အဆင့်သတ်မှတ်ချက်
Vol. 35 Ch. 471
" ကြေးမုံတာအို တန်ပြန်ခြင်းလား "
လီဖူချန်းက တွေးလိုက်မိပါတယ်။
ကြေးမုံတွေ ဆိုတာက အလင်းပြန်နိုင်တာတော့ အမှန်ပါပဲ။ ဒါပေမဲ့အရာရာကိုတော့ တန်ပြန်နိုင်တာ မဟုတ်ပါဘူး။
သာမန်ကြေးမုံတွေ နဲ့ ယှဉ်မယ်ဆိုရင်တော့ ပိုင်လိရှန်ရဲ့ ရေခဲကြေးမုံက ပိုဆန်းကြယ်နက်နဲပါတယ်။ အဲဒါက တန်ပြန်တာထက် စာရင် စွမ်းအင်တွေကို စုပ်ယူပြီး ပြန်ပစ်လွှတ်လိုက်တာဆိုရင် ပိုမှန်ပါလိမ့်မယ်။
အဲဒါက ဘာသီအိုရီ အယူအဆလို့ ပြောရမလဲ ဆိုတာကိုတော့ လီဖူချန်းကိုယ်တိုင်လည်း မသိပါဘူး။
" တကယ်လို့ ကြေးမုံတာအိုကို ဖျက်ဆီးလို့ မရဘူးဆိုရင် အဲဒါကို အထောက်အအပံ့ ပေးထားတဲ့ ရေခဲတာအိုကို ဖျက်ဆီးမယ်ကွာ "
လီဖူချန်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူ့ရဲ့ မီးလျှံစွမ်းအားတွေကို ထုတ်လွှတ်လိုက်ပါတယ်။
ဟူး……
ထွက်ပေါ်လာတဲ့ မီးလုံးတွေက သူ့ကို လွှမ်းခြုံသွားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ မီးလုံးကြီးတစ်ခု အသွင်ကို ပြောင်းလဲသွားခဲ့ပါပြီ။ မီးလုံးကြီးရဲ့ အပြင်ဘက် မျက်နှာပြင်မှာတော့ တွန့်လိမ်ရှုပ်ထွေးနေတဲ့ မီးလျှံအင်းကွက်တွေ ရှိနေပါတယ်။ ရုတ်တရက် ကြည့်လိုက်မယ် ဆိုရင်တော့ အဲဒါတွေက အသက်ရှိနေသလိုပါပဲ။
ဘန်း……ဘန်း……ဘန်း……
မီးလုံးကြီးရဲ့ အပူရှိန် အောက်မှာတော့ ရေခဲကြေးမုံဟာ အရည်ပျော်ကျတော့မယ့် အရိပ်အယောင်တွေ ပြလာခဲ့ပါတယ်။
" အားကောင်းလိုက်တဲ့ မီးလျှံတာအို "
ပိုင်လိရှန်ရဲ့ မျက်နှာက လေးနက်တည်ကြည် သွားခဲ့ပါပြီ။
သွေးကြောတွေကို ပိုဖွင့်ထားနိုင်လေလေ စွမ်းအားတွေက ပိုပြင်းထန်လာလေလေတဲ့။
သည်စကားက လီဖူချန်းနဲ့တော့ မသက်ဆိုင်ပုံပါပဲ။ လီဖူချန်းရဲ့ မီးလျှံစွမ်းအားက သူ့ရဲ့ ဆီးနှင်းရေခဲ စွမ်းအားထက်တောင်မှ အားကောင်းနေပါသေးတယ်။လီဖူချန်းက အရိုးတည်ဆောက်ပုံ အင်းကွက်ကိုနက်နက်နဲနဲ နားလည်ထားတယ်ဆိုတာ ယုံမှားသံသယ ဝင်စရာ မလိုတော့ပါဘူး။
" ဟက်……ဟက် …… အဲဒါက အလုပ်ဖြစ်တယ်ဟ "
လီဖူချန်းက ကျိတ်ရယ်လိုက်မိပါတယ်။
သူ့ရဲ့ တွေးထင်မှုက ကွက်တိပါပဲ။ ရေခဲကြေးမုံက သည်အတိုင်း သာမန် တိုက်ခိုက်မှုတွေကို မမှုပါဘူး။ မီးလျှံတာအို နဲ့ ရေခဲတာအို ဖိအားပေးတာကပဲ အလုပ်ဖြစ်ပါတယ်။
" မီးလျှံစွမ်းအားတွေ ထပ်လာစမ်း "
လီဖူချန်းက သူ့ရဲ့ မီးလျှံစွမ်းအားတွေကို ထပ်တိုးမြှင့်လိုက်တဲ့ အခါမှာတော့ ရေခဲကြေးမုံရဲ့ အရည်ပျော်ကျနှုန်းဟာ ပိုမြန်လာခဲ့ပါပြီ။
" အဲလောက်လွယ်မယ်လို့ မထင်နဲ့ "
ပိုင်လိရှန်က လက်ကို ဝှေ့ယမ်းလိုက်ပြီး နောက်ထပ် ရေခဲကြေးမုံ တစ်ချပ်ကို ထပ်ဖန်တီးလိုက်ပြန်ပါတယ်။ သူမရဲ့ ကျောပြင်မှာတော့ ချွေးတွေနဲ့ ရွှဲရွှဲစိုနေခဲ့ပါပြီ။
ရေခဲကြေးမုံ သုံးချပ် ဆိုတာက ပိုင်လိရှန်ရဲ့ ကန့်သတ်ချက်ပါပဲ။ သူမက အခုလက်ရှိမှာတော့ ရေခဲကြေးမုံ ၃ချပ်ထက် ပိုထိန်းချုပ်နိုင်ခြင်း မရှိပါဘူး။ တကယ်လို့ နောက်ထပ် ရေခဲကြေးမုံ တစ်ချပ်ကို ထပ်ထုတ်လိုက်မယ်ဆိုရင်သူမက ဆီးနှင်းရေခဲ စွမ်းအားတွေ အလွန်အကျွံ ထုတ်သုံးခြင်းရဲ့ ဘေးထွက်ဆိုးကျိုးကို သေချာပေါက် ပြန်ခံရပါလိမ့်မယ်။
ဘန်း……ဘန်း……ဘန်း………
ရေခဲကြေးမုံ သုံးချပ်ရဲ့ရေခဲတာအို တိုက်ခိုက်မှုကြောင့် လီဖူချန်းရဲ့ မီးလျှံ့စက်လုံးကြီး တုန်ခါစ ပြုလာခဲ့ပါပြီ။ ဒါက သိပ်မကြာခင်မှာပဲ ပေါက်ကွဲထွက်သွားတော့မယ့် ပုံပါပဲ။
ဒါပေမဲ့လည်း လီဖူချန်းက အဲသည်လို အဖြစ်မခံပါဘူး။
" မီးလျှံ နှလုံးသား "
လီဖူချန်းက အသံနက်ကြီးနဲ့ ကြုံးအော်လိုက်ပါတယ်။အသံနဲ့ မရှေးမနှောင်းမှာပဲ နောက်ထပ် မီးတန်းကြီး တစ်ခုက သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ တိုးထွက်လာပြီး မီးစက်လုံးကြီးကို အားဖြည့်ပေးလိုက်ပါတယ်။
အဲသည်နောက်မှာတော့ မီးလျှံတာအိုဟာ ရေခဲတာအိုကို ပြန်လည်ဖိအား ပေးလာခဲ့ပါပြီ။ လီဖူချန်းရဲ့ လုပ်ဆောင်မှုက အဲဒါနဲ့တင် မပြီးသေးပါဘူး။
" ပျက်စီးစမ်း "
သူက ရေခဲကြေးမုံ တစ်ချပ်စီကို ခုန်ဝင်သွားပြီး ဓားနဲ့ အားကုန် ခုတ်ထည့်လိုက်ပါသေးတယ်။
ဖန်း……ဖန်း……ဖန်း………
သည်တစ်ကြိမ်မှာတော့ ရေခဲကြေးမုံဟာ လီဖူချန်းကို တန်ပြန် တိုက်ခိုက်နိုင်ခြင်း မရှိတော့ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ လီဖူချန်းရဲ့ တိုက်ခိုက်မှု တစ်ဝက်က ရေခဲကြေးမုံ ထဲကို ဝင်သွားပြီး ကျန်တစ်ဝက်က ရေခဲကြေးမုံရဲ့ အပြင်ဘက်က ရေခဲအင်းကွက်တွေကို ဦးတည်တိုက်ခိုက် နေလို့ပါပဲ။
ဘန်း………
နောက်ဆုံးမှာတော့ ရေခဲကြေးမုံ နဲ့ မီးလျှံဓားချီတွေဟာ တစ်ချိန်တည်းလိုလို ပေါက်ကွဲသွားခဲ့ပါပြီ။
" အာ့ "
ပိုင်လိရှန်ကတော့ ခပ်တိုးတိုး ညည်းညူပြီး အနောက်ကို ခြေတစ်လှမ်း ဆုတ်သွားခဲ့ပါတယ်။ သူမရဲ့ နုနယ်ပျိုမျစ်တဲ့ မျက်နှာလှလှပေါ်မှာတော့ မယုံကြည်နိုင်မှုတွေ အထင်းသားပါပဲ။
သူမက ရေခဲကြေးမုံကို အသုံးပြုပြီး အဆင့်နိမ့် တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် တော်တော်များများကို အနိုင်ယူခဲ့ဖူးပါတယ်။ သူတို့ကို အနိုင်ယူရတာက လီဖူချန်းနဲ့ တိုက်ခိုက်ရတာလောက် ဒုက္ခမများပါဘူး။
" ရေခဲကြေးမုံ …… ကွဲကြေစမ်း"
ပိုင်လိရှန်ရဲ့ စကားအဆုံးမှာတော့ ကျန်ရှိနေသေးတဲ့ ရေခဲကြေးမုံ နှစ်ခုဟာ တစ်စစီ ကွဲကြေသွားခဲ့ပါတယ်။
ဖန်း……ဖန်း……ဖန်း………ဖန်း………ဖန်း……
မရေမတွက်နိုင်တဲ့ ရေခဲကြးမုံ အပိုင်းအစတွေဟာ သိုင်းစင်မြင့် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့ပါပြီ။တစ်ချိန်တည်းမှာပဲ အဲသည် ရေခဲကြေးမုံ အပိုင်းအစတွေဟာ အချင်းချင်း ဆက်သွယ်လိုက်ကြပြီး ပိုက်ကွန် တစ်ခုအသွင် ပြောင်းသွားပါတော့တယ်။ ပြီးတာနဲ့ တစ်ပြိုင်နက် အဲသည် ရေခဲကြေးမုံ ပိုက်ကွန်ဟာ မီးလုံးကြီးအပေါ်ကို ပြုတ်ကျလာပါတော့တယ်။
ဝေါ့……
ကြည့်ရတာတော့ သည်ရေခံကြေးမုံ ပိုက်ကွန်က ပိုင်လိရှန်ရဲ့ နောက်ဆုံး တိုက်ခိုက်မှု ဖြစ်ပုံပါပဲ။ ရေခဲကြေးမုံ ပိုက်ကွန်ကို ဖန်တီးပြီးတာနဲ့ တစ်ပြိုက်နက် ပိုင်လိရှန်ဟာ သွေးတစ်လုတ် ထိုးအန်ပြီး ဒူးထောက်ကျသွား ပါတော့တယ်။
အဲခါက နတ်ဘုရားစွမ်းရည်ကို အလွန်အကျွံ သုံးစွဲတဲ့ အခါမျိုးမှာသာ ဖြစ်ပေါ်လာတတ်တာပါ။
" ကြောက်စရာ ကောင်းလိုက်တဲ့ နတ်ဘုရားစွမ်းရည်ပါလား "
လီဖူချန်းကတော့ အကျဉ်းအကြပ်ထဲကို ကျရောက်နေခဲ့ပါပြီ။ဒါပေမဲ့လည်း သူက ကြောက်ရွံ့ခြင်း အလျင်းမရှိပါဘူး။
သူက သွေးနီဓားကို လက်ထဲမှာ ဆွဲကိုင်ထားပြီး မထီတရီ ပြုံးနေဆဲပါပဲ။
"လာစမ်းပါ "
သူက သွေးနီဓားကို ရေပြင်ညီအတိုင်း ဆွဲလိုက်ပြီး သူ့အပေါ် အုပ်မိုးကျလာတဲ့ ရေခဲကြေးမုံ ပိုက်ကွန်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်ဆင်လိုက်ပါတယ်။
ရွှမ်း……ရွှမ်း……ရွှမ်း……ရွှမ်း……
မျက်စိတစ်မှိတ်အတွင်းမှာပဲ လီဖူချန်းက ပြင်းထန်လှတဲ့ ဓားချက်အမြောက်အများကို ထုတ်လိုက်ပြီး မီးမုန်တိုင်းကြီး တစ်ခုကို ဖန်တီးလိုက်ပါတယ်။
" အောင်မြင်မှု နဲ့ ရှုံးနိမ့်မှု ဆိုတာက ဒင်္ဂါး တစ်ပြားပေါ်မှာ ရှိတဲ့ ခေါင်းနဲ့ပန်းလိုပဲကွ "
အဲသည်နောက်မှာတော့ သူဟာ အံကို တင်းတင်းကြိတ်ပြီး ရေခဲကြေးမုံ ပိုက်ကွန်ရဲ့ အလယ်ဗဟိုထဲကို တိုးဝင်သွားခဲ့ပါပြီ။
လူဆိုတာက တစ်ခါတလေမှာတော့ ရှုံးနိမ့်မလား၊ အောင်မြင်မလား ဆိုတာ သေချာမသိတဲ့ တိုက်ပွဲကို တိုက်ရမှာပါပဲ။ ဘဝက အမြဲတမ်း သေချာတဲ့ အရာတွေကိုပဲ ပေးနေမှာ မဟုတ်ပါဘူး။
လူမိုက်ကံကောင်းလို့ ဆိုရမလားပါပဲ။ ရေခဲကြေးမုံ ပိုက်ကွန်ရဲ့ အလယ်ဗဟိုထဲကို တိုးဝင်ဖို့ ဆုံးဖြတ်ချက်က မှန်သွားပုံ ရပါတယ်။
ဘန်း……
ရေခဲကြေးမုံ ပိုက်ကွန်က ပေါက်ကွဲထွက်ပြီး ပျက်ဆီးသွားခဲ့ပါပြီ။တစ်ဆက်တည်းမှာပဲ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရှိနေတဲ့ အေးစိမ့်မှုတွေကလည်း ပျောက်ကွယ်သွားပါတော့တယ်။
"ငါအရှုံးပေးတယ် "
ပိုင်လိရှန်က ဆက်ပြီးတိုက်ခိုက်ဖို့ရာ အားတစ်စက်တောင် မကျန်တော့ပါဘူး။ အဲသည်အတွက် သူမက အသာတကြည်ပဲ အရှုံးပေးသွား ပါတော့တယ်။
သည်လိုနဲ့ပဲလူတွေအားလုံး မျှော်လင့် စောင့်စားခဲ့တဲ့ တိုက်ပွဲကြီးဟာ ပြီးဆုံးသွားခဲ့ပါပြီ။ လီဖူချန်းကတော့ အနိုင်ရသူဖြစ်ပါတယ်။
ဒါပေမဲ့လည်း ပိုင်လိရှန်ကလည်း လီဖူချန်းထက် သိသိသာသာကြီး နိမ့်ကျနေခြင်း မရှိပါဘူး။ လီဖူချန်းပဲဖြစ်ဖြစ်၊ပိုင်လိရှန်ပဲဖြစ်ဖြစ်ပါလေ။ နှစ်ယောက်စလုံးကတော့ လူတွေအားလုံးကို ရင်သပ်ရှုမောဖွယ်ရာ အစွမ်းတွေ ထုတ်ပြသွားတာပါပဲ။
ပြောစရာဆိုလို့ သည်တိုက်ပွဲက သိပ်မကြာလိုက်ဘဲ လျင်လျင်မြန်မြန် ပြီးဆုံးသွားတာပဲ ရှိပါတယ်။
" ကြယ်၇ပွင့် ထွတ်ခေါင် ပါရမီရှင်တောင်မှ လီဖူချန်းကို အရှုံးပေးသွားပြီ။ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်က သည်တစ်ကြိမ်မှာ တကယ် ကံကောင်းတာပဲ "
သိုင်းတက္ကသိုလ် တော်တော်များများရဲ့ ကျောင်းအုပ်ကြီးတွေ နဲ့ လက်ထောက်ကျောင်းအုပ်ကြီးတွေကတော့ တောင်ပိုင်းတောအုပ် တက္ကသိုလ်ကို မနာလိုနေကြပါပြီ။
လီဖူချန်းရဲ့ ပင်ကိုယ်ပါရမီ နဲ့ ထိုးထွင်းသိမြင်မှုအရ ဆိုရင်တော့ သက်တံနီဂိုဏ်းကို ရောက်သွားရင်လည်း သူဟာ ထင်ပေါ်ကျော်ကြား နေဦးမှာပါပဲ။ လီဖူချန်းက အတောင်အလက်တွေ စုံသွားတဲ့ တစ်နေ့မှာဆိုရင်တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ နောက်ထပ် ကျောထောက်နောက်ခံ တစ်ခု ဖြစ်လာဦးမှာပါ။
" ဟူး…… မျိုးဆက်တိုင်း မျိုးဆက်တိုင်းမှာတော့ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက် ပေါ်လာတတ်တာပဲ။ငါကတော့နောက်တစ်ခေါက် ပြိုင်ပွဲကျရင် လီဖူချန်းလို လူတစ်ယောက်မပေါ်လာပါစေနဲ့လို့ပဲ ဆုတောင်းတော့မယ်ဟေ့ "
" အရမ်းလည်း စိတ်ဓာတ် ကျမနေပါနဲ့ကွာ။ နောက်တစ်ခါကျရင် လီဖူချန်းလို လူတစ်ယောက် မပေါ်လောက်တော့ပါဘူးကွ။ ငါတို့မှာ အခွင့်အရေး ရှိပါသေးတယ် "
သက်တံနီဂိုဏ်းထဲကို ဝင်ခွင့်မရတဲ့ ကျောင်းသားတွေကတော့ အချင်းချင်း အားပေးနေကြပါတယ်။
" သည်လီဖူချန်းဆိုတဲ့ ကလေးက အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ "
ဆီးနှင်းပျံ သိုင်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်ဖြစ်တဲ့ တုံမူယိုကတော့ ဒေါသထွက်နေပုံ မရပါဘူး။ သူမက ပြုံးတောင် ပြုံးနေလိုက်ပါသေးတယ်။
ပိုင်လိရှန်က သည်ပြိုင်ပွဲမှာ ရှုံးကောင်း ရှုံးပါလိမ့်မယ်။ ဒါပေမဲ့လည်း အဲဒါက ပိုင်လိရှန် အတွက်ကော ဆီးနှင်းပျံ သိုင်းတက္ကသိုလ်အတွက်ပါ ကြီးကြီးမားမား သက်ရောက်မှု ရှိစေမှာ မဟုတ်ပါဘူး။
ပိုင်လိရှန်လို ကြယ်၇ပွင့် ဆီးနှင်းရေခဲ အရိုးတည်ဆောက်ပုံ ပိုင်ရှင်က သက်တံနီဂိုဏ်းထဲကို ရောက်တဲ့အခါမှာ လီဖူချန်းထက် ပိုတောက်ပမှာ အသေအချာပါပဲ။
ထိုးထွင်းသိမြင်မှုဆိုတာကတစ်သမတ်တည်း ပုံသေ ဖြစ်နေတာမျိုး မဟုတ်ပါဘူး။ အဲဒါက အချိန်မရွေး ပျောက်ကွယ်သွားနိုင်ပါတယ်။
" သိုင်းတက္ကသိုလ် ၂၄ခု ပြိုင်ပွဲရဲ့ သမိုင်းတစ်လျှောက်မှာ ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၄ နဲ့ ထိပ်ဆုံးနေရာကို ရယူနိုင်တဲ့သူ တစ်ယောက်မှ မရှိသေးဘူး။လီဖူချန်းက နှစ်ပေါင်းတစ်ထောင်ကျော် တည်တံ့ခဲ့တဲ့ မှတ်တမ်းစံချိန်ကို ချိုးဖျက်လိုက်တာပဲ "
မန်ချင်ဟန်ကတော့အခုထက်ထိ လီဖူချန်း နိုင်သွားတယ် ဆိုတာကို မယုံနိုင်သေးပါဘူး။
အဆင့်သတ်မှတ်ချက် ပြိုင်ပွဲ မစခင်တုန်းကဆိုရင် သူရဲ့ အမြင့်ဆုံး ရည်မှန်းချက်က လီဖူချန်းတစ်ယောက် ထိပ်ဆုံး၁၀ယောက်ထဲ ဝင်ဖို့ပါပဲ။
သူက လီဖူချန်းဟာ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ရဲ့ ရပ်တည်မှု အဆင့်ကို တက်စေနိုင်မယ်လို့ လုံးဝ မမျှော်လင့်ထားခဲ့ပါဘူး။ သူက အဆင့်သတ်မှတ် မလျော့ကျရင် တော်ပြီဆိုပြီးသာ တွေးထားခဲ့တာပါ။
ဒါပေမဲ့လည်း အခုတော့ လီဖူချန်းဟာ သူ မမျှော်လင့်ထားတွေကို စွမ်းဆောင်ပြသွား ခဲ့ပါပြီ။
"ကျောင်းအုပ်…… ကျုပ်တစ်ခု မှတ်မိတာကတော့ လွန်ခဲ့တဲ့ နှစ်သုံးဆယ်တုန်းက အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ရဲ့ အရွေးချယ်ခံက ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၅နဲ့ပြိုင်ပွဲမှာ ဗိုလ်စွဲသွားတယ် ဆိုတာပဲ "
လင်းကျုပိုင်ကလည်း ပြောလာခဲ့ပါတယ်။
" အေး…… ငါ မှတ်မိပါတယ် "
မန်ချင်းဟန်က အဲသည်အကြောင်းတွေကို မမှတ်မိစရာ အကြောင်းမရှိပါဘူး။
သည်ဘက်နှစ်ပေါင်းတစ်ရာ အတွင်းမှာ ဆိုရင် ပြန်လည်ဝင်စားခြင်းနယ်ပယ် အဆင့်၅နဲ့ ပြိုင်ပွဲကို ဗိုလ်စွဲသွားသူတွေဟာ နှစ်ယောက်ဒါမှမဟုတ် သုံးယောက်လောက် ရှိပါတယ်။
ဒါပေမဲ့ အဲဒါက အဲသည်လူတွေဟာ အစွမ်းထက်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သူတို့တွေဟာ ကံအတော်လေး ကောင်းသွားလို့သာ ပြိုင်ပွဲမှာ ဗိုလ်စွဲသွားကြတာပါ။ အချို့သော ပြိုင်ပွဲတွေမှာဆိုရင်လက်ရွေးစင် ထွတ်ခေါင်ပါရမီရှင်တွေက အကြောင်းအမျိုးမျိုးကြောင့် ဝင်ပြိုင်လေ့ မရှိပါဘူး။
ပိုင်လိရှန်၊ လင်းရီကျန်း၊ ရန်ရှီဟို၊ လန်ဖေးအာ၊ ချုရန်ကောင်းတို့ဟာ ဆိုရင် အရှေ့အရှေ့က ပြိုင်ပွဲတွေမှာ ဗိုလ်စွဲနိုင်သူတွေပါ။
အထူးသဖြင့် ပိုင်လိရှန် နဲ့ လင်းရီကျန်းတို့ပါပဲ။သူတို့နှစ်ယောက်စလုံးဟာ ဘယ်ပြိုင်ပွဲမှာ ဖြစ်ဖြစ် ထိပ်ဆုံးကနေ ရပ်တည်နိုင်စွမ်း ရှိပါတယ်။
သည်နှစ် ပြိုင်ပွဲကတော့ အစွမ်းထက်လွန်းတဲ့ ပါရမီရှင်တွေ စုစည်းရာ နှစ်လို့ ပြောရမှာပါပဲ။ လီဖူချန်း ပေါ်ထွက်လာအမှုကြောင့်သာ သူတို့တွေဟာ တောက်ပသင့်သလောက် မတောက်ပ နိုင်ခဲ့တာပါ။
ပြိုင်ပွဲရဲ့ နောက်ပိုင်းပွဲတွေကတော့ စိတ်ဝင်စားစရာ မရှိတော့ပါဘူူး။ ပြိုင်ပွဲရဲ့ အဖြေက ပေါ်နေခဲ့ပြီ မဟုတ်ပါလား။
နောက်ဆုံးမှာတော့ ပွဲစဉ်၄၉ ပြီးသွားပြီး ပြိုင်ပွဲရဲ့ ရမှတ်တွေဟာ တရားဝင် ထွက်ပေါ်လာခဲ့ပါပြီ။
အဆင့်၁ …… လီဖူချန်း ။အမှတ် ၅၀။
အဆင့်၂…… ပိုင်လိရှန် ။ ၄၉မှတ်။
အဆင့်၃ …… လင်းရီကျန်း။၄၈မှတ်။
အဆင့်၄ ……ရန်ရှီဟို။ ၄၇မှတ်။
အဆင့်၅ …… လန်ဖေးအာ။ ၄၆ မှတ်။
အဆင့်၆ ……ချူရန်ကောင်း။ ၄၅မှတ်။
အဆင့်၇ …… လီကောင်း။ ၄၄မှတ်။
အဆင့်၈ …… ရှန်းတုကျင်း။ ၄၃မှတ်။
………
အဆင့်၂၀……စီးတုသောင်း။ ၃၁မှတ်။
အဆင့်၄၂ …… ဝမ်ဟိုင်လုံ။ ၉မှတ်။
တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကတော့ အမှတ်စုစုပေါင်း ၉၀ ရသွားတဲ့အတွက် သိုင်းတက္ကသိုလ် ၂၄ခုရဲ့ အဆင့်သတ်မှတ်ချက်မှာ အဆင့်၃ ဖြစ်သွားခဲ့ပါတယ်။ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်မှာ တစ်ကြိမ်တည်းနဲ့ အဆင့်၁၂ဆင့် ခုန်တက်သွားခဲ့တာပါ။
" ဒါက ကောင်းကင်ဘုံကို ခြေတစ်လှမ်းတည်းနဲ့ လှမ်းတက်သွားတာ မဟုတ်ဘူးလား "
လူတွေအားလုံးကတော့ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ဟာ သည်တစ်ကြိမ်မှာ သေချာပေါက် အဆင့်တက်မယ် ဆိုတာကို ကြိုတင် တွက်ဆထားပြီးသာပါပဲ။ ဒါပေမဲ့လည်း သည်လောက်အထိ အဆင့်တက်သွားလိမ့်မယ်လို့ သူတို့တွေက မထင်ထားခဲ့ပါဘူး။
အဆင့်၁ သိုင်းတက္ကသိုလ်ကတော့ အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ် ဖြစ်နေဆဲပါပဲ။
အဆင့်သတ်မှတ်ချက် ပြိုင်ပွဲရဲ့ တတိယအဆင့်ကို ကျောင်းသား၅ယောက် ဝင်ပြိုင်ခွင့်ရခဲ့တဲ့ အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ရဲ့ စုစုပေါင်းရမှတ်ဟာ ၁၃၈မှတ် ဖြစ်ပြီး တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ထက်ကို အမှတ် ၄၈မှတ် သာပါတယ်။
အဆင့်၂ နေရာကို ရသွားတဲ့ သိုင်းတက္ကသိုလ်ကတော့ ဆီးနှင်းရေခဲ သိုင်းတက္ကသိုလ်ပါ။
အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်လိုပဲ သူတို့ဟာလည်း အဆင့်သတ်မှတ်ချက် ပြိုင်ပွဲရဲ့ တတိယ အဆင့်ကို ကျောင်းသား၅ယောက် ဝင်ရောက်နိုင်ခဲ့ကြပါတယ်။ သူတို့ရဲ့ စုစုပေါင်း ရမှတ်ကတော့ ၁၂၇မှတ် ဖြစ်ပြီး အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ထက် ၁၁မှတ် လျော့နည်းပါတယ်။အမှတ် ကွာခြားချက်က သိပ်အကွာကြီးတော့ မဟုတ်ခဲ့ပါဘူး။
တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်လို အဆင့်သတ်မှတ်ချက် တက်ခဲ့တဲ့ သိုင်းတက္ကသိုလ်တွေကတော့ အများကြီး ရှိပါတယ်။
ဥပမာအားဖြင့် လီကောင်း ရှိနေတဲ့ ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်ပေါ့။ ခြင်္သေ့ရိုင်း သိုင်းတက္ကသိုလ်ဟာ အဆင့် ၁၈ကနေပြီး အဆင့်၁၂အထိအဆင့်တက်လာခဲ့ပါတယ်။
သိုင်းတက္ကသိုလ်တွေရဲ့ အဆင့်သတ်မှတ်ချက်ကို သတ်မှတ်ပြီးတဲ့ နောက်မှာတော့ ဆုပေးရမယ့် အချိန်ကို ကျရောက်လာခဲ့ပါပြီ။
အဆင့်၁ကို ရခဲ့တဲ့ လီဖူချန်းဟာ ဆုအဖြစ် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ထောင်နဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ဆယ်သန်း။
ပိုင်လိရှန်ကတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ငါးရာနဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးသန်း။
လင်းရီကျန်းကတော့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး သုံးရာ နဲ့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးသန်းဆိုပြီး အသီးသီး ရခဲ့ကြပါတယ်။
သည်ဆုလာဘ် ပမာဏက ရူးသွပ်ချင်စရာပါပဲ။
တိုက်ပွဲဝိညာဉ်နယ်ပယ် အများစုတောင်မှ သည်လောက်များတဲ့ ဝိညာဉ်ကျောက်တုံးတွေကို မပိုင်ဆိုင်နိုင်ပါဘူး။
" သည်အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေနဲ့ ဆိုရင်တော့ ငါ့ရဲ့အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ပိုင်ဆိုင်မှုက သန်း၂၀ ကျော်သွားပြီ။ ပြီးတော့ ငါ့ဆီမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၁၂၀၀နီးပါး ရှိနေသေးတယ်။ ဒါတွေနဲ့ ဆိုရင်တော့ ခန္ဓာကိုယ်အပြင်အားကိုကျင့်ကြံဖို့အတွက် အချိန်တော်တော်ကြာကြာ စိတ်ပူစရာ မလိုတော့ဘူး "
လီဖူချန်းကတော့ စိတ်ထဲကနေ တွေးနေမိပါတယ်။
" ပြိုင်ပွဲလည်း ပြီးသွားပြီဆိုတော့ သူတို့ကို ခရမ်းရောင်ပန်း တက္ကသိုလ်ဆီ အမြန် ပို့လိုက်ကြရအောင် "
တိုက်တွန်းလိုက်သူကတော့ တုံမူယိုပါပဲ။
ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ်က ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ တော်ဝင် သိုင်းတက္ကသိုလ် ဖြစ်ပါတယ်။ ဒါကြောင်လည်း သက်တံနီဂိုဏ်းရဲ့ အကြီးအကဲတွေက အဲသည်မှာစောင့်နေကြတာပါ။
" ပို့ကြတာပေါ့ "
တခြား ကျောင်းအုပ်ကြီးတွေကလည်း သဘောတူလိုက် ကြပါတယ်။
" ငါတို့က သက်တံနီဂိုဏ်းကို တကယ်ကြီး သွားရတော့မှာလား "
သက်တံနီဂိုဏ်းကို ဝင်ခွင့်ရထားတဲ့ ကျောင်းသားတွေကတော့ စိတ်လှုပ်ရှားနေကြပါပြီ။
ပိုင်လိရှန် နဲ့ လင်းရီကျန်းတို့တောင်မှ သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေကိုထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ပါဘူး။
" သက်တံနီဂိုဏ်း…… သက်တံနီဂိုဏ်း ……။ အဲသည်နေရာမှာ ဘယ်လို အံ့သြစရာတွေ ငါ့ကို စောင့်ကြိုနေမှာလဲ "
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။
***