← Chapters

ဝံပုလွေတိုင်းပြည် ပျက်သုဥ်းခြင်း

Vol. 30 Ch. 417

ဝံပုလွေတိုင်းပြည် ပျက်သုဥ်းခြင်း

Vol. 30 Ch. 417

"ကုန်းမြောင် ပြေးကြစို့"

ကုန်းကျောက်သည် ယဲ့ချန်က သူ့ထံ ပြေးဝင်လာသောအခါ အလန့်တကြားအော်ဟစ်လိုက်သည်။ သူက ရေချီများဖြင့် မုန်တိုင်းသားရဲကြီးကို နောက်တစ်ဖန် ထပ်မံဖန်တီး၍ ယဲ့ချန်ကို တားမြစ်စေသည်။ ထို့နောက် သူက ကုန်းမြောင်နှင့်ပူးပေါင်း၍ ထွက်မပြေးခင် ထုံတန်ကိုသတ်ဖြတ်ရန် ပြေးထွက်သွားခဲ့သည်။

"မင်းတို့က ထွက်ပြေးချင်တာလား ဒီလောက်မလွယ်ဘူးကွ"

ယဲ့ချန်သည် တဟုန်ထိုးလျှပ်စီးကျင့်စဥ်ဖြင့် မုန်တိုင်းသားရဲကို ကွေ့ပတ်ရှောင်တိမ်း၍ ကုန်းကျောက်ထံ ခုန်အုပ်လိုက်သည်။ ထုံတန်သည် သူ့အပေါ်ကျဆင်းလာသော ကုန်းကျောက်၏အရှိန်အဝါကြောင့် ဖိအားများ ခံစားလိုက်ရသည်။ အဆုံးမဲ့အဆင့်ခြောက် ကျင့်ကြံသူတစ်ယောက်ကို သူက ယှဥ်နိုင်စွမ်းမရှိပေ။

"နတ်မီးတောက်အကာအကွယ်"

ထုံတန်သည် ခြင်္သေ့ကြီးသင်ကြားပေးထားသော လျှို့ဝှက်ကာကွယ်ရေးကျင့်စဥ်တစ်ခုကို ထုတ်ဖော်လိုက်သည်။ အနီရောင်မီးတောက်များက သူ့ကိုဗဟိုပြု၍ ထွက်ပေါ်လာသည်။

"ဘုန်း"

ကုန်းကျောက်၏ရေချီများ ကျဆင်းလာသောအခါ ထုံတန်ပတ်လည်ရှိ မီးတောက်များ ပြန့်ကြဲသွားခဲ့သည်။ ထို့နောက် သူက အဝေးသို့ လွင့်ပျံသွားခဲ့သည်။ ကုန်းကျောက်က ထုံတန်ကို ဒဏ်ရာရစေရန် တိုက်ခိုက်လိုက်စဥ် ယဲ့ချန်က သိမ်းငှက်တစ်ကောင်ကဲ့သို့ ထိုးသုတ်လိုက်သည်။ သူ၏လက်သီးတစ်ချက်တွင် ကုန်းကျောက်မှာ လက်တစ်ဖက်သွင်သွင်ကျိုးသွား၍ သွေးများ ပြန့်ထွက်သွားသည်။

"ဒီရန်ကြွေးကို အနာဂတ်မှာ နှစ်ဆပြန်ဆပ်မယ်"

ကုန်းကျောက်က ဒေါသတကြီးကြုံးဝါး၍ အလင်းတန်းတစ်ခုအဖြစ် ထွက်ပြေးသွားခဲ့သည်။ ယဲ့ချန်၏လက်သီးတစ်ချက်ကပင် သူ့ကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သောအခါ ဆက်လက်တိုက်ခိုက်နေလျှင် နေရာ၌ ပွဲချင်းပြီးသေဆုံးသွားနိုင်သည်။ မူလတွင် သူက လက်အောက်ငယ်သားများကို ကယ်ဆယ်ချင်သော်လည်း သူ၏အသက်နှင့်ယှဥ်သောအခါ လုံးဝဂရုမစိုက်ခဲ့ပေ။ ကုန်းမြောင်သည်လည်း ကုန်းကျောက်၏လုပ်ရပ်ကြောင့် စိတ်လေးသွားခဲ့သည်။ တစ်ဖက်လူက ကုန်းကျောက်၏လက်ကို အလွယ်တကူချိုးနိုင်မည်ဟု ထင်မထားခဲ့ပေ။ ကုန်းကျောက် ထွက်ပြေးသွားသောအခါ သူမသည်လည်း လျင်မြန်စွာ လိုက်ပါသွားခဲ့၏။ အဆုံးမဲ့အဆင့် အကြီးအကဲနှစ်ယောက်က အသက်ဘေးနှင့် ရင်ဆိုင်ရသောအခါ ခွေးပြေးဝက်ပြေး ထွက်ပြေးသွားကြသည်။

မုန်တိုင်းမျိုးနွယ်၏ နတ်အဆင့်ကျင့်ကြံသူများသည် ခေါင်းဆောင်နှစ်ယောက် ထွက်ပြေးသွားသည်ကို မြင်သောအခါ တိုက်ခိုက်လိုစိတ်များ ချက်ချင်းပျောက်ကွယ်သွားကြ၏။ သူတို့ကလည်း ထွက်ပြေးရန် ပြင်ဆင်လိုက်ကြသည်။ ကုန်းကျောက်နှင့်ကုန်းမြောင်က ခြေကုန်သုတ်ထွက်ပြေးသွားသောကြောင့် အလွန်လျင်မြန်သောအခါ ယဲ့ချန်ပင် လိုက်မမီနိုင်ခဲ့ချေ။ နတ်အဆင့်ကျင့်ကြံသူများ လွတ်မြောက်သွားလျှင် ကြယ်ခန်းမ၏အနာဂတ်အတွက် ကပ်ဘေးများဖြစ်လာနိုင်သောကြောင့် သူက အလွတ်မပေးနိုင်ပေ။ ယဲ့ချန်၏လက်သီးတစ်ချက်တွင် နတ်ဝိဇ္ဇာတစ်ယောက်က ဘုန်းခနဲ ပေါက်ကွဲသွားခဲ့သည်။ နေရာအနှံ့ သွေးများပြန့်ကြဲသွား၍ ထိုလူက အော်သံတစ်ချက်ပင်မထွက်နိုင်ဘဲ ဤလောကကြီးပေါ်မှ ပျောက်ကွယ်သွားလေသည်။ ကျန်နတ်အဆင့်ကျင့်ကြံသူများက လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး သွေးဆုတ်နေကြသည်။ ယဲ့ချန်က အစွမ်းထက်လွန်းသောကြောင့် သူတို့အဖော်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ပြလိုက်သောအခါ ထွက်ပြေးရန်မှလွဲ၍ ရွေးစရာမရှိချေ။ သူတို့အားလုံးက လူခွဲ၍ ထွက်ပြေးလိုက်ကြသော်လည်း ကြယ်ခန်းမနှင့် ခြင်္သေ့နန်းတော်၏ကျင့်ကြံသူများက ရှေ့တွင် လမ်းပိတ်ထားကြ၏။

ယဲ့ချန်သည် ဝိညာဥ်စစ်သည်တော်ကို ထုတ်ဖော်လိုက်သည်။ အဆုံးမဲ့အဆင့်သို့တက်ပြီးနောက် ၎င်းက မီတာသုံးဆယ်ကျော်အထိ အရပ်မြင့်လာခဲ့သည်။ ၎င်း၏တစ်ကိုယ်လုံး ခရမ်းရောင်မီးများတောက်လောင်နေ၍ ရှေးဟောင်းလူသန်မျိုးနွယ်နှင့် အရွယ်အစား တူညီနေသည်။

"နဂါးငွေ့တန်းလက်ဝါးသိုင်း"

ကြယ်အလင်းများနှင့် ခရမ်းရောင်အလင်းတန်းများ ရောယှက်ပြီး ရန်သူများထံ လက်ဝါးချက်တစ်ခု ကျဆင်းလာသည်။ သူတို့ကို ခရမ်းရောင်မီးတောက်များ လွှမ်းခြုံသွားကာ တဘုန်းဘုန်းမြည်သံများ ဆက်တိုက်ထွက်ပေါ်လာ၍ သွေးကြောများက မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲကုန်သည်။ နေရာအနှံ့ သွေးများပန်းထွက်လာ၍ ကောင်းကင်မှ ရန်သူနတ်အဆင့်ကျင့်ကြံသူများ မြေပြင်သို့ ပြုတ်ကျသွားကြသည်။ ဝိညာဥ်စစ်သည်တော်သည် မုန်တိုင်းမျိုးနွယ်၏ နတ်ဝိဇ္ဇာခုနစ်ယောက်ကို တရစပ်သတ်ဖြတ်လိုက်ပြီး ကြယ်ခန်းမ၏အစီအရင်များက နတ်ဘုရင်တစ်ယောက်ကို စုပေါင်းသတ်ဖြတ်လိုက်သည်။

သွေးဘုရင်နှင့်မီးဘုရင်သည် အဆုံးမဲ့အဆင့် ကျင့်ကြံသူနှစ်ယောက်က ရုတ်တရက်ထွက်ပြေးသွားမည်ဟု မျှော်လင့်မထားကြပေ။ မုန်တိုင်းမျိုးနွယ်၏စစ်ကူများက မျက်တောင်တစ်ခတ်အတွင်း သတ်ဖြတ်ခံလိုက်ရပြီး နတ်အဆင့်ကျင့်ကြံသူမှာ သူတို့နှစ်ယောက်တည်း ကျန်ရစ်ခဲ့သောအခါ တိုက်ပွဲအခြေအနေက ပြောင်းပြန်လန်သွားခဲ့သည်။ သွေးဘုရင်မှာ ဒေါသနှင့်ကြောက်စိတ်ကို တစ်ချိန်တည်း ခံစားနေရသည်။ သူ၏ခွန်အားဖြင့် ကြယ်ခန်းမနှင့်ခြင်္သေ့နန်းတော်ကို ရင်ဆိုင်တွန်းလှန်ရန် မဖြစ်နိုင်ချေ။

"ညီနှစ် ပြေးကြစို့"

သွေးဘုရင်က မီးဘုရင်ကို အော်ဟစ်သတိပေးလိုက်သည်။ သို့သော်လည်း ဒဏ်ရာအပြင်းအထန် ရရှိထားသော မီးဘုရင်က ထွက်ပြေးနိုင်စွမ်း လုံးဝမရှိချေ။ သူ၏ပတ်လည်တွင် ကြယ်ခန်းမ၏တိုက်ပွဲအစီအရင်ငါးခု၊ နန်ရှင်းတစ်၊ နေလင်းယုန်နှင့် ရှောင်ရိတို့က ဘက်ပေါင်းစုံမှ ပိတ်ဆို့ထားကြသည်။

"ငါ ဒီနေရာမှာ သေရတော့မှာလား"

သွေးဘုရင်က မကျေမနပ်ကြုံးဝါးလိုက်၏။ သူ၏လက်ထဲရှိ မိစ္ဆာဝံပုလွေဆေဘာနှင့် ကျင့်ကြံသူများထံ ခုတ်ပိုင်းလိုက်သည်။ ဆေဘာအလင်းက အနီရောင်ဧရာမဝံပုလွေကြီးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားခဲ့သည်။ မုန်တိုင်းမျိုးနွယ်၏ ကျင့်ကြံသူများကို သတ်ဖြတ်ပြီးနောက် ယဲ့ချန်သည် စစ်ပွဲတွင် သူဂရုစိုက်ရမည်မှာ မီးဘုရင်နှင့်သွေးဘုရင်သာ ကျန်ရစ်ကြောင်း သတိထားမိလိုက်သည်။ ထိုနှစ်ယောက်ကို လွတ်မြောက်ခွင့်ပေးလိုက်လျှင် အဆုံးမရှိသောဒုက္ခများ ပေးနိုင်စွမ်းရှိသည်။ သူ၏အတွေးတစ်ချက်တွင် ကောင်းကင်တုန်ခါဆေးအိုးက မီးဘုရင်ထံ တဝှီဝှီလည်ပတ်၍ ဝင်ရောက်သွားခဲ့သည်။ မီးဘုရင်သည် နတ်ဆင်နှင့်သင်းခွေချပ်ကြီးကို တစ်ကိုယ်တော်ရင်ဆိုင်နေရပြီး တစ်ကိုယ်လုံး ဒဏ်ရာများပြည့်နှက်နေသည်။ ဘေးဘက်မှ ဆေးအိုးကြီး ဝင်ရောက်လာသောအခါ သူက ရှောင်တိမ်းရန် အချိန်မမီတော့ပေ။

"ဘုန်း"

ဆေးအိုးကြီးက မီးဘုရင်၏ခန္ဓာကိုယ်ကို မိမိရရဝင်ဆောင့်လိုက်သည်။ မီးဘုရင်က ဒဏ်ရာပြင်းထန်လွန်းသဖြင့် သေလုမျောပါးဖြစ်သွားခဲ့သည်။ ဆေးအိုးအဝတွင် ပြင်းထန်သောစုပ်ဝဲတစ်ခု ဖြစ်ပေါ်လာ၍ သူက အသံတစ်ချက်သာပြုနိုင်ပြီး စုပ်ယူခံလိုက်ရသည်။ ဆေးအိုးအတွင်း၌ ဝိညာဥ်မီးများတောက်လောင်လာ၍ သူက အဆက်မပြတ် ရုန်းကန်လိုက်သော်လည်း မလွတ်မြောက်နိုင်တော့ပေ။

စစ်မြေပြင်တွင် တစ်ယောက်တည်းကျန်ရစ်သော နတ်ဘုရင်အဆင့် သွေးဘုရင်ထံ ယဲ့ချန်က အကြည့်ရောက်သွားခဲ့သည်။ သွေးဘုရင်သည် သူ၏ညီဖြစ်သူကို ကောင်းကင်တုန်ခါဆေးအိုးက အလွယ်တကူစုပ်ယူသွားသောအခါ ထိတ်လန့်တုန်လှုပ်လာသည်။ သူက အသက်ရှင်လိုစိတ်ပြင်းပြစွာနှင့် ဆေဘာကို အားကုန်ပိုင်းလိုက်သည်။ သူ့ကိုတိုက်ခိုက်နေသော ရှောင်ရိနှင့်နေလင်းယုန်မှာ ဒဏ်ရာကိုယ်စီရ၍ လွင့်ထွက်သွားကြသည်။

"သေစမ်း"

ယဲ့ချန်က သွေးဘုရင်ကို ကောင်းကင်တုန်ခါဆေးအိုးနှင့် ပစ်ခတ်လိုက်သည်။ သွေးဘုရင်က ဒေါသတကြီးဖြင့် ဝိညာဥ်ကို ဝံပုလွေအသွင်ပြောင်းကာ ယဲ့ချန်ကို တိုက်ခိုက်လိုက်သည်။ ထိုဝိညာဥ်ထံမှ သွေးနံ့က ယဲ့ချန်၏နှာခေါင်းဝသို့ပင် လာရောက်ရိုက်ခတ်နေသည်။ လက်ရှိတွင် သွေးဘုရင်ထုတ်ဖော်ထားသော ခွန်အားက အဆုံးမဲ့အဆင့်နှစ်အောက် မနိမ့်ကျပေ။ သို့သော် ယဲ့ချန်ကလည်း ရုပ်ခန္ဓာနှင့်ဝိညာဥ်ကို ပေါင်းစပ်ထားသောကြောင့် ခွန်အားက ကြောက်မက်ဖွယ်အဆင့်တစ်ခုသို့ ရောက်နေခဲ့သည်။

"ဝုန်း"

ယဲ့ချန်၏လက်သီးချက်တွင် မိုးချုန်းသံတစ်ခု ထွက်ပေါ်လာသည်။ မီတာနှစ်ဆယ်ကျော်မြင့်သော အနီရောင်ဝိညာဥ်ကြီးက ထိုးဖောက်ခံလိုက်ရသဖြင့် ချက်ချင်းပျက်ပြယ်သွားခဲ့သည်။ သွေးဘုရင်၏ဝိညာဥ်က ယဲ့ချန်၏လက်သီးတစ်ချက်ကိုပင် မယှဥ်နိုင်ခဲ့ချေ။ ထိုအချိန်တွင် ကောင်းကင်တုန်ခါဆေးအိုးသည် အရှိန်ပြင်းစွာနှင့် သွေးဘုရင်ကို ထိမှန်သွားပြီဖြစ်သည်။ သွေးဘုရင်၏ခန္ဓာကိုယ်မှ သွေးများပန်းထွက်လာ၍ အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။ လက်ထဲတွင် တင်းကျပ်စွာဆုပ်ကိုင်ထားသော ဆေဘာပင်လျှင် လွတ်ကျသွားခဲ့သည်။

"ကောင်းကင်တုန်ခါဆေးအိုး စုပ်ယူစမ်း"

ယဲ့ချန်သည် သွေးဘုရင်ကိုလည်း ဆေးအိုးအတွင်း စုပ်ယူလိုက်သည်။ ထိုအချိန်တွင် လိပ်ပြာလက်နက်က ထွက်ပြေးချင်ခဲ့ပြီး ခဏအတွင်း မီတာဒါဇင်အဝေးသို့ ရောက်သွားခဲ့၏။

"ယဲ့ချန် ဒီဆေဘာကို မလွတ်သွားစေနဲ့"

ခြင်္သေ့ကြီး၏သတိပေးသံ ချက်ချင်းထွက်ပေါ်လာသည်။

"ဟုတ်ကဲ့"

ယဲ့ချန်သည် ဆေဘာ၏ရှေ့တွင် ဝိညာဥ်စစ်သည်တော်ကို ထုတ်ဖော်လိုက်သည်။ ၎င်းက ဧရာမလက်ဝါးကြီးဖြင့် ဆေဘာလက်ကိုင်ကို ဖမ်းချုပ်လိုက်သည်။ ဆေဘာမှာ တစ်လက်မပင်မလှုပ်နိုင်တော့ဘဲ ဒေါသတကြီးဟိန်းဟောက်၍ ရုန်းကန်နေသော်လည်း မလွတ်မြောက်နိုင်တော့ပေ။ ဝိညာဥ်ပုလဲနှင့် မိစ္ဆာဝံပုလွေဆေဘာကဲ့သို့ လိပ်ပြာလက်နက်များသည် ထိန်းချုပ်သူမရှိလျှင် တိုက်ခိုက်နိုင်စွမ်းလုံးဝမရှိပေ။ သွေးဘုရင်မရှိသောအခါ ၎င်းက ဝိညာဥ်စစ်သည်တော်၏ဖမ်းခြင်းကို အလွယ်တကူခံလိုက်ရသည်။ ၎င်းက အစွမ်းထက်သော်လည်း ထုတ်ဖော်နိုင်သည့်စွမ်းအားသည် အသုံးပြုသူ၏ကျင့်ကြံဆင့်နှင့် သက်ဆိုင်နေသည်။ သွေးဘုရင်ပင်လျှင် ဝံပုလွေဆေဘာ၏အစွမ်းကို တစ်စိတ်တပိုင်းသာ ထုတ်ဖော်နိုင်ခဲ့သည်။ ဆေဘာမှာ ဝိညာဥ်စစ်သည်တော်၏လက်အတွင်း ဟိန်းဟောက်နေသော်လည်း ကံကြမ္မာကို ပြောင်းလဲနိုင်စွမ်းမရှိချေ။

"ဒီဆေဘာကို ဘယ်လိုလုပ်ရမလဲဆိုတာ နောက်မှဆုံးဖြတ်မယ်"

ဝံပုလွေတိုင်းပြည်၏ ဘုရင်သုံးယောက်လုံးကို အနိုင်ယူပြီးနောက် ယဲ့ချန်သည် စစ်မြေပြင်ကို စစ်ဆေးလိုက်သည်။ မူလတွင် ဝံပုလွေတိုင်းပြည်၏စစ်တပ်က ကြမ်းတမ်းစွာ တုံ့ပြန်နေသော်လည်း ဘုရင်သုံးယောက်လုံး တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံလိုက်ရသောအခါ အခြေအနေက အကြီးအကျယ်ပြောင်းလဲသွားသည်။ ထူးဆန်းသော ဆေးအိုးကြီးအတွင်း ဘုရင်သုံးယောက်လုံး စုပ်ယူခံလိုက်ရသည်ကို သားရဲများက မျက်ဝါးထင်ထင်မြင်ခဲ့ရသည်။ စစ်ကူလာရောက်သော မုန်တိုင်းမျိုးနွယ်ဝင်များမှာလည်း သေသူသေ၊ပြေးသူပြေးနှင့် အဆုံးသတ်သွားပြီဖြစ်သည်။ သူတို့အားလုံးက တိုက်ခိုက်ရန် အားလျှော့လိုက်ကြပြီး နေရာအနှံ့ ရုန်းရင်းဆန်ခတ်ဖြစ်၍ ဘက်ပေါင်းစုံသို့ ထွက်ပြေးသွားကြသည်။ ကြယ်ခန်းမနှင့်ခြင်္သေ့နန်းတော်၏ စစ်သည်တော်များက ချက်ချင်းလိုက်ပါသွားကြပြီး စစ်မြေပြင်ကို ရှင်းလင်းလိုက်ကြသည်။ ဝံပုလွေတိုင်းပြည်၏သားရဲစစ်တပ်မှာ သူတို့၏လက်နက်များအောက်တွင် ကောက်ပင်များကဲ့သို့ အတုံးအရုံးလဲပြိုကုန်သည်။

"ဝံပုလွေတွေ အကုန်သတ်စမ်း။ တစ်ကောင်မှ အသက်ရှင်ခွင့်မပေးနဲ့"

ထုံတန်က လေထဲတွင်မတ်တပ်ရပ်၍ ပြတ်သားစွာ အမိန့်ပေးလိုက်သည်။ သူ၏အမိန့်သံက မိုးချုန်းသံကဲ့သို့ ကျယ်လောင်စွာ မြည်ဟီးသွားခဲ့သည်။ ထုံတန်၏အမိန့်ကြောင့် ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်မိသည်။ ဝံပုလွေတိုင်းပြည်၏သားရဲစစ်တပ်တွင် ဝံပုလွေအရေအတွက်က ခုနစ်သန်းနီးပါးရှိသည်။ သို့သော် ခြင်္သေ့မျိုးနွယ်နှင့် ဝံပုလွေမျိုးနွယ်၏ ရန်ကြွေးကို တွေးမိလိုက်သောအခါ သူက တားမြစ်ခြင်းမပြုတော့ပေ။

ကျန်သားရဲများက မြေပြင်တွင်ဒူးထောက်၍ လက်နက်ချလိုက်ကြသည်။ သေရမည်ကိုသိနေသော ဝံပုလွေကြီးများက နောက်ဆုံးရုန်းကန်မှုအဖြစ် ကြယ်ခန်းမနှင့် ခြင်္သေ့နန်းတော်၏စစ်တပ်ကို တွန်းလှန်ခဲ့ကြသည်။ သို့သော် နောက်ဆုံးတွင် အားလုံးအသတ်ခံလိုက်ရပြီး နေရာတိုင်းတွင် အလောင်းချင်းထပ်သွားခဲ့သည်။ ဝံပုလွေတိုင်းပြည်သားရဲစစ်တပ်တွင် ဝံပုလွေမဟုတ်သော အခြားသားရဲအရေအတွက် သုံးလေးသန်းသာ ကျန်ရစ်ခဲ့သည်။ ဝိညာဥ်သားရဲများကို ခြင်္သေ့ကြီးက သူ၏အရှိန်အဝါဖြင့် အဝေးသို့ ပြန်လည်မောင်းထုတ်ပေးခဲ့သည်။ နောက်ဆုံးတွင် ကြောက်မက်ဖွယ်စစ်ပွဲကြီးက အဆုံးသတ်သွားပြီဖြစ်သည်။ ထိုအချိန်တွင် ယဲ့ချန်၏ရင်ဘတ်ရှိ ပုံရိပ်ယောင်ပုလဲက အလင်းရောင်များ တောက်ပလာသည်။

ယဲ့ချန်သည် ၎င်းကို ထုတ်ယူစစ်ဆေးလိုက်သောအခါ ၎င်းက အနည်းငယ်တုန်ခါနေပြီး သူ့ထံသို့ စကားပြောလိုဟန်ပေါ်နေသည်။

"အမွေးပွလေး မင်းမလား။ ဝံပုလွေတိုင်းပြည် ပျက်စီးသွားတာကို မင်း မြင်ရဲ့လား။ အစ်ကိုကြီးက မင်းအတွက် လက်စားချေနိုင်ပြီ"

ယဲ့ချန်က ပုံရိပ်ယောင်ပုလဲကိုငုံ့ကြည့်၍ ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။

All Chapters