မုယုံရှန်းရှင်း
Vol. 35 Ch. 472
ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ်ကတော့ ဘုရင့် နန်းမြို့တော်ရဲ့ အပြင်ဘက် မိုင်ပေါင်းသုံးထောင်ကျော် အကွာမှာ တည်ရှိတာပါ။
နေ့လည်ခင်းအချိန်ကို အရောက်မှာတော့ လူအုပ်ကြီးတစ်စုဟာခရမ်းရောင်ပန်း သိုင်းတက္ကသိုလ်ကို ပျံသန်းပြီး ရောက်လာခဲ့ကြပါတယ်။
" ကြည့်ရတာတော့ လူတွေအကုန်လုံးက ရောက်နှင့်နေကြပုံပဲ "
ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ်ရဲ့ အပြင်ဘက်သိုင်းတက္ကသိုလ် မြေကွက်လပ်ထဲမှာတော့ ယောကျာ်းပျို နဲ့ မိန်းမပျို အယောက်၄၀ ရောက်ရှိနေခဲ့ပါပြီ။
မြေကွက်လပ်ရဲ့ဘေးမှာရှိတဲ့ ကန်ဘောင်ပေါ်က အဆောင်တစ်ခု ထဲမှာတော့ မီးခိုးရောင် ဝတ်စုံဝတ်ထားတဲ့ လူကြီးတစ်ယောက်ဟာ လူတချို့နဲ့အတူလက်ဖက်ရည်ဝိုင်း ဖွဲ့နေပါတယ်။ အဲသည်လူကြီးရဲ့ ချီအရှိန်အဝါတွေကတော့ ပင်လယ်သမုဒ္ဒရာကြီး တစ်ခုလိုပါပဲ။သူ့ရဲ့ ဘေးနားက လူတွေကတော့ ခရမ်းရောင်ပန်း တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးနဲ့ လက်ထောက်ကျောင်းအုပ်တွေ ဖြစ်ပုံ ရပါတယ်။
" အကြီးအကဲမို ……အချိန်တွေ ရှိသေးတယ် မဟုတ်ဘူးလား။ တစ်ရက်လောက်တော့ အနားယူသွားပါဦး "
ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ်ရဲ့ ကျောင်းအုပ်ဖြစ်တဲ့ စုကျင်းဟိုင်က မီးခိုးရောင် ဝတ်စုံဝတ် လူကြီးကို လောကွတ်ပျူငှာ နေပါတယ်။
မီးခိုးရောင် ဝတ်စုံဝတ် လူကြီးက လက်မခံပါဘူး။
" တော်ပြီ။ ကျူပ် အနားမယူတော့ဘူး။ သက်တံနီဂိုဏ်းက အခုတလောမှာ အရမ်း အလုပ်များနေတယ် "
စုကျင်းဟိုင်က သိချင်စိတ် ပြင်းပြစွာနဲ့ မေးလိုက်ပါတယ်။
" ဧကန္တ …… ပင်လယ်သားရဲကြီးတွေက ထပ်ပြီး ပြသနာ ရှာနေကြပြန်ပြီလား "
မီးခိုးရောင် ဝတ်စုံနဲ့ လူကြီးက ခေါင်းညိတ်လိုက်ပြီး
" အဲသည်ထက် ပိုဆိုးတယ်။ အခြေအနေကိုတော့ ဆက်မပြောတော့ဘူး"
စကားဆုံးတာနဲ့ တစ်ပြိုင်နက် သူက ထရပ်လိုက်ပြီး ရောက်လာတဲ့ သိုင်းတက္ကသိုလ် ၂၄ခုက အဖွဲ့ဝင်တွေကို အော်ပြောလိုက်ပါတယ်။
" ငါက သက်တံနီဂိုဏ်းရဲ့ အပြင်စည်း အကြီးအကဲ မိုချောင်ဖန်းပဲ။ မင်းတို့ သိုင်းတက္ကသိုလ် ၂၄ခုက ကျောင်းသားတွေ စုံပြီလား "
အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ်ရဲ့ ကျောင်းအုပ် ကျင်းယန်က ပြန်ဖြေလိုက်ပါတယ်။
" အားလုံး ရောက်နေကြပါပြီ။ တစ်ယောက်မှ မကျန်ခဲ့ပါဘူး "
" ကောင်းတယ်။ ဒါဆိုရင်လည်း အချိန်ဆွဲမနေတော့ဘူး။ အခုပဲ ခရမ်းရောင်ပန်း နန်းမြို့တော်ကို သွားကြစို့ "
မိုချောင်ဖန်းက အလာပ၊သလာပတွေ ပြောပြီး အချိန် ဆွဲမနေတော့ပါဘူး။ သူက စကားဆုံးတာနဲ့ တစ်ပြိုင်နက် နန်းမြို့တော်ကို ဦးတည်ပြီး ပျံသွားခဲ့ပါပြီ။
မဟာနိုင်ငံတော် ၇ခုရဲ့ တော်ဝင်နန်းမြို့တော်တိုင်းမှာ ဆိုရင် သက်တံနီဂိုဏ်းကို တိုက်ရိုက် ရောက်စေနိုင်တဲ့ တည်နေရာရွှေ့ပြောင်း ဝင်္ကပါ အစီအရင်တွေ ရှိပါတယ်။ ဒါကြောင့်လည်း မိုချောင်ဖန်းက နန်းမြို့တော်ကို ပျံသန်းသွားခဲ့တာပါ။
" လီဖူချန်း၊စီးတုသောင်း၊ ဝမ်ဟိုင်လုံ။ မင်းတို့ သုံးယောက်စလုံး သက်တံနီဂိုဏ်းရောက်ရင် ပိုပြီး ကြိုးစားကြ။ တိုက်ပွဲဝိညာဉ်နယ်ပယ်ကို အချိန်စောပြီး ချိုးဖောက်ဝင်ရောက်နိုင်လေလေ မင်းတို့အတွက် ကောင်းလေလေပဲ "
" သက်တံနီဂိုဏ်းမှာက ထွတ်ခေါင်ပါရမီရှင်တွေ အများကြီး ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီး အထင်မကြီးကြနဲ့။ ကြားလား "
မန်ချင်းဟန် နဲ့ လင်းကျုပိုင်တို့က လီဖူချန်းတို့ကို မှာကြားနေကြပါတယ်။
" ဟုတ် "
" အေး …… ဒါဆိုလည်း သွားကြတော့ "
မန်ချင်းဟန်က လီဖူချန်းတို့ကို သွားခွင့် ပြုလိုက်ပါတယ်။
မန်ချင်းဟန်ရဲ့ ခွင့်ပြုမိန့်ကို ရအပြီးမှာတော့ လီဖူချန်းတို့ သုံးယောက်ဟာ ကျောင်းသား အုပ်စုကြီးနဲ့ ပူးပေါင်းကာ နန်းမြို့တော်ဆီ ပျံသန်းသွားခဲ့ပါပြီ။
လီဖူချန်းတို့သုံးယောက် ဝေးသထက် ဝေးသွားပြီး အရိပ်ပြောက်လေူတွေ အဖြစ်သာ မြင်ရတော့မှ လင်းကျူပိုင်က သက်ပြင်းချလိုက်ပါတော့တယ်။
" သက်တံနီဂိုဏ်းက အပြိုင်အဆိုင် အရမ်းများတဲ့ နေရာပဲ။ အစွမ်းက်တဲ့ လူတွေကိုပဲအရင်းအမြစ် ပစ္စည်းတွေ သက်တံနီဂိုဏ်းက ထောက်ပံ့တာ။သာမန်လူတွေ ဆိုရင်တော့ အရင်းအမြစ် ပစ္စည်းတွေရအောင် မနည်း ကြိုးစားရမှာ။ သူတို့သုံးယောက် အဆင်ကော ပြေပါ့မလား "
" ဘာမှ စိတ်ပူမနေနဲ့။အနည်းဆုံးတော့ သူတို့က သက်တံနီဂိုဏ်းကို ဝင်ခွင့်ရသွားပြီ မဟုတ်ဘူးလား။ ငါတို့ စိတ်ပူနေလည်း ဘာမှ ထူးလာမှမှ မဟုတ်တာ "
မန်ချင်းဟန်က လင်းကျုပိုင်ကို နှစ်သိမ့်လိုက်ပါတယ်။
မိုင်သုံးထောင်ဆိုတဲ့ ခရီးက တကယ်တမ်းတော့ သိပ်မရှည်လျားတဲ့ ခရီးတစ်ခုပါ ။ သူတို့အားလံုံးရဲ့ ပျံသန်းနှုန်းနဲ့ ဆိုရင် သိပ်မကြာခင်မှာပဲ ရောက်သွားနိုင်ပါတယ်။
ဒါပေမဲ့လည်း သည်ခရီးက အေးအေးချမ်းချမ်း ရှိနေတာတော့ မဟုတ်ပါဘူး။
" ပိုင်လိရှန်…… အရင်တစ်ကြိမ်က ငါနည်းနည်း ပေါ့ဆသွားလို့ နင်က တစ်ကွက်အသာနဲ့ နိုင်သွားတာ။ သက်တံနီဂိုဏ်းကို ရောက်ရက် နောက်တစ်ပွဲ တိုက်ကြရအောင် "
ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ် မိန်းမပျိုလေး တစ်ယောက်က သူမရဲ့ ချီအရှိန်အဝါတွေနဲ့ ပိုင်လိရှန်ကို ဖိနှိပ်လိုက်ပါတယ်။
ပိုင်လိရှန်ကလည်း ငြိမ်ခံမနေပါဘူး။ သူမက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ဆီးနှင်းရေခဲ ချီအရှိန်အဝါတွေနဲ့ တစ်ဖက်လူကို ပြန်ဖိနှိပ်လိုက်ပါတယ်။
ဘန်း……
ရလဒ်ကတော့ ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာတာပါပဲ။
" ဇီယုကျင်း…… နင်က ငါ့ပြိုင်ဘက်အဆင့် မဟုတ်ဘူး။ ဘာဖြစ်လို့ကိုယ့်အရှက်ကို ကိုယ်ပြန်ခွဲချင် နေတာလဲ "
ပိုင်လိရှန်ပြောတဲ့ ဇီယုကျင်းဆိုတာကတော့ ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ်ရဲ့ စွမ်းအင်သတ်မှတ်ချက် ဇယားက နံပါတ်၂ ကျောင်းသူ ဖြစ်ပါတယ်။ ဇီယုကျင်းက ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ တတိယမြောက် မင်းသမီး ဆိုရင်လည်း မမှားပါဘူး။
"အိုး……အဲသည် မိန်းကလေးက ပိုင်လိရှန်း ဆိုတာလား။ သူက ဝါစဉ်ကြီးအစ်ကို ဟိုင်ဝူယာလို ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဆို "
ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ်ရဲ့ စွမ်းအင်သတ်မှတ်ချက် ဇယားက ကျောင်းသားတွေကတော့ ပိုင်လိရှန်ကို ဝိုင်းဝန်း အကဲခတ်နေကြပါတယ်။
ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေဆိုတာက ခရမ်းရောင်ပန်း နိုင်ငံတော် တစ်ခုလုံးမှာတောင်မှ အတော်လေး ရှားပါးတယ်။ သူတို့တွေက ဆယ်စုနှစ် တစ်ခုမှာမှ တစ်ယောက်လောက် ပေါ်လာတတ်တာမျိုးပါ။ သည်နှစ်ကတော့ ကြယ်၇ပွင့် အရိုးတည်ဆောကိပုံ ပိုင်ရှင် သုံးယောက်တောင် ပါလာတဲ့အတွက် အတော်လေး ထူးဆန်းတဲ့ နှစ်ပါပဲ။
ဇီယုကျင်း နဲ့ ပိုင်လိရှန်တို့ တစ်ယောက်နဲ့တစ်ယောက် စကားစစ် ထိုးနေချိန်မှာပဲ ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ် နဲ့ ကြယ်တာရာ သိုင်းတက္ကသိုလ်က ကျောင်းသားတွေဟာ သိုင်းတက္ကသိုလ် ၂၄ခုက ကျောင်းသားတွေကို လှောင်ပြောင် နေကြပါတယ်။
သိုင်းတက္ကသိုလ် ၂၄ခုက ကျောင်းသားတွေကတော့ အတော်လေး ဒေါသထွက်နေကြပါပြီ။
ဒါပေမဲ့လည်း သူတို့အနေနဲ့ ဘာမှ ပြန်မပြောနိုင်ပါဘူး။ခရမ်းရောင်ပန်း သိုင်းတက္ကသိုလ် နဲ့ ကြယ်တာရာ သိုင်းတက္ကသိုလ်က ကျောင်းသားတွေဟာ တကယ့် လက်ရွေးစင်တွေပါ။ သူတို့ထဲက ကျပန်း ကျောင်းသားတစ်ယောက်တောင်မှ သိုင်းတက္ကသိုလ်၂၄ခု ပြိုင်ပွဲရဲ့ ထိပ်ဆုံးသုံးယောက်ထဲ ဝင်နိုင်ပါတယ်။ အထက်ကောင်းကင်ဘုံ သိုင်းတက္ကသိုလ် နဲ့ ဆီးနှင်းပျံ သိုင်းတက္ကသိုလ်က ကျောင်းသားတွေတောင်မှ လှောင်ပြောင်နေတာကို မသိချင်ယောင် ဆောင်နေကြမှတော့ အခြေအနေကို မှန်းဆနေနိုင်ပါပြီ။
အဓိက သိုင်းတက္ကသိုလ်ကြီး နှစ်ခုရဲ့ ကျောင်းသားတွေဟာ အချိန် ကြာလာတာနဲ့အမျှ ပိုပိုပြီး ရဲတင်းလာကြပါတယ်။
" ဝမ်ဟိုင်လုံ…… မင်းက ငါ့လောက် အစွမ်းမထက်တာတော့ အမှန်ပဲ။ ဒါပေမဲ့ မင်းအနေနဲ့ ကြယ်တာရာ သိုင်းတက္ကသိုလ် ဝင်ခွင့်ကို စွန့်လွှတ်ပြီး အမှိုက်တွေ တက်တဲ့ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ဆီ သွားစရာ မလိုဘူးလေ "
ဆောင့်ကြွားကြွား ပုံစံနဲ့ လူငယ် တစ်ယောက်က ဝမ်ဟိုင်လုံကို ပြုံးပြီး ပြောလိုက်ပါတယ်။
ဝမ်ဟိုင်လုံရဲ့ မျက်နှာက မည်းမှောင်သွားခဲ့ပါပြီ။ ပြီးမှ သူက အေးစက်စက် လေသံနဲ့ ပြန်ပြောလိုက်ပါတယ်။
" လင်းချီယန် …… အနာဂတ် ဘာဖြစ်လာမလဲဆိုတာ ဘယ်သူမှ ကြိုပြောလို့ မရဘူး။ အရမ်း မမောက်မာစမ်းနဲ့ "
လင်းချီယန် ဆိုတာကတော့ ကြယ်၆ပွင့် နေမင်း အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားသူပါ။ သူ့ရဲ့ နေမင်း အရိုးတည်ဆောက် နဲ့ ဝမ်းဟိုင်လုံရဲ့ အမှောင်ထု အရိုးတည်ဆောက်ပုံဟာ ကမ္ဘာရန်တွေလို့တောင် ဆိုရပါမယ်။ ပြီးတော့ လင်းချီယန်ဟာ ထိုးထွင်းသိမြင်မှု အပိုင်း နဲ့ တခြား ပျမ်းမျှ စွမ်းရည်တွေမှာလည်း ဝမ်ဟိုင်လုံထက် သာပါတယ်။ ဝမ်ဟိုင်လုံ အနေနဲ့ ကြယ်တာရာ သိုင်းတက္ကသိုလ်ကိုမရွေးချယ်ဘဲတောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကို ရွေးချယ်ခဲ့တာကလည်း လင်းချီယန်ကြောင့်ပါပဲ။
" ကြည့်ရတာ အမှိုက် သိုင်းတက္ကသိုလ်က မင်းကို တော်တော်လေး အကူအညီ ပေးခဲ့တဲ့ပုံပဲ။ မင်းရဲ့ လျှာစွမ်းက အရင်ကထက် အများကြီး ပိုထက်လာတယ်။ ဒါပေမဲ့လည်း မင်းသိထားဖို့က မင်းတက်နေတဲ့ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်က အမှိုက်တွေ စုစည်းထားတဲ့ သိုင်းတက္ကသိုလ် ဆိုတာပဲ။ မင်းက အမှိုက်တွေကြားထဲမှာပဲ ခေါင်းထောင်လို့ ရမယ် "
လင်းချီယန်ရဲ့ လှောင်ပြောင် ရှုံ့ချမှုတွေက တစ်စထက်တစ်ထ ပိုပို ဆိုးလာခဲ့ပါပြီ။
" ဘယ်သူက ငါတို့ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကို အမှိုက်တွေ စုထားတာလို့ ပြောတာလဲ "
လင်းချီယန်ရဲ့ စကားတိုင်းမှာ အမှိုက်ဆိုတာကြီးက ပါနေတဲ့အတွက် စီးတုသောင်းက လုံးဝ သည်းမခံနိုင်တော့ပါဘူး။ သူက တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကနေ ပညာသင်ကြားခဲ့သူ မဟုတ်ပါလား။
" ငါပြောနေတာလေ။ အမှိုက်ကောင်…… မင်းက ဘာဖြစ်ချင်တာလဲ။ သွားစမ်း "
လင်းချီယန်က ကြောက်စရာ ကောင်းလှတဲ့ ချီအရှိန်အဝါတွေနဲ့ စီးတုတောင်းကို ရိုက်ထုတ်ပစ်လိုက်ပါတယ်။
ဘန်း……
စီးတုသောင်းက လင်းချီယန်ရဲ့ ချီအရှိန်အဝါကို ဘယ်လိုမှ တောင့်မခံနိုင်ခဲ့ပါဘူး။ သူက ကောင်းကင်ပေါ်ကနေ ပြုတ်ကျလု နီးပါးပါပဲ။
" အိုး…… မင်းတို့ကောင်တွေက တကယ် တက်ကြွနေကြတာပဲ။ ကောင်းတယ်……ကောင်းတယ်။ သက်တံနီဂိုဏ်းထဲ ရောက်ရင်လည်း အခုလို တက်တက်ကြွကြွ နေကြဟေ့ "
အဖြစ်အပျက် အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရပေမယ့်မိုချောင်ဖန်းက ဝင်ရောက်စွက်ဖက်ခြင်း မလုပ်ခဲ့ပါဘူး။သက်တံနီဂိုဏ်းဆိုတာက အားကြီးတဲ့သူတွေ လွှမ်းမိုးတဲ့ နေရာတစ်ခုပါ။ အားနည်းတဲ့သူတွေကတော့ အနောက်မှ ကျန်ရစ်နေခဲ့ရမှာ သဘာဝပါပဲ။
" ခဏတုန်းက တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်ကို အမှိုက်တွေ စုထားတဲ့ ကျောင်းလို့ပြောတာ မင်းလား "
ရေခဲတမျှ အေးစက်စက် စကားသံ တစ်ခုက ထွက်ပေါ်လာခဲ့ပါတယ်။ အသံပိုင်ရှင်ကတော့ လီဖူချန်းပါပဲ။ သူက စီးတုသောင်းကို လှမ်းဖမ်းထိန်းပေးနေရင်းနဲ့ ပြောလိုက်တာပါ။
" အေးဟုတ်တယ်……။ဘာဖြစ်လို့လဲ အမှိုက်ကောင် "
လင်းချီယန်က လေသံမာမာနဲ့ ပြန်ပြောလိုက်ပါတယ်။
" လခွီး…… အမှိုက်ကောင်က တွေ့သမျှ လူတိုင်းကို အမှိုက်ကောင်လို့ လိုက်ခေါ်နေတာလား။ စိတ်ပျက်စရာကြီး "
လီဖူချန်းက စိတ်ပျက်လက်ပျက်နဲ့ ခေါင်းကို ခါယမ်းလိုက်ပါတယ်။
လင်းချီယန်က ဒေါသကို မထိန်းနိုင်တော့ပါဘူး။ လီဖူချန်းရဲ့ စကားနဲ့ အပြုအမူက သူ့ကို ဓားနဲ့ ထိုးတာထက်တောင်မှ နာနေပါသေးတယ်။
" ခွေးမသား …… သေစမ်း "
လင်းချီယန်က နေမင်းစွမ်းအားတွေကို ထုတ်လိုက်ပြီး လီဖူချန်းကို လောင်ကျွမ်းစေဖို့ ကြိုးစားလိုက်ပါတယ်။
" သေမှာက မင်းဟ။ အမှိုက်ရ "
လီဖူချန်းကလည်း တုံ့ဆိုင်းနေခြင်း အလျဉ်းမရှိပါဘူး။ သူက မီးလူသားအသွင် ပြောင်းလိုက်ပြီး မီးလျှံစွမ်းအားတွေနဲ့ လင်းချီယန်ကို ပြန်တိုက်ခိုက်လိုက်ပါတယ်။
ဘန်း……
ဝေါ့……
လင်းချီယန်ကတော့ သွေးတစ်လုတ်အန်ရင်း အနောက်ကို လွင့်ထွက်သွားခဲ့ပါပြီ။
" မင်း……မင်း ……"
လင်းချီယန်က ဘာဆက်ပြောလို့ ပြောရမှန်း မသိတော့ပါဘူး။
" မင်းရဲ့ စည်းမရှိတဲ့ ပါးစပ်ပေါက်ကို ကြပ်ကြပ် သတိထား။ ပြီးတော့ မင်းက အမှိုက်ကောင်တွေ စုစည်းထားတဲ့ ကျောင်းက အမှိုက်ကို ရှုံးသွားတဲ့ အမှိုက်ထုပ်ဆိုတာ မမေ့နဲ့ "
စကားဆုံးတာနဲ့ လီဖူချန်းက လင်းချီယန်ကို ဥပေက္ခာပြုပြီး ဆက်လက် ပျံသန်းသွားခဲ့ပါပြီ။
" မင်းရဲ့ သတ္တိကိုတော့ ချီးကျူးရမှာပဲ။ မင်းက ငါတို့ ကြယ်တာရာ သိုင်းတက္ကသိုလ်က ကျောင်းသားကိုတောင်မှ အနိုင်ကျင့်ရဲတယ်ပေါ့လေ "
အသံနဲ့အတူ ဗလတောင့်တောင့် လူငယ်တစ်ယောက်ဟာ လီဖူချန်းဆီကို ပျံသန်းလာခဲ့ပါတယ်။
" ညီလေးလင်းကို တောင်းပန်လိုက်စမ်း။ ဒါဆိုရင် ငါက အခုအဖြစ်အပျက်ကို မဖြစ်ခဲ့သလို နေပေးလိုက်မယ် "
အဲသည်လူငယ်က အထက်စီးကနေ ဆက်ပြောလိုက်ပါသေးတယ်။
လီဖူချန်းကလည်းသူ့ကို လာတင်စီးတာကို ဘယ်တုန်းကမှ ငြိမ်ခံတဲ့ကောင် မဟုတ်ပါဘူး။တင်စီးမယ့် တင်စီးတော့ သူပဲ တင်စီးမှာပါ။
" မင်းတို့ ကြယ်တာရာ သိုင်းတက္ကသိုလ်က ကောင်တွေက အရမ်းစကားများတာပဲ။ တကယ်လို့ မင်းက ငါ့ကို တောင်းပန်စေချင်ရင် ငါ့ကို အရင်အနိုင်ယူရမှာပေါ့။ ရှုပ်ပါတယ်ကွာ။ မင်းတို့ ကြယ်တာရာ သိုင်းတက္ကသိုလ်ကကောင်တွေ အကုန်လုံး တစ်ခါတည်း လာခဲ့လိုက်။ မဟုတ်ရင်လည်း တစ်ယောက်ပြီးတစ်ယောက် လာနေဦးမှာပဲ "
" ခွေးမသား…… လေကြီးလိုက်တာ "
ဗလတောင့်တောင့် လူငယ်က အားကောင်းလှတဲ့ ဆေဘာ ချီအရှိန်အဝါတွေကို ထုတ်လွှတ်နေတဲ့အတွက် ဆေဘာတာအို အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတယ်ဆိုတာ အသိသာကြီးပါပဲ။
" သေစမ်း "
ဗလတောင့်တောင့် လူငယ်က လီဖူချန်းကို လက်ဝါးစောင်းနဲ့ ခုတ်ချလိုက်ပါတယ်။
" သွားစမ်း "
လီဖူချန်းက လက်သီးနဲ့ပြန်ထိုးချလိုက်ပါတယ်။
ဘန်း……
ဗလတောင့်တောင့် လူငယ်က လွင့်ထွက်သွားခဲ့ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ မီးလောင်ဒဏ်ရာတွေ အပြည့်ပါပဲ။
" ဘာ……ဘာကြီးလဲဟ။ နံပါတ်၃ ဝါစဉ်ကြီးအစ်ကို ကုထုံတောင်မှ သူ့ကို မယှဉ်နိုင်ဘူးလား "
ကြယ်တာရာ သိုင်းတက္ကသိုလ်ရဲ့ စွမ်းအင်သတ်မှတ်ချက်ဇယားက ကျောင်းသားတွေကတော့ ကြောင်အမ်းအမ်း ဖြစ်နေကြပါပြီ။
ကုထုံရဲ့ အစွမ်းက ပိုင်လိရှန်ထက်တောင်မှ အနည်းငယ်ပဲ အားနည်းတာ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင်တော့ ကုထုံဟာ သည်အညတရ လူငယ်ကို တစ်ချက်တည်းနဲ့တောင် အနိုင်ယူနိုင် ရမှာပါ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ကုထုံဟာ တောင်ပိုင်းတောအုပ် သိုင်းတက္ကသိုလ်က အညတရ လူငယ်ရဲ့ လက်သီးတစ်ချက်ကိုတောင် တောင့်မခံနိုင်ပါဘူး။ ဒါက တကယ့်ကို မယုံနိုင်စရာပါပဲ။
ကြယ်တာရာ သိုင်းတက္ကသိုလ်က ကျောင်းသားတွေအနေနဲ့ သည်အညတရ လူငယ်ဟာ ပိုင်လိရှန်ကိုတောင် အနိုင်ယူထားတဲ့ လီဖူချန်းဆိုတာကို သိရင်တော့ သည်လောက်အထိ အံ့သြနေမှာ မဟုတ်တော့ပါဘူး။
" ကြယ်တာရာ သိုင်းတက္ကသိုလ်က ကောင်တွေ။ မကျေနပ်ရင် အရှေ့ထွက်လာပြီး ငါ့နဲ့လာတိုက်။ ပါးစပ်နဲ့ ပြောနေတာက ဘာမှ အလုပ် မဖြစ်ဘူး "
လီဖူချန်းက အဓိက သိုင်းတက္ကသိုလ်ကြီး နှစ်ခုစလုံးကို ဝေ့ကြည့်လိုက်ပြီး မိုက်မိုက်ကန်းကန်း စိမ်ခေါ်ပါတော့တယ်။
သူက သည်သိုင်းတက္ကသိုလ် နှစ်ခုစလုံးက ကျောင်းသားတွေကို ကြည့်မရတာ အတော်ကြာပါပြီ။ အဲသည်ကောင်တွေက သူတို့ကိုယ်သူတို့ ကြီးမြတ်တဲ့ လူတွေလို ပြုမူနေကြပြီး ကျန်တဲ့ သိုင်းတက္ကသိုလ်က ကျောင်းသားတွေကို မတူသလို၊မတန်သလို ဆက်ဆံနေကြတာပါ။ အဲသည်ကောင်တွေက ခရမ်းရောင်ပန်း နိုင်ငံတော်ဟာ မြေစေးနီတိုက်မှာရှိတဲ့ မဟာနိုင်ငံတော် ခုနစ်ခုထဲက တစ်ခုပဲ ဆိုတာကို သတိမေ့နေကြပါတယ်။ သူတို့အနေနဲ့ တခြားသူတွေကို မတူ၊မတန်သလို ပြုမူဖို့အတွက် အဆင့် မမီသေးပါဘူး။
" မင်းက အတော်လေး အစွမ်းထက်တယ်။ ကြည့်ရတာ မင်းက သိုင်းတက္ကသိုလ်၂၄ခု အဆင့်သတ်မှတ်ချက် ပြိုင်ပွဲမှာ အနည်းတော့ ထိပ်ဆုံး၅နေရာ ဒါမှမဟုတ် ၃နေရာအတွင်း ဝင်ခဲ့တာ ဖြစ်ရမယ် "
အသံပိုင်ရှင်ကတော့ နဖူးမှာ ကြယ်အမှတ်အသား ရှိနေတဲ့ ရုပ်ချောချော လူငယ်တစ်ယောက်ပါပဲ။
လီဖူချန်းက လူငယ်ကို ကြည့်လိုက်ပြီး ပြန်ပြောလိုက်ပါတယ်။
" မင်းက ကြယ်တာရာ သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၁ ဖြစ်ရမယ်။ တခြားသူတွေက မင်းကို မယှဉ်နိုင်တာကလည်း အံ့သြစရာတော့ မရှိဘူးပဲ "
" လီဖူချန်း…… အဲသည်ကောင်က ကြယ်တာရာ သိုင်းတက္ကသိုလ်ရဲ့ နံပါတ်၁ ကျောင်းသား မုယုံရှန်းရှင်း ဆိုတာပဲ။ သူက ကြယ်၇ပွင့် ကြယ်တာရာ အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ပြီး ခရမ်းရောင်ပန်းနိုင်ငံရဲ့ လက်ရှိ အစွမ်းအထက်ဆုံး ပါရမီရှင် အဖြစ်လည်း ကျော်ကြားတယ် "
စီးတုသောင်းက အသံပို့လွှတ်ပြီး လီဖူချန်းကို သတိပေးလိုက်ပါတယ်။
" ကြယ်၇ပွင့် ကြယ်တာရာ အရိုးတည်ဆောက်ပုံ ပိုင်ရှင်လား "
လီဖူချန်းက နည်းနည်းတော့ ဖြုံသွားသလိုပါပဲ။
ကြယ်၇ပွင့် ကြယ်တာရာ အရိုးတည်ဆောက်ပုံ ဆိုတာက ပထမတန်းစား အထူးအရိုး တည်ဆောက်ပုံ ဖြစ်ပြီး ပိုင်လိရှန်ရဲ့ ကြယ်၇ပွင့် ဆီးနှင်းရေခဲ အရိုးတည်ဆောက်ပုံထက် ပိုကြောက်စရာ ကောင်းပါတယ်။
တကယ်လို့ မုယုံရှန်းရှင်းက အစွမ်းအရမ်းထက်တဲ့ ကြယ်တာရာ နတ်ဘုရားစွမ်းရည်ကို နိုးထ ထားနိုင်ခဲ့ရင်လီဖူချန်း ကိုယ်တိုင်တောင်မှ နိုင်မလားဆိုတာကို တပ်အပ် မပြောရဲပါဘူး။
" မုယုံရှန်းရှင်း…… နင်မှားနေပြီ။ လီဖူချန်းက ထိပ်ဆုံး၅ယောက် စာရင်းဝင် မဟုတ်သလို ထိပ်ဆုံး၃ယောက် စာရင်းဝင်လည်း မဟုတ်ဘူး။ သူက သိုင်းတက္ကသိုလ်၂၄ခု အဆင့်သတ်မှတ်ချက် ပြိုင်ပွဲရဲ့ နံပါတ်၁ပဲ။ ငါတောင်မှ သူ့ကို ရှုံးသွားခဲ့တာ "
ပိုင်လိရှန်ရဲ့ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့ပါတယ်။
သူမကလည်း အဓိက သိုင်းတက္ကသိုလ် နှစ်ခုက ကျောင်းသားတွေကို ကြည့်မရပုံပါပဲ။
" မင်းက တကယ်ကြီး ပိုင်လိရှန်ကို အနိုင်ယူခဲ့တာလား "
မုယုံရှန်းရှင်းရဲ့ မျက်နှာ လေးနက်တည်ကြည် သွားခဲ့ပါပြီ။
ပိုင်လိရှန်ရဲ့ ရေခဲကြေးမုံက နောက်စရာ မဟုတ်ပါဘူး။ အဲဒါက သာမန် ဆီးနှင်းရေခဲ နတ်ဘုရားစွမ်းရည်တွေထက် အများကြီး အစွမ်းထက်ပါတယ်။ မုယံရှန်းရှင်း ကိုယ်တိုင်တောင်မှ ရေခဲကြေးမုံကို ဖျက်ဆီးပြီး ပိုင်လိရှန်ကို အနိုင်ယူနိုင်ဖို့ယုံကြည်မှု မရှိပါဘူး။
" မင်းဘယ်လို ထင်လဲ "
လီဖူချန်းကတော့ အကြော ခပ်မာမာပါပဲ။
" ဟုတ်ပြီလေ။ သည်လို ဆိုရင်တော့ ငါက ပိုသတိထားပြီး တိုက်ရမှာပေါ့ "
" ကြယ်တာရာ နှလုံးသား "
မုယုံရှန်းရှင်းက ကြယ်တာရာ စွမ်းအားကို ထုတ်လိုက်ပြီး လီဖူချန်းကို ထိုးလိုက်ပါတယ်။
လက်သီးချက် ထွက်လာတာနဲ့ တစ်ပြိုင် ပတ်ဝန်းကျင် လေထုဟာ အားနည်းသွားပြီး ကြယ်တာရာ အလင်းတန်းတွေဟာ လွှမ်းမိုးလာခဲ့ပါပြီ။
" အဲဒါက ငါ့ရဲ့ မီးလျှံနှလုံးသားနဲ့ ဆင်တူနေတာပဲ "
လီဖူချန်းကလည်း လက်သီးနဲ့ မုယုံရှန်းရှင်းကို ပြန်ထိုးလိုက်ပါတယ်။
ဟူး……
လီဖူချန်း ရှိနေတဲ့ အခြမ်းက လေထုတွေကတော့ မီးလောင်တစပြင်အလား ပူပြင်းသွားခဲ့ပါပြီ။
ဝုန်း……
လက်သီးနှစ်လုံးရဲ့ ထိပ်တိုက်တွေ့ဆုံမှုက ဥက္ကာခဲနှစ်လုံး ထိပ်တိုက် တွေ့ကြသလိုပါပဲ။သည်ထိပ်တိုက်တွေ့ဆုံမှုကနေ ပေါက်ကွဲထွက်လာတဲ့ စွမ်းအားတွေကြောင့် ကျောင်းသား တော်တော်များများဟာသွေးအန်ပြီး လွင့်ထွက်ကုန်ကြပါတယ်။
" စိတ်ဝင်စားစရာပဲ "
မုယုံရှန်းရှင်းရဲ့ မျက်လုံးထဲမှာတော့ တိုက်ပွဲကို ဆာလောင်စိတ်တွေ ဖြစ်တည်လာခဲ့ပါပြီ။ လူငယ်မျိုးဆက်တွေထဲမှာ ဆိုရင် သူ့ရဲ့ လက်သီးချက်ကို နောက်မဆုတ်ဘဲ ခုခံနိုင်တဲ့သူ မရှိပါဘူး။ လီဖူချန်းက ပထမဆုံးပါပဲ။
" လာစမ်းပါ "
လီဖူချန်းကလည်း ဆက်ပြီး တိုက်ခိုက်ဖို့ကို တာစူနေပါပြီ။မုယုံရှန်းရှင်းက သူနဲ့ ယှဉ်ပြိုင်ဖို့ ထိုက်တန်တဲ့ ပြိုင်ဘက်ပင် မဟုတ်ပါလား။သူက မီးလျှံစွမ်းအားတွေကိုတောင် ရင်ဘတ်ရှေ့မှာ စုစည်းထားလိုက် ပါသေးတယ်။
အဲသည်အချိန်မှာပဲ အသံတစ်ခုက တိုက်ပွဲကို ဟန့်တားလိုက်ပါတယ်။
" တော်ကြတော့ဟေ့။ အချိန်က သိပ်မရှိဘူး။ မင်းတို့ နှစ်ယောက် ဆက်ပြီး တိုက်ခိုက်ချင်သေးရင် သက်တံနီဂိုဏ်းကိုရောက်မှ ဆက်တိုက်ကြတော့ "
အသံပိုင်ရှင်ကတော့ မိုချောင်ဖန်းပါပဲ။
သူတို့တွေဟာ သတိတောင် မထားမိလိုက်ဘဲ နန်းမြို့တော်ကို ရောက်ရှိနေခဲ့ပါပြီ။ ကျောင်းသားတွေအားလုံးက လမ်းခရီးမှာ တိုက်ခိုက်ခဲ့ကြ ပေမယ့်လည်း ပျံသန်းနှုန်းကိုတော့ မလျော့ခဲ့ကြပါဘူး။
မူယုံရှန်းရှင်းက သူ့ရဲ့ ကြယ်တာရာ စွမ်းအားတွေကို ရုတ်သိမ်းလိုက်ပြီး မကျေမချမ်း ပြောလိုက်ပါတယ်။
" တော်ကြစို့။မင်းနဲ့ငါ သက်တံနီဂိုဏ်းကိုရောက်မှ ဆက်တိုက်ကြမယ် "
" ငါမင်းကို စောင့်နေမယ် "
လီဖူချန်းကလည်း သူ့ရဲ့ မီးလျှံစွမ်းအားတွေကို ပြန်ရုတ်သိမ်း လိုက်ပါပြီ။
အဲသည်နောက်မှာတော့ သူတို့အုပ်စုဟာ တည်နေရာရွှေ့ပြောင်း ဝင်္ကပါ အစီအရင် ရှိရာဆီကို ပျံသန်းသွားကြပြီးခရမ်းရောင်ပန်း နိုင်ငံတော် ထဲကနေ ပျောက်ကွယ်သွားပါတော့တယ်။
***