အခန်း (၃၂၅)
Vol. 24 Ch. 325
မရေမတွက်နိုင်လောက်သောလူများက မော့ကြည့်လိုက်ပြီး နှလုံးတုန်သွားသည်။
ယနေ့တွင် သူတို့က ကွန်ဖြူးရှပ်တာအိုသူတော်စင်တစ်ယောက် မွေးဖွားလာခြင်းကို မမြင်ခဲ့ရပေ။ သို့သော် ယနေ့မှစ၍ အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများအားလုံးသည် ဓားတစ်လက်ကို သယ်ဆောင်နိုင်လိမ့်မည်။
ကိုယ်ပိုင်စွမ်းအားကိုစတေး၍ ကောင်းကင်တာအိုကို ပြုပြင်ခဲ့သည်။ ထိုအရာသည် ကွန်ဖြူးရှပ်တာအို၏ အစစ်အမှန်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
ကောင်းကင်ထက်တွင် လူသားဆန္ဒစွမ်းအား ၉၀%ပျောက်ကွယ်သွားခဲ့သည်။
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်ပြီး ကျန်ရှိနေသောလူသားဆန္ဒစွမ်းအားများကို မိုင်သန်းချီအကွာရှိ သမင်ဖြူတောင်တန်းဆီသို့ ပို့လိုက်သည်။
လူသားဆန္ဒစွမ်းအားများသည် သမင်ဖြူတောင်တန်းပေါ်သို့ ကျရောက်သွားသည်။ တောင်တန်းတစ်ခုလုံးက မြူခိုးများနှင့် ဝိုင်းရံခံလိုက်ရသည်။
ကျန်ရှိနေသော လူသားဆန္ဒစွမ်းအားက ၁၀%ပဲရှိသော်လည်း သမင်ဖြူတောင်တန်းကို အံ့ဖွယ်နယ်မြေတစ်ခုအဖြစ်ပြောင်းလဲရန် လုံလောက်သည်။
လူသားဆန္ဒစွမ်းအားတချို့က တင်ပျဉ်ခွေထိုင်နေသောတုန်းဖန်ရှုဆီသို့ ရောက်သွားသည်။
ပျောက်ကွယ်လုနီးပါးဖြစ်နေသောဝိညာဉ်က ချက်ချင်းပြန်ကောင်းသွားသည်။
ကျင်းချွမ်မြို့၏အပြင်ဘက်တွင် လောကတစ်ခုလုံး တိတ်ဆိတ်နေသည်။
ကောင်းကင်ထက်တွင် တောက်ပသောတိမ်တိုက်များ ရှိနေသည်။
သူတော်စင်တစ်ယောက်ဖြစ်လာနိုင်သောစွမ်းအားများသည် ပျောက်ကွယ်သွားခဲ့သည်။
တုန်းဖန်ရှု၊ စုကျီကျန်းနှင့် ဟယ်ကျင့်တို့က မျက်နှာထားပြောင်းလဲသွားပြီး ညင်သာစွာဦးညွှတ်သည်။
ထိုအရာသည် သူတော်စင်ဖြစ်လာနိုင်သော ကျင့်ကြံသူတစ်ယောက်အတွက် လေးစားမှုဖြစ်သည်။
ထိုလူသည် အစစ်အမှန်ကျင့်ကြံသူဖြစ်သည်။
အောက်တွင် မရေမတွက်နိုင်သော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများက ဦးညွှတ်လိုက်သည်။
ထိုကျင့်ကြံသူမျိုးကို ဦးညွှတ်သင့်သည်။
ဟန်မူယဲ့က လက်ကိုဝှေ့ယမ်းလိုက်သည်။ သူ့ဝိညာဉ်က ခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လာသည်။
ကျောက်စိမ်းရောင်ယပ်တောင်ကို သူက လှုပ်ရှားလိုက်သည်။ ကောင်းကင်ထက်တွင်ရှိနေသော ကဗျာများအားလုံးက ယပ်တောင်၏နောက်ကျောသို့ရောက်လာပြီး ‘တည်ငြိမ်နေသောနှလုံးသား’ဟူသည့်စာလုံးကို ဖုံးအုပ်လိုက်သည်။
တုန်းဖန်ရှုက ရှေ့တစ်လှမ်းတိုးလာပြီး အော်ဟစ်လိုက်သည်။
“တောင်တန်းအကြီးအကဲက သမင်ဖြူတောင်တန်းကျောင်းတော်ကို ပြန်လာမှာလား”
ဟန်မူယဲ့က ရယ်လိုက်ပြီး ပြောသည်။
“အင်းပေါ့”
ထိုသို့ဖြင့် သူက ဓားဆန္ဒကို ဖုံးကွယ်မထားနိုင်သော လင်းရှန်၊ လမ်းပျောက်နေသော ခုန်းချောင်တိတို့နှင့်အတူ သမင်ဖြူတောင်တန်းကျောင်းတော်သို့ ဦးတည်လိုက်သည်။
သမင်ဖြူတောင်တန်းကျောင်းတော် …
ထိုမဟာကျင့်ကြံသူကြီးသည် သမင်ဖြူတောင်တန်းကျောင်းတော်၏ ကျောင်းအုပ်ဖြစ်သည်။
ဟန်မူယဲ့က ထွက်သွားခဲ့သော်လည်း မရေမတွက်နိုင်လောက်သော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများ၏ လက်ထဲတွင် ဓားများကျန်ရစ်နေခဲ့သည်။ ထိုဓားများက ညင်သာစွာတုန်ခါနေသည်။
ဟန်မူယဲ့ပြောခဲ့သည့်အတိုင်း ယနေ့မှစ၍ လောကတွင်ရှိသော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများအတွက် ကောင်းကင်အထိ လမ်းဖွင့်ပေးခဲ့သည်။
ကျောင်းတော်သားများက သူ့ဓားကို ကိုင်ဆောင်ထားသည်။
တုန်းဖန်ရှုက ထွက်သွားသောဟန်မူယဲ့ကိုကြည့်လိုက်ပြီး လက်နှစ်ဖက်ကိုဆုပ်ကိုင်၍ အော်ဟစ်သည်။
“တုန်းဖန်ရှုက သမင်ဖြူတောင်တန်းကျောင်းတော်ကို တော်တန်းအကြီးအကဲပြန်လာဖို့အတွက် စောင့်နေပါမယ်”
သူ့မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ပြတ်သားခြင်းနှင့် မျှော်လင့်ခြင်းများရှိနေသည်။
သမင်ဖြူတောင်တန်းတွင် ဟန်မူယဲ့ချန်ခဲ့သောစကားများသည် လောကတွင်ရှိသော ကွန်ဖြူးရှပ်တာအိုကျောင်းတော်သားများအားလုံးကို ဉာဏ်အလင်းပေးနိုင်သည်။ လောကတွင်ရှိသော ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများက ကဗျာကို ဓားအဖြစ်ပြောင်း၍ ဓားနှင့် စိတ်ကြိုက်ဆောင်ရွက်နိုင်သည်။
ဟန်မူယဲ့က သမင်ဖြူတောင်တန်းကျောင်းတော်သို့ မသွားခဲ့သော်လည်း လူတိုင်း၏အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။
သမင်ဖြူတောင်တန်းကျောင်းတော်၏သင်ကြားမှုများသည် အလယ်ပိုင်းကုန်းမြေတွင် အပြည့်အဝပျံ့နှံ့သွားလျှင် ဟန်မူယဲ့၏အကျိုးဆောင်မှုက ပြီးပြည့်စုံသွားလိမ့်မည်။
အားလုံး၏မျှော်လင့်ချက်စွမ်းအားများကြောင့် နောက်တစ်ခါ ဟန်မူယဲ့ပြန်လာလျှင် တစ်ခါတည်း သူတော်စင်တစ်ယောက်ဖြစ်သွားမည်လား။
ကွန်ဖြူးရှပ်တာအိုသူတော်စင်နှစ်ယောက် ကောင်းကင်ဘုံသို့တက်လှမ်းသွားမည့် အခွင့်အရေးမျိုး ရှိလာမည်လား။
“ဆရာတုန်းဖန်၊ ယွင်ကျင်းက အိမ်ရှေ့စံမင်းသမီးလေးအတွက် သမင်ဖြူတောင်တန်းမှာ နေရာတစ်ခုရဖို့ အနောက်ဘက်နယ်စပ်မြို့စောင့်တပ်ဘုရင်ရဲ့ စာအုပ်တွေအားလုံးကို မိတ္တူကူးပြီး သမင်ဖြူတောင်တန်းကို ပို့ချင်ပါတယ်။ ကျွန်မတို့အတွက် ခြွင်းချက်ထားပေးလို့ရမလားမသိဘူး”
တိမ်တိုက်ပိုးသားအင်မော်တယ်သင်္ဘောပေါ်မှ မင်းသမီးယွင်ကျင်း၏အသံ ထွက်လာသည်။
တော်ဝင်မိသားစု၏ ရှေးစာအုပ်များအားလုံးသည် အဖိုးတန်သည်။
စာအုပ်များက အဖိုးတန်သော်လည်း သမင်ဖြူတောင်တန်းမှ ဆရာသခင်တစ်ယောက်၏တပည့်ဟူသော အဆင့်အတန်းနှင့် မယှဉ်နိုင်ပေ။
ထို့အပြင် သမင်ဖြူတောင်တန်းက ကွန်ဖြူးရှပ်တာအို၏ မြင့်မြတ်နယ်မြေတစ်ခု ဖြစ်လာမည်ကို လူတိုင်းကြိုမြင်နိုင်သည်။
တုန်းဖန်ရှုက ပျော်ရွှင်သွားပြီး ကျယ်လောင်စွာပြောသည်။
“မင်းသမီးက တကယ်ရက်ရောတာပဲ။ ငါ့မှာ ငြင်းစရာအကြောင်းပြချက်မရှိပါဘူး”
“ငါတို့ရဲ့ သမင်ဖြူတောင်တန်းကျောင်းတော်က ခွဲခြားမှုမရှိဘဲ သင်ကြားပေးတဲ့စည်းမျဉ်းကို လိုက်နာတယ်။ ဝင်ရောက်ချင်တဲ့ ကျောင်းတော်သားတွေရှိရင်လည်း ငါတို့က မတားပါဘူး”
သင်ကြားမှုတွင် ခွဲခြားခြင်းမရှိပေ။ သူက မည်သူ့ကိုမှ ငြင်းဆန်မည်မဟုတ်ပေ။
သမင်ဖြူတောင်တန်းကျောင်းတော်သို့ လူတိုင်းဝင်ရောက်နိုင်သည်။
သမင်ဖြူတောင်တန်းကျောင်းတော်တွင် တောင်တန်းအကြီးအကဲဟန်မူယဲ့က ဆရာသခင်တစ်ယောက်ဖြစ်သလို တုန်းဖန်ရှုကလည်း ဆရာသခင်တစ်ဘောက်ဖြစ်သည်။ သမင်ဖြူတောင်တန်းကျောင်းတော်က နန်းမြို့တော်ကျောင်းတော်၏အောက်တွင်ရှိသော ကွန်ဖြူးရှပ်တာအို၏ မြင့်မတ်နယ်မြေဖြစ်သည်။
ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူအများအပြားက ထွက်ခွာသွားကြသည်။
သူတို့က ယခု သမင်ဖြူတောင်တန်းသို့မသွားလျှင် မည်သည့်အချိန်မှ သွားရမည်နည်း။
“အစ်မ၊ ဓားကျင့်ကြံသူသုံးသောင်းကရော ဘယ်လိုဖြစ်သွားပြီလဲ”
အင်မော်တယ်သင်္ဘော ပြန်လှည့်လာသောအခါတွင် မင်းသမီးယွင်သွမ့်က ကောင်းကင်ကို စပ်စုလိုစိတ်များဖြင့် ကြည့်နေသည်။
ဓားကျိုးသုံးသောင်းက မြေပြင်ပေါ်သို့ ကျဆင်းလာသည်။
မင်းသမီးယွင်ကျင်းက သူမကိုကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“ဒါက မဟာတာအိုလမ်းစဉ်ရဲ့တိုက်ပွဲပဲ။ ဒါကို ကစားပွဲထင်နေတာလား”
“ဓားကျင့်ကြံသူသုံးသောင်းက ဆရာသခင်ဟန်မူယဲ့နဲ့အတူ ကွန်ဖြူးရှပ်တာအိုအတွက် လမ်းဖွင့်ပေးခဲ့တယ်။ သူတို့ရဲ့သေဆုံးခြင်းက အလကားမဖြစ်ဘူး”
ကျွမ်းကျင်သူသုံးသောင်း၊ ဆရာသခင်တစ်ယောက်ကိုပင် ယှဉ်ပြိုင်နိုင်သော ဓားဝင်္ကပါ။ သို့သော်လည်း သူတို့က အရိပ်အယောင်မကျန်ဘဲ ပျောက်ကွယ်သွားခဲ့သည်။
မင်းသမီးယွင်သွမ့်က မနေနိုင်တော့ဘဲ တစ်ကိုယ်လုံးတုန်ခါသွားသည်။
ထိုအရာသည် မဟာတာအို၏တိုက်ပွဲဖြစ်သည်။
ဓားကျင့်ကြံသူသုံးသောင်းက တစ်နေ့တည်းတွင် သေဆုံးသွားခဲ့သည်။
ယနေ့တွင် ဆရာသခင်ဟန်မူယဲ့က ကွန်ဖြူးရှပ်တာအိုအတွက် လမ်းဖောက်ပေးခဲ့ခြင်းကိုသာ လူအားလုံးမှတ်မိနေလိမ့်မည်။ ဓားကျင့်ကြံသူသုံးသောင်းအတွက် ဂရုစိုက်မည့်လူမရှိပေ။
သို့သော် တစ်ယောက်ယောက်က သမင်ဖြူတောင်တန်းကျောင်းတော်နှင့် ဆရာသခင်ဟန်မူယဲ့ကို ယှဉ်ပြိုင်ချင်လျှင် ဓားကျင့်ကြံသူသုံးသောင်းကို အနိုင်ယူနိုင်ရန် စဉ်းစားကြည့်ရလိမ့်မည်။
....
လဝက်အကြာတွင် ဟန်မူယဲ့နှင့်လင်းရှန်က ကောင်းကင်နှင့်မြေကြီး၏အတားအဆီးကိုဖြတ်၍ အနောက်ဘက်နယ်စပ်ကုန်းမြေသို့ တိတ်ဆိတ်စွာပြန်လာခဲ့သည်။
ကျင်းချွမ်မြို့မှ ထွက်လာသောအခါတွင် သမာဓိစွမ်းအားနှင့် လူသားဆန္ဒစွမ်းအားများ ပြန်ရောက်လာသောကြောင့် ဟန်မူယဲ့က ရွေးချယ်စရာမရှိဘဲ ထိုစွမ်းအားများကို လျင်မြန်စွာသန့်စင်နေရသည်။ ထို့ကြောင့် လဝက်ကြာသွားခဲ့သည်။
သူက သမာဓိစွမ်းအားနှင့် လူသားဆန္ဒစွမ်းအားများ ကုန်ဆုံးသွားပုံပေါ်သော်လည်း သူ့နားလည်နိုင်စွမ်းနှင့် ကျင့်ကြံဆင့်က ယခင်အတိုင်းရှိနေခဲ့သည်။
ယခု သမာဓိစွမ်းအားနှင့် လူသားဆန္ဒစွမ်းအားများ ထပ်ရောက်လာသောကြောင့် သူ၏ ကွန်ဖြူးရှပ်တာအိုကျင့်ကြံဆင့်က ကျဆင်းမသွားဘဲ လျင်မြန်စွာမြင့်တက်လာသည်။
သူက အလယ်ပိုင်းကုန်းမြေမှ ထွက်လာသောအခါတွင် ကွန်ဖြူးရှပ်တာအိုကျင့်ကြံဆင့်က ဆရာသခင်ဒုတိယအဆင့်သို့ ရောက်သွားခဲ့သည်။
သူက အလယ်ပိုင်းကုန်းမြေမှထွက်လာပြီး အနောက်ဘက်နယ်စပ်ကုန်းမြေသို့ ခြေချလိုက်သောအခါတွင် ခြေထောက်အောက်မှထွက်ပေါ်လာသော အလွန်ရင်းနှီးသည့်ခံစားချက်ကို ခံစားရသည်။
မြေကြီး၏ကောင်းချီးနှင့် လိုက်ဖက်ညီမှု …
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကောင်းကင်တာအိုက သူပြန်ရောက်လာခြင်းကို ကြိုဆိုနေသည်။
သူ့သွေးနှင့်ချီများ လှုပ်ရှားသွားပြီး ဦးမော့လျက်ဟိန်းဟောက်နေသော ဦးချိုရှည်နွားသိုးနက်တစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
မြေဓာတ်စွမ်းအားများက သူ့ခန္ဓာကိုယ်ထဲသို့ ဆက်လက်စီးဝင်လာသည်။
ဓားဆေးလုံးထဲတွင်ပုန်းအောင်းနေခဲ့သော တာအိုဆရာတယန်က နောက်ဆုံးတွင် အပြင်ထွက်လာခဲ့သည်။ သူက ဟန်မူယဲ့၏ဘေးတွင် ရပ်တန့်လိုက်သည်။
အလယ်ပိုင်းကုန်းမြေတွင် သူက ချောင်းကြည့်ရန် မလုပ်ရဲခဲ့ပေ။
သူ့သခင်ဟောင်းဖြစ်သူ ဓားဘုရင်ယွမ်ထျန်းက အလယ်ပိုင်းကုန်းမြေ၏ အမတ်ချုပ်ကြီးဝမ်နှင့် သူသေကိုယ်သေရန်ဘက်များဖြစ်သည်။
“ဂုဏ်ယူပါတယ်စီနီယာအစ်ကိုဟန်၊ ရုပ်ခန္ဓာကျင့်ကြံခြင်းက ကမ္ဘာမြေအဆင့်ကို ဝင်ရောက်သွားပါပြီ”
ဟန်မူယဲ့က မျက်လုံးဖွင့်လိုက်သောအခါတွင် သူ့ကိုစောင့်ကြပ်နေသောလင်းရှန်က တီးတိုးပြောလိုက်သည်။
ဟန်မူယဲ့က ရုပ်ခန္ဓာကျင့်ကြံခြင်းတွင် အခြေခံတည်ဆောက်ခြင်းအဌမအဆင့်၏ အထွတ်အထိပ်တွင် ရှိခဲ့သည်။ ယခုအချိန်တွင် ကောင်းကင်နှင့်မြေကြီး၏စွမ်းအားများက သူ့ကို လွှမ်းခြုံသွားပြီး ရုပ်ခန္ဓာကျင့်ကြံခြင်းကို ကမ္ဘာမြေသွေးကြောဖွင့်အဆင့်သို့ရောက်အောင် ကူညီပေးခဲ့သည်။
ချီစွမ်းအင်ကျင့်ကြံခြင်းကတော့ မကြာခင် အဆင့်တက်လာလိမ့်မည်။
သူ့စိတ်နယ်ပယ်ထဲတွင် လူသားလောကမန္တန်နှင့် သမာဓိစွမ်းအားက လှုပ်ရှားနေသည်။ ချီပင်လယ်ထဲတွင်ရှိသော လူသားဆန္ဒစွမ်းအားသည် အနည်းငယ်တိတ်ဆိတ်နေ၏။
ဤနေရာသည် ကွန်ဖြူးရှပ်တာအိုကိုဖိနှိပ်ထားသော အနောက်ဘက်နယ်စပ်ကုန်းမြေဖြစ်သည်။
သို့သော် ဟန်မူယဲ့က ကောင်းကင်တာအို၏မျက်နှာသာပေးမှုကို ခံစားနိုင်သည်။ သူ့ဓားတာအိုစွမ်းအားကို မုန်းတီးနေသော အလယ်ပိုင်းကုန်းမြေ၏ ကောင်းကင်တာအိုနှင့် မတူပေ။
ဟန်မူယဲ့က လင်းရှန်ကိုကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။ “လေ့ကျင့်ရေးမှူးလင်းက ဒီတစ်ကြိမ်မှာ အကျိုးအမြတ်ရခဲ့တာပဲ”
အလယ်ပိုင်းကုန်းမြေ၏ လူသားလောကကြွယ်ဝပုံနှင့် ကျင့်ကြံခြင်းလောက၏ စွမ်းအားကို ခံစားခဲ့သောကြောင့် လင်းရှန်၏ကျင့်ကြံခြင်းအတွက် အလွန်အကျိုးရှိသည်။
ကျင်းချွမ်မြို့၏အပြင်ဘက်တွင် သူက အစွမ်းကုန်ထုတ်သုံးခဲ့ပြီး ကောင်းကင်နှင့်မြေကြီး၏ ကျယ်ပြန့်သောစွမ်းအားကို သဘောပေါက်ခဲ့သည်။ လင်းရှန်က ကောင်းကင်ဘုံအဆင့်အတွက် ပိုမိုနားလည်လာသည်။
သူ၏ ကျောက်စိမ်းအရိုးများကလည်း အနည်းငယ်ပို၍ ပေါင်းစပ်သွားခဲ့သည်။
“စီနီယာအစ်ကိုဟန်၊ အဲဒီအကြီးအကဲရဲ့ အကြွင်းအကျန်ဝိညာဉ်က ပြန်လည်မွေးဖွားလာတာကို ခံစားမိတယ်”
လင်းရှန်က ဟန်မူယဲ့ကိုကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ကျွန်တော် သူ့ကို ရှာချင်တယ်”
“လူအိုကြီးချုံးယွင်က လူကောင်းတစ်ယောက်ပဲ”
တာအိုဆရာတယန်က ရေရွတ်သည်။
လင်းရှန်၏ကျောက်စိမ်းအရိုးများကို တာအိုတန်ခိုးရှင်ချုံးယွင်က ချန်ထားခဲ့သည်။
တာအိုတန်ချိုးရှင်ချုံးယွင်က ကျောက်စိမ်းအရိုးများကို လင်းရှန်ဆီသို့မပေးခဲ့လျှင် လင်းရှန်၏ကျင့်ကြံဆင့်နှင့် ကောင်းကင်ဘုံအဆင့်ကျောက်စိမ်းအရိုးများကို ပေါင်းစပ်ရန်မဖြစ်နိုင်ပေ။
သို့သော် တာအိုတန်ခိုးရှင်ချုံးယွင်က ပြန်လည်ဝင်စားလာသည့်အပြင် လင်းချုံးရှောင်မှာလည်း အကြွင်းအကျန်ဝိညာဉ်ရှိနေကြောင်း ဟန်မူယဲ့သိထားသည်။
‘လင်းရှန်က တာအိုတန်ခိုးရှင်ချုံးယွင်ရဲ့ ဘဝသစ်ကိုရှာနိုင်ရင် လင်းချုံးရှောင်ကိုလည်း ရှာတွေ့လောက်တယ်’
စဉ်းစားနေသောဟန်မူယဲ့ကို မြင်လိုက်ရသောအခါတွင် လင်းရှန်က လေးနက်စွာပြောသည်။
“စီနီယာအစ်ကို၊ စိတ်မပူပါနဲ့။ သူ့ရဲ့ဘဝသစ်က ကြီးပြင်းလာရင် အတိတ်ဘဝမှတ်ဉာဏ်တွေပြန်ရလာအောင် ကူညီပေးလိုက်ပါ့မယ်။ သူက ကျောက်စိမ်းအရိုးတွေကို ပြန်လိုချင်ရင် ကျွန်တော်က ပြန်ပေးလိုက်မှာပါ”
ဟန်မူယဲ့က လင်းရှန်၏ပခုံးကို ပုတ်လိုက်ပြီး တီးတိုးပြောသည်။
“အလျင်လိုစရာမလိုပါဘူး။ ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲပြီးတဲ့အထိ စောင့်ရအောင်”
လေ့ကျင့်ရေးမှူးလင်းက အနည်းငယ်ရှေးဆန်သော်လည်း ဖြောင့်မတ်သောလူတစ်ယောက်ဖြစ်သည်။
သူက ကျောက်စိမ်းအရိုးများကို ပြန်ပေးရန်ဆန္ဒရှိလျှင် အမှန်တကယ်ပြုလုပ်လိမ့်မည်။
သို့သော် ထိုကိစ္စက သူတွေးထားသကဲ့သို့ မလွယ်ပေ။ တာအိုတန်ခိုးရှင်ချုံးယွင်၏ဘဝသစ်ကို ရှာဖွေရန်မလွယ်သလို အတိတ်ဘဝ၏မှတ်ဉာဏ်များ ပြန်ရလာစေရန် ကူညီပေးခြင်းက ပိုမိုခက်ခဲသည်။
ကျောက်စိမ်းအရိုးများပြန်ပေးခြင်းကလည်း ပြောသလောက် မရိုးရှင်းပေ။
သူတို့က သင်္ဘောပျံကို မရပ်တန့်ဘဲ မောင်းနှင်လာခဲ့သောကြောင့် ရက်အနည်းငယ်အတွင်း၌ အနောက်ဘက်နယ်စပ်ကုန်းမြေတစ်ဝက်ကိုဖြတ်သန်း၍ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းဆီ ပြန်ရောက်ခဲ့သည်။
ခုန်းချောင်တိက ဈေးသို့ပြန်သွားပြီး အသစ်တည်ထောင်ထားသော ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းကို စီမံခန့်ခွဲနေသည်။
အမှန်အတိုင်းပြောရလျှင် ဟန်မိသားစုကုန်သွယ်ရေးအဖွဲ့အစည်းက အနောက်ဘက်နယ်စပ်ကုန်းမြေတွင် စီးပွားရေးဆောင်ရွက်ခြင်းမရှိပေ။ ဈေးဆိုင်၏ အဓိကရည်ရွယ်ချက်သည် ဆေးပင်များစုဆောင်းခြင်း၊ မူလမီးတောက်ကမ္ဘာနှင့် ဓားများလဲလှယ်ခြင်း၊ စပါးစိမ်းတောင်ကုန်းနှင့်ဆက်သွယ်၍ ကုန်သွယ်ရေးလမ်းကြောင်းရှာခြင်းတို့ ဖြစ်သည်။
ထိုအရာများကို ခုန်းချောင်တိက ကောင်းမွန်စွာဆောင်ရွက်နိုင်သည်။
သူက အံ့ဖွယ်ကိုးပါးတောင်သို့ ပြန်ရောက်လာသောအခါတွင် ဓားစံအိမ်က ယခင်အတိုင်းပင်ဖြစ်သည်။ သို့သော် လျှိုဟုန်က ဓားကိုလက်ခံပြီး ကောင်းမိသားစုတွင် နှစ်ညနေခဲ့သည်။ ကျန်းမင်ကတော့ ဆေးလုံးများသန့်စင်ရပြီး ပင်ပန်းနေသောကြောင့် ဆေးခန်းဆောင်တွင် အနားယူနေခဲ့သည်။