← Chapters

စစ်ပွဲစတင်ခြင်း

Vol. 30 Ch. 409

စစ်ပွဲစတင်ခြင်း

Vol. 30 Ch. 409

ဝံပုလွေတိုင်းပြည်၏ ဘုရင်သုံးယောက်သည် မြင်မြင်သမျှနေရာတိုင်းတွင် ဝိညာဥ်သားရဲများ ပြည့်နှက်နေသောကြောင့် စိတ်ဓာတ်ကျနေကြသည်။ ယဲ့ချန်က ၎င်းတို့ကို တစ်လှိုင်းပြီးတစ်လှိုင်း မောင်းထုတ်နေသောကြောင့် အရေအတွက်က သားရဲစစ်တပ်၏လေးငါးဆမက များပြားလာခဲ့သည်။ ထို့နောက် သူက တဟုန်ထိုးလျှပ်စီးကျင့်စဥ်ဖြင့် ကြယ်ခန်းမထံ ပျံသန်းသွားခဲ့သည်။ ဝိညာဥ်သားရဲများက အလွန်များပြားသောကြောင့် သားရဲစစ်တပ်ကိုထိခိုက်စေရန် လုံလောက်နေပြီဖြစ်သည်။

ဝံပုလွေတိုင်းပြည်သည် ဝိညာဥ်သားရဲများကို မခုခံနိုင်သောအချိန်တွင် ကြယ်ခန်းမ၏မြို့ငါးမြို့ကို ကျူးကျော်လာပေလိမ့်မည်။ ဝိညာဥ်သားရဲလှိုင်းကို မြို့ရိုးကြီးများက ခုခံနိုင်သောကြောင့်ဖြစ်သည်။ အကယ်၍ သူတို့က ခေါင်းမာစွာဖြင့် ဆက်လက်တိုက်ခိုက်နေလျှင် ဝိညာဥ်သားရဲများကြောင့် အထိအခိုက်အပျက်အစီး အလွန်များသွားနိုင်သည်။

အကယ်၍ သားရဲစစ်တပ်က မြို့ရိုးများကိုတိုက်ခိုက်လာလျှင် ယဲ့ချန်ရှိနေမှ ဖြစ်ပေလိမ့်မည်။ ကြယ်ခန်းမတွင် ဝံပုလွေဘုရင်သုံးယောက်ကိုယှဥ်နိုင်သူမှာ သူနှင့်နန်ရှင်းတစ်သာ ရှိသောကြောင့်ပင်။ အထူးသဖြင့် မိစ္ဆာဝံပုလွေဆေဘာကို ပိုင်ဆိုင်ထားသော သွေးဘုရင်က ခြိမ်းခြောက်မှုတစ်ခုဖြစ်သည်။ ထို့ကြောင့် သူက သားရဲစစ်တပ်အပေါ်မှ လျင်မြန်စွာပျံသန်း၍ ကြယ်ခန်းမထံ ပြန်သွားခဲ့သည်။

ကြယ်ခန်းမ၏ကောင်းကင်ထက်တွင် ကောင်းကင်အဆင့်နှင့်အထက် ကျင့်ကြံသူများ မတ်တပ်ရပ်နေပြီး အဝေးရှိတိုက်ပွဲကြီးကို စောင့်ကြည့်နေကြသည်။

"ကြည့်စမ်း သားရဲတွေကို ဝိညာဥ်သားရဲတွေက ဝင်ရောက်တိုက်ခိုက်နေတယ်"

"ဝံပုလွေတိုင်းပြည်က ငါတို့ကိုတိုက်ခိုက်ချင်ပေမယ့် ဝိညာဥ်သားရဲတွေကြောင့် ဒုက္ခရောက်နေပြီ"

သူတို့က ကြမ်းတမ်းရက်စက်သော တိုက်ပွဲကိုကြည့်၍ အချင်းချင်းဆွေးနွေးနေကြသည်။ ဝံပုလွေတိုင်းပြည်တွင် သန်းပေါင်းများစွာသော သားရဲများပါဝင်သော်လည်း ဝိညာဥ်သားရဲအရေအတွက်က ပို၍သာလွန်နေသည်။ နေရာတိုင်းတွင် သွေးများချောင်းစီးနေသဖြင့် ပတ်ဝန်းကျင်တွင် ဖရိုဖရဲဖြစ်နေခဲ့သည်။ ဤကား သန်းချီသောစစ်သည်များနှင့် ဝိညာဥ်သားရဲများ၏တိုက်ပွဲ ဖြစ်သောကြောင့် ယဲ့ချန်မြင်ဖူးသမျှတွင် အကြမ်းတမ်းဆုံးစစ်ပွဲ ဖြစ်သည်။

"လူတိုင်း အသင့်ပြင်ထားကြ။ ဝံပုလွေတိုင်းပြည်က ငါတို့ကို သေချာပေါက်တိုက်ခိုက်လာလိမ့်မယ်"

ယဲ့ချန်၏အသံက ကြယ်ခန်းမအဖွဲ့ဝင်တိုင်း၏နားအတွင်း ဝင်ရောက်လာခဲ့သည်။ အားလုံး၏ မျက်နှာထားများက လေးနက်သွားပြီး တိုက်ပွဲဝင်ရန် ပြင်ဆင်လိုက်ကြသည်။

ဘုရင်သုံးယောက်သည် ဒီရေလှိုင်းကြီးများပမာ ဝင်ရောက်လာနေသော ဝိညာဥ်သားရဲများကြောင့် ဒေါသထွက်နေသည်။ သွေးဘုရင်သည် ဤဖြစ်ရပ်က ယဲ့ချန်နှင့်ဆက်စပ်နေရမည်ဟု အတိအကျသတ်မှတ်ထားသည်။ ဝိညာဥ်သားရဲများကို သားရဲစစ်တပ်ထံ မောင်းထုတ်လိုက်သူမှာ ယဲ့ချန်ပင်ဖြစ်သည်။ ဝံပုလွေတိုင်းပြည်က အရင်ဆုံး ချုံခိုတိုက်ခိုက်ခံလိုက်ရ၏။

"ဝံပုလွေတိုင်းပြည်ရဲ့တပည့်တွေ အကုန်နားထောင်ကြစမ်း။ ဘေးကိုခွဲထွက်ပြီး ဝိညာဥ်သားရဲတွေကို ကြယ်ခန်းမဆီ မောင်းထုတ်လိုက်ကြ"

သွေးဘုရင်က ဝိညာဥ်အသိစိတ်ဖြင့် လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။ သားရဲစစ်တပ်က ဘေးနှစ်ဖက်သို့ ချက်ချင်းဆုတ်ခွာလိုက်သောကြောင့် အလယ်တွင် လမ်းကြောင်းတစ်ခုဖြစ်ပေါ်လာသည်။ အနက်ရောင်ဝိညာဥ်သားရဲများက ထိုလမ်းကြောင်းမှ ဝါးလုံးထိုးတိုးဝင်လာနေပြီး လမ်းကြောင်း၏ဦးတည်ရာက မြို့ရိုးများဖြစ်သည်။

"မင်းတို့ကို ဝိညာဥ်သားရဲလှိုင်းရဲ့အရသာ မြည်းကြည့်ခိုင်းလိုက်မယ်"

မြို့ငါးမြို့ထံ ပြေးဝင်သွားသော ဝိညာဥ်သားရဲများကိုကြည့်၍ သွေးဘုရင်က အေးစက်စက်ပြုံးလိုက်သည်။ အနက်ရောင်မြစ်တစ်ခုနှင့်တူညီသော ဝိညာဥ်သားရဲများက မြို့ရိုးများထံ တဟုန်ထိုးဝင်ရောက်လာနေကြောင့် ကြယ်ခန်းမတပည့်များက ထိတ်လန့်နေကြသည်။ ၎င်းတို့သာ မြို့ရိုးများထံ ရောက်လာလျှင် ကြယ်ခန်းမသည်လည်း သွေးလွှမ်းသောတိုက်ပွဲတစ်ခုကို ရင်ဆိုင်ရပေလိမ့်မည်။

"ကြယ်ခန်းမအတွက် သေတဲ့အထိ တိုက်ကြ"

နင်ချင်းယွင်က မြို့ရိုးပေါ်တွင် မားမားမတ်မတ်ရပ်၍ အော်ဟစ်အမိန့်ပေးလိုက်သည်။

"သေတဲ့အထိ တိုက်ခိုက်ကြမယ်"

ကြယ်ခန်းမတပည့်များက ပြိုင်တူကြုံးဝါးလိုက်ကြသည်။ သို့သော် များပြားသော ဝိညာဥ်သားရဲများကြောင့် သူတို့က ရင်ထိတ်နေခဲ့သည်။ အကယ်၍ သားရဲစစ်တပ်ကပါ ဝိညာဥ်သားရဲလှိုင်းနှင့်အတူ ဝင်ရောက်လာလျှင် ကြယ်ခန်းမ၏တပည့်များ မရေမတွက်နိုင်လောက်အောင် သေဆုံးသွားပေလိမ့်မည်။

ယဲ့ချန်သည် သွေးဘုရင်က ဤမျှဉာဏ်ထက်မည်ဟု ထင်မထားပေ။ သူက မျက်မှောင်ကြုတ်၍ ဝိညာဥ်သားရဲများကို စိုက်ကြည့်လိုက်သည်။ မြေပြင်တွင်သာမက ဝေဟင်တွင်လည်း ပျံသန်းနိုင်သော ဝိညာဥ်သားရဲများက မြို့ရိုးများအနီး ရောက်ရှိလာပြီဖြစ်သည်။ သွေးလွှမ်းသောတိုက်ပွဲတစ်ခု ဖြစ်ပွားခါနီးတွင် လက်ထောက်တံဆိပ်၌ အက်ကြောင်းတစ်ခုဖြစ်ပေါ်လာပြီး ခြင်္သေ့ကြီး၏အရှိန်အဝါ ပြန့်ထွက်လာခဲ့သည်။ အစွမ်းထက်အရှိန်အဝါက မြို့ငါးမြို့ကိုလွှမ်းခြုံသွားပြီး ၎င်းကို အာရုံခံမိလိုက်သောအခါ ဝိညာဥ်သားရဲများက ချက်ချင်းနောက်ပြန်လှည့်ပြေးသွားကြသည်။ သူတို့က ခြေဦးတည့်ရာထွက်ပြေးသွားကြသဖြင့် ဘေးနှစ်ဖက်တွင်ရှိနေသည့် သားရဲစစ်တပ်အတွင်း ဝင်ရောက်သွားကြလေသည်။ ဝိညာဥ်သားရဲအရေအတွက်က သန်းချီသော်လည်း တစ်ကောင်တလေပင် မြို့ရိုးများအနီး မချဥ်းကပ်ရဲပေ။ ဝိညာဥ်သားရဲများ ထွက်ပြေးသွားကြသောအခါ တိုက်ခိုက်ရန်ဟန်ပြင်နေသည့် ကြယ်ခန်းမတပည့်များက မင်သက်သွားကြသည်။ ထို့နောက် နားကွဲမတတ်ကျယ်လောင်သော အောင်ပွဲခံသံများ ဟိန်းထွက်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော ဝိညာဥ်သားရဲလှိုင်းနှင့် တိုက်ခိုက်ရခြင်းက အဓိပ္ပါယ်မဲ့သည်။ ၎င်းတို့ကိုသတ်ဖြတ်နိုင်လျှင်ပင် အရေအတွက်က အလွန်များပြားနေသည်။ ထို့ကြောင့် ကြယ်ခန်းမသည် ဝံပုလွေတိုင်းပြည်၏သားရဲစစ်တပ်ကိုသာ တိုက်ခိုက်လိုခဲ့သည်။

ဝိညာဥ်သားရဲများက သူ၏အကြံကြောင့် မြို့ရိုးများထံ ပြေးဝင်သွားသောအခါ သွေးဘုရင်က သွေးနားထင်ရောက်သွားခဲ့သည်။ သူက ကြယ်ခန်းမကိုရင်ဆိုင်ရန် နည်းလမ်းရှာတွေ့ပြီဟု ထင်မှတ်ထားသော်လည်း ဝိညာဥ်သားရဲများက သူ၏စစ်တပ်ထံ ရုတ်တရက်ပြန်လှည့်လာကြသည်။ ဝိညာဥ်သားရဲများက မြို့ရိုးများ၏အစပ်သို့ ရောက်ခဲ့သော်လည်း တိုက်ခိုက်ခြင်းမရှိဘဲ သားရဲစစ်တပ်ထံသာ ပြန်လည်ပြေးဝင်လာကြသည်။

"ဘာတွေဖြစ်သွားတာလဲ။ ဒီဝိညာဥ်သားရဲတွေနဲ့ ကြယ်ခန်းမက ဆွေမျိုးတွေဖြစ်နေတာလား"

သွေးဘုရင်က ဤသို့ရေရွတ်လိုက်သော်လည်း သတ်ဖြတ်ရန် တစ်ခုတည်းကိုသာသိ၍ သွေးဆာရက်စက်သော ဝိညာဥ်သားရဲများတွင် အသိဉာဏ်မရှိကြောင်း သိထားသည်။ ကြယ်ခန်းမက ၎င်းတို့ကိုမောင်းထုတ်ရန် မည်သည့်နည်းလမ်း အသုံးပြုနေသည်ကိုလည်း သူ မတွေးတတ်ပေ။

သားရဲစစ်တပ်က ဝိညာဥ်သားရဲများကြောင့် အကြီးအကျယ်ဒုက္ခရောက်နေသည်။ သို့သော် ကြယ်ခန်းမက လုံးဝအထိအခိုက်မရှိသောကြောင့် သွေးဘုရင်က ရူးသွပ်လုမတတ်ဖြစ်နေခဲ့သည်။ အကယ်၍ သူသာ ကြယ်ခန်းမကိုရောက်ရောက်ချင်း တိုက်ခိုက်ခဲ့လျှင် ရှေ့ရောနောက်ပါ ညှပ်တိုက်ခံရမည့်ဘေးမှ ကင်းလွတ်ခဲ့ပေလိမ့်မည်။ နေမင်း၏အလင်းရောင်က ညအမှောင်ကိုခွင်း၍ ပြန်လည်ထွက်ပေါ်လာခဲ့သည်။ နေရောင်အောက်တွင် အဆုံးမရှိသော ဝိညာဥ်သားရဲများကို နေရာတိုင်း၌ မြင်တွေ့နိုင်သည်။

နာရီအနည်းငယ်အတွင်း သားရဲစစ်တပ်က အရေအတွက်ရှစ်သန်းအထိ ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် ဝံပုလွေတိုင်းပြည်တစ်ခုလုံး၏အင်အားက သန်းနှစ်ဆယ်အောက်ရောက်သွားသောအခါ သွေးဘုရင်၏စိတ်ထဲတွင် သွေးအန်နေပြီဖြစ်သည်။ အသက်ရှင်ကျန်ရစ်သူများက အစွမ်းထက်စစ်သည်တော်များဖြစ်သောကြောင့် မုန်တိုင်းမျိုးနွယ်မှ စစ်ကူများရောက်မလာခင် ထိန်းထားနိုင်သော်လည်း ဝံပုလွေတိုင်းပြည်က တစ်နေ့တည်းဖြင့် ကြီးစွာထိခိုက်ခဲ့ရသည်။

"အစ်ကိုကြီး ကျုပ်တို့ ဘာလုပ်သင့်လဲ။ ဒီလိုသာ ဆက်ပြီးတိုက်ခိုက်နေရရင် ဝံပုလွေတိုင်းပြည်က ပိုပြီးဆုံးရှုံးရလိမ့်မယ်"

ငွေဘုရင်က စိုးရိမ်တကြီး ပြောလိုက်ခြင်းဖြစ်သည်။

"ညီနှစ် မင်း ဘယ်လိုထင်သလဲ"

သွေးဘုရင်က မီးဘုရင်ထံ အကြံတောင်းလိုက်သည်။

"ကျုပ်အထင်ပြောရရင် ကြယ်ခန်းမကိုဝင်တိုက်တာက အကောင်းဆုံးဖြစ်လိမ့်မယ်။ ကျုပ်တို့က မြို့ရိုးတွေကိုသိမ်းယူနိုင်ရင် အသက်ရှင်သန်နိုင်ဖို့ အာမခံချက်ရှိတယ်"

မီးဘုရင်က ကြယ်ခန်းမကို စူးရဲစွာစိုက်ကြည့်၍ အဖြေပေးလိုက်သည်။

"သတ်ကြစမ်း"

သွေးဘုရင်က မြို့ရိုးအထက်ကောင်းကင်ရှိ ယဲ့ချန်တို့လူစုကို တစ်ချက်ကြည့်လိုက်သည်။ ကြယ်ခန်းမက ကြိုတင်ပြင်ဆင်ထားသော်လည်း သူ့အတွက်တိုက်ခိုက်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။ သူ၏အမိန့်သံအဆုံးတွင် သားရဲစစ်တပ်၏သန်းချီသော မိုးပျံသားရဲများက မြို့ရိုးများထံ ချီတက်သွားကြသည်။ မြေပြင်တွင်လည်း သိန်းချီသော ကောင်းကင်အဆင့်သားရဲများနှင့် ရာချီသော ဆန်းကျယ်အဆင့်သားရဲများကို ဘုရင်သုံးယောက်ကဦးဆောင်၍ မြို့ရိုးများထံ ပြေးဝင်လာကြသည်။

"ဝံပုလွေတိုင်းပြည်ကို တိုက်ခိုက်ရဲရင် အကုန်သေရမယ်"

သွေးဘုရင်က ဝံပုလွေမိစ္ဆာဆေဘာကိုဝင့်၍ ယဲ့ချန်တို့လူစုထံ ခုန်ဝင်သွားခဲ့သည်။ နန်ရှင်းတစ်က လေနတ်ဆိုးဆေဘာကိုဆွဲထုတ်၍ သွေးဘုရင်ကို အစွမ်းထက်ဓားအလင်းတစ်ခုနှင့် ကြိုဆိုလိုက်သည်။

"ဘုန်း"

ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာကာ နန်ရှင်းတစ်နှင့်သွေးဘုရင်က ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။ သားရဲစစ်တပ်က မြို့ရိုးများပေါ်သို့ စတင်တွယ်တက်လာနေကြသောကြောင့် ဖရိုဖရဲမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ကြယ်ခန်းမ၏အင်အားက ရန်သူစစ်တပ်အောက် နိမ့်ကျသော်လည်း ခံစစ်တွင် အစွမ်းထက်နေခဲ့သည်။ မြှားမိုးများ သိပ်သည်းစွာ ထွက်ပေါ်လာသောကြောင့် ကောင်းကင်မှ မိုးပျံသားရဲများ မြေပြင်သို့ဦးစိုက်၍ ထိုးကျသွားကြသည်။ ဂိုဏ်းကာကွယ်ရေးအစီအရင်လည်း အသက်ဝင်လာပြီး မြို့ရိုးများကိုလွှမ်းခြုံကာ သားရဲစစ်တပ်ကို ခုခံလိုက်သည်။

ယဲ့ချန်က ကောင်းကင်တုန်ခါဆေးအိုးကို ရန်သူစစ်တပ်ထံ ပစ်ခတ်လိုက်သည်။ ဆန်းကျယ်အဆင့် ကောင်းကင်သားရဲဆယ်ကောင်က ဆေးအိုးအတွင်း ချက်ချင်းစုပ်ယူခံလိုက်ရသည်။ ထို့နောက် ကျယ်လောင်သောအော်သံများ နာကျင်စွာ ထွက်ပေါ်လာကြသည်။

ယဲ့ချန်သည် ငွေဘုရင်နှင့်မီးဘုရင်ကို တိုက်ခိုက်နေပြီး နေလင်းယုန်နှင့်နန်ရှင်းတစ်က ဟေးရီကို ရင်ဆိုင်နေကြသည်။ ထို့အပြင် နတ်ဘုရင်အဆင့်သို့ ဝင်ရောက်နိုင်ရန် အလွန်နီးကပ်နေပြီဖြစ်သော ကောင်းကင်နီကျား၊ မုန်တိုင်းသစ်နက်၊ တောကြောင်နှင့် လင်းယုန်နက်တို့က ရန်သူစစ်တပ်အတွင်း သတ်ဖြတ်နေကြသည်။ သူတို့က နတ်ဘုရင်စဦးအဆင့်များကိုပင် အနိုင်မယူနိုင်သော်လည်း ဆန်းကျယ်အဆင့်သားရဲများကို သတ်ဖြတ်ရန်အတွက် ပြဿနာ လုံးဝမရှိချေ။

နန်ရှင်းတစ်ကို တိုက်ခိုက်နေသော သွေးဘုရင်သည် တစ်ဖက်လူက အဆုံးမဲ့အဆင့်ကျင့်ကြံသူဖြစ်ကြောင်း သိလိုက်ရသောအခါ ထိတ်လန့်သွားခဲ့သည်။ ထို့အပြင် နန်ရှင်းတစ်က လူသားအဆင့်လက်နက်ကို ပိုင်ဆိုင်ထားသောကြောင့် သူ့ကို အမှန်တကယ်ယှဥ်ပြိုင်နိုင်နေသည်။ ယဲ့ချန်ကိုတိုက်ခိုက်နေသော ငွေဘုရင်နှင့်မီးဘုရင်တို့က အောက်စည်းသို့ ရောက်ရှိနေသည်။ ဟေးရီသည်လည်း ရှောင်ရိနှင့်နေလင်းယုန်ကြောင့် ဖိနှိပ်ခံနေရသည်။ ထို့အပြင် နတ်ဘုရင်စဦးအဆင့်သို့ရောက်ရန် မလိုတော့သော သားရဲလေးကောင်က ဝံပုလွေတိုင်းပြည်၏စစ်တပ်ကို သည်းကြီးမည်းကြီး လိုက်လံသတ်ဖြတ်နေပြန်သည်။

သွေးဘုရင်သည် ကြယ်ခန်းမကို အထင်သေးခဲ့မိကြောင်း နားလည်သွားခဲ့သည်။ တစ်ဖက်တွင် အဆုံးမဲ့အဆင့်ကျင့်ကြံသူတစ်ယောက်ပင်ရှိနေမည်ဟု အိပ်မက်ပင် မမက်ဖူးချေ။ ယဲ့ချန်သည်လည်း ဝိညာဥ်ဖျက်ဆီးခံလိုက်ရသည့်တိုင်အောင် ဝိညာဥ်စစ်သည်တော်ကို ထုတ်ဖော်တိုက်ခိုက်နိုင်နေသည်။ ကြယ်ခန်းမက အင်အားကို နက်ရှိုင်းစွာဖုံးကွယ်ထားသောကြောင့် အစတည်းက ဝံပုလွေတိုင်းပြည်ထက် အသားစီးရနေပြီးသားဖြစ်သည်။

ဝံပုလွေတိုင်းပြည်၏စစ်တပ်သည် ကြယ်ခန်းမကိုရော ဝိညာဥ်သားရဲများကိုပါ ရင်ဆိုင်နေရသည်။ အစွမ်းထက်ကျင့်ကြံသူအရေအတွက်တွင် ၎င်းက ကြယ်ခန်းမအောက် နိမ့်ကျနေသည်။ ဝံပုလွေတိုင်းပြည်သည် နှစ်ထောင်ပေါင်းများစွာ တည်မြဲလာသော်လည်း ယနေ့ကဲ့သို့အဖြစ်မျိုး ကျရောက်လာမည်ဟု မျှော်လင့်မထားပေ။

အတိတ်တွင် ယဲ့ချန်သည် အင်အားနည်းပါးနေသောကြောင့် ဝံပုလွေတိုင်းပြည်ထံမှ ပုန်းအောင်းနေခဲ့ရသည်။ ယနေ့တွင် သူက ဝံပုလွေတိုင်းပြည်ကို နောက်ထပ်ကြောက်စရာ မလိုတော့ချေ။

"သေစမ်း"

ယဲ့ချန်၏အတွေးတစ်ချက်တွင် ကောင်းကင်တုန်ခါဆေးအိုးက ကြီးမားလာပြီး စစ်မြေပြင်အတွင်း ဖြတ်သန်းသွားသည်။ ရာချီသော မှော်သားရဲများက ခဏအတွင်း ပြာကျသွားခဲ့သည်။

"ခွေးကောင်"

ယဲ့ချန်သည် သူတို့ကိုရှောင်တိမ်း၍ လက်အောက်ငယ်သားများကိုသာ သတ်ဖြတ်နေသောအခါ ငွေဘုရင်နှင့်မီးဘုရင်က ဒေါသထွက်သွားကြသည်။ သူတို့၏ဝိညာဥ်များက ဧရာမဝံပုလွေကြီးများအဖြစ် ယဲ့ချန်ကို ခုန်အုပ်လိုက်ကြသည်။ မီးတောက်များတောက်လောင်နေပြီး ပတ်ဝန်းကျင်၌ ငွေရောင်အလင်းများ လင်းထိန်လာသည်။ ငွေဘုရင်နှင့် မီးဘုရင်က ယဲ့ချန်ကိုသတ်ဖြတ်ရန် ဆုံးဖြတ်ထားသောကြောင့် ဝိညာဥ်ကြီးများက ဒေါသတကြီး ဟိန်းဟောက်နေကြလေသည်။

All Chapters