အခန်း (၃၃၂)
Vol. 24 Ch. 332
လင်တောက်တာအိုဂိုဏ်း၏ သားတော်ခုနစ်ပါး။
“သူရှုံးသွားရင် ပွင့်ပွင့်လင်းလင်းဝန်ခံပြီး ဓားအင်မော်တယ်ဂုဏ်ပုဒ်ကို မဖျက်ဆီးတာကောင်းလိမ့်မယ်”
မျက်လုံးထောင့်စွန်းတွင် အမာရွတ်တစ်ခုရှိနေပြီး အေးစက်သောမျက်နှာထားနှင့်လူငယ်က နှာမှုတ်လိုက်ပြီး အခန်းတွင်းသို့ ပြန်ဝင်သွားသည်။
သေဆုံးသွားသောပါရမီရှင်တစ်ယောက်ကို ဂရုစိုက်နေရန်မလိုအပ်ပေ။
တောက်ပနေဆဲဖြစ်သော ပါရမီရှင်များကပဲ တန်ဖိုးထားခံရလိမ့်မည်။
ထို့အပြင် ယခုအချိန်၌ လက်ရွေးစင်တပည့်အများစုသည် လင်တောက်တာအိုဂိုဏ်းသို့ရောက်မလာဘဲ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် စုဝေးနေသည်။ ထို့ကြောင့် လင်တောက်တာအိုဂိုဏ်းသည် အလိုလျောက် အဆင့်နိမ့်သွားရသည်။
ထိုအရာသည် လင်တောက်တာအိုဂိုဏ်းကို ရန်စလိုက်ခြင်းဖြစ်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ နေရာတွင် ဟန်မူယဲ့က ပတ်ဝန်းကျင်ကိုကြည့်၍ လက်သီးဆုပ်ပြီး နှုတ်ဆက်သည်။
“မင်းတို့အားလုံးက အခုအချိန်မှာ ကျင့်ကြံနေသင့်တာမဟုတ်ဘူးလား”
ဟန်မူယဲ့၏စကားကို ကြားလိုက်ရသောအခါတွင် လူငယ်တစ်ယောက်က ကျယ်လောင်စွာပြောသည်။
“အင်မော်တယ်ဟန်ကြောင့်သာမဟုတ်ရင် ငါ ကျောက်ထျဲကျင်းက ပျက်စီးဝိညာဉ်စွန့်ပစ်မြေမှာ သေသွားလိမ့်မယ်။ ကျားလင်မြစ်ကိုတောင် လာနိုင်မှာမဟုတ်ဘူး”
သူက သေရည်အိုးတစ်အိုးကိုထုတ်လိုက်ပြီး ကျယ်လောင်စွာပြောသည်။
“အင်မော်တယ်ဟန်၊ ငါ့ရဲ့ကျင့်ကြံခြင်းနဲ့ တိုက်ခိုက်နိုင်စွမ်းက ထိပ်တန်းအဆင့်မှာမဟုတ်ဘူး။ ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲမှာ ကျားလင်မြစ်ကနေ အသက်ရှင်လျက်ထွက်မသွားနိုင်လောက်ဘူး”
“အင်မော်တယ်ဟန်နဲ့ အတူတူသောက်ဖို့ ဒီကိုရောက်လာတာပါ”
‘သောက်မှာလား’
တခြားလူများက ဟန်မူယဲ့ကိုကြည့်သည်။
ဟန်မူယဲ့၏ဂုဏ်သတင်းသည် ဓားတာအိုတွင် အလွန်ပါရမီရှိသောကြောင့် ဖြစ်ပေါ်လာသည်။
သူ့ပါရမီထက် ပိုမိုလေးစားဖွယ်ကောင်းသောအရာသည် အကျင့်စရိုက်ဖြစ်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တပည့်များကြားတွင် အင်မော်တယ်ဟန်သည် မည်သည့်အရာကိုမှ ဖုံးကွယ်မထားဘဲ လမ်းညွှန်ပေးသောကြောင့် လူသိများသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အပြင်ဘက်တွင် ဟန်မူယဲ့နှင့်ပတ်သတ်သောပုံပြင်များ ရှိနေသည်။ သူက ဓားတစ်လက်နှင့်အတူ အံ့ဖွယ်ကိုးပါးတောင်မှဆင်းလာပြီး ဓားစံအိမ်အကြီးအကဲ ကောင်းချန်ကုန်းကို ကယ်တင်ရန်အတွက် မိုင်သုံးသောင်းခရီးသွားခဲ့သည်။ တိမ်မြုံကမ်းပါးတွင် တောင်ပိုင်းကုန်းမြေ၏မိစ္ဆာများကို သူ့ဓားနှင့် တားဆီးခဲ့သည်။ ယွမ်ထိုက်တာအိုဂိုဏ်းကို ကယ်တင်ရန်အတွက် ထူစွန်းရှစ်ကို ဖိတ်ခေါ်ခဲ့သည်။
ထိုတိုက်ပွဲတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အင်မော်တယ်ဟန်သည် မရေမတွက်နိုင်လောက်သောဓားကျင့်ကြံသူများကို သတ်ဖြတ်ခဲ့သည်။
ဟန်မူယဲ့၏ဓားပါရမီက သက်တူရွယ်တူများကြားတွင် ပြိုင်ဘက်ကင်းကြောင်း အနောက်ဘက်နယ်စပ်ကုန်းမြေ၏ မျိုးဆက်သစ်များသည် အသိအမှတ်ပြုခဲ့သည်။
ထို့နောက် ဟန်မူယဲ့က နေမင်းရောင်ဝါနန်းတော်ဟောင်းမှ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ ပြန်လာခဲ့သည်။ သူက လမ်းတစ်လျှောက်တိုက်ပွဲများတွင် လူတိုင်းကို လမ်းညွှန်ပေးခဲ့ပြီး အင်မော်တယ်ဂုဏ်သတင်းနှင့် လိုက်ဖက်နေသည်။
လမ်းတွင် ဝိညာဉ်နက်တောင်ကြား၏ကျင့်ကြံသူများ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဟန်မူယဲ့က ပျက်စီးဝိညာဉ်စွန့်ပစ်မြေသို့သွား၍ အနောက်ဘက်နယ်စပ်ကုန်းမြေတွင် နှစ်ပေါင်းမရေမတွက်နိုင်အောင်ရှိခဲ့သော ကောင်းကင်မိစ္ဆာကို သတ်ဖြတ်ခဲ့သည်။ ထို့ကြောင့် သူက အမှန်တကယ်ကျော်ကြားလာခဲ့သည်။
အနောက်ဘက်နယ်စပ်ကုန်းမြေ၏ လက်ရွေးစင်များကိုကယ်တင်ရန်အတွက် ဟန်မူယဲ့က ကျင့်ကြံခြင်းကိုစတေးပြီး ကောင်းကင်ဘုံအားဖီဆန်နေသော တိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည်။
လူတစ်ယောက်၏ကျင့်ကြံခြင်းကို စတေးပြီး သန်းဆယ်ချီသောအသက်များကို ကယ်တင်ခဲ့သည်။
ထိုပါရမီနှင့် အကျင့်စရိုက်မျိုးရှိနေသောကြောင့် သူက ဓားအင်မော်တယ်ဂုဏ်ပုဒ်နှင့် ထိုက်တန်သည်။
ပျက်စီးဝိညာဉ်စွန့်ပစ်မြေတွင် သူတို့၏အသက်များကို ကယ်တင်ခဲ့သောကြောင့် လက်ရွေးစင်တပည့်များက ဟန်မူယဲ့ကို လာတွေ့ခြင်းဖြစ်သည်။
“ကောင်းပြီလေ။ အဲဒါဆိုရင်လည်း ဟန်မူယဲ့က မင်းနဲ့အတူ သောက်ပါ့မယ်”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အဝေးသို့ကြည့်သည်။
“အဲဒီမှာ ကျွန်းကြီးတစ်ကျွန်းရှိတယ်။ အဲဒီကို အရင်ဆုံးသွားရအောင်”
ဤနေရာတွင် ဂိုဏ်းအမျိုးမျိုးရှိနေသည်။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း စခန်းချထားသောနေရာတွင် သေရည်သောက်ရန် အဆင်မပြေပေ။
“ကောင်းပြီ။ အဲဒါက ချုံးလင်ကျွန်းပဲ။ သွားကြတာပေါ့”
“သွားသောက်ကြမယ်”
သူတို့အားလုံးသည် ဂိုဏ်းအမျိုးမျိုး၏ လက်ရွေးစင်တပည့်များဖြစ်သည်။ သူတို့၏လှုပ်ရှားမှုသည် တုံ့ဆိုင်းခြင်မရှိဘဲ သွက်လက်သည်။
ခဏအကြာတွင် သူတို့အားလုံးသည် ကျောက်ဆောင်ထူထပ်သောကျွန်းပေါ်သို့ ရောက်လာခဲ့သည်။
လူတစ်ယောက်က ဓားအလင်းကိုထုတ်ဖော်၍ မြေညှိခဲ့သည်။
လူတစ်ယောက် တိုက်ခိုက်လိုက်သည်။ ချီစွမ်းအင်အလင်းတစ်ခု ပေါ်ထွက်လာပြီး ကျောက်တုံးစင်မြင့်တစ်ခုအဖြစ် ပြောင်းသွားသည်။
လူတစ်ယောက်က သေရည်အိုးတစ်အိုးနှင့် အဖိုးတန်ဝိညာဉ်သစ်သီးများကို ထုတ်ယူခဲ့သည်။
“အားလုံးပဲ လာကြ။ ငါကျွေးမွေးပါရစေ”
ဟန်မူယဲ့က ရယ်လိုက်ပြီး လက်ကိုဝှေ့ယမ်းသည်။ သေရည်အိုးများနှင့် ဝိညာဉ်သစ်သီးများ ပေါ်ထွက်လာသည်။
သေရည်အိုးသည် အသည်းကွဲသေရည်ဖြစ်ပြီး ဟန်မူယဲ့ကျိုချက်ထားသည်။
ဝိညာဉ်သစ်သီးများသည် စပါးစိမ်းတောင်ကုန်းမှဖြစ်သည်။
လွန်ခဲ့သော၂နှစ်အတွင်း၌ ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးတောင်မှ ထွက်မသွားခဲ့သော်လည်း စပါးစိမ်းတောင်ကုန်း၏ မဟာမိစ္ဆာမူကျင်းက ထန်ထန်၊ တခြားမိစ္ဆာများနှင့်အတူ အကြိမ်ရေအနည်းငယ် လာရောက်ခဲ့သည်။ သူမက ဝိညာဉ်သစ်သီးနှင့် ဝိညာဉ်ဆေးပင်များ အများအပြားယူဆောင်လာသည်။
“အင်မော်တယ်ဟန်က တကယ်ချမ်းသာတာပဲ”
ဝိညာဉ်သေရည်နှင့် သစ်သီးများကို မြင်လိုက်ရသောအခါတွင် သူတို့၏မျက်လုံးများ တောက်ပသွားသည်။
“ဒီသေရည်က ကောင်းတယ်”
လူတစ်ယောက်က အသည်းကွဲသေရည်ကိုသောက်ကြည့်လိုက်ပြီး အသံပြုသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခွက်ကိုမြှောက်သည်။
ဂိုဏ်းအသီးသီး၏ လက်ရွေးစင်များကလည်း ခွက်ကိုမြှောက်သည်။
“အားလုံးအတွက်”
ဟန်မူယဲ့၏မျက်လုံးများ တောက်ပနေပြီး တီးတိုးပြောသည်။
“ဒီနေ့ မမူးမချင်း သောက်ကြရအောင်။ နောက်ငါးရက်ကြာရင် ငါတို့က အစွမ်းကုန်တိုက်ခိုက်ကြမယ်”
ထိုသို့ဖြင့် သူက သေရည်ခွက်ကို တစ်ခါတည်းမော့ချလိုက်သည်။
ကျန်လူများအားလုံးကလည်း ခွက်ကိုမြှောက်၍ မော့ချလိုက်သည်။
“ငါတို့ မမူးမချင်း ထွက်မသွားဘူး။ သောက်ကြမယ်”
သေရည်က လည်ချောင်းထဲသို့ဝင်သွားသောအခါတွင် နှလုံးသားကို လောင်ကျွမ်းစေသည်။
ထိုသေရည်သည် အသည်းကွဲစေနိုင်သည်။
မျက်နှာများရှုံ့တွနေသော ဂိုဏ်းအသီးသီး၏လက်ရွေးစင်များကိုကြည့်လိုက်ပြီး ဟန်မူယဲ့က ပြုံးသည်။
သူက ခွက်တိုက်ရန်လာသောလူတိုင်းကို မငြင်းဆန်ခဲ့ပေ။
ထိုမြင်ကွင်းကြောင့် လူအများအပြားသည် သက်ပြင်းချလိုက်၏။
ဤသေရည်သည် ဓားချီကို စုစည်းနိုင်သည်။
သေရည်အနည်းငယ်သာသောက်လျှင် လူတစ်ယောက်အတွက် အကျိုးရှိလိမ့်မည်။ သေရည်အများအပြားသောက်ပြီး ချီစွမ်းအင်များနှင့် သန့်စင်မှုမပြုလုပ်လျှင် ဓားချီကို ဆက်တိုက်သန့်စင်နိုင်သည်။
ပုံမှန်အတိုင်းဆိုလျှင် ထိုအရာသည် မဆိုးပေ။
သို့သော် ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲသည် ငါးရက်အကြာတွင်ကျင်းပလိမ့်မည်။
‘သူက ဓားချီတွေမလုံလောက်ဘူးလို့ ခံစားနေရတာကြောင့် အခုမှ ဓားချီတွေကို စုစည်းနေတာလား’
လက်ရွေးစင်တပည့်များ၏အမြင်တွင် ဟန်မူယဲ့က ပြန်လည်ကျင့်ကြံခဲ့ပြီး ဓားချီနည်းပါးနေသောကြောင့် လက်လျော့ထားပုံပေါ်သည်။ သူက သူတို့နှင့် မယှဉ်နိုင်တော့ပေ။
ဟန်မူယဲ့က လွတ်လပ်စွာသောက်ခဲ့သည်။
ယခင်ကပါရမီရှင်သည် သာမန်လူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ယခု သူက တခြားပါရမီရှင်များနှင့် ဆုံတွေ့နေသောကြောင့် စိတ်ဓာတ်ကျနေသည်။ စိုးရိမ်မှုများကိုဖြေလျော့ရန်အတွက် မူးဝေသွားခြင်းသည် ပိုကောင်းလိမ့်မည်။
“အင်မော်တယ်ဟန်၊ သွမ့်ရီဟုန်က ခွက်တိုက်ချင်ပါတယ်”
အစိမ်းရောင်ဝတ်စုံနှင့် ဗလတောင့်သောလူတစ်ယောက်က ရှေ့တက်လာပြီး ဟန်မူယဲ့ဆီသို့ ခွက်မြှောက်ပြသည်။
အဆုံးမဲ့တာအိုဂိုဏ်း၏ နံပတ်တစ်တိုက်ရိုက်တပည့် တာအိုကလေးငယ် သွမ့်ရီဟုန်။
လွန်ခဲ့သော၂နှစ်အတွင်း၌ သူက မိစ္ဆာနှင့်မကောင်းဆိုးဝါးများကိုသတ်ဖြတ်ရန် နေရာအနှံ့တွင် တိုက်ခိုက်ခဲ့သည်။ သူက ခွန်အားကောင်းပြီး ရှုံးပွဲမရှိပေ။ သူ့ဂုဏ်သတင်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ပျံ့နှံ့နေသည်။
ဟန်မူယဲ့က ပြုံးလိုက်ပြီး ခွက်မြှောက်သည်။
“အင်မော်တယ်ဟန်၊ ဂိုဏ်းကိုးဂိုဏ်းပြိုင်ပွဲမှာ ငါတို့ရင်ဆိုင်တွေ့ခဲ့ရင် အရှုံးပေးမယ်လို့ ပြောခဲ့တယ်။ ငါက ပြောတဲ့အတိုင်း လုပ်မှာပါ”
သွမ့်ရီဟုန်က ပြောပြီးသွားသောအခါတွင် သေရည်ခွက်ကို တစ်ခါတည်းမော့သောက်လိုက်သည်။
ဟန်မူယဲ့က သွမ့်ရီဟုန်ကိုကြည့်သည်။
သွမ့်ရီဟုန်၏ မြေဓာတ်စွမ်းအားသည် ပြီးပြည့်စုံခြင်းသို့မရောက်သေးသော်လည်း သိပ်မကွာတော့ပေ။
သူက မြေပြင်ပေါ်တွင်မတ်တပ်ရပ်နေပြီး မိုင်သုံးထောင်အတွင်းရှိ မြေဓာတ်စွမ်းအားကို ငှားယူနိုင်သည်။
သို့သော် ဟန်မူယဲ့၏ မြေဓာတ်လိုက်ဖက်ညီမှု ပြီးပြည့်စုံခြင်းနှင့် အဆုံးစွန်အထိ နားလည်နိုင်စွမ်းအရ သွမ့်ရီဟုန်ထံတွင် မူမမှန်ခြင်းတချို့ရှိနေကြောင်း ရှာတွေ့ခဲ့သည်။
ထိုဖြစ်ရပ်သည် ....
“တာအိုရောင်းရင်းသွမ့်၊ မင်းရဲ့ခန္ဓာကိုယ်ကို သန့်စင်တဲ့အချိန်မှာ နှလုံးသားနာကျင်တာကို ခံစားရတယ်မဟုတ်လား”
ဟန်မူယဲ့က ရုတ်တရက်ပြောလိုက်သည်။
သွမ့်ရီဟုန်၏လက်ထဲတွင်ရှိနေသော ဗလာဖြစ်သွားသည့်သေရည်ခွက်သည် ရုတ်တရက်ပေါက်ကွဲသွားသည်။ သူက ဟန်မူယဲ့ကို စိုက်ကြည့်နေသည်။
“မြေဝိညာဉ်ငါးပိုးကောင်စုစည်းထားတဲ့ ဝိညာဉ်အမြုတေကို ဝါးမြိုပြီးသန့်စင်လိုက်ရင် မြေဓာတ်လိုက်ဖက်ညီမှုကို တိုးမြှင့်ပေးနိုင်တယ်။ ဒါပေမဲ့ ဝိညာဉ်အမြုတေရဲ့စွမ်းအားတွေက ရင်ဘတ်မှာစုစည်းနေတဲ့အတွက် အပြည့်အဝမသန့်စင်ရသေးခင်မှာ နာကျင်မှုကို ခံစားရလိမ့်မယ်”
ဟန်မူယဲ့၏စကားများကြောင့် သွမ့်ရီဟုန်၏မျက်နှာထား ပြောင်းလဲသွားသည်။
ဆူညံနေသောပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်သွားပြီး လှိုင်းသံကိုပဲ ကြားနိုင်တော့သည်။
“ဂိုဏ်းပြိုင်ပွဲအတွင်းမှာ မြေဓာတ်စွမ်းအားပေါက်ထွက်လာတာကို လျော့ချဖို့အတွက် နှလုံးသားဝိညာဉ်သွေးကြောနဲ့ ဆက်သွယ်နေတဲ့ ဝိညာဉ်သွေးကြောသုံးခုကို ချိပ်ပိတ်ထားပါ။ အဲဒါက အသုံးဝင်ပါလိမ့်မယ်”
“မဟုတ်ရင် အရေးကြီးတဲ့အချိန်မှာ နာကျင်မှုခံစားရရင် မင်းရဲ့အားထုတ်မှုတွေအားလုံး အလကားဖြစ်သွားလိမ့်မယ်”
ဟန်မူယဲ့၏အသံက တည်ငြိမ်နေသည်။
သို့သော် ယုံကြည်ချက်များဖြင့် ပြည့်ဝနေ၏။
သွမ့်ရီဟုန်က ခန္ဓာကိုယ်အတွင်း၌ရှိသော ချီစွမ်းအားများကို လှည့်ပတ်လိုက်ပြီး အာရုံခံကြည့်နေသည်။ သူ့မျက်နှာတွင် ပျော်ရွှင်မှုတစ်ခု ပေါ်လာသည်။
သူက ဟန်မူယဲ့ကိုဦးညွှတ်လိုက်ပြီး တီးတိုးပြောသည်။
“ကျေးဇူးပါအစ်ကိုဟန်”
သူထွက်သွားသောအခါ ဟန်မူယဲ့ရှေ့တွင် လူတစ်ယောက်ရောက်လာသည်။
“အစ်ကိုဟန်က လပြည့်လာတဲ့အခါမှ မှေးမှိန်သွားလိမ့်မယ်လို့ ပြောခဲ့တယ်။ ဒီနေ့မှာ အစ်ကိုဟန်က ကျွန်မရဲ့ဓားချက်ကို ထပ်ကြည့်ပေးနိုင်မလား”
လအနှစ်သာရဓားဂိုဏ်း၏သခင်မလေးဝမ်ယွဲ့က စကားပြောပြီးသွားသောအခါတွင် လက်ထဲမှ ဓားအလင်းတစ်ခုကို ဖော်ထုတ်လိုက်သည်။
ထိုဓားအလင်းသည် လမင်းနှင့်တူသော်လည်း ဟန်မူယဲ့ကို တိုက်ခိုက်ခဲ့သောလမင်းနှင့် မတူပေ။
လတစ်စင်းသည် လသုံးစင်းအဖြစ် ပြောင်းလဲသွားသည်။
ကောင်းကင်ထက်တွင် လသုံးစင်းရှိနေသည်။ လရောင်က ညင်သာသော်လည်း လူတစ်ယောက်၏နှလုံးသားကို အေးခဲသွားစေနိုင်သည်။
“ကောင်းတယ်၊ မဆိုးဘူး”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ညင်သာစွာပြောသည်။ “လမင်းမှာ လုံးဝိုင်းတဲ့ပုံစံရှိတယ်။ အဲဒါက အမှန်တော့ ကောင်းကင်နဲ့မြေကြီးရဲ့တာအိုတစ်ခုပဲ။ မင်းရဲ့တိုက်ကွက်မှာတော့ မလိုအပ်ဘူး”
သူ့စကားကို ကြားလိုက်ရသောအခါတွင် ဝမ်ယွဲ့က လက်မြှောက်လိုက်သည်။ လပြည့်သုံးစင်းသည် လခြမ်းကွေးများအဖြစ် ပြောင်းသွားသည်။
လခြမ်းကွေးများအဖြစ် ပြောင်းသွားသောအခါတွင် မဖော်ပြနိုင်သော သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာသည်။
လခြမ်းကွေးသုံးခုသည် လပြည့်ဝန်းသုံးခုထက် ပိုအန္တရာယ်များသည်။
“ဟုတ်ပြီ။ လသုံးစင်းလုံး ပျောက်ကွယ်သွားတဲ့အချိန်မှာ မင်းရဲ့ဓားကို နားလည်လာလိမ့်မယ်”
ဟန်မူယဲ့က ကျယ်လောင်စွာပြောသည်။
ဝမ်ယွဲ့က သူ့ကိုကြည့်သည်။ ဓားအလင်းများ ပျောက်ကွယ်သွားသည်။ သူမက သေရည်ခွက်ကိုမြှောက်လိုက်ပြီး တစ်ခါတည်းမော့ချသည်။ ထို့နောက် လှည့်ထွက်သွားသည်။
‘ဝမ်ယွဲ့က တကယ်သန်မာတာပဲ’
လက်ရွေးစင်တပည့်များအားလုံး တွေးလိုက်မိသည်။
သို့သော် အင်မော်တယ်ဟန်က ဝမ်ယွဲ့ကို ဓားနည်းစနစ်နှင့်ပတ်သတ်၍ သင်ပြပေးနိုင်သည်။ အင်မော်တယ်ဟန်တွင် ကျင့်ကြံခြင်းမရှိတော့သော်လည်း ပါရမီနှင့်ဉာဏ်အလင်းများ ရှိနေသေးသည်။
လူများ၏မျက်လုံးများ တောက်ပသွားသည်။
“အစ်ကိုဟန်၊ ကျွန်တော့်မှာ တိုက်ကွက်တစ်ခုရှိတယ်”
“အင်မော်တယ်ဟန်၊ ခွက်တိုက်ပါရစေ။ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ဓားချက်ကို ကြည့်ပေးပါ”
....
ချုံးလင်ကျွန်းတွင် ဓားအလင်းနှင့် ချီစွမ်းအင်အလင်းများ တစ်ရက်နှင့်တစ်ညတိတိ ပျောက်ကွယ်မသွားခဲ့ပေ။