်ပါဘူး။ လီဖူချန်းဆိုရင်တော့ ပြောမနေပါနဲ့တော့။

***

All Chapters