← Chapters

တာအိုနန်းတော်သို့ ပြန်လည်ရောက်ရှိလာခြင်း

Vol. 72 Ch. 990

တာအိုနန်းတော်သို့ ပြန်လည်ရောက်ရှိလာခြင်း

Vol. 72 Ch. 990

ထာဝရကြယ်အဆင့် လူငယ်လေး ပေါ်ပေါက်လာခဲ့ပြီးနောက် နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးမှာ အလုပ်မလုပ်တော့သဖြင့် ပြည်ထောင်စုကြီးထဲမှ တိုင်းသူပြည်သားတိုင်းမှာ စကြဝဠာကြီးထဲ၌ ဖြစ်ပျက်နေသည့် အရာများကို မမြင်ရတော့ပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ် ရောက်ရှိလာသည့် မြင်ကွင်းကိုလည်း မည်သူကမှ မမြင်လိုက်ရပေ။ သို့ဖြစ်ရာ လီရှင်းဝမ် အပါအဝင် လူတိုင်းမှာ ထို အချိန်တိုလေးအတွင်းတွင် ဝမ်ပေါင်လဲ့၏ ကိုယ်ပွား သူ၏ခန္ဓာကိုယ်အစစ်နှင့် ပေါင်းစည်းသွားခဲ့သည့် အချက်အား သိရှိထားခြင်းမရှိပေ။

ထာဝရကြယ်အဆင့် လူငယ်လေး ထွက်ခွာသွားပြီးမှ နေအဖွဲ့အစည်း မန္တန်အစီအရင်မှာ တစ်ဖန်ပြန်၍ လည်ပတ်လာခဲ့၏။ ထိုအခါမှသာ ပြည်ထောင်စုကြီးထဲ၌ တိုက်ရိုက်ထုတ်လွှင့်မှုများ ပြန်လည်ပေါ်ပေါက်လာသည်။

ထို့ကြောင့် ထိုအချိန်တွင် ပြည်ထောင်စုကြီးထဲမှ ကျင့်ကြံသူများမှာ ဝမ်ပေါင်လဲ့ သဲ့ယွင်ကျစ်အား ဝါးမျိုကာ သူ၏ ဂိုဏ်းတူအစ်ကိုကြီးအား ခေါင်းဖြတ်ပစ်ပြီး သူ၏ဦးခေါင်းအား လက်ထဲ၌ ကိုင်ထားသည့် မြင်ကွင်းကိုသာ မြင်လိုက်ရသည်။

ထိုမြင်ကွင်းအား မြင်လိုက်ရသည့် လူတိုင်းနီးပါးမှာ ပင့်သက်များ ရှိုက်မိသွားကြ၏။ လီရှင်းဝမ်မှာဆိုလျှင် မျက်လုံးများ ပြူးသွားသည်။ သူသည် ဝမ်ပေါင်လဲ့၏ အစွမ်းအစများကို မြင်ဖူးထားပြီးသား ဖြစ်ပါသော်လည်း ယခုတွင် သူသည် လုံးဝပြောင်းလဲသွားပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။

" အဲတာ ဂြိုဟ်အဆင့် ကျင့်ကြံသူ နှစ်ယောက်လေ " လီရှင်းဝမ်မှာ တစ်ကိုယ်တည်း ရေရွတ်မိလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ တစ်ချိန်ထဲမှာပင် အင်္ဂါဂြိုဟ်ဘုရင်ခံ၊ ဧရာမသစ်ပင်ကြီး၊ လီဝမ်အာ၏ ဖခင်နှင့် ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ခေါင်းဆောင်ကြီးတို့မှာလည်း ထိုမြင်ကွင်းအား စိုက်ကြည့်နေကြသေးသည်။

သူတို့အားလုံးမှာ ပြည်ထောင်စုကြီးထဲရှိ လီရှင်းဝမ်၏ အဖွဲ့အစည်းထဲ၌ အစွမ်းအထက်ဆုံး ကျင့်ကြံသူများ ဖြစ်ကြပေသည်။ ယခုတွင် သူတို့အားလုံးမှာ နှလုံးသားထဲ၌ ဗြောင်းဆန်နေကြ၏။ အထူးသဖြင့် ဧရာမသစ်ပင်ကြီးမှာဆိုလျှင် မျက်လုံးများ ကျွတ်ထွက်လာလုမတတ် ဖြစ်နေသည်။ သူသည် ရှေးယခင်ကတည်းက ဝမ်ပေါင်လဲ့နှင့် သူ၏ကြားရှိ ပဋိပက္ခအား ဖြေရှင်းနိုင်ခဲ့သည့်အတွက် အလွန်အင်မတန်မှ ဝမ်းမြောက်ဝမ်းသာဖြစ်နေ၏။ တစ်ချိန်ထဲမှာပင် သူသည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ဝမ်ပေါင်လဲ့ သူ၏လက်ထဲမှ အသက်လု၍ ထွက်ပြေးနေခဲ့ရသည့် မြင်ကွင်းကိုလည်း ပြန်၍ သတိရသွားသည်။

ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ခေါင်းဆောင်ကြီးမှာလည်း ဧရာမသစ်ပင်ကြီးနည်းတူ ခံစားချက်များ ရှုပ်ထွေးနေ၏။ အင်္ဂါဂြိုဟ် ဘုရင်ခံမှာမူ ဖန်သားပြင်ပေါ်မှ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေရင်း သူမ၏ သမီးဖြစ်သူအား ပြန်၍ သတိရသွားသည်။

လွှတ်တော်အမတ်ခေါင်းဆောင်ကြီး၏ အတွေးထဲတွင်လည်း သူ၏ သမီးဖြစ်သူ လီဝမ်အာ၏ ပုံရိပ်များ ပြန်လည်ပေါ်ပေါက်လာ၏။ သို့သော် သူသည် သူ၏ သမီးအကြောင်း ပြန်၍သတိရသွားသည်နှင့် မျက်နှာပေါ်၌ အရေးကြောင်းများ ပေါ်ပေါက်လာရသလို မျက်ဝန်းများမှာလည်း အရောင်မှေးသွားရသည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးများအပြင် လင်းတျန်ဟောက်၊ လျှိုတောက်ပင်း၊ တုမင်နှင့် ဝမ်ပေါင်လဲ့၏ အခြား အပေါင်းအသင်း မိတ်ဆွေများလည်း ရှိနေသေးသည်။ သူတို့မှာ ထိုမြင်ကွင်းများကို မြင်လိုက်ရပြီးနောက် သက်ပြင်းများချမိသွားကြ၏။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့တစ်ယောက် ဦးခေါင်းပြတ်ကြီးအား လက်ထဲတွင်ကိုင်ကာ ရှေးဟောင်း ကြေးဓားကြီးဆီသို့ ဦးတည်သွားနေသည့် မြင်ကွင်းအား စိုက်ကြည့်နေလိုက်ကြတော့သည်။

သူတို့ထဲတွင် အမှောင်ပျံလွှားစစ်ဆင်ရေးထဲ၌ လိုက်ပါသွားခဲ့ကြသည့် ကျင့်ကြံသူများ ပါပါသော်လည်း အချို့မှာ အကြောင်းရင်း အမျိုးမျိုးကြောင့် ထိုစစ်ဆင်ရေးအား လက်လျှော့လိုက်ရပြီး ပြန်ရောက်လာခဲ့ကြ၏။ ယခင်တုန်းက သူတို့မှာ ဝမ်ပေါင်လဲ့နှင့် သူတို့၏ကြား၌ ကွာခြားမှုများ ရှိနေသည်ဟု ခံစားခဲ့ရသည့်တိုင်အောင် ထို ကွာခြားမှုများအား ကျော်လွှားနိုင်လိမ့်မည်ဟု မှတ်ယူထားခဲ့ကြသည်။ သို့သော် ယခုတွင်မူ ရှေးဟောင်းဓားကြီးဆီသို့ ဦးတည်သွားနေသည့် ဝမ်ပေါင်လဲ့မှာ သူတို့၏ မျက်ဝန်းများထဲ၌ လူတစ်ယောက်နှင့် မတူတော့ဘဲ သူတို့နှင့် ဝေးရာသို့ ထွက်ခွာသွားနေသည့် နတ်ဘုရားတစ်ပါးနှင့် တူနေတော့သည်။

ထိုအချိန်တွင် တုမင်၏ နှုတ်မှ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံမှာ တိုးလွန်းနေသောကြောင့် သူမ၏ ဘေးတွင် ရှိနေသည့် လင်းတျန်ဟောက်သာလျှင် ကြားလိုက်သည်။ ထို့ကြောင့် သူသည် တုမင်ဘက်သို့ လှည့်လာကာ သူမအား စိုက်ကြည့်နေလိုက်ပြီးနောက် သူမ၏ လက်အား လှမ်း၍ ဆုပ်ကိုင်လိုက်ပြီး နူးညံ့သိမ်မွေ့စွာ ပြုံးပြလိုက်သည်။ သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ဆုပ်ကိုင်ထားသည့် လက်များထဲတွင် လက်ထပ်လက်စွပ်တစ်စုံ ရှိနေ၏...

တစ်ချိန်ထဲမှာပင် အင်္ဂါဂြိုဟ်ပေါ်ရှိ ဝမ်ပေါင်လဲ့၏ မိဘများ၏ နေအိမ်ထဲတွင် မိန်းမငယ်လေးတစ်ယောက်မှာ ဝမ်ပေါင်လဲ့၏ မိခင်ဖြစ်သူ၏ လက်အား ဆုပ်ကိုင်ပေးထား၏။ သူမသည် ဝမ်ပေါင်လဲ့၏ မိဘနှစ်ပါးအား အဖော်ပြုပေးကာ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးထဲမှ ထုတ်လွှင့်ပြသနေသည့် ဝမ်ပေါင်လဲ့၏ ပုံရိပ်များကို ကြည့်ရင်း မျက်လုံးများ မှေးသွားသည်။

သူမသည် ကျိုးရှောင်ရ ဖြစ်ပေသည်။

အခြားနေရာများတွင်လည်း အကြောင်းရင်း အမျိုးမျိုးကြောင့် အမှောင်ပျံလွှားစစ်ဆင်ရေးထဲမှ ပြန်ရောက်လာကြသည့် ကျင့်သိုမင်နှင့် အခြားသူများမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြသည်။ သူတို့မှာ ဝမ်ပေါင်လဲ့နှင့် ခင်မင်ရင်းနှီးသည့်ပုဂ္ဂိုလ်များ ဖြစ်ကြ၏။

ဝမ်ပေါင်လဲ့မှာ လက်ရှိတွင် သူသည် ပြည်ထောင်စုကြီးထဲမှ လူပေါင်းမြောက်များစွာ၏ စိုက်ကြည့်ခြင်းကို ခံနေရသည်ဖြစ်ကြောင်း သိထား၏။ သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို လျှို့ဝှက်ထားရန် ဆန္ဒမရှိသလို သူ တိုက်ခိုက်နေသည့် ပုံရိပ်များကိုလည်း ဖုံးကွယ်ထားရန် ဆန္ဒမရှိပေ။ ပြည်ထောင်စုကြီးမှာ ယုံကြည်မှုပြန်လည်တည်ဆောက်ရန် လိုအပ်ကြောင်း သူက သိထား၏။

သို့ဖြစ်ရာ သူသည် သူ၏အစွမ်းအစများကို ထုတ်ပြ၍ ပြည်ထောင်စုကြီးအား အကောင်းဆုံး ကူညီပေးရပေမည်။ ထို့ကြောင့်လည်း သူသည် နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီး၏ တိုက်ရိုက်ထုတ်လွှင့်မှုများကို မရပ်တန့်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ တဖြည်းဖြည်းနှင့် ပို၍မြန်ဆန်လာပြီး နောက်ဆုံးတွင် အာကာသကြီးအား ထိုးခွင်းသွားနိုင်စွမ်းရှိသော အလင်းတန်းကြီးတစ်ခုအသွင် ပြောင်းလဲသွား၏။ ထို့နောက် သူသည် နေအဖွဲ့အစည်း၏ ထာဝရကြယ်ကြီးဖြစ်သည့် နေမင်းကြီးဆီသို့ ဦးတည်သွားလိုက်တော့သည်။

နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲရှိ ထာဝရကြယ်၏ အရွယ်အစားနှင့် နေအဖွဲ့အစည်းထဲရှိ ထာဝရကြယ်၏ အရွယ်အစားမှာ အတူတူပင်ဖြစ်သည်။ ၎င်းမှာ တက်ကြွမှုအပြည့် ရှိနေ၏။ ရှေးဟောင်းဓားကြီး စိုက်ဝင်သွားခဲ့တုန်းက ထိုနေမင်းကြီးမှာ အနည်းငယ်ခန့် ထိခိုက်သွားခဲ့ရပါသော်လည်း အထူးတလည် စိုးရိမ်စရာတော့ မရှိပေ။

ဝမ်ပေါင်လဲ့မှာ နေမင်းကြီးအား စိုက်ကြည့်နေရင်း နှလုံးသားထဲ၌ ထူးဆန်းသော ခံစားချက်တစ်မျိုး ပေါ်ပေါက်လာ၏။ သူသည် ဂြိုဟ်အဆင့်သို့ ရောက်ရှိလာခဲ့ပြီးနောက် အဆုံးမဲ့တာအိုနယ်မြေထဲရှိ ကျင့်ကြံသူအားလုံးမှာ မျိုးရိုးဇစ်မြစ်ကိုယ်စီ ပိုင်ဆိုင်ထားကြကြောင်း သိရှိခဲ့ရ၏။ ထိုမျိုးရိုးဇစ်မြစ်မှာ မိမိတို့၏ သက်ဆိုင်ရာဇာတိမြေ၏ ထာဝရကြယ် ဖြစ်ပေသည်။

၎င်းမှာ စကြဝဠာကြီး၏ စည်းမျဥ်းဥပဒေသများထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ လူမှုအဖွဲ့အစည်းတစ်ခု၏ ထာဝရကြယ် ပို၍အစွမ်းထက်လာလေလေ ထို လူမှုအဖွဲ့အစည်း၏ လူနေမှုအဆင့်အတန်းမှာလည်း ပို၍မြင့်မားလာလေလေ ဖြစ်သည်။ ထာဝရကြယ် အစွမ်းထက်လာသည်နှင့်အမျှ ၎င်း၏ အလင်းရောင်အောက်တွင် မွေးဖွားလာသည့် လူတိုင်းမှာ အကျိုးကျေးဇူးများကို ခံစားရမည်ဖြစ်သည်။

အခြားတစ်ဖက်တွင်မူ ထို ထာဝရကြယ် ကျွန်ပြုခံရကာ ဖျက်ဆီးခံလိုက်ရမည်ဆိုပါက ထို လူမှုအဖွဲ့အစည်းမှာ ၎င်း၏ စွမ်းအားများကို ဆုံးရှုံးလိုက်ရမည် ဖြစ်သည်။ ထို ဆုံးရှုံးမှုကြောင့် လူတိုင်း၏ ကျင့်ကြံခြင်းအဆင့်များ ချက်ချင်းကျဆင်းသွားမည် မဟုတ်ပါသော်လည်း ထိုလူမှုအဖွဲ့အစည်းမှာ အခြေအုတ်မြစ် မရှိတော့ဘဲ ဦးတည်ရာမဲ့သွားသည့် လူမှုအဖွဲ့အစည်း တစ်ခုအဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။ ထိုအခါ သူတို့မှာ ထာဝရကြယ်အသစ်တစ်လုံးအား လိုက်လံရှာဖွေကာ ၎င်းနှင့် ပေါင်းစည်းနိုင်ရန် ကြိုးစားရမည်ဖြစ်သည်။

ထို့ကြောင့်လည်း အချို့သော လူမှုအဖွဲ့အစည်းများ အတိုင်းအတာတစ်ခုအထိ အဆင့်မြင့်လာသည်နှင့် ထို လူမှုအဖွဲ့အစည်းထဲရှိ အစွမ်းအထက်ဆုံး ကျင့်ကြံသူများမှာ ထို လူမှုအဖွဲ့အစည်း၏ ထာဝရကြယ်များနှင့် ပေါင်းစည်းရန် ဆုံးဖြတ်ကြခြင်း ဖြစ်သည်။ ထို့နောက် သူတို့မှာ ထို ထာဝရကြယ်များ၏ အုပ်ထိန်းသူအစစ်အမှန်များ အဖြစ်သို့ ရောက်ရှိသွားပြီး ၎င်းအား မျိုးရိုးစဉ်ဆက်အလိုက် လက်ဆင့်ကမ်းပေးကြရသည်။

ထိုလုပ်ရပ်မှာ အကျိုးကျေးဇူးများ ရှိပါသော်လည်း ဘေးထွက်ဆိုးကျိုးများလည်း ရှိပေသည်။ ထို့ကြောင့်လည်း တိုးတက်ဆဲဖြစ်သည့် လူမှုအဖွဲ့အစည်းအများစုမှာ ထိုဆုံးဖြတ်ချက်အား အလွယ်တကူ ချမှတ်နိုင်စွမ်းမရှိကြပေ။

ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်သည်နှင့် အသာအယာ ခေါင်းယမ်းလိုက်ပြီး သူ၏အကြည့်အား နေမင်းကြီးပေါ်မှ ပြန်လည် ရုပ်သိမ်းလိုက်၏။ ထို့နောက် သူသည် သူ၏ ခေါင်းထဲ၌ ပေါ်ပေါက်လာသည့် အတွေးများကို မေ့ပျောက်ထားလိုက်ပြီး ရှေးဟောင်း ကြေးဓားကြီးဆီသို့ လျှောက်လှမ်းသွားလိုက်တော့သည်။ သူ ထိုဓားကြီး၏ အနီးသို့ ရောက်ရှိသွားသောအခါ ၎င်းမှာ အားကောင်းသော ဖိနှိပ်အားတစ်မျိုးကို ထုတ်လွှတ်လိုက်၏။

တစ်စုံတစ်ယောက်မှာ ထို ဖိနှိပ်အားများကို ထိန်းချုပ်နေသည့်ပုံပင်။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့ဆီသို့ ဖြည်းညင်းစွာ ဦးတည်လာပြီး သူ့အား ရပ်တန့်နိုင်ရန် ကြိုးစားလိုက်၏။

သို့သော် ထိုဖိနှိပ်အားများကို ထိန်းချုပ်နေသည့် ပုဂ္ဂိုလ်ကြီးသည် ရှေးဟောင်းဓားကြီးအား ထိန်းချုပ်နိုင်စွမ်းရှိသည့်သူမှာ သူတစ်ယောက်တည်း မဟုတ်သည့်အချက်အား သိထားသည့်ပုံ မပေါ်ပေ။ ဝမ်ပေါင်လဲ့သည်လည်း ထိုသို့ ထိန်းချုပ်နိုင်စွမ်း ရှိနေသည်မဟုတ်ပါလော။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ဓားကြီး၏ အနီးသို့ ရောက်ရှိလာသည်နှင့် သူ၏ ညာဘက်လက်ကို မြှောက်ကာ လှန်လိုက်၏။ ထိုအခါ သူ၏လက်ထဲတွင် ကျောက်စိမ်းပေလွှာတစ်ခု ပေါ်ပေါက်လာသည်။

ထို ကျောက်စိမ်းပေလွှာမှာ ကျယ်ပြန့်တာအိုနန်းတော်၏ မဟာထိပ်သီးအကြီးအကဲရာထူးအား ကိုယ်စားပြုသည့် အမှတ်အသား ဖြစ်ပေသည်။

ထို ကျောက်စိမ်းပေလွှာ ပေါ်ပေါက်လာသည်နှင့် ရှေးဟောင်းဓားကြီးဆီမှ ထွက်ပေါ်လာနေသည့် ဖိနှိပ်အားများမှာ ချက်ချင်းဆိုသလိုပင် လွင့်ပါးပျောက်ကွယ်တော့တော့မည့်ပုံ ပေါက်လာတော့သည်။ ထို့ကြောင့် ရှေးဟောင်းဓားကြီးအား ထိန်းချုပ်နေသည့် ပုဂ္ဂိုလ်ကြီးမှာ အံ့ဩတုန်လှုပ်သွားရ၏။ ထို့နောက် သူ မည်သည့်နည်းလမ်းအား အသုံးပြုလိုက်မှန်း မသိပါသော်လည်း ဝမ်ပေါင်လဲ့၏ လက်ထဲရှိ ကျောက်စိမ်းပေလွှာနှင့် ရှေးဟောင်းဓားကြီး၏ ကြားမှ ဆက်သွယ်မှုမှာ ပြတ်တောက်သွား၏။ ထို့ကြောင့် ထို ရှေးဟောင်းဓားကြီး၏ စွမ်းအားများမှာလည်း နောက်ထပ်တစ်ကြိမ် ထပ်၍ ဆင်းသက်လာပြန်သည်။

" စိတ်ဝင်စားစရာပါလား " ဝမ်ပေါင်လဲ့မှာမူ မျက်ခုံးတစ်ဖက် ပင့်မိသွားပြီး မျက်ဝန်းများ အရောင်တောက်ပသွား၏။ ထို့နောက် သူ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲ၌ ရှိနေခဲ့သည့် တစ်ချိန်လုံး သူ၏ ခန္ဓာကိုယ်အစစ်ထဲမှ လုံးဝ ပျံထွက်လာခဲ့ခြင်းမရှိသည့် ဓားအိမ်လေးမှာ သူ၏ ခန္ဓာကိုယ်ထဲ၌ တုန်ရီသွားတော့သည်။

၎င်း တုန်ရီသွားသည်နှင့် မျက်လုံးဖြင့်မမြင်နိုင်သည့် စွမ်းအားတစ်မျိုးမှာ ရှေးဟောင်းဓားကြီးနှင့် ချိတ်ဆက်သွားသဖြင့် ထို ရှေးဟောင်းဓားကြီးမှာလည်း တုန်ရီသွားရ၏။ ထို တုန်ရီမှုကြောင့် ရှေးဟောင်းဓားကြီးထဲမှ ပျော်ရွှင်မှု အငွေ့အသက်များပင် ထွက်ပေါ်လာရသလို ဝမ်ပေါင်လဲ့၏ ရှေ့တွင်ရှိနေသည့် ဖိနှိပ်ချုပ်တည်းမှုစွမ်းအားများမှာလည်း ဘေးဘက်နှစ်ဘက်သို့ ခွဲထွက်သွားတော့သည်။ သို့ဖြစ်ရာ ၎င်းတို့မှာ သူ့အတွက် လမ်းဖယ်ပေးလိုက်သကဲ့သို့ပင်။ တစ်အောင့်ခန့် အကြာတွင် ဝမ်ပေါင်လဲ့မှာ ရှေးဟောင်းဓားကြီးပေါ်သို့ ရောက်ရှိသွား၏။

သူသည် ယခင်တုန်းက ကျယ်ပြန့်တာအိုနန်းတော် တည်ရှိနေခဲ့သည့် ဓားရိုးပိုင်းပေါ်သို့ ရောက်သွားခြင်းဖြစ်၏။ သူ ရောက်ရှိလာသည်နှင့် ဖမ်းဆီးချုပ်နှောင်ခံထားရသဖြင့် တာအိုနန်းတော်ထဲမှ ထွက်ခွာနိုင်စွမ်းမရှိသော တာအိုနန်းတော်ဂိုဏ်းသားများမှာ တုန်လှုပ်သွားကြသည်။ သူတို့အဖွဲ့၏ ခေါင်းဆောင်မှာ ဖုန့်ချိုးရန် ဖြစ်သည်။ ယခုတွင် သူတိုအားလုံးမှာ ဝမ်ပေါင်လဲ့၏ ရှေ့၌ ဒူးထောက်နေကြ၏။

" မင်္ဂလာပါ မဟာထိပ်သီးအကြီးအကဲကြီး " သူတို့မှာ တာအိုနန်းတော်ထဲမှ ထွက်ခွာခွင့်မရှိသည့်တိုင်အောင် ပြင်ပကမ္ဘာထဲ၌ ဖြစ်ပျက်နေသည့် အကြောင်းအရာများကို ကြားသိထားကြပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့မှာ စိုးထိတ်နေသည့် အမူအရာများဖြင့် ဝမ်ပေါင်လဲ့အား ကြည့်နေကြ၏။ ဖုန့်ချိုးရန် တစ်ယောက်သာလျှင် မျက်နှာအမူအရာ သုန်မှုန်နေပြီး အပြစ်ရှိသလို ခံစားနေရသည့်ပုံ ပေါက်နေသည်။

ဝမ်ပေါင်လဲ့မှာ တာအိုနန်းတော်ဂိုဏ်းသားများအား စိုက်ကြည့်နေလိုက်ပြီးနောက် တစ်ခဏမျှ နှုတ်ဆိတ်သွား၏။ ထို့နောက် သူသည် တည်ကြည်စွာ ဆိုလိုက်သည်။

" အကြီးအကဲချိုးရန်၊ ကျေးဇူးပြုပြီးတော့ ထပါ။ ပြည်ထောင်စုကြီးနဲ့ တာအိုနန်းတော်ရဲ့ကြားက မဟာမိတ်ဆက်ဆံရေးက ပြောင်းလဲသွားမှာ မဟုတ်ပါဘူး " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ကျယ်ပြန့်တာအိုနန်းတော်အား ကြည့်မနေတော့ဘဲ ဓားကိုယ်ထည်ပိုင်းဆီသို့ ဦးတည်သွားလိုက်၏။ သူ ရှေ့သို့ ရွေ့လျားသွားသည်နှင့် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာနေသည့် ဖိအားများမှာ ပို၍အားကောင်းလာသဖြင့် သူ၏ အောက်တွင်ရှိနေသည့် မိီးပင်လယ်ကြီးမှာလည်း ဗြောင်းဆန်နေတော့သည်။ သူ၏ အထက်ရှိ မိုးကောင်းကင်ကြီးမှာလည်း ဆက်တိုက်ဆိုသလို ပြောင်းလဲနေ၏။ သူ၏ နောက်တွင်မူ မှုန်ဝါးဝါးဖြစ်နေသည့် ရှေးဟောင်းဂြိုဟ်ကိုးရှိနေပြီး ၎င်းတို့၏ အလယ်တွင် တာအိုဂြိုဟ်တစ်လုံးလည်း ရှိနေသေးသည်။ ထို့အပြင် ရှေးဟောင်းဓားကြီး တစ်ချောင်းလုံး ဝင်ဆံ့နိုင်လောက်အောင် ကြီးမားနေသည့် ဧရာမ ပုံရိပ်ယောင် ဓားအိမ်ကြီးတစ်ခုမှာလည်း ကောင်းကင်ယံထဲ၌ နေရာယူထား၏။

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ ဟိတ်ဟန်အပြည့်ဖြင့် ဓားထိပ်ပိုင်းဆီသို့ ဦးတည်သွားနေသောကြောင့် ရှေးဟောင်းဓားကြီး တစ်ချောင်းလုံးအား ဖိနှိပ်ချုပ်တည်းထားသည့်ပုံ ပေါက်နေတော့သည်။

All Chapters