အခန်း (၃၃၁)
Vol. 24 Ch. 331
အားစမ်းမှုကိုမြင်တွေ့ခဲ့ရသော တချို့လူများ၏စိတ်ထဲတွင် စိုးရိမ်စိတ်များရှိနေခဲ့သည်။
“ဟင်း၊ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ တစ်ယောက်မှမရှိဘူး။ ဒါတောင် အမြင့်ကိုမှန်းနေတယ်”
သိပ်မဝေးသောနေရာတွင် လူတစ်ယောက်က လှောင်ပြောင်လိုက်သည်။
ထိုစကားသည် လူအများ၏အကြည့်များကို ဆွဲဆောင်နိုင်ခဲ့သည်။
“မင်းတို့ဂိုဏ်းမှာ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ ရှိနေတာလား”
လင်ကြွယ်ဓားဂိုဏ်း၏အကြီးအကဲတစ်ယောက်က ထိုလူကိုလှည့်ကြည့်လိုက်ပြီး အေးစက်စွာပြောသည်။
“မင်းက ဘယ်ဂိုဏ်းကလဲ သိပါရစေ”
“လင်တောက်တာအိုဂိုဏ်းလား။ ရှန့်ယန်မိစ္ဆာဂိုဏ်းလား။ ဒါမှမဟုတ် အံ့ဖွယ်ကိုးပါးတောင်ခြေမှာ အသက်ဆုံးလုနီးပါးဖြစ်သွားတဲ့ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ ဂိုဏ်းချုပ်ကျန်းချန်ရဲ့ ဖုန်းလင်ဓားဂိုဏ်းများလား”
အကြီးအကဲ၏အသံသည် ညင်သာမှုမရှိပေ။ ပတ်ဝန်းကျင်တွင်ရှိသော လူအားလုံး ကြားနိုင်သည်။
စကားပြောခဲ့သောလူ၏မျက်နှာသည် ပြောင်းလဲသွား၏။ သူက အင်္ကျီလက်စကိုဝှေ့ယမ်းလိုက်ပြီး တခြားနေရာသို့ ထွက်သွားခဲ့သည်။
ထိုမြင်ကွင်းကြောင့် မြစ်ကမ်းတွင်ရှိသော မရေမတွက်နိုင်လောက်သည့်လူများ ရယ်မောလိုက်ကြသည်။
“ဘုန်း ....”
ရှေ့တွင် ကျားပုံရိပ်သည် တားဆီးထားသော ချီစွမ်းအင်အလင်းများကို ဖျက်ဆီးနေသည်။
ရှေ့တွင် ချီစွမ်းအင်နှင့် ဓားအလင်း ကိုးခုပဲ ကျန်တော့သည်။
ရွှေရောင်ကျား ထပ်မံမတိုက်ခိုက်ခင် ဓားအလင်းတစ်ခုသည် အလိုလျောက် ပျောက်ကွယ်သွားသည်။
ထိုဓားအလင်းသည် တားဆီးခြင်းကိုလက်လျော့လိုက်ပြီး ကျားပုံရိပ်ကို ချီစွမ်းအင်အလင်းကိုးခုထဲမှတစ်ခု ဖြစ်လာစေသည်။
ဂိုဏ်းကိုးဂိုဏ်း …
ပြိုင်ပွဲမစခင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ဂိုဏ်းကိုးဂိုဏ်းထဲတွင် နေရာတစ်ခုယူခဲ့သည်။
မြစ်ကမ်းဘေးတွင် လူတချို့က ခေါင်းညိတ်ပြီး တချို့က ခေါင်းခါသည်။
သူတို့က စိတ်လှုပ်ရှားဖွယ်ကောင်းသည့်တိုက်ပွဲကို ကြည့်ရလိမ့်မဟု မျှော်လင့်ထားခဲ့သည်။
“ဝေါင်း ....”
ထိုအချိန်တွင် ကျားဟိန်းသံကို ကြားလိုက်ရပြန်သည်။
‘ဘာကို ဆိုလိုချင်တာလဲ’
လူတိုင်းက မျက်လုံးပြူးသွားပြီး ဆက်လက်တိုက်ခိုက်နေသောကျားကို မြင်လိုက်ရသည်။
ဂိုဏ်းကိုးဂိုဏ်းထဲကို ဝင်ရောက်ရုံနှင့် မလုံလောက်ဘဲ ကျန်ဂိုဏ်းများအားလုံးကို ရန်စနေသည်။
မရေမတွက်နိုင်သောလူများ အံ့အားသင့်သွားသည်။
ဂိုဏ်းကိုးဂိုဏ်းထဲတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် သန်မာပြီး နာမည်ကောင်းရှိသည်။
အထူးသဖြင့် တိမ်မြုံကမ်းပါးတိုက်ပွဲနှင့် ကောင်းကင်မိစ္ဆာကို ဟန်မူယဲ့သတ်ခဲ့သောအချိန်တွင်ဖြစ်သည်။ ဖြောင့်မတ်သောဓားဂိုဏ်း၏ပုံရိပ်ကို သူတို့ ဖန်တီးနိုင်ခဲ့သည်။
သို့သော် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူမရှိပေ။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူဂိုဏ်းများနှင့် ရင်ဆိုင်ရသောအခါ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အကူအညီမဲ့နေရသည်။
ယခု သူတို့တွင် ဂိုဏ်းကိုးဂိုဏ်းအတွင်းသို့ဝင်ရောက်နိုင်သော ခွန်အားရှိသည်။ အဘယ်ကြောင့် ဆက်လက်တိုက်ခိုက်နေရသနည်း။
ထိပ်ဆုံးငါးနေရာ …
ထိပ်ဆုံးလေးနေရာ …
အဓိပ္ပာယ်မရှိပေ။ တန်ဖိုးမရှိသော အဆင့်အတန်းတစ်ခုသာဖြစ်သည်။
‘ထိပ်ဆုံးသုံးနေရာကို လိုချင်တာလား’
ကောင်းကင်ဘုံအဆင့်ကျွမ်းကျင်သူ မရှိပေ။
“ဘုန်း ....”
ဓားအလင်းတစ်ခုသည် ကျားပုံရိပ်နှင့် ဝင်တိုက်သွားခဲ့သည်။
ကျားပုံရိပ်သည် ညင်သာစွာတုန်ခါသွားပြီး ဓားအလင်းသည် ပျောက်ကွယ်သွား၏။
အရင်ဆုံးနောက်ဆုတ်လိုက်သောဂိုဏ်းသည် ထိုက်ရီဓားဂိုဏ်းဖြစ်သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဓားဂိုဏ်းသည် အရှုံးပေးခဲ့သည်။
မြစ်ကမ်းဘေးတွင်ရှိသော မရေမတွက်နိုင်သည့်လူများ ပင့်သက်ရှိုက်ပြီး ငေးကြည့်မိသည်။
“အကြီးအကဲထူစွန်းရှစ်က အနောက်ဘက်နယ်စပ်ကုန်းမြေကနေ ထွက်သွားခဲ့ပြီ။ ထိုက်ရီဓားဂိုဏ်းက ... ဟင်း ....”
လူတစ်ယောက် ရေရွတ်သည်။
ထူစွန်းရှစ်၏အကာအကွယ်မရှိလျှင် ထိုက်ရီဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဓားဂိုဏ်းဂုဏ်သတင်းကို ထိန်းသိမ်းမထားနိုင်ပေ။
“ဟမ် ....”
အလင်းတန်းတချို့ ထပ်မံပျောက်ကွယ်သွားသည်။
လေထုထဲတွင် ရွှေရောင်ချိပ်စည်း၊ ဓားရှည်တစ်လက်နှင့် အနက်ရောင်မိစ္ဆာချီတစ်လုံးပဲ ကျန်ရစ်ခဲ့သည်။
လင်တောက်တာအိုဂိုဏ်း …
ဖုန်းလင်ဓားဂိုဏ်း …
ရှန့်ယန်မိစ္ဆာဂိုဏ်း …
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် နံပတ်လေးဖြစ်ပြီး ဓားဂိုဏ်းများကြားတွင် နံပတ်နှစ်ဖြစ်သည်ဟု လူတိုင်း လက်ခံထားသည်။
“သန်မာလိုက်တာ ....”
“ဒီပြိုင်ပွဲပြီးရင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက တကယ်မြင့်တက်လာလိမ့်မယ်”
မြစ်ကမ်းပါးတွင် မရေမတွက်နိုင်လောက်သောလူများ တီးတိုးပြောနေသည်။
ထိုအရာသည် မျှော်လင့်မထားသောရလဒ်ဖြစ်သည်။
“အနောက်ဘက်နယ်စပ်ကုန်းမြေမှာ နံပတ်လေးပဲ။ မဆိုးဘူး။ မဆိုးဘူး”
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနှင့်ပါလာသော ကျင့်ကြံသူများသည် အပြုံးတစ်ခုနှင့်အတူ စိတ်ကျေနပ်စွာခေါင်းညိတ်သည်။
သို့သော် ကျားပုံရိပ်သည် ရပ်တန့်မသွားခဲ့ပေ။
“ဝေါင်း ....”
ရွှေရောင်ကျားသည် ဓားရှည်နှင့်မိစ္ဆာချီလုံးကို လျစ်လျူရှု၍ ရွှေရောင်ချိပ်စည်းဆီသို့ ပြေးဝင်သွားသည်။
လင်တောက်တာအိုဂိုဏ်းနှင့် တိုက်ခိုက်နေသည်။
“ဘုန်း ....”
ရွှေရောင်ချိပ်စည်းသည် ကျား၏ခေါင်းပေါ်သို့ ကျဆင်းလာသည်။ ကျားပုံရိပ်သည် တားဆီးခံလိုက်ရပြီး ပေါက်ကွဲသွားသည်။
ထို့နောက် ရွှေရောင်ချိပ်စည်းသည် ဆက်တိုက်တုန်ခါနေပြီး ဖြည်းဖြည်းချင်း ပြိုကွဲသွားသည်။
ခွန်အားချင်း တူညီနေခဲ့သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဂိုဏ်းကို စိန်ခေါ်ရာတွင် မအောင်မြင်ခဲ့သော်လည်း မရှုံးနိမ့်ခဲ့ပေ။
လေထုထဲတွင် ဓားအလင်းနှင့် ချီစွမ်းအင်အလင်း ပျောက်ကွယ်သွားသည်။
သို့သော် မြစ်ကမ်းပါးသည် တိတ်ဆိတ်နေ၏။
ဤတစ်ကြိမ်တွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် လင်တောက်တာအိုဂိုဏ်းနှင့်ယှဉ်ပြိုင်လိမ့်မည်ဟု မည်သူတွေးထားခဲ့သနည်း။
ထိုသို့တွေးရဲသောလူ မရှိပေ။
လင်တောက်တာအိုဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေကို နှစ်ထောင်ချီကြာသည်အထိ ဖိနှိပ်ခဲ့ပြီး မျက်နှာတစ်ထောင်သူတော်စင်၏ကျင့်ကြံဆင့်သည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် အမြင့်ဆုံးဖြစ်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် ထိုအင်အားစုကို စိန်ခေါ်ရဲနေသည်။
လေထုထဲတွင် ချီစွမ်းအင်အလင်းများ ပျောက်ကွယ်သွားသည်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ သင်္ဘောပျံဆယ်စင်းသည် မြစ်ထဲတွင် ရပ်နားလိုက်သည်။
ပတ်ဝန်းကျင်တွင် ဂိုဏ်းအသီးသီး၏ သင်္ဘောပျံနှင့် ပျံသန်းရေးရတနာများ အတူတကွရှိနေသည်။
“ဟားဟား၊ တာအိုရောင်းကျင်းကျီက အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်ဂိုဏ်းကို ပစ်မှတ်ထားလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။ ငါတို့ရဲ့ထိုက်ရီဓားဂိုဏ်းက နောက်ကျရင် မင်းတို့ရဲ့ဦးဆောင်မှုနောက်ကို လိုက်ရတော့မှာပဲ”
သိပ်မဝေးသောနေရာတွင် အော်သံတစ်သံထွက်လာသည်။
သင်္ဘောပျံ၏ဦးထိပ်တွင်ရပ်နေသော ကျင်းကျီ၏မျက်နှာထားသည် တည်ငြိမ်နေသည်။ သူက ရှေ့သို့လှမ်းကြည့်ပြီး ဂရုမစိုက်စွာပြောသည်။
“ငါတို့ဓားကျင့်ကြံသူတွေက နှလုံးသားထဲမှာ ဓားတစ်လက်ရှိသင့်တယ်”
“မင်းတို့မှာ အနောက်ဘက်နယ်စပ်ကုန်းမြေရဲ့ နံပတ်တစ်ဖြစ်ဖို့ ရည်ရွယ်ချက်မရှိရင် ဒီနေရာကို ဘာဖြစ်လို့ရောက်လာတာလဲ”
သူ့အသံသည် ကျယ်လောင်ပြီးရှင်းလင်းသည်။ သူ့အသံသည် မြစ်တစ်လျှောက် ပဲ့တင်ထပ်သွားသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ နံပတ်တစ်ဖြစ်လာရန် ရည်ရွယ်ထားသည်။
ယနေ့တွင် ထို့ပါ့ချန်သည် ပြတ်သားခဲ့သည်။
ထိုက်ရီဓားဂိုဏ်းတွင် လူတချို့က ရယ်လိုက်သည်။ တချို့ဂိုဏ်းများသည် တိတ်ဆိတ်နေပြီး တချို့က နတ်အာရုံများ ပို့လွှတ်ခဲ့သည်။
မြစ်ရေပြင်သည် ဖြည်းဖြည်းချင်းတည်ငြိမ်သွားသည်။ သို့သော် လေမတိုက်ခတ်ပေမဲ့ ပေအချို့မြင်သောလှိုင်းများ ဖြစ်လာသည်။ ရေမျက်နှာပြင်အောက်တွင် လှိုင်းများရှိနေသည်။
ကျားလင်မြစ်သည် ဂိုဏ်းများကြားရှိ ဆက်ဆံရေးကဲ့သို့ လှုပ်ရှားနေသည်။
ကျင်းကျီက ပြုံးလိုက်ပြီး အင်္ကျီလက်စများကိုခါ၍ သင်္ဘောအခန်းအတွင်းသို့ ဝင်သွားသည်။
“ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲကို ငါးရက်အချိန်အတွင်းမှာ စတင်လိမ့်မယ်။ နောက်ကျနေတဲ့လူတွေကို စောင့်မှာမဟုတ်ဘူး”
“ပြိုင်ပွဲမှာပါဝင်မယ့် ဂိုဏ်းအသီးသီးရဲ့တပည့်တွေကို နောက်ငါးရက်အတွင်းမှာ တိုက်ခိုက်ခွင့်မပြုဘူး”
“သုံးရက်အတွင်းမှာ ဂိုဏ်းအားလုံးက ကျားယွီတောင်ကိုသွားပြီး တာအိုဆွေးနွေးပွဲလုပ်မယ်”
လင်တောက်တာအိုဂိုဏ်းဆီမှ အသံထွက်လာသည်။
ငြင်းဆန်သူမရှိပေ။
လင်တောက်တာအိုဂိုဏ်းတွင် စည်းကမ်းချမှတ်ခွင့်ရှိသည်။
သူတို့၏စည်းမျဉ်းကို ဂိုဏ်းအသီးသီးက အမြဲတမ်းလိုက်နာကြသည်။
လင်တောက်တာအိုဂိုဏ်း၏အဆင့်အတန်း ကျဆင်းမသွားသေးသ၍ စည်းကမ်းများကို လိုက်နာနေရမည်ဖြစ်သည်။
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အစ်ကိုဟန်မူယဲ့ရှိပါသလား။ စွန်းဂျိက အလည်ရောက်လာပါတယ်”
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ သင်္ဘောပျံများ၏အပြင်ဘက်တွင် အသံတစ်သံထွက်လာသည်။
“အဲဒါက လွင့်မျောနေမင်းတာအိုဂိုဏ်းရဲ့ စွန်းဂျိပဲ။ သူ့ကျင့်ကြံဆင့်က ကမ္ဘာမြေ ဝိညာဉ်နိုးထခြင်းအဆင့်ကို ရောက်နေပြီ။ သူ့တိုက်ခိုက်နိုင်စွမ်းက ထူးခြားတယ်”
သင်္ဘောပျံပေါ်တွင် လူတစ်ယောက်က တီးတိုးပြောလိုက်သည်။
“အစ်ကိုဟန်၊ ဝမ်ယွဲ့ အလည်လာပါတယ်”
“အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အစ်ကိုဟန်ကို တုဖုန်းက တွေ့ချင်မိပါတယ်”
“သွမ့်ရီဟုန်က အစ်ကိုဟန်နဲ့တွေ့ဖို့ ရောက်လာပါတယ်”
လူများ တစ်ယောက်ပြီးတစ်ယောက်ပျံသန်းလာပြီး ဟန်မူယဲ့၏နာမည်ကို ထုတ်ပြောခဲ့သည်။
ဟန်မူယဲ့က အခန်းတွင်းမှထွက်လာသည်။ သူက အစိမ်းရောင်ဝတ်စုံကို ဝတ်ထားပြီး နောက်ကျောတွင် ဓားအိမ်တစ်ခုလွယ်ထားသည်။ သူ့ဆံပင်ကြားတွင် အနက်ရောင်ဓားလေးတစ်ချောင်းကို ထိုးစိုက်ထားသည်။
ထိုပုံစံသည် ကောင်းကင်မိစ္ဆာကို သတ်ဖြတ်ခဲ့စဉ်ကပုံစံနှင့် အတူတူပင်ဖြစ်သည်။
သို့သော် သူ့ကျင့်ကြံခြင်းသည် အလွန်အားနည်းနေသည်။
ထိုပုံစံသည် ဂိုဏ်းအသီးသီးစုစည်းထားသော အချက်အလက်များ၊ ဓားစံအိမ်၏ ကျင့်ကြံခြင်းနည်းစနစ်အပေါ်တွင် သုံးသပ်ချက်များနှင့် ကိုက်ညီသည်။
သူတို့က ဟန်မူယဲ့ကို မြင်လိုက်ရသောအခါ မျက်လုံးထဲတွင် နှမြောမှုများဖြတ်ပြေးသွားသည်။ သို့သော် သူတို့အားလုံးသည် စိတ်သက်သာရာရသွားသည်။
ဟန်မူယဲ့က ပျက်စီးဝိညာဉ်စွန့်ပစ်မြေတွင် ကောင်းကင်မိစ္ဆာကိုသတ်ဖြတ်ရန်အတွက် သူ့ဝိညာဉ်က ဓားအဖြစ်ပြောင်းသွားပြီး ခန္ဓာကိုယ်သည် ဓားဆန္ဒနှစ်ဆယ်ကျော်နှင့် ပေါင်းစပ်ခဲ့သည်။ သူက စွမ်းအားကြီးလွန်းသောကြောင့် ကောင်းကင်ဘုံတစ်ဝက်အဆင့်ကျွမ်းကျင်သူကတောင် နောက်ဆုတ်သွားရလိမ့်မည်။
ဟန်မူယဲ့တွင် ထိုတိုက်ခိုက်နိုင်စွမ်းမျိုး ရှိနေသေးလျှင် ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲတွင် သူတို့ အနိုင်ရမည်မဟုတ်ပေ။
အခန်းတွင်းမှ ဟန်မူယဲ့ထွက်လာသောအခါတွင် မရေမတွက်နိုင်လောက်သောနတ်အာရုံများ ဖြန့်ကျက်လာသည်။
ဟန်မူယဲ့၏မျက်နှာထားက တည်ငြိမ်နေပြီး ရှေ့သို့လှမ်းကြည့်သည်။
သူ့စိတ်နယ်ပယ်ထဲတွင် ဝိညာဉ်လိပ်ပြာဓားဆယ့်သုံးချောင်းရှိပြီး လူသားလောကမန္တန်၏ အကျိုးသက်ရောက်မှုကြောင့် ရွှေရောင်သန်းနေကြသည်။
လူသားလောကမန္တန်၏ ကာကွယ်မှုကြောင့် သူ့စိတ်နယ်အတွင်း၌ရှိသောစွမ်းအားကို ဝိညာဉ်ကိုယ်ခွဲအဆင့်ကျင့်ကြံသူကတောင် အာရုံမခံနိုင်ပေ။
သူ့ချီပင်လယ်တွင် ဓားဆန္ဒ၈၁ခုအပြင် ခရမ်းရောင်လူသားဆန္ဒစွမ်းအားများလည်း ရှိနေသည်။
အလယ်ပိုင်းကုန်းမြေနှင့် အနောက်ဘက်နယ်စပ်ကုန်းမြေကို ခွဲခြားထားသော်လည်း လူသားဆန္ဒစွမ်းအားသည် အကောင်အထည်မရှိပေ။ ထို့ကြောင့် ကောင်းကင်အတားအဆီးကိုကျော်ဖြတ်၍ ဟန်မူယဲ့ဆီသို့ ရောက်လာခဲ့သည်။
ရှီစိုင်မြို့တွင်ရှိသော ကဗျာ၊ သင်မင်ဖြူတောင်တန်းပေါ်တွင်ရှိသော စာစု၊ ကျင်းချွမ်မြို့အပြင်တွင်ဖန်တီးခဲ့သော စစ်ပွဲကဗျာများ။ ထိုအရာအားလုံးသည် စာပေစွမ်းအင်များဖြင့် ပြည့်နှက်နေပြီး လူများ၏အာရုံကို ဆွဲဆောင်ထားသည်။
ဟန်မူယဲ့၏ချီပင်လယ်သည် လူသားဆန္ဒစွမ်းအားများဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုလူသားဆန္ဒစွမ်းအားသည် သူ့အတွက် သူတော်စင်တစ်ယောက်ဖြစ်လာရန် လုံလောက်သည်။
သို့သော် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကောင်းကင်တာအိုသည် ကွန်ဖြူးရှပ်ပညာရပ်ကို ဖိနှိပ်ထားသည်။ အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ကွန်ဖြူးရှပ်ပညာရပ် မထွန်းကားသောကြောင့် သူအဆင့်တက်သွားလျှင်လည်း အဓိပ္ပာယ်မရှိပေ။
အလယ်ပိုင်းကုန်းမြေ၏ ကွန်ဖြူးရှပ်တာအိုကျင့်ကြံသူများကလည်း ထိုသို့လုပ်လေ့ရှိသည်။ သူတို့က ကဗျာနှင့်စာအုပ်များဖတ်၍ မရေမတွက်နိုင်သောလူများ၏အာရုံစိုက်မှုကို ဆွဲဆောင်လေ့ရှိသည်။ ဆယ်စုနှစ်များစွာ သို့မဟုတ် ရာစုနှစ်များစွာ ကျင့်ကြံပြီးသောအခါတွင် သူတို့က ရုတ်တရက် ဉာဏ်အလင်းရလာပြီး အဆင့်တက်သွားလိမ့်မည်။
အဆုံးမရှိသော လူသားဆန္ဒစွမ်းအားသည် ဟန်မူယဲ့၏ချီပင်လယ်ကို ဖုံးအုပ်ထားရုံတင်မကဘဲ အလွန်လူသားဆန်သောအငွေ့အသက်ကိုလည်း ထုတ်ပေးသည်။
သူ့ကို အချိန်အတော်ကြာသည်အထိ ကျင့်ကြံမထားသော လူသားတစ်ယောက်ဟု ထင်ကြလိမ့်မည်။
၂နှစ်ထက် ပိုမကြာပေ။
ထို့ကြောင့် ဟန်မူယဲ့၏ပြန်လည်ကျင့်ကြံခြင်းနှင့် တိုက်ဆိုင်သွားသည်။
“လူတစ်ယောက်က ဘယ်လောက်ပဲပါရမီရှိပါစေ အမြဲတမ်းကံကောင်းနေဖို့ မဖြစ်နိုင်ဘူး”
အဝေးတစ်နေရာတွင် လင်တောက်တာအိုဂိုဏ်း၏ သင်္ဘောပျံပေါ်တွင်ရှိသော အစိမ်းရောင်ဝတ်စုံနှင့်လူငယ်လေးက တီးတိုးပြောသည်။
“သူက မဆိုးဘူး။ ဒါပေမဲ့ လင်တောက်တာအိုဂိုဏ်းကို မဆန့်ကျင်သင့်ဘူး”
သူ့ဘေးတွင်ရှိသော အစိမ်းရောင်ဝတ်စုံနှင့် တာအိုတန်ခိုးရှင်ကလည်း ပြောလိုက်သည်။
သူတို့ဘေးတွင် လူငယ်ကျင့်ကြံသူတချို့ ရပ်နေသည်။