← Chapters

ချီပြိုကွဲဆေးလုံး အရောင်းအဝယ်

Vol. 30 Ch. 422

ချီပြိုကွဲဆေးလုံး အရောင်းအဝယ်

Vol. 30 Ch. 422

ယဲ့ချန်သည် သူ၏အရှိန်ကိုမြှင့်တင်၍ ပျံသန်းလိုက်သောအခါ အနီရောင်ရှိခိုးကောင်ကြီးက အဝေးတွင် ကျန်ရစ်ခဲ့သည်။ ၎င်းက အစွမ်းထက်သော်လည်း အချို့စွမ်းရည်များတွင် မျိုးနွယ်ကြီးသုံးခု၏ ထူးကဲအဆင့်ကျင့်ကြံသူများအောက် နိမ့်ကျနေခဲ့သည်။

"ကြည့်ရတာ ဒီကောင်ကြီး လိုက်မလာနိုင်တော့ဘူးထင်တယ်"

ယဲ့ချန်က သက်ပြင်းတစ်ချက်ချလိုက်သည်။ ထိုအချိန်တွင် လျင်မြန်လှသော ဝူဇီက မျက်တောင်တစ်ခတ်အတွင်း သူ့ကို ကျော်ဖြတ်သွားသည်။ သူက ဝူဇီကို အထင်သေးခဲ့မိသည်။ ဝူဇီ၏ထွက်ပြေးနိုင်စွမ်းက အမှန်တကယ် ပြိုင်ဘက်ကင်းလှသည်။ ဝူဇီက ပျော်ရွှင်စွာဖြင့် သူသယ်ဆောင်လာသော သိုလှောင်အိတ်ကို ယဲ့ချန်ထံ ကမ်းပေးလိုက်သည်။ သူက ဝူဇီယူဆောင်လာသော ရတနာများကို သိလိုသောကြောင့် အိတ်ကို ယူလိုက်သည်။ အိတ်အတွင်းမှ အလင်းရောင်များတောက်ပလာ၍ အတွင်းရှိရတနာများကို စစ်ဆေးလိုက်သောအခါ သူက မင်သက်သွားခဲ့သည်။ ဝူဇီက အလွန်လျင်မြန်စွာဖြင့် အချိန်တိုအတွင်း ရတနာများစွာ အလစ်သုတ်လာနိုင်မည်ဟု မျှော်လင့်မထားသောကြောင့်ဖြစ်သည်။

"ဒါက မင်းအတွက်။ ဒါတွေကိုစားပြီးသွားရင် မင်းကို နောက်ထပ်ပေးဦးမယ်။ ဒီမှာ အာကာသကျောက်တွေ အများကြီးကျန်သေးတယ်။ ဒါတွေကို အများကြီးသုံးလိုက်ရင် အာနိသင်က လျော့နည်းသွားလိမ့်မယ်။ ဒါတွေကို ကြယ်ခန်းမအတွက် ပေးနိုင်မလား။ အနာဂတ်မှာ ရတနာကောင်းလေးတွေတွေ့ရင် အစ်ကိုကြီးက မင်းကို ဆုချဦးမယ်"

ဝူဇီက ပြုံးရွှင်စွာဖြင့် ယဲ့ချန်၏ပခုံးပေါ်တွင် ကပ်တွယ်နေသည်။ သူက အာကာသကျောက်နှစ်လုံးကို ဝူဇီထံကမ်းပေး၍ ပြောလိုက်ခြင်းဖြစ်သည်။ ထို့နောက် သူက ဝူဇီ၏ခေါင်းလေးကို ကြင်နာစွာ ပွတ်သပ်လိုက်၏။ ဝူဇီက အာကာသကျောက်များကို လက်တံများဖြင့်ဆုပ်ကိုင်၍ ခေါင်းညိတ်ပြလိုက်သည်။ သူ၏မျက်ဝန်းများက ပြုံးပြနေဟန်ဖြင့် ကျဥ်းမြောင်းသွားကြသည်။

ယဲ့ချန်က လျင်မြန်စွာ ရေတွက်လိုက်သောအခါ အာကာသကျောက်၂၃၀၊ အဆင့်ကိုးနတ်ဆိုးချပ်ဝတ် အစိတ်အပိုင်းရှစ်ခု၊ အဆင့်ရှစ်နတ်ဆိုးချပ်ဝတ် အစိတ်အပိုင်းဆယ့်ခုနစ်ခု၊ ရာချီသောဆည်းဆာရွှေများ၊ နက်ဖရိုက်ပုလဲများနှင့် ထျန်းယွမ်ငွေပြားများကို တွေ့လိုက်ရသည်။ ဤရတနာများကြားတွင် တန်ဖိုးအနည်းဆုံးမှာ ထျန်းယွမ်ငွေပြားများဖြစ်ပြီး ကျန်ရတနာများက အလွန်အဖိုးတန်ကာ အထူးသဖြင့် နတ်ဆိုးချပ်ဝတ်အစိတ်အပိုင်းများဖြစ်ကြသည်။ ယဲ့ချန်က သူဝတ်ဆင်ထားသော အဆင့်ရှစ်အစိတ်အပိုင်းများကို အဆင့်ကိုးအစိတ်အပိုင်းများနှင့် လဲလှယ်တပ်ဆင်လိုက်သည်။ ထို့နောက် သူ့ထံတွင် အဆင့်ကိုးအစိတ်အပိုင်းလေးခုနှင့် အဆင့်ရှစ်အစိတ်အပိုင်းနှစ်ဆယ့်တစ်ခု ကျန်ရစ်သောကြောင့် နောက်ထပ်နတ်ဆိုးချပ်ဝတ်သုံးစုံ ဖန်တီးနိုင်သည်။ အဆင့်ကိုးနတ်ဆိုးချပ်ဝတ်ကြောင့် သူက အဆုံးမဲ့အဆင့်ခုနစ် ကျင့်ကြံသူကိုပင် ကြောက်စရာမလိုတော့ချေ။ အသိုက်ကြီးထံမှရရှိလာသော ရတနာများက ဝိညာဥ်မျှော်စင်မှရလာသည်ထက် အဆပေါင်းများစွာ ပိုနေသည်။ သူ၏လက်ရှိခွန်အားဖြင့် ၎င်းကိုထိုးဖောက်ပြီး မဝင်ရောက်နိုင်သောကြောင့် ဝူဇီကို များစွာကျေးဇူးတင်လိုက်မိသည်။

ယဲ့ချန်သည် အနီရောင်ဝိညာဥ်သားရဲအကြောင်း တွေးမိသောအခါ စိတ်ထဲတွင် ခဲဆွဲထားသကဲ့သို့ လေးလံလာသည်။ ၎င်းသာကြီးပြင်းလာလျှင် ကြောက်မက်ဖွယ်သားရဲကြီးတစ်ကောင် ဖြစ်လာနိုင်သည်။ ထိုအချိန်တွင် ၎င်းက လူသား၊ ကောင်းကင်သားရဲနှင့် မှော်သားရဲများအတွက် ဧရာမကပ်ဘေးကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။ သို့သော် သူက ဤအခြေအနေကို ပြောင်းလဲနိုင်စွမ်းမရှိသောကြောင့် ထန်တိုက်လင်ကိုသာ သတင်းပို့ရပေလိမ့်မည်။

အလယ်အင်ပါယာ၏ တော်ဝင်မြို့တော်က အလွန်ကြီးမား၍ ခမ်းနားသည်။ ဝိညာဥ်သားရဲလှိုင်း ထွက်ပေါ်မလာခင် ၎င်း၌ လူဦးရေရှစ်သန်းကျော် နေထိုင်သည်။ ကပ်ဘေးစတင်သောအခါ လူဦးရေက သန်းရာချီသည်အထိ လျင်မြန်စွာတိုးလာခဲ့သည်။ သံမဏိနက်ဖြင့်ပြုလုပ်ထားသော မြို့ရိုးများက မီတာရာချီမြင့်ပြီး ဝိညာဥ်သားရဲလှိုင်းကို ခုခံပေးနေသည်။

ဝိညာဥ်သားရဲများထွက်ပေါ်လာခြင်းက အင်အားစုများကို အန္တရာယ်ဟူသောအသိကို တပ်လှန့်ပေးခဲ့သည်။ ထို့ကြောင့် လောကကြီးအတွင်း ဆက်လက်ပုန်းအောင်း၍ မဖြစ်နိုင်တော့ပေ။ အကယ်၍ သီးခြားနေထိုင်မည်ဆိုလျှင် တစ်နေ့တခြားများပြားလာသော ဝိညာဥ်သားရဲများကြောင့် ပျက်စီးသွားနိုင်သည်။ တစ်နေ့တွင် သေဆုံးရန် သေချာနေသောကြောင့် ကပ်ဘေးမှရှောင်တိမ်းရန် မြို့တော်သို့ ဌာနချုပ်များ ပြောင်းရွှေ့လိုက်ကြသည်။ အချိန်တစ်ခုအကြာတွင် သမာဓိကောင်စီ၊ စစ်နတ်ဘုရားကျောင်းတော်၊ ဆေးဘုရင်မြို့တော်၊ လက်နက်ကောင်စီစသော အစွမ်းထက်အင်အားစုကြီးများက မြို့တော်တွင် စုဝေးလာကြသည်။ အလယ်အင်ပါယာ၏နန်းမြို့တော်က အပေါ်ယံတွင် တည်ငြိမ်နေသယောင်ထင်ရသော်လည်း ထိုအင်အားစုများရောက်ရှိလာသောကြောင့် တော်ဝင်မျိုးနွယ်က လှုပ်လှုပ်ရှားရှားဖြစ်လာသည်။ များစွာသောတော်ဝင်မျိုးနွယ်ဝင်များက ၎င်းတို့၏ရုပ်သေးများ ဖြစ်လာကြသည်။ ကံကောင်းစွာဖြင့် ဝိညာဥ်သားရဲလှိုင်း၏ ဘေးရန်ရှိနေသောကြောင့် အင်အားစုများက ဟန်ချက်ညီစေရန် ထိန်းသိမ်းနေကြသောအခါ မြို့တော်က ဗြောင်းဆန်မသွားခြင်းဖြစ်လေသည်။

မြို့ရိုးပေါ်တွင် နတ်အဆင့်ကျင့်ကြံသူများ စောင့်ကြပ်နေသည်ကို ယဲ့ချန်က အာရုံခံနိုင်ခဲ့သည်။ တော်ဝင်မြို့တော်၏ခံစစ်ထက် ကြယ်ခန်းမ၏ခံစစ်ထက် များစွာပို၍သန်မာနေသည်။ သူက မြို့တော်အတွင်း တင်းကြပ်စွာအစောင့်ချထားသော လမ်းကျဥ်းကလေးတစ်ခုမှ ဝင်ရောက်ခဲ့ရသည်။ လမ်းများပေါ်တွင် လူများပြည့်ကျပ်နေပြီး ဆွေးနွေးစကားများ၏ ခေါင်းစဥ်တိုင်းလိုလိုက ဝိညာဥ်သားရဲကပ်ဘေးအကြောင်း ဖြစ်နေခဲ့သည်။

"အလယ်အင်ပါယာမှာ ဒီကပ်ဘေးကိုခုခံနိုင်တဲ့ မြို့ခြောက်မြို့ပဲ ကျန်တော့တယ်လို့ ငါ ကြားတယ်"

တစ်စုံတယောက်က စိုးရိမ်စွာ ပြောလိုက်ခြင်းဖြစ်သည်။

"ဒီဝိညာဥ်သားရဲတွေက ကြောက်စရာကောင်းလွန်းတယ်"

ဝိညာဥ်သားရဲများကြောင့် အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရသောကြောင့် အားလုံးက ကြောက်လန့်နေကြသည်။ ဝိညာဥ်သားရဲများ တိုက်ခိုက်လာသော မြင်ကွင်းက သူတို့၏စိတ်အတွင်း အိပ်မက်ဆိုးတစ်ခုပမာ အမြဲတစေ ခြောက်လှန့်နေပေလိမ့်မည်။ ၎င်းကိုမေ့ဖျောက်နိုင်ရန် အလွန်တရာခက်ခဲနိုင်သည်။

"ကောင်းကင်ဘုံ ဘာလို့ ဒီဝိညာဥ်သားရဲတွေပေါ်လာရတာလဲ။ ဒီကပ်ဘေးကြီး ဘယ်အချိန်ပြီးဆုံးမှာလဲ"

ဝမ်းနည်းရိပ်သန်းနေသော မျက်နှာပိုင်ရှင်များက ကောင်းကင်ကိုမော့ကြည့်၍ မေးခွန်းထုတ်လိုက်ကြသည်။ သေဆုံးသွားသော ဆွေမျိုးများနှင့်မိတ်ဆွေများကြောင့် သူတို့က ဝမ်းနည်းမဆုံးဖြစ်နေကြသည်။

"ဒီကပ်ဘေးက ထာဝရမပြီးတော့ရင်ရော"

အချို့လူများက စိတ်ဓာတ်ကျစွာဖြင့် ခပ်တိုးတိုးရေရွတ်နေကြသည်။

ယဲ့ချန်က လေးကန်သောခြေလှမ်းများဖြင့် လမ်းမတစ်ခုပေါ်တွင် ခရီးဆက်နေသည်။ ဝိညာဥ်သားရဲများက ဘီလီယံဆယ်ချီသော အသက်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သည်။ မရေမတွက်နိုင်သော အသက်များဆုံးရှုံးသွားကာ နေရာတိုင်း ပျက်စီးသွားကြသည်။ ရှေးဟောင်းမျိုးနွယ်များနှင့် ရှေးဟောင်းသားရဲမျိုးဆက်များ အုပ်ချုပ်သော မြို့အနည်းငယ်သာ ဤကပ်ဘေးကို ကြံ့ကြံ့ရင်ဆိုင်နိုင်ခဲ့သည်။ ဤဖရိုဖရဲဆန်လှသော လောကကြီးအတွင်း အသက်များက မြက်ပင်ပမာ တန်ဖိုးမဲ့နေသည်။ သေဆုံးသွားသူအများစုမှာ မကျင့်ကြံနိုင်သော သာမန်လူများဖြစ်ကြသည်။ မြို့များအတွင်း ဆုတ်ခွာနိုင်သူများမှာ အနည်းနှင့်အများ ကျင့်ကြံနိုင်စွမ်းရှိသူများဖြစ်ကြပေသည်။ ဤလောကကြီး၏ ရှင်သန်ရေးစည်းမျဥ်းများက အမှန်တကယ် ရက်စက်လွန်းလှသည်။

တော်ဝင်မြို့တော်က လူဦးရေအလွန်များနေသော်လည်း ရုန်းရင်းဆန်ခတ်ဖြစ်ခြင်းတော့ မရှိပေ။ အစွမ်းထက်အင်အားစုကြီးများက မြို့ကို စည်းကမ်းတကျဖြစ်စေရန် ထိန်းချုပ်ထားကြသည်။ သေခြင်းတရားနှင့်ရင်ဆိုင်ရသောအခါ ကျင့်ကြံခြင်းက အလွန်အရေးပါလာသည်။ ကျင့်ကြံသူများက လူစု၍ ဝိညာဥ်သားရဲများကို အမဲလိုက်နေကြသည်။ ဤကပ်ဘေးအတွင်း ဆက်လက်ရှင်သန်လိုလျှင် တစ်ခုတည်းသော မျှော်လင့်ချက်က ခွန်အားများ ပိုမိုတိုးတက်လာရေးဖြစ်သည်။ ဝိညာဥ်သားရဲအသားက အလွန်အဖိုးတန်ပြီး ကျင့်ကြံဆင့်မြင့်တက်ရန်အတွက် ၎င်းတို့ကို အသုံးပြုနိုင်သည်။ ဝိညာဥ်သားရဲများကို အမဲလိုက်ခြင်းအပြင် ထိုအသားများကိုရယူနိုင်ရန် မြို့တော်အတွင်း ဆေးလုံးများ၊ ထျန်းယွမ်ငွေပြားများ စသည့်ရတနာများဖြင့် ဝယ်ယူနိုင်သည်။ အချိန်ကြာမြင့်လာသောအခါ ထျန်းယွမ်ငွေပြားများက တော်ဝင်မြို့တော်၏ အဓိကငွေကြေးစနစ်ဖြစ်လာခဲ့သည်။

ဤပြောင်းလဲမှုများက ယဲ့ချန်၏စိတ်ကို အကျိုးသက်ရောက်နေပြီး ထောင်ချီသောအတွေးများ ဖြစ်ပေါ်လာစေသည်။ ထျန်းယွမ်ငွေပြားများ၊ အာကာသကျောက်များ၊ နတ်ဆိုးချပ်ဝတ်အစိတ်အပိုင်းများ ထွက်ပေါ်လာခြင်းက တစ်စုံတစ်ခုနှင့် ပတ်သက်နေသော်လည်း ထိုအချက်က ဖြေရှင်းမရနိုင်သော ပဟေဠိဖြစ်နေခဲ့သည်။

မြို့တော်အတွင်း၌ လက်နက်ကောင်စီနှင့် ဆေးဘုရင်မြို့တော်၏ အရောင်းဆိုင်များ နေရာအနှံ့ ဖွင့်လှစ်ထားကြသည်။ ထျန်းယွမ်ငွေပြားနှင့် ရတနာများရှိနေသရွေ့ ဆေးလုံးများနှင့်လက်နက်များကို စိတ်ကြိုက်ဝယ်ယူနိုင်သည်။ ယဲ့ချန်က ရုပ်သွင်ကို လက်နက်ကောင်စီနှင့် အရောင်းအဝယ်လုပ်ဖူးသော သက်လတ်ပိုင်းလူအဖြစ် ပြောင်းလဲလိုက်သည်။ ထို့နောက် လက်နက်ကောင်စီသို့သွားရောက်ကာ ကျိလင်ပေးထားသော တံဆိပ်ပြားနှင့် သူ့ကို ဆက်သွယ်လိုက်သည်။

"ဧည့်သည်တော်ကြီးပါလား။ မတွေ့ရတာ အတော်ကြာပြီနော်"

ကျိလင်က ယဲ့ချန်ကိုမြင်သောအခါ ဖော်ရွေစွာပြုံး၍ ကြိုဆိုလိုက်သည်။ သူက ယဲ့ချန်နှင့်ပြုလုပ်ခဲ့သော အရောင်းအဝယ်ကြောင့် လက်နက်ကောင်စီ၌ အဆင့်နှစ်ခု မြင့်တက်သွားခဲ့သည်။ ထို့ကြောင့် ယခုတစ်ခေါက် ယဲ့ချန်ရောက်လာသော အကြောင်းအရင်းကို အလွန်သိချင်နေခဲ့သည်။

"ကျုပ်က ခင်ဗျားကို အကူအညီတစ်ခုလောက် တောင်းချင်တယ်။ ခင်ဗျားနဲ့ အရောင်းအဝယ်လုပ်ဖူးထားတယ်ဆိုတော့ တခြားလူ မရှာတော့ဘူး"

ယဲ့ချန်က ပြောလိုက်ခြင်းဖြစ်သည်။

"ကျုပ်တတ်နိုင်သရွေ့ ဧည့်သည်တော်ကြီးကို အကောင်းဆုံးဝန်ဆောင်မှုပေးပါမယ်"

ကျိလင်က တစ်ချက်ပြုံး၍ ခေါင်းညိတ်လိုက်သည်။ ယဲ့ချန်က အရေးကြီးဖောက်သည်ဖြစ်သောကြောင့် ဤလုပ်ငန်းကို အခြားအကြီးအကဲများလက်ထဲ သူက လွှဲပြောင်းမပေးနိုင်ချေ။

"ကျုပ် ချီပြိုကွဲဆေးလုံးတွေ လိုချင်တယ်။ ခင်ဗျား ရှာပေးနိုင်မလား"

"ခင်ဗျားလိုချင်တဲ့ ဆေးလုံးတွေအတွက် ဆေးဘုရင်မြို့တော်ကို သွားဝယ်နိုင်ပါတယ်။ ဒါပေမယ့် ကျုပ် သွားဝယ်ပေးရမယ်ဆိုရင်လည်း ပြဿနာမရှိဘူး။ အရေအတွက် ဘယ်လောက်လိုချင်တာလဲ"

ကျိလင်က ဖြေလိုက်သည်။ ယဲ့ချန်က အဆင့်နိမ့်ဆေးလုံးများရှာခိုင်းမည်ဟု မျှော်လင့်မထားပေ။ သို့သော် ဤတစ်ကြိမ်ကူညီလိုက်လျှင် သူနှင့်ယဲ့ချန်၏ စီးပွားဖက်ဆက်ဆံရေးက ပိုမိုကောင်းမွန်လာနိုင်သဖြင့် လက်ခံလိုက်ခြင်းဖြစ်သည်။

"ဆယ်သန်းကျော်လောက် လိုချင်တယ်။ ဖြစ်နိုင်ရင် သန်းငါးဆယ်အထိ လိုချင်တယ်"

ယဲ့ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။ နတ်ဆိုးဖိနှိပ်နာရီကို အသက်သွင်းရန်အတွက် ဆေးလုံးပမာဏများစွာ လိုအပ်နေသည်။ ၎င်းက သူ့အတွက် အရေးကြီးသော အသက်ကယ်ဝှက်ဖဲများအနက် တစ်ခုဖြစ်သည်။ ၎င်း၏သုံးစွဲနှုန်းအရ ဆေးလုံးသန်းငါးဆယ်က များသည်ဟုပင် မဆိုနိုင်ပေ။

"ဗျာ ဘယ်လောက်လို့ ပြောလိုက်တာလဲ"

ယဲ့ချန်၏စကားကြောင့် ကျိလင်က မျက်လုံးပြူးသွားခဲ့သည်။ သူက မယုံနိုင်ဟန်ဖြင့် နောက်တစ်ကြိမ်ပြန်မေးလိုက်သည်။

"ချီပြိုကွဲဆေးလုံးသန်းငါးဆယ်ရဖို့ ဒီလောက်ခက်ခဲနေတာလား"

ယဲ့ချန်က မျက်မှောင်ကြုတ်လိုက်၏။ ကျိလင်က သူ၏အမူအရာ ပျက်ယွင်းသွားသည်ကို သတိထားမိသဖြင့် ပြန်လည်ထိန်းချုပ်လိုက်သည်။ သို့သော် ယဲ့ချန်လိုချင်သော ပမာဏက ဆေးဘုရင်မြို့တော်၏ အဆင့်မြင့်အကြီးအကဲများကိုပင် လှုပ်ရှားလာစေနိုင်သောကြောင့် မတည်ငြိမ်နိုင်သေးပေ။

"ဒါတွေကိုဝယ်ယူဖို့ ဘာအသုံးပြုချင်ပါသလဲ။ ဝိညာဥ်သားရဲတွေ ထွက်ပေါ်လာတဲ့နောက်မှာ ကျင့်ကြံရေးအရင်းအမြစ်တွေက ရှားပါးလာတယ်။ ဆေးလုံးတွေရဲ့တန်ဖိုးက လေးငါးဆလောက် ပိုမြင့်နေပြီ"

ကျိလင်က မေးလိုက်ခြင်းဖြစ်သည်။

"ဒါကို အသုံးပြုချင်တယ်။ အဆင်ပြေမလား"

ယဲ့ချန်က သာမန်ဝိညာဥ်ကျောက်စိမ်းတစ်တုံးကို ထုတ်ပြလိုက်သည်။ သူ၏လက်မောင်းကာအတွင်း ဝိညာဥ်ကျောက်စိမ်းများ တစ်သောင်းကျော်တည်ရှိနေသည်။ ကျောက်စိမ်းအဆီအနှစ်များပင် အနည်းငယ်ရှိနေခဲ့သည်။ သူက ၎င်းတို့အားလုံးကို ကျူကုန်းကုန်းနေထိုင်သော ဂူအတွင်းမှ ရရှိလာခြင်းဖြစ်သည်။ ထို့ကြောင့် အလွန်အဖိုးတန်သော ဝိညာဥ်ကျောက်စိမ်းကိုအသုံးပြုကာ ဆေးလုံးများ ဝယ်ယူလိုခြင်းဖြစ်သည်။

ကျိလင်က တစ်ချက်ကြည့်ရုံဖြင့် ယဲ့ချန်ကိုင်ထားသည်မှာ ဝိညာဥ်ကျောက်စိမ်းဖြစ်ကြောင်း သိလိုက်သည်။ သူက လက်နက်ကောင်စီ၏ အပြင်စည်းအကြီးအကဲဖြစ်သောကြောင့် ရတနာပေါင်းစုံနှင့် ကျွမ်းဝင်နေသည်။ ဝိညာဥ်ကို အစွမ်းထက်လာစေနိုင်သော ဝိညာဥ်ကျောက်စိမ်းကြောင့် သူက ဝမ်းသာသွားခဲ့သည်။ ၎င်း၏တန်ဖိုးက အာကာသကျောက်များအောက် မနိမ့်ကျပေ။ ကောင်းကင်သားရဲများက သက်တမ်းရှည်သောကြောင့် ရတနာပေါင်းများစွာ ပိုင်ဆိုင်ထားကြသည်။ သူတို့အတွက် အသုံးဝင်သော ဝိညာဥ်ကျောက်စိမ်းကိုဝယ်ယူရန် လက်တွန့်နေကြမည်မဟုတ်ပေ။ အစွမ်းထက်အင်အားစုတစ်ခုဖြစ်သော လက်နက်ကောင်စီသည် သူတို့နှင့် ဆက်သွယ်နိုင်စွမ်းရှိသည့်အပြင် တော်ဝင်မြို့တော်သို့ များစွာသောကောင်းကင်သားရဲများ ရောက်ရှိနေကြသည်။ သူတို့က လူအသွင်ပြောင်းပြီး လူသားများအကြား ရောနှောနေထိုင်နေကြသည်။

"ဝိညာဥ်ကျောက်စိမ်းတစ်ခုက ချီပြိုကွဲဆေးသိန်းချီနဲ့လဲလှယ်ဖို့ လုံလောက်တယ်။ ကျုပ်က ဒီအရောင်းအဝယ်အတွက် ချက်ချင်းစီစဥ်ပေးပါမယ်။ ဆေးလုံးတွေက စျေးကြီးနေပေမယ့် ဝိညာဥ်ကျောက်စိမ်းရဲ့တန်ဖိုးကလည်း မြင့်တက်နေပါတယ်။ ဝယ်လိုအားကများပေမယ့် ရောင်းလိုအားက လုံးဝမရှိဘူး"

ကျိလင်က ကျေနပ်စွာပြုံး၍ အရောင်းအဝယ်လုပ်ရန် သဘောတူလိုက်လေသည်။

All Chapters