ကောင်းကင်ဝံပုလွေတောင်ပံ
Vol. 30 Ch. 414
ကုန်းကျောက်သည် ယဲ့ချန်ကို စိုးရိမ်တကြီး စောင့်ကြည့်နေသော်လည်း ကောင်းကင်တုန်ခါဆေးအိုး၏ ဝိညာဥ်မီးတောက်များကို ထွင်းဖောက်မမြင်နိုင်ချေ။ ယဲ့ချန်ကလည်း ပတ်ဝန်းကျင်ကို ဝိညာဥ်အသိစိတ်ဖြင့် ဖုံးကွယ်ထားပြီး ညာလက်တွင် ငွေရောင်ဝိညာဥ်ဆေးလုံးကို ဆုပ်ကိုင်ထားသည်။
ယဲ့ချန်၏ကိုယ်တွင်းသို့ ညာလက်အတွင်းရှိ ဆေးလုံးထံမှ ဆေးစွမ်းအင်များ တစ်လှိုင်းပြီးတစ်လှိုင်း ဝင်ရောက်လာခဲ့သည်။ ကောင်းကင်သိုင်းချီကလည်း လျင်မြန်စွာလည်ပတ်လာပြီး ဆေးစွမ်းအင်များကိုသယ်ဆောင်၍ ခန္ဓာကိုယ်တစ်ခုလုံးသို့ ဖြန့်ချီပေးလိုက်၏။ တောင်ပံဆယ့်နှစ်ခုငွေလဝံပုလွေ၏ သွေးမျိုးဆက်ကြောင့် ဆေးစွမ်းအင်များက ငွေရောင်တောက်ပနေသည်။ သူ၏သွေးကြောများပင် ငွေရောင်လင်းလက်လာခဲ့သည်။ အချိန်ခဏအတွင်း ဆေးလုံးက ပျောက်ကွယ်သွားပြီး ၎င်းကို ယဲ့ချန်သည် အပြည့်အဝစုပ်ယူလိုက်ပြီးဖြစ်သည်။ ကောင်းကင်သိုင်းချီ၏ ကျေးဇူးဖြင့် ယဲ့ချန်သည် ဆေးလုံးကို တိုက်ရိုက်စားသုံးရန်ပင် မလိုခဲ့ပေ။
ယဲ့ချန်က အချိန်တိုင်းတိုက်ခိုက်နိုင်ရန် အသင့်ပြင်လိုက်ပြီး ကုန်းကျောက်ကို စိုက်ကြည့်လိုက်သည်။ သူ၏ကောင်းကင်ချီများက ဆက်တိုက်လည်ပတ်နေပြီး ဆေးစွမ်းအင်များကို ချေဖျက်နေသည်။ ၎င်းတို့က သာမန်ဆေးလုံးများထက် အာနိသင်များစွာ ပို၍ပြင်းထန်ပြီး ယဲ့ချန်၏အရိုးနှင့်သွေးကြောများ ဆက်တိုက်တိုးတက်လာနေသည်။ ဆေးစွမ်းအင်ကြောင့် ကောင်းကင်ချီကျင့်ကြံဆင့်ကလည်း ဆက်တိုက်မြင့်တက်လာနေသည်။ ထိုအချိန်တွင် ယဲ့ချန်သည် ခန္ဓာနှင့်ဝိညာဥ်ကို တစ်သားတည်းပေါင်းစည်းထားသောကြောင့် ရုပ်ခန္ဓာသာမက ဝိညာဥ်အသိစိတ်လည်း အစွမ်းထက်လာပေသည်။
ထို့နောက် သူ၏ကျောဘက်တွင် ထုံကျင်သွားပြီး ခရမ်းရောင်နတ်ဆိုးချပ်ဝတ်၌ အပေါက်နှစ်ခုဖြစ်ပေါ်လာသည်။ ထိုအပေါက်များအတွင်းမှ ငွေရောင်တောင်ပံတစ်စုံ အလိုလိုထွက်ပေါ်လာခဲ့သည်။ တောင်ပံဆယ့်နှစ်ခုငွေလဝံပုလွေ၏ သွေးမျိုးဆက်က အလွန်အစွမ်းထက်သောကြောင့် ယဲ့ချန်၏ခန္ဓာကိုယ်တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာခြင်းဖြစ်နိုင်သည်။ တောင်ပံများကိုဖြန့်လိုက်လျှင် သုံးမီတာကျော်ရှည်ပြီး ဖုံးအုပ်နေသော ငွေရောင်အမွေးများက သတ္တုများနှင့်ပင် တူညီနေသည်။ ငွေရောင်တဖိတ်ဖိတ်တောက်နေသော အမွေးများက သိပ်သည်းနေသည်။
"ငွေလဝံပုလွေက ငါတို့ခရမ်းမီးတောက် ကြယ်ခြင်္သေ့မျိုးနွယ်ထက် ပိုပြီးအစွမ်းထက်ပါလား။ ငွေဘုရင်က ဒီလောက်အစွမ်းထက်တဲ့ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားတာတောင် နတ်ဘုရင်အဆင့်အထိပဲ ကျင့်ကြံနိုင်တယ်။ တော်တော်ညံ့တဲ့ အမှိုက်ကောင်"
ခြင်္သေ့ကြီး၏စကားသံ ထွက်ပေါ်လာခဲ့သည်။
"ဆရာ ဒီတောင်ပံတွေက ဘာလဲ။ ကျုပ်က အမြဲတမ်း ဒါကြီးတွေကို သယ်ထားရတော့မှာလား"
ယဲ့ချန်က ကြောင့်ကြစွာ မေးလိုက်သည်။ ဆေးလုံးတစ်လုံး၏အစွမ်းကြောင့် သူ၏ကျောဘက်တွင် တောင်ပံတစ်စုံ ထွက်ပေါ်လာမည်ဟု မျှော်လင့်မထားခဲ့ပေ။
"မစိုးရိမ်ပါနဲ့။ ဒီတောင်ပံတွေက ငွေလဝံပုလွေရဲ့သွေးမျိုးဆက်ထဲမှာ ပေါင်းစည်းနေတဲ့ ရတနာတစ်ခုပါ။ ဒီသွေးမျိုးဆက်က တော်တော်သန့်စင်ပေမယ့် သူ့ရဲ့မှတ်ဉာဏ်တွေ ကျင့်စဥ်တွေရှိမနေတာ တော်တော်နှမြောစရာကောင်းတယ်။ ဒါပေမယ့် မင်းက ငွေဘုရင်ထက် ပိုအကျိုးရှိသွားပါပြီ"
"ဒါက ရတနာတစ်ခုလား"
ခြင်္သေ့ကြီးစကားကြောင့် ယဲ့ချန်က မယုံကြည်နိုင်ဖြစ်သွားခဲ့သည်။ အစွမ်းထက်ရတနာတစ်ခုကို သွေးမျိုးဆက်တွင် ပေါင်းစည်းထားပြီး အမွေလွှဲပေးနိုင်ခြင်းက အလွန်အစွမ်းထက်မှ ဖြစ်ပေလိမ့်မည်။
"ဟုတ်တယ်။ ဒါကို ကောင်းကင်ဝံပုလွေတောင်ပံလို့ ခေါ်တယ်။ တောင်ပံဆယ့်နှစ်ခု ငွေလဝံပုလွေရဲ့ တောင်ပံတစ်စုံကနေ ပြုလုပ်ထားတာဖြစ်တယ်။ ဒါက ကာကွယ်ရေးအတွက်ရော အလျင်အတွက်ပါ အသုံးချနိုင်တဲ့ အစွမ်းထက်ရတနာပဲ"
ခြင်္သေ့ကြီးက ဆက်လက်ရှင်းပြလိုက်သည်။
ယဲ့ချန်က ဂရုတစိုက်စစ်ဆေးလိုက်သောအခါ တောင်ပံတစ်စုံသည် သူ၏ခန္ဓာကိုယ်မှ ဖြစ်တည်လာခြင်းမဟုတ်ဘဲ အသားထဲတွင် ပေါင်းစပ်နေခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ ဤကောင်းကင်တောင်ပံများက လက်နက်ဝိညာဥ်မရှိသော အစွမ်းထက်ရတနာတစ်ခုဖြစ်နေသည်။ ၎င်းကိုပြုလုပ်ထားသော ကုန်ကြမ်းများက အလွန်အမင်းသိပ်သည်းမာကျောသဖြင့် သာမန်လက်နက်များ ထိုးဖောက်နိုင်စွမ်းမရှိချေ။ ၎င်းကို ကာကွယ်ရေးရတနာတစ်ခုအဖြစ် အသုံးပြုနိုင်သော်လည်း နတ်ဆိုးချပ်ဝတ်ကဲ့သို့ တစ်ကိုယ်လုံးမကာကွယ်ပေးနိုင်ဘဲ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်းကိုသာ ဖုံးအုပ်ပေးနိုင်သည်။
"ဒီတောင်ပံတစ်စုံက ငွေဘုရင်ပိုင်ရမှာဖြစ်ပေမယ့် ငါ့လက်ထဲကို ရောက်လာပြီ။ ငွေဘုရင်က အသုံးပြုဖို့ အခွင့်အရေးမရှိတော့တာ သနားစရာပဲ"
ယဲ့ချန်ကတစ်ချက်ပြုံး၍ အဝေးရှိကုန်းကျောက်ကို စိုက်ကြည့်လိုက်သည်။ ကုန်းကျောက်သည်လည်း ယဲ့ချန်၏ကျောဘက်မှ တောင်ပံတစ်စုံ ရုတ်တရက်ထွက်လာသည်ကို မြင်သောအခါ ထိတ်လန့်သွားခဲ့သည်။ ယဲ့ချန်က မည်သည့်ကောင်းကင်သားရဲအမျိုးအစားဖြစ်ကြောင်းကို သူက မခွဲခြားနိုင်ပေ။
ယဲ့ချန်သည် တောင်ပံများကို ခတ်လိုက်သောအခါ နေရောင်အောက်တွင် ငွေရောင်အလင်းများ တောက်ပလာသည်။ သွေးဘုရင်နှင့်မီးဘုရင်က ၎င်းကိုမြင်သောအခါ ငွေဘုရင်၏ဝိညာဥ်အသွင်ဖြစ်တည်ခြင်းမှ တောင်ပံများနှင့်ဆင်တူကြောင်း သတိထားမိလိုက်သည်။ ငွေဘုရင်ကို ကောင်းကင်တုန်ခါဆေးအိုးဖြင့် သန့်စင်ပြီးနောက် သူ၏စွမ်းအင်များအား ယဲ့ချန်က စုပ်ယူသွားခြင်းဖြစ်နိုင်သည်။ ဤကား အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော အချက်ဖြစ်သည်။ သူ၏ကျောဘက်ကို ဝိညာဥ်အသိစိတ်ဖြင့် စစ်ဆေးလိုက်သောအခါ နတ်ဆိုးချပ်ဝတ်နှင့်ကောင်းကင်တောင်ပံက ပြည့်စုံစွာလိုက်ဖက်ညီနေကြောင်း တွေ့လိုက်ရသည်။ နှစ်ခုလုံးက သက်ဆိုင်ရာမျိုးနွယ်၏ အကောင်းဆုံးရတနာများ ဖြစ်ကြလေသည်။
ဝိညာဥ်ဆေးလုံး၏အာနိသင်ကြောင့် ယဲ့ချန်က အဆုံးမဲ့အဆင့်နားသို့ နီးကပ်လာခဲ့သည်။ သူက အဆုံးမဲ့အဆင့်များသာ နားလည်နိုင်သော သိုင်းတာအိုကို နားလည်ထားပြီးဖြစ်သောကြောင့် ကျင့်ကြံဆင့်က လျင်မြန်စွာ ခုန်ပေါက်တိုးတက်လာနေသည်။ ကောင်းကင်ချီများက သူ၏ခန္ဓာကိုယ်ပတ်လည်တွင် နဂါးများကဲ့သို့လည်ပတ်နေကာ မျက်လုံးများတွင် ခရမ်းရောင်မီးများ စွဲလောင်နေသည်။ ယဲ့ချန်၏ကိုယ်တွင်း၌ ဓားပျံ၊ ကောင်းကင်သိုင်းချီ၊ ဧကရာဇ်မင်၏ခါးပတ်နှင့် ကောင်းကင်တုန်ခါဆေးအိုးမှ စီးဆင်းလာသော စွမ်းအင်များက အစဥ်လိုက် ရောယှက်နေကြသည်။ ထို့အပြင် သူစုပ်ယူထားသော ငွေဘုရင်၏သွေးမျိုးဆက်နှင့် ခြင်္သေ့ကြီး၏ခရမ်းရောင်မီးတောက်များလည်း ပါဝင်နေသည်။ စွမ်းအင်အားလုံးက ယဲ့ချန်၏ခန္ဓာကိုယ်ကို ဖရိုဖရဲဖြစ်စေပြီး စုတ်ဖြဲနေခဲ့သည်။ သွေးကြောများက ဆက်တိုက်ပျက်စီးနေသော်လည်း ဓားပျံက ကောင်းကင်ချီများထုတ်လုပ်ပြီး ဆက်တိုက်ကုသပေးနေခဲ့သည်။ နာကျင်မှုက ငရဲကျခံနေရသကဲ့သို့ ဆင်တူလေသည်။
ယဲ့ချန်က လူမဆန်သောနာကျင်မှုကို သည်းခံနေစဥ် ရုပ်ခန္ဓာနှင့်ဝိညာဥ်အသိစိတ်က ပိုမိုသန်မာလာခဲ့သည်။ အချိန်ကြာမြင့်လာသည်နှင့်အမျှ သူက လောကကြီးနှင့်ပေါင်းစည်းသွားကာ တစ်သားတည်းဖြစ်တည်လာသည်။
တာအိုကို မည်သည်က မွေးဖွားခဲ့မှန်းမသိရသော်လည်း တာအိုက အရာအားလုံးကိုမွေးဖွားပေးသည်။ ဖျက်ဆီး၍မရနိုင်သည်မှာ တာအိုဖြစ်သည်။
ယဲ့ချန်၏စိတ်အတွင်း ဉာဏ်အလင်းများဖြစ်တည်လာ၍ တာအိုက အစအဆုံးမရှိဟု နားလည်လိုက်သည်။ သို့သော် သူက ဖျက်ဆီး၍မရဟူသော အပိုင်းကို မဆင်ခြင်နိုင်ခဲ့ပေ။ ဤကား လုံလောက်ပေသည်။ သူ၏ကိုယ်တွင်း၌ စွမ်းအင်လှိုင်းများထွက်ပေါ်လာပြီး ကျင့်ကြံဆင့်အတားအဆီးက ပျက်စီးလုနီးပါးဖြစ်နေခဲ့သည်။ ထိုအချိန်တွင် သူ၏ကိုယ်ပေါ်သို့ ချေမွလိုဟန်ဖြင့် ဘက်ပေါင်းစုံမှဖိအားများ ရုတ်တရက်ကျဆင်းလာသည်။ ဤအဖြစ်က ကောင်းကင်၏ အစစ်အမှန် အမျက်ဒေါသဖြစ်နေသည်။
ကောင်းကင်၏အမျက်သည် ကြီးမားကျယ်ပြန့်၍ ရွှေရောင်အလင်းများက ယဲ့ချန်ထံ ကျဆင်းလာသည်။ အလင်းတစ်ခုချင်းစီသည် တောင်တစ်လုံးကို ချေမွပစ်နိုင်ပြီး ယဲ့ချန်သည်ပင် အရိုးများကြေမွလုမတတ် ခံစားနေရသည်။ ကောင်းကင်အမျက်သည် ရုပ်ခန္ဓာပေါ်သို့ တိုက်ရိုက်ကျဆင်းလာသောကြောင့် နတ်ဆိုးချပ်ဝတ်လည်း ကာကွယ်မပေးနိုင်ခဲ့ပေ။ ၎င်းက ယဲ့ချန်ကို အဆင့်တက်ခြင်းမှ လက်လျှော့သွားစေလိုပုံပေါ်သည်။
လက်ရှိတွင် ယဲ့ချန်နှင့်အနီးကပ်ဆုံးမှာ ကုန်းကျောက်ဖြစ်သည်။ သူက ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြောင့် ထိတ်လန့်သွားသဖြင့် အဝေးသို့ ခြေကုန်သုတ်ထွက်ပြေးသွားခဲ့သည်။ အတော်အတန်ဝေးသော နေရာရောက်မှ ယဲ့ချန်ကို အလန့်တကြားလှည့်ကြည့်လိုက်မိသည်။ ယဲ့ချန်က ဤအချိန်တွင် အဆင့်တက်သွားပြီး ကြောက်မက်ဖွယ်ကောင်းကင်အမျက်ကို ဆွဲဆောင်နိုင်မည်ဟု မျှော်လင့်မထားခဲ့ပေ။ သူအဆင့်တက်စဥ်ကပင် ကောင်းကင်အမျက် ကျဆင်းမလာခဲ့သော်လည်း အလွန်အရည်အချင်းရှိသော ပါရမီရှင်များ အချိန်တိုအတွင်း အဆင့်တက်လျှင် ကောင်းကင်အမျက် ကျဆင်းလာတတ်ကြောင်း ကြားဖူးထားသည်။ ထိုပါရမီရှင်များက ကောင်းကင်ပင်မဆန့်ကျင်နိုင်သောကြောင့် အဆင့်တက်ခြင်းမှတားမြစ်ရန် အမျက်ဒေါသကို စေလွှတ်လိုက်ခြင်းဖြစ်သည်။
"ကောင်းကင်အမျက်က အစွမ်းထက်လွန်းတယ်။ ဒီလိုပါရမီရှင်တစ်ယောက်သာ ကြီးထွားလာရင် မုန်တိုင်းမျိုးနွယ်အတွက် ကပ်ဘေးကြီးတစ်ခု ဖြစ်လာနိုင်တယ်။ ဒီနေ့ သူ့ကို သတ်မှဖြစ်မယ်"
ကုန်းကျောက်က ရေရွတ်လိုက်ခြင်းဖြစ်သည်။ သို့သော် သူက ရှေ့သို့ပြေးတက်သွားလျှင် ကောင်းကင်အမျက်၏ တိုက်ခိုက်ခြင်းခံရမည်ဖြစ်သောကြောင့် အလျင်စလို မလှုပ်ရှားခဲ့ပေ။ ထို့ကြောင့် ယဲ့ချန်အဆင့်တက်ပြီးသည်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။ ထိုအချိန်တွင် ယဲ့ချန်က အားအနည်းဆုံးအခြေအနေဖြစ်ကာ သတ်ရန်အတွက် အကောင်းဆုံးအချိန်ဖြစ်၏။
ကောင်းကင်အမျက်က ယဲ့ချန်ကို ဖုန်မှုန့်များအဖြစ်ချေမွရန် ကောင်းကင်မှ ဆက်တိုက်ကျဆင်းလာနေသည်။ လေထဲရှိယဲ့ချန်ကို ဗဟိုပြု၍ စွမ်းအားများဖြာထွက်နေပြီး ကောင်းကင်တွင်တိုက်ခိုက်နေသော ဆန်းကျယ်အဆင့်၊ နတ်အဆင့်နှင့် အခြားကျင့်ကြံသူများမှာ ဖိအားကြီးတစ်ခု ခံစားလိုက်ရသည်။ ကောင်းကင်မှမမြင်ရသော ဧရာမလက်တစ်ဖက်က ဖိချလာသကဲ့သို့ လူတိုင်းတင်းကျပ်သွားကြပြီး မြေပြင်သို့ တဘုန်းဘုန်းပြုတ်ကျကုန်သည်။ အားနည်းသူများမှာမူ မြေပြင်တွင် ပြားကပ်သွားကာ အကြောဆွဲနေကြသည်။
ကောင်းကင်အမျက်၏ အစွန်းထွက်စွမ်းအားကိုပင် နတ်ဘုရင်ထိပ်ဆုံးအဆင့်များ မခုခံနိုင်သောအခါ ဗဟိုတွင်ရှိနေသည့် ယဲ့ချန်သည်းခံနေရသော စွမ်းအားကို ခန့်မှန်းကြည့်နိုင်သည်။
"ကောင်းကင်အမျက်ကျဆင်းလာရင် လူတစ်ရာမှာ တစ်ယောက်သာ အောင်မြင်စွာအဆင့်တက်နိုင်တယ်လို့ ပြောကြတယ်။ ဒီလိုကြောက်မက်ဖွယ်ကောင်းတဲ့ ကောင်းကင်အမျက်နဲ့ဆိုရင် ငါတောင် ဘာမှလုပ်စရာမလိုတော့ဘူး။ ဒီကောင် သေချာပေါက်သေလိမ့်မယ်"
ကုန်းကျောက်သည် ကောင်းကင်အမျက်ကြောင့် မလှုပ်နိုင်သော ကျင့်ကြံသူများကို တစ်ချက်ကြည့်၍ သုံးသပ်လိုက်သည်။ သူ၏မျက်နှာထက်တွင် ပါရမီရှင်တစ်ယောက်၏ကျဆုံးခန်းကို စောင့်ကြည့်ရသောကြောင့် ကျေနပ်သောအပြုံးတစ်ခု ဖြစ်ပေါ်နေသည်။ လေထဲတွင် နန်ရှင်းတစ်၊ ထုံတန်နှင့် ကုန်းမြောင်ဟူသော အဆုံးမဲ့ကျင့်ကြံသူသုံးယောက်သာ ကျန်ရစ်ခဲ့သည်။ သူတို့က ပြင်းထန်သောဖိအားကို ခံစားရသော်လည်း ပစ်မှတ်ထားခြင်းမခံရသောကြောင့် ပျံသန်းနိုင်နေခြင်းဖြစ်သည်။
"ကြည့်ရတာ သခင်က အဆင့်တက်တော့မယ်ထင်တယ်။ သူက ဒီလိုကောင်းကင်အမျက်ကိုတောင် ဆွဲဆောင်နိုင်တာ တော်တော်အစွမ်းထက်ရမယ်"
နန်ရှင်းတစ်သည် ခေါင်းကိုမော့၍ ယဲ့ချန်ကို လေးစားစွာစိုက်ကြည့်လိုက်သည်။ သူက နတ်ဘုရင်အဆင့်တွင် နှစ်ပေါင်းများစွာပိတ်ဆို့ခဲ့ပြီး အဆုံးမဲ့အဆင့်တက်ချိန်တွင် ကောင်းကင်အမျက် ထွက်ပေါ်မလာခဲ့ပေ။ ယဲ့ချန်က ကောင်းကင်အမျက်ကိုဆန့်ကျင်၍ အသက်ရှင်နိုင်ရန် မသေချာသောကြောင့် သူက စိုးရိမ်နေခဲ့သည်။
ထုံတန်နှင့်ကုန်းမြောင်က ပြင်းထန်စွာတိုက်ခိုက်နေရင်း ကောင်းကင်အမျက် ကျဆင်းလာချိန်တွင် ကြောက်မက်ဖွယ်ဖိအားကို ခံစားလိုက်ရသည်။
"ညီလေးယဲ့က တကယ့်ကို ကောင်းချီးပေးခံထားရတဲ့ ပါရမီရှင်ပါလား။ ငါ့သက်တမ်းတလျှောက် အဆင့်တက်ချိန်မှာ ကြောက်မက်ဖွယ်ကောင်းကင်အမျက် ကျဆင်းလာတာကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"
ထုံတန်က သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဒီကောင်က ဒီလိုအချိန်မှာ အဆင့်တက်သွားပြီး ကောင်းကင်အမျက်ကျဆင်းလာမယ်လို့ မထင်ထားဘူး"
ကုန်းမြောင်သည် လေထဲတွင်ရပ်တန့်နေသော ကုန်းကျောက်ကိုကြည့်ပြီး သူ၏အကြံကို သဘောပေါက်လိုက်သည်။ သူက ထုံတန်ကို ယဲ့ချန်အား မကူညီနိုင်စေရန် တားမြစ်တိုက်ခိုက်လိုက်လေသည်။