ကြယ်နန်းတော်၏စစ်ကူ
Vol. 30 Ch. 412
ကုန်းကျောက်သည် သူ့ထံဝင်ရောက်လာသော ကောင်းကင်တုန်ခါဆေးအိုးကို မုန်တိုင်းသားရဲ၏လက်ဝါးနှင့် ရိုက်ချလိုက်သည်။ ကျယ်လောင်သော မြည်သံတစ်ခုနှင့်အတူ ဆေးအိုးက လေထဲတွင် ရပ်တန့်သွားခဲ့သည်။ ဆေးအိုးက အရှိန်ကောင်းစွာမရသေးသည့်အပြင် ပိုင်ရှင်ယဲ့ချန်၏ခွန်အားက အဆုံးမဲ့အဆင့်ခြောက် ကျင့်ကြံသူတစ်ယောက်အောက် များစွာနိမ့်ကျနေခဲ့သည်။ ဝိညာဥ်စစ်သည်တော်မှာလည်း ကုန်းမြောင်၏ မုန်တိုင်းသားရဲလက်ချက်ဖြင့် ကောင်းကင်တွင် ပေါက်ကွဲသွားခဲ့သည်။ အဆုံးမဲ့အဆင့်ငါးကျင့်ကြံသူကလည်း အမှန်တကယ် အစွမ်းထက်ပေသည်။ ထိုအချိန်တွင် ယဲ့ချန်က ကောင်းကင်တုန်ခါဆေးအိုးနှင့် ဝိညာဥ်စစ်သည်တော်ကိုအသုံးချပြီး အဝေးသို့ ထွက်ပြေးသွားပြီဖြစ်သည်။
လေထဲတွင်မျောလွင့်နေသော ဆေးအိုးကို ကုန်းကျောက်က လောဘဖြင့် စိုက်ကြည့်လိုက်သည်။ သူက ၎င်းကိုလိုချင်သော်လည်း တောက်လောင်နေသော အနက်ရောင်မီးတောက်များကို ကြောက်လန့်နေသည်။ သူက ၎င်းကို ဆုပ်ကိုင်လိုက်လျှင် မီးတောက်များနှင့် လောင်ကျွမ်းခံရမည်ဟု သေချာနေခဲ့သည်။ သူက ဆေးအိုးကို ယူရန်အတွက် ယဲ့ချန်ကိုအရင်ဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။
ကုန်းကျောက်နှင့် ကုန်းမြောင်၏ မုန်တိုင်းသားရဲကြီးများက ထွက်ပြေးသွားသည့်ယဲ့ချန်ကို လက်သည်းဖြင့် ကုတ်ချလိုက်သည်။
"ဓားသုံးလက်အစီအရင် ထွက်စမ်း"
ယဲ့ချန်က ဓားသုံးလက်ကိုဆင့်ခေါ်၍ ပစ်ထုတ်လိုက်သောအခါ ကြယ်ပျံများကဲ့သို့ ထွက်ပေါ်လာသည်။ ထို့နောက် သူက ကောင်းကင်ဓားပျံများကို ချက်ချင်းဖန်တီး၍ ကုန်းကျောက်နှင့်ကုန်းယွမ်ထံ တပြိုင်နက်ပစ်ခတ်လိုက်သည်။
"ဘန်း"
ဓားသုံးလက်အစီအရင်က မုန်တိုင်းသားရဲနှစ်ကောင်၏ ရိုက်ထုတ်ခြင်းခံလိုက်ရသည်။ ၎င်းတို့က နှေးကွေးခြင်းမရှိဘဲ ယဲ့ချန်ထံ ဆက်လက်တိုးဝင်လာကြသည်။ ကောင်းကင်ဓားပျံများက ၎င်းတို့ကိုထိုးဖောက်ပြီး ကုန်းကျောက်နှင့်ကုန်းမြောင်ထံ ဝင်ရောက်လာသည်။
"ဒီဓားတွေက ထက်လှချည်လား"
သူတို့နှစ်ယောက်က မျက်နှာပျက်သွားကြပြီး အဝေးသို့ အလင်းတန်းများအဖြစ် ရှောင်တိမ်းလိုက်ကြသည်။ ယဲ့ချန်သည် ဓားပျံများကို ထိန်းချုပ်လိုက်သောအခါ ၎င်းတို့က လေထဲ၌ပင်ကွေ့သွား၍ ပစ်မှတ်နောက် လိုက်ပါသွားကြသည်။ ရန်သူများက အလွန်လျင်မြန်သောကြောင့် ဓားပျံများကို ဆက်တိုက်ရှောင်တိမ်း၍ ယဲ့ချန်အနီးသို့ ချဥ်းကပ်လာကြသည်။ ကောင်းကင်ဓားပျံများက လျင်မြန်သော်လည်း အဆုံးမဲ့အဆင့်ငါးနှင့်အဆင့်ခြောက် ကျင့်ကြံသူများကိုသတ်နိုင်ရန် လုံလောက်ခြင်းမရှိချေ။ မျက်တောင်တစ်ခတ်အတွင်း ရန်သူများက ယဲ့ချန်အနားသို့ ရောက်ရှိလာကြ၏။
"သေစမ်း"
ကုန်းကျောက်က ယဲ့ချန်၏လည်ပင်းကို လက်သည်းဖြင့် ကုတ်ဆွဲလိုက်စဥ် ကုန်းမြောင်က နောက်ကျောကို ဓားဖြင့် ထိုးစိုက်လိုက်သည်။
"ငါတို့လက်ကလွတ်မယ် မထင်နဲ့"
ကုန်းကျောက်က အေးစက်စက်ရေရွတ်လိုက်သည်။ တိုက်ကွက်အနည်းငယ် ဖလှယ်ပြီးနောက် ယဲ့ချန်၏ခွန်အားကို သူက သဘောပေါက်သွားပြီဖြစ်သည်။ ထို့ကြောင့် သူ၏ခွန်အားနှင့် ယဲ့ချန်ကိုသတ်နိုင်မည်ဟု ရာနှုန်းပြည့်ယုံကြည်ထားသည်။ ကုန်းမြောင်၏ဓားက ယဲ့ချန်ကိုထိုးဖောက်ရန် လျင်မြန်စွာချဥ်းကပ်လာသည်။ အကယ်၍ ယဲ့ချန်သာ အဆင့်ကိုးနတ်ဆိုးချပ်ဝတ်ကို ဝတ်ဆင်ထားလျှင် သူမ၏ဓားက ထိုးဖောက်နိုင်မည်မဟုတ်ပေ။ သို့သော် ကံမကောင်းစွာဖြင့် သူ၏နတ်ဆိုးချပ်ဝတ်တွင် အစိတ်အပိုင်းအများစုက အဆင့်ရှစ်ဖြစ်နေကြသည်။
"သေစမ်း"
ကုန်းမြောင်က အော်ဟစ်ကြုံးဝါး၍ ဓားကို ရှေ့သို့ ထိုးသွင်းလိုက်သည်။ တထန်ထန်မြည်သံများ ထွက်ပေါ်လာကာ ဓားဦးက နတ်ဆိုးချပ်ဝတ်၏ကာကွယ်ရေးရုန်းများကို ထိုးဖောက်နိုင်ခဲ့သည်။ ၎င်းက နတ်ဆိုးချပ်ဝတ်ကိုထိုးဖောက်ပြီး ယဲ့ချန်၏အသက်ကို ယူဆောင်နိုင်ရန် နီးကပ်လာခဲ့သည်။
သေမင်းနှင့်ရင်ဆိုင်တွေ့နေရသော ယဲ့ချန်သည် ကုန်းကျောက်နှင့်ကုန်းမြောင်၏ ချီဖိနှိပ်မှုကြောင့် နေရာတွင် ဖမ်းချုပ်ခံထားရသည်။ သူက လက်ထဲရှိ ပင်မတံဆိပ်ကိုဖောက်ခွဲရန်ပင် အခက်ကြုံနေရသည်။ ကုန်းမြောင်၏ဓားသာ ရှေ့သို့ဆက်တိုးလာလျှင် သူက သေမည်ဖြစ်သည်။ ထိုအခိုက်တွင် ယဲ့ချန်၏စိတ်အတွင်း၌ ဖခင်၊ အဘိုး၊ ယဲ့မျိုးနွယ်ဝင်များ၊ လော့အာနှင့် အမွေးပွလေး၏ပုံရိပ်များ ထွက်ပေါ်လာသည်။
"ငါ သေလို့မဖြစ်ဘူး။ ငါကာကွယ်ပေးရမယ့်လူတွေ ရှိသေးတယ်"
ယဲ့ချန်က အော်ဟစ်ကြုံးဝါး၍ ဝိညာဥ်နှင့်ရုပ်ခန္ဓာကိုယ်ကို ပေါင်းစပ်လိုက်သည်။ ဝိညာဥ်စွမ်းအင်များထွက်ပေါ်လာ၍ နတ်ဆိုးချပ်ဝတ်အထက်တွင် ကာကွယ်ရေးအလင်းလွှာတစ်ခု ဖန်တီးလိုက်သည်။ ထို့နောက် သူက ကုန်းကျောက်နှင့် ကုန်းမြောင်၏ဖိနှိပ်မှုအောက်မှ လွတ်မြောက်သွားကာ ဝိညာဥ်အသိစိတ်ကိုစုစည်း၍ ပင်မတံဆိပ်ကို တိုက်ခိုက်လိုက်သည်။ ၎င်း၏အစီအရင်ရုန်းများ ထိခိုက်သွားသောအခါ ကြောက်မက်ဖွယ်စွမ်းအားတစ်ရပ် ထွက်ပေါ်လာ၏။ ယဲ့ချန်ကမူ လက်ထောက်တံဆိပ်အတွင်း လှစ်ခနဲ ဝင်ရောက်သွားခဲ့သည်။ ပင်မတံဆိပ်ထံမှ ထွက်ပေါ်လာသော စွမ်းအားကြောင့် ကုန်းကျောက်က ရုတ်တရက် ခေါင်းနားပန်းကြီးသွားလေသည်။
"ပြေးတော့"
သူက အလန့်တကြားအော်ဟစ်၍ ကုန်းမြောင်နှင့်အတူ တွေးနေရန်ပင် အချိန်မရှိဘဲ လျင်မြန်စွာထွက်ပြေးလိုက်သည်။
"ဘုန်း"
အစွမ်းထက်ပေါက်ကွဲမှုကြောင့် မြေပြင်ကချိုင့်ဝင်သွားပြီး ကောင်းကင်က ပြိုကျလုမတတ်ဖြစ်လာသည်။ ပတ်ဝန်းကျင်ရှိအရာအားလုံး ဖျက်ဆီးခံလိုက်ရပြီး ကောင်းကင်ရှိတိမ်များလည်း အငွေ့ပျံသွားကာ ကောင်းကင်တစ်ခုလုံး ကြည်လင်သွားခဲ့သည်။ ကုန်းကျောက်နှင့်ကုန်းမြောင် ဖန်တီးထားသော မုန်တိုင်းသားရဲများက အချိန်မီမပြေးနိုင်ခဲ့သောကြောင့် ပေါက်ကွဲမှုတွင် ပျောက်ကွယ်သွားကြသည်။ ငါးကီလိုမီတာအချင်းဝက်အတွင်းရှိ အရာအားလုံး ပျက်စီးသွားခဲ့သည်။ ကုန်းကျောက်တို့က လျင်မြန်စွာ ထွက်ပြေးသွားကြသော်လည်း စွမ်းအား၏အဖျားခတ်ခြင်းခံလိုက်ရပြီး အတွင်းအင်္ဂါများ ပျက်စီးသွားသကဲ့သို့ နာကျင်သွားကြသည်။ သွေးများ အန်ထွက်လာပြီးနောက် အနောက်သို့လှည့်ကြည့်လိုက်သောအခါ နှစ်ယောက်လုံးက အလွန်ထိတ်လန့်သွားကြသည်။
"ကြောက်စရာကောင်းလိုက်တဲ့ စွမ်းအား"
သူတို့သာ အနည်းငယ်တုံ့ဆိုင်းနေလျှင် မြုပ်စရာအလောင်းပင် ကျန်ရစ်မည်မဟုတ်ပေ။ ယဲ့ချန်သည်ပင် ချက်ချင်းပုန်းအောင်းလိုက်သော်လည်း စွမ်းအားနှင့် ထိမှန်ခံလိုက်ရ၏။ ကံကောင်းစွာဖြင့် နတ်ဆိုးချပ်ဝတ်၏ အကာအကွယ်ရှိနေသောကြောင့် သက်သာသွားခြင်းဖြစ်သည်။ သို့မဟုတ်လျှင် သူက လေထဲတွင် အစအနမကျန်အောင် လွင့်ပြယ်သွားပေလိမ့်မည်။ သို့သော် သူက အတွင်းဒဏ်ရာအချို့ ရရှိသွားခဲ့သည်။ ယဲ့ချန်သည် ခန္ဓာကိုယ်ကိုအားတင်း၍ အပြင်ပြန်ထွက်လိုက်ပြီး ပင်မတံဆိပ်ကိုဆုပ်ကိုင်ကာ အဝေးရှိကုန်းကျောက်နှင့်ကုန်းမြောက်ကို စိုက်ကြည့်နေခဲ့သည်။ သူက ကိုယ်တွင်းဒဏ်ရာများကို ကောင်းကင်ချီဖြင့်ကုသနေသော်လည်း လေထဲတွင်ခါးမတ်၍ မတ်တပ်ရပ်နေခဲ့သည်။ သူ၏မျက်နှာကို နတ်ဆိုးချပ်ဝတ်က ဖုံးကွယ်ထားသောကြောင့် မည်သူမှ မျက်နှာထားကို အကဲခတ်နိုင်ခြင်းမရှိပေ။
ကုန်းကျောက်နှင့်ကုန်းမြောင်သည် ယဲ့ချန်၏ညာလက်ကို ထူးဆန်းစွာ စိုးရိမ်တကြီးကြည့်နေကြသည်။ သူတို့နှစ်ယောက်လုံးက အတွင်းဒဏ်ရာရသွားကြပြီး ထိုစွမ်းအားဖြင့် နောက်တစ်ကြိမ်ထိမှန်ခံလိုက်ရလျှင် အကျိုးဆက်က မတွေးဝံ့စရာပင်။ ယဲ့ချန်၏တိုက်ကွက်ကို ထူးကဲအဆင့်ကျင့်ကြံသူများသည်ပင် စိုးရိမ်ကြောင့်ကြရပေလိမ့်မည်။
ကုန်းကျောက်၊ ကုန်းမြောင်နှင့် ယဲ့ချန်တို့က တစ်ယောက်ကို တစ်ယောက်စိုက်ကြည့်နေပြီး ရှေ့တိုးခြင်းမရှိပေ။ ရန်သူများက ပင်မတံဆိပ်စွမ်းအား ထွက်ပေါ်လာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
ထိုအချိန်တွင် စစ်မြေပြင်၌ ဖရိုဖရဲမြင်ကွင်းတစ်ခု ဖြစ်ပေါ်နေသည်။ နတ်အဆင့်ကျင့်ကြံသူများ၏ တိုက်ပွဲက အလွန်အမင်း ထိတ်လန့်ဖွယ်ကောင်းသည်။ ကောင်းကင်ချီများထွက်ပေါ်နေပြီး လက်သီးနှင့် လက်ဝါးအလင်းများက ယှက်သန်းထွက်ပေါ်လာသည်။ နန်ရှင်းတစ်က သွေးဘုရင်နှင့်မီးဘုရင်ကို တစ်ကိုယ်တော်တိုက်ခိုက်နေပြီး ရှောင်ရိနှင့်နေလင်းယုန်က ဟေးရီကို တိုက်ခိုက်နေကြသည်။ နတ်ဘုရင်အဆင့်သို့နီးကပ်နေသော ကျင့်ကြံသူလေးယောက်နှင့် ကြယ်ခန်းမ၏ တစ်ဆယ်တိုက်ပွဲအစီအရင်ရှစ်ခုက မုန်တိုင်းမျိုးနွယ်၏ နတ်အဆင့်ကျင့်ကြံသူများနှင့် ရင်ဆိုင်နေကြသည်။
နန်ရှင်းတစ်၊ ရှောင်ရိနှင့် နေလင်းယုန်တို့က အသာစီးရနေကြသော်လည်း ကြယ်ခန်းမဘက်တွင် အခြေအနေမကောင်းပေ။ တစ်ဆယ်တိုက်ပွဲအစီအရင်၏ အစွမ်းကြောင့်သာ မဟုတ်လျှင် သူတို့က နတ်အဆင့်များကို တားမြစ်နိုင်မည်မဟုတ်ချေ။ သို့သော်လည်း အချိန်ကြာမြင့်လာသည်နှင့်အမျှ သူတို့က ရှုံးနိမ့်စပြုလာကာ တစ်ဆယ်တိုက်ပွဲအစီအရင်ဖြင့် ရန်သူများကို ဒဏ်ရာရစေရန် မစွမ်းဆောင်နိုင်ကြပေ။ အကယ်၍ သူတို့သာဂရုမစိုက်လျှင် တိုက်ပွဲအစီအရင်ပင် ပျက်စီးသွားနိုင်ချေရှိသည်။
"ဘန်း"
မုန်တိုင်းမျိုးနွယ်မှ နတ်ဝိဇ္ဇာတစ်ယောက်က အစီအရင်ကို ချိုးဖျက်နိုင်လိုက်ပြီး ခဏအတွင်း ဆန်းကျယ်အဆင့် ကျင့်ကြံသူဆယ်ယောက်လုံး အသတ်ခံလိုက်ရသည်။ သွေးများ နေရာအနှံ့ ပြန့်ကြဲသွားခဲ့သည်။ အသတ်ခံလိုက်ရသူတို့က ဆန်းကျယ်အဆင့်သို့ တက်ရောက်ကာစဖြစ်သောကြောင့် ကျင့်ကြံဆင့်က တည်ငြိမ်ခြင်းမရှိပေ။ ကြယ်ခန်းမ၏ သန်းချီသောတပည့်များတွင် အနည်းငယ်သော ပမာဏတစ်ခုသာ ဆန်းကျယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ကြ၏။ အနာဂတ်တွင် သူတို့ကြယ်ခန်းမ၏ ထောက်တိုင်များ ဖြစ်လာနိုင်သော်လည်း လက်ရှိတွင် ကြယ်ခန်းမအတွက် အသက်စွန့်သွားခဲ့ကြသည်။
တိုက်ပွဲအတွင်းဝင်ရောက်ရန် အဆင့်မမီသော ကြယ်ခန်းမ၏တပည့်များနှင့် သာမန်ပြည်သူများက ဤမြင်ကွင်းကြောင့် မျက်ရည်ဝဲနေကြသည်။ ဝိညာဥ်သားရဲရောက်လာချိန်တွင် သူတို့အားလုံးကို ကြယ်ခန်းမက အသက်ဘေးမှကယ်တင်ပေးခဲ့သဖြင့် အိမ်အသစ်ဖြစ်လာခဲ့သည်။ သေဆုံးသွားသော ကျင့်ကြံသူများနောက်တွင် သူတို့ကိုအားကိုးနေရသော မိသားစုဝင်များ ကျန်ရစ်ခဲ့သည်။
မြို့တွင်းရှိ ပန်းပဲဖိုတစ်ခုအတွင်းရှိနေသော တိရှုံးပင် ရန်သူများကို သည်းမခံနိုင်တော့ပေ။ သူက ဒဏ်ရာရထားသော်လည်း တိုက်ခိုက်နိုင်စွမ်းရှိနေဆဲပင်ဖြစ်သည်။ ထို့ကြောင့် အေးစက်စက်ရေခဲဓားတစ်လက်ကို ဆွဲထုတ်ကာ စစ်မြေပြင်သို့ ထွက်လာခဲ့သည်။
နေရောင်အောက်တွင် သွေးနီရောင်လွှမ်းခြုံနေသော စစ်၏အနိဋ္ဌာရုံက အကျည်းတန်လွန်းနေသည်။ မြို့ရိုးအပြင်ဘက်တွင် မရေမတွက်နိုင်သော သားရဲများက ဝိညာဥ်သားရဲများကို ရင်ဆိုင်နေရင်း ကြယ်ခန်းမတပည့်များကို သတ်ဖြတ်နေကြသည်။ ကောင်းကင်တွင်လည်း မိုးပျံသားရဲများက နေရာတိုင်း ပြည့်နှက်နေကြသည်။
"ညီအစ်ကိုတို့ မင်းတို့နောက်မှာ မိသားစုဝင်တွေရှိနေတယ်။ သူတို့အတွက် ကြယ်ခန်းမအတွက် နောက်ဆုတ်လို့မဖြစ်ဘူး။ သတ်ကြ"
"သတ်ကြ"
ကြယ်ခန်းမနှင့် သက်ဆိုင်ခြင်းမရှိသော မြို့တွင်းရှိကျင့်ကြံသူများပင်လျှင် လက်နက်ကိုယ်စီဆွဲကိုင်၍ မြို့ရိုးပေါ် ရောက်ရှိလာကြသည်။ သူတို့က အားနည်းသော်လည်း ရန်သူများကို မကြောက်မရွံ့တွန်းလှန် တိုက်ခိုက်လိုက်ကြသည်။
လေထဲတွင် ခန္ဓာကိုယ်အစိတ်အပိုင်းများ လွင့်ပျံနေပြီး ကျင့်ကြံသူဆယ်ယောက်စုပေါင်း၍ သားရဲတစ်ကောင်နှစ်ကောင်ကိုသာ သတ်ဖြတ်နိုင်ခဲ့သည်။ သို့သော် သူတို့က နောက်ဆုတ်ရမည့်အစား ဒေါသတကြီးကြုံးဝါး၍ ရန်သူများထံ ခုန်ဝင်နေဆဲပင်ဖြစ်သည်။
အချို့သားရဲများက မြို့ရိုးများအတွင်း ဝင်ရောက်လာနိုင်ကြသည်။ မြို့၏နေရာအချို့ကို ရန်သူများက သိမ်းပိုက်နိုင်လိုက်သဖြင့် ဝံပုလွေတိုင်းပြည်၏စစ်တပ်က အလုံးအရင်းချီတက်လာကြသည်။ ယဲ့ချန်တည်ဆောက်ခဲ့သော မြို့ငါးမြို့က သက်ရှိလောက၏ငရဲဘုံပမာ သွေးချင်းချင်းနီနေခဲ့ကြသည်။
ဤမြင်ကွင်းကြောင့် ယဲ့ချန်၏စိတ်က အလွန်နာကျင်ထိခိုက်နေရသော်လည်း မည်သည်မှမလုပ်နိုင်ခဲ့ပေ။ သူ့ကို ကုန်းကျောက်နှင့်ကုန်းမြောင်က သားကောင်ကိုချောင်းနေသော မုဆိုးပမာ စောင့်ကြည့်နေကြသည်။ သူက ပင်မတံဆိပ်ဖြင့် ထိုနှစ်ယောက်ကို ခြောက်လှန့်နိုင်သော်လည်း အကျိုးဆက်က အလွန်ဆိုးရွားသောကြောင့် မြို့ငါးမြို့အတွင်း ဖောက်ခွဲ၍မဖြစ်ပေ။
ထိုအချိန်၌ အဝေးမှ ကျွဲချိုမှုတ်သံတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ မိုးကုပ်စက်ဝိုင်းထံမှ ကြီးမားသော စစ်တပ်ကြီးတစ်ခုက စစ်မြေပြင်သို့ တရကြမ်း ချီတက်လာလေသည်။