← Chapters

ဝံပုလွေမိစ္ဆာဆေဘာကို သန့်စင်ခြင်း

Vol. 30 Ch. 418

ဝံပုလွေမိစ္ဆာဆေဘာကို သန့်စင်ခြင်း

Vol. 30 Ch. 418

ယဲ့ချန်၏လက်အတွင်းမှ ပုံရိပ်ယောင်ပုလဲက လေပေါ်သို့ မြောက်တက်လာပြီး အလင်းရောင်များ တောက်ပလာသည်။ လေထဲတွင် အမွေးပွလေး၏ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ တစ်ကိုယ်လုံး နှင်းကဲ့သို့ဆွတ်ဆွတ်ဖြူနေပြီး အမြှီးကိုးချောင်းက နောက်တွင် ဝှေ့ယမ်းနေ၏။ သူမ၏အဓိပ္ပါယ်ပါလွန်းသော မျက်ဝန်းများက ယဲ့ချန်ကိုကြည့်ရင်း ပြုံးပြနေသည်။

"အမွေးပွလေး"

ယဲ့ချန်က လေထဲရှိသူမကို လက်ဖြင့် ဖမ်းဆုပ်လိုက်သည်။ သို့သော်လည်း ပျော်ရွှင်စွာကမ်းလိုက်သော သူ၏လက်များက လေကိုသာဖြတ်သန်းသွား၍ မည်သည်ကိုမှမထိနိုင်ခဲ့ပေ။ အမွေးပွလေးက ယဲ့ချန်ကို အဆုံးမရှိသောအချစ်မေတ္တာများဖြင့် စိုက်ကြည့်၍ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။ ပုံရိပ်ယောင်ပုလဲက အလင်းရောင်များမှိန်ကျသွားကာ သူ၏လက်ဝါးအတွင်း ပြန်ရောက်လာသည်။

"ကျေးဇူးတင်ပါတယ် ညီလေးယဲ့။ ခြင်္သေ့နန်းတော်က နောက်ဆုံးတော့ လက်စားချေနိုင်ပြီ"

ထိုအချိန်တွင် ထုံတန်က အဝေးမှရောက်ရှိလာပြီး လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်သည်။

"ကျေးဇူးတင်ရမှာက ကျုပ်ပါ။ ခင်ဗျားသာ လာမကူညီရင် ကြယ်ခန်းမ ဖျက်ဆီးခံရနိုင်တယ်"

ယဲ့ချန်က ပုံရိပ်ယောင်ပုလဲကို ဂရုတစိုက်သိမ်းဆည်း၍ ဝမ်းနည်းနေသောခံစားချက်များကို ရုတ်သိမ်းလိုက်၏။ သူက ထုံတန်ကို ယဥ်ကျေးစွာတုံ့ပြန်လိုက်သည်။

"ညီလေးယဲ့ ဒီကောင်တွေကို မင်း ဘယ်လိုလုပ်ချင်လဲ"

ထုံတန်က ဝံပုလွေစစ်တပ်မှ သုံ့ပန်းသားရဲများကို ယဲ့ချန်အား ဆုံးဖြတ်စေသည်။

"ဒါတွေကို ခင်ဗျားယူလိုက်ပါ"

ကြယ်ခန်းမ၏လက်ရှိအနေအထားဖြင့် သန်းချီသောသားရဲများအတွက် နေရာထိုင်ခင်းခက်ခဲသောကြောင့် ယဲ့ချန်က ထုံတန်ထံ လွှဲပြောင်းပေးလိုက်သည်။

"ညီလေးယဲ့ ငါ မင်းကို တစ်ခုပြောစရာရှိတယ်"

ထုံတန်က ခပ်တိုးတိုးပြောလိုက်သည်။

"ကျေးဇူးပြုပြီး ပြောပါ"

ယဲ့ချန်က တစ်ချက်ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ လေထဲတွင်ရပ်နေသော ထုံတန်နှင့်ယဲ့ချန်အောက်တွင် ကြယ်ခန်းမနှင့် ခြင်္သေ့နန်းတော်၏တပည့်များအားလုံး ပျော်ရွှင်နေကြသည်။ ဤတိုက်ပွဲအပြီးတွင် အင်အားစုနှစ်ခုလုံးက မဟာမိတ်ဖြစ်သွားခဲ့ကြသည်။ အထူးသဖြင့် ကြယ်ခန်းမ၏တပည့်များက ဝမ်းမြောက်နေကြသည်။

"ခန်းမသခင်က အစွမ်းထက်စစ်ကူတွေခေါ်ထားနိုင်မယ် မထင်ဘူး"

"ငါကြားဖူးတာကတော့ ခြင်္သေ့နန်းတော်ဟာလည်း ဝံပုလွေတိုင်းပြည်လို အစွမ်းထက်အင်အားစုတစ်ခု ဖြစ်တယ်တဲ့။ အရှင်က နန်းတော်ဘုရင်နဲ့ ပတ်သက်နေမယ် မထင်ထားဘူး"

ကြယ်ခန်းမ၏ အနာဂတ်နှင့်ပတ်သက်၍ လူတိုင်း ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်။ ဝံပုလွေတိုင်းပြည်နှင့် မုန်တိုင်းမျိုးနွယ်က မဟာမိတ်ဖွဲ့၍ရောက်ရှိလာပြီး ကြယ်ခန်းမဖျက်ဆီးခံရမည်ဟု လူတိုင်း ထင်မှတ်ခဲ့ကြသည်။ သို့သော်လည်း နောက်ဆုံးတွင် ဝံပုလွေတိုင်းပြည် အလုံးစုံပျက်စီးသွားကာ မုန်တိုင်းမျိုးနွယ်၏ အဆုံးမဲ့ကျင့်ကြံသူနှစ်ယောက်လည်း ခွေးပြေးဝက်ပြေး ထွက်ပြေးသွားကြရသည်။ ကြယ်ခန်းမ၏တပည့်များက ကျူးကျော်လာသောရန်သူကို အနိုင်ရလိုက်သကဲ့သို့ ခြင်္သေ့နန်းတော်ကလည်း ကမ္ဘာမကြေရန်သူကို ဖျက်ဆီးနိုင်ခဲ့သောကြောင့် ဝမ်းသာမဆုံးဖြစ်၍ အောင်ပွဲခံလိုက်ကြသည်။

"မုန်တိုင်းမျိုးနွယ်က လူနှစ်ယောက် ထွက်ပြေးသွားကြတယ်။ သူတို့က နှစ်ပေါင်းများစွာ သီးသန့်နေထိုင်ခဲ့ပေမယ့် သမာဓိကောင်စီလို အစွမ်းထက်အင်အားစုအောက် နည်းနည်းသာနိမ့်ကျတယ်။ ကြယ်ခန်းမနဲ့မုန်တိုင်းမျိုးနွယ်က ရန်သူတွေဖြစ်သွားပြီဆိုတော့ သူတို့က သေချာပေါက်လက်စားချေလိမ့်မယ်။ ညီလေးယဲ့ မင်း ပြင်ဆင်ထားသင့်တယ်"

ထုံတန်က သက်ပြင်းတစ်ချက်ချ၍ သတိပေးလိုက်သည်။ လက်ရှိတွင် ကြယ်ခန်းမနှင့်ခြင်္သေ့နန်းတော်က တစ်လှေတည်းစီးနေရပြီဖြစ်သောကြောင့် အဆိုးအကောင်းမှန်သမျှကို သာတူညီမျှခံစားရပေလိမ့်မည်။

"ကျုပ် နားလည်ပြီ။ မုန်တိုင်းမျိုးနွယ် ဘယ်လောက်သန်မာတယ်ဆိုတာ ကျုပ်မသိပေမယ့် တိုက်ခိုက်ဖို့ကလွဲလို့ ရွေးစရာမရှိဘူး"

ယဲ့ချန်က ခေါင်းညိတ်လိုက်သည်။ မုန်တိုင်းမျိုးနွယ်နှင့် ရန်ကြွေးက ဖြေရှင်းမရသောကြောင့် ရန်သူကိုရင်ဆိုင်ရန် ကိုယ်ပိုင်ခွန်အားကို မြှင့်တင်ရန်သာရှိပေသည်။

"ကျုပ်မှာ တောင်းဆိုစရာရှိတယ်။ ညီလေးယဲ့ သဘောတူနိုင်မလား။ ခြင်္သေ့နန်းတော်က ကြယ်ခန်းမလက်အောက်ကို ဝင်ချင်တယ်။ မင်း လက်ခံနိုင်မလား"

ထုံတန်က ယဲ့ချန်နောက်တွင် ခရမ်းမီးတောက်ကြယ်ခြင်္သေ့ကြီးရှိနေကြောင်း တွေးမိလိုက်သည်။ ယဲ့ချန်က မုန်တိုင်းမျိုးနွယ်ကိုရင်ဆိုင်ရန် နည်းလမ်းတစ်ခု အမှန်တကယ်ရှိနိုင်သည်။ သူ နှစ်ပေါင်းများစွာပိတ်ဆို့နေခဲ့သော ကျင့်ကြံဆင့်ကိုပင် ခြင်္သေ့ကြီးက အနည်းငယ်ညွှန်ပြရုံဖြင့် အဆင့်တက်သွားခဲ့သည်။

"ခင်ဗျားက ဘာလို့ ဒီလိုတွေးရတာလဲ"

ယဲ့ချန်က တအံ့တသြပြောလိုက်သည်။ အကယ်၍ ခြင်္သေ့နန်းတော်သာ ကြယ်ခန်းမနှင့်ပူးပေါင်းမည်ဆိုလျှင် ယဲ့ချန်က ဝမ်းသာရမည့်သူသာဖြစ်သည်။ သို့သော် ကြယ်ခန်းမ၏အင်အားက ခြင်္သေ့နန်းတော်အောက် နိမ့်ကျသောကြောင့် ထုံတန်၏ဆုံးဖြတ်ချက်ကို သူက နားမလည်နိုင်ခဲ့ပေ။

"ညီလေးယဲ့က လက်မခံနိုင်ဘူးလား"

"မဟုတ်ပါဘူး။ ကျုပ်က နည်းနည်းစိတ်ရှုပ်သွားရုံပါ။ ခြင်္သေ့နန်းတော်ရှိလာတာ နှစ်သောင်းချီရှိပေမယ့် ကြယ်ခန်းမက အခုမှတည်ထောင်ကာစလေ။ ကျုပ်တို့အင်အားက ခြင်္သေ့နန်းတော်အောက် နိမ့်ကျပါတယ်"

"ညီလေးယဲ့ ဒီလိုမဟုတ်ဘူး။ မင်းရဲ့ကြယ်ခန်းမကို တည်ထောင်ထားတာ အခုမှဆိုပေမယ့် အဆုံးမဲ့ကျင့်ကြံသူနှစ်ယောက်နဲ့ နတ်ဘုရင်တွေ အများကြီးရှိတယ်။ ပြီးတော့ မင်းနောက်မှာ အရှင်ခြင်္သေ့မင်းကြီးလည်းရှိတယ်။ ကြယ်ခန်းမရဲ့အနာဂတ်က အဆုံးမရှိဘူး။ မုန်တိုင်းမျိုးနွယ် လက်စားချေရင် ခြင်္သေ့နန်းတော်ကို အလွတ်ပေးမှာမဟုတ်ဘူး။ ဒီအပြင် ဝိညာဥ်သားရဲတွေရန်ကလည်း ရှိသေးတယ်။ ငါတို့ပူးပေါင်းမှသာ အသက်ရှင်သန်နိုင်လိမ့်မယ်"

ထုံတန်က အခြေအနေကို သုံးသပ်ပြလိုက်၏။ သူက ဤဆုံးဖြတ်ချက်ကို ပေါ့တန်စွာချမှတ်ခြင်းမရှိဘဲ အလေးအနက်စဥ်းစားပြီးမှ ချခဲ့ခြင်းဖြစ်သည်။

ယဲ့ချန်က ခေါင်းညိတ်ပြလိုက်၏။ ခြင်္သေ့နန်းတော်နှင့် ကြယ်ခန်းမက ပူးပေါင်းရန် အမှန်တကယ်လိုအပ်သော်လည်း အဓိကအကြောင်းအရင်းမှာ ခြင်္သေ့ကြီးကြောင့်သာ ဖြစ်သည်။

ခြင်္သေ့နန်းတော်က ကြယ်ခန်းမလက်အောက်သို့ ရောက်သွားသော်လည်း ထုံတန်သည် အခြားလက်ထောက်ခန်းမသခင်များထက် ရာထူးမြင့်ပေသည်။ ထို့အပြင် သူက ခြင်္သေ့နန်းတော်၏အင်အားစုများ နေထိုင်ရန်အတွက် မြို့ငါးမြို့၏အပြင်ဘက်တွင် မြို့များတည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။

"ရန်သူတွေရောက်လာရင် ကျုပ်တို့ပူးပေါင်းပြီး ခုခံကြမယ်။ ခင်ဗျားထွက်သွားချင်တဲ့နေ့ ရောက်လာရင်လည်း ကြယ်ခန်းမက အချိန်မရွေး တံခါးဖွင့်ပေးထားပါတယ်"

ယဲ့ချန်က သဘောတူလိုက်သည်။ ဤနည်းဖြင့် ကြယ်ခန်းမနှင့် ခြင်္သေ့နန်းတော်ပူးပေါင်းရာတွင် အထစ်အငေါ့ နည်းပါးသွားပေလိမ့်မည်။

"ကောင်းပြီ"

ထုံတန်ကလည်း ပွင့်လင်းရိုးသားသူတစ်ယောက် ဖြစ်သည်။ သူက တစ်ချက်ရယ်မော၍ ယဲ့ချန်၏အစီအစဥ်ကို သဘောတူလိုက်သည်။ အင်အားစုနှစ်ခု ပူးပေါင်းမည့်သတင်းက လက်အောက်ငယ်သားများအကြား လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။ ခြင်္သေ့နန်းတော်၏တပည့်များက ထုံတန်၏ဆုံးဖြတ်ချက်ကို နားမလည်နိုင်ဖြစ်နေကြသော်လည်း အမိန့်ကို မလွန်ဆန်နိုင်ကြပေ။ သို့သော် ကြယ်ခန်းမတွင် အဆုံးမဲ့ကျင့်ကြံသူနှစ်ယောက်ရှိကြောင်းနှင့် ထုံတန်အဆင့်တက်နိုင်ရန် ယဲ့ချန် ကူညီပေးခဲ့ကြောင်းကို သိသောအခါ စိတ်ထဲမှ လိုလားစွာ လက်ခံလိုက်ကြ၏။

ဤစစ်ပွဲအတွက် ထုံတန်က သူ၏အင်အားတစ်စိတ်တပိုင်းကိုသာ ခေါ်ဆောင်လာခဲ့ပြီး အဓိကအင်အားစုက အလယ်အင်ပါယာတွင် ကျန်ရစ်နေခဲ့သည်။ သူက ၎င်းတို့ကို ဖြည်းညှင်းစွာစုစည်းရန် ဆုံးဖြတ်ထားသည်။ ဝိညာဥ်သားရဲအန္တရာယ်က တစ်နေ့တခြားတိုးလာသောကြောင့် အင်အားများပူးပေါင်းမှသာ အသက်ရှင်သန်နိုင်မည်ဖြစ်သည်။ ထုံတန်၏စစ်တပ်တွင် သန်းချီသောသားရဲများပါဝင်ပြီး ဝံပုလွေတိုင်းပြည်၏စစ်သုံ့ပန်းများ ပူးပေါင်းလိုက်သောအခါ ဧရာမစစ်တပ်ကြီးတစ်ခု ဖြစ်တည်လာသည်။ ဤမျှများပြားသော စစ်တပ်၏အကူအညီဖြင့် ကြယ်ခန်းမသည် ဝိညာဥ်သားရဲများကို လက်ရှိအချိန်တွင် စိုးရိမ်စရာမလိုပေ။ ယဲ့ချန်သည် မြို့ငါးမြို့၏အပြင်ဘက်တွင် မြို့ရံဆယ်မြို့ကျော်တည်ဆောက်ပြီး ပတ်ဝန်းကျင်ရှိ လူအင်အားများကို စုဆောင်းရန် ဆုံးဖြတ်လိုက်သည်။ ဤသို့ဖြင့် ကြယ်ခန်းမက သန်းချီသောလူဦးရေတစ်ခုကို ထိန်းချုပ်လာနိုင်မည်ဖြစ်ကာ ပါရမီရှိသော အနာဂတ်တပည့်များကို ရှာဖွေလာနိုင်ပေလိမ့်မည်။

ဝိညာဥ်သားရဲအရေအတွက် များလာသောအခါ မင်ဝူသည်လည်း လင်းယွန်တောင်တန်းသို့ ရောက်လာခဲ့သည်။ ယဲ့ချန်က အသေးစိတ်ကိစ္စများ ကိုင်တွယ်ရန်အတွက် မင်ဝူ၊ နင်ချင်းယွင်နှင့် လက်ထောက်ခန်းမသခင်များကို တာဝန်လွှဲအပ်လိုက်သည်။ ထို့နောက် သူက မီးဘုရင်နှင့်သွေးဘုရင်ကို သန့်စင်ရာမှရရှိထားသော ဆေးနှစ်လုံးကို အားဖန်ငါး မီးတောက်သိမ်းငှက်နှင့် အားဖန်ခြောက် ငွေရောင်နှင်းမြွေပါကို ဆုချလိုက်သည်။ အချိန်ယူပြီးလျှင် ဤသားရဲနှစ်ကောင်ကလည်း နတ်ဘုရင်အဆင့်သို့ သေချာပေါက်ရောက်ပေလိမ့်မည်။ ဝံပုလွေတိုင်းပြည်ရရှိသွားသော ထျန်းယွမ်ဓားကျိုးကလည်း ယဲ့ချန်လက်ထဲသို့ ရောက်ရှိလာသည်။ သူက စစ်နိုင်ရာမှရရှိလာသော အရင်းအမြစ်များ၊ ဆေးလုံးများ၊ လက်နက်များနှင့် ရတနာများကို ကြယ်ခန်းမ၏ လက်အောက်ငယ်သားများထံ ခွဲဝေပေးလိုက်သည်။

လင်းယွန်တောင်တန်းအတွင်း ဝံပုလွေအော်သံများက ဆက်တိုက်ထွက်ပေါ်နေသည်။

"ဝံပုလွေဘိုးဘေး ငါ့ကို အညံ့ခံမှာလား"

ယဲ့ချန်က အေးစက်စက်မေးလိုက်သည်။ လေထဲတွင် ဝိညာဥ်စစ်သည်တော်ရှိနေပြီး မိစ္ဆာဝံပုလွေဆေဘာ ထွက်ပြေးမည်ကို တားမြစ်ရန် အသင့်စောင့်နေခဲ့သည်။ ကျန်တစ်ဖက်တွင် ကောင်းကင်တုန်ခါဆေးအိုးကလည်း အနက်ရောင်မီးများတောက်လောင်၍ လေထဲတွင် မျောလွင့်နေသည်။

"ငါက နှစ်ပေါင်းများစွာ အသက်ရှင်လာပြီး လူတွေမရေမတွက်နိုင်အောင် သတ်ခဲ့တယ်ကွ။ မင်းလိုကလေးတစ်ယောက် စကားကို ဘာလို့နားထောင်ရမှာလဲ။ လက်လျှော့လိုက်စမ်း"

ဝံပုလွေဘိုးဘေးက ဒေါသတကြီး ကျိန်ဆဲလိုက်၏။ ဆေဘာက အနီရောင်တောက်ပ၍ တုန်ခါနေသော်လည်း ဝိညာဥ်စစ်သည်တော်၏ ဖိအားအောက်တွင် ထွက်မပြေးနိုင်ခဲ့ပေ။

"ဒီကောင်က မသေမချင်း လက်လျှော့မယ်မထင်ဘူး ယဲ့ချန်။ သန့်စင်ပစ်လိုက်စမ်းကွာ"

ကောင်းကင်ကြယ်တာရာ လက်ထောက်တံဆိပ်အတွင်းမှ ခြင်္သေ့ကြီး၏စကားသံက ထွက်ပေါ်လာသည်။ ယဲ့ချန်၏အတွေးတစ်ချက်တွင် ဝိညာဥ်စစ်သည်တော်က ဆေဘာကိုဆွဲကိုင်ကာ ကောင်းကင်တုန်ခါဆေးအိုးအတွင်း ပစ်ထည့်လိုက်သည်။ ဆေးအိုးက တောက်ပလာ၍ ဝံပုလွေဘိုးဘေး၏ နာကျင်စွာအော်သံကြီး ထွက်ပေါ်လာသည်။

"ခွေးကောင် ငါ့ကို လွှတ်ပေးစမ်း။ မင်းကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်"

ဝံပုလွေဘိုးဘေးက ဆက်တိုက်ကျိန်ဆိုနေသည်။

"ငါ့ကို အရေခွံခွာချင်ရင် ဒီထဲက အရင်ထွက်ပြစမ်းပါဦး"

ယဲ့ချန်က အေးစက်စက်လှောင်ရယ်လိုက်ပြီး ခြင်္သေ့ကြီးနှင့် စကားစမြည်ပြောလိုက်သည်။

"ဆရာ ကျုပ်က ဝံပုလွေတိုင်းပြည်ကို ဖျက်ဆီးထားတာဆိုတော့ ဒီကောင်ကြီးအလျှော့မပေးမှာ စိုးရတယ်။ သူ့ကိုသိမ်းသွင်းနိုင်ရင်တောင် သေချာပေါက် ရန်စတစ်ခုရှိနေလိမ့်မယ်။ သူကပုန်ကန်ရင် မိစ္ဆာဝံပုလွေဆေဘာကို ကျုပ် အသုံးပြုလို့ရမယ် မထင်ဘူး"

"အရင်ဆုံး သန့်စင်ပစ်လိုက်စမ်းပါကွာ။ ပြီးရင် တိရှုံးကို ဒီကောင်ကြီးကိုထိန်းချုပ်ဖို့အတွက် လက်နက်ဝိညာဥ်ရုန်းတွေ ပေါင်းထည့်ခိုင်းလိုက်။ မင်းက ဝံပုလွေတွေအများကြီး သတ်လိုက်ပေမယ့် သူက ဂရုစိုက်မှာမဟုတ်ဘူး။ လောကကြီးမှာ ဝံပုလွေမျိုးနွယ်တွေ အများကြီးရှိတယ်။ ဝံပုလွေတိုင်းပြည်လောက်လေးကို ဖျက်ဆီးလိုက်တာက ပြဿနာမဟုတ်ဘူး"

ခြင်္သေ့ကြီးက ခေါင်းယမ်း၍ ရှင်းပြလိုက်သည်။ သူ၏စကားကြောင့် ယဲ့ချန်ကကျေနပ်သွားပြီး လိပ်ပြာလက်နက်ကို ဆက်လက်သန့်စင်လိုက်သည်။ ယဲ့ချန်၏ထိန်းချုပ်မှုအောက်တွင် ဝိညာဥ်မီးတောက်များ၏ အပူချိန်က ဆက်လက်တိုးမြင့်လာသည်။

"မင်းတို့အားလုံးကို သတ်ပစ်မယ်"

ဝံပုလွေဘိုးဘေးက လိပ်ပြာလက်နက်အတွင်း ရှိနေသော်လည်း မီးဖြင့် အရှင်လတ်လတ်အကင်ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။ သူက ဆက်တိုက်ကြုံးဝါး၍ ဆေးအိုးအတွင်းမှလွတ်မြောက်ရန် ဆက်တိုက်ရုန်းကန်နေသည်။ ယဲ့ချန်က စကားတစ်ခွန်းမှပြန်မပြောဘဲ ကောင်းကင်တုန်ခါဆေးအိုးကိုသာ ဆက်လက်ထိန်းချုပ်နေသည်။

အချိန်က လျင်မြန်စွာကုန်ဆုံးနေပြီး တစ်နာရီအကြာတွင် ဝံပုလွေဘိုးဘေး၏အသံက တိုးညှင်းဖျော့တော့လာခဲ့သည်။ အကယ်၍ သူက ဆက်လက်ခေါင်းမာနေလျှင် ဝိညာဥ်တစ်ခုလုံး ဆေးအိုးအတွင်း၌ အပိုင်းပိုင်းအစစ ပေါက်ကွဲသွားပေလိမ့်မည်။

"ငါ အရှုံးပေးပါပြီ။ အသက်ချမ်းသာပေးပါ"

ဝံပုလွေဘိုးဘေးက အားနည်းနေသောအသံဖြင့် အော်ဟစ်လိုက်သည်။ နောက်ဆုံးတွင် သူက လက်လျှော့လိုက်သည်။ သူက သေဆုံးရမည်ကို ကြောက်လန့်သောကြောင့် လိပ်ပြာလက်နက်အဖြစ် ကိုယ့်ကိုကိုယ်သန့်စင်ခဲ့သူဖြစ်ရာ ဆေးအိုးအတွင်း အသက်မဆုံးရှုံးလိုပေ။

All Chapters