← Chapters

အစွမ်းထက်လက်သီးသိုင်း

Vol. 30 Ch. 416

အစွမ်းထက်လက်သီးသိုင်း

Vol. 30 Ch. 416

မုန်တိုင်းသားရဲကြီးက ယဲ့ချန်အပေါ် ဖိအားကြီးတစ်ရပ် ထုတ်လွှတ်လိုက်သည်။ ကောင်းကင်ချီလင်ကြံ့နှင့် အင်မော်တယ်အမှောင်ဖီးနစ်သည် ကြောက်စိတ်ကင်းမဲ့စွာဖြင့် ကောင်းကင်ကိုမော့၍ ဟိန်းဟောက်ကာ ၎င်းထံ ခုန်အုပ်လိုက်ကြသည်။

"ဘန်း"

နတ်သားရဲနှစ်ကောင်ကို မုန်တိုင်းသားရဲက လက်ဝါးဖြင့် တွန်းထုတ်လိုက်သောအခါ ၎င်းတို့၏အလင်းရောင်များပင် မှိန်ဖျော့သွားခဲ့သည်။ ထို့နောက် ၎င်းသည် ယဲ့ချန်၏ခေါင်းကို လက်သည်းကြီးများဖြင့် ကုတ်ချလိုသည်။ ဧရာမလက်ဝါးအရိပ်ကြီး ထွက်ပေါ်လာသောအခါ ပတ်ဝန်းကျင်က မည်းနက်သွားခဲ့သည်။ ၎င်းအရှိန်အဝါအောက်တွင် ပတ်ဝန်းကျင်လေထုက တင်းမာလာခဲ့သည်။ မုန်တိုင်းသားရဲ၏အရှိန်အဝါက အဆုံးအစမရှိသောပင်လယ်ကြီးတစ်ခုနှင့် တူညီပြီး ယဲ့ချန်ကို အချိန်တိုင်း လွင့်ထွက်သွားစေနိုင်နေသည်။ မုန်တိုင်းသားရဲကြီးသည် မောင်းနှင်သူ၏အမိန့်အတိုင်း ကြမ်းတမ်းစွာချီတက်လာသော စစ်ရထားကြီးတစ်လုံးနှင့်ပင် တူညီနေသည်။

"သေစမ်း"

ကုန်းကျောက်က ဟိန်းဟောက်လိုက်သည်။ သားရဲလက်ဝါးကြီး၏အရှိန်အဟုန်က ပေါင်တစ်သန်းအောက်မနိမ့်သောကြောင့် အဆင့်ရှစ်နတ်ဆိုးချပ်ဝတ်ပင် ခုခံနိုင်မည်မဟုတ်ချေ။ အကယ်၍ခုခံနိုင်ခဲ့လျှင်လည်း ထွက်ပေါ်လာသောတန်ပြန်အားက ယဲ့ချန်ကိုသတ်ရန် လုံလောက်နေသည်။

"ဒီကောင် သေကိုသေရမယ်"

ကုန်းကျောက်၏ရင်ထဲတွင် ကြောက်စိတ်များ ပြည့်နှက်နေသည်။ အကယ်၍ ယဲ့ချန်သာ ယနေ့အသက်ရှင်သွားလျှင် အနာဂတ်၌ မုန်တိုင်းမျိုးနွယ်အတွက် အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်းမစားရသော အခြေအနေမျိုး ဖြစ်လာပေလိမ့်မည်။

လက်ဝါးချက်ကြောင့် ယဲ့ချန်သည် တစ်ကိုယ်လုံးတင်းကျပ်သွားပြီး ဖိအားကြောင့် အမှုန့်ချေခံရမည့်ပမာ ခံစားလိုက်ရသည်။ သူကမော့ကြည့်လိုက်ပြီး လက်ဝါးချက်နှင့်ယှဥ်လျှင် အစက်အပြောက်ကလေးပမာ ထင်မှတ်ရ၏။ သူက အဆုံးမဲ့အဆက့်သို့တက်နိုင်ခဲ့သော်လည်း အဆုံးမဲ့အဆင့်ခြောက် ကျင့်ကြံသူတစ်ယောက်အောက် အားနည်းနေဆဲပင်ဖြစ်သည်။ သူက ဝိညာဥ်စစ်သည်တော်ကို ထုတ်ဖော်လိုက်လျှင်လည်း မုန်တိုင်းသားရဲကြီးကို ယှဥ်နိုင်မည်မဟုတ်ပေ။ တစ်ခုတည်းသောနည်းလမ်းမှာ ဝိညာဥ်နှင့်ခန္ဓာကိုယ်ကို ပေါင်းစပ်ရန်သာဖြစ်သည်။ သူ၏မျက်လုံးများနှင့် တောင်ပံများက တဖျတ်ဖျတ်လင်းလက် တောက်ပလာသည်။ ဝိညာဥ်အသိစိတ်နှင့် ရုပ်ခန္ဓာက ချက်ချင်းပေါင်းစပ်သွားပြီး ခွန်အားက အဆုံးအစမဲ့တိုးတက်လာခဲ့သည်။

မုန်တိုင်းသားရဲနှင့်ရင်ဆိုင်ရာတွင် ယဲ့ချန်က လုံးဝနောက်ဆုတ်ခြင်းမရှိပေ။ သူ၏အရိုးများက တဂျွတ်ဂျွတ်မြည်သံထွက်ပေါ်လာ၍ ရန်သူ၏ဖိအားအောက်မှ လွတ်မြောက်သွားခဲ့သည်။ သူကအော်ဟစ်ကြုံးဝါး၍ လက်သီးခွန်အား၏အထွတ်အထိပ်သို့ ရောက်နေသော လက်သီးချက်မျိုး ထုတ်ဖော်လိုက်သည်။ ဤလက်သီးချက်တွင် သိုင်းတာအို၏အစွမ်းထက်အင်အားများ ပါဝင်နေသည်။ သိုင်းတာအိုအပေါ် နားလည်မှုပိုမြင့်လေလေ အဆုံးမဲ့ကျင့်ကြံသူ၏ခွန်အားက ပို၍ကြမ်းတမ်းလေလေဖြစ်သည်။

"ကိုးကောင်းကင်ဖြိုခွဲလက်သီးသိုင်း"

ယဲ့ချန်က မုန်တိုင်းသားရဲ၏လက်ဝါးချက်ကို လက်သီးနှင့် ရင်ဆိုင်လိုက်သည်။

"ဘုန်း"

ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာကာ မုန်တိုင်းသားရဲ၏လက်ဝါးချက်က ထိုးဖောက်ဖြိုခွဲခံလိုက်ရသည်။

"မဖြစ်နိုင်ဘူး"

ကုန်းကျောက်က မယုံကြည်နိုင်ဟန်ဖြင့် ရေရွတ်လိုက်သည်။ ယဲ့ချန်က မုန်တိုင်းသားရဲကို အမှန်တကယ်ခုခံနိုင်ခဲ့ရုံသာမက လက်သီးတစ်ချက်တည်းဖြင့်ပင် ထိုးဖောက်နိုင်ခဲ့သည်။ ဤလက်သီးချက်က အလွန့်အလွန်အစွမ်းထက်ပေသည်။ ယဲ့ချန်၏ကျင့်ကြံဆင့်က အဆုံးမဲ့အဆင့်တစ် ကျင့်ကြံသူသာဖြစ်သည်။

"မုန်တိုင်းမျိုးနွယ်ရဲ့ လျှို့ဝှက်ကျင့်စဥ်က အားနည်းလှချည်လား"

ယဲ့ချန်က လှောင်ပြောင်လိုက်ပြီး မုန်တိုင်းသားရဲကြီးကို လက်သီးဖြင့်ဆင့်ကာဆင့်ကာ ထိုးချလိုက်သည်။ သူ၏လက်သီးပုံရိပ်များ ကောင်းကင်တစ်ခွင်ပြည့်နှက်သွားကာ နားကွဲလောက်သော ကျယ်လောင်သည့်အသံများ ထွက်ပေါ်လာသည်။ သူ၏လက်သီးတစ်ချက်စီက မုန်တိုင်းသားရဲ၏ကိုယ်ပေါ်တွင် အပေါက်ကြီးတစ်ခု ဖြစ်ပေါ်လာစေသည်။ ၎င်းက အဆက်မပြတ်ဟိန်းဟောက်၍ ယဲ့ချန်ကို လိုက်လံတိုက်ခိုက်နေသော်လည်း ဝတ်ရုံအနားစကိုပင် မထိနိုင်ခဲ့ပေ။ သူ၏လက်သီးချက်များက ၎င်းကို အပြင်းအထန်ဒဏ်ရာရစေပြီး တစ်ကိုယ်လုံး အပေါက်များပြည့်နှက်လာသော မုန်တိုင်းသားရဲသည် အချိန်မရွေး ပျက်စီးသွားမည့်ပုံ ဖြစ်ပေါ်နေသည်။

"မင်းကများ မုန်တိုင်းမျိုးနွယ်ကို အထင်သေးရဲတယ်။ မင်းကို အစိတ်စိတ်အမွှာမွှာ လုပ်ပစ်မယ်ကွ"

ကုန်းကျောက်သည် ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူက အဆုံးမဲ့အဆင့်သို့ရောက်ပြီးနောက် ဤမျှအခြေအနေဆိုးခြင်းကို ပထမဆုံးအကြိမ် ကြုံရခြင်းဖြစ်နိုင်သည်။ သူ၏ကောင်းကင်ချီများမှ ဖြစ်ပေါ်လာသော မုန်တိုင်းသားရဲကြီးက အဆုံးမဲ့အဆင့်တစ်ကျင့်ကြံသူကြောင့် ဖိနှိပ်ခံနေရသည်။ သူ၏ကိုယ်တွင်းမှ ရေချီများထွက်ပေါ်လာပြီး ၎င်းကို စွမ်းအားများ ထောက်ပံ့ပေးလိုက်သည်။

"မင်းက ငါ့ကို အနိုင်ယူနိုင်မှာလား"

ယဲ့ချန်၏မျက်လုံးများတွင် အေးစက်စက်အလင်းရောင်များ ထွက်ပေါ်လာသည်။ သူ၏ညာလက်သီးတွင် အဖြူရောင်အလင်းများ တောက်ပလာ၍ စွမ်းအင်အားလုံးက ဝဲတစ်ခုသဖွယ် စုစည်းလာကြသည်။ အဖြူရောင်လိပ်တစ်ကောင်၏ပုံရိပ်သည် ယဲ့ချန်၏လက်သီးတွင် ထွက်ပေါ်လာ၏။ သူက ထိုလက်သီးချက်ဖြင့် မုန်တိုင်းသားရဲ၏ခေါင်းကို ထိုးချလိုက်သည်။

"ဘန်း"

ယဲ့ချန်၏လက်သီးချက်သည် လောကတစ်ခွင်ဖုံးလွှမ်းသွားကာ ပစ်မှတ်ကို ထိမှန်သွားခဲ့သည်။ လက်သီးချက်ကြောင့် ၎င်းကယိုင်ထွက်သွား၍ အက်ကြောင်းများ တစ်ကိုယ်လုံးအနှံ့ လျင်မြန်စွာဖြစ်ပေါ်လာ၏။ ထို့နောက် မြေပြင်သို့ဇောက်ထိုးပြုတ်ကျသွားကာ ဖန်သားပမာ ကွဲကြေသွားခဲ့သည်။

ကုန်းကျောက်၏မုန်တိုင်းသားရဲသည် ယဲ့ချန်၏လက်သီးကြောင့် ပျက်စီးသွားသည်။ ထိုအချိန်တွင် လူတိုင်း ထိတ်လန့်နေကြသည်။ မုန်တိုင်းသားရဲ၏အစွမ်းကို မျက်မြင်တွေ့ထားသူတိုင်းက ၎င်းကို ယဲ့ချန်သည် လက်သီးသက်သက်ဖြင့် ဖျက်ဆီးလိုက်သည်ကို မြင်သောအခါ အံ့သြဘနန်းဖြစ်နေခဲ့ကြသည်။

"အစ်ကိုကြီးက အစွမ်းထက်လိုက်တာ"

ရှောင်ရိက အော်ဟစ်အားပေးလိုက်သည်။ သူကလည်း ကောင်းကင်အမျက်မှဖြစ်ပေါ်လာသော ရွှေရောင်အပိုင်းအစများကို စုပ်ယူခဲ့သောကြောင့် နတ်ဘုရင်ထိပ်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်သည်။ သူက အနည်းငယ်သာ ထပ်မံရရှိမည်ဆိုလျှင် အဆုံးမဲ့အဆင့်သို့ပင် တက်ရောက်နိုင်ပေလိမ့်မည်။ သူက မုန်တိုင်းသားရဲကို ယဲ့ချန်မှ လက်ဗလာသက်သက်ဖြင့် ဖြိုခွဲလိုက်သည်ကိုမြင်သောအခါ တိုက်ခိုက်လိုစိတ်များ ဆူပွက်လာသည်။ အဆုံးမဲ့ရေခဲငရဲသိုင်းကွက်က ရှောင်ရိနှင့်တိုက်ခိုက်နေသော မီးဘုရင်ထံ ပြင်းထန်စွာ ကျရောက်သွားလေသည်။

ကြယ်ခန်းမတပည့်များသည်လည်း စိတ်အားတက်ကြွလာပြီး မုန်တိုင်းမျိုးနွယ်နှင့် ဝံပုလွေတိုင်းပြည်၏ရန်သူများကို အားကြိုးမာန်တက် တိုက်ခိုက်လိုက်ကြသည်။ ထုံတန်ပင်လျှင် အဆုံးမဲ့အဆင့်တစ် ယဲ့ချန်၏ခွန်အားကြောင့် အလွန်အံ့အားသင့်နေသည်။ သူကိုယ်တိုင်က အဆင့်ကျော်တိုက်ခိုက်နိုင်သော်လည်း အဆုံးမဲ့အဆင့်ခြောက် ရန်သူတစ်ယောက်ကို ယှဥ်နိုင်ခြင်းမရှိပေ။ ထို့ကြောင့် ယဲ့ချန်၏ပါရမီက သူ့ထက် အဆများစွာသာကြောင်း သိလိုက်ရသည်။

ယဲ့ချန်သည် မုန်တိုင်းသားရဲကိုဖျက်ဆီးပြီးနောက် မရပ်တန့်ခဲ့ပေ။ သူ၏လက်သီးက ကြယ်ပျံတစ်လုံးကဲ့သို့ ကုန်းကျောက်ထံ ပြိုင်ဘက်ကင်းအရှိန်အဟုန်ဖြင့် ဝင်ရောက်သွားခဲ့သည်။

"သေစမ်း"

ယဲ့ချန်၏အရှိန်က ဆက်တိုက်မြင့်တက်လာနေပြီး လက်သီးချက်ကြောင့် လေထုပင် မီးဟုန်းဟုန်းတောက်လာသည်။ အဆုံးမဲ့အဆင့်သို့တက်ရောက်ရန် ကောင်းကင်ကပ်ဘေး၏အစွမ်းကို စုပ်ယူပြီးနောက် ယဲ့ချန်သည် တဟုန်ထိုးလျှပ်စီးကျင့်စဥ်အပေါ် နားလည်မှုများ တိုးတက်လာသည်။ ထို့ကြောင့် သူ၏အလျင်က ယခင်ကထက် ငါးဆခန့်ပိုမိုမြင့်တက်လာသည်။ ထိုအရှိန်၏အားဖြည့်ပေးမှုကြောင့် လက်သီးချက်က ပိုမိုအစွမ်းထက်လာသည်။ ကုန်းကျောက်ပင်လျှင် လက်သီး၏အရှိန်အဝါကြောင့် ပေါ့ပေါ့တန်တန် သဘောမထားရဲချေ။

"မုန်တိုင်းဓားအစီအရင်"

ကုန်းကျောက်သည် သူ၏ပတ်ဝန်းကျင်တွင် အပြာရောင်ဓားရှည်များကို ရေချီဖြင့် ဖန်တီးလိုက်သည်။ အားလုံးက အေးစက်စက်အပြာရောင်တောက်ပနေ၍ ဧရာမဓားအစီအရင်ကြီးတစ်ခု ဖြစ်တည်လာသည်။ ဓားအစီအရင် ထွက်ပေါ်လာသည်နှင့်တပြိုင်နက် ပတ်ဝန်းကျင်တွင် ဓားများ ပြည့်နှက်သွားခဲ့သည်။ ထောင်ချီသောဓားများက မီတာရာချီရှည်သော မြစ်ကြီးတစ်စင်းပမာ ယဲ့ချန်ထံ ဝင်ရောက်လာခဲ့သည်။ ၎င်းက လေထဲတွင် နဂါးကြီးတစ်ကောင်ပမာလှုပ်ရှားနေပြီး လေတိုးသံတရွှီရွှီပင် ထွက်ပေါ်နေသည်။

"ပျက်စီးစမ်း"

ယဲ့ချန်ကလည်း မုန်တိုင်းဓားအစီအရင်ကို ရှောင်တိမ်းခြင်းမပြုဘဲ ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် ရှေ့တက်လာသည်။ သူ၏လက်သီးချက်တွင် ဓားများက တစ်ချောင်းပြီးတစ်ချောင်း ပျက်စီးသွားကာ ဓားသွားများက တစ်လက်မချင်း ပဲ့ကြွေသွားကြသည်။ ထို့နောက် ကုန်းကျောက်ဖန်တီးထားသော ဓားထောင်ချီလုံး ယဲ့ချန်ကြောင့် ပျက်စီးသွားကြသည်။ ဓားအစီအရင်ကိုဖျက်ဆီးပြီးနောက် သူ၏လက်သီးချက်က အားနည်းသွားရမည့်အစား ပိုမိုသန်မာလာခဲ့သည်။

မုန်တိုင်းဓားအစီအရင်က လက်သီးတစ်ချက်တည်းဖြင့် ပျက်စီးသွားမည်ဟု ကုန်းကျောက်က မျှော်လင့်မထားခဲ့ပေ။ ယဲ့ချန်က အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ရုပ်ခန္ဓာက အစွမ်းထက်မှော်သားရဲများထက် ပို၍ကြံ့ခိုင်နေသည်။ ယဲ့ချန်၏လက်သီးချက် ဝင်ရောက်လာသည်ကို မြင်သောအခါ ပုန်းစရာနေရာမရှိကြောင်း သူက သဘောပေါက်သွားခဲ့သည်။ ယဲ့ချန်က အလွန်မြန်သောကြောင့် ကျောပေးကာ ထွက်ပြေးလိုက်လျှင် အခြေအနေ ပိုဆိုးသွားနိုင်သည်။

"မုန်တိုင်းဒိုင်းကာ"

ကုန်းကျောက်၏ကိုယ်တွင်းမှ ရေချီများတိုးထွက်လာပြီး ဒိုင်းကာကြီးဆယ်ခုကျော်က သူနှင့်ယဲ့ချန်ကြားတွင် ဖြစ်တည်လာသည်။

"မုန်တိုင်းဒိုင်းကာကိုရော မုန်တိုင်းချပ်ဝတ်ကိုရော မင်း ထိုးဖောက်နိုင်မယ်လို့ မယုံဘူး"

ကုန်းကျောက်က လက်ထဲရှိဓားဖြင့် ယဲ့ချန်ကိုချိန်ရွယ်ကာ ကြုံးဝါးလိုက်သည်။ သူက ယဲ့ချန်နှင့်သေသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်ထားသည်။

"ဘန်း ဘန်း ဘန်း"

သို့သော် ယဲ့ချန်၏လက်သီးနှင့် ထိမှန်သွားချိန်တွင် မှန်းချက်နှင့်နှမ်းထွက်မကိုက်ခဲ့ပေ။ ဝိညာဥ်နှင့်ခန္ဓာပေါင်းစပ်ထားသော ယဲ့ချန်သည် မုန်တိုင်းဒိုင်းဆယ်ခုကျော်ကို ဆက်တိုက်ထိုးဖောက်နိုင်ခဲ့ပြီးနောက် ကုန်းကျောက်၏ကိုယ်ကို ထိမှန်သွားခဲ့သည်။ ကုန်းကျောက်မှာ ကြောက်စိတ်ကြောင့် ဖြူရော်သွားသည်။ မုန်တိုင်းမျိုးနွယ်၏လျှို့ဝှက်ကျင့်စဥ်များပင် ယဲ့ချန်၏လက်သီးကို မခုခံနိုင်ခဲ့ပေ။ ယဲ့ချန်က အလွန်ကြောက်စရာကောင်းလှပေသည်။ သူ၏လက်သီးတွင် အစွမ်းထက်သိုင်းတာအိုကြောင့် ခွန်အားက အထွတ်အထိပ်သို့ ရောက်ရှိနေခဲ့သည်။ တဟုန်ထိုးလျှပ်စီးကျင့်စဥ်ကလည်း အလွန်မြန်သောကြောင့် ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။

"ဘုန်း"

မုန်တိုင်းချပ်ဝတ်က ယဲ့ချန်၏လက်သီးကြောင့် အက်ကြောင်းများထင်၍ အပိုင်းပိုင်းအစစဖြစ်သွားခဲ့သည်။ ကုန်းကျောက်မှာလည်း သွေးပွက်ပွက်အန်ချ၍ ကြောက်လန့်တကြား နောက်ဆုတ်သွားရသည်။ သူက အဆုံးမဲ့အဆင့်ခြောက် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း အဆုံးမဲ့အဆင့်တစ်ယဲ့ချန်ကြောင့် ဒဏ်ရာရသွားခဲ့သည်။ ယဲ့ချန်၏ပါရမီက ထန်တိုက်လင်အောက် မနိမ့်ကျပေ။ ထန်တိုက်လင်သည်လည်း အဆုံးမဲ့အဆင့်တစ်တွင် အဆုံးမဲ့အဆင့်ငါးနှင့်ခြောက်ကို ယှဥ်တိုက်နိုင်ပြီး အဆင့်တစ်ဆယ်သို့ရောက်သောအခါ ထူးကဲအဆင့်ကျင့်ကြံသူတစ်ယောက်ပင် သူမကို ပေါ့ပေါ့တန်တန် သဘောမထားရဲချေ။

ကုန်းကျောက်သည် ထိတ်လန့်နေပြီး တစ်ကိုယ်လုံး သွေးနှင့်ချီများ ဗြောင်းဆန်နေသည်။ အကယ်၍ ဆက်လက်တိုက်ခိုက်နေလျှင် သူက ယဲ့ချန်ကို အနိုင်ရမည်မဟုတ်သည့်အပြင် အသတ်ခံရနိုင်သည်။ ထိုအချိန်တွင် ထုံတန်နှင့်တိုက်ခိုက်နေသော ကုန်းမြောင်၏ရင်ထဲတွင် စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။ ထုံတန်က ဒဏ်ရာများရရှိနေသော်လည်း သူမက သူ့ကို အချိန်တိုအတွင်း သတ်ဖြတ်နိုင်ရန် အလွန်ခက်ခဲလေသည်။

မုန်တိုင်းမျိုးနွယ်နှင့် ဝံပုလွေတိုင်းပြည်၏ ကျင့်ကြံသူများသည်လည်း ကြယ်ခန်းမနှင့်ခြင်္သေ့နန်းတော်ကြောင့် ဆက်တိုက်နောက်ဆုတ်နေရသည်။ တစ်ဆယ်တိုက်ပွဲအစီအရင်တစ်ခု ပျက်စီးသွားသော်လည်း ခုနစ်ခုကျန်ရစ်သည်။ ထို့အပြင် နန်ရှင်း၊ ရှောင်ရိ၊ နေလင်းယုန်နှင့် နတ်ဘုရင်စဦးအဆင့် သားရဲလေးကောင်က ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ ခြင်္သေ့နန်းတော်ဘက်တွင်လည်း ထုံတန်အပြင် နတ်ဘုရင်ထိပ်ဆုံးအဆင့်နှစ်ယောက်နှင့် နတ်ဘုရင်အဆင့်တက်ရောက်ကာစ ကျိလေ့ကဲ့သို့ကျင့်ကြံသူများ ပါဝင်နေသည်။ ဝံပုလွေတိုင်းပြည်ဘက်တွင် ဟေးရီသေပြီးနောက် သွေးဘုရင်နှင့်မီးဘုရင်သာ နတ်ဘုရင်အဆင့်များအဖြစ် ကျန်ရစ်ခဲ့သည်။ မုန်တိုင်းမျိုးနွယ်၏ နတ်အဆင့်ကျင့်ကြံသူ ရှစ်ယောက်ကလည်း ခါးသီးစွာ တိုက်ခိုက်နေရသည်။ အကယ်၍ တိုက်ပွဲသာ ဆက်လက်ဖြစ်ပွားနေလျှင် မုန်တိုင်းမျိုးနွယ်၏ကျင့်ကြံသူများ အသတ်ခံရနိုင်ချေပင်ရှိသည်။

ကုန်းကျောက်သည် သူနှင့်ကုန်းမြောင်ကဲ့သို့ အဆုံးမဲ့အဆင့်ငါးနှင့်ခြောက်ကျင့်ကြံသူများက ယဲ့ချန်ကိုသတ်ရန် ရှုံးနိမ့်ရမည်ဟု အိပ်မက်ပင်မမက်ဖူးချေ။ သူက ယဲ့ချန်ကိုမရှုံးနိုင်သော်လည်း အချိန်တိုအတွင်း သတ်ဖြတ်နိုင်မည်မဟုတ်ပေ။ သူ၏နောက်လိုက် နတ်အဆင့်ကျင့်ကြံသူများသည် ထပ်မံတောင့်ခံနိုင်ခြင်းမရှိတော့ပေ။ ဆက်လက်တိုက်ခိုက်ပြီး ဆုံးရှုံးမှုများဖြစ်ပွားလျှင် အကျိုးမရှိပေ။ ထို့ကြောင့် မုန်တိုင်းမျိုးနွယ်၏ဌာနချုပ်သို့ ပြန်ဆုတ်ကာ စစ်ကူများတောင်းခံပြီး ခေါင်းဆောင်၏ဆုံးဖြတ်ချက်ကို တောင်းယူရန် သူက ဆုံးဖြတ်လိုက်လေသည်။

All Chapters