← Chapters

ဘုရင်အတန်းအစား တပည့်

Vol. 35 Ch. 475

ဘုရင်အတန်းအစား တပည့်

Vol. 35 Ch. 475

ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲက လီဖူချန်းကို အတွင်းစည်းဂိုဏ်းထဲ ခေါ်သွားခဲ့တာပါ။

တောင်ပူစာလေး တစ်လုံးကို ဖြတ်ပျံမိတဲ့ အခါမှာတော့ လီဖူချန်းဟာ စစ်သဘောၤကြီး တစ်စင်းကို အနီးကပ် မြင်လိုက်ရပါတော့တယ်။

လီဖူချန်းက စစ်သင်္ဘောကို စိတ်ဝင်စားနေမှန်း ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲက ရိပ်မိပုံပါပဲ။ သူက လီဖူချန်းကို ရှင်းပြလိုက်ပါတယ်။

" ဒါက အဆင့်၇ အဆင့်နိမ့် အတန်းအစား စစ်သဘောၤပဲ။ အဲဒါက မူလပင်လယ်နယ်ပယ် အဆင့်နိမ့်ပိုင်းက ဘုရင်တစ်ပါးကိုတောင် ဒဏ်ရာရအောင် လုပ်နိုင်တယ်။အကြိုဘုရင်အဆင့် ဆိုရင်တော့ စကားထဲတောင် ထည့်ပြောစရာ မလိုဘူး ။ ဒါက ငါတို့ သက်တံနီဂိုဏ်းရဲ့ အားထားရတဲ့ စစ်လက်နက်ပဲ "

" အဆင့်၇ စစ်သဘောၤလား "

လီဖူချန်းက သူနဲ့ ဘာမှမဆိုင်တဲ့ ကမ္ဘာကြီးတစ်ခုကို ရောက်လာသလို ခံစားလိုက်ရပါတယ်။

" တစ်နေ့ကျရင် ငါ့ဆီမှာလည်း သည်လို စစ်သင်္ဘောတစ်စင်း ရှိလာစေရမယ် "

အခုအချိန်မှာတော့ သူက စစ်သဘောၤတွေကို ပိုင်ဆိုင်နိုင်တဲ့ အဆင့်မှာ မရှိသေးပါဘူး။ အဲသည်အတွက် သူက စစ်သဘောၤကို ငေးကြည့်နေရုံပဲ တတ်နိုင်ခဲ့ပါတယ်။

ဘုရင်အဆင့် ဂိုဏ်းဆိုတာ ဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ် တစ်ပါးလောက် ကြောက်စရာ မကောင်းပါဘူး။ ဒါပေမဲ့လည်း ဘုရင်အဆင့် ဂိုဏ်းမှာကဥပဒေသ ပြောင်းလဲခြင်း နယ်ပယ်က ဧကရာဇ်တစ်ပါးကိုရင်ဆိုင်ဖို့အတွက် ဝင်္ကပါ အစီအရင်တွေ၊ စေတီ ဝင်္ကပါတွေနဲ့ နည်းလမ်းအမျိုးမျိုး ရှိပါတယ်။

လီဖူချန်းက စစ်အတွင်းမှာဆိုရင် သည်စစ်သဘောၤတွေဟာဘယ်လောက် ကြောက်စရာ ကောင်းလိုက်မလဲ ဆိုတာကိုလည်း တွေးလိုက်မိပါသေးတယ်။

ကျင့်ကြံသူ တစ်ယောက်ဟာ သည်လို စစ်လက်နက်မျိုးနဲ့ တွေ့ရင်တော့ အကူအကယ် မဲ့သလို ခံစားရမှာ အသေအချာပါပဲ။ သူတို့က နှစ်ပေါင်း ရာနဲ့ချီပြီး ကျင့်ကြံထားသူ ဖြစ်ရင် ဖြစ်နေပါမယ်။ ဒါပေမဲ့ သည်လို စစ်လက်နက်မျိုးနဲ့ တွေ့ရင်တော့ အသတ်ခံရရုံကလွဲပြီး ဘာမှ ဆက်ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒါပေမဲ့လည်း ဘုရင်အဆင့် ဂိုဏ်းတစ်ဂိုဏ်းဟာ သည်လို စစ်လက်နက်တွေကို ပိုင်ဆိုင်ထားမှလည်း တော်ကာကျမှာပါ။ မဟုတ်လို့ကတော့ သူတို့ဟာအစောကြီးကတည်းက ဂိုဏ်းလုံးကျွတ် ပျက်စီးသွားလောက်ပါပြီ။

အချိန်အနည်းငယ် အကြာမှာတော့ သူတို့နှစ်ယောက်ဟာ အတွင်းစည်း ဂိုဏ်းထဲက ခန်းမကျယ်ကြီး တစ်ခုဆီကို ရောက်လာခဲ့ကြပါတယ်။

" အကြီးအကဲလျူ…… ဘယ်လို အကြောင်းကြောင့် အတွင်းစည်း ဂိုဏ်းထဲကို ရောက်လာရတာလဲ "

သြဇာအာဏာ အပြည့်ရှိတဲ့ အသံတစ်ခုဟာ သူတို့ကို ဆီးကြိုနေခဲ့ပါတယ်။

ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲက အရိုအသေ ပေးလိုက်ပြီး

" အကြီးအကဲဟန် ခင်ဗျား…… သည်နှစ် လက်ခံတဲ့ အပြင်စည်း တပည့်တွေထဲမှာ ထိုးထွင်းသိမြင်မှု အမှတ်ပြည့်ရတဲ့ ကလေးတစ်ယောက် ပါလာခဲ့ပါတယ်။ ဒါပေမဲ့ သူက ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံပဲ ရှိတယ်လို့ ပြောနေပါတယ်။ အကြီးအကဲဟန်က သူ့ရဲ့ အရိုးတည်ဆောက်ပုံ နဲ့ ထိုးထွင်းသိမြင်မှုကို စစ်ဆေးပေးနိုင်မလားဆိုပြီး အကူအညီတောင်းဖို့ ကျွန်တော် ရောက်လာခဲ့တာပါ "

" ထိုးထွင်းသိမြင်မှု အပိုင်းမှာ အမှတ်ပြည့် ဟုတ်လား "

အသံပိုင်ရှင်က အနည်းငယ် စိတ်လှုပ်ရှားသွားတဲ့ ပုံပါပဲ။

" ဟုတ်ပါတယ် ခင်ဗျာ "

ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲက ရိုရိုသေသေ ပြန်ဖြေလိုက်ပါတယ်။

ရွှီး……

အနက်ရောင် အလင်းတန်းနဲ့အတူ လူရိပ်တစ်ရိပ်ဟာ လီဖူချန်းတို့ရှေ့ကို ရောက်လာခဲ့ပါပြီ။

အဲသည်လူရိပ်ကတော့ အရပ်ပုပု၊ ပိန်ပိန်ပါးပါးနဲ့ အဘိုးအို တစ်ယောက်ပါပဲ။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပါသေးတယ်။ သူ့ရဲ့ အရပ်က ၁.၆မီတာထက် ပိုမကျော်ပါဘူး။ သူက လေတိုက်ရင်တောင် မျောပါသွားတော့မလိုပါပဲ။

ဒါပေမဲ့လည်း အဲသည်အဘိုးအို သူ့ရှေ့ ရောက်လာတာနဲ့ တစ်ပြိုင်နက် လီဖူချန်းရဲ့ သွေးတွေဟာ ဆူပွက်လာခဲ့ပါတယ်။ အဲဒါကတော့သည်အဘိုးအိုဟာ အင်မတန် အန္တရာယ် ရှိနေတယ် ဆိုတာကို သူ့ရဲ့ အသိစိတ်အာရုံက အချက်ပြနေတာပါ။

မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါး………

သည်အဘိုးအိုက သေချာပေါက် မူလပင်လယ်နယ်ပယ်က ဘုရင်တစ်ပါးပါပဲ။ လီဖူချန်းက ရူးသွားရင်တောင်မှ သူ့ရှေ့မှာ ရပ်နေတဲ့ သူဟာ မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါး ဆိုတာကို သိနိုင်ပါသေးတယ်။

မူလပင်လယ်…… မူလပင်လယ် ………။

အဲဒါက လူတစ်ယောက်ရဲ့ ချီအတွင်းအားတွေဟာ ပင်လယ်တစ်စင်းလို ဖြစ်နေပြီလို့ ပြောနေတာပါပဲ။

အရပ်ပုပု အဘိုးအိုက သူ့ရဲ့ လက်ဖဝါးကို ဖြန့်လိုက်တဲ့ အခါမှာတော့ အရိုးတည်ဆောက်ပုံကို စမ်းသပ်တဲ့ ကျောက်တုံးတစ်တုံး ပေါ်လာခဲ့ပါပြီ။ ပြီးတဲ့နောက်မှာတော့ သူက လီဖူချန်းကို ပြောလိုက်ပါတယ်။

" မင်းရဲ့ အရိုးတည်ဆောက်ပုံကို စမ်းသပ်ကြည့် "

" ဟုတ်ကဲ့ပါ အကြီးအကဲ "

လီဖူချန်းက မရိုမသေ မလုပ်ရဲပါဘူး။ သူက အရိုးတည်ဆောက်ပုံ ကျောက်တုံးကို လက်နှစ်ဖက်နဲ့ လှမ်းယူလိုက်ပါတယ်။

မျက်စိတစ်မှိတ် အတွင်းမှာပဲ အရိုးတည်ဆောက်ပုံဟာ အရောင်တောက်ပလာပြီး ရောင်ခြည်စက်ကွင်း ငါးခုကို ထုတ်လွှတ်ပေးလာ ခဲ့ပါပြီ။

" သူပြောတာ မမှားပါဘူး။ သူက တကယ် ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ပဲ "

ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲက မျက်ခုံးပင့်လိုက် မိပါတယ်။

ထိုးထွင်းသိမြင်မှု အမှတ်ပြည့်ရတဲ့ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်။ သူ့ဘဝမှာ သည်လိုလူမျိုးကို တစ်ခါမှ မမြင်ဘူးသလို၊ တစ်ခါမှလည်း မကြားဖူးပါဘူး။

" ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်လား "

အရပ်ပုပု အဘိုးအိုကလည်း မျက်မှောက်ကြုတ် နေပါတယ်။

သူက သူ့ဘဝ သက်တမ်းတစ်လျှောက်မှာ ကောင်းကင်ဘုံကို အန်တုနိုင်တဲ့ ပါရမီရှင် အများအပြားကို မြင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း လီဖူချန်းလို ပါရမီရှင်ကိုတော့ ပထမဦးဆုံး မြင်ဖူးခြင်းပါပဲ။

" အကြီးအကဲဟန်…… ကျွန်တော်တို့ သူ့ကို ဘယ်လို လုပ်ကြမလဲ "

ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲက အရပ်ပုပု အဘိုးအိုရဲ့ အကြံဉာဏ်ကို တောင်းခံလိုက်ပါတယ်။

အရပ်ပုပု အဘိုးအိုက ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲကို မျက်ထောင့်နီကြီးနဲ့ ကြည့်လိုက်ပြီး

" ဘာလုပ်ကြမှာလဲ ဟုတ်လား။ ထိုးထွင်းသိမြင်မှု အမှတ်ပြည့် ရတယ်ဆိုတာက လွယ်တယ်များ မှတ်နေလား။ သူ့ရဲ့ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ကို အဆင့်မြှင့်ပေးလို့ရတဲ့ ကြယ်ငင်ဆေးပင်ဆိုတာ ငါတို့ သက်တံနီဂိုဏ်းမှာ ရှိတယ်။ အဲဒါကို သည်ကလေးကို အသုံးပြုခွင့်ပေးဖို့ ငါခွင့်သွားတောင်းလိုက်မယ်။ မင်းကတော့ သူ့ကို ဘုရင်အတန်းအစား တပည့်အဖြစ် သတ်မှတ်ပေးပြီး စီစဉ်စရာ ရှိတာတွေ စီစဉ်ပေးလိုက် "

တကယ်လို့ ထိုးထွင်းသိမြင်မှုမှာ အမှတ်ပြည့်ရတဲ့ လူတစ်ယောက်ကိုဘုရင်အတန်းအစား တပည့်အဖြစ် မသတ်မှတ်ဘူးဆိုရင် သက်တံနီဂိုဏ်းမှာဘုရင်အတန်းအစား တပည့်တွေ တစ်ယောက်တောင် ရှိမှာ မဟုတ်ပါဘူး။

" လီဖူချန်း…… အကြီးအကဲဟန်ကို မြန်မြန် ကျေးဇူးတင်လိုက်လေ "

ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲက လီဖူချန်းကို သတိပေးလိုက်ပါတယ်။

အကြီးအကဲဟန်က လီဖူချန်းကို အသုံးပြုခွင့်ပေးမယ်ဆိုတဲ့ ကြယ်ငင်ဆေးပင်ဟာ ကောင်းကင် အဆင့်နိမ့် ဆေးပင် ဖြစ်ပါတယ်။ ကောင်းကင် အဆင့်နိမ့် ဆေးပင်တွေဟာ ရှားပါးလှတာ အမှန်ပါပဲ။ ဒါပေမဲ့ အရိုးတည်ဆောက်ပံကို အဆင့်မြှင့်ပေးတဲ့ ဆေးပင်တွေက ပိုလို့တောင် ရှားပါသေးတယ်။

ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲ သိရသလောက် ဆိုရင်တော့ အဲသည် ကြယ်ငင်ဆေးပင် ဆိုတာကထိပ်ပိုင်းက အကြီးအကဲတွေရဲ့ မျိုးဆက်တွေအတွက် ရည်ရွယ်ထားခဲ့တာပါ။ အဲသည်အတွက် ဘာ်သူကမှ အဲသည်ဆေးပင်ကိ အသုံးပြုဖို့ မတောင်းရဲကြပါဘူး။ ဒါပေမဲ့လည်း အကြီးအကဲဟန်ကတော့ လီဖူချန်းကို အဲသည်ဆေးပင် အသုံးပြုခွင့် ရဖို့အတွက် ခွင့်တောင်းပေးမယ်လို့ ဆိုနေပါတယ်။ ဒါကြောင့် သူက လီဖူချန်းကို ကျေးဇူးတင်စကား ပြောဖို့အတွက် တိုက်တွန်းနေတာပါ။

" ကျေးဇူးတင်ပါတယ် အကြီးအကဲဟန် .…"

လီဖူချန်းက လက်နှစ်ဖက်ကို ဆုပ်ပြီး ခါးကို ကိုင်းညွှတ်ကာ အရိုအသေ ပေးလိုက်ပါတယ်။

သူက နုံအနေတဲ့သူတစ်ယောက် မဟုတ်ပါဘူး။ ကောင်းကင်အဆင့် ဆေးပင်တွေကပဲ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံကို ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ဖြစ်အောင် မြှင့်တင်ပေးနိုင်တယ် ဆိုတာကိုသူ့အနေနဲ့ ကောင်းကောင်းကြီး သိပါတယ်။

ဒါကြောင့်လည်း သူက အကြီးအကဲဟန်ကို တကယ် စိတ်ပါလက်ပါနဲ့ အရိုအသေ ပေးလိုက်တာပါ။

အကြီးအကဲဟန်က လက်ကာပြလိုက်ပြီး ပြောလိုက်ပါတယ်။

" ရတယ်။ ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး။ ငါတို့ သက်တံနီဂိုဏ်းက တကယ့်ပါရမီရှင် တစ်ယောက်အတွက် ဆိုရင် ဘာကိုမှ မနှမြောဘူးကွ။မင်းက ထိုးထွင်းသိမြင်မှုမှာ အမှတ်ပြည့် ရထားမှတော့ ငါက ကူညီစောင်မ ပေးရမှာပေါ့။ ငါ့ကို ကျေးဇူးတကယ် တင်ရင်ငါနောင်တ မရအောင် ကြိုးစားပြပေါ့ "

ထိုးထွင်းသိမြင်မှု အမှတ်ပြည့် ရထားတဲ့ လီဖူချန်းနဲ့ ယှဉ်ရင်တော့ ကောင်းကင်အဆင့်နိမ့် ဆေးပင်က ဘာမှ မဟုတ်ပါဘူး။ တကယ်လို့ ကောင်းကင်အဆင့်နိမ့် ဆေးပင် ဆယ်ပင် လိုနေတယ် ဆိုရင်တောင်မှ သက်တံနီဂိုဏ်းဟာ နှစ်ခါပြန် စဉ်းစားမနေဘဲ လီဖူချန်းကို ပေးသွားမှာ ဖြစ်ပါတယ်။

တကယ်လို့ လီဖူချန်းသာ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံပိုင်ရှင် ဖြစ်သွားခဲ့မယ် ဆိုရင်တော့ သူဟာနောင်အနာဂတ်မှာ သေချာပေါက်မူလပင်လယ် နယ်ပယ်က ဘုရင်တစ်ပါး ဖြစ်လာမှာပါပဲ။ပြီးတော့ သူဟာ သာမန် မူလပင်လယ်နယ်ပယ် ဘုရင်တစ်ပါးထက် ပိုအစွမ်းထက်တဲ့ လက်ရွေးစင် ဖြစ်လာမှာပါ။ အဲဒါက ကောင်းကင်အဆင့်နိမ့် ဆေးပင်တွေထက် အများကြီး တန်ဖိုး ရှိပါတယ်။

" အကြီးအကဲလျု…… သူ့ကို ခေါ်သွားပြီး စီစဉ်စရာ ရှိတာတွေ စီစဉ်ပေးလိုက်တော့ "

အကြီးအကဲဟန်က ပြောလိုက်ပါတယ်။

" ဟုတ်ကဲ့ "

ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲက ခေါင်းညိတ်လိုက်ပြီး လီဖူချန်းကို ခေါ်သွားခဲ့ပါပြီ။

" လာ……ကောင်လေး။ ငါတို့ ဘုရင်အတန်းအစား နယ်မြေကို သွားကြမယ် "

ဘုရင်အတန်းအစား နယ်မြေကတော့ အပြင်စည်းဂိုဏ်း နဲ့ အတွင်းစည်းဂိုဏ်း ကြားထဲမှာ တည်ရှိပါတယ် ။ အဲသည်နယ်မြေထဲမှာတော့တပည့်တွေကို သီးခြား မခွဲခြားထားပါဘူး။

ဘုရင်အတန်းအစား အပြင်စည်းတပည့်၊ ဘုရင်အတန်းအစား အတွင်းစည်းတပည့် နဲ့ ဘုရင်အတန်းအစား တိုက်ရိုက်တပည့်တွေ အကုန်လုံးဟာ အဲသည်နယ်မြေထဲမှာပဲ နေကြတာပါ။

ဘုရင်အတန်းအစား နယ်မြေကို ရောက်တဲ့အခါမှာတော့ သည်နယ်မြေက သဘာဝ ပတ်ဝန်းကျင်ဟာ အတော်လေး ကောင်းနေတာကို လီဖူချန်း သိလိုက်ရပါတယ် ။ သည်နေရာက ချီစွမ်းအင်တွေရဲ့ သိပ်သည်းမှုကတော့ အပြင်စည်းဂိုဏ်နဲ့ အတူတူပါပဲ။ ဒါပေမဲ့ သန့်စင်မှုကတော့ နှစ်ဆ ပိုပါတယ်။

တကယ်လို့သာ လူတစ်ယောက်က သည်နေရာမှာ နှစ်ရှည်လများ အခြေချ နေထိုင်မယ်ဆိုရင် သူ့ရဲ့ ခန္ဓာကိုယ်ဟာ ချီစွမ်းအင်တွေရဲ့ သန့်စင်ပေးမှုကို ခံရမှာ ဖြစ်ပြီး အဆင့်တက်ဖို့အတွက် ခက်ခဲတော့မှာ မဟုတ်ပါဘူး။

ပြီးတော့ သည်နယ်မြေထဲမှာ ဝိညာဉ်သစ်ပင်တွေ၊ ဆေးပင်တွေနဲ့ လှပတဲ့ တောတောင်ရေမြေ သဘာဝလည်း ရှိနေပါသေးတယ်။လီဖူချန်းအတွက်ကတော့ သည်နေရာဟာ တကယ့် ကောင်းကင်ဘုံ၊ မသေမျိုးတို့ စံပျော်ရာ နယ်မြေလိုပါပဲ။

" ဘုရင်အတန်းအစား တပည့်တိုင်းက ကိုယ်ပိုင်တောင်တစ်လုံးစီ ရကြတယ်။ အဲသည်နားမှာ ရှိတဲ့ တောင်တွေကတော့ အလွတ်တွေချည်းပဲ။ မင်းကြိုက်တဲ့ တောင်တစ်လုံးကို ရွေးလိုက် "

ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲက တစ်နေရာကို လက်ညှိုးညွှန်လိုက်ပြီး လီဖူချန်းကို ပြောလိုက်ပါတယ်။

" ကျွန်တော် အဲသည်တောင်ကို ရွေးမယ် "

လီဖူချန်းကလည်း မျက်စိထဲမြင်ရာ တောင်တစ်လုံးကို လက်ညှိုးထိုးလိုက်ပါတယ်။

သည်နေရာမှာ ရှိနေသမျှ တောင်တွေ အကုန်လုံးက တစ်ပုံစံတည်းနီးပါးဖြစ်နေတဲ့အတွက် သူ့အနေနဲ့ ရွေးချယ်နေလို့လည်း ဘာမှ ထူးမှာ မဟုတ်ပါဘူး။

" ဒါဆိုလည်း သွားကြစို့ "

ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲက လီဖူချန်း လက်ညှိုးထိုးလိုက်တဲ့ တောင်ဆီကို ပျံသန်းသွားပြီး တောင်ထိပ်ပေါ်မှာ ဆင်းသက်လိုက်ပါတယ်။

သည်တောင်ထိပ်က သိပ်ပြီး မကြီးလှပါဘူး။ ဒါက မီတာတစ်ရာ ပတ်လည်လောက်သာ ရှိတာပါ။ တောင်ထိပ်ပေါ်မှာတော့ ခြံဝင်းတစ်ခု နဲ့ အဆောက်အဦးတစ်ခု ရှိနေပါတယ်။

" ဒါကတော့ မင်းနေရမယ့် ခြံဝင်းပဲ။နောင်ဆိုရင် မင်းက သည်နေရာမှာပဲ ကျင့်ကြံရမှာ။ဘုရင်အတန်းအစား တပည့်ဖြစ်တဲ့အတွက် မင်းက မင်းစိတ်ကြိုက် မြေကမ္ဘာ အထွတ်အထိပ်အဆင့် ချီအတွင်းအား ကျင့်စဉ်တစ်ခုရဲ့ဲ ပထမပိုင်း အခန်း၃၀ကို အလကား လေ့ကျင့်ခွင့် ရှိတယ်။ပြီးတော့ နှစ်စဉ်နှစ်တိုင်းမှာ မြေကမ္ဘာအဆင့်မြင့် ဆေးရည်ဖြစ်တဲ့ သက်တံနီ ဆေးရည် သုံးပုလင်း၊ မြေကမ္ဆာအဆင့်မြင့် ထိုးထွင်းသိမြင်ဆေးလုံး သုံးလုံးနဲ့ ထောက်ပံ့ရေးရမှတ် တစ်သောင်းကိုလည်း ရဦးမယ် "

ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲက ခြံဝင်းတံခါးကို ဖွင့်ပေးရင်းနဲ့ လီဖူချန်းရမယ့် အခွင့်အရေးတွေကို ရှင်းပြလိုက်ပါတယ်။

" မြေကမ္ဘာ အထွတ်အထိပ်အဆင့် ချီအတွင်းအား ကျင့်စဉ်၊မြေကမ္ဘာအဆင့်မြင့် ဆေးရည် သက်တံနီ ဆေးရည် သုံးပုလင်း၊ မြေကမ္ဆာအဆင့်မြင့် ထိုးထွင်းသိမြင်ဆေးလုံး သုံးလုံးနဲ့ ထောက်ပံ့ရေးရမှတ် တစ်သောင်း ……ဟုတ်လား "

လီဖူချန်းက ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပါပြီ။

သူက ဘုရင်အတန်းအစား တပည့်တစ်ယောက်ရဲ့ ရပိုင်ခွင့် အခွင့်အရေးဟာ သည်လောက်အထိ ကောင်းနေလိမ့်မယ်လို့ လုံးဝ တွေးထင် မထားခဲ့ပါဘူး။

ထိုးထွင်းသိမြင်မှု ခန်းမ အကြီးအကဲက ဆက်ပြီး ပြောပါတယ်။

" ပထမတန်းစား အပြင်စည်း တပည့်တွေကဂိုဏ်းတော်ရဲ့ ချီအတွင်းအား ကျင့်စဉ်တွေကို ကျင့်ကြံချင်ရင် ထောက်ပံ့ရေး ရမှတ်တွေ ပေးရတယ်။ ပြီးတော့ သူတို့က တစ်နှစ်မှာသက်တံနီ ဆေးရည် တစ်ပုလင်း၊ မြေကမ္ဆာအဆင့်မြင့် ထိုးထွင်းသိမြင်ဆေးလုံး တစ်လုံးနဲ့ ထောက်ပံ့ရေးရမှတ် တစ်ထောင်ပဲ ရတာ။ ဒုတိယတန်းစား တပည့်တွေကတော့ သက်တံနီဆေးလုံး တစ်လုံးပဲ ရတယ်။ တတိယတန်းစား တပည့်တွေကတော့ ဘာဆို ဘာမှ မရဘူး။ သူတို့တွေက သူတို့ကိုယ်သူတို့ အားကိုးပြီး ထောက်ပံ့ရေး ရမှတ်တွေ ရှာရတာ "

သည်အကြောင်းတွေကိုတော့ မပြောပြရင်လည်း ရပေမယ့် ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲက ဘုရင်အတန်းအစား တပည့်တွေနဲ့ အခြားတပည့်တွေကြားမှာ ခြားနားမှု ဘယ်လောက်ရှိသလဲ ဆိုတာလီဖူချန်းကို သိစေချင်တဲ့အတွက်ပြောပြလိုက်တာ ဖြစ်ပါတယ်။

***

All Chapters