ကောင်းကင်အမျက်ကို ကျော်ဖြတ်ခြင်း
Vol. 30 Ch. 415
ဝိညာဥ်ပုလဲသည် အနက်ရောင်တောက်ပ၍ လေထဲသို့ မြင့်တက်လာခဲ့သည်။
"ရှောင်ရိ ရှေ့ကိုမြန်မြန်တက်။ ငါ မင်းကို ကာကွယ်ပေးထားမယ်။ ဒီကောင်းကင်အမျက်ကိုအသုံးချပြီး အဆုံးမဲ့အဆင့်ကို တက်ရမယ်။ ဒီအခွင့်အရေး လက်လွတ်သွားလို့မဖြစ်ဘူး"
ထွင်ထန်း၏စကားသံက ဝိညာဥ်ပုလဲအတွင်းမှ ထွက်ပေါ်လာခဲ့သည်။
"ဆရာ အစ်ကိုကြီးက ဘာဖြစ်နေတာလဲ။ သူ့မှာ အန္တရာယ်ရှိလား"
ရှောင်ရိက ကောင်းကင်အမျက်ကိုခုခံ၍ မြေပြင်တွင် မတ်တပ်ရပ်လိုက်သည်။ သူက ယဲ့ချန်အဆင့်တက်နေခြင်းကို နားမလည်သောကြောင့် စိုးရိမ်စွာ မေးလိုက်ခြင်းဖြစ်သည်။
"မစိုးရိမ်ပါနဲ့ မင်းရဲ့အစ်ကိုကြီးက အဆင်ပြေတယ်။ အခွင့်အရေးကိုအသုံးချဖို့ မြန်မြန်လုပ်"
ထွင်ထန်းက တည်ငြိမ်စွာ ဖြေလိုက်သည်။
"ဟုတ်ကဲ့"
ယဲ့ချန် အန္တရာယ်မရှိကြောင်း သိသောအခါ ရှောင်ရိက စိတ်အေးသွားခဲ့သည်။ ဝိညာဥ်ပုလဲ၏ကာကွယ်ပေးမှုဖြင့် ကောင်းကင်အမျက်၏ဖိအားက သူ့အပေါ် လျော့နည်းလာခဲ့သည်။ သူက ယဲ့ချန်ရှိနေသော ကောင်းကင်သို့ လှစ်ခနဲ ပြေးတက်သွားခဲ့သည်။
စစ်မြေပြင်တွင် ကျင့်ကြံသူများစွာရှိနေသော်လည်း ရှောင်ရိတစ်ယောက်တည်းသာ ရှေ့တက်သွားခြင်းဖြစ်သည်။ ကျန်လူများအားလုံးက ကောင်းကင်အမျက်ကြောင့် နေရာမှတစ်လက်မပင် မရွေ့ရဲပေ။ ထိုအချိန်တွင် ယဲ့ချန်၏ကိုယ်ပေါ်သို့ ကောင်းကင်အမျက်၏စွမ်းအင်များက ဆူနာမီလှိုင်းလုံးကဲ့သို့ ဆက်တိုက်ကျဆင်းလာနေသည်။
"ကောင်းကင်အမျက် ဟုတ်လား။ သိုင်းတာအိုရဲ့အထွတ်အထိပ်ကိုရောက်နိုင်ဖို့ မင်းကိုဖျက်ဆီးပြီး သေရင်တောင် ရှေ့ဆက်တိုးမယ်"
ယဲ့ချန်က လုံးဝနောက်မဆုတ်ဘဲ ရွှေရောင်အလင်းတစ်ခုကို လက်သီးဖြင့် ထိုးခွဲလိုက်သည်။ သူ၏လက်မောင်းရှိ ကြွက်သားများထံမှ ကောင်းကင်ချီများထွက်ပေါ်လာသည်။ ကောင်းကင်သိုင်းချီ၏စွမ်းအားက ဤလက်သီးချက်တွင် ပေါင်းစပ်ပါဝင်နေသည်။
"ဘုန်း"
ကီလိုဂရမ်ထောင်ချီလေးသော ရွှေရောင်အလင်းက ဤလက်သီးချက်တွင် ပြိုကွဲသွားခဲ့သည်။ သို့သော်လည်း အလင်းတန်းများက အဆုံးမရှိဟန်ဖြင့် ဆက်တိုက်ကျဆင်းလာနေသည်။
"ပျက်စီးစမ်း"
ယဲ့ချန်သည်လည်း အော်ဟစ်ကြုံးဝါး၍ ကောင်းကင်အမျက်ကို ထိပ်တိုက်ရင်ဆိုင်နေသည်။ လက်သီးစွမ်းအားက ပြင်းထန်လွန်းသောကြောင့် လေဟာနယ်ပင် ပေါက်ကွဲမတတ်ဖြစ်လာခဲ့သည်။
"ဘုန်း ဘုန်း ဘုန်း"
လောကတစ်ခွင်တုန်ယင်နေပြီး ကောင်းကင်အမျက် ဖျက်ဆီးခံလိုက်ရချိန်တွင် မိုးကြိုးများ ထွက်ပေါ်လာခဲ့သည်။
"ကောင်းကင်မိုးကြိုးကပ်ဘေး တကယ်ကျဆင်းလာတာပါလား"
ကုန်းကျောက်က အံ့သြလွန်းသဖြင့် မျက်လုံးပြူးသွားခဲ့သည်။ သာမန်ပါရမီရှင်များဆိုလျှင် ကောင်းကင်ကပ်ဘေးကို ဆွဲဆောင်နိုင်စွမ်းမရှိချေ။ ထို့ကြောင့် သူက ယဲ့ချန်ကို ဆက်လက်ရှင်သန်ခွင့်မပေးနိုင်ပေ။
"ယဲ့ချန် နတ်ဆိုးချပ်ဝတ်ကို ပြန်သိမ်းလိုက်။ ကောင်းကင်ကပ်ဘေးနဲ့ မင်းရဲ့ခန္ဓာကိုယ်ကို သန့်စင်ပစ်လိုက်"
ခြင်္သေ့ကြီးက ညွှန်ကြားလိုက်ခြင်းဖြစ်သည်။ သူက အလွန်ဗဟုသုတများပြားသော်လည်း ယဲ့ချန်၏ပါရမီကြောင့် တုန်လှုပ်နေခဲ့သည်။ သာမန်ဆိုလျှင် ကောင်းကင်ကပ်ဘေးသည် အန္တိမအဆင့် သို့ ရွှမ်အဆင့်သို့ တက်ရောက်ချိန်တွင်မှ ထွက်ပေါ်လာတတ်ခြင်းဖြစ်သည်။ ကပ်ဘေး၏စွမ်းအင်က သူအဆင့်တက်စဥ်ကအောက် အားနည်းသော်လည်း အဆုံးမဲ့အဆင့်တွင် ထွက်ပေါ်လာခြင်းက အံ့လောက်ဖွယ်ပင်ဖြစ်သည်။ ယဲ့ချန်၏အတွေးတစ်ချက်တွင် နတ်ဆိုးချပ်ဝတ်ပျောက်ကွယ်သွားပြီး မိုးကြိုးလျှပ်စီးများက သူ၏ရုပ်ခန္ဓာကို ချက်ချင်းထိမှန်ခဲ့သည်။
ယဲ့ချန်သည် မိုးကြိုးဧကရာဇ်ကျင့်ကြံဆင့်ကို လည်ပတ်၍ ထိမှန်သမျှမိုးကြိုးများကို ကိုယ်တွင်းသို့ စုပ်ယူလိုက်သည်။ မိုးကြိုးဧကရာဇ်ကျင့်စဥ်က အလွန်အမင်းအစွမ်းထက်သောကြောင့် စုပ်ယူလိုက်သမျှမိုးကြိုးများက ယဲ့ချန်အတွက် စွမ်းအင်အဖြစ် ပြောင်းလဲသွားခဲ့၏။
"ဒီကောင်က တကယ်ပုံမှန်မဟုတ်ဘူး"
ကုန်းကျောက်နှင့်ရန်သူများသည် ကပ်ဘေးမိုးကြိုးများကို ယဲ့ချန် စုပ်ယူနေသောမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်လာကြသည်။
"ကောင်းကင်ကိုဖျ က်ဆီးပစ်မယ်ကွ"
ယဲ့ချန်က ဒေါသတကြီးကြုံးဝါး၍ ကောင်းကင်အမျက်ကို ရူးမိုက်စွာ တိုက်ခိုက်လိုက်သည်။ ကောင်းကင်အမျက်စွမ်းအင်များက ဘန်းခနဲပေါက်ကွဲနေပြီး ပျက်ပြယ်သွားချိန်တွင် ကြောက်မက်ဖွယ်မိုးကြိုးများ ထွက်ပေါ်လာ၏။ မိုးကြိုးများကို ယဲ့ချန်ကစုပ်ယူ၍ ခန္ဓာကိုယ်ကို သန့်စင်နေခဲ့သည်။ စွမ်းအင်အများစုကို ယဲ့ချန်က စုပ်ယူလိုက်သဖြင့် ကျန်စွမ်းအင်များက လေထဲတွင် ပြန့်ကြဲကုန်သည်။ ယဲ့မျိုးနွယ်ဝင်များက လင်းယွန်တောင်တန်း၏တောင်ထိပ်များပေါ်သို့ ချက်ချင်းပြေးတက်သွားကြပြီး မိုးကြိုးဧကရာဇ်ကျင့်စဥ်ဖြင့် လေလွင့်ခြင်းမရှိစေရန် စုပ်ယူလိုက်ကြသည်။ ယဲ့ချန်က မိုးချုန်းသံကြားတွင် မတ်တပ်ရပ်နေပြီး လျှပ်စီးများဆက်တိုက်ထိမှန်နေသဖြင့် နတ်ဘုရားတစ်ပါးပမာ ထင်မှတ်ရလေသည်။
ရှောင်ရိကို ဝိညာဥ်ပုလဲက ကာကွယ်ပေးထားသောကြောင့် ခုခံရသည့်မိုးကြိုးစွမ်းအင်က ယဲ့ချန်အောက် များစွာနည်းပါးနေသည်။ သူက မိုးကြိုးများကို ခုခံတိုက်ခိုက်ရင်း ၎င်းအတွင်းရှိ သိုင်းတာအိုသဘောတရားများကို ဆင်ခြင်လိုက်သောကြောင့် လျင်မြန်စွာ ခွန်အားတိုးတက်လာသည်။
ကောင်းကင်အမျက်၏စွမ်းအင်လှိုင်းများက အကြိမ်သုံးဆယ်အထိ ဆက်တိုက်ကျဆင်းလာသည်။ အဆုံးမဲ့အဆင့်သို့ နှစ်ပေါင်းများစွာရောက်ရှိနေသော ကျင့်ကြံသူများပင် ယဲ့ချန်ကဲ့သို့ ဤကောင်းကင်အမျက်ကို ရင်ဆိုင်ဝံ့၊ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။ ထိုအချိန်တွင် ပိုမိုပြင်းထန်သော ကောင်းကင်အမျက်တစ်ခုက ရွှေရောင်တောင်ကြီးသဏ္ဍာန်ဖွဲ့စည်း၍ ကျဆင်းလာခဲ့သည်။ ခဏအတွင်း ပေသောင်းချီမြင့်သော ရွှေတောင်ကြီးက ကောင်းကင်ကို ဖုံးအုပ်သွားသည်။
လေထဲမှကျဆင်းလာသော ရွှေတောင်ကြီးကြောင့် လူတိုင်း မင်သက်သွားကြသည်။ သေမျိုးဖြစ်သော သာမန်လူသားများက နတ်ဘုရားများ ဆင်းသက်လာသည်အထင်နှင့် ဒူးထောက်၍ တရစပ်ရှိခိုးလိုက်ကြသည်။ ကုန်းကျောက်သည်လည်း ပိုမိုဝေးကွာသောနေရာသို့ အစွမ်းကုန်ထွက်ပြေးလိုက်ရသည်။ ရွှေတောင်ကြီးကို ကြည့်နေသော သူ၏မျက်လုံးတွင် ကြောက်စိတ်များ ဖြစ်တည်နေသည်။ သူပင်လျှင် အလွန်အစွမ်းထက်သော ကောင်းကင်အမျက်ကိုရင်ဆိုင်ရလျှင် သေမည်မဟုတ်သော်လည်း သေချာပေါက် ဒဏ်ရာရသွားပေလိမ့်မည်။ နန်ရှင်းတစ်၊ ထုံတန်နှင့် ကုန်းမြောင်တို့သည်လည်း စက်ကွင်းအတွင်းမှ လွတ်မြောက်သွားစေရန် လျင်မြန်စွာ ထွက်ပြေးလိုက်ကြသည်။
ယဲ့ချန်သည် သူ၏ခန္ဓာကိုယ်ကိုဖိနှိပ်လာသော စွမ်းအားကို ခံစားလိုက်ရသည်။ သူ၏အရေပြား အက်ကွဲလာပြီး အရိုးများမှ အသံအချို့ထွက်ပေါ်လာသည်။ သေရေရှင်ရေးအချိန်တွင် သူ၏စိတ်ကကြည်လင်နေပြီး ကြောက်စိတ်ကိုပင် မေ့လျော့နေသည်။
"ကျင့်ကြံခြင်းက သိုင်းတာအိုလမ်းစဥ်ကို ရှာဖွေတာဖြစ်တယ်။ ကောင်းကင်အမျက်တောင် ငါ့ကို မတားမြစ်နိုင်ဘူးကွ"
ယဲ့ချန်သည် တည်ငြိမ်စွာဖြင့် ကောင်းကင်ချီများကို စုစည်းလိုက်သည်။ ကောင်းကင်အမျက်ကျဆင်းရာတွင် ရပ်နေသော်လည်း ကောင်းကင်ကို ထီမထင်ဟန်ဖြင့် မော့ကြည့်လိုက်၏။ သူသင်ကြားထားခဲ့သော သိုင်းပညာများက စိတ်အတွင်းပေါ်ပေါက်လာကာ သိုင်းပညာအသစ်တစ်ခု ပြည့်စုံစွာ ထွက်ပေါ်လာခဲ့သည်။ ၎င်းက အဆင့်ခုနစ်သိုင်းများထက် ပို၍အဆင့်မြင့်ပြီး ယဲ့ချန်သည် နဂါးငွေ့တန်းလက်ဝါးသိုင်း၏ သဘောတရားများကို ပေါင်းစပ်ထားခဲ့သည်။
"ကိုးကောင်ကင်ဖြိုခွဲလက်သီးသိုင်း”
ယဲ့ချန်က ကောင်းကင်ချီများကိုစုစည်း၍ လက်သီးတစ်ချက် ထုတ်ဖော်လိုက်သည်။ ဤလက်သီးချက်တွင် အဆုံးမရှိသော ဖျက်ဆီးရေးစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
"ဘုန်း"
ရွှေတောင်ကြီးက ယဲ့ချန်၏လက်သီးချက်တွင် ပျက်စီးသွားခဲ့ပြီး ရွှေရောင်အပိုင်းအစများအဖြစ် ကွဲထွက်သွားခဲ့သည်။ ဝိညာဥ်နှင့်ရုပ်ခန္ဓာကို ပေါင်းစပ်ထားသော ယဲ့ချန်၏ခွန်အားက စိတ်ကူးမရနိုင်လောက်အောင် များပြားနေခဲ့သည်။ ရွှေတောင်ကြီးက လက်သီးတစ်ချက်တွင် ဖျက်ဆီးခံလိုက်ရပြီး ကုန်းကျောက်နှင့်ရန်သူများက အလွန်ထိတ်လန့်သွားကြသည်။ ရွှေရောင်အပိုင်းအစများတွင် တာအိုသဘောတရားများပါဝင်နေသည်ကို ခံစားမိသော ယဲ့ချန်သည် ၎င်းတို့ကိုလိုက်လံဖမ်းယူ၍ ကိုယ်တွင်း၌ ပေါင်းစပ်လိုက်သည်။ သူ၏မျက်လုံးများက အဆမတန်တောက်ပနေခဲ့သည်။ ဤမြင်ကွင်းကြောင့် ရှောင်ရိသည်လည်း နေရာတိုင်းတွင်ပြန့်ကြဲနေသော ရွှေရောင်အပိုင်းအစများကိုဖမ်းဆီး၍ ကိုယ်တွင်း၌ သန့်စင်နေခဲ့သည်။
ကောင်းကင်အမျက်က ဤနေရာတွင်ရပ်တန့်သွားခြင်းမရှိဘဲ ရွှေတောင်ကြီးများသည် ကောင်းကင်မှ ထပ်မံကျဆင်းလာသည်။ ယဲ့ချန်၏အနက်ရောင်ဆံပင်များက လေထဲတွင်လွင့်ပျံနေပြီး အစွမ်းကုန်ထုတ်သုံးကာ ကောင်းကင်အမျက်ကို ရင်ဆိုင်နေသည်။ နောက်ဆုံးတွင် ရွှေရောင်တောင်ကြီးနှစ်ခုကပူးပေါင်း၍ ကျဆင်းလာခဲ့သည်။ ဖိအားက များစွာမြင့်တက်လာသောကြောင့် ယဲ့ချန်က လေးနက်သွားခဲ့သည်။ ကောင်းကင်အမျက်ပြီးဆုံးခါနီးတွင် သူက လုံးဝအရှုံးမပေးနိုင်ချေ။
"ပျက်စီးစမ်း"
ယဲ့ချန်သည် ကောင်းကင်သိုင်းချီကို အသက်သွင်းလိုက်သောကြောင့် လက်သီးပေါ်တွင် အဖြူရောင်အလင်းများ တောက်ပနေသည်။ ထို့နောက် သူက ရွှေရောင်တောင်ကြီးနှစ်လုံးထံ ပျံတက်သွားပြီး လက်သီးဖြင့် အားကုန်ထိုးချလိုက်သည်။
"ဘုန်း"
နားကွဲမတတ်ကျယ်လောင်သော ပေါက်ကွဲသံအဆုံးတွင် ရွှေတောင်ကြီးများ ပြိုကွဲသွားကြသည်။ ယဲ့ချန်က တာအိုသဘောတရားများပါဝင်သော ရွှေရောင်အပိုင်းအစများကြားရောက်ရှိသွားပြီး ရုပ်ခန္ဓာရောဝိညာဥ်အသိစိတ်ပါ အလွန်သန်မာလာကြသည်။ နောက်ဆုံးတွင် သူက အကန့်အသတ်ကိုကျော်ဖြတ်၍ အဆုံးမဲ့အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ နတ်ဘုရင်ထိပ်ဆုံးအဆင့်၌ပင် ယဲ့ချန်သည် အဆုံးမဲ့အဆင့်ကျင့်ကြံသူများကို တိုက်ခိုက်နိုင်ခဲ့သည်။ ထို့ကြောင့် အဆုံးမဲ့အဆင့်တစ်သို့ရောက်သောအခါ သူသည် ကုန်းကျောက်ကဲ့သို့ အဆုံးမဲ့အဆင့်ခြောက်ကျင့်ကြံသူတစ်ယောက်ကို ကြောက်စရာမလိုတော့ပေ။ သူက အဝေးရှိကုန်းကျောက်ကို အေးစက်စက်စိုက်ကြည့်လိုက်သည်။ ထိုလူမှာ သူအဆင့်တက်ပြီးနောက် ပထမဆုံးရင်ဆိုင်ရမည့် ရန်သူဖြစ်သည်။
"ကောင်းကင်အမျက်တောင် သူ့ကို မသတ်နိုင်ဘူးလား"
ကုန်းကျောက်နှင့်ရန်သူများသည် ယဲ့ချန်ကို ကြောက်မက်ဖွယ်ကောင်းကင်အမျက်ကြောင့် အသတ်ခံရမည်ဟု မျှော်လင့်ထားကြသည်။ သို့သော် ယဲ့ချန်က ၎င်းကိုဖျက်ဆီး၍ အဆုံးမဲ့အဆင့်တစ်သို့တက်နိုင်ခဲ့သောအခါ အလွန်ထိတ်လန့်နေကြသည်။ ယဲ့ချန်၏အနာဂတ်အောင်မြင်မှုများက သူတို့စိတ်ကူးနိုင်သည့် အတိုင်းအတာထက် များစွာကျော်လွန်ပေလိမ့်မည်။ သူက မုန်တိုင်းမျိုးနွယ်အတွက် သေချာပေါက် ကပ်ဘေးတစ်ခုဖြစ်လာမည်။
"မုန်တိုင်းချပ်ဝတ်"
ကုန်းကျောက်က တိုက်ပွဲအတွက် ပြင်ဆင်လိုက်ပြီး သူ၏ကိုယ်ထက်တွင် ရေချီဖြင့်ဖွဲ့စည်းသော ချပ်ဝတ်တစ်ခုဖြစ်ပေါ်လာသည်။ သူ၏လက်ထဲတွင် ကြီးမားရှည်လျားသော အပြာရောင်ဓားတစ်လက်ကိုကိုင်ထားပြီး ကျောနောက်တွင် ဧရာမမုန်တိုင်းသားရဲတစ်ကောင် ဖြစ်တည်လာသည်။
ကောင်းကင်အမျက်ကိုဖျက်ဆီးပြီးနောက် ယဲ့ချန်၏ခွန်အားက အဆမတန်တိုးတက်လာသည်။ ဧကရာဇ်မင်၏ခါးပတ်က တောက်ပလာ၍ အင်မော်တယ်အမှောင်ဖီးနစ်နှင့် ကောင်းကင်ချီလင်ကြံ့ကြီး ထွက်ပေါ်လာသည်။ ၎င်းတို့က အရွယ်အစားချင်းမတိမ်မယိမ်းဖြစ်ကာ ဖီးနစ်ကြီးက အနက်ရောင်မီးများထုတ်ဖော်၍ ကြံ့ကြီးက ကောင်းကင်ကို ဟိန်းဟောက်နေသည်။ ဧရာမနတ်သားရဲကြီးနှစ်ကောင်သည် ကုန်းကျောက်ထံ ပြိုင်တူပြေးဝင်သွားကြသည်။
"အဆုံးမဲ့အဆင့် သားရဲနှစ်ကောင်"
ကုန်းကျောက်သည် ယဲ့ချန်က နတ်သားရဲများကိုဆင့်ခေါ်နိုင်မည်ဟု ထင်မထားသောကြောင့် ထိတ်လန့်သွားခဲ့သည်။ သို့သော်လည်း သားရဲနှစ်ကောင်က အဆုံးမဲ့အဆင့်တစ်ဖြစ်ကြောင်း ချက်ချင်းသိသွားခဲ့သည်။ ယဲ့ချန်အဆင့်တက်ပြီးနောက် ၎င်းတို့ကလည်း အဆင့်တူဖြစ်သည်အထိ တိုးတက်လာကြသည်။
"အဆုံးမဲ့အဆင့်တစ်ကျင့်ကြံသူလေးတွေကများ ငါ့ရှေ့မှာ မောက်မာရဲတယ်"
ကုန်းကျောက်က နှာခေါင်းရှုံ့လိုက်သည်။ မီတာခြောက်ဆယ်ကျော်မြင့်သော မုန်တိုင်းသားရဲကြီးသည် ဧရာမလက်သည်းကြီးများဖြင့် အင်မော်တယ်အမှောင်ဖီးနစ်နှင့် ကောင်းကင်ချီလင်ကြံ့ကို ရင်ဆိုင်လိုက်သည်။
"ဘုန်း"
မုန်တိုင်းသားရဲကြီး၏လက်သည်းများက သံမဏိဓားများကဲ့သို့ ကောင်းကင်ကိုဖြတ်သန်း ကျဆင်းလာလေသည်။