သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်
Vol. 36 Ch. 476
လီဖူချန်းကို တံဆိပ်တော်အကြောင်း ရှင်းပြလိုက်ပါတယ်။
"သက်တံနီဂိုဏ်းရဲ့ တပည့် တံဆိပ်တော်တွေက အင်မတန် ထူးခြားတဲ့ အရာတွေပဲ။ အထူးသဖြင့် ဘုရင်အဆင့်အတန်းက တပည့်တွေရဲ့ တံဆိပ်တော်တွေပေါ့။ တံဆိပ်တော်ကို သွေးနဲ့ အသက်သွင်းလိုက်ပြီ ဆိုတာနဲ့ တစ်ပြိုင်နက် အဲသည်တံဆိပ်တော်က မင်းနဲ့ပဲ ဆက်နွှယ်နေတော့မှာ။ တခြားတစ်ယောက်က မင်းရဲ့ တံဆိပ်တော်ကို ခိုးယူသွားရင်တောင် ဘာမှထူးမှာ မဟုတ်ဘူး "
"ပြီးတော့ သည်ဘုရင်အဆင့်အတန်း တံဆိပ်တော်နဲ့ဆိုရင် တည်နေရွှေ့ပြောင်း ဝင်္ကပါတွေကို အလကား အသုံးပြုလို့ ရသလို စစ်သင်္ဘောတွေကိုလည်း ငှားလို့ ရသေးတယ်။ ခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ သည်တံဆိပ်တော်က မင်းရဲ့ ဂိုဏ်းတွင်း အဆင့်အတန်းကို ဖော်ပြနေတာပဲ။ ဒါက မင်းအတွက် ဂုဏ်ယူစရာလည်း ဖြစ်တယ်။ တခြားအသုံးဝင်တဲ့ နေရာတွေလည်း အများကြီး ရှိသေးတယ်။ ဒါပေမဲ့ အကုန်လုံးတော့ ငါမပြောတော့ဘူး။ နောက်ပိုင်းမှာ မင်းဘာသာမင်း သိလာလိမ့်မယ် "
' စစ်သင်္ဘောတွေပါ ငှားလို့ရတာလား '
လီဖူချန်းက အတော်လေး စိတ်လှုပ်ရှားသွားခဲ့တယ် ဆိုတာကိုတော့ ဝန်ခံရမှာပါပဲ။
စစ်သင်္ဘောတွေဆိုတာက နောက်စရာ မဟုတ်ပါဘူး။
အဆင့်၅ စစ်သင်္ဘောတွေဟာ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင် အုပ်လိုက်ကြီးကို အလွယ်တကူ သတ်ဖြတ်နိုင်ပြီး အဆင့်၆ စစ်သင်္ဘောတွေကတော့ တိုက်ပွဲဝိညာဉ်နယ်ပယ် ဆရာသခင် အုပ်လိုက်ကြီးကို သတ်ဖြတ်နိုင်ပါတယ်။ တကယ်လို့သာ တာဝန်တစ်ခု ထမ်းဆောင်တဲ့နေရာမှာ စစ်သင်္ဘောတစ်စီး ပါလာလို့ကတော့ အဲသည်တာဝန်ဟာ လွယ်ကူတဲ့ တာဝန်တစ်ခု ဖြစ်သွားတော့မှာပါ။
"သည်ကိုလာခဲ့။ မင်းရဲ့ ဂိုဏ်းသားတံဆိပ်တော်ကို ဘယ်လိုသုံးရမလဲ ဆိုတာကို ငါပြပေးမယ် "
"မင်းရဲ့ တံဆိပ်တော်ရဲ့ စွမ်းအင်တွေကို စုစည်းပြီး သည်တောင်ရဲ့ ဝင်္ကပါ အစီအရင်ထဲကို ပို့လိုက်ရုံပဲ။ အဲဒါဆိုရင် မင်းက သည်တောင်ရဲ့ ဝင်္ကပါကို စိတ်ကြိုက် ထိန်းချုပ်နိုင်ပြီ "
ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲက တံဆိပ်တော် အသုံးပြုနည်းကို ရှင်းပြလိုက်ပါတယ်။
"ဟုတ်ကဲ့ "
လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့ ချီစွမ်းအင်တွေကို ဘုရင်အဆင့်အတန်း တပည့် တံဆိပ်တော်ထဲကို ပို့ဆောင်လိုက်ပါတယ်။
ရွှီး ...
ဘုရင်အဆင့်အတန်း တံဆိပ်တော်ရဲ့ ပုံရိပ်တစ်ခုဟာ လေထုထဲမှာ ရုတ်တရက် ပေါ်လာပြီး လေဟာနယ် ဟင်းလင်းပြင်ထဲကို တိုးဝင်သွားခဲ့ပါပြီ။
အဲသည်နောက်မှာတော့ လီဖူချန်းဟာ တောင်ရဲ့ ဝင်္ကပါအစီအရင်နဲ့ ချိတ်ဆက်မှု ရသွားတာကို ခံစားလိုက်ရပါတယ်။သူ့ရဲ့ အတွေးလေး တစ်ချက်နဲ့တင် ဝင်္ကပါ အစီအရင်ကို စိတ်ကြိုက် ထိန်းချုပ်နိုင်ခွင့် ရသွားသလိုပါပဲ။တကယ်လို့သာ သူ့အနေနဲ့ ဆန္ဒမရှိဘူးဆိုရင် ဘယ်သူကမှ သည်တောင်ပေါ်ကို လာလို့ရမှာ မဟုတ်ပါဘူး။ သူက သည်ဝင်္ကပါအစီအရင်နဲ့ ကျူးကျော်လာသူကို တိုက်ခိုက်လို့လည်း ရပါသေးတယ်။
"အခုချိန်ကစပြီး မင်းက သည်တောင်ရဲ့ ပိုင်ရှင် ဖြစ်သွားပြီ။ ရော့ ...ဒါကိုလည်း ယူလိုက်ဦး။ အဲဒါက သက်တံနီဂိုဏ်းရဲ့ မြေပုံပဲ။မြေပုံထဲမှာ အရင်းအမြစ်ခန်းမ၊ ထောက်ပံ့ရေးရမှတ် ခန်းမ နဲ့ လျှို့ဝှက်ကျမ်းစာဆောင်တွေ ပါတယ်။မင်းတကယ်လို့ နားမလည်တာရှိရင် အပြင်စည်းတပည့် ခန်းမမှာ သွားမေးလိုက်။ ကဲ ... ငါသွားတော့မယ် "
စကားဆုံးတဲ့ နောက်မှာတော့ ထိုးထွက်သိမြင်မှုခန်းမ အကြီးအကဲဟာ အလင်းတန်းတစ်ခုအသွင် ပြောင်းပြီး ထွက်သွားခဲ့ပါပြီ။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ အပြင်စည်းတပည့်တွေကို နေရာချထားရေးဟာ သူ့ရဲ့ ကိစ္စ မဟုတ်ပါဘူး။ သူက အပြင်စည်းတပည့်တွေရဲ့ ထိုးထွင်းသိမြင်မှုကို စမ်းသပ်စစ်ဆေးဖို့ အတွက်သာ တာဝန်ရှိတာ ဖြစ်ပါတယ်။ သူက လီဖူချန်းလို ဘုရင်အဆင့်အတန်း တပည့်အတွက်ကြောင့်သာ သည်လို နေရာ ချထားပေးရေးမှာ ပါဝင်လာခဲ့တာပါ။
ထိုးထွင်းသိမြင်မှုခန်းမ အကြီးအကဲ ထွက်သွားပြီးတဲ့နောက်မှာတော့ လီဖူချန်းဟာ ခြံဝင်းထဲကို ဝင်ပြီး သူနေထိုင်ရမယ့် စံအိမ်ကို စစ်ဆေးလိုက်ပါတယ်။
လူမနေတာ နှစ်ပေါင်းများစွာ ကြာပြီဆိုတာ သိသာလွန်းနေ ပေမယ့်လည်း စံအိမ်ထဲမှာက ဖုန်မှုန့် တစ်မှုန့်တောင် မရှိပါဘူး။ ဒါက လူတစ်ယောက် နေ့တိုင်း ပုံမှန် သန့်ရှင်းထားသလို ဖြစ်နေပါတယ်။ဒါပေမဲ့လည်း အသုံးအဆောင် ပစ္စည်းတွေကတော့ လိုအပ်နေဆဲပါပဲ။ အဲသည်အတွက် လီဖူချန်းက သူ့ရဲ့ သိုလှောင်အိတ်ထဲက ပစ္စည်း၊ပစ္စယတွေကို ထုတ်လိုက်ကာ နေချင့်စဖွယ် ဖြစ်သွားအောင် နေရာချလိုက်ပါတယ်။
"ထောက်ပံ့ရေးရမှတ် ခန်းမကို တစ်ချက်သွားကြည့်ပြီး အမှတ်နည်းနည်းပါးပါး သွားထုတ်ယူထားတာ ကောင်းမယ်ထင်တယ် "
ပစ္စည်း၊ပစ္စယတွေကို နေရာ ချထားပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ ထောက်ပံ့ရေးရမှတ်တွေကို သွားထုတ်ယူဖို့ စဉ်းစားလိုက်မိပါတယ်။
ရွှီး ...
အဲသည်နောက်မှတော့ သူက ကောင်းကင်ပေါ်ကို ခုန်တက်လိုက်ပြီး ပျံသန်း ထွက်ခွာသွားခဲ့ပါပြီ။လီဖူချန်းအတွက်ကတော့ ထောက်ပံ့ရေးရမှတ် ခန်းမကို သွားရတာက သိပ်မခက်ခဲလှပါဘူး။ သူက မြေပုံပေါ်မှာ ပါတဲ့ အညွှန်းသတ်မှတ်ချက်တွေကို ကြည့်ပြီး ပျံသန်းသွားလိုက် ရုံပါပဲ။
သိပ်မကြာခင်မှာပဲ လီဖူချန်းဟာ ထောက်ပံ့ရေးရမှတ် ခန်းမဆီကို အလျင်အမြန် ရောက်လာခဲ့ပါတယ်။
" ရော့ ... သည်မှာ မင်းရဲ့ ထောက်ပံ့ရေးဒင်္ဂါး တစ်သောင်း "
မီးခိုးရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အကြီးအကဲတစ်ယောက်က သူ့လက်ထဲကို ထည့်ပေးခဲ့တာကတော့ အထူးပြုလုပ်ထားတဲ့ သတ္တုဒင်္ဂါး တစ်ဆုပ်ပါပဲ။
" ဒါက ထောက်ပံ့ရေး ဒင်္ဂါးတွေလား "
လီဖူချန်းကတော့ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့ဘဝမှာ ထောက်ပံ့ရေး ရမှတ်တွေကို ဒင်္ဂါးတွေအဖြစ် တစ်ခါမှ မရခဲ့ဖူးပါဘူး။
သည်ထောက်ပံ့ရေးရမှတ် ဒင်္ဂါးတွေထဲမှာ ဆိုရင် တစ်ထောင်တန်၊ငါးရာတန်နဲ့ တစ်ဆယ်တန်တွေတောင် ရှိနေပါသေးတယ်။
မီးခိုးရောင် ဝတ်စုံဝတ် အဘိုးအိုက ပြုံးလိုက်ပြီး
" သည်ထောက်ပံ့ရေးရမှတ် ဒင်္ဂါးတွေက သက်တံနီဂိုဏ်းရဲ့ အထူးနည်းစနစ် တစ်မျိုးနဲ့ သွန်းလောင်းထားတာ။ အဲသည်အတွက် တခြားဘယ်သူမှ သည်ထောက်ပံ့ရေး ဒင်္ဂါးတွေကို တုပပြီး သွန်းလောင်းနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ သည်ထောက်ပံ့ရေး ဒင်္ဂါးတွေက ဂိုဏ်းထဲမှာတော့ အရာရာပဲ။ မင်းက သည်ဒင်္ဂါးတွေကို အသုံးပြုပြီး ဂိုဏ်းထဲမှာ ရှိသမျှ အရာရာကို လဲလှယ်ယူလို့ ရတယ်။ဂိုဏ်းသား အချင်းချင်းတောင်မှ သည်ဒင်္ဂါးတွေကို အသုံးပြုပြီး ပစ္စည်းတွေ ရောင်းဝယ်လို့ ရသေးတယ် "
" ဟုတ်ကဲ့ ... ကျွန်တော် သဘောပေါက်ပါပြီ "
လီဖူချန်းက အခုမှပဲ သဘောပေါက်ပါတော့တယ်။
ထောက်ပံ့ရေး ဒင်္ဂါးတွေဆိုတာက ငွေကြေးတစ်မျိုးပါပဲ။ သက်တံနီ ဂိုဏ်းထဲမှာသာ အသုံးပြုလို့ရတဲ့ ငွေကြေးမျိုးပေါ့။
အဲသည်နောက်မှာတော့ လီဖူချန်းဟာ ထောက်ပံ့ရေးရမှတ် ခန်းမကနေ ထွက်လာခဲ့ပြီး ရင်းမြစ် ခန်းမကို ဦးတည်ပါတော့တယ်။
ရင်းမြစ်ခန်းမမှာလည်း ဘာပြသနာမှ မကြုံခဲ့ရပါဘူး။သူ့ရဲ့ ဘုရင်အဆင့်အတန်း တပည့် တံဆိပ်တော်ကို ထုတ်ပြလိုက်တာနဲ့ ရင်းမြစ်ခန်းမက တာဝန်ကျ အကြီးအကဲဟာ သက်တံနီ ဆေးရည် သုံးပုလင်း နဲ့ ထိုးထွင်းသိမြင်မှု တာအိုဆေးရည် သုံးပုလင်းကို ထုတ်ပေးခဲ့ပါတယ်။
ရင်းမြစ်ခန်းမ အကြီးအကဲရဲ့ ရှင်းပြချက်အရ ဆိုရင်တော့ သက်တံနီ ဆေးရည်က ချီအတွင်းအားတွေကို သန့်စင်ပေးနိုင်စွမ်း ရှိပြီး ထိုးထွင်းသိမြင်မှု တာအိုဆေးရည်ကတော့ လူတစ်ယောက်ရဲ့ ထိုးထွင်းသိမြင်မှုကို အချိန်တို အတွင်းမှာ ပိုထက်မြက် လာစေနိုင်ပါတယ်တဲ့။ အဲဒါက အမှန်တကယ် ဟုတ်လား၊ မဟုတ်ဘူးလား ဆိုတာကိုတော့ လီဖူချန်း ကိုယ်တိုင်လည်း မပြောနိုင်သေးပါဘူး။ဒါပေမဲ့ သေချာတာတစ်ခုကတော့ သည်လို ဆေးမျိုးတွေဟာ အပြင်ဘက်လောကမှာ ဝယ်ယူရရှိနိုင်ဖို့ လုံးဝ မဖြစ်နိုင်တာပါပဲ။
" ကဲ ... ဒါက ငါ နောက်ဆုံး သွားရမယ့် နေရာပဲ "
နောက်ဆုံးမှာတော့ လီဖူချန်းဟာ လျှို့ဝှက်ကျမ်းစာဆောင်ကို ရောက်လာခဲ့ပါပြီ။
လျှို့ဝှက်ကျမ်းစာဆောင်ကတော့ စုစုပေါင်း သုံးထပ် ရှိပါတယ်။ ပထမထပ်က ချီအတွင်းအား ကျင့်စဉ်တွေ ထားရှိရာ နေရာဖြစ်ပြီး ဒုတိယထပ်ကတော့ သိုင်းကျမ်းတွေ ထားရှိရာ နေရာပါ။ တတိယ အထပ်ကတော့ လျှို့ဝှက်နည်းစနစ်တွေ ထားရှိရာ နေရာပါပဲ။
လျှို့ဝှက်ကျမ်းစာဆောင်မှာ ရှိတဲ့ ကျမ်းတွေ အားလုံးဟာ အနိမ့်ဆုံး အနေနဲ့ မြေကမ္ဘာ အလယ်အလတ်အဆင့်မှာ ရှိပြီး အမြင့်ဆုံးကတော့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဖြစ်ပါတယ်။
မြေကမ္ဘာ အလယ်အလတ်အဆင့် ချီအတွင်းအားကျင့်စဉ်တွေရဲ့ တန်ဖိုးကတော့ အတော်လေး ဈေးပေါတယ်လို့ ဆိုရမှာပါ။ဘာဖြစ်လို့လဲဆိုတော့ မြေကမ္ဘာ အလယ်အလတ်အဆင့် ချီအတွင်းအား ကျင့်စဉ် တစ်ခုကို သက်တံနီဂိုဏ်းမှာ ထောက်ပံ့ရေးဒင်္ဂါး ရာပိုင်းလောက်နဲ့ ရနိုင်လို့ပါပဲ။
ဒါပေမဲ့လည်း မြေကမ္ဘာအဆင့်မြင့် ချီအတွင်းအား ကျင့်စဉ်တွေကတော့ အဲသည်လို မဟုတ်ပါဘူး။ တန်ဖိုးအနည်းဆုံးလို့ ပြောရမယ့် ကျင့်စဉ်တစ်ခုတောင်မှ ထောက်ပံ့ရေးဒင်္ဂါး တစ်သောင်း ကျသင့်ပါတယ်။
ပြီးတော့ ချီအတွင်းအား ကျင့်စဉ်တစ်ခုကို အပိုင်းတွေ ပိုင်းခြားထားပါသေးတယ်။
မြေကမ္ဘာ အလယ်အလတ် ချီအတွင်းအားကျင့်စဉ်တွေရဲ့ ပထမ ၂၇ခန်းဆိုရင် ထောက်ပံ့ရေးဒင်္ဂါး တစ်ထောင်တောင် မရှိပါဘူး။ နောက်ပိုင်း အခန်းတွေမှသာ တန်ဖိုး တက်သွားလေ့ ရှိတာပါ။
လီဖူချန်းကတော့ မြေကမ္ဘာ အလယ်အလတ်အဆင့် ချီအတွင်းအား ကျင့်စဉ်တွေကို စိတ်မဝင်စားတဲ့အတွက် မြေကမ္ဘာ အထွတ်အထိပ်အဆင့် ချီအတွင်းအား ကျင့်စဉ်တွေ ရှိရာ စင်တွေဘက်ကိုပဲ ဦးတည်လိုက်ပါတယ်။
"ပထမဘုံ ပကတိရေစင် ကျင့်စဉ်၊ မြေကမ္ဘာ အထွတ်အထိပ်အဆင့် ရေတာအို ကျင့်စဉ်။ စုစုပေါင်း အခန်း ၃၃ခန်း ရှိပြီး ပထမဆုံး အခန်း ၂၇ခန်းအတွက် ထောက်ပံ့ရေးဒင်္ဂါး ငါးထောင်လိုတယ်။ ပထမဆုံး အခန်း ၃၀အထိ ယူမယ်ဆိုရင်တော့ ထောက်ပံ့ရေးဒင်္ဂါး တစ်သောင်း။ အခန်း ၃၁ အတွက် ဆိုရင်တော့ ထောက်ပံ့ရေးဒင်္ဂါး နှစ်သောင်း၊ အခန်း ၃၂အတွက် ဆိုရင်တော့ ထောက်ပံ့ရေးဒင်္ဂါး လေးသောင်း နဲ့ အခန်း၃၃အတွက် ဆိုရင်တော့ ထောက်ပံ့ရေးဒင်္ဂါး ရှစ်သောင်း "
"အား ...ထောက်ပံ့ရေးရမှတ် အများကြီး လိုတာပဲ "
ပထမဆုံး သူကောက်ကိုင်လိုက်တဲ့ ကျင့်စဉ်ရဲ့ ကျသင့်တန်ဖိုးကို သိလိုက်တဲ့ နောက်မှာတော့ လီဖူချန်းက နှုတ်ခမ်းကိုတောင် လျှာနဲ့ သပ်လိုက်မိပါတယ်။
တကယ်လို့သာ သူ့အနေနဲ့ သည်ပထမဘုံ ပကတိရေစင် ကျင့်စဉ်တစ်ခုလုံးကို လိုချင်တယ် ဆိုရင်တော့ ထောက်ပံ့ရေး ရမှတ်ပေါင်း တစ်သိန်းခွဲကို ရှာရမှာပါ။သူ့အနေနဲ့ အခြားရပေါက် မရှိဘူး ဆိုရင်တော့ သည်ကျင့်စဉ်တစ်ခုလုံးကို ရဖို့အတွက် ၁၅နှစ်လောက်တောင် လိုအပ်လောက်ပါတယ်။ တကယ်လို့သာ သူက ပထမတန်းစား တပည့်ဆိုရင်တော့ နှစ်ပေါင်း၁၅၀လောက်ကို စောင့်နေရမှာ အသေအချာပါပဲ။
"တော်သေးတာပေါ့။ ငါက မြေကမ္ဘာအထွတ်အထိပ်အဆင့် ချီအတွင်းအား ကျင့်စဉ်တစ်ခုရဲ့ ပထမ အခန်း၃၀ကို အလကား လေ့ကျင့်ခွင့် ရှိနေလို့။ မဟုတ်ရင် ငါရထားတဲ့ ထောက်ပံ့ရေးရမှတ် အမှတ် တစ်သောင်းက ဒါနဲ့ပဲ ကုန်သွားမှာ "
လီဖူချန်းက သက်ပြင်းတစ်ချက် ချလိုက်ရင်း နောက်ထပ် ကျမ်းစာတစ်အုပ်ကို ကောက်ကိုင်လိုက်ပါတယ်။
" မဟုတ်သေးဘူး "
" ဒါလည်း မဟုတ်ဘူး "
" အင်း ... ဒါပဲ "
၁၅မိနစ်လောက် အကြာမှာတော့ လီဖူချန်းဟာ သူလိုချင်တဲ့ ချီအတွင်းအား ကျင့်စဉ်ကို ရှာဖွေတွေ့ရှိ သွားခဲ့ပါပြီ။
"သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ် ..."
"မြေကမ္ဘာအထွတ်အထိပ်အဆင့် ကျင့်စဉ်ဖြစ်ပြီး မီးလျှံတာအိုကို အထူးပြုတယ်။ စုစုပေါင်း အခန်း ၃၃ခန်း ပါဝင်ပြီး ပထမဆုံး ၂၇ခန်းအတွက် ထောက်ပံ့ရေးရမှတ် ၆၀၀၀ လိုအပ်တယ်။ ပထမဆုံး အခန်း၃၀ကို လိုချင်ရင်တော့ ထောက်ပံ့ရေး ရမှတ် ၁၂၀၀၀ ပေးရမယ်။ အခန်း ၃၁ အတွက် ထောက်ပံ့ရေးရမှတ် ၂၄၀၀၀၊ အခန်း ၃၂အတွက် ထောက်ပံ့ရေးရမှတ် ၄၈၀၀၀ နဲ့ အခန်း၃၃အတွက် ထောက်ပံ့ရေးရမှတ် ၉၆၀၀၀ ကျသင့်တယ် "
သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်ရဲ့ တန်ဖိုးကတော့ လီဖူချန်းအတွက် မျက်ခုံး လှုပ်စရာပါပဲ။ အဲဒါက စုစုပေါင်းထောက်ပံ့ရေးရမှတ် ၁၈၀၀၀၀ ကျသင့်မှာ ဖြစ်ပြီး ပထမဘုံ ပကတိရေစင် ကျင့်စဉ်ထက်တောင်မှ အမှတ် ၃၀၀၀၀ ပိုများနေပါသေးတယ်။
အဲသည်လို ပိုတန်ဖိုးကြီးနေရတာကလည်း အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ သက်တံနီ နတ်ဘုရားမီးတောက် ကျင့်စဉ်က သက်တံနီဂိုဏ်းရဲ့ဲ အထွတ်အမြတ် ထားရတဲ့ ကျင့်စဉ်တစ်ခု ဖြစ်နေလို့ပါပဲ။ အဲဒါက အခြားသော မြေကမ္ဘာ အထွတ်အထိပ် ချီအတွင်းအား ကျင့်စဉ်တွေထက်ကို ပိုပြီး အစွမ်းထက်ပါတယ်။
" အင်း ... သိုင်းကျမ်းတွေဘက် တစ်ချက်လောက် ကြည့်ဦးမှ "
လီဖူချန်းက လျှို့ဝှက်ကျမ်းစာဆောင်ကနေ လွယ်လွယ်နဲ့ ပြန်ထွက်မယ့် စိတ်ကူး မရှိပုံပါပဲ။ သူက လျှို့ဝှက်ကျမ်းစာဆောင် ဒုတိယထပ်ကို တက်သွားလိုက်ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ဆီမှာက ထောက်ပံ့ရေးဒင်္ဂါး တစ်သောင်း ရှိနေဆဲပင် မဟုတ်ပါလား။
ဒုတိယထပ် ...
" အင်း ... ဒုတိယထပ်မှာ ရှိနေတဲ့ သိုင်းကျမ်းတွေရဲ့ တန်ဖိုးက ချီအတွင်းအား ကျင့်စဉ်တွေရဲ့ တစ်ဝက်ပဲ ရှိတာပါလား။ မြေကမ္ဘာအဆင့်မြင့် သိုင်းကျမ်းတွေတောင်မှ ထောက်ပံ့ရေးရမှတ် ထောင်ပိုင်းပဲ ရှိတယ်ဆိုတော့ တကယ်ပဲ တန်တယ်။ မြေကမ္ဘာအထွတ်အထိပ်အဆင့် သိုင်းကျမ်းတွေကလည်း ပထမပိုင်းပဲ ယူမယ်ဆိုရင် ထောက်ပံ့ရေးရမှတ် တစ်သောင်းနီးပါးပဲ ရှိမှာ "
လီဖူချန်းက အတော်လေး တွေဝေ နေခဲ့ရပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ သူက မြေကမ္ဘာအထွတ်အထိပ်အဆင့် သိုင်းကျမ်းတွေကို မြင်တွေ့နေရတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
သူ့ရဲ့ ထိုးထွင်းသိမြင်မှုကတော့ မြေကမ္ဘာအထွတ်အထိပ်အဆင့် သိုင်းပညာတွေကို နားလည်လောက်မှာ အသေအချာပါပဲ။ သူ့ရဲ့ ဆင့်ကဲပြောင်းလဲနေတဲ့ စိတ်ဝိညာဉ်က ခရမ်းရောင်ဘက်ကို အပြည့်အဝ ကူးပြောင်းသွားပြီ ဆိုရင်တော့ ပိုပြီးတောင် နားလည်ဖို့ လွယ်ကူနိုင်ပါသေးတယ်။ ပြီးတော့ မြေကမ္ဘာ အထွတ်အထိပ်အဆင့် သိုင်းကျမ်းတွေဟာ သိပ်ပြီး တန်ဖိုး မမြင့်ပါဘူး။သိုင်းကျမ်းတစ်ခုရဲ့ ပထမပိုင်းကလည်း ထောက်ပံ့ရေးရမှတ် တစ်သောင်းနီးပါးသာ ရှိတာပါ။။ ဒုတိယပိုင်းက ထောက်ပံ့ရေးရမှတ် သောင်းကြီးပိုင်းလောက် ရှိပေမယ့်လည်း လီဖူချန်း အနေနဲ့ ဘာမှ မလုပ်ရင်တောင်မှ နှစ်စဉ်ရတဲ့ ထောက်ပံ့ရေး ရမှတ်တွေနဲ့တင် နှစ်အနည်းငယ် အတွင်းမှာ ရယူနိုင်ပါတယ်။
" ရှုပ်ပါတယ်ကွာ။ အခု အရင် တတိယထပ်ကို တက်ကြည့်လိုက်ဦးမယ်။ ကျန်တာတော့ နောက်မှ စဉ်းစားမယ် "
လီဖူချန်းက ဆက်ပြီး ခေါင်းရှုပ် ခံမနေတော့ဘဲ တတိယထပ်ကို တက်သွားပါတော့တယ်။
" အိုး ... သည်မှာက ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ်တွေ အများကြီးပါပဲလား။ ပြီးတော့ ကြယ်၇ပွင့် လျှို့ဝှက်နည်းစနစ်တွေလည်း ရှိနေသေးတယ် "
တတိယထပ်ကို အရောက်မှာတော့ လီဖူချန်းဟာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရပါပြီ။
ဘာဖြစ်လို့လဲဆိုတော့ တတိယထပ်မှာက ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ် ကျမ်းစာအုပ် ၂၀ကျော် နဲ့ ကြယ်၇ပွင့် လျှို့ဝှက်နည်းစနစ် ကျမ်းစာအုပ် ၅အုပ် ရှိနေလို့ပါပဲ။
" စိတ်ဝိညာဉ်အသိစိတ် ဆူး ...။ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ တိုက်ခိုက်ခြင်း လျှို့ဝှက် နည်းစနစ်။ စိတ်ဝိညာဉ် အသိစိတ်ကို ဆူးတစ်ခေချာင်းအသွင် ပြောင်းပြီး ရန်သူရဲ့ စိတ်ဝိညာဉ်ကို တိုက်ခိုက်လို့ ရတယ်။ ထောက်ပံ့ရေးရမှတ် ၃၀၀၀၀ "
" မျက်လုံးတစ်ထောင် အတွေးစိတ်ကူး။ မျက်လုံးနဲ့ တိုက်ခိုက်ခြင်း လျှို့ဝှက်နည်းစနစ်။ သည်ပညာရပ်က ရန်သူကို အဆုံးမရှိတဲ့ ပုံရိပ်ယောင် နယ်ပယ်ထဲမှာ ပိတ်ထားနိုင်တယ်။ ထောက်ပံ့ရေး ရမှတ် ၃၀၀၀၀ "
" သွေးကို လောင်ကျွမ်း စတေးခြင်း လျှို့ဝှက်နည်းစနစ်။ သွေးအဆီအနှစ်ကို လောင်ကျွမ်းစေပြီး တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်နိုင်တယ်။ ထောက်ပံ့ရေးရမှတ် ၅၀၀၀၀ "
" နတ်နဂါး ချီစက်ကွင်း။ ချီစွမ်းအင်သုံး လျှို့ဝှက် နည်းစနစ်။ ထောက်ပံ့ရေး ရမှတ် ၄၀၀၀၀ "
ကြယ်၆ပွင့် လျှို့ဝှက်နည်းစနစ်တွေ အားလုံးရဲ့ မာတိကာကို ဖတ်ပြီးတဲ့ နောက်မှာတော့ လီဖူချန်းဟာ အတော်လေး လိုချင်တပ်မက်စိတ်တွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သည်ပညာရပ်တွေ အားလုံးဟာ အသုံးဝင်တယ်လို့ သူ ခံစားနေရလို့ပါပဲ။ ဒါပေမဲ့ ပြသနာက သူ့ဆီမှာ သည်ပညာရပ်တွေနဲ့ လဲလှယ်လို့ ရတဲ့ ထောက်ပံ့ရေး ရမှတ်တွေ ရှိမနေခဲ့ပါဘူး။ ဒါတွေရဲ့ တန်ဖိုးက အင်မတန် မြင့်လွန်းလှပါတယ်။
ကြယ်၇ပွင့် လျှို့ဝှက်နည်းစနစ်တွေကိုတော့ လီဖူချန်းက ယောင်လို့တောင် လှည့် မကြည့်တာပါ။ သူက အဲသည် နည်းစနစ်တွေကို လဲလှယ်ရယူဖို့ မဖြစ်နိုင်သေးဘူး ဆိုတာကို ကောင်းကောင်းကြီး သိပါတယ်။ ရယူဖို့ မဖြစ်နိုင်မှတော့ သွားပြီး ကြည့်နေလည်း အလကားပါပဲ။
" ဟူး ...ဒုတိယထပ်က မြေကမ္ဘာ အထွတ်အထိပ်အဆင့် ဓားသိုင်းတစ်ခုရဲ့ ပထမပိုင်းကို ရွေးယူပြီး ပြန်တာပဲ ကောင်းပါတယ်ကွာ "
လီဖူချန်းက သက်ပြင်းတစ်ချက်ချပြီး ဒုတိယထပ်ကို ပြန်ဆင်းသွားခဲ့ပါပြီ။
***