လိပ်ပြာလက်နက်ကို သန့်စင်ခြင်း
Vol. 30 Ch. 419
ဝံပုလွေဘိုးဘေးက နောက်ဆုံးတွင် အညံ့ခံလိုက်သောကြောင့် ယဲ့ချန်က ကျေနပ်စွာ ပြုံးလိုက်သည်။ သူက တိရှုံးအားခေါ်ယူရန် ရှောင်ရိကို အမိန့်ပေးလိုက်သည်။
"ဆရာတိ ကျုပ်ကို တစ်ခုလောက် ကူညီပေးပါ"
ယဲ့ချန်က ယဥ်ကျေးစွာ တောင်းဆိုလိုက်သည်။
"ပြောပါ။ ကျုပ် အကောင်းဆုံး ကြိုးစားပေးမယ်"
တိရှုံးက လျင်မြန်စွာ ခေါင်းညိတ်လိုက်၏။ ယဲ့ချန်နှင့်အတူ တိုက်ပွဲကိုကျော်ဖြတ်ပြီးနောက် ယဲ့ချန်၏အကျင့်စရိုက်က ကောင်းမွန်ကြောင်း နားလည်လိုက်သည်။ ကြယ်ခန်းမကလည်း လျင်မြန်စွာ တိုးတက်နေသည်။ ထို့အပြင် ယဲ့ချန်က မြို့များတည်ဆောက်ပြီး သာမန်လူများကိုပင် ဝိညာဥ်သားရဲများထံမှ ကယ်တင်ပေးခဲ့သည်။ ထို့ကြောင့် သူက ယဲ့ချန်အတွက် အတတ်နိုင်ဆုံးကူညီပေးရန် ဆုံးဖြတ်လိုက်၏။
"သွေးဘုရင်ရဲ့လိပ်ပြာလက်နက်ကို ကျုပ် ရထားတယ်။ ဒီလက်နက်ဝိညာဥ်ကို ဖိနှိပ်နိုင်ဖို့အတွက် လက်နက်ရုန်းအချို့ ရေးထွင်းပေးဖို့ ဆရာတိအကူအညီကို လိုအပ်တယ်"
ယဲ့ချန်က တောင်းဆိုလိုက်ခြင်းဖြစ်သည်။
"ပြဿနာ မရှိဘူး"
တိရှုံးကဲ့သို့ အစွမ်းထက်ပန်းပဲဆရာတစ်ယောက်အတွက် ဤကိစ္စက မပြောပလောက်ချေ။
ယဲ့ချန်က ကောင်းကင်တုန်ခါဆေးအိုးအတွင်းမှ မိစ္ဆာဝံပုလွေဆေဘာကို ထုတ်ယူလိုက်သည်။ ဆေဘာကအတွင်းမှ လွတ်မြောက်လာသည်နှင့်တပြိုင်နက် ထွက်ပြေးရန် ကြိုးစားလိုက်သည်။ ဝံပုလွေဘိုးဘေးက အမှန်တကယ်ကောက်ကျစ်သောကြောင့် သူက မျက်မှောင်ကြုတ်လိုက်သည်။ ဝိညာဥ်စစ်သည်တော်က အနီရောင်အလင်းတန်းရှေ့တွင် ထွက်ပေါ်လာပြီး ဓားလက်ကိုင်ကို ဆုပ်ကိုင်ဖမ်းချုပ်လိုက်၏။ ဆေဘာက ဆက်တိုက်ရုန်းကန်နေသော်လည်း ဝိညာဥ်စစ်သည်တော်၏လက်အတွင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။ ဝံပုလွေဘိုးဘေးက သင်ခန်းစာပေးခံထားရသော်လည်း ထွက်ပြေးလိုနေဆဲပင်ဖြစ်သည်။ ထို့ကြောင့် လက်နက်ကို ယဲ့ချန်က ဆက်လက်သန့်စင်ရန် ဆုံးဖြတ်ကာ ဝိညာဥ်စစ်သည်တော်သည် ၎င်းကို ဆေးအိုးအတွင်း ပြန်ပစ်ထည့်လိုက်သည်။ ဝံပုလွေဘိုးဘေး၏ နာကျင်စွာအော်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
"ငါ အညံ့ခံပြီ။ အညံ့ခံပါတယ်"
ဝံပုလွေဘိုးဘေးက ကြောက်မက်ဖွယ်ဝိညာဥ်မီးတောက်များနှင့် ထိမှန်ခံလိုက်ရသောအခါ ချက်ချင်းလက်လျှော့ အရှုံးပေးလိုက်သည်။
"မင်း တကယ်အညံ့ခံတာလား။ မင်းထွက်ပြေးချင်ရင် စမ်းကြည့်လို့ရသေးတယ်။ ဒီတစ်ခေါက်တော့ မင်းကို အခွင့်အရေးမပေးနိုင်တော့ဘူး။ သေတဲ့အထိ သန့်စင်ပစ်မယ်"
ယဲ့ချန်သည် ဝံပုလွေဘိုးဘေးက ကတိတည်သူမဟုတ်ကြောင်း နားလည်လိုက်သည်။ ဤကဲ့သို့ သွေးဆာရက်စက်ကာ ကြမ်းကြုတ်သော ဝံပုလွေဘိုးဘေးကို ဖြေရှင်းရန်အတွက် စကားဖြင့်ပြောနေခြင်းက အကျိုးမရှိပေ။
"ငါ တကယ်အညံ့ခံပါပြီ။ နောက်တစ်ခေါက် မကြိုးစားရဲတော့ပါဘူး"
ဝံပုလွေဘိုးဘေးက ဆက်တိုက်တောင်းပန်နေသည်။ သူက ပတ်ဝန်းကျင်ရှိ ဝိညာဥ်မီးတောက်များကို စစ်ဆေးလိုက်သော်လည်း ၎င်းတို့ကို ရပ်တန့်နိုင်စွမ်းမရှိချေ။ အကယ်၍ သူက ဆက်လက်သန့်စင်ခံရမည်ဆိုလျှင် သူ၏ဝိညာဥ်က အပြီးတိုင်ပြာကျသွားပေလိမ့်မည်။
"လက်စားချေတာက ဘယ်လောက်နောက်ကျကျ အကျိုးမယုတ်ဘူး"
ဝံပုလွေဘိုးဘေးက စိတ်ထဲတွင် ဤသို့တွေးတောနေခဲ့သည်။ လက်ရှိတွင် သူက ယဲ့ချန်ကို အညံ့ခံရုံမှတစ်ပါး ရွေးချယ်စရာမရှိချေ။
ယဲ့ချန်သည် မိစ္ဆာဝံပုလွေဆေဘာကို ထုတ်ယူလိုက်သည်။ ဤတစ်ကြိမ်တွင် မိစ္ဆာဝံပုလွေဆေဘာက ထွက်မပြေးတော့ပေ။ တိရှုံးသည် ကောင်းကင်သိုလှောင်အိတ်အတွင်းမှ တစ်စုံတခုကိုထုတ်ယူ၍ ဆေဘာအသွားပေါ်တွင် လက်နက်ရုန်းတစ်ခုအား ရေးထွင်းလိုက်သည်။ ဆေဘာက တုန်ယင်သွားပြီး ရုန်းက အလွန်အစွမ်းထက်ကြောင်း ခံစားလိုက်ရသည်။ ဤရုန်းက သူ့ကိုဖိနှိပ်ရန်ဖြစ်ကြောင်း သဘောပေါက်သွား၏။ ရုန်းများ အောင်မြင်စွာ ရေးထွင်းပြီးလျှင် ယဲ့ချန်ကို အာခံရန်အတွက် အလွန်အမင်းခက်ခဲသွားပေလိမ့်မည်။
"ငြိမ်ငြိမ်နေစမ်း"
လိပ်ပြာလက်နက်က တိရှုံးကိုသတ်ရန်အတွက် အနီရောင်အလင်းများ တောက်ပလာသောအခါ ယဲ့ချန်က နှာခေါင်းရှုံ့၍ ကောင်းကင်ချီဖြင့် ဖိနှိပ်လိုက်သည်။ နောက်ဆုံးတွင် ဆေဘာကတည်ငြိမ်သွားပြီး ဝံပုလွေဘိုးဘေးက ယဲ့ချန်ကို စိတ်ထဲမှ အဆက်မပြတ်ကျိန်ဆဲနေသည်။ သို့သော်လည်း တိရှုံးက လက်နက်ရုန်းများရေးထွင်းနေသည်ကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရုံသာ တတ်နိုင်သည်။ အချိန်တစ်နာရီအကြာတွင် သူက လက်နက်ရုန်းသုံးခုကို ဆေဘာအသွားပေါ်တွင် အောင်မြင်စွာ ရေးထွင်းနိုင်ခဲ့လေသည်။ ဝံပုလွေဘိုးဘေးက အာခံမည်ဆိုလျှင် လက်နက်ရုန်းသုံးခုကလည်း သူ့ကို ဖိနှိပ်ကြပေလိမ့်မည်။
"အစွမ်းထက်ရတနာတစ်ခုတောင် ဒီရုန်းတွေကို အလွယ်တကူ ချိုးဖျက်နိုင်မှာမဟုတ်ဘူး"
တိရှုံးက ကျေနပ်စွာပြုံး၍ ပြောလိုက်ခြင်းဖြစ်သည်။
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာတိ"
ယဲ့ချန်သည် မိစ္ဆာဝံပုလွေဆေဘာကို ဝှေ့ယမ်းကြည့်လိုက်သောအခါ ပို၍သက်တောင့်သက်သာရှိလာသည်ကို ခံစားလိုက်ရသည်။ ဆေဘာထံမှ အနီရောင်အလင်းတစ်ခု ထွက်ပေါ်လာ၍ ဧရာမဝံပုလွေပုံရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ယဲ့ချန် အသုံးပြုလိုက်သောအခါ လိပ်ပြာလက်နက်၏စွမ်းအားက သွေးဘုရင် အသုံးပြုသည်ထက် များစွာပို၍အစွမ်းထက်လာသည်။ ထို့အပြင် သူက ကောင်းကင်ဝံပုလွေတောင်ပံများကို အသုံးပြုရာတွင်လည်း ပို၍ရင်းနှီးကျွမ်းဝင်လာခဲ့သည်။ ဤစစ်ပွဲတွင် သူက အဖိုးတန်ရတနာနှစ်ခု ယူနိုင်ခဲ့သောကြောင့် အမြတ်ထွက်သည်ဟု ဆိုနိုင်သည်။
"ဆရာတိ ဒီရတနာကို အကဲဖြတ်ပေးနိုင်မလား"
ယဲ့ချန်က တိရှုံးထံ နတ်ဆိုးဖိနှိပ်နာရီကို ထုတ်ပြလိုက်သည်။ ၎င်း၏စွမ်းဆောင်နိုင်စွမ်းအရ လူသားအဆင့်လက်နက်တစ်ခုလောက် မရိုးရှင်းကြောင်း သူက နားလည်ထားသည်။ ၎င်းကိုအသက်သွင်းရန်အတွက် များစွာသော ဆေးလုံးများကို အသုံးပြုရသည့် နည်းလမ်းအပြင် အခြားနည်းလမ်းများရှိမရှိကို သူက စုံစမ်းလိုနေခဲ့သည်။ တိရှုံးက နတ်ဆိုးဖိနှိပ်နာရီကိုယူလိုက်ပြီး တစ်ချက်စစ်ဆေးလိုက်သည်။ အသုံးမပြုရသေးသော အချိန်တွင် ၎င်းက လက်တစ်ဝါးအရွယ်အစားသာ ရှိပေသည်။
"နတ်ဆိုးဖိနှိပ်နာရီ ဒါကိုလုပ်ထားတဲ့ ကုန်ကြမ်းတွေက လူသားအဆင့်နဲ့ မြေအဆင့်ဖြစ်ပေမယ့် ရုန်းတွေက အစွမ်းထက်လွန်းတယ်။ ဒီရတနာမှာ ဝိညာဥ်ရှိခဲ့လို့ အစွမ်းထက်ရတနာဖြစ်ဖူးပေမယ့် ဝိညာဥ်က ဖျက်ဆီးခံထားရတယ်"
တိရှုံးက နတ်ဆိုးဖိနှိပ်နာရီပေါ်တွင် ရေးထွင်းထားသော စကားလုံးသုံးလုံးကိုပွတ်သပ်၍ သုံးသပ်ပြလိုက်သည်။
"လက်နက်ဝိညာဥ် ဖျက်ဆီးခံလိုက်ရတာလား"
ယဲ့ချန်က ခေါင်းညိတ်လိုက်၏။ နတ်ဆိုးဖိနှိပ်နာရီက ထိခိုက်ထားသောကြောင့် သာမန်လူသားအဆင့် ရတနာများအစွမ်းသာ ထုတ်ဖော်နိုင်ခြင်းဖြစ်သည်။
"ဒါကိုအသုံးပြုဖို့ ကောင်းကင်ချီတွေ အများကြီးလိုအပ်တယ်မလား"
တိရှုံးက မေးလိုက်ခြင်းဖြစ်သည်။
"ဒါကိုအသက်သွင်းဖို့ ကျုပ်က ဆေးလုံးတွေ အသုံးပြုရပါတယ်"
ယဲ့ချန်က ဖြေလိုက်သည်။ သူ၏ကိုယ်တွင်းရှိ ကောင်းကင်ချီများသက်သက်က ၎င်းကို အသက်မသွင်းနိုင်ပေ။
"ဒီအကြံက သိပ်တော့မဆိုးပါဘူး။ ဒါပေမယ့် ရတနာက အများကြီးထိခိုက်ထားတာဖြစ်လို့ တစ်ကြိမ်အသက်သွင်းဖို့ ချီပြိုကွဲဆေးလုံးသိန်းချီ သုံးရမယ်ထင်တယ်"
တိရှုံးက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ဆရာတိ ဆေးလုံးတွေအသုံးပြုမယ့်အစား တခြားနည်းလမ်း ရှိဦးမလား"
ယဲ့ချန်က မေးလိုက်ခြင်းဖြစ်သည်။ ခြင်္သေ့ကြီးက အကြားအမြင်ဗဟုသုတများသော်လည်း တိရှုံးက ပန်းပဲဆရာတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူ့ထံတွင် အကြံကောင်းတစ်ခုခု ရှိနိုင်သည်။
"တခြားနည်းလမ်း မရှိဘူး။ မင်းက ဒါကို အလွယ်တကူအသုံးပြုချင်ရင် အစွမ်းထက်လက်နက်ဝိညာဥ်တစ်ခုကိုရှာပြီး ထည့်သွင်းပေးရလိမ့်မယ်"
တိရှူံးက ခါးသက်သက်ပြုံး၍ ခေါင်းယမ်းပြလိုက်သည်။
"လက်နက်ဝိညာဥ်"
ယဲ့ချန်က ဝံပုလွေဘိုးဘေးနှင့် ထွင်ထျန်းကဲ့သို့ အစွမ်းထက်ဝိညာဥ်များရှာဖွေရန် မလွယ်ကူသောကြောင့် ဤအကြံကို လောလောဆယ်စွန့်လွှတ်ထားရန် ဆုံးဖြတ်လိုက်၏။ သူက နတ်ဆိုးဖိနှိပ်နာရီကို အသုံးပြုရန်အတွက် ဆေးလုံးများကို ဆက်လက်အသုံးပြုရပေဦးမည်။ အနာဂတ်တွင် သူက အစွမ်းထက်ဝိညာဥ်တစ်ခု ရှာဖွေရမည်ဖြစ်သောကြောင့် ထျန်းယွမ်ဓားကျိုးများအကြောင်း ချက်ချင်းသတိရလိုက်မိသည်။ အကယ်၍ သူက ဓားကျိုးခြောက်လက်လုံးကို စုစည်းနိုင်ခဲ့လျှင် လက်နက်ဝိညာဥ်တစ်ခု အပြည့်အစုံဖြစ်ပေါ်လာနိုင်သည်။ သူက ၎င်းဝိညာဥ်ကို နတ်ဆိုးဖိနှိပ်နာရီအတွက် ဖြည့်သွင်းပေးနိုင်၏။ သို့သော် ဤကား အကြံသက်သက်သာဖြစ်ပြီး ေ
"ကြည့်ရတာ အစွမ်းထက်ရတနာတွေအတွက် လက်နက်ဝိညာဥ်ရှိဖို့ မလိုအပ်ဘူးထင်တယ်"
ယဲ့ချန်၏အကြည့်က ဝံပုလွေဆေဘာထံ ကျရောက်သွားခဲ့သည်။ သူ၏စကားကိုကြားသောအခါ ဝံပုလွေဘိုးဘေးသည် ကျောရိုးအတွင်း ကြောက်စိတ်များ စိမ့်တက်လာခဲ့သည်။ ယဲ့ချန်၏စကားနောက်ကွယ်မှ ဆိုလိုရင်းကို သဘောပေါက်သောကြောင့် ရင်ထဲတွင် လေးလံသွားခဲ့သည်။
"ရတနာတစ်ခုမှာ လက်နက်ဝိညာဥ်မရှိရင် အလွန်အားနည်းသွားနိုင်တယ်။ ထူးကဲအဆင့်တစ်ယောက်သာ ငါ့ကိုအသုံးပြုရင် အဆင့်တူသုံးယောက်လောက်ကို သတ်နိုင်တယ်"
မိစ္ဆာဝံပုလွေဆေဘာအတွင်းမှ ဝံပုလွေဘိုးဘေး၏စကားသံက တုန်ယင်စွာ ထွက်ပေါ်လာခဲ့သည်။ ယဲ့ချန်က သူ၏စကားကို တုံ့ပြန်ခြင်းမပြုဘဲ နတ်ဆိုးဖိနှိပ်နာရီကိုသာ သိမ်းဆည်းလိုက်၏။ မဟာအရှေ့ပိုင်းတိုက်ကြီးတွင် ဝိညာဥ်သားရဲများစွာ ထွက်ပေါ်လာသောကြောင့် ကြယ်ခန်းမအတွက် ချီပြိုကွဲဆေးလုံးများရှာဖွေရန် မလွယ်ချေ။ ထို့ကြောင့် သူက နတ်ဆိုးဖိနှိပ်နာရီကို အသက်သွင်းရန်အတွက် ဆေးလုံးသိန်းချီကို ပေါ့ပေါ့တန်တန်အသုံးပြု၍ မဖြစ်ပေ။ လက်ရှိတွင် ကြယ်ခန်းမ၌ ဆေးဆရာပေါင်းနှစ်ရာကျော်ရှိသော်လည်း ချီပြိုကွဲဆေးလုံးကို ဖော်စပ်နိုင်သည့် အရေအတွက်က ဆယ်ယောက်အောက်သာ ရှိသည်။ ထို့ကြောင့် ဆေးလုံးများထုတ်လုပ်နှုန်းက အလွန်အမင်းနှေးကွေးနေသည်။ ဤပမာဏက ကြယ်ခန်းမ၏တပည့်များ ကျင့်ကြံရန်အတွက်ပင် လုံလောက်ခြင်းမရှိပေ။ ကံကောင်းစွာဖြင့် စစ်ပွဲအဆုံးတွင် ဝိညာဥ်သားရဲအလောင်းများစွာ ရရှိခဲ့သောကြောင့် ကျင့်ကြံရန်အတွက် ၎င်းတို့ကို အစားထိုးအသုံးပြုနိုင်သည်။
ယဲ့ချန်၏အတွေးထဲတွင် သူ၏ဆရာနှင့် ဂိုဏ်းတူအစ်ကိုလီတို့အကြောင်း ဝင်ရောက်လာသည်။ သူက အလယ်အင်ပါယာတွင် သူတို့နှင့်တွေ့ဆုံရန် အချိန်းအချက်ပြုလုပ်ထားခဲ့သည်။ သူတို့နှစ်ယောက်က ကြယ်ခန်းမ၏ဆေးဆရာများကို လေ့ကျင့်ပေးနိုင်ပေလိမ့်မည်။ သူ့ဆရာ၏အကြီးမားဆုံးဆန္ဒမှာ ဆေးဘုရင်မြို့တော်သို့ပြန်ပြီး ဆရာဘိုးဘိုးဖြစ်သူကို အရိုအသေပေးရန်ဖြစ်သည်။ သို့သော် ဝိညာဥ်သားရဲများ ထွက်ပေါ်လာသောအခါ အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ ဆေးဘုရင်မြို့တော်သည်လည်း ဝိညာဥ်သားရဲလှိုင်းကို ရင်ဆိုင်ရနိုင်ချေရှိပြီး ပုံမှန်အတိုင်းဖွင့်လှစ်ရန် မဖြစ်နိုင်ပေ။
ကုန်းကျောက်နှင့်ကုန်းမြောင် လွတ်မြောက်သွားသောကြောင့် မုန်တိုင်းမျိုးနွယ်က ချက်ချင်းလက်စားချေမည်ဟု ယဲ့ချန်က ထင်မှတ်ထားခဲ့သည်။ သို့သော်လည်း လဝက်ခန့်ကြာသည်အထိ မုန်တိုင်းမျိုးနွယ်က လှုပ်ရှားလာခြင်းမရှိပေ။ ဖြစ်နိုင်သည်မှာ မုန်တိုင်းမျိုးနွယ်သည် ဝိညာဥ်သားရဲလှိုင်းကြောင့် ကြယ်ခန်းမကို ဂရုမစိုက်နိုင်ခြင်းပင်။
ကြယ်ခန်းမသည် အချိန်ကို အကျိုးရှိစွာအသုံးချ၍ ခြင်္သေ့နန်းတော်အကူအညီဖြင့် မြို့ရံဆယ်ခု တည်ဆောက်လိုက်သည်။ မြို့များက အချင်းချင်းဆက်သွယ်ထားကြပြီး လင်းယွန်တောင်တန်းတစ်ခုလုံးကို ဧရာမခံတပ်ကြီးအဖြစ် ပြောင်းလဲလိုက်၏။ လက်ရှိတွင် သံမဏိနက်များ ရှားပါးလာသောကြောင့် မြို့ရံများ၏မြို့ရိုးများကိုမူ ကျောက်သားများဖြင့် ရောစပ်တည်ဆောက်ခဲ့ရသည်။ အချိန်ကြာလာသည်နှင့်အမျှ ဝိညာဥ်သားရဲလှိုင်းက ပိုမိုပြင်းထန်လာသည်။ လင်းယွန်တောင်တန်းရှိ ၎င်းတို့၏အရေအတွက်က များပြားလာပြီး ဆန်းကျယ်အဆင့်များပင် အတော်အတန်များပြားလာခဲ့သည်။ ထုံတန်ကင်းလှည့်ရာတွင် နတ်ဘုရင်စဦးအဆင့် ဝိညာဥ်သားရဲတစ်ကောင်ကိုပင်တွေ့ရှိကာ အမဲလိုက်သတ်ဖြတ်ခဲ့ရသည်။ ၎င်း၏အလောင်းက လူတိုင်း၏စိတ်ကို ပျော်ရွှင်စေမည့်အစား လေးလံစေခဲ့သည်။ နတ်ဘုရင်အဆင့် ဝိညာဥ်သားရဲများ စတင်ထွက်ပေါ်လာသောကြောင့် ၎င်းတို့၏အရေအတွက်သာ များပြားလာလျှင် ကြယ်ခန်းမနှင့် အရှေ့ပိုင်းတိုက်ကြီးတစ်ခုလုံးအတွက် အန္တရာယ်ကြီးပင်ဖြစ်သည်။
"ဝိညာဥ်သားရဲတွေက အဆင့်မြင့်ဖို့အတွက် လူသားတွေနဲ့သားရဲတွေတင်မက အချင်းချင်းလည်း ပြန်ဝါးမျိုနိုင်ကြတယ်။ ညီလေးယဲ့ ဒီကောင်တွေရဲ့အရင်းအမြစ်ကို အမြန်ဆုံးရှာဖွေပြီး ရှင်းပစ်ရမယ်။ မဟုတ်ရင် အကျိုးဆက်က တော်တော်ဆိုးသွားနိုင်တယ်"
ထုံတန်က ယဲ့ချန်ထံ ဝိညာဥ်အသိစိတ်ဖြင့် ဆက်သွယ်ကာ သတင်းပို့လိုက်သည်။
"ကျုပ် သိပြီ။ ဒီကောင်တွေက အလယ်အင်ပါယာကနေ ရောက်လာတာဖြစ်ရမယ်။ အဲ့ဒီကိုသွားပြီး စုံစမ်းလိုက်မယ်။ ခင်ဗျားက ကြယ်ခန်းမကို စောင့်ရှောက်ပေးထားပါဦး"
ဝိညာဥ်မျှော်စင်တွင် သဲလွန်စအချို့ရှိနိုင်သောကြောင့် ယဲ့ချန်က ဤသို့ဆုံးဖြတ်လိုက်သည်။
"မင်းနဲ့အတူ ငါ လိုက်ခဲ့ရမလား"
ထုံတန်က ခဏတာစဥ်းစား၍ ပြန်မေးလိုက်သည်။ ယဲ့ချန် တစ်ကိုယ်တော်သွားရမည့်ခရီးအတွက် သူက စိုးရိမ်နေခဲ့သည်။
"ကျုပ်ကိုကျုပ် ကာကွယ်နိုင်ပါတယ်"
ယဲ့ချန်က ခေါင်းယမ်းပြလိုက်သည်။ မုန်တိုင်းမျိုးနွယ်၏ အန္တရာယ်လည်းရှိနေသောကြောင့် ကြယ်ခန်းမကို တစ်ယောက်ယောက်က စောင့်ရှောက်ပေးရပေလိမ့်မည်။ ဤခရီးတွင် သူက ဝိညာဥ်သားရဲများ၏အရင်းအမြစ်ကိုသာမက မုန်တိုင်းမျိုးနွယ်၏ တည်နေရာနှင့်အင်အားကိုစုံစမ်းရန်ပါ ဆုံးဖြတ်ထားသည်။ ထုံတန်သာ ကြယ်ခန်းမကို စောင့်ရှောက်ပေးနေလျှင် မုန်တိုင်းမျိုးနွယ်မှ အစွမ်းထက်ကျင့်ကြံသူများ ရောက်မလာမချင်း အန္တရာယ်ကင်းပေသည်။ ထို့အပြင် ယဲ့ချန်က အလယ်အင်ပါယာသို့ ဦးတည်မည်ဖြစ်သောကြောင့် မုန်တိုင်းမျိုးနွယ်မှ ကျင့်ကြံသူများ အမှန်တကယ်စေလွှတ်လိုက်လျှင်ပင် လမ်းတစ်ဝက်၌ တွေ့ဆုံနိုင်ချေများလေသည်။