← Chapters

အဆုံးမဲ့ကျင့်ကြံသူနှစ်ယောက်နှင့် တိုက်ခိုက်ခြင်း

Vol. 30 Ch. 411

အဆုံးမဲ့ကျင့်ကြံသူနှစ်ယောက်နှင့် တိုက်ခိုက်ခြင်း

Vol. 30 Ch. 411

မုန်တိုင်းမျိုးနွယ်၏ကျင့်ကြံသူများကို ကုန်းကျောက်နှင့် ကုန်းမြောင်ဟူသော ယောကျ်ားတစ်ယောက်နှင့် မိန်းမတစ်ယောက်က ဦးဆောင်လာသည်။ သူတို့က အဆုံးမဲ့အဆင့်ခြောက်နှင့် အဆင့်ငါးကျင့်ကြံသူများဖြစ်ကြပြီး ထိတ်လန့်ဖွယ်ကောင်းအောင် အစွမ်းထက်ပေသည်။

ကုန်းကျောက်သည် အသက်ငါးဆယ်အရွယ် လူတစ်ယောက်နှင့်တူညီပြီး အညိုရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ၏အသက်အမှန်ကို မည်သူမှ ခန့်မှန်းနိုင်မည်မဟုတ်ပေ။ ကုန်းမြောင်က အသက်သုံးဆယ်အရွယ် ညှို့အားပြင်းသော မိန်းမတစ်ယောက်ဖြစ်သည်။ သူမကလှပပြီး ဆွဲဆောင်အားပြင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ ယဲ့ချန်သည် ခြင်္သေ့ကြီးထံမှ ထိုနှစ်ယောက်၏ကျင့်ကြံဆင့်ကို သိလိုက်ရသောအခါ စိတ်လေးသွားခဲ့သည်။ မုန်တိုင်းမျိုးနွယ်က သူ့ကို အမှန်တကယ် အလေးအနက်ထား တိုက်ခိုက်လာပြီဖြစ်သည်။ လက်ရှိတွင် သူက အဆုံးမဲ့အဆင့်သုံး ကျင့်ကြံသူတစ်ယောက်ကိုပင် ခက်ခက်ခဲခဲရင်ဆိုင်ရပေလိမ့်မည်။ သို့သော်လည်း ယဲ့ချန်က ဤအချိန်တွင် လုံးဝနောက်ဆုတ်၍မရချေ။ ထို့ကြောင့် သူက တည်ငြိမ်ရန် အကောင်းဆုံးကြိုးစားလာပြီး ထိုလူများရောက်လာမည်ဟု မျှော်လင့်ထားသကဲ့သို့ လေသံကို ပြင်ဆင်လိုက်သည်။

ကုန်းကျောက်နှင့်ကုန်းမြောင်သည် နတ်ဆိုးချပ်ဝတ်အောက်မှ ယဲ့ချန်၏မျက်နှာအမူအရာကို မမြင်ရသောကြောင့် မျက်မှောင်ကြုတ်လိုက်ကြသည်။ ထို့အပြင် သူတို့က ယဲ့ချန်၏ကျင့်ကြံဆင့်ကို မသိရသောကြောင့် အမှန်တကယ်ယုံကြည်မှုရှိနေသည်လား သို့မဟုတ် ဟန်လုပ်နေခြင်းလားကို သံသယဝင်လာကြသည်။ သို့သော် မုန်တိုင်းမျိုးနွယ်၏ မဟာအကြီးအကဲကုန်းယွမ်ကိုသတ်သော တရားခံကို သေချာပေါက် လက်စားချေရပေလိမ့်မည်။ သို့မဟုတ်လျှင် အနာဂတ်၌ မုန်တိုင်းမျိုးနွယ်က အရှက်ရပြီး မျက်နှာပျက်ရပေလိမ့်မည်။

ယဲ့ချန်၏ရှေ့တွင် ကောင်းကင်တုန်ခါဆေးအိုးက တဝှီဝှီလည်ပတ်နေသည်။ ဧရာမဆေးအိုးကြီးက အနက်ရောင်မီးများ တောက်လောင်နေသဖြင့် ဆန်းကျယ်သောခံစားချက်ကို ပေးစွမ်းနေသည်။ အနက်ရောင်မီးတောက်နှင့် ခရမ်းရောင်အလင်းများအောက်ရှိ ယဲ့ချန်၏ပုံရိပ်က အမှန်တကယ် ဆန်းကျယ်နေသောကြောင့် ရန်သူများက တုန်လှုပ်သွားကြသည်။

ကုန်းကျောက်နှင့်ကုန်းမြောင်က တစ်ယောက်ကိုတစ်ယောက်ကြည့်၍ သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လိုက်သည်။ နောက်လိုက် နတ်အဆင့်ကျင့်ကြံသူများက လူခွဲလိုက်ကြသည်။ အရှိန်အဝါအရပြောရလျှင် တိုက်ပွဲက တစ်ဖက်သတ်တိုက်ပွဲတစ်ခု ဖြစ်နိုင်နေသည်။ မုန်တိုင်းမျိုးနွယ်၏အင်အားက မိုးကြိုးမျိုးနွယ်၊ သဲသားရဲမျိုးနွယ်နှင့် စစ်နတ်ဘုရားကျောင်းတော်ကဲ့သို့ ပထမတန်းစားအင်အားစုများအောက် အနည်းငယ်သာနိမ့်ကျသည်။ ဤတစ်ကြိမ်တွင် သူတို့က ကြယ်ခန်းမကိုအဆုံးသတ်ရန် ရည်ရွယ်ချက်ဖြင့် အစွမ်းထက်ကျင့်ကြံသူများစွာ စေလွှတ်ခဲ့သည်။

"အဆုံးမဲ့ကျင့်ကြံသူနှစ်ယောက်ကို ငါ ရင်ဆိုင်ရမယ်"

ယဲ့ချန်က ခေါင်းကိုမော့၍ လင်းယွန်တောင်တန်းရှိ ထောင်ချီဓားအစီအရင်ကို တစ်ချက်ကြည့်လိုက်သည်။ အကယ်၍ သူက ထောင်ချီဓားအစီအရင်ကိုအသုံးပြုလျှင်ပင် အဆင့်ငါးနှင့်အဆင့်ခြောက် ရန်သူနှစ်ယောက်ကိုရင်ဆိုင်ရာတွင် များစွာအကျိုးရှိမည် မဟုတ်ပေ။ လေထုက ချက်ချင်းတင်းမာလာသည်။

"မင်းက ကုန်းယွမ်ကိုသတ်တဲ့ တရားခံလား"

ကုန်းကျောက်က အေးစက်စက်မေးလိုက်ခြင်းဖြစ်သည်။ သူ၏သတ်ဖြတ်လိုစိတ်က ယဲ့ချန်ကို ပစ်မှတ်ထားနေသည်။

"မှန်တယ်"

ယဲ့ချန်က တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

"မင်းသာလက်နက်ချပြီး သေပေးမယ်ဆိုရင် ငါက ကြယ်ခန်းမရဲ့တပည့်တွေကို အသက်ရှင်ခွင့်ပေးမယ်။ မဟုတ်ရင် ဒီနေရာတစ်ခုလုံး အလောင်းတွေ ပြည့်သွားစေရမယ်"

ကုန်းကျောက်က ဒေါသတကြီး ခြိမ်းခြောက်လိုက်သည်။ သူ၏အရှိန်အဝါအောက်တွင် ဆန်းကျယ်အဆင့်အောက်မှ ကျင့်ကြံသူအားလုံး လေထဲမှတဖြုတ်ဖြုတ် ပြုတ်ကျကုန်သည်။

"တကယ်လို့ မုန်တိုင်းမျိုးနွယ်ကို တောင်းပန်ရင်တော့ မင်းကို အသက်ရှင်ခွင့်ပေးဖို့ စဥ်းစားပေးမယ်လေ"

ကုန်းမြောင်က တခစ်ခစ်ရယ်မော၍ ပြောလိုက်သည်။

"မဟာအကြီးအကဲ ဒီကောင်ယဲ့ချန်အတွက် လေကုန်မခံပါနဲ့။ သူက ခေါင်းသိပ်မာတယ်။ သူ့ကို ချက်ချင်းသတ်လိုက်ကြရအောင်"

သွေးဘုရင်က သွေးထိုးလှုံ့ဆော်လိုက်သည်။ လက်ရှိတွင် သူ၏စစ်တပ်က ဝိညာဥ်သားရဲများကြောင့် အချိန်တိုင်းထိခိုက် ပျက်စီးနေသည်။ အချိန်တစ်မိနစ်တိုင်းတွင် ဝံပုလွေတိုင်းပြည်၏အင်အားက ဆက်တိုက်လျော့ကျနေသည်။ ဤတိုက်ပွဲတွင် သူတို့က များစွာဆုံးရှုံးခဲ့ရသည်။ နတ်ဘုရင်တစ်ယောက် အသတ်ခံလိုက်ရပြီး ကောင်းကင်တုန်ခါဆေးအိုးအတွင်းရောက်နေသော ငွေဘုရင်ကလည်း သေလားရှင်လားပင် မသိရချေ။ သွေးဘုရင်နှင့်မီးဘုရင်ကလည်း အပြင်းအထန်ဒဏ်ရာထားကြပြီး ယဲ့ချန်ကိုသတ်ဖြတ်၍ အမုန်းတရားကို ချေဖျက်ချင်နေကြသည်။ မုန်တိုင်းမျိုးနွယ်က အဆုံးမဲ့အဆင့် ကျင့်ကြံသူတစ်ယောက်သာစေလွှတ်၍ ဤကိစ္စကို အလေးအနက်ထားမည်မဟုတ်ဟု သွေးဘုရင်က ထင်ထားခဲ့သည်။ သို့သော် အဆုံးမဲ့အဆင့်ခြောက်နှင့်အဆင့်ငါး ကျင့်ကြံသူနှစ်ယောက်ပင် ရောက်ရှိလာသောအခါ ယဲ့ချန်နှင့်ကြယ်ခန်းမသည် ဤလောကမှ လုံးဝပျောက်ကွယ်သွားလိမ့်မည်ဟု သူက ယုံကြည်လာခဲ့သည်။

မုန်တိုင်းမျိုးနွယ်က ကြယ်ခန်းမကို ချမ်းသာပေးမည်ဆိုသော စကားက ဟာသတစ်ခုဖြစ်သည်။ ယဲ့ချန်သည် မောက်မာသော ထိုမျိုးနွယ်ဝင်များ၏အကျင့်စရိုက်ကို ကောင်းစွာသိထားသည်။ ကုန်းချန်တန်းနှင့်ကုန်းယွမ်သာ ဖိအားပေးခြင်းမရှိလျှင် သူက ဤအခြေအနေသို့ ရောက်လာမည်မဟုတ်ပေ။ ထို့ကြောင့် ကြယ်ခန်းမနှင့်မုန်တိုင်းမျိုးနွယ်ကြားတွင် တစ်ဖက်ဖက်ပျက်စီးမှသာ ကြေအေးနိုင်မည့် ရန်ကြွေးမျိုး ဖြစ်တည်လာခဲ့လေသည်။

"မင်းတို့က တိုက်ခိုက်ချင်ရင် တိုက်ခိုက်ကြတာပေါ့။ စကားမများနဲ့"

ယဲ့ချန်၏စကားအဆုံးတွင် ကုန်းကျောက်နှင့်ကုန်းမြောင်က လက်နက်ကိုယ်စီ ဆွဲထုတ်လိုက်ကြသည်။ လက်နက်များက နေရောင်အောက်တွင် အေးစက်စက်အလင်းများ တောက်ပနေသည်။

ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်တွင် အက်ကြောင်းတစ်ခုဖြစ်ပေါ်လာကာ ခြင်္သေ့ကြီး၏အရှိန်အဝါ ထွက်ပေါ်လာခဲ့သည်။ ထို့ကြောင့် ရန်သူများက နေရာတွင်အေးခဲသွားကြပြီး မယုံကြည်နိုင်သောအကြည့်များဖြင့် ယဲ့ချန်ကို ကြည့်လိုက်မိသည်။ ဤအရှိန်အဝါက အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ရှေးဟောင်းသားရဲကြီးတစ်ကောင်က စိုက်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။ ကုန်းကျောက်နှင့်ကုန်းမြောင်၏အကြည့်တွင် ယဲ့ချန်၏မျက်လုံးနေရာမှ ခရမ်းရောင်မီးများ တောက်လောင်လာခဲ့သည်။

ကျင့်ကြံဆင့်ကို မဆုံးဖြတ်နိုင်သည့်အပြင် အလွန်ဆန်းကျယ်သော ယဲ့ချန်၏အသွင်အပြင်ကြောင့် ရန်သူများက စိတ်လေးလံနေကြသည်။ ယဲ့ချန်က ကုန်းယွမ်ကို ကံကောင်း၍ သတ်ဖြတ်နိုင်ခဲ့ခြင်းမဟုတ်ပေ။ အဆုံးမဲ့ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ရန်အတွက် ဝှက်ဖဲများစွာ ပိုင်ဆိုင်ထားရပေလိမ့်မည်။

ခြင်္သေ့ကြီး၏အရှိန်အဝါက ယဲ့ချန်ကို တိုက်ပွဲတွင်မကူညီနိုင်သော်လည်း ကုန်းကျောက်နှင့်ကုန်းမြောင်ကို ယာယီကြောက်လန့်သွားစေသည်။ ဤအချိန်ကလေးတွင် ယဲ့ချန်က ရန်သူများကိုရင်ဆိုင်ရန် နည်းလမ်းများစဥ်းစားရန်အတွက် ခေါင်းကို အလုပ်ပေးလိုက်၏။

ကုန်းကျောက်နှင့်ကုန်းမြောင်က ထိတ်လန့်နေသော်လည်း ဤအချက်ကြောင့် နောက်ဆုတ်စရာ အကြောင်းမရှိပေ။ ရေချီများထွက်ပေါ်လာကာ ကောင်းကင်ထက်တွင် ဧရာမရေသားရဲတစ်ကောင်၏ပုံရိပ် ဖြစ်တည်လာခဲ့သည်။ ၎င်းက ဒဏ္ဍာရီလာမုန်တိုင်းသားရဲဖြစ်သည်။ မုန်တိုင်းမျိုးနွယ်၏ ပထမဆုံးဘိုးဘေးက မုန်တိုင်းသားရဲနှင့်ပေါင်းဖက်ခဲ့ရာမှ မုန်တိုင်းမျိုးနွယ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ကုန်းကျောက်နှင့်ကုန်းမြောင်က မပေါ့ဆရဲဘဲ မဟာရန်သူတော်ကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်ပမာ ယဲ့ချန်ကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။ ဤတိုက်ပွဲတွင် သူ့အတွက်အောင်မြင်နှုန်းက ဆယ်ရာခိုင်နှုန်းအောက်သာရှိကြောင်း ယဲ့ချန်က နားလည်ထားသည်။ သို့သော် သူက နောက်ဆုတ်၍မဖြစ်သောကြောင့် ကောင်းကင်ကြယ်တာရာပင်မတံဆိပ်ကို ထုတ်ဖော်၍ ညာလက်တွင် ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။ ၎င်း၏စွမ်းအားက ထူးကဲအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော ဖုယွမ်ရှန်းကိုပင် ဒဏ်ရာရစေခဲ့သည်။ ထို့ကြောင့် အဆုံးမဲ့ကျင့်ကြံသူများ ခုခံနိုင်စရာအကြောင်းမရှိသော်လည်း ကြယ်ခန်းမ၏မြို့ငါးမြို့ကလည်း ထိခိုက်ရပေလိမ့်မည်။ ပင်မတံဆိပ်၏စွမ်းအားက ရန်သူမိတ်ဆွေ ခွဲခြားနိုင်ခြင်း မရှိသောကြောင့် အကျိုးဆက်ကပြင်းထန်ပြီး ကြယ်ခန်းမတပည့်များအားလုံး မသေသည့်တိုင် သေချာပေါက် ဒဏ်ရာသွားနိုင်သည်။

မီးဘုရင်၊ သွေးဘုရင်နှင့် မုန်တိုင်းမျိုးနွယ်၏ နတ်အဆင့်ကျင့်ကြံသူများက ကြယ်ခန်းမ၏တပည့်များကို ပစ်မှတ်ထားနေကြသည်။ ယဲ့ချန်ကို ကုန်းကျောက်နှင့်ကုန်းမြောင် ကိုင်တွယ်နေချိန်တွင် နန်ရှင်းတစ်၊ ရှောင်ရိနှင့် နေလင်းယုန်တို့က သူတို့အားလုံးကို တားဆီးနိုင်စွမ်းမရှိချေ။ ကြယ်ခန်းမက သေရေးရှင်ရေးအခြေအနေနှင့် ကြုံနေရသောကြောင့် ယဲ့ချန်က အစိုးရိမ်ကြီးနေသည်။

"ကြယ်ခန်းမက မင်းတို့အနိုင်ကျင့်တာကို လက်မခံဘူးကွ။ တစ်ဆယ်တိုက်ပွဲအစီအရင် ထုတ်ဖော်စမ်း"

ထိုအချိန်တွင် နင်ချင်းယွင်က အမိန့်ပေးလိုက်သည်။ သူတို့အားလုံးက ယဲ့ချန်၏နောက်လိုက်များအဖြစ် အချိန်ကြာမြင့်လာသောအခါ ကြယ်ခန်းမအပေါ် သံယောဇဥ်တွယ်လာကြသည်။ မြို့ပြင်တွင် ဝိညာဥ်သားရဲများပြည့်နှက်နေသဖြင့် ကြယ်ခန်းမနှင့် သူတို့၏အသက်က ဆက်နွယ်နေသည်။ ကြယ်ခန်းမပျက်စီးသွားလျှင် သူတို့အသတ်ခံရခြင်းနှင့် ဝိညာဥ်သားရဲအစာဖြစ်ခြင်းမှလွဲ၍ ရွေးချယ်စရာမရှိချေ။ ထို့ကြောင့် အားလုံးက သေသည်အထိ အသက်စွန့်တိုက်ခိုက်ရပေလိမ့်မည်။

နင်ချင်းယွင်နှင့် ဆန်းကျယ်အဆင့် ကျင့်ကြံသူကိုးယောက်က အစီအရင်ကို အသက်သွင်းလိုက်သောအခါ နတ်အဆင့်ကျင့်ကြံသူများအောက်မနိမ့်သော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ရှေးဟောင်းတိုက်ပွဲအစီအရင်တစ်ခုဖြစ်ပြီး သူတို့က များစွာရင်းနှီးကျွမ်းဝင်ခြင်းမရှိသော်လည်း အစွမ်းထက်နေဆဲပင်ဖြစ်သည်။ ကျင့်ကြံသူဆယ်ယောက်၏ တည်နေရာများက အချင်းချင်းထောက်ပံ့ပေးနေပြီး ကျင့်ကြံသူတစ်ယောက်တည်းပမာ စည်းချက်ညီညီ လှုပ်ရှားနိုင်ကြသည်။ ထို့နောက် ရှဲ့တောက်ကလည်း ဆန်းကျယ်အဆင့် ကျင့်ကြံသူကိုးယောက်နှင့်ပူးပေါင်း၍ အစီအရင်ကို ထုတ်ဖော်လိုက်ကြသည်။ ဤသို့ဖြင့် တစ်ဆယ်တိုက်ပွဲအစီအရင်ရှစ်ခု ဖြစ်တည်လာပြီး နတ်အဆင့်အောက်မနိမ့်သော အရှိန်အဝါများက ကောင်းကင်သို့ ထိုးတက်လာခဲ့၏။

တစ်ဆယ်တိုက်ပွဲအစီအရင်ကို ကြယ်ခန်းမအဖွဲ့ဝင်များက ထုတ်ဖော်နိုင်စွမ်းရှိနေမည်ဟု ယဲ့ချန်ပင် ထင်မထားခဲ့ချေ။ ဤအစီအရင်ကြောင့် ဆန်းကျယ်အဆင့် ကျင့်ကြံသူဆယ်ယောက်က နတ်ဘုရင်တစ်ယောက်ကို ရင်ဆိုင်လာပေလိမ့်မည်။ ၎င်းက သမာဓိကောင်စီ၏ထောင်ချောက်အစီအရင်အောက် နိမ့်ကျသော်လည်း လက်ရှိအခြေအနေအတွက် အသင့်တော်ဆုံးဖြစ်နေခဲ့သည်။

သွေးဘုရင်တို့လူစုသည် ယဲ့ချန်ကို ကုန်းကျောက်နှင့်ကုန်းမြောင် တိုက်ခိုက်နေလျှင် ကျန်ကျင့်ကြံသူများကို အလေးအနက်ထားရန်မလိုအပ်ဟု ထင်ထားခဲ့ကြသည်။ သို့သော်လည်း သူတို့ ပုရွက်ဆိတ်ကဲ့သို့သဘောထားခဲ့သော ကျင့်ကြံသူများက သားရဲကြီးများအဖြစ် အသွင်ပြောင်း၍ သေသည်အထိတိုက်ခိုက်ရန် အသင့်ဖြစ်နေခဲ့ကြသည်။ ကြယ်ခန်းမတစ်ခုလုံးကို ဖျက်ဆီးရန် ထင်ထားသလောက် လွယ်ကူခြင်းမရှိချေ။

"မုန်တိုင်းမျိုးနွယ်ရဲ့ခွေးကောင်တွေ သတ္တိရှိရင် လိုက်လာစမ်း"

တစ်ဆယ်တိုက်ပွဲအစီအရင်ကြောင့် ယဲ့ချန်က စိတ်အေးသွားပြီး ကောင်းကင်သို့ ပျံတက်လိုက်သည်။

"ခွေးကောင် သတ္တိရှိရင် ထွက်မပြေးနဲ့"

ကုန်းကျောက်နှင့်ကုန်းမြောင်က လေပေါ်သို့ ချက်ချင်းခုန်တက်၍ ယဲ့ချန်နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားကြသည်။

ယဲ့ချန်က တဟုန်ထိုးလျှပ်စီးကျင့်စဥ်ကို ထုတ်ဖော်လိုက်သော်လည်း ရန်သူနှစ်ယောက်က ပို၍လျင်မြန်နေပြီး လမ်းပိတ်နိုင်ခဲ့ကြသည်။ ရေချီများမှဖြစ်ပေါ်လာသော မုန်တိုင်းသားရဲကြီးနှစ်ကောင်က ဆယ်မီတာအထိမြင့်ပြီး ကြောက်မက်ဖွယ်ခွန်အားကို ပိုင်ဆိုင်ထားကြ၏။ ၎င်းတို့က လက်သည်းများကို ယမ်းလိုက်သောအခါ ကောင်းကင်က ကွဲထွက်တော့မယောင် ပိုင်းဖြတ်ခံလိုက်ရသည်။ ပတ်ဝန်းကျင်ရှိလေနှင့်တိမ်များပင် စွမ်းအားကြောင့် အရောင်ပြောင်းသွားခဲ့သည်။ ဤသားရဲတစ်ကောင်ချင်းစီက ကုန်းယွမ်၏သားရဲထက် များစွာပို၍သန်မာနေကြသည်။

ကုန်းကျောက်နှင့်ကုန်းမြောင်၏အလျင်က ယဲ့ချန်၏လျှို့ဝှက်ကျင့်စဥ်ထက် အနည်းငယ်ပို၍မြန်ဆန်နေသည်။ မုန်တိုင်းသားရဲနှစ်ကောင် တိုက်ခိုက်လာသောအခါ ယဲ့ချန်က ကောင်းကင်တုန်ခါဆေးအိုးကို ပစ်ထုတ်လိုက်သည်။ သူ၏ဝိညာဥ်အသိစိတ်က ဝိညာဥ်စစ်သည်တော်အဖြစ် ပြောင်းလဲသွားကာ နဂါးငွေ့တန်းလက်ဝါးသိုင်းကို ထုတ်ဖော်လိုက်လေသည်။

All Chapters