ထိုးထွင်းသိမြင်မှု စမ်းသပ်ချက်
Vol. 35 Ch. 473
သက်တံနီ ဂိုဏ်းကတော့ မြေစေးနီတိုက်ရဲ့ အနောက်ဘက် စွန်းစွန်းမှာ တည်ရှိတာပါ။ သက်တံနီဂိုဏ်းနဲ့ လိမ္မော်မြေစေးတိုက်ဟာ ကုန်းတွင်းပင်လယ် တစ်ခုပဲ ခြားပါတယ်။
သက်တံနီဂိုဏ်းရဲ့ ပတ်ပတ်လည်မှာတော့ ဒါဇင်နဲ့ ချီတဲ့ တည်နေရာရွှေ့ပြောင်း စင်မြင့်တွေကို တည်ဆောက်ထားပါတယ်။
ချွမ်……
တည်နေရွှေ့ပြောင်း စင်မြင့်တစ်ခုဟာ အရောင်တောက်ပလာခဲ့ အပြီးမှာတော့ လူတစ်စု ရောက်လာခဲ့ပါပြီ။ အဲဒါကတော့ မိုချောင်ဖန်း ဦးဆောင်တဲ့ ခရမ်းရောင်ပန်း နိုင်ငံတော်က လူငယ်တစ်စုပါပဲ။
" သည်တော့ ဒါက သက်တံနီဂိုဏ်း ဆိုတာပေါ့ "
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်မိပါတယ်။
သက်တံနီဂိုဏ်းကလည်း အခြားသော ဂိုဏ်းအများစုလိုပဲ တောင်တန်းတွေပေါ်မှာ တည်ထောင်ထားတာပါ။ သည်တောင်တန်းမှာ ရှိတဲ့ တောင်တွေကတော့ သိပ်ပြီး မမြင့်လှပါဘူး။ အမြင့်ဆုံ တောင်တောင်မှ အလွန်ဆုံးရှိ မီတာနှစ်ထောင်၊သုံးထောင်လောက်ပါပဲ။
ဒါပေမဲ့လည်း တောင်ထိပ်တိုင်းမှာတော့ စေတီ ဝင်္ကပါ အစီအရင်တွေ ရှိပါတယ်။ လီဖူချန်းရဲ့ ဆဋ္ဌမ အာရုံကတော့ သည်စေတီ ဝင်္ကပါ အစီအရင်တွေဟာ ဆန်းကြယ်ကိရိယာဂိုဏ်းရဲ့ စစ်သဘောၤပေါ်က စေတီဝင်္ကပါထက် အဆပေါင်းများစွာ အစွမ်းထက်မယ်ဆိုတာကို ခံစားမိနေပါတယ်။
အထူးသဖြင့် သက်တံနီဂိုဏ်းရဲ့ ပင်မ နယ်မြေထဲမှာ ရှိနေတဲ့ စေတီကိုးဆူပါပဲ။ အဲသည်စေတီကိုးဆူက မီတာ ရာချီမြင့်ပြီး ကောင်းကင်ဘုံကိုတောင် ဖျက်ဆီးနိုင်တယ်ဆိုတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနေပါတယ်။
စေတီတွေအကြောင်းပြီးရင် ထပ်ပြီး ပြောရမှာကတော့ တောင်အနိမ့်လေးတွေရဲ့ ထိပ်ပိုင်း ကျောက်ချထားတဲ့ စစ်သဘောၤကြီးတွေပါပဲ။ အဲသည် စစ်သဘောၤတိုင်းက ဆန်းကြယ်ကိရိယာဂိုဏ်းမှာ ရှိနေတဲ့ စစ်သဘောၤထက် ကြီးပါတယ်။ တချို့ဆိုရင် မီတာ တစ်ရာ၊နှစ်ရာနီးပါး ရှိပြီးတချို့ဆိုရင် မီတာလေးရာလောက်ကို ရှိနေတာပါ။
အဲသည် စစ်သဘောၤတွေပေါ်မှာ ဆိုရင်လည်း ဝင်္ကပါစေတီ တစ်ဆူစီ ရှိနေပါသေးတယ်။ အဲသည်ဝင်္ကပါ စေတီတွေကလည်း သူ့အတိုင်းအတာနဲ့သူ အစွမ်းထက်မယ့် ပုံပါပဲ။
ပြီးတော့ သက်တံနီဂိုဏ်းရဲ့ အဓိကနယ်မြေ အပေါ်မှာ ဘာမှန်းမသိရတဲ့ သတ္တုစက်လုံးတွေ ပျံဝဲနေပါသေးတယ်။အဲဒါတွေက ဘယ်လိုအစွမ်းသတ္တိမျိုးကို ပိုင်ဆိုင်ထားသလဲ ဆိုတာကိုတော့ လီဖူချန်း ကိုယ်တိုင်လည်း မသိပါဘူး။ လီဖူချန်း ထင်တာသာ မမှားဘူး ဆိုရင်တော့ အဲဒါက သက်တံနီဂိုဏ်းရဲ့ ဝှက်ဖဲတွေပဲ ဖြစ်ရပါမယ်။
အဲသည်အချိန်မှာပဲ မိုချောင်ဖန်းက ဂုဏ်ယူတဲ့ လေသံနဲ့ ပြောလာခဲ့ပါတယ်။
" ဒါက သက်တံနီဂိုဏ်းပဲ။ သာမန် ဥပဒေသပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ်တစ်ပါးတောင်မှ သက်တံဂိုဏ်းကို အခွင့်မရှိဘဲ ဝင်ရောက်လာခဲ့ရင် အမြီးကုပ်ပြီး ပြေးရလိမ့်မယ် "
" ဝိုး "
လူတွေအားလုံးက ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပါပြီ။
ဥပဒေသပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ်တွေတောင်မှ အမြီးကုပ်ပြီး ပြေးရလိမ့်မယ် ဟုတ်လား။ ဒါက နည်းနည်းတော့ မလွန်လွန်းဘူးလား။
ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်ဆိုတာက မူလပင်လယ်နယ်ပယ်ထက်တောင်မှ တစ်ဆင့်မြင့်ပါသေးတယ်။ ဥပဒေသ ပြောင်းလဲခြင်းနယ်ပယ်က ဧကရာဇ်တွေ ရောင်စဉ်ခုနစ်ဖြာ တိုက်ကြီးမှာ တကယ်ရှိ၊မရှိ ဆိုတာကို အသာထားပါဦး။ဥပဒေသပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ်တစ်ပါး ဆိုတာက တောင်တန်းတစ်ခုလုံးကိုတောင်မှ တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်နိုင်ပါတယ်။ မိုချောင်ဖန်းက ဘယ်လို သတ္တိနဲ့များ ဥပဒေသပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ် တစ်ပါးတောင်မှ သက်တံနီ ဂိုဏ်းကနေ အမြီးကုပ်ပြီး ထွက်ပြေးရမယ်လို့ ပြောရဲပါလိမ့်။
ဒါပေမဲ့လည်း ဘယ်သူကမှ မိုချန်းဖန်းရဲ့ စကားကို ပြန်မထောက်ရဲပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက အဲသည်အဆင့်နဲ့ အဝေးကြီးမှာ ရှိနေသေးလို့ပါပဲ။
****
သက်တံနီဂိုဏ်းမှာ ရှိနေတဲ့ ချီစွမ်းအင်တွေကတော့ အပြင်လောကကြီးထက် အဆပေါင်းများစွာ သိပ်သည်းပါတယ်။လူငယ်တိုင်းက သူတို့ အသက် ရှူသွင်းလိုက်တိုင်း ပါလာတဲ့ ချီစွမ်းအင်တွေထဲမှာတာအိုဥပဒေသတွေ ပါဝင်နေတာကိုလည်း ခံစားနေမိကြပါတယ်။ သည်နေရာမှာ ကျင့်ကြံလို့ကတော့ သိုင်းပညာ နဲ့ နတ်ဘုရားစွမ်းရည်ကို ပိုလွယ်လွယ်ကူကူ နားလည်သဘောပေါက် နိုင်မယ်ဆိုတာ ယုံမှားသံသယဝင်စရာ မလိုတော့ပါဘူး။
" ဒါကလည်း ရင်းမြစ် တစ်မျိုးပဲ "
လီဖူချန်းက အသက်ကို တဝကြီး ရှိုက်သွင်းလိုက်ပြီး တွေးလိုက်မိပါတယ်။ သည်လိုနေရာမျိုးမှာကျင့်ကြံရပြီး အဆင့်မတက်ရင်တော့ အဲသည်လူကို တကယ်ပဲ ရွှေချထားရတော့မှာပါ။
ကျင့်ကြံခြင်း လမ်းစဉ်မှာက အရင်းအမြစ်တွေဟာ တကယ်အရေးကြီးတဲ့ နေရာမှာ ရှိပါတယ်။
ထွတ်ခေါင်လက်ရွေးစင် ပါရမီရှင် တစ်ယောက်တောင်မှ လုံလောက်တဲ့ ရင်းမြစ်ပစ္စည်းတွေကို အထောက်အပံ့ မရခဲ့ရင် သူ့ရဲ့ မွေးရာပါ ပါရမီထက် ကျော်လွန်ပြီး အောင်မြင်နိုင်စရာ အကြောင်းမရှိပါဘူး။
သာမန်လူတစ်ယောက် အတွက်ကတော့ သူ့ရဲ့ မွေးရာပါ ပါရမီက အကောင်းကြီး မဟုတ်ရင်တောင်မှ ကောင်းမွန်တဲ့ ရင်းမြစ်ပစ္စည်း အထောက်အပံ့တွေ ရခဲ့ရင် သူ့ရဲ့ မွေးရာပါ ပါရမီ ကန့်သတ်ချက်ကို ကျော်လွန်ပြီး အောင်မြင်မှုတွေကို ရယူနိုင်ပါတယ်။
သည်လိုပတ်ဝန်းကျင်မှာ နှစ်ပေါင်းများစွာ နေထိုင်ပြီး ကျင့်ကြံနေကြတဲ့ သက်တံနီဂိုဏ်းရဲ့ ပါရမီရှင်တွေဟာ ဘယ်လောက် အစွမ်းထက်နေမလဲ ဆိုတာကတော့မတွေးရဲစရာပါပဲ။
" မဟာလွင်ပြင်ကို သွားကြစို့ "
စကားဆုံးတာနဲ့ တစ်ပြိုင်နက် မိုချောင်ဖန်းဟာ ရုတ်တရက် ပျံသန်းသွားခဲ့ပါပြီ။
လူငယ်တွေကလည်း ပျံသန်း လိုက်ပါသွားကြပါတယ်။
မဟာလွင်ပြင် ဆိုတာကတော့ ဘာဆိုဘာမှ မရှိတဲ့ မြေကွက်လပ်ကြီး တစ်ခုပါပဲ။အဲဒါရဲ့ အချင်းဝက် ပတ်ပတ်လည်က မိုင်ပေါင်း၂၀ ရှိပြီး ကြမ်းပြင် အချို့နေရမှာတော့ ကျောက်စိမ်းဖြူတွေ ဖြန့်ခင်းထားပါသေးတယ်။
မဟာလွင်ပြင်ရဲ့ အလယ်မှာတော့ လူငယ်၅၀၀ ဒါမှမဟုတ် ၆၀၀နီးပါး ရောက်နှင့်နေကြပါပြီ။ အဲသည်လူငယ်တွေရဲ့ အသက်ကတော့ မတိမ်းမယိမ်း ရှိနေပြီး ကြည့်ရတာတော့ တခြားနိုင်ငံတော် ၇ခုက ကျောင်းသားတွေ ဖြစ်ပုံပါပဲ။
" ခရမ်းရောင်ပန်း နိုင်ငံတော်ကကောင်တွေ ရောက်လာပြီဟေ့။ သည်ကောင်တွေ ကြည့်ရတာ သိပ်ပြီး ဟန်ပုံ မရဘူး။ သူတို့ဆီမှာ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ ဘယ်လောက် ပါလာမလဲ ဆိုတာကို ငါအရမ်း သိချင်နေပြီ "
" ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်လား။ ငါထင်တာကတေ့ာ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး။ ငါတို့ ကမ္ဘာဦးလဝန်း နိုင်ငံတော်မှာတောင်ဆယ်စုနှစ်တစ်ခုကြာမှ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တစ်ယောက်ပေါ်တာ။ ဒါပေမဲ့ သည်နှစ်မှာတော့ ငါတို့ဆီမှာ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ၂ယောက် ပါလာတယ်။ သည်ကောင်တွေ အဲလောက် ကံကောင်းစရာ အကြောင်း မရှိပါဘူးကွာ "
လူပေါင်း ၅၀၀ ကျော် ၆၀၀နီးပါးရဲ့ မျက်လုံးအစုံဟာ ခရမ်းရောင်ပန်း နိုင်ငံတော်ရဲ့ လူငယ်တွေဆီကို ကျရောက်လာခဲ့ပါပြီ။စိတ်ဓာတ်အားငယ်တဲ့ လူငယ်တွေကတော့ ဒူးတွေ တုန်ယင်လာပြီး အာခေါင်တွေ ခြောက်လာသလို ခံစားလိုက်ကြရပါတယ်။
" အကြီးအကဲမို…… ခင်ဗျား ရောက်လာပြီလား။ အခြေအနေ ဘယ်လိုလဲ။ ခရမ်းရောင်ပန်း နိုင်ငံတော်ကနေပြီး ဘုရင်အတန်းအစားကို ဝင်ရောက်နိုင်တဲ့ ပါရမီရှင် ဘယ်နှစ်ယောက် ရခဲ့လဲ။ ကျုပ်ကတော့ ကမ္ဘာဦးလဝန်း နိုင်ငံတော်ကနေပြီး နှစ်ယောက် ရလာတယ် "
မိုချောင်ဖန်းကို မေးလိုက်သူကတော့ ပိန်ပိန်ပါးပါးနဲ့ လူကြီးတစ်ယောက်ပါပဲ။ သူကလည်း သက်တံနီဂိုဏ်းရဲ့ အပြင်စည်း အကြီးအကဲတစ်ယောက် ဖြစ်ပုံရပါတယ်။
မိုချောင်ဖန်းက ရယ်လိုက်ပြီး
" နှစ်ယောက်တောင်လား။ အိုး……… ခင်ဗျားက အတော်ကံကောင်းတာပဲ။ ကျုပ်ကတော့ သုံးယောက်ပဲ ရခဲ့တယ်ဗျာ "
သက်တံနီဂိုဏ်းထဲမှာတော့ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေဟာ ဘုရင်အတန်းအစား ပါရမီရှင် တပည့်တွေပါပဲ။ အဓိပါ္ပယ်ကတော့ သူတို့တွေဟာ မူလပင်လယ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက်အခွင့်အလမ်း များတယ်လို့ ပြောချင်တာ ဖြစ်ပါတယ်။
" ဟား……ဟား……"
" ဘာ…… ဘာပြောလိုက်တယ် "
ပိန်ပိန်ပါးပါး လူကြီးဟာ မိုချောင်ဖန်းရဲ့ ပထမစကားကို ကြားတုန်းကတော့ ရယ်မောနေခဲ့တာပါ။ ဒါပေမဲ့လည်း ဒုတိယစကားကို ကြားပြီးတဲ့ အခါမှာတော့ သူဟာ မရယ်နိုင်တော့ပါဘူး။
သူက မျက်လုံးအပြူးသားနဲ့ မေးလိုက်ပါတယ်။
" သုံး……သုံးယောက်လား။ ခင်ဗျား ကျုပ်ကို နောက်နေတာတော့ မဟုတ်ပါဘူးနော် "
ယေဘုယျအားဖြင့် ပြောရမယ် ဆိုရင်တော့ နိုင်ငံတော် တစ်ခုဟာ ဆယ်စုနှစ် တစ်ခုလောက်ကြာမှ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်တာပါ။ဆယ်စုနှစ် နှစ်ခုလောက် ကြာတာတောင် တစ်ယောက်မှ မမွေးထုတ်ပေးနိုင်တဲ့ အချိန်တွေလည်း ရှိပါတယ်။
အဲသည်အတွက် နိုင်ငံ တစ်နိုင်ငံကနေ တစ်ကြိမ်တည်းမှာကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် နှစ်ယောက် ရခဲ့တယ် ဆိုတာက အတော်လေး လွန်နေလှပါပြီ။ ဒါပေမဲ့လည်း မိုချောင်ဖန်းကတော့ ခရမ်းရောင်ပန်း နိုင်ငံတော်ကနေပြီးကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် သုံးယောက် ရလာတယ်လို့ ဆိုနေပါတယ်။
" ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် သုံးယောက်လား။ မိုချောင်ဖန်း……ရှင်က အတော် ကံကောင်းတာပဲ။ ကျွန်မကတော့နိုင်ငံ တစ်နိုင်ငံကနေကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် သုံးယောက် မွေးထုတ်ပေးနိုင်လိမ့်မယ်လို့ တစ်ခါမှ မထင်ခဲ့ဖူးဘူး "
သက်လတ်ပိုင်းအရွယ် အမျိုးသမီးချောကြီး တစ်ယောက်ကလည်း စကားဝိုင်းထဲကို ဝင်လာခဲ့ပါပြီ။
" ကြည့်ရတာတော့ သည်နှစ်က သိပ်ကောင်းတဲ့ နှစ်တစ်နှစ်ပဲ ထင်ပါရဲ့။ ခါတိုင်းဆိုရင် သက်တံနီဂိုဏ်းက သုံးနှစ်လောက်မှာမှကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် နှစ်ယောက်၊သုံးယောက်လောက် ရကြတာ။ အခုတော့ တစ်ကြိမ်တည်းနဲ့ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် ၁၂ယောက် ရလာခဲ့ပြီ "
နှုတ်ခမ်းမွှေးစစနဲ့ လူလတ်ပိုင်း တစ်ယောက်ကလည်း ပြောလာခဲ့ပါတယ်။
" ဘာလဲ …… ခရမ်းရောင်ပန်း နိုင်ငံတော်မှာကကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် သုံးယောက်တောင် ရှိနေတာလား "
ကမ္ဘာဦးလဝန်း နိုင်ငံတော်က လူငယ်တွေရဲ့ မျက်နှာကတော့ မကောင်းလှတော့ပါဘူး။
လူနှစ်ယောက် နဲ့ သုံးယောက် ဆိုတာက အရေအတွက် တစ်ယောက်သာ ကွာပေမယ့် အဲသည်လူတွေ အကုန်လုံးမူလပင်လယ်နယ်ပယ်ကို ရောက်သွားရင်တော့ အဲသည်တစ်ယောက်က စကားပြောလာတော့မှာပါ။
"ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် ၁၂ယောက်လား။အဲဒါက မူလပင်လယ်နယ်ပယ် ဘုရင်အလောင်းအလျာ ၁၂ပါးပေါ့ "
လီဖူချန်းကလူငယ်အုပ်စုထဲကို လှမ်းကြည့်လိုက်ပြီး ကျန်ရှိနေတဲ့ နိုင်ငံတော် ခြောက်ခုကကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် ၉ယောက်ကို ရှာဖွေလိုက်ပါတယ်။
သူ့ရဲ့ အကြည့်အောက်မှာတော့ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေဟာ ပုန်းကွယ်နေနိုင်မှာ မဟုတ်ပါဘူး။
လီဖူချန်းက လူငယ်တွေရဲ့ ချီအရှိန်အဝါ နဲ့ မျက်နှာအမူအယာကို ကြည့်ပြီး ဘယ်သူကကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင်လည်း ဆိုတာကို ကောင်းကောင်းကြီး သိနိုင်ပါတယ်။
" ကဲ…… လူတွေအားလုံးလည်း စုံပြီဆိုတော့ ထိုးထွင်းသိမြင်မှု ခန်းမကို သွားကြရအောင် "
မိုချောင်ဖန်းက အကြံပြုလိုက်ပါတယ်။
" သွားကြတာပေါ့ "
သက်တံနီဂိုဏ်းရဲ့ အခြားသော အပြင်စည်း အကြီးအကဲ ခြောက်ယောက်ကလည်း မငြင်းပါဘူး။
ထိုးထွင်းသိမြင်မှု ခန်းမဆိုတာကတော့ သက်တံနီဂိုဏ်းကို ဝင်မယ့် တပည့်တွေရဲ့ ထိုးထွင်းသိမြင်မှုကို စမ်းသပ်တဲ့ နေရာဖြစ်ပါတယ်။
ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင်တွေကို ဘုရင်အတန်းအစားပါရမီရှင်တွေအဖြစ် သတ်မှတ်ထားပေးမယ့်လည်း သူတို့အားလုံးဟာ ဘုရင်အတန်းအစား တပည့်အဆင့်ကို အလိုလိုဖြစ်ခွင့်ရမှာ မဟုတ်ပါဘူး။ ဘုရင် အတန်းအစား တပည့်ဖြစ်ဖို့ဆိုရင် အဲသည်လူရဲ့ ထိုးထွင်းသိမြင်မှုဟာ အနည်းဆုံး အမှတ်၆၀ကျော်ဖို့ လိုပါတယ်။
ထိုးထွင်းသိမြင်မှု ခန်းမကတော့ မဟာလွင်ပြင်ရဲ့ အကျော်မှာ ရှိတဲ့အတွက် သိပ်မဝေးလှပါဘူး။
ထိုးထွင်းသိမြင်မှု ခန်းမကို ရောက်အပြီးမှာတော့ လူတွေအားလုံးဟာ ထိုးထွင်းသိမြင်မှု စမ်းသပ်ချက်ကိုစမ်းသပ်ခံဖို့အတွက် တန်းစီရပါတော့တယ်။
ထိုးထွင်းသိမြင်မှု ခန်းမခေါင်းဆောင်က လက်သီးဆုပ်လောက် ရှိတဲ့ အနက်ရောင် ကျောက်သလင်းတုံး တစ်ခုကို ထုတ်ယူလိုက်ပြီးရှင်းပြပါတယ်။
" ဒါက ထိုးထွင်းသိမြင်မှု သလင်းကျောက်ပဲ။ သည်သလင်းကျောက်ကို မင်းတို့ရဲ့ နဖူးမှာ တင်ထားရုံနဲ့ စမ်းသပ်ချက်ကို လုပ်လို့ရပြီ။ သည်သလင်းကျောက်က မင်းတို့ရဲ့ ထိုးထွင်းသိမြင်မှုကို ဆုံးဖြတ် ပေးလိမ့်မယ် "
" ပြီးတော့ ပြောရဦးမယ်။သက်တံနီဂိုဏ်းမှာက အပြင်စည်းတပည့်တွေကို အဆင့် အမျိုးမျိုး ခွဲထားတယ်။ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင်တွေကတော့ ထိုးထွင်းသိမြင်မှု အမှတ်၆၀ ကျော်ရင်ဘုရင်အတန်းအစား တပည့်ဖြစ်ခွင့်ရမယ်။ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင်တွေကတော့ ထိုးထွင်းသိမြင်မှု အမှတ်၄၀ကျော်ရင် ပထမတန်းစား အပြင်စည်းတပည့်၊ ထိုးထွင်းသိမြင်မှု ၃၅မှတ်ကျော်ရင် ဒုတိယတန်းစား အပြင်စည်းတပည့်၊ ထိုးထွင်းသိမြင်မှု အမှတ်၃၀ကျော်ရင် တတိယတန်းစား အပြင်စည်းတပည့် ဆိုပြီး သက်တံနီဂိုဏ်းကို ဝင်ခွင့်ရမယ် ။ ထိုးထွင်းသိမြင်မှု အမှတ်၃၀အောက်က လူတွေကိုတော့ သက်တံနီဂိုဏ်းက လက်မခံဘူး။ပြန်ပို့မယ်။ ငါကတော့ မင်းတို့ထဲမှာ ထိုးထွင်းသိမြင်မှု အမှတ်၃၀အောက် ရှိတဲ့လူတွေ မပါပါစေနဲ့လို့ ဆုတောင်းပေးပါတယ် "
" ငါက သေချာပေါက် ပထမတန်းစား အပြင်စည်းတပည့် ဖြစ်လာရမယ် "
ဘုရင်အတန်းအစား တပည့်တွေ ဖြစ်ဖို့ကိုတော့ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေကလွဲပြီး အခြားသူတွေက မမှန်းရဲပါဘူး။ ဒါပေမဲ့ သူတို့တွေက ပထမတန်းစား အပြင်စည်းတပည့်တွေတော့ ဖြစ်ချင်ကြပါတယ်။
သက်တံနီဂိုဏ်း ဆိုတာက ဘုရင်အဆင့် ဂိုဏ်းတစ်ခု ဖြစ်သလို မရေမတွက်နိုင်တဲ့ ရင်းမြစ်တွေကို ပိုင်ဆိုင်ထားတာပါ။ဒါပေမဲ့လည်း ဂုဏ်းထဲမှာက အပြိုင်အဆိုင် များလွန်းပါတယ်။ အဲသည်အတွက် မင်းရဲ့ အဆင့်အတန်းက မြင့်လေလေ ရင်းမြစ်ပစ္စည်း များများကို ရလေလေပါပဲ။
တကယ်လို့ မင်းက တတိယတန်းစား တပည့် ဖြစ်သွားရင်တော့ မင်းရဲ့ အလားအလာက နိဂုံးချုပ်ပါပြီ။ မင်းက အခြေခံ ရင်းမြစ်ပစ္စည်းတွေ ရဖို့ကိုတောင် အသည်းအသန် တိုက်ပွဲဝင်ရတော့မှာပါ။ အဲသည်လို ပတ်ဝန်းကျင် အခြေအနေမှာ ဆိုရင်တော့ မင်းအနေနဲ့ ကျင့်ကြံခြင်းအဆင့်တစ်ဆင့်တက်ရင် ကံကောင်းပါပဲ။
ချဲ့ကားပြောဆို နေတာတော့ မဟုတ်ပါဘူး။ ဘုရင်အတန်းအစား တပည့်တစ်ယောက် ရရှိတဲ့ ရင်းမြစ်ပစ္စည်းတွေဟာ တတိယတန်းစား တပည့်တစ်ယောက်ရတဲ့ ရင်းမြစ်ပစ္စည်းတွေထက် အဆတစ်ရာ များပါတယ်။
အဲသည်လို ထောက်ပံ့တဲ့ အရင်းအမြစ် ကွာဟမှုကြောင့် အစွမ်းထက်တဲ့လူဟာ ပိုအစွမ်း ထက်လာမှာ ဖြစ်ပြီး အစွမ်းနည်းတဲ့ သူကတော့ ပိုပြီး အားနည်းသွားမှာပါ။
" ဒါက တကယ်ကြီး ထိုးထွင်းသိမြင်မှုစမ်းသပ်ချက်လား။ ငါ့ရဲ့ ထိုးထွင်းသိမြင်မှုက ဘယ်လောက်များပါလိမ့် "
လူငယ်တော်တော်များများကတော့ သူတို့ရဲ့ ထိုးထွင်းသိမြင်မှုနဲ့ ပက်သက်ပြီး စိုးရိမ်နေကြပါပြီ။ သူတို့တွေထဲက ဘယ်သူမှတော့ သူတို့ရဲ့ နိုင်ငံတော်ဆီ ပြန်ပို့တာကို မခံချင်ကြပါဘူး။
" ထိုးထွင်းသိမြင်မှုကို စမ်းသပ်နိုင်တဲ့ အရာက တကယ်ကြီး ရျှိနတာလား"
လီဖူချန်းကတော့ မျက်မှောင်ကုတ်ပြီး စဉ်းစားခန်း ဖွင့်နေပါတယ်။
ထိုးထွင်းသိမြင်မှုဆိုတာက စစ်မှန်တဲ့ အရာတစ်ခု မဟုတ်ပါဘူး။ အဲဒါက ယုံကြည်စိတ်ချလို့ မရတဲ့ အရာတစ်ခုပါ။ အဲဒါက တစ်သက်လုံး တည်မြဲနေနိုင်သလို၊ ပျောက်ကွယ်ချင်တဲ့ အခါမှာလည်း ပျောက်ကွယ်သွားနိုင်ပါတယ်။
"ပထမဆုံးတစ်ယောက် "
ထိုးထွင်းသိမြင်မှု ခန်းမအကြီးအကဲရဲ့ အသံက ဟိန်းထွက်လာခဲ့ပါပြီ။
ပထမဆုံး အခေါ်ခံရတဲ့ လူငယ်ကတုန်တုန်ယင်ယင်နဲ့ ရှေ့ကို ထွက်လာပြီး ထိုးထွင်းသိမြင်မှု သလင်းကျောက်ကို နဖူးပေါ် တင်လိုက်ပါတော့တယ်။
အနက်ရောင် သလင်းကျောက်ထဲမှာ အလင်းပြောက်လေးတွေ ထွက်ပေါ်လာခဲ့ပါတယ်။
" ထိုးထွင်းသိမြင်မှု အမှတ်၃၂။တတိယတန်းစားတပည့်"
" နောက်တစ်ယောက် "
ခန်းမ အကြီးအကဲရဲ့ အသံက အသက်မပါလှပါဘူး။
" ထိုးထွင်းသိမြင်မှု ၃၅မှတ်။ တတိယတန်းစား တပည့်"
"ထိုးထွင်းသိမြင်မှု ၃၈မှတ် ။ဒုတိယတန်းစားတပည့်"
"ထိုးထွင်းသိမြင်မှု ၃၉မှတ် ။ဒုတိယတန်းစားတပည့်"
နိုင်ငံအသီးသီးက လူငယ်တွေကတော့အရှေ့ကို လှမ်းထွက်လာပြီး အစမ်းသပ်ခံ ပြီးသွားခဲ့ပါပြီ။ ဒါပေမဲ့လည်း ပထမတန်းစား တပည့်ကတော့ တစ်ယောက်မှ မပေါ်လာခဲ့ သေးပါဘူး။
သိပ်မကြာခင်မှာတော့ ကျောက်တုံးနက် နိုင်ငံတော်က ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ရဲ့ အလှည့်ကို ကျရောက်လာခဲ့ပါတယ်။
အဲသည်လူငယ်ကတော့ အလွန်ဆုံးရှိမှ အသက်၃၀ပါပဲ။ သူ့ရဲ့ မျက်လုံးတွေထဲမှာတော့ ယုံကြည်မှုအပြည့် ရှိနေပြီး သူ့ရဲ့ ခြေလှမ်းတွေကလည်း တွန့်ဆုတ်နေခြင်း အလျဉ်းမရှိပါဘူး။
တခြားလူတွေရဲ့ ပြောစကားအရ အဲသည်လူငယ်ဟာ စီးမာကျိုး ဆိုတာကိုလီဖူချန်း သိလိုက်ရပါတယ်။ စီးမာကျိုးက ကြယ်၇ပွင့် မြေထု အရိုးတည်ဆောက်ပုံကို ပိုင်ဆိုင်ထားတာပါ။
ထိုးထွင်းသိမြင်မှု ကျောက်တုံးကို သူ့ရဲ့ နဖူးပေါ်မှာ တင်အပြီးမှာတော့ အလင်းပြောက်တွေ စတင် ဖြစ်ပေါ်လာခဲ့ပါပြီ။
အလင်းပြောက် ၆၇ခု ဖြစ်ပေါ်အပြီးမှာတော့ အဲသည်ဖြစ်စဉ်က ရပ်တန့်သွားခဲ့ပါတယ်။
ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲကလည်း ပြုံးနေခဲ့ပါပြီ။
" ထိုးထွင်းသိမြင်မှု ၆၇မှတ်။ ဘုရင်အတန်းအစား တပည့် "
ထိုးထွင်းသိမြင်မှု အမှတ်၆၀ ကျော်ဖို့ဆိုတာက ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေအတွက်တောင်မှ မလွယ်လှပါဘူး။
ထိုးထွင်းသိမြင်မှု ၆၇မှတ် ရတဲ့ စီးမာကျိုးလို လူမျိုးဟာ ကြယ်၇ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေထဲမှာတောင်မှရှားပါးလွန်းလှပါတယ်။
***