မုန်တိုင်းမျိုးနွယ်မှ စစ်ကူများ
Vol. 30 Ch. 410
"သေစမ်း"
ဘုရင်နှစ်ယောက်၏ ဝိညာဥ်ကြီးများက ယဲ့ချန်ထံ ခုန်အုပ်လိုက်ကြသည်။ သူတို့၏ဧရာမလက်သည်းကြီးများက ယဲ့ချန်ကိုထိမှန်ရန် နီးကပ်လာနေခဲ့သည်။
"နတ်ဆိုးချပ်ဝတ် ပေါ်လာစမ်း"
ယဲ့ချန်၏ခန္ဓာကိုယ်ထက်တွင် ခရမ်းရောင်အလင်းများ တောက်ပလာပြီး ခေါင်းအစခြေအဆုံး တစ်ကိုယ်လုံးကို နတ်ဆိုးချပ်ဝတ်က ကာကွယ်ပေးလိုက်သည်။ ၎င်းအထက်တွင် ဆန်းကျယ်သောရုန်းများ တဖိတ်ဖိတ်လင်းလက်နေသည်။
"ဘုန်း"
ဝိညာဥ်များ၏တိုက်ခိုက်မှုသည် ယဲ့ချန်ကို ထိမှန်သွားသော်လည်း နတ်ဆိုးချပ်ဝတ်က ကာကွယ်ပေးနိုင်ခဲ့သည်။ ဘုရင်နှစ်ယောက်၏တိုက်ခိုက်မှုက ၎င်းကို မဖျက်ဆီးနိုင်ခဲ့ပေ။ ထိုအချိန်တွင် ယဲ့ချန်က ဓားသုံးလက်အစီအရင်ကို ထုတ်ဖော်လိုက်သောကြောင့် အဆင့်ကိုးဓားသုံးလက်က လျှပ်ပြက်သကဲ့သို့ ထွက်ပေါ်လာသည်။
ဓားသုံးလက်က ငွေဘုရင်၏ဝိညာဥ်ကို တိုက်ခိုက်လိုက်ချိန်တွင် ဝိညာဥ်စစ်သည်တော်ကလည်း မီးဘုရင်၏ဝိညာဥ်ကို နဂါးငွေ့တန်းလက်ဝါးသိုင်းနှင့် မိတ်ဆက်ပေးလိုက်သည်။ ငွေဘုရင်ရောမီးဘုရင်ပါ ဒဏ်ရာရသွားပြီး သွေးများ အန်ထွက်လာခဲ့သည်။ ယဲ့ချန်၏လက်ရှိခွန်အားကို အဆုံးမဲ့အဆင့် ကျင့်ကြံသူတစ်ယောက်သာ ယှဥ်ပြိုင်နိုင်သောကြောင့် လိပ်ပြာလက်နက်ပိုင်ရှင် သွေးဘုရင်တစ်ယောက်သာ တိုက်ခိုက်နိုင်စွမ်းရှိသည်။ ငွေဘုရင်နှင့်မီးဘုရင်က ယဲ့ချန်၏ခွန်အားအောက် နိမ့်ကျနေသည်။
သွေးဘုရင်က နန်ရှင်းတစ်ကို ဖိနှိပ်ထားနိုင်သော်လည်း သူ့ကို လွယ်လွယ်နှင့်သတ်နိုင်မည်မဟုတ်ပေ။ သူ၏ညီနှစ်ယောက် ဒဏ်ရာရသွားသည်ကို မြင်သောအခါ သွေးဘုရင်က ဒေါသထွက်၍ ထိတ်လန့်နေခဲ့သည်။ အကယ်၍ ယဲ့ချန်ကသာ မီးဘုရင်နှင့်ငွေဘုရင်ကို သတ်နိုင်ခဲ့လျှင် သူ့ကို လာရောက်တိုက်ခိုက်ပေလိမ့်မည်။ ထိုအချိန်တွင် ဝံပုလွေတိုင်းပြည်က သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။ ထို့ကြောင့် သူက နန်ရှင်းတစ်နှင့်တိုက်ပွဲမှ အားကုန်ရုန်းထွက်၍ ယဲ့ချန်ထံ မိစ္ဆာဝံပုလွေဆေဘာကို ခုတ်ပိုင်းလိုက်သည်။ ဆေဘာအလင်းက ကောင်းကင်ထက်တွင် ဧရာမသွေးနီရောင်ဝံပုလွေကြီးအဖြစ် ပြောင်းလဲသွားခဲ့သည်။
ဝိညာဥ်စစ်သည်တော်က လှံပုဆိန်နှင့် ဆေဘာအလင်းကို ရင်ဆိုင်လိုက်သော်လည်း ယဲ့ချန်က မျက်မှောင်ကြုတ်နေခဲ့သည်။ ထိုအချိန်တွင် ကောင်းကင်တုန်ခါဆေးအိုး ထွက်ပေါ်လာ၍ ဘုရင်နှစ်ယောက်ထံ ဝင်ရောက်သွားလေသည်။
"စုပ်ယူစမ်း"
ယဲ့ချန်၏အတွေးတစ်ချက်တွင် ဆေးအိုးအဝ၌ ပြင်းထန်သော စုပ်ဝဲကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ဒဏ်ရာရထားကြသော ဘုရင်နှစ်ယောက်က ဆေးအိုး၏ကြောက်မက်ဖွယ်ကောင်းပုံကို သိထားသောကြောင့် ချက်ချင်း လူခွဲထွက်ပြေးလိုက်ကြသည်။ ဆေးအိုးက ငွေဘုရင်နောက်သို့ လိုက်ပါသွားသောကြောင့် သူက လိပ်ပြာလွင့်မတတ်ကြောက်လန့်နေသည်။ ဆေးအိုးအတွင်းရောက်သွားလျှင် အရှင်လတ်လတ် သန့်စင်ခံရမည်ဖြစ်သောကြောင့် အသက်အတွက် ငွေဘုရင်က အကုန်ထွက်ပြေးလိုက်၏။ ထိုအချိန်တွင် ဆေဘာအလင်းကြောင့် ဝိညာဥ်စစ်သည်တော်က အပိုင်းပိုင်းအစစ ကွဲကြေသွားပြီဖြစ်သည်။ ယဲ့ချန်၏ရင်ဘတ်က တင်းကျပ်သွားပြီး နှုတ်ခမ်းထောင့်မှ သွေးအချို့ စီးထွက်လာသည်။ ဝံပုလွေတိုင်းပြည်၏ လိပ်ပြာလက်နက်က အမှန်တကယ် အစွမ်းထက်ပေသည်။
သွေးဘုရင်က ယဲ့ချန်ကို အာရုံစိုက်ကာ တိုက်ခိုက်နေစဥ် နန်ရှင်းတစ်က အခွင့်အရေးကို အကောင်းဆုံးအသုံးချလိုက်သည်။ လေနတ်ဆိုးဆေဘာက သွေးဘုရင်၏နောက်ကျောကို ထိမှန်သွားပြီး ဝတ်ဆင်ထားသော ချပ်ဝတ်ကို ပျက်စီးသွားစေသည်။ သွေးများပန်းထွက်လာကာ ကြောက်မက်ဖွယ်ဓားဒဏ်ရာတစ်ခုက သွေးဘုရင်၏ကျောတွင် ဖြစ်ပေါ်လာခဲ့သည်။ ဝံပုလွေတိုင်းပြည်၏ ဘုရင်သုံးယောက်လုံး ဒဏ်ရာရသွားပြီး တိုက်ပွဲသာ ဤအတိုင်းဆက်လက်ဖြစ်ပွားနေလျှင် သူတို့အားလုံး သေရပေလိမ့်မည်။
"ကြယ်ခန်းမကို ကျူးကျော်သူမှန်သမျှ သေရမယ်"
နန်ရှင်းတစ်နှင့်ယဲ့ချန်က ဘုရင်သုံးယောက်ကို အသာစီးမှတိုက်ခိုက်နေစဥ် ကြယ်ခန်းမနှင့် သားရဲစစ်တပ်၏တိုက်ပွဲတွင်လည်း ကြယ်ခန်းမက အပေါ်စီးတွင် ရောက်ရှိနေသည်။ သူတို့က စိတ်အားထက်သန်နေပြီး လက်နက်များကိုဆွဲကိုင်ကာ သားရဲစစ်တပ်ထံ တစ်ယောက်ပြီးတစ်ယောက် ခုန်ဝင်သွားကာ သတ်ဖြတ်လိုက်ကြသည်။ ဘုရင်သုံးယောက် ဒဏ်ရာရနေသောအခါ သားရဲများက ဆုတ်ခွာရန်အတွေးများ ဖြစ်ပေါ်လာသည်။ ထို့အပြင် ကြယ်ခန်းမ၏ နတ်ဘုရင်အဆင့်ရောက်လုနီးပါး ကျင့်ကြံသူလေးယောက်ကိုလည်း သူတို့က မယှဥ်နိုင်ကြပေ။ ဝံပုလွေတိုင်းပြည်က ရှုံးနိမ့်ရန် နီးကပ်နေပြီဖြစ်သည်။ ထိုအချိန်တွင် အဝေးမှ အပြာရောင်ပုံရိပ်ဆယ်ခုက အလွန်မြန်ဆန်သောအရှိန်ဖြင့် စစ်မြေပြင်သို့ ပျံသန်းလာနေကြသည်။ အစွမ်းထက်အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ရေချီများက ကောင်းကင်တွင် ပြည့်နှက်လာကြသည်။ ဤကား မုန်တိုင်းမျိုးနွယ်မှ စစ်ကူများဖြစ်ကြသည်။
မုန်တိုင်းမျိုးနွယ် ရောက်ရှိလာသောကြောင့် ယဲ့ချန်က အနည်းငယ် ရင်ထိတ်သွားခဲ့သည်။ ဝံပုလွေတိုင်းပြည်ကို ခက်ခက်ခဲခဲတိုက်ခိုက်ပြီး အနိုင်ရခါနီးတွင် မုန်တိုင်းမျိုးနွယ်မှ ကျင့်ကြံသူများ ရောက်ရှိလာကြသည်။ ရန်သူများ၏ကျင့်ကြံဆင့်ကို သူက မဆုံးဖြတ်နိုင်သေးသော်လည်း နတ်အဆင့်ကျင့်ကြံသူများ ဖြစ်နိုင်သည်။
"နန်ရှင်း ဒီကောင်တွေကို မြန်မြန်သတ်"
ယဲ့ချန်က အော်ဟစ်လိုက်ပြီး ငွေဘုရင်ထံ တဟုန်ထိုးလျှပ်စီးကျင့်စဥ်ဖြင့် ပြေးဝင်သွားခဲ့သည်။ နန်ရှင်းတစ်ကလည်း သွေးဘုရင်ထံ ခုန်ဝင်သွားခဲ့သည်။
"မုန်တိုင်းမျိုးနွယ် ရောက်လာပြီ"
သွေးဘုရင်၏မျက်နှာက ဝင်းလက်သွားပြီး မုန်တိုင်းမျိုးနွယ်အကူအညီဖြင့် ကြယ်ခန်းမကိုဖျက်ဆီးမည်ဟု ဆုံးဖြတ်လိုက်သည်။ ဝံပုလွေတိုင်းပြည်၏ဆုံးရှုံးမှုအတွက် သူက လက်စားချေနိုင်တော့မည်ဖြစ်သည်။ နန်ရှင်းတစ်၏တိုက်ကွက် ရောက်ရှိလာချိန်တွင် သွေးဘုရင်သည် လိပ်ပြာလက်နက်ကိုအသက်သွင်းကာ အနီရောင်မြူခိုးတစ်ခုအဖြစ် ပြောင်းလဲလိုက်သည်။ မုန်တိုင်းမျိုးနွယ်က ဤနေရာသို့ ခဏအတွင်း ရောက်လာမည်ဖြစ်သောကြောင့် သူက လျှို့ဝှက်ကျင့်စဥ်ဖြင့် အသတ်မခံရစေရန် ကြံစည်လိုက်ခြင်းဖြစ်သည်။
ယဲ့ချန်က ငွေဘုရင်ကိုသတ်ရန် ဆုံးဖြတ်ထားသည်။ ကောင်းကင်တုန်ခါဆေးအိုးထံမှ အသက်လုထွက်ပြေးနေရသော ငွေဘုရင်က လျှို့ဝှက်ကျင့်စဥ်တစ်ခု အသုံးပြုရန် ကြိုးစားနေစဥ် ရှေ့တည့်တည့်တွင် ယဲ့ချန်က ဘွားခနဲထွက်ပေါ်လာသည်။ ယဲ့ချန်၏အလျင်က ငွေဘုရင်ထက် အဆပေါင်းများစွာ ပို၍မြန်ဆန်နေခဲ့သည်။
"သေစမ်း"
ယဲ့ချန်သည် ထျန်းယွမ်းဓားကျိုးနှစ်ခု ပေါင်းစပ်ထားသော ဓားနှစ်လက်ဖြင့် ခုတ်ပိုင်းလိုက်သည်။ ငွေဘုရင်က အငိုက်မိသွားသဖြင့် ခုတ်ပိုင်းခံလိုက်ရပြီး သွေးချင်းချင်းနီသွားခဲ့သည်။ ယဲ့ချန်၏ဝိညာဥ်ကို သွေးဘုရင်က ဖျက်ဆီးခဲ့သော်လည်း သူက ဒဏ်ရာရရှိခြင်းမရှိဘဲ အစွမ်းထက်နေဆဲပင်ဖြစ်သည်။ ငွေဘုရင်၏နောက်တွင် ကောင်းကင်တုန်ခါဆေးအိုးလိုက်ပါလာပြီး ရှေ့တွင် ယဲ့ချန် ရောက်ရှိနေသည်။ သေမင်းနှင့်ရင်ဆိုင်ရသောအခါ ငွေဘုရင်၏ကိုယ်တွင်းမှ အရှိန်အဝါတစ်ခုမြင့်တက်လာပြီး တစ်ချိန်လုံးတစ်ဆို့နေခဲ့သော ကျင့်ကြံဆင့်အတားအဆီး ပျက်စီးသွားခဲ့သည်။ သူက နတ်ဘုရင်ထိပ်ဆုံးအဆင့်မှ အဆုံးမဲ့အဆင့်သို့ရောက်ရှိသွားကာ ဝိညာဥ်ကလည်း တောင်ပံလေးခုပါသော ငွေရောင်ဝံပုလွေကြီးအဖြစ် အသွင်ပြောင်းသွားလေသည်။
"ငရဲကို သွားစမ်း"
ငွေဘုရင်က ယုံကြည်ချက်ပြည့်ဝစွာဖြင့် ပြန်လည်တိုက်ခိုက်လိုက်သည်။ သူ၏ဝိညာဥ်က ဒေါသတကြီးဟိန်းဟောက်ကာ ထက်ရှသောလက်သည်းများနှင့် ယဲ့ချန်ကို အရှိန်ပြင်းပြင်းကုတ်ချလိုက်သည်။ ထိုလက်သည်းများတွင် သိုင်းတာအို၏သဘောတရားများ ပါဝင်နေကာ အလွန်အမင်းအစွမ်းထက်ပေသည်။ တောင်ပံဆယ့်နှစ်ခုငွေဝံပုလွေ၏ သွေးမျိုးဆက်က ဤအချိန်တွင် နိုးထလာခဲ့သည်။
ငွေဘုရင် အဆင့်တက်သွားမည်ကို ယဲ့ချန်က မမျှော်လင့်ထားပေ။ သို့သော်လည်း သူက လုံးဝဂရုမစိုက်ဘဲ ဓားသုံးလက်အစီအရင်ဖြင့် ပစ်ခတ်လိုက်သည်။ မုန်တိုင်းဓားပေါ်ရှိ အစီအရင်က အသက်ဝင်လာပြီး များစွာသောဓားပုံရိပ်များအဖြစ် ကွဲထွက်သွားခဲ့သည်။ ထို့နောက် သူက ကောင်းကင်ဓားပျံသုံးလက် ဖန်တီးကာ ဓားများအတွင်းပေါင်းစပ်၍ ငွေဘုရင်၏ရုပ်ခန္ဓာထံ ဦးတည်ပစ်ခတ်လိုက်သည်။
ဝံပုလွေလက်သည်းများက ယဲ့ချန်၏ခန္ဓာကိုယ်ကို ထိမှန်သွားသည်။ ပြင်းထန်လွန်းသောစွမ်းအားကြောင့် နတ်ဆိုးချပ်ဝတ်က အစွမ်းကုန်တောက်ပလာပြီး ကာကွယ်ရေးရုန်းများအားလုံး ပျက်စီးလုနီးပါးဖြစ်သွားခဲ့သည်။ ငွေဘုရင်က အဆင့်တက်ကာစဖြစ်သော်လည်း ဤတိုက်ကွက်တွင် သူ တစ်သက်လုံး ကျင့်ကြံခဲ့သမျှစွမ်းအားများ ပါဝင်နေသည်။ အဆုံးမဲ့အဆင့်သုံး ကျင့်ကြံသူတစ်ယောက်ပင် လက်ရှိတွင် ငွေဘုရင်ကို ယှဥ်နိုင်မည်မဟုတ်ပေ။
"ဘန်း ဘန်း ဘန်း"
ဓားပုံရိပ်များက ရုပ်ခန္ဓာကို ဆက်တိုက်ထိမှန်နေသော်လည်း ငွေဘုရင်က ဂရုမစိုက်ချေ။ သူက ဒဏ်ရာအရခံပြီး ယဲ့ချန်ကိုသတ်ဖြတ်ရန် စိတ်ပိုင်းဖြတ်ထားခဲ့သည်။
"သေစမ်း"
ငွေဘုရင်က ဒေါသတကြီးဟိန်းဟောက်၍ ဝိညာဥ်ကြီး၏လက်သည်းများတွင် စွမ်းအားများ ထပ်မံပေါင်းစပ်လိုက်သည်။ ထိုအချိန်တွင် ကောင်းကင်ဓားပျံသုံးလက်က သူ၏ခန္ဓာကိုယ်အတွင်း ထိုးဖောက်ဝင်ရောက်သွားကာ သွေးများ ပန်းထွက်လာ၏။ ငွေဘုရင်၏မျက်လုံးများတွင် ကြောက်စိတ်၊ မယုံကြည်နိုင်မှုနှင့် နောင်တများ ထင်ဟပ်လာသည်။ ကောင်းကင်ဓားပျံသုံးလက်က သူ၏သွေးကြောများကို ဖျက်ဆီးသွားကြောင့် အသက်ဓာတ်များ စတင်ကုန်ခမ်းနေသည်။ ထို့နောက် ဧရာမတောင်ပံ ဝံပုလွေဝိညာဥ်ကြီးက ဘန်းခနဲပေါက်ကွဲ ပျက်စီးသွားခဲ့သည်။
"ငါ ရှုံးသွားပြီ"
နှစ်ပေါင်းများစွာ အဆင့်မတက်နိုင်ခဲ့သော်လည်း အဆုံးမဲ့အဆင့်သို့ ငွေဘုရင်က နောက်ဆုံးအခြေအနေတွင် တက်ရောက်နိုင်ခဲ့သည်။ သူက ယဲ့ချန်ကိုသတ်ဖြတ်နိုင်မည်ဟု ထင်ထားသော်လည်း ယဲ့ချန်၏လက်ထဲတွင် သေဆုံးရတော့မည်ဖြစ်သည်။ အဆုံးမဲ့အဆင့်ကပင် သူ၏ကံကြမ္မာကို ပြောင်းလဲမပေးနိုင်ခဲ့ချေ။
ငွေဘုရင်က အဆင့်တက်ပြီးနောက် အလွန်အစွမ်းထက်လာသည်ကို ယဲ့ချန်ကိုယ်တိုင် ဝန်ခံရသည်။ ဤအချက်က တောင်ပံဆယ့်နှစ်ခု ငွေဝံပုလွေမျိုးဆက်နှင့် သက်ဆိုင်နေရပေမည်။ သူ၏နတ်ဆိုးချပ်ဝတ်သည်ပင် ပျက်စီးလုနီးပါးဖြစ်ခဲ့ရပြီး ကောင်းကင်ဓားပျံအားကိုးဖြင့် အနိုင်ယူခဲ့ရသည်။ ကောင်းကင်တုန်ခါဆေးအိုးရောက်ရှိလာပြီး သေလုမျောပါးဖြစ်နေသော ငွေဘုရင်ကို စုပ်ယူလိုက်သည်။ ထို့နောက် ဆေးအိုးအတွင်း ဝိညာဥ်မီးများ တောက်လောင်လာခဲ့သည်။
အဝေးသို့ထွက်ပြေးသွားကြသော သွေးဘုရင်နှင့် မီးဘုရင်သည် ငွေဘုရင်အဆင့်တက်သွားသောအခါ ယဲ့ချန်ကိုအနိုင်ရပြီဟု ထင်မှတ်သွားကြသည်။ သို့သော်လည်း အဆင့်တက်သွားသည့်တိုင် ငွေဘုရင်က ယဲ့ချန်၏လက်ထဲတွင် ရှုံးနိမ့်သွားကာ ကောင်းကင်တုန်ခါဆေးအိုးအတွင်း စုပ်ယူခံလိုက်ရမည်ဟု လုံးဝမျှော်လင့်မထားကြပေ။
"ခွေးကောင်"
သွေးဘုရင်က ဒေါသတကြီး ကျိန်ဆဲလိုက်သော်လည်း ဆေးအိုးအနားတွင်ရပ်နေသော ယဲ့ချန်ကိုသွားရောက်တိုက်ခိုက်ရန် သတ္တိမရှိပေ။ မီးဘုရင်သည်လည်း အဆင့်တက်ထားသော ငွေဘုရင်ပင် ယဲ့ချန်ကိုအနိုင်မယူနိုင်သောကြောင့် သွားရောက်တိုက်ခိုက်ရန် မဖြစ်နိုင်ပေ။ ယဲ့ချန်က ကောင်းကင်တုန်ခါဆေးအိုးအတွင်း ငွေဘုရင်ကိုစုပ်ယူလိုက်ချိန်တွင် မုန်တိုင်းမျိုးနွယ်မှကျင့်ကြံသူများ ရောက်ရှိလာကြသည်။ သွေးဘုရင်နှင့်ငွေဘုရင်က ထိုကျင့်ကြံသူများထံ ပျံသန်းသွားကြသည်။ စစ်ကူများသာ အနည်းငယ်နောက်ကျနေလျှင် သူတို့နှစ်ယောက်၏အနာဂတ်က မည်သို့ဖြစ်ပျက်မည်ကို မတွေးရဲချေ။
နတ်ဆိုးချပ်ဝတ်မှ ခရမ်းရောင်အလင်းများ တောက်ပနေသော ယဲ့ချန်ကို ကြည့်နေသည့် ဘုရင်နှစ်ယောက်၏စိတ်ထဲတွင် ကြောက်စိတ်များ ဖြစ်ပေါ်နေကြသည်။
ယဲ့ချန်က မုန်တိုင်းမျိုးနွယ်မှ ရန်သူများကို ဝိညာဥ်အသိစိတ်နှင့် စစ်ဆေးလိုက်သည်။ ရန်သူများက အဆုံးမဲ့အဆင့်နှစ်ယောက်၊ နတ်ဝိဇ္ဇာခုနစ်ယောက်နှင့် နတ်ဘုရင်တစ်ယောက် ပါဝင်နေသည်။
"နောက်ဆုံးတော့ မင်းတို့ ရောက်လာပြီပေါ့"
တစ်ကိုယ်လုံး နတ်ဆိုးချပ်ဝတ်အကာအကွယ်အောက်၌ ရှိနေသော ယဲ့ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။