မျောလွင့်နေသောအသိုက်ကြီး
Vol. 30 Ch. 420
ယဲ့ချန်သည် ကြယ်ခန်းမ၏ကိစ္စရပ်များကို စိုးရိမ်နေသော်လည်း ထုံတန်၊ နင်ချင်းယွင်နှင့် အခြားအကြီးအကဲများ ရှိလာသောကြောင့် သူခရီးထွက်လျှင်လည်း ၎င်းက ကောင်းစွာလည်ပတ်နိုင်ပေလိမ့်မည်။ ရှောင်ရိက အတူလိုက်ပါချင်သော်လည်း သူက ငြင်းဆန်ခဲ့သည်။ ရှောင်ရိ၊ နေလင်းယုန်နှင့် နန်ရှင်းကို သူနှင့်အတူခေါ်သွားခြင်းထက် ကြယ်ခန်းမတွင်ထားရစ်ခဲ့ခြင်းက ပို၍သင့်တော်သည်။ သူတို့အားလုံးက အဆင့်တက်ရန် နီးကပ်နေသည့်အပြင် အစွမ်းထက်ရန်သူများရောက်ရှိလာပါက ထုံတန်တစ်ယောက်တည်း ကိုင်တွယ်ရန် အခက်တွေ့နိုင်သည်။
"ဆရာက အစ်ကိုကြီးနဲ့အတူ ဝူဇီကို ခေါ်သွားလိုက်ဖို့ ပြောနေတယ်"
ရှောင်ရိ၏မျက်နှာက အလယ်အင်ပါယာသို့ မလိုက်ရသောကြောင့် အနည်းငယ်သုန်မှုန်နေသည်။
"ဝူဇီလား။ အန္တရာယ်ကြုံလာရင် ငါ သူ့ကို ကာကွယ်မပေးနိုင်လောက်ဘူး။ သူက အခုအချိန်မှာ အားနည်းနေသေးတယ်"
ယဲ့ချန်က အနည်းငယ် အံ့သြသွားခဲ့သည်။ ဝူဇီက ဝိညာဥ်ပုလဲအတွင်း ရောက်ရှိနေသဖြင့် မတွေ့ရသည်မှာ လအတန်ကြာနေပြီဖြစ်သည်။
"ဆရာပြောတာကတော့ ဝူဇီကိုကာကွယ်ပေးဖို့ မလိုတော့ဘူးတဲ့။ သူသာ တိုက်ပွဲထဲမှာဝင်မပါရင် အသက်ရှင်နိုင်ဖို့အတွက် သေချာပေါက် ပြဿနာမရှိဘူးလို့ပြောတယ်"
ရှောင်ရိက ထွင်ထျန်း၏စကားများကို တစ်ဆင့်ခံပြန်ပြောလိုက်သည်။
"ကောင်းပြီ"
ထွင်ထျန်းက ဝူဇီကိုခေါ်သွားရန် ညွှန်ကြားနေသဖြင့် အကြောင်းပြချက်တစ်ခုခု ရှိနိုင်သည်။ ထို့ကြောင့် ယဲ့ချန်က ငြင်းဆန်မနေတော့ဘဲ လက်ခံလိုက်သည်။ ဝူဇီက ဝိညာဥ်ပုလဲအတွင်းမှ လှစ်ခနဲထွက်လာ၍ အနက်ရောင်မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ်ပြုလုပ်ကာ ပတ်ဝန်းကျင်ကို စူးစမ်းနေသည်။ သူက ယဲ့ချန်ကိုမြင်သောအခါ ချက်ချင်းပြေးဝင်လာပြီး ခေါင်းဖြင့် ချစ်ခင်နှစ်သက်စွာ ပွတ်သပ်တိုးဝှေ့နေသည်။ သူက ယဲ့ချန်နှင့်မတွေ့ရသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။
ယဲ့ချန်သည် ဝူဇီတွင် ပြောင်းလဲမှုများဖြစ်နေကြောင်းကို ဂရုတစိုက်စစ်ဆေး၍ သိရှိလိုက်၏။ သူက ဆန်းကျယ်ထိပ်ဆုံးအဆင့်သို့ ရောက်ရှိနေကာ တစ်ကိုယ်လုံး ငွေရောင်ဖျော့ဖျော့လင်းလက်နေပြီး အနက်ရောင်ရုန်းများဖြစ်ပေါ်နေသည်။ လက်ရှိတွင် သူက ပျံသန်းနိုင်စွမ်းရှိလာခဲ့ပြီး ပျံသန်းလိုက်တိုင်းတွင် ရေချီများက တိမ်တစ်ခုသဖွယ်ဖြစ်ပေါ်လာသည်။ ထိုချီများက ဝူဇီကို ပျံသန်းနိုင်ရန် ကူညီပေးရုံသာမက ပုံရိပ်ယောင်စွမ်းအားများ ထုတ်ဖော်ပေးပြီး တည်နေရာကို ကိုယ်ဖျောက်ပေးထားနိုင်သည်။ ဝိညာဥ်အသိစိတ်ဖြင့်ပင် သူ၏တည်နေရာအတိအကျကို ရှာဖွေရန် မလွယ်ချေ။ ထွင်ထျန်းသည် ဝူဇီကိုကာကွယ်ပေးရန် မလိုအပ်ဟု ပြောကြားရသည့် အကြောင်းအရင်းကို ယဲ့ချန်က နားလည်လိုက်သည်။ အဆုံးမဲ့အဆင့်ကျင့်ကြံသူများပင် ဝူဇီ၏တည်နေရာကိုရှာဖွေရန် အလွန်ခက်ခဲသည်။ ရှာတွေ့လျှင်ပင် ဝူဇီ၏တစ်ကိုယ်လုံး ကြောက်မက်ဖွယ်အဆိပ်များ ပြည့်နှက်နေသောကြောင့် အသုံးမဝင်ပေ။ အမှောင်ရေဘဝဲများတွင် သဘာဝရန်သူမရှိသောကြောင့် နှစ်သန်းချီ ရှင်သန်နိုင်ကြခြင်းဖြစ်လေသည်။
"ဝူဇီ သွားကြစို့"
ယဲ့ချန်က ထုံတန်နှင့် ယဲ့မျိုးနွယ်ဝင်များကိုနှုတ်ဆက်ကာ ကောင်းကင်သို့ပျံတက်၍ ခရီးစဥ်ကို စတင်လိုက်သည်။ ကြယ်ခန်းမ၏တပည့်များက ယဲ့ချန်ကို လက်ဝှေ့ယမ်းပြ၍ နှုတ်ဆက်လိုက်ကြ၏။ ရေချီများဖုံးလွှမ်းနေသော ဝူဇီသည်လည်း ယဲ့ချန်နောက်သို့ အလင်းတန်းတစ်ခုပမာလိုက်ပါသွား၍ မိုးကုပ်စက်ဝိုင်း၌ လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။ ယဲ့ချန်သည် အလယ်အင်ပါယာသို့ဦးတည်နေရင်း ဝိညာဥ်အသိစိတ်ကို အဆုံးစွန်အထိ ထုတ်လွှတ်ထားသည်။ သူက ပတ်ဝန်းကျင်အကြောင်း ပို၍သိလေလေ အနာဂတ်တွင် လုပ်ရမည့်အချက်များကို ဆုံးဖြတ်နိုင်လေလေဖြစ်သည်။
သူက တဟုန်ထိုးလျှပ်စီးကျင့်စဥ်ဖြင့် အမြန်ဆုံးပျံသန်းနေသော်လည်း ပတ်ဝန်းကျင်ကိုစပ်စုနေသော ဝူဇီက မနီးမဝေးမှလိုက်ပါလာနိုင်သည်ကို အံ့အားသင့်ဖွယ် သိလိုက်ရသည်။ ဝူဇီ၏အလျင်က သူထင်ထားသည်ထက် ပို၍မြန်ဆန်နေပြီး ယဲ့ချန်မှာ သူ၏အမြန်ဆုံးအရှိန်ကို သိချင်နေခဲ့သည်။ ယဲ့ချန်နှင့်အတူပျံသန်းနေရင်း ဝူဇီက ရှေ့နောက်ပြေးလွှားကာ အရာအားလုံးကို စူးစမ်းနေသည်။ ရှေးမှတ်တမ်းများတွင် အမှောင်ရေဘဝဲများက လောကတစ်ခွင် သွားလာနိုင်စွမ်းရှိသည် ဟူသောအချက်ကို ယဲ့ချန် နားလည်သွားခဲ့သည်။
ဝိညာဥ်အသိစိတ်ဖြင့် နေရာတိုင်းတွင် ဝိညာဥ်သားရဲများ ပြွတ်သိပ်ကြပ်ညှပ်နေသည်ကို ယဲ့ချန်က သိလိုက်ရသည်။ အချို့သောတောင်ကြားများတွင် ဝိညာဥ်သားရဲများက သူတို့၏သုခံဘုံတစ်ခုပမာ ခြေချစရာမကျန်အောင် ပြည့်နှက်နေကြသည်။ အလယ်အင်ပါယာအနီးသို့ရောက်လေလေ အဆင့်မြင့်ဝိညာဥ်သားရဲများကို ပိုတွေ့ရလေလေဖြစ်သည်။ ဤအချက်ကြောင့် ၎င်းတို့၏ရင်းမြစ်သည် အလယ်အင်ပါယာ၌ဖြစ်နိုင်ကြောင်းကို မီးမောင်းထိုးပြနေသည်။ ယဲ့ချန်၏ဝိညာဥ်အသိစိတ်ကို ခံစားမိသောအခါ တောင်ကြားတစ်ခုအတွင်းမှ ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ချက်ချင်းဆိုသလိုပင် နတ်ဘုရင် ဝိညာဥ်သားရဲတစ်ကောင်၏ ဝိညာဥ်အသိစိတ်က သူ့ကို တိုက်ခိုက်လာခဲ့သည်။
"စဦးအဆင့် နတ်ဘုရင်လေးကများ ငါ့ကို တိုက်ခိုက်ချင်နေတယ်"
ယဲ့ချန်က အေးစက်စက်ပြုံးလိုက်ပြီး ဝိညာဥ်အသိစိတ်ဖြင့် တန်ပြန်တိုက်ခိုက်လိုက်သည်။ တောင်ကြားအတွင်းမှ နာကျင်စွာအော်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ခြောက်မီတာရှည်သော ဝိညာဥ်သားရဲတစ်ကောင်က အဆက်မပြတ်ညည်းညူရင်း ကောင်းကင်အဆင့်နှင့် ဆန်းကျယ်အဆင့် ဝိညာဥ်သားရဲများခြံရံ၍ လဲကျနေသည်။ သူက တောင်ကြားအတွင်းရှိ ဝိညာဥ်သားရဲများသည် ဂိုဏ်းတစ်ခုပမာဖြစ်တည်နေကြောင်း သိလိုက်ရသည်။ နတ်ဘုရင်အဆင့်က ခေါင်းဆောင်ဖြစ်ကာ ကျန်ဝိညာဥ်သားရဲများအားလုံးက ၎င်းကို အကာအကွယ်ပေးနေကြသည်။ ဤကား ကြောက်မက်ဖွယ်တွေ့ရှိချက်တစ်ခုဖြစ်ပြီး နတ်ဘုရင်အဆင့်နှင့်အထက် ဝိညာဥ်သားရဲများက ဝိညာဥ်သားရဲလှိုင်းများကို အမိန့်ပေးနိုင်ပုံပေါ်သည်။ ဤဖြစ်စဥ်အတွင်း ဝိညာဥ်သားရဲများက အရာအားလုံးကိုဝါးမျို၍ ဆင့်ကဲတိုးတက်လာနိုင်သည်။ နတ်ဘုရင်စဦးအဆင့် ဝိညာဥ်သားရဲက အနာဂတ်တွင် ဆက်လက်အစွမ်းထက်လာနိုင်လေသည်။
ယဲ့ချန်က အနာဂတ်ဘေးရန်များကို ချန်မထားရစ်လိုသောကြောင့် မိစ္ဆာဝံပုလွေဆေဘာကိုထုတ်ယူကာ တစ်ချက်ယမ်းလိုက်သည်။ အနီရောင်အလင်းတစ်ခုက တောင်ကြားတစ်ခုလုံးကို သွေးချင်းချင်းနီသွားစေကာ ဝိညာဥ်သားရဲအားလုံး သေဆုံးကုန်သည်။ လိပ်ပြာလက်နက်တစ်ခု၏အစွမ်းက အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းပေသည်။ သူက ဝိညာဥ်သားရဲအလောင်းများကို မျက်မှောင်ကြုတ်၍ စိုက်ကြည့်လိုက်သည်။ ထို့နောက် သူက လေးနက်စွာတွေးတော၍ ကောင်းကင်တုန်ခါဆေးအိုးကို ထုတ်ယူလိုက်သည်။ ၎င်းဖြင့် သားရဲအလောင်းများကို ဆေးလုံးအဖြစ်ပြောင်းလဲရန် ကြံစည်နေခြင်းဖြစ်သည်။
ယဲ့ချန်က စိတ်ဖြင့် ထိန်းချုပ်လိုက်သောအခါ ဆေးအိုးအဝတွင် စုပ်ဝဲတစ်ခုဖြစ်ပေါ်လာပြီး သားရဲအလောင်းများအားလုံး စုပ်ယူခံလိုက်ရ၏။ ဝိညာဥ်မီးတောက်များ ပြင်းထန်စွာ လောင်ကျွမ်းလာခဲ့သည်။ ခဏအတွင်း ဝိညာဥ်သားရဲအလောင်းများသည် ဆေးအိုးအောက်ခြေ၌ တောင်လိုပုံနေသော ဆေးလုံးများအဖြစ် ပြောင်းလဲသွားခဲ့၏။ ကောင်းကင်တုန်ခါဆေးအိုးက ဝိညာဥ်သားရဲများကိုလည်း ဆေးအဖြစ် သန့်စင်ပေးနိုင်သောကြောင့် သူက ပျော်ရွှင်သွားခဲ့သည်။ ဤအတိုင်းသာဆိုလျှင် ကြယ်ခန်းမ၏တပည့်များအတွက် အနာဂတ်၌ ဆေးလုံးများပြတ်လပ်မည်ကို ပူစရာမလိုတော့ပေ။
တောင်ကြားအတွင်း ဝိညာဥ်သားရဲအလောင်းများ ပြောင်သလင်းခါသွားပြီးနောက် ယဲ့ချန်က အသုံးဝင်သောရတနာများကို ရှာမတွေ့ခဲ့ပေ။ ထိုအချိန်တွင် ဝူဇီက တစ်ခုခုတွေ့ရှိသွားဟန်ဖြင့် ရုတ်တရက် သတင်းပို့လာသည်။ သူက လျင်မြန်စွာ ပြေးထွက်သွားသောကြောင့် ယဲ့ချန်သည် မည်သည့်အရာဖြစ်ကြောင်းမသိသော်လည်း တဟုန်ထိုးလျှပ်စီးကျင့်စဥ်ဖြင့် လိုက်ပါသွားခဲ့ရသည်။
"ဝှစ် ဝှစ် ဝှစ်"
တောတောင်ရေမြေများကို တရိပ်ရိပ်ကျော်ဖြတ်သွားပြီးနောက် မိုင်ပေါင်းထောင်ချီအကွာရှိ နက်ရှိုင်းသောတောင်ကြားတစ်ခုထံ ယဲ့ချန်တို့ ရောက်ရှိလာခဲ့သည်။ ဤတောင်ကြားက အတိတ်တွင် သားရဲများအတွက် သုခဘုံတစ်ခုဖြစ်ခဲ့ပြီး လူသားများခြေမချရဲလောက်သော နက်ရှိုင်းသည့် တောကြီးမျက်မည်းတွင် တည်ရှိသည်။ သို့သော် လက်ရှိတွင် ဝိညာဥ်သားရဲများက နေရာတိုင်းရှိနေကြပြီး ပျံသန်းနေသော ဝူဇီ၏နောက်သို့ တရစပ်လိုက်ပါနေကြသည်။ ယဲ့ချန်ကိုမင်သက်သွားစေသော မြင်ကွင်းတစ်ခုက မျက်လုံးအတွင်း ဝင်ရောက်လာသည်။
တောင်ကြားအတွင်း လေထဲတွင် စက်လုံးခြမ်းသဏ္ဍာန် အသိုက်ကြီးတစ်ခု မျောလွင့်နေသည်။ ၎င်းကို ငှက်သိုက်များကဲ့သို့ တည်ဆောက်ထားသော်လည်း သစ်လုံးများနှင့်တည်ဆောက်ထားပြီး မီတာရာချီမြင့်ကာ အလွန်ကြီးမားပေသည်။ ထို့အပြင် ၎င်းက လေထဲတွင် အထောက်အပံ့လုံးဝမရှိဘဲ တည်မြဲနေသည်။ အမျိုးအမည်မသိရသော စွမ်းအားတစ်ခုက ဆွဲမထားသကဲ့သို့ ထင်မှတ်ရသည်။
အသိုက်ကြီးအတွင်း ဓားခုတ်ကောင်သဏ္ဍာန် ဝိညာဥ်သားရဲများက ပျားပန်းခတ်မျှလှုပ်ရှားနေကြသည်။ တစ်ကောင်ချင်းစီက နတ်ဘုရင်အဆင့်များဖြစ်ကာ သစ်တောနှင့်အသိုက်ကို ကူးလူးသွားလာနေသည်။ ခဏအတွင်း ၎င်းတို့က ဆန်းကျယ်အဆင့်ဝိညာဥ်သားရဲများကို ဖမ်းဆီးလာပြီး အသိုက်အတွင်း ပစ်ချလိုက်ကြသည်။ အသိုက်ထဲမှ နာကျင်စွာအော်သံများက အချိန်တိုင်းထွက်ပေါ်နေပြီး ကြားရသူတိုင်း၏စိတ်ကို ညစ်ညူးသွားစေနိုင်သည်။ ၎င်းတို့က ထိုဖြစ်စဥ်ကို ထပ်ခါတလဲလဲလုပ်ဆောင်နေပြီး အသိုက်အတွင်းရှိအရာကလည်း ဆာလောင်မြွတ်သိပ်စွာဖြင့် ကျွေးသမျှဝိညာဥ်သားရဲများကို စားသောက်နေပုံပေါ်သည်။
ယဲ့ချန်သည် အဝေးတွင် ဂရုတစိုက်ပုန်းအောင်း၍ ဝိညာဥ်အသိစိတ်ကိုထုတ်လွှတ်ကာ ထောက်လှမ်းလိုက်၏။ သို့သော် အသိုက်ကို ကာကွယ်ရေးအလွှာတစ်ခုက ဖုံးအုပ်ထားပြီး ၎င်းကို ကန်ထွက်လာစေသည်။
"ဒါတွေကို တစ်ယောက်ယောက်က ဝိညာဥ်မျှော်စင်အပြင်ကို ထုတ်လာတာလား"
ကောင်းကင်ကြယ်တာရာတံဆိပ်အတွင်းမှ ခြင်္သေ့ကြီးက အလန့်တကြားရေရွတ်လိုက်သည်။
"ဒါက ဘာလဲ"
"ရွှေရောင်ဥတွေကို မင်း မှတ်မိလား"
"ကျုပ် သိပြီ။ ဒီအသိုက်ထဲမှာ ရွှေရောင်ဥတွေ အကောင်ပေါက်လာတာလား"
"ဖြစ်နိုင်တယ်"
"ဒီဥတွေက ဘာကောင်တွေပေါက်လာမှာလဲ"
ယဲ့ချန်၏ရင်ထဲတွင် ဆိုးဝါးသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ခြင်္သေ့ကြီးပင်လျှင် ရွှေရောင်ဥများကို စိုးရွံ့နေခဲ့သည်။
"အမှန်အတိုင်းပြောရရင် ငါလည်း သေချာမသိဘူး။ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက လူသား ၊မှော်သားရဲနဲ့ ကောင်းကင်သားရဲ မျိုးနွယ်ကြီးသုံးခုက ဝိညာဥ်သားရဲတွေကို လျှို့ဝှက်တောင်ကြားတစ်ခုမှာ ရှာတွေ့ခဲ့တယ်။ လေထဲမှာမျောလွင့်နေတဲ့ ဧရာမအသိုက်ကြီးတစ်ခုလည်း ရှိနေတယ်။ အသိုက်ထဲမှာ မျိုးနွယ်သုံးခုလုံးကို ဖျက်ဆီးနိုင်လောက်အောင် အစွမ်းထက်ပြီး ကြောက်စရာကောင်းတဲ့ ဝိညာဥ်သားရဲတစ်ကောင်ကို တွေ့ခဲ့ရတယ်။ သန်းချီတဲ့ကျင့်ကြံသူတွေ ဝိုင်းပြီးတိုက်ခိုက်ခဲ့ကြပေမယ့် တစ်ဝက်ကျော်လောက် သေဆုံးသွားရတယ်။ နောက်ဆုံးမှာ အဲ့ဒီသားရဲရဲ့ဥတွေကို တစ်ယောက်ယောက်က ရသွားပုံပေါ်တယ်။ အတိတ်မှာ ဝိညာဥ်သားရဲတွေဆီကနေ အဖိုးတန်သတ္တုတစ်မျိုးတည်းသာ ရရှိခဲ့တယ်။ ဒါပေမယ့် အခု ထျန်းယွမ်ငွေပြားတွေ၊ ဆည်းဆာရွှေတွေ၊ နက်ဖရိုက်သတ္တုနဲ့ ကျင့်စဥ်ကျောက်စိမ်းပြားတွေ ရှိနေတယ်။ ဒါကို တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိ လုပ်နေတာဖြစ်ရမယ်""
ခြင်္သေ့ကြီးက လေးနက်စွာတွေးတော၍ ရှင်းပြလိုက်သည်။
"ဒါက ဘယ်လိုလျှို့ဝှက်ချက်များလဲ"
ယဲ့ချန်က မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။ သူက လေထဲရှိအသိုက်ကြီးကိုကြည့်ရင်း စိတ်များလေးလံလာသည်။ အသိုက်ကိုပြောင်းပြန်လှန်လိုက်လျှင် အတွင်းရှိအရာများ ထွက်ပေါ်လာနိုင်သည်။ အကယ်၍ ဝိညာဥ်သားရဲများက မျိုးနွယ်ကြီးသုံးခုကို ဖျက်ဆီးလိုလျှင် သူနှင့် ကြယ်ခန်းမလည်း အသက်ချမ်းသာမည်မဟုတ်ချေ။